အပိုင်း ၉
“နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
၁၊ ၂။ ကျွန်ုပ်တို့သည် နောက်ဆုံးကာလတွင် ရောက်မရောက်မည်သို့သိရှိနိုင်သနည်း။
ဘုရားသခင့်နိုင်ငံတော်သည် လူ့အုပ်ချုပ်မှု၏ ဤပစ္စုပ္ပန်အစီအစဉ်ကို ဖျက်ဆီးမည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း မည်သို့သေချာနိုင်သနည်း။ ဘုရားသခင်သည် ဆိုးယုတ်မှုနှင့် ဒုက္ခဆင်းရဲအားလုံးကို အဆုံးသတ်မည့်အချိန်နှင့် ကျွန်ုပ်တို့အလွန်နီးကပ်နေကြောင်း မည်သို့သိရှိနိုင်သနည်း။
၂ ယေရှုခရစ်၏ တပည့်တော်များသည် ထိုအရာများကို သိရှိလိုသည်။ သူတို့ကကိုယ်တော်အား ဘုရားနိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်၏ရောက်ရှိခြင်းနှင့် “ကမ္ဘာကုန်သော” “ပုပ္ပနိမိတ်” သည် ဘာဖြစ်မည့်အကြောင်း မေးခဲ့သည်။ (မဿဲ ၂၄:၃) ယေရှုသည် “အမှုကုန်ရသည်ကာလ” ဤအစီအစဉ်စနစ်၏ “နောက်ဆုံးကာလ” ထဲသို့လူသားများ ဝင်ရောက်လာကြောင်း ပေါင်းစည်းပြသမည့် ကမ္ဘာကိုတုန်လှုပ်စေသော ဖြစ်ရပ်များနှင့် အခြေအနေများကို အကျယ်တဝင့်ဖော်ပြခြင်းဖြင့် ဖြေကြားခဲ့သည်။ (ဒံယေလ ၁၁:၄၀; ၂ တိမောသေ ၃:၁) ဤရာစုတွင် ထိုစုပေါင်းနိမိတ်ကို ကျွန်ုပ်တို့မြင်တွေ့ရပြီလော။ မှန်သည်၊ ကျွန်ုပ်တို့မြောက်မြားစွာ မြင်တွေ့ရပြီ။
ကမ္ဘာစစ်များ
၃၊ ၄။ ဤရာစု၏စစ်ပွဲများက ယေရှု၏ပရောဖက်ပြုချက်နှင့် မည်သို့အံဝင်သနည်း။
၃ ယေရှုက “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဟုကြိုဟောခဲ့သည်။ (မဿဲ ၂၄:၇) ၁၉၁၄ တွင် ကမ္ဘာသည် ယခင်မည်သည့်စစ်နှင့်မျှမတူသောနည်းဖြင့် လူမျိုး၊ နိုင်ငံများကို စုရုံးစေသည့် စစ်ကိုကြုံတွေ့ခဲ့ရသည်။ ယင်းအချက်ကို အသိအမှတ်ပြုလျက်၊ ထိုအချိန်ကသမိုင်းဆရာများက စစ်ကြီးဟုခေါ်ဆိုခဲ့သည်။ သမိုင်းတွင် ယင်းအမျိုးအစားသည် ပထမဦးဆုံးဖြစ်ကာ ပထမကမ္ဘာစစ်ဖြစ်သည်။ စစ်သားနှင့်အရပ်သား ၂၀,၀၀၀,၀၀၀ သေဆုံးကာ ယခင်ကမည်သည့်စစ်ထက်မဆို ပိုမိုများပြားသည်။
၄ ပထမကမ္ဘာစစ်သည် နောက်ဆုံးကာလ၏အစကို မှတ်သားပေးခဲ့သည်။ ယေရှုကယင်းနှင့်အခြားဖြစ်ရပ်များသည် “ဒုက္ခဆင်းရဲခြင်း၏အစအဦး” ဖြစ်မည်ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၈) ဒုတိယကမ္ဘာစစ်သည် ပိုမိုကြောက်မက်ဖွယ်ဖြစ်ခဲ့ပြီး စစ်သားနှင့်အရပ်သား ၅၀,၀၀၀,၀၀၀ ခန့်ကိုသေစေခဲ့သောအခါ ယင်းသည် မှန်ကန်ခဲ့သည်။ ဤ ၂၀ ရာစုစစ်ပွဲများတွင်လူပေါင်း ၁၀၀,၀၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး လွန်ခဲ့သည့်အနှစ် ၄၀၀ အတွင်းသေဆုံးခဲ့သမျှထက် လေးဆပိုမိုများပြားပါသည်တကား။ လူ့အုပ်ချုပ်မှု၏ မှားယွင်းမှုကြီးပါတကား။
အခြားအထောက်အထားများ
၅-၇။ ကျွန်ုပ်တို့သည် နောက်ဆုံးကာလတွင် ရောက်ရှိနေကြောင်း သာဓကအချို့ကားအဘယ်နည်း။
၅ နောက်ဆုံးကာလတွင် ဖြစ်ပျက်မည့် အခြားအချက်များကိုလည်း ယေရှုဖော်ပြခဲ့သည်၊ “အရပ်ရပ်တို့ ၌ကြီးစွာသောမြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာ [ရောဂါဘေး] များပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” (လုကာ ၂၁:၁၁) ယင်းတို့သည် ၁၉၁၄ ခုနှစ်မှစ၍ အဖြစ်အပျက်များနှင့် ကိုက်ညီသည်၊ ထိုသို့သောကပ်ဘေးမှ ဒုက္ခဆင်းရဲများ လွန်စွာတိုးများလာသောကြောင့်ဖြစ်သည်။
၆ မြေငလျင်ကြီးများသည်လည်း မှန်မှန်ဖြစ်ပေါ်လျက်ရှိပြီး အသက်ပေါင်းများစွာကိုချွေလျက်ရှိသည်။ ပထမကမ္ဘာစစ်ပြီးနောက် စပိန်တုပ်ကွေးတစ်ခုသည်ပင်လူပေါင်း ၂၀,၀၀၀,၀၀၀ ခန့်ကိုသေစေခဲ့ပြီး အချို့က ၃၀,၀၀၀,၀၀၀ သို့မဟုတ် ပိုမိုသေကျေသည်ဟု ခန့်မှန်းကြသည်။ အေအိုင်ဒီအက်စ်သည် အသက်ထောင်ပေါင်းများစွာကို ချွေခဲ့ပြီး မဝေးတော့သောအနာဂတ်တွင် ထပ်၍သန်းပေါင်းများစွာကို သေကျေစေနိုင်သည်။ နှစ်စဉ်ပင် နှလုံးရောဂါ၊ ကင်ဆာနှင့် အခြားရောဂါများကြောင့် လူပေါင်းသန်းချီ၍ သေဆုံးလျက်ရှိသည်။ တဖြည်းဖြည်း သေဆုံးရသော ငတ်မွတ်ခြင်းဘေးကြောင့်လည်း ထပ်၍သန်းပေါင်းများစွာ သေဆုံးကြရသည်။ ၁၉၁၄ ခုနှစ်မှစ၍ လူသားတို့မှ အရေအတွက်များစွာကို ‘အပေါကလစ်၏မြင်းများ’ သည် သူတို့၏စစ်မက်များ၊ အစာခေါင်းပါးမှုများနှင့် ရောဂါဘေးများအားဖြင့် ဖြတ်တောက်နေကြောင်း သံသယဖြစ်ဖွယ်မရှိချေ။—ဗျာဒိတ် ၆:၃-၈။
၇ နိုင်ငံအားလုံးတွင် တွေ့ ကြုံနေရသော ရာဇဝတ်မှုတိုးပွားခြင်းကိုလည်း ယေရှုတင်ကြိုဟောခဲ့သည်။ ကိုယ်တော်က “မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၂၄:၁၂။
၈။ ၂ တိမောသေအခန်းကြီး ၃ တွင်ရှိပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အချိန်နှင့် မည်သို့အံဝင်သနည်း။
၈ ထို့ပြင်၊ သမ္မာကျမ်းစာပရောဖက်ပြုချက်က ယနေ့ကမ္ဘာတစ်ဝန်းတွင် ပေါ်လွင်လှသော စာရိတ္တယိုယွင်းမှုကိုလည်း တင်ကြိုဟောထားခဲ့သည်၊ “နောင် [“နောက်ဆုံး၊” ကဘ] ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ . . . ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား . . . ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၁၃) ယင်းတို့အားလုံးသည် ကျွန်ုပ်တို့မျက်မှောက်တွင်ပင် မှန်ကန်လာလျက်ရှိသည်။
နောက်အချက်တစ်ခု
၉။ မြေကြီးပေါ်တွင် နောက်ဆုံးကာလအစပြုခြင်းနှင့်တိုက်ဆိုင်သော မည်သည့်အမှု ကောင်းကင်တွင် ဖြစ်ပျက်ခဲ့သနည်း။
၉ ဤရာစုတွင် ဒုက္ခဆင်းရဲ အဆမတန်တိုးပွားရခြင်းအကြောင်း နောက်တစ်ချက်ရှိသေးသည်။ ၁၉၁၄ ခုနှစ်တွင်နောက်ဆုံးကာလ အစပြုချိန်နှင့်တိုက်ဆိုင်လျက် လူသားများကို အန္တရာယ်သို့ပိုမို ကျရောက်စေသည့် အခြင်းအရာဖြစ်ပျက်ခဲ့သည်။ ထိုအချိန်တွင်၊ သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်တစ်ခု ဖော်ပြထားသည့်အတိုင်း၊ “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလ [ကောင်းကင်ဘုန်းတန်ခိုးဝင်စားသော ခရစ်တော်] နှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါး [စာတန်] ကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ၊ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။”—ဗျာဒိတ် ၁၂:၇-၉။
၁၀၊ ၁၁။ စာတန်နှင့်သူ၏နတ်ဆိုးများသည် မြေကြီးပေါ်သို့ပစ်ချခံရသောအခါ လူသားများ မည်သို့ထိခိုက်ခဲ့သနည်း။
၁၀ လူ့မိသားစုအတွက် အကျိုးသက်ရောက်မှုကား အသို့နည်း။ ပရောဖက်ပြုချက်က ဆက်၍ဆိုသည်၊ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာ ရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” မှန်သည်၊ မိမိစနစ်သည် အဆုံးတိုင်လုကြောင်း စာတန်သိသည်၊ ထို့ကြောင့်သူနှင့်သူ၏လောကကို မဖယ်ရှားမီ လူသားများကို ဘုရားသခင်ထံမှ ကျောခိုင်းသွားရန် သူလုပ်နိုင်သည့်အဘယ်အရာကိုမဆို ပြုလုပ်လျက်ရှိသည်။ (ဗျာဒိတ် ၁၂:၁၂; ၂၀:၁-၃) ထိုနာမ်ဝိညာဉ်များသည် သူတို့၏လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုမူသည့်အတွက် မည်မျှယုတ်ညံ့လှပါသည်တကား။ အထူးသဖြင့် ၁၉၁၄ ခုနှစ်မှစ၍ သူတို့၏လွှမ်းမိုးမှုအောက်ရှိ အခြေအနေသည် မည်မျှဆိုးရွားလှပါသည်တကား။
၁၁ ထို့ကြောင့် ယေရှုသည် ကျွန်ုပ်တို့အချိန်အကြောင်း ဤသို့တင်ကြိုဟောရာ၌ အံ့ဩစရာမဟုတ်ချေ၊ “မြေကြီးပေါ်မှာလည်း လူအမျိုးမျိုးမငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း . . . မြေကြီးပေါ်မှာဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက်လန့်” ကြလိမ့်မည်။—လုကာ ၂၁:၂၅၊ ၂၆။
လူနှင့်နတ်ဆိုးအုပ်ချုပ်မှု ဆုံးခန်းနီးပြီ
၁၂။ ဤအစီအစဉ်မကုန်ဆုံးမီ ပြည့်စုံရမည့် ကျန်ကြွင်းသောနောက်ဆုံး ပရောဖက်ပြုချက်တစ်ခုကား အဘယ်နည်း။
၁၂ ဘုရားသခင်သည် ဤအစီအစဉ်ကိုမဖျက်ဆီးမီ ပရောဖက်ပြုချက်မည်မျှ ပြည့်စုံရန် ကျန်ရှိသေးသနည်း။ အလွန်နည်းပါးလှပါသည်။ နောက်ဆုံးထဲမှတစ်ခုသည် ၁ သက်သာလောနိတ် ၅:၃ တွင်ဖြစ်ကာ “ငြိမ်းချမ်းရေးနှင့် လုံခြုံမှုအကြောင်း သူတို့ပြောဆိုနေစဉ်၊ သူတို့အပေါ်တွင်ဘေးဒုက္ခ ရုတ်တရက်ကျရောက်လိမ့်မည်” ဟုဖော်ပြထားသည်။ (The New English Bible) ယင်းက ဤအစီအစဉ်၏ဆုံးခန်းသည် “သူတို့ပြောဆိုနေစဉ် ” တွင်အစပြုမည်ဖြစ်ကြောင်းပြသည်။ လောကမှကြိုတင်မမြင်ရဘဲ၊ မထင်မမှတ်သည့်အချိန်၊ လူတို့သည် သူတို့မျှော်လင့်နေသော ငြိမ်းချမ်းရေးနှင့်လုံခြုံမှုတွင် အာရုံစိုက်နေစဉ် ဖျက်ဆီးခြင်းဘေးကျရောက်မည်။
၁၃၊ ၁၄။ ယေရှုသည် မည်သည့်ဒုက္ခအချိန်ကို ကြိုတင်ဟောခဲ့သနည်း၊ ယင်းသည်မည်သို့ နိဂုံးချုပ်မည်နည်း။
၁၃ စာတန်လွှမ်းမိုးမှုအောက်ရှိ ဤကမ္ဘာအတွက်အချိန်သည် ကုန်ဆုံးနေလေပြီ။ ယင်းသည်မကြာမီ ယေရှုမိန့်ဆိုခဲ့သည့်ဒုက္ခအချိန်တွင် နိဂုံးချုပ်တော့မည်၊ “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၂၁။
၁၄ “ကြီးစွာသောဒုက္ခ” ၏အထွတ်အထိပ်သည် ဘုရားသခင်၏စစ်ပွဲ အာမဂေဒုန်ဖြစ်မည်။ ထိုအချိန်သည် ပရောဖက်ဒံယေလအားဖြင့် မိန့်ဆိုခဲ့သော “အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို [ဘုရားသခင်] ချိုးဖဲ့ဖျက်ဆီး” မည့်အချိန်ဖြစ်သည်။ ယင်းက ဘုရားသခင်မှ ကင်းကွာသောအုပ်ချုပ်မှုအားလုံး အဆုံးသတ်မည်ကိုဆိုလိုသည်။ ထိုအခါတွင် ကောင်းကင်မှ ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုသည် လူ့ရေးရာခပ်သိမ်းကို လုံးလုံးလျားလျား တာဝန်ယူမည်ဖြစ်သည်။ ဘယ်သောအခါမျှ၊ အုပ်ချုပ်မှုအာဏာကို “အခြားသောလူမျိုး” လက်သို့မရောက်ရဟု ဒံယေလတင်ကြိုဟောခဲ့သည်။—ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၁၆:၁၄-၁၆။
၁၅။ စာတန်နှင့်သူ၏နတ်ဆိုးများ လွှမ်းမိုးမှုသည် မည်သို့ဖြစ်သွားမည်နည်း။
၁၅ ထိုအချိန်တွင် စာတန်နှင့်နတ်ဆိုးလွှမ်းမိုးမှုအားလုံးသည်လည်း ရပ်ဆိုင်းသွားမည်။ ထိုပုန်ကန်သော နာမ်ဝိညာဉ်များသည် “ဤလောကတစ်နိုင်ငံလုံးကို” မလှည့်ဖြားစေနိုင်ရန်အလို့ငှာ ဖယ်ရှားခံရမည်။ (ဗျာဒိတ် ၁၂:၉; ၂၀:၁-၃) သူတို့သည်သေဒဏ်ချမှတ်ခံရပြီး ဖျက်ဆီးခံရဖို့ဖြစ်သည်။ လူသားများသည် သူတို့၏ယုတ်ညံ့သော လွှမ်းမိုးမှုမှလွတ်မြောက်ခံရခြင်းသည် မည်မျှချမ်းမြေ့ဖွယ်ပါတကား။
မည်သူလွတ်မည်နည်း၊ မည်သူလွတ်မည်မဟုတ်သနည်း
၁၆-၁၈။ ဤအစီအစဉ်ကုန်ဆုံးရာတွင် မည်သူလွတ်မြောက်မည်နည်း၊ မည်သူ လွတ်မည်မဟုတ်သနည်း။
၁၆ ဤလောကကို ဘုရားသခင်၏စီရင်ချက်များ ချမှတ်သောအခါ မည်သူလွတ်မြောက်မည်နည်း။ မည်သူလွတ်မည်မဟုတ်သနည်း။ ဘုရားသခင့်အုပ်ချုပ်မှုကို လိုလားသူတို့သည် ကာကွယ်ခံရမည်ဖြစ်ကာ လွတ်မြောက်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက တင်ပြသည်။ ဘုရားသခင့်အုပ်ချုပ်မှုကို မလိုလားသူများသည် ကာကွယ်ခြင်းခံရမည်မဟုတ်ဘဲ စာတန့်လောကနှင့်အတူ ဖျက်ဆီးခံရမည်။
၁၇ သု. ၂:၂၁၊ ၂၂ ကဤသို့ဆိုသည်– “ဖြောင့်မတ်သော [ဘုရားသခင့်အုပ်ချုပ်မှုအောက် ဝန်ခံသူများ] သူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူ [ဘုရားသခင့်အုပ်ချုပ်မှုအောက် ဝန်မခံသူများ] တို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။”
၁၈ ဆာလံ ၃၇:၁၀၊ ၁၁ ကလည်းဤသို့ဆိုသည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” အငယ် ၂၉ ကဤသို့ထပ်ဆင့်သည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”
၁၉။ မည်သည့်အကြံပြုချက်ကို ကျွန်ုပ်တို့နှလုံးသွင်းသင့်သနည်း။
၁၉ ကျွန်ုပ်တို့သည် ဆာလံ ၃၇:၃၄ တွင်ရှိအကြံပြုချက်ကို နှလုံးသွင်းသင့်သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုမျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည်ကြည့်မြင်ရလိမ့်မည်။” အငယ် ၃၇ နှင့် ၃၈ [ကဘ] ကဤသို့ဆိုသည်– “အပြစ်တင်ခွင့် ကင်းသူကိုကြည့်ရှု၍ ဖြောင့်မတ်သူကို မျက်မှောက်ပြုလော့၊ အကြောင်းမှာ ထိုသူ၏အနာဂတ်သည် ငြိမ်းချမ်းလိမ့်မည်။ သို့သော်ပြစ်မှားသူများကိုယ်နှိုက်သည် အမှန်ပင်အတူတကွ ဖျက်ဆီးခံရမည်၊ ဆိုးယုတ်သူတို့၏အနာဂတ်သည် အမှန်ပင်ဖြတ်တောက်ခံရမည်။”
၂၀။ ဤအချိန်သည် အသက်ရှင်နေထိုင်ရန်စိတ်လှုပ်ရှားဖွယ်အချိန်ဟု အဘယ်ကြောင့်ကျွန်ုပ်တို့ ဆိုနိုင်သနည်း။
၂၀ ဘုရားသခင်သည် အမှန်တကယ်ဂရုစိုက်ပြီး မကြာမီကိုယ်တော်သည် ဆိုးယုတ်မှုနှင့် ဒုက္ခဆင်းရဲအားလုံးကို ချုပ်ငြိမ်းစေတော့မည်ကို သိရှိရခြင်းသည် မည်မျှနှစ်သိမ့်၊ အားရဖွယ်ပါတကား။ ထိုထူးမြတ်လှသော ပရောဖက်ပြုချက်များ၏ ပြည်စုံချက်သည် မဝေးတော့ကြောင်း သိရှိရခြင်းသည် မည်မျှစိတ်လှုပ်ရှားဖွယ်ပါတကား။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက နောက်ဆုံးကာလ၏ “နိမိတ်” ကိုဖြစ်စေမည့် ဖြစ်ရပ်များကို ကြိုတင်ဟောခဲ့သည်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
မကြာမီ၊ အာမဂေဒုန်၌ ဘုရားသခင့်အုပ်ချုပ်မှုအောက် ဝန်မခံသူတို့သည် ဖျက်ဆီးခံရမည်။ ဝန်ခံသူများမူ ဖြောင့်မတ်သောကမ္ဘာသစ် ထဲသို့ လွတ်မြောက်မည်