အခန်း၁၀
ပြည့်စုံကြောင်း သင်တွေ့မြင်ခဲ့သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်တစ်ခု
လွန်ခဲ့သည့်အနှစ်တစ်ရာက ကမ္ဘာ့အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ယနေ့အခြေအနေ အဘယ်ကြောင့် ဤမျှကွာခြားနေရကြောင်း သင်တွေးမိဖူးသလော။ အချို့အခြေအနေများမှာ ပို၍ကောင်းမွန်လာသည်။ နိုင်ငံများစွာတွင် ယခင်က အသက်သေဆုံးမှုဖြစ်စေသည့် ရောဂါများသည် ယခုအခါ ပုံမှန်ကုသပျောက်ကင်းလာနိုင်သည့်အပြင် သာမန်လူတစ်ဦးသည် သူ၏ဘိုးဘေးများ အိပ်မက်ပင်မမက်ဖူးခဲ့သည့် ဘဝအဆင့်အတန်းမျိုးကို စံစားနေရသည်။ တစ်ဖက်တွင်မူ ကျွန်ုပ်တို့၏ရာစုနှစ်အတွင်း အဆိုးရွားဆုံး စစ်ပွဲများနှင့် သမိုင်းတစ်လျှောက်တွင် အဆိုးဆုံးသော ရက်စက်ယုတ်မာမှုအချို့ကို တွေ့မြင်ခဲ့ရသည်။ လူသားတို့၏ အောင်မြင်ကြီးပွားမှု—လူသားတို့၏ ရှင်သန်တည်တံ့ရေးပင်လျှင်—လူဦးရေပေါက်ကွဲမှု၊ ညစ်ညမ်းမှုပြဿနာ၊ နိုင်ငံတကာတွင် သိုလှောင်ထားသော များပြားလှသည့် နယူကလီးယားလက်နက်၊ ဇီဝလက်နက်နှင့် ဓာတုလက်နက်များ၏ ခြိမ်းခြောက်ခြင်းကိုခံနေရလျက်ရှိသည်။ ဤ ၂၀ ရာစုနှစ်သည် ယခင်ရာစုနှစ်များနှင့် အဘယ်ကြောင့် ဤမျှအကြီးအကျယ် ကွာခြားရပါသနည်း။
၁။ (နိဒါန်းအပါအဝင်။) (က) ဤ ၂၀ ရာစုနှစ်သည် ယခင့်ယခင် ရာစုနှစ်များနှင့် အဘယ်ကြောင့်ကွာခြားရသနည်း။ (ခ) ကျွန်ုပ်တို့ခေတ်သည် အဘယ်ကြောင့် ဤမျှကွာခြားရခြင်းဖြစ်ကြောင်းနားလည်ရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။
ဤမေးခွန်း၏အဖြေသည် ပြည့်စုံလျက်ရှိကြောင်း သင်တွေ့မြင်နေရသည့် တစ်မူထူးခြားသော သမ္မာကျမ်းစာပရောဖက်ပြုချက်တစ်ခုနှင့် ပတ်သက်နေသည်။ ဤပရောဖက်ပြုချက်မှာ ယေရှုကိုယ်တော်တိုင် မိန့်ကြားခဲ့သည့် ပရောဖက်ပြုချက်ဖြစ်ပြီး သမ္မာကျမ်းစာသည် မှုတ်သွင်းခြင်းခံရကြောင်း သက်သေထူသည့်အပြင် ကမ္ဘာ့မြင်ကွင်းတွင် ရုတ်တရက် ထူးထူးခြားခြားဖြစ်ပျက်မည့် ပြောင်းလဲမှုများ ဖြစ်ပျက်လုနီးသောအချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေရကြောင်းကိုလည်း ဖော်ညွှန်းသည်။ ဤပရောဖက်ပြုချက်ကား အဘယ်နည်း။ ဤပရောဖက်ပြုချက် ပြည့်စုံလျက်ရှိကြောင်း မည်သို့သိရသနည်း။
ယေရှု၏ မဟာပရောဖက်ပြုချက်
၂၊ ၃။ ယေရှု၏တပည့်တော်များက ကိုယ်တော်အား အဘယ်မေးခွန်းကို မေးလျှောက်ခဲ့ကြသနည်း။ ကိုယ်တော်၏အဖြေကို အဘယ်နေရာတွင် ကျွန်ုပ်တို့တွေ့နိုင်သနည်း။
၂ ယေရှုမသေဆုံးမီ ရက်အနည်းငယ်အလိုတွင် ကိုယ်တော့်တပည့်တော်များသည် ယေရုရှလင်မြို့ရှိ ကြီးမားသောဗိမာန်တော် အဆောက်အအုံများအကြောင်း ဆွေးနွေးနေကြသည်ဟု သမ္မာကျမ်းစာကဖော်ပြသည်; ၎င်းတို့၏အရွယ်အစားနှင့် ကြာရှည်တည်တံ့မည့်ပုံတို့ကြောင့် သူတို့အထင်ကြီးမိကြသည်။ သို့သော် ယေရှုက ဤသို့မိန့်တော်မူ၏– “ဤအရာအလုံးစုံကို သင်တို့သည်မြင်ကြသည်မဟုတ်လော။ ငါအမှန်ဆိုသည်ကား၊ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရ။”—မဿဲ ၂၄:၁၊ ၂။
၃ ယေရှု၏စကားကြောင့် တပည့်တော်များ အံ့အားသင့်သွားကြမည်ဖြစ်ရာ နောက်ပိုင်းတွင် ကိုယ်တော်ထံချဉ်းကပ်၍ ဤအကြောင်း ပိုမိုသိရှိရန် ဤသို့မေးလျှောက်ကြသည်– “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃) ယေရှု၏အဖြေကို မဿဲအခန်းကြီး ၂၄ ၏ကျန်အပိုင်းနှင့် အခန်းကြီး ၂၅ တို့တွင် တွေ့ရှိရသည်။ ကိုယ်တော်၏မိန့်ကြားချက်များကို မာကုအခန်းကြီး ၁၃ နှင့် လုကာအခန်းကြီး ၂၁ တို့တွင်လည်း မှတ်တမ်းတင်ထားသည်။ ယင်းသည် ယေရှု ကမ္ဘာပေါ်ရှိစဉ် မိန့်ကြားခဲ့သည့် အရေးအကြီးဆုံးသော ပရောဖက်ပြုချက်ဖြစ်သည်မှာ ထင်ရှားပါသည်။
၄။ အဘယ်ကွဲပြားသည့် အကြောင်းအရာများကို ယေရှု၏တပည့်တော်များ မေးလျှောက်နေခြင်းဖြစ်သနည်း။
၄ အမှန်ဆိုလျှင် ယေရှု၏တပည့်တော်များသည် ကိစ္စတစ်ခုထက်မက မေးလျှောက်နေခြင်းဖြစ်သည်။ ပထမ၊ သူတို့မေးလိုက်သည့်မေးခွန်းမှာ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်” နည်း၊ ဆိုလိုသည်မှာ ယေရုရှလင်မြို့နှင့်တကွ ယင်း၏ဗိမာန်တော် အဘယ်အချိန်တွင် ဖျက်ဆီးခံရမည်နည်း ဟူ၍ဖြစ်သည်။ နောက်ထပ် သူတို့သိချင်သည့်အရာမှာ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ယေရှု၏ရောက်ရှိခြင်းစတင်ကြောင်းနှင့် ဤအစီအစဉ်စနစ်၏အဆုံး ရောက်လုနီးကြောင်း ညွှန်ပြမည့်နိမိတ်ဖြစ်သည်။
၅။ (က) ယေရှုပရောဖက်ပြုချက်၏ ကနဦးပြည့်စုံချက်ကား အဘယ်နည်း၊ သို့သော် ကိုယ်တော်၏စကားတော်များသည် အဘယ်အချိန်တွင် အပြည့်အဝ ပြည့်စုံမည်နည်း။ (ခ) ယေရှုသည် တပည့်တော်များ၏မေးခွန်းကို မည်သို့စတင် ဖြေကြားပေးတော်မူသနည်း။
၅ အဖြေပေးရာတွင် ဤအချက်နှစ်ချက်စလုံးကို ယေရှု ထည့်သွင်းစဉ်းစားတော်မူ၏။ ကိုယ်တော်၏စကားတော်အများသည် ပထမရာစုနှစ်၊ စီ.အီး. ၇၀၊ ယေရုရှလင်မြို့ ကြောက်မက်ဖွယ်ဖျက်ဆီးခံရခြင်းအဖြစ်သို့ ဦးတည်နေသည့်နှစ်များအတွင်း အမှန်ပင်ပြည့်စုံခဲ့သည်။ (မဿဲ ၂၄:၄-၂၂) သို့သော် ကိုယ်တော်၏ပရောဖက်ပြုချက်သည် နောက်ပိုင်းကာလ၊ အမှန်ဆိုရလျှင် ကျွန်ုပ်တို့ခေတ်တွင် သာ၍ကြီးကျယ်သည့် အရေးပါမှု ရှိမည်ဖြစ်သည်။ သို့ဖြစ်လျှင် ယေရှု ဘာမိန့်ကြားခဲ့သနည်း။ အခန်းငယ် ၇ နှင့် ၈ တွင် မှတ်တမ်းတင်ထားသည့် ဤစကားများဖြင့် အစချီတော်မူ၏– “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း၊ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် . . . ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။”
၆။ မဿဲ ၂၄:၇၊ ၈ ပါယေရှု၏စကားများက အဘယ်အလားတူ ပရောဖက်ပြုချက်ကို ကျွန်ုပ်တို့အား သတိရစေသနည်း။
၆ ကောင်းကင်ဘုရင်အနေနှင့် ယေရှုရောက်ရှိခြင်းကို ကမ္ဘာပေါ် အကြီးအကျယ် ဗရုန်းသုန်းကားဖြစ်မှုဖြင့် အမှတ်အသားပြုမည်မှာ ရှင်းနေပါသည်။ ဤအချက်ကို ဗျာဒိတ်ကျမ်းတွင်တွေ့ရသည့် အလားတူပရောဖက်ပြုချက်—အပေါကလစ်၏ မြင်းစီးသူရဲလေးဦးဆိုင်ရာ အဆင်းအာရုံ—က အတည်ပြုသည်။ (ဗျာဒိတ် ၆:၁-၈) ဤမြင်းစီသူရဲများထဲမှ ဦးဆုံးသူမှာ အောင်မြင်လျက်ရှိသော ဘုရင်အဖြစ် ယေရှုကိုယ်တော်တိုင်ကို ပုံတင်ပြသည်။ အခြားမြင်းစီးသူရဲများမှာ ယေရှုစိုးစံခြင်း၏အစကို အမှတ်အသားပြုသည့် ကမ္ဘာ့အဖြစ်အပျက်များဖြစ်သော စစ်၊ အငတ်ဘေးနှင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မတန်သေဆုံးခြင်းတို့ကို ပုံတင်ပြသည်။ ဤပရောဖက်ပြုချက်နှစ်ခု ယနေ့ပြည့်စုံလျက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်ရသလော။
စစ်!
၇။ အပေါကလစ်၏ ဒုတိယမြင်းစီးသူရဲ၏စီးနင်းမှုက အဘယ်အရာကို ပရောဖက်ပြု တင်ပြသနည်း။
၇ ပို၍စေ့စေ့စပ်စပ် ကြည့်ကြပါစို့။ ဦးဆုံး ယေရှု ဤသို့မိန့်ကြားသည်– “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” ဤကား စစ်မက်ဆိုင်ရာ ပရောဖက်ပြုချက်ဖြစ်သည်။ အပေါကလစ်၏ မြင်းစီးသူရဲလေးဦးမှ ဒုတိယတစ်ဦးမှာလည်း အလားတူစွာ စစ်ပွဲကို အရိပ်နိမိတ်ပြသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထိုအခါ မြင်းနီတစ်စီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ ဓားကြီးကိုပေးတော်မူ၏။” (ဗျာဒိတ် ၆:၄) လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း လူသားတို့သည် စစ်ပွဲများဆင်နွှဲလာခဲ့ကြသည်။ သို့ဖြစ်လျှင် ဤစကားများသည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်ကြောင့် အထူးအဓိပ္ပာယ် ရှိရသနည်း။
၈။ စစ်သည် နိမိတ်၏ ထူးခြားထင်ရှားသော အင်္ဂါရပ်တစ်ခုဖြစ်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် မျှော်လင့်ကြသနည်း။
၈ စစ်ပွဲတစ်ခုတည်းသည် ယေရှုရောက်ရှိခြင်း၏ နိမိတ်မဟုတ်ကြောင်း သတိရပါ။ နိမိတ်မှာ ယေဘုယျအချိန်ကာလ တစ်ခုတည်းအတွင်းဖြစ်ပျက်သည့် ယေရှု၏ပရောဖက်ပြုချက်မှ အသေးစိတ်အချက်အလက် အားလုံး ဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ သို့သော် စစ်ပွဲမှာ ဦးဆုံးဖော်ပြသည့် အင်္ဂါရပ်ဖြစ်သဖြင့် ဤအင်္ဂါရပ်သည် ကျွန်ုပ်တို့၏အာရုံကိုဖမ်းစားနိုင်သည့် ထူးခြားထင်ရှားသောနည်းဖြင့် ပြည့်စုံလာမည်ကို မျှော်လင့်နိုင်သည်။ ဤ ၂၀ ရာစုစစ်ပွဲများနှင့် ဆင်တူသည့်စစ်ပွဲများ အတိတ်သမိုင်း၌ မရှိခဲ့ကြောင်းကို လူတိုင်းဝန်ခံရပေမည်။
၉၊ ၁၀။ စစ်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များသည် မည်သို့စတင် ပြည့်စုံလာခဲ့သနည်း။
၉ ဥပမာ၊ အစောပိုင်းကျသော စစ်ပွဲအများမှာ ရက်စက်ပြီး အဖျက်စွမ်းအားကြီးမားသော်လည်း ဤ ၂၀ ရာစု ကမ္ဘာစစ်ကြီးနှစ်ခု၏ အဖျက်စွမ်းအားကိုမီသော မည်သည့်စစ်ပွဲမျှမရှိပါ။ ပထမကမ္ဘာစစ်သည် အဆုံးတွင် လူပေါင်း ၁၄ သန်းခန့်ကို သေကျေစေခဲ့ရာ နိုင်ငံများစွာ၏ လူဦးရေတစ်ရပ်လုံးထက်ပင် များပြားသည်။ အမှန်ပင် “ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုပ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်ခြင်းငှာလည်းကောင်း အခွင့်ရ၏။”
၁၀ ပရောဖက်ပြုချက်အရ စစ်ပွဲကိုတင်စားသော အပေါကလစ်၏ ဒုတိယမြင်းစီးသူရဲအား “ဓားကြီးကိုပေးတော်မူ၏။” မည်သို့သက်ဆိုင်သနည်း။ အဓိပ္ပာယ်မှာ စစ်လက်နက်များသည် သေစေနိုင်သည့်စွမ်းအား ပို၍ပြင်းထန်လာသည်။ လူတို့သည် တင့်ကား၊ လေယာဉ်၊ သေစေနိုင်သောအဆိပ်ဓာတ်ငွေ့၊ ရေငုပ်သင်္ဘောများနှင့် မိုင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်သည့် အမြောက်လက်နက်တို့ကို ပိုင်ဆိုင်လာသဖြင့် အိမ်နီးချင်းကို သတ်ဖြတ်ရာတွင် စွမ်းပကား ပို၍ကြီးမားလာသည်။ ပထမကမ္ဘာစစ်ကြီးမှစ၍ ရေဒီယိုဆက်သွယ်ရေးစနစ်များ၊ ရေဒါ၊ ခေတ်မီဆန်းပြားသည့် ရိုင်ဖယ်သေနတ်များ၊ ဘက်တီးရီးယားပိုးမွှားလက်နက်နှင့် ဓာတုလက်နက်များ၊ မီးပန်းလက်နက်များ၊ မီးလောင်ဗုံးများ၊ ဗုံးအမျိုးအစား အသစ်အဆန်းများ၊ တိုက်ချင်းပစ်ဒုံးပျံများ၊ နယူကလီးယားရေငုပ်သင်္ဘောများ၊ ခေတ်မီလေယာဉ်များနှင့် စစ်သင်္ဘောကြီးများ အစရှိသည်တို့ကို အသုံးပြုလာနိုင်ခြင်းကြောင့် ထို “ဓားကြီး” သည် ပို၍ပင် အဖျက်စွမ်းအား ကြီးမားလာခဲ့သည်။
“. . .ဆင်းရဲခြင်း၏ အစအဦး”
၁၁၊ ၁၂။ ပထမကမ္ဘာစစ်သည် အဘယ်နည်းဖြင့် “. . .ဆင်းရဲခြင်း၏ အစအဦး” မျှသာဖြစ်သနည်း။
၁၁ ယေရှုပရောဖက်ပြုချက်၏ အစောပိုင်း အခန်းငယ်များကို ဤစကားများဖြင့် နိဂုံးချုပ်ထားသည်– “ထိုအမှုအရာတို့သည် . . .ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” ပထမကမ္ဘာစစ်၏ အခြေအနေသည် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် စစ်ကြီးပြီးဆုံးသွားသော်လည်း အဓွန့်ရှည်တည်တံ့သောငြိမ်းချမ်းရေးကို မဆောင်ကြဉ်းပေးနိုင်ခဲ့ချေ။ ၎င်းနောက် များမကြာမီ အီသီယိုးပီးယား၊ လိုင်ဘေးရီးယား၊ စပိန်၊ ရုရှား၊ အိန္ဒိယနှင့် အခြားနိုင်ငံများတွင် အကန့်အသတ်ရှိသော်လည်း ရက်စက်ကြမ်းကြုတ်သည့်စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်သားနှင့်အရပ်သား သန်း ၅၀ ခန့်အသက်ဆုံးရှုံးရသည့် ကြောက်မက်ဖွယ်ကောင်းသော ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသည်။
၁၂ ထို့အပြင် အခါအားလျော်စွာ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ယာယီအတိုက်အခိုက်ရပ်စဲမှုများရှိသော်ငြားလည်း လူသားတို့သည် စစ်ဖြစ်ဆဲပင်။ ၁၉၆၀ ပြည့်နှစ်ကတည်းက တိုက်လာခဲ့သည့် စစ်ပွဲကြီး ၈၁ ခုကြောင့် ယောက်ျား၊ မိန်းမ၊ ကလေးပေါင်း ၁၂,၅၅၅,၀၀၀ သေဆုံးခဲ့ရကြောင်း ၁၉၈၇ ခုနှစ်တွင် သတင်းရရှိခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သမိုင်းတစ်လျှောက် ယခင် မည်သည့်နှစ်ကထက်မဆို စစ်ပို၍ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်။၁ ထို့အပြင် စစ်ရေးပြင်ဆင်မှုနှင့် စစ်အသုံးစရိတ်အတွက် ယခုအခါ နှစ်စဉ် စုစုပေါင်း ဒေါ်လာ ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ အထိသုံးစွဲလျက်ရှိသဖြင့် ကမ္ဘာ့စီးပွားရေးကို ကမောက်ကမဖြစ်စေသည်။၂ ‘လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်’ ဟူသည့် ယေရှု၏ပရောဖက်ပြုချက်သည် ဧကန်မုချ ပြည့်စုံလျက်ရှိနေပြီ။ စစ်ပွဲဆိုင်ရာမြင်းနီသည် ကမ္ဘာတစ်လွှား မညှာမတာ ဆက်၍ အသော့နှင်လျက်ရှိသည်။ သို့သော် နိမိတ်၏ ဒုတိယအင်္ဂါရပ်ကော အသို့နည်း။
အစာခေါင်းပါးခြင်းများ!
၁၃။ အဘယ်ကြေကွဲဖွယ် အဖြစ်အပျက်များအကြောင်း ယေရှု ကြိုဟောတော်မူခဲ့သနည်း။ အပေါကလစ်၏ တတိယမြင်းစီးသူရဲဆိုင်ရာ အဆင်းအာရုံက ကိုယ်တော်၏ ပရောဖက်ပြုချက်ကို မည်သို့ထောက်ခံသနည်း။
၁၃ “အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း . . . ဖြစ်ကြလိမ့်မည်” ဟုယေရှု ကြိုဟောခဲ့သည်။ အပေါကလစ်၏ မြင်းစီးသူရဲလေးဦးမှ တတိယတစ်ဦး၏စီးနင်းမှုနှင့် မည်သို့ကိုက်ညီသည်ကို သတိပြုပါ။ ထိုသူနှင့်ပတ်သက်၍ ဤသို့ဖတ်ရသည်– “ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစ်စီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်ကိုရ၏။ မုယောဆန်သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့်ဟု ဆိုသည်ကိုငါကြား၏။” (ဗျာဒိတ် ၆:၅၊ ၆) မှန်သည်၊ အကြီးအကျယ် အစာခေါင်းပါးမှုများပင်တည်း!
၁၄။ ၁၉၁၄ ခုနှစ်မှစ၍ အဘယ်အငတ်ဘေးကြီးများက ယေရှု၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သနည်း။
၁၄ အချို့နိုင်ငံများတွင် လူနေမှုအဆင့်အတန်း ဤမျှမြင့်မားနေသည့် ယခုခေတ်တွင် ဤပရောဖက်ပြုချက် ဆက်လက်ပြည့်စုံနိုင်ပါမည်လော။ တစ်ကမ္ဘာလုံး၏ အခြေအနေကို တစေ့တစောင်း လေ့လာကြည့်လိုက်လျှင် အဖြေအတွက် သံသယရှင်းသွားပေမည်။ သမိုင်းအရ အငတ်ဘေးများသည် စစ်နှင့် သဘာဝကပ်ဘေးများကြောင့် ဖြစ်ပွားရသည်။ သို့ဖြစ်၍ သဘာဝကပ်ဘေးများနှင့် စစ်ပွဲများ အဆမတန်များပြားသည့် ကျွန်ုပ်တို့၏ရာစုနှစ်တွင် အငတ်ဘေးများ အကြိမ်ကြိမ်ဆိုက်ရခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၁၉၁၄ ခုနှစ်ကတည်းက ကမ္ဘာ့ဒေသအများတွင် ဤကဲ့သို့သောကပ်ဘေးများ သင့်ရောက်ခဲ့သည်။ သတင်းတစ်ပုဒ်က ၁၉၁၄ ခုနှစ်မှစ၍ဖြစ်ပွားခဲ့သော အငတ်ဘေးကြီး ၆၀ ကျော်ကိုစာရင်းပြုစုထားရာ ဂရိ၊ နယ်သာလန်၊ ဆိုဗီယက်ပြည်ထောင်စု၊ နိုင်ဂျီးရီးယား၊ ချက်၊ ချီလီ၊ ပီရူး၊ ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလား၊ ကမ်ပူးချား၊ အီသီယိုးပီးယားနှင့် ဂျပန်နိုင်ငံ အစရှိသည်ဖြင့် အလှမ်းကွာဝေးလှသည့် နိုင်ငံဒေသများတွင် ဖြစ်ပွားခဲ့သည်။၃ ဤအငတ်ဘေးများအနက် အချို့မှာ နှစ်ပေါင်းများစွာ တာရှည်ပြီး လူပေါင်းသန်းနှင့်ချီ၍ သေဆုံးစေခဲ့သည်။
၁၅၊ ၁၆။ အဘယ်အစားအစာခေါင်းပါးမှု နောက်တစ်မျိုးသည် ယနေ့တွင် အမှန်ပင် သိမ်းရုံးဖျက်ဆီးနေသနည်း။
၁၅ ပြင်းထန်ဆိုးရွားသည့် အငတ်ဘေးကြီးများ၏သတင်းသည် များသောအားဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာခြင်း ခံရတတ်သော်လည်း များမကြာမီ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတတ်ပြီး ကပ်ဘေးမှလွတ်မြာက်၍ အသက်ရှင်ကျန်သူတို့သည်လည်း ပုံမှန်ဘဝလောက်သို့ တဖြည်းဖြည်း ပြန်ရောက်သွားကြသည်။ သို့သော် ဤ ၂၀ ရာစုအတွင်း သာ၍ဆိုးရွားသည့် အစာခေါင်းပါးမှု နောက်တစ်မျိုး တဖြည်းဖြည်း ဖြစ်ပွားလျက်ရှိသည်။ ဤအစာခေါင်းပါးဘေးသည် ရုတ်တရက် ထူးထူးခြားခြား ဖြစ်ပွားခြင်းမရှိသောကြောင့် လူတို့က လျစ်လျူရှုထားလေ့ရှိသည်။ သို့သော် ဤခေါင်းပါးဘေးသည် တစ်နှစ်ပြီးတစ်နှစ် ကြံ့ကြံ့ခံလျက်ရှိသည်။ ဤကား ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်၏လူဦးရေ ငါးပုံတစ်ပုံကို ထိခိုက်ပြီး နှစ်စဉ် လူပေါင်း ၁၃ သန်းနှင့် ၁၈ သန်းအကြား သေဆုံးမှုဖြစ်စေသော ပြင်းထန်ဆိုးရွားသည့် အာဟာရချို့တဲ့မှုကပ်ဘေးပင်ဖြစ်သည်။၄
၁၆ တစ်နည်းပြောရလျှင် ဤအစာခေါင်းပါးမှုမျိုးကြောင့် နှစ်ရက်အတွင်း ပုံမှန်သေဆုံးနေသည့် လူဦးရေမှာ ဟီရိုရှီးမားမြို့တွင် အနုမြူဗုံးကြောင့် သေဆုံးရသည့် လူဦးရေတမျှ များပြားသည်။ အမှန်မှာ နှစ်နှစ်ကြာတိုင်း ငတ်မွတ်ဘေးကြောင့် သေဆုံးရသည့်လူဦးရေသည် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီး နှစ်ခုပေါင်းကြောင့် သေဆုံးရသည့် စစ်သားဦးရေထက်များသည်။ ၁၉၁၄ ခုနှစ်မှစ၍ “အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း” ဖြစ်ပွားလျက်ရှိသလော။ အမှန် ဖြစ်ပွားလျက်ရှိ၏!
မြေငလျင်လှုပ်ခြင်းများ
၁၇။ ၁၉၁၄ ခုနှစ်နောက်ပိုင်း များမကြာမီ အပျက်အစီးကြီးမားသည့် အဘယ်ငလျင်ကြီး လှုပ်ခဲ့သနည်း။
၁၇ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွား၍ လပိုင်းမျှသာကြာသေးသည့် ၁၉၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အီတလီနိုင်ငံ အဘရူဇီဒေသတွင် မြေငလျင်တစ်ခုလှုပ်သွားရာ လူပေါင်း ၃၂,၆၁၀ အသက်ဆုံးခဲ့ရသည်။ ဤကပ်ဘေးကြီးက ယေရှုရောက်ရှိစဉ်အတွင်း စစ်နှင့်အစာခေါင်းပါးခြင်းအပြင် အခြားကပ်ဘေးတစ်ခုလည်း ဖြစ်ပျက်လာမည့်အကြောင်း သတိရစေသည်– “အရပ်ရပ်တို့၌ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” စစ်ဘေးနှင့် ငတ်မွတ်ဘေးနည်းတူပင် အဘရူဇီငလျင်မှာလည်း “. . .ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။”a
၁၈။ ငလျင်လှုပ်ခြင်းများနှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံခဲ့သနည်း။
၁၈ ဤ ၂၀ ရာစုနှစ်သည် မြေငလျင်ဆိုင်ရာ ရာစုနှစ်ဖြစ်သည်။ သတင်းဆက်သွယ်ရေးစနစ်များ၏ တိုးတက်မှုကြောင့် လူသားအားလုံးသည် မြေငလျင်ကြောင့်ဖြစ်ပွားသည့် အပျက်အစီးအကြောင်းကို ကောင်းစွာသိရှိကြရသည်။ အနည်းငယ်ကို ဖော်ပြရလျှင် ၁၉၂၀ ပြည့်နှစ်၌ တရုတ်ပြည်တွင် လှုပ်ခဲ့သည့်ငလျင်တစ်ခုကြောင့် လူ ၂၀၀,၀၀၀ သေဆုံးခြင်း; ၁၉၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ငလျင်တစ်ခုကြောင့် လူပေါင်း ၁၄၀,၀၀၀ ခန့်သေဆုံး သို့မဟုတ်ပျောက်ဆုံးခြင်း; ၁၉၃၅ ခုနှစ်တွင် ယခုပါကစ္စတန်ဟုခေါ်သည့်နိုင်ငံ၌ နောက်ထပ်ငလျင်တစ်ခုက လူပေါင်း ၂၅,၀၀၀ ကိုသတ်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် တူရကီငလျင်ကြောင့် လူပေါင်း ၃၂,၇၀၀ သေဆုံးခဲ့သည်။ ၁၉၇၀ ပြည့်နှစ် ပီရူးငလျင်ကြောင့်သေဆုံးသူပေါင်း ၆၆,၈၀၀ ရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် တရုတ်ပြည်၊ တန်ရှန်တွင် လူပေါင်း ၂၄၀,၀၀၀ (သို့မဟုတ် အချို့သတင်းရပ်ကွက်များ၏ အဆိုအရ ၈၀၀,၀၀၀) ခန့်သေဆုံးခဲ့ရသည်။ များမကြာသေးသော ၁၉၈၈ ခုနှစ်တွင် အာမေးနီးယားနိုင်ငံ၌ အင်အားပြင်ထန်သောငလျင်ကြောင့် လူပေါင်း ၂၅,၀၀၀ သေဆုံးခဲ့ရသည်။b “အရပ်ရပ်တို့၌ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်” နေသည်မှာ သေချာသည်!၆
“နာ၍သေဘေး”
၁၉။ နိမိတ်၏ အဘယ်ထပ်ဆင့်အသေးစိတ် အချက်အလက်ကို ယေရှုတင်ကူးဟောခဲ့ကာ အပေါကလစ်၏ စတုတ္ထမြင်းစီးသူရဲက တင်ကြိုပုံတင်ပြခဲ့သနည်း။
၁၉ ယေရှု၏ပရောဖက်ပြုချက်မှ နောက်အသေးစိတ်အချက်တစ်ခုမှာ ရောဂါနှင့်ပတ်သက်သည်။ ဧဝံဂေလိဟောသူ လုကာက သူ၏မှတ်တမ်းတွင် “အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုကြိုဟောခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ (လုကာ ၂၁:၁၁) ဤအချက်သည်လည်း အပေါကလစ်၏ မြင်းစီးသူရဲလေးဦးဆိုင်ရာ ပရောဖက်ပြုအဆင်းအာရုံနှင့် ကိုက်ညီပေသည်။ စတုတ္ထမြင်းစီးသူရဲကို မရဏဟုအမည်ပေးထားသည်။ သူသည် “နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်” ခြင်းအပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အချိန်မတန်ဘဲသေဆုံးရခြင်းကို ပုံတင်ပြသည်။—ဗျာဒိတ် ၆:၈။
၂၀။ အဘယ်ထင်ရှားသောကပ်ဘေးသည် ကာလနာများပြားမည်ဟူသည့် ယေရှု၏ပရောဖက်ပြုချက်ပြည့်စုံမှု တစ်စိတ်တစ်ပိုင်းဖြစ်သနည်း။
၂၀ လွန်ခဲ့သည့် ၁၉၁၈ နှင့် ၁၉၁၉ ခုနှစ်တို့တွင် စပိန်တုပ်ကွေးကြောင့် ဖျားနာသူ ၁,၀၀၀,၀၀၀,၀၀၀ ကျော်ရှိပြီး လူပေါင်း ၂၀,၀၀၀,၀၀၀ ကျော်အသက်ဆုံးခဲ့ရသည်။ စစ်ကြီးကြောင့် သေဆုံးရသူပေါင်းထက်ပင် ပို၍များပြားသည်။၇ ထို့အပြင် ဆေးဘက်ဆိုင်ရာတွင် လက်ဖျားခါလောက်အောင် တိုးတက်မှုများစွာ ရှိနေသည့်ကြားမှ “နာ၍သေဘေး” သို့မဟုတ် ‘ကာလနာဘေး’ သည် ဤလူမျိုးဆက်ကို ဆက်၍ဒုက္ခပေးလျက်ရှိသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရပါသနည်း။ အကြောင်းတစ်ခုမှာ သာ၍ဆင်းရဲသောနိုင်ငံများသည် သိပ္ပံဆိုင်ရာတိုးတက်မှု၏ အကျိုးကျေးဇူးများကို အမြဲတစေ မခံစားရခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ငွေကြေးအကူအညီပို၍ရရှိလျှင် ကုသပျောက်ကင်းနိုင်သည့် ရောဂါများကြောင့် ဆင်းရဲသားများသည် သေဆုံးကြရသည်။
၂၁၊ ၂၂။ “နာ၍သေဘေး” ကို ချမ်းသာသောနိုင်ငံများမှ ပြည်သူများကော ဆင်းရဲသောနိုင်ငံများမှ ပြည်သူများပါ မည်သို့ခံစားခဲ့ရကြသနည်း။
၂၁ ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်းသန်း ၃၀၀ ကျော် ငှက်ဖျားရောဂါ ခံစားနေရသည်။ သန်း ၂၀၀ ခန့်မှာ ခရုပက်ကျိရောဂါစွဲကပ်နေသည်။ ရှာဂါရောဂါသည် လူသန်း ၂၀ ခန့်ကို ဒုက္ခပေးလျက်ရှိသည်။ လူ ၁၂၆ သန်းခန့်မှာ အွန်ကိုဆာကာသန်စွဲနာကြောင့် မျက်စိကွယ်သည့်ရောဂါခံစားနေရသည်။ ရုတ်တရက်ဝမ်းလျှောရောဂါသည် နှစ်စဉ် သန်းနှင့်ချီသော ကလေးများ၏အသက်ကို ခြွေယူနေသည်။၈ တီဘီအဆုတ်နာနှင့် အနာကြီးရောဂါတို့သည် ကြီးမားသောကျန်းမာရေးပြဿနာ ဖြစ်နေဆဲရှိသည်။ ကမ္ဘာပေါ်ရှိ ဆင်းရဲနွမ်းပါးသူများသည် ‘အရပ်ရပ်တို့တွင် ကာလနာရောဂါများပြားခြင်း’ ကြောင့် ဒုက္ခရောက်လျက်ရှိသည်မှာ ထင်ရှားလှသည်။
၂၂ သို့သော် ချမ်းသာသူများလည်း ဒုက္ခရောက်ကြသည်။ ဥပမာ တုပ်ကွေးရောဂါသည် ဆင်းရဲချမ်းသာမရွေး တန်းတူဒုက္ခပေးသည်။ ၁၉၅၇ ခုနှစ်တွင် တုပ်ကွေးမျိုးထူးတစ်မျိုးကြောင့် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် သေဆုံးသူ ၇၀,၀၀၀ ရှိခဲ့သည်။ ဂျာမနီနိုင်ငံတွင် ခန့်မှန်းချက်အရ လူခြောက်ယောက်တွင် တစ်ယောက်သည် နောက်ဆုံးတွင် ကင်ဆာရောဂါ ခံစားရမည်ဖြစ်သည်။၉ လိင်ဆိုင်ရာကူးစက်ရောဂါများသည်လည်း ဆင်းရဲချမ်းသာမရွေး နှိပ်စက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် အများဆုံးဖြစ်ပွားသည့် ကူးစက်ရောဂါဖြစ်သော ဂနိုရောဂါသည် အာဖရိကတိုက် ဒေသအချို့ရှိလူဦးရေ၏ ၁၈.၉ ရာခိုင်နှုန်းအထိများပြားသည့် လူဦးရေကို ဒုက္ခပေးလျက်ရှိသည်။၁၀ ဆစ်ဖလစ်၊ ကလယ်မီဒီးယား၊ အင်္ဂါဇာတ်ရေယုန်ရောဂါတို့သည် အခြား လိင်ဆိုင်ရာကူးစက်တတ်သော “ကာလနာ” ကပ်ရောဂါအချို့ဖြစ်သည်။
၂၃။ အဘယ် “နာ၍သေဘေး” သည် မကြာသေးမီက သတင်းစာခေါင်းကြီးပိုင်းတွင် နေရာယူထားသနည်း။
၂၃ မကြာသေးမီနှစ်များတွင် အေအိုင်ဒီအက်စ်ခေါ် “နာ၍သေဘေး” သည် “ကာလနာ” ၏စာရင်းအဝင်ဖြစ်လာသည်။ အေအိုင်ဒီအက်စ်ရောဂါသည် အလွန်ကြောက်စရာကောင်းသော ရောဂါဖြစ်သည်။ အကြောင်းမှာ ဤစာအုပ်ရေးသားပြုစုချိန်တွင် ဤရောဂါသည် ကုရာနတ္ထိဆေးမရှိသေးသည့်အပြင် ရောဂါဖြစ်ပွားသူဦးရေမှာလည်း ဆက်၍တိုးပွားလျက်ရှိသည်။ ကမ္ဘာ့ပြက္ခဒိန်အချက်အလက်များစာအုပ် ၁၉၉၇ ကဤသို့ဆိုသည်– “ကမ္ဘာတစ်ဝန်းတွင် အေအိုင်ဒီအက်စ်ဖြစ်ပွားနေသူ သို့မဟုတ် အေအိုင်ဒီအက်စ်ဖြစ်စေတတ်သော ဗိုင်းရပ်ပိုး (အိတ်ချ်အိုင်ဗွီ) စွဲကပ်ခံရသူ ၂၁.၈ သန်းရှိသည်၊ . . . ၅.၈ သန်းခန့်သေဆုံးသွားပြီဖြစ်သည်။”၁၁ ထုတ်ပြန်ထားသော ခန့်မှန်းချက်တစ်ခုအရ အေအိုင်ဒီအက်စ်ဗိုင်းရပ်ပိုးသည် မိနစ်တိုင်းတွင် နောက်တစ်ယောက်ကို ကူးစက်လျက်ရှိသည်။ “နာ၍သေဘေး” အမှန်ပင်တည်း! သို့သော် သားရဲများကြောင့် သေဆုံးခြင်းနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ကော အသို့နည်း။
“မြေသားရဲ”
၂၄၊ ၂၅။ (က) အဘယ် “သားရဲ” မျိုးကို ယေဇကျေလ ရည်ညွှန်းခဲ့သနည်း။ (ခ) ယေရှုက မိမိရောက်ရှိနေစဉ်အတွင်း ‘သားရဲများ’ သည် ကမ္ဘာပေါ်တွင် ကျက်စားနေမည်အကြောင်း အဘယ်သို့ မိန့်တော်မူခဲ့သနည်း။
၂၄ အမှန်ဆိုရလျှင် ယခုခေတ်တွင် တောရိုင်းတိရစ္ဆာန်များအကြောင်း သတင်းစာများတွင် ရေးသားသည့်အခါတိုင်း အချို့မျိုးစိတ်များ အန္တရာယ်တွေ့နေ၍ သို့မဟုတ် မျိုးသုဉ်းလုနီး၍ ရေးသားကြခြင်းဖြစ်သည်။ “မြေသားရဲ” များက လူတို့ကို အန္တရာယ်ပေးသည်ထက် လူတို့က သူတို့ကို ပို၍အန္တရာယ်ပေးနေသည်။ သို့ဖြစ်လင့်ကစား အိန္ဒိယကျားများကဲ့သို့သော သားရဲတိရစ္ဆာန်များသည် အချို့နိုင်ငံများတွင် လူတို့၏အသက်ကို ပုံမှန်ခြွေယူလျက်ရှိသည်။
၂၅ သို့သော် သမ္မာကျမ်းစာက မကြာသေးမီနှစ်များအတွင်း အမှန်ပင်ကြောက်စရာကောင်းသည့် နောက်သားရဲတစ်မျိုးကို ကျွန်ုပ်တို့အား အာရုံစိုက်စေသည်။ ပရောဖက်ယေဇကျေလက ကြမ်းတမ်းသူများကို သားရဲများနှင့်နှိုင်းကာ ဤသို့ဆိုသည်– “မင်းတို့သည်လည်း အကောင်ကိုကိုက်ဖြတ်သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသောစီးပွားကို ရှာလိုသောငှာ လူအသက်ကိုသတ်၍ သူတစ်ပါးတို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။” (ယေဇကျေလ ၂၂:၂၇) “မတရားသောအမှုတို့သည် များပြား” မည်ဟု ပရောဖက်ပြုချိန်တွင် စင်စစ်အားဖြင့် ယေရှုက အဆိုပါ ‘သားရဲများ’ သည် ကိုယ်တော်ရောက်ရှိစဉ်အတွင်း မြေကြီးပေါ်တွင် ကျက်စားနေကြမည်ဖြစ်ကြောင်း ပြောနေခြင်းဖြစ်သည်။ (မဿဲ ၂၄:၁၂) ကျမ်းရေးသူပေါလုက ‘နောက်ဆုံးသောနေ့ရက်များ’ အတွင်း လူတို့သည် “ငွေကိုတပ်မက်သောသူ . . . မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ” ဖြစ်ကြလိမ့်မည်ဟု ဖြည့်စွက်ဖော်ပြသည်။ (၂ တိမောသေ ၃:၁-၃) ၁၉၁၄ ခုနှစ်မှစ၍ ဤအတိုင်းပင် ဖြစ်ပျက်ခဲ့ပြီလော။
၂၆-၂၈။ ကမ္ဘာတစ်ဝန်းမှရရှိသည့် အဘယ်သတင်းများက ရာဇဝတ်မှုဆိုင်ရာ ‘သားရဲများ’ သည် ကမ္ဘာပေါ်တွင် ချောင်းမြောင်းသွားလာနေကြကြောင်း ပြသသနည်း။
၂၆ အမှန်ပင် ဖြစ်ပျက်ခဲ့ပါပြီ။ ကမ္ဘာ့မြို့ကြီး တစ်မြို့မြို့တွင် သင်နေထိုင်လျက်ရှိပါက ဤအကြောင်းကို သင်သိပြီးဖြစ်မည်။ သို့သော် သံသယရှိပါက အောက်ပါ မကြာသေးမီက သတင်းစာကိုးကားချက်များကို သုံးသပ်ကြည့်ပါ။ ကိုလံဘီယာမှ– “လွန်ခဲ့သည့်နှစ် ရဲမှတ်တမ်း၌ . . . လူသတ်မှု ၁၀,၀၀၀ နှင့် လက်နက်ကိုင် ဓားပြတိုက်မှု ၂၅,၀၀၀ ရှိသည်။” ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားမှ– “ရာဇဝတ်မှုကြီးများ အကြီးအကျယ်ခုန်တက်သွားသည်။” အမေရိကန်ပြည်ထောင်စုမှ– “နယူးယောက်မြို့ လူသတ်မှု စံချိန်တင် မြင့်မားလျက်ရှိ။” “ဒက်ထရွိုက်မြို့သည် တစ်နိုင်ငံလုံးတွင် လူသတ်မှုနှုန်း အမြင့်ဆုံးမြို့ကြီးအဖြစ် အင်ဒီယန္နားပြည်နယ် ဂါးရီမြို့ကို ကျော်တက်သွားသည်—လူဦးရေ ၁၀၀,၀၀၀ လျှင် ၅၈ ဦးအသတ်ခံရ။”
၂၇ ဇင်ဘာဘွေမှ– “ကလေးငယ်သတ်မှုသည် စိုးရိမ်ရသည့် အတိုင်းအတာသို့ ရောက်နေပြီ။” ဘရာဇီးမှ– “ဤနိုင်ငံတွင် ရာဇဝတ်မှု အဆမတန်များပြားပြီး လက်နက်ကိုင်ဆောင်မှု အလွန်တရာများပြားလှသဖြင့် အကြမ်းဖက်မှုသတင်းများပင် ကြီးစွာစိတ်လှုပ်ရှားမှု မဖြစ်စေတော့ပါ။” နယူးဇီလန်မှ– “လိင်ဆိုင်ရာတိုက်ခိုက်မှုများနှင့် အကြမ်းဖက်ရာဇဝတ်မှုများသည် ရဲတပ်ဖွဲ့အဖို့ ကြီးစွာစိုးရိမ်စရာအဖြစ် ဆက်လက်တည်ရှိနေသည်။” “နယူးဇီလန်နိုင်ငံသားအချင်းချင်း ကျူးလွန်သည့် အကြမ်းဖက်မှုအဆင့်ကို ရက်စက်ကြမ်းကြုတ်မှုဟူ၍သာ ဆိုရပေမည်။” စပိန်မှ– “စပိန်သည် ကြီးထွားလျက်ရှိသည့် ရာဇဝတ်မှုပြဿနာနှင့် နပန်းလုံးနေရသည်။” အီတလီမှ– “စစ္စလီ မာဖီးယားဂိုဏ်းသည် တန့်နေရာမှ သတ်ဖြတ်မှုဒီလှိုင်းကြီးဖြင့် ပြန်လည်အသက်ဝင်လာ။”
၂၈ ၎င်းတို့မှာ ဤစာအုပ် မထုတ်ဝေမီလေးတွင် သတင်းစာများ၌တွေ့ရသည့် နမူနာအနည်းငယ်မျှသာဖြစ်သည်။ “သားရဲ” များသည် ကမ္ဘာပေါ်တွင် ချောင်းမြောင်းသွားလာလှုပ်ရှားနေသဖြင့် ပြည်သူတို့မှာ မိမိတို့၏လုံခြုံရေးအတွက် ရင်တမမနှင့်ဖြစ်နေရသည်မှာ သံသယရှင်းပါသည်။
သတင်းကောင်း ဟောပြောခြင်း
၂၉၊ ၃၀။ ယေရှုပရောဖက်ပြုချက် ပြည့်စုံသည့်အနေနှင့် ခရစ်ယာန်ဘောင်တွင် ဘာသာရေးအခြေအနေ မည်သို့ရှိသနည်း။
၂၉ ယေရှုရောက်ရှိနေသည့် ခက်ခဲသောကာလအတွင်း ဘာသာရေးအခြေအနေ မည်သို့ရှိမည်နည်း။ တစ်ဖက်တွင် ယေရှုက ဘာသာရေးလုပ်ဆောင်ချက် တိုးပွားမည့်အကြောင်း ပရောဖက်ပြုသည်– “မိစ္ဆာပရောဖက် အများတို့သည်ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။” (မဿဲ ၂၄:၁၁) အခြားတစ်ဖက်တွင် ခရစ်ယာန်ဘောင်သည် တစ်ဖွဲ့လုံးအနေနှင့် ဘုရားသခင်အပေါ် စိတ်ဝင်စားမှု ကျဆင်းနေမည်ဖြစ်ကြောင်း တင်ကူးဟောခဲ့သည်။ “အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။”—မဿဲ ၂၄:၁၂။
၃၀ ဤပရောဖက်ပြုချက်က ယနေ့ ခရစ်ယာန်ဘောင်တွင် ဖြစ်ပျက်နေသည့်အခြေအနေကို အမှန်အတိုင်း ဖော်ပြထားသည်။ တစ်ဖက်တွင်မူ ကမ္ဘာအရပ်ရပ်ရှိ ပင်မချာ့ချ်များသည် ထောက်ခံမှုမရရှိသောကြောင့် ကျရှုံးလျက်ရှိသည်။ တစ်ချိန်က ပရိုတက်စတင့် အင်အားကြီးမားခဲ့သည့် ဥရောပမြောက်ပိုင်း နိုင်ငံများနှင့် အင်္ဂလန်နိုင်ငံတို့တွင် ဘာသာတရားမှာ စင်းစင်းသေလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ကက်သလစ်ချာ့ချ်သည်လည်း ဘုန်းကြီးမလုံလောက်မှု၊ အထောက်အပံ့လျော့နည်းမှုတို့နှင့် ကြုံတွေ့နေရသည်။ အခြားတစ်ဖက်တွင်မူ အစွန်းရောက် ဘာသာရေးအင်အားစုများသည် မှိုလိုပေါက်လာကြသည်။ တပ်မက်လုံးကြီးသော ရုပ်မြင်သံကြား ဧဝံဂေလိတရားဟောဆရာများက ဒေါ်လာသန်းနှင့်ချီပြီး အမြတ်ထုတ်နေစဉ် အရှေ့တိုင်းဘာသာတရားများအပေါ် အခြေခံသည့်ဂိုဏ်းများ တစ်နေ့တခြား တိုးပွားလာသည်။
၃၁။ ယနေ့ စစ်မှန်သည့်ခရစ်ယာန်များကို ခွဲခြားသိမြင်နိုင်ရန်ထောက်ကူသည့် အဘယ်အချက်ကို ယေရှုတင်ကူးဟောခဲ့သနည်း။
၃၁ သို့သော် ယေရှုစတင်တည်ထောင်၍ ကိုယ်တော်၏တမန်တော်များ ဟောပြောခဲ့သည့် စစ်မှန်သော ခရစ်ယာန်ဘာသာကော အသို့နည်း။ ၎င်းဘာသာသည် ယေရှုရောက်ရှိစဉ်အတွင်း ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ၎င်းကို မည်သို့ ခွဲခြားသိမြင်နိုင်မည်နည်း။ စစ်မှန်သောခရစ်ယာန်ဘာသာကို ခွဲခြားသိမြင်နိုင်သည့်အရာ များစွာရှိသည့်အနက်မှ တစ်ခုကို ယေရှု၏ မဟာပရောဖက်ပြုချက်တွင် ဖော်ပြထားသည်။ စစ်မှန်သောခရစ်ယာန်များသည် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ထမ်းဆောင်ကြမည်ဖြစ်သည်။ ယေရှု ဤသို့ပရောဖက်ပြုသည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လော[က]နိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။
၃၂။ မဿဲ ၂၄:၁၄ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ပရောဖက်ပြုချက်ကို အဘယ်အဖွဲ့တစ်ဖွဲ့တည်းက ပြည့်စုံစေလျက်ရှိသနည်း။
၃၂ ဤဟောပြောခြင်းကို ယခုအခါ အလွန်ကြီးမားသောအတိုင်းအတာဖြင့် လုပ်ဆောင်နေပေပြီ။ ယနေ့၊ ယေဟောဝါသက်သေများဟုခေါ်သည့် ဘာသာရေးအဖွဲ့သည် ခရစ်ယာန်ဘာသာ၏သမိုင်းတွင် အကြီးကျယ်ဆုံးသော ဟောပြောခြင်းလုပ်ငန်းတွင် အားသွန်ခွန်စိုက် ပါဝင်နေကြသည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) လွန်ခဲ့သည့် ၁၉၁၉ ခုနှစ်တွင် ခရစ်ယာန်ဘောင်မှ နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်သည့် အဓိကဘာသာကြီးများက ကြမ္မာဆိုးငင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို ထောက်ခံပြောဆိုနေစဉ် ယေဟောဝါသက်သေတို့ကမူ ဤကမ္ဘာချီ ဟောပြောခြင်းစီမံချက်အတွက် ပြင်ဆင်လျက်ရှိခဲ့ကြသည်။
၃၃၊ ၃၄။ ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံတော်သတင်းကောင်းကို အဘယ်အတိုင်းအတာအထိ ဟောပြောလျက်ရှိပြီနည်း။
၃၃ ထိုအချိန်တွင် သက်သေခံ ၁၀,၀၀၀ ခန့်သာရှိခဲ့သော်လည်း လုပ်ဆောင်ရမည့် ထိုလုပ်ငန်းကို သူတို့သိထားကြသည်။ သူတို့သည် ရဲရင့်စွာနှင့်ပင် ဟောပြောခြင်းလုပ်ငန်းတာဝန်ကို စတင်ခဲ့ကြသည်။ ဓမ္မဆရာ-အသင်းသားခွဲခြားခြင်းသည် သမ္မာကျမ်းစာအမိန့်နှင့်ကော တမန်တော်များ၏နမူနာနှင့်ပါ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သူတို့သိရှိကြသည်။ ထို့ကြောင့် သူတို့အားလုံး ယောက်စီယောက်တိုင်းသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အိမ်နီးချင်းများအား ပြောပြတတ်အောင် သင်ယူခဲ့ကြသည်။ သူတို့သည် ဟောပြောသူများဆိုင်ရာ အဖွဲ့အစည်းဖြစ်လာလေသည်။
၃၄ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဤဟောပြောသူများသည် ပြင်းထန်သောအတိုက်အခံပြုမှုကို ခံရပ်ခဲ့ကြရသည်။ ဥရောပတွင် သူတို့သည် အာဏာရှင်အမျိုးမျိုး၏ အတိုက်အခံပြုခြင်းကို ခံခဲ့ကြရသည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့တွင် တရားရေးဆိုင်ရာစိန်ခေါ်ချက်များနှင့် လူအုပ်နှင့်ရမ်းကားမှုတို့ကို ရင်ဆိုင်ခဲ့ရသည်။ အခြားနိုင်ငံများတွင် အယူသီးသည့် ဘာသာရေးဘက်လိုက်မှုနှင့် တရားလက်လွတ် နိုင်လိုမင်းထက်အုပ်စိုးသော အာဏာရှင်များ၏ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းမှုကို အောင်နိုင်ကျော်လွှားခဲ့ရသည်။ မကြာသေးမီနှစ်များတွင် သံသယစိတ်ဓာတ်နှင့် တိုးပွားနေသော စိတ်အလိုလိုက်လွန်းခြင်း သဘောထားတို့ကိုလည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယနေ့ နိုင်ငံဒေသပေါင်း ၂၃၄ ခုတွင် ခြောက်သန်းခန့်ရှိလာသည့်အထိ မလျှော့သောဇွဲဖြင့် ကြံ့ကြံ့ခံရပ်တည်ခဲ့ကြသည်။ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို ဤမျှကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့ဖူးခြင်းမရှိပါ—နိမိတ်ဆိုင်ရာ ဤအင်္ဂါရပ်၏ သိသာထင်ရှားသော ပြည့်စုံချက်ပင်တည်း!
ယင်းတို့အားလုံး အဘယ်အဓိပ္ပာယ်ဆောင်သနည်း
၃၅။ (က) ယနေ့ ပရောဖက်ပြုချက်ပြည့်စုံမှုက သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းကြောင်း တင်ပြရန် မည်သို့အထောက်အကူပြုသနည်း။ (ခ) ယေရှုပေးခဲ့သည့်နိမိတ် ပြည့်စုံခြင်းက ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၃၅ ယေရှုပေးခဲ့သည့် မဟာနိမိတ် ပြည့်စုံလျက်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်နေရသည်မှာ သံသယ လုံးဝမရှိပါ။ ဤအချက်က သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင် မှုတ်သွင်းရာဖြစ်သည်ဟူသော အထောက်အထားကို ထပ်ဆင့်ပေးသည်။ ဤ ၂၀ ရာစုအတွင်း ဖြစ်ပျက်မည့်အဖြစ်အပျက်များကို နှစ်ပေါင်းများစွာကြို၍ အဘယ်လူသားကမျှ မဟောနိုင်ပါ။ ထို့အပြင် ၎င်းနိမိတ်ပြည့်စုံချက်က ကျွန်ုပ်တို့သည် ယေရှု၏ရောက်ရှိနေချိန်နှင့် ဤအစီအစဉ်စနစ်၏ နိဂုံးပိုင်းအချိန်တွင် အသက်ရှင်နေရကြောင်း ဖော်ပြသည်။ (မဿဲ ၂၄:၃) မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ယေရှု၏ရောက်ရှိနေခြင်းတွင် အဘယ်အရာများ ပါဝင်ပတ်သက်နေသနည်း။ နိဂုံးချုပ်တော့မည့် အစီအစဉ်စနစ်ကား အဘယ်နည်း။ ဤမေးခွန်းများကို အဖြေပေးရန် သမ္မာကျမ်းစာ မှုတ်သွင်းခံရခြင်းဆိုင်ရာ ခိုင်လုံသောအထောက်အထား နောက်တစ်ခုကို သုံးသပ်ဖို့လိုသည်။ ၎င်းမှာ သမ္မာကျမ်းစာ၏ အံ့ချီးဖွယ်ကောင်းသော အတွင်းသဘောချင်း ညီညွှတ်မှုပင်ဖြစ်သည်။ ဤအကြောင်းကို နောက်အခန်းတွင် ကျွန်ုပ်တို့ ဆွေးနွေးကြမည်ဖြစ်ရာ သမ္မာကျမ်းစာ၏ အဓိကခေါင်းစဉ်သည် အံ့သြမိန်းမောဖွယ် အထွတ်အထိပ်သို့ ယခုပင် မည်သို့ချဉ်းကပ်နေကြောင်း ကြည့်ကြမည်။
[အောက်ခြေမှတ်ချက်များ]
a ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်အတွင်း ရစ်ချ်တာစကေး ၈ နှင့်အထက်ရှိသည့်မြေငလျင် အနည်းဆုံး ငါးကြိမ်လှုပ်ခဲ့သည်—အဘရူဇီငလျင်ထက် ပို၍အင်အားပြင်းထန်သည်။ သို့သော် အဆိုပါငလျင်များသည် ကမ္ဘာ့ဝေးလံသီခေါင်သည့်ဒေသများတွင် ဖြစ်ပွားခဲ့သဖြင့် အီတလီငလျင်လောက် လူတို့၏အာရုံကို များစွာဆွဲဆောင်နိုင်ခဲ့ခြင်းမရှိချေ။၅
b ဤကပ်ဘေးအချို့တွင် သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ အမျိုးမျိုးသတင်းပို့ကြသည်။ သို့သော် အားလုံးသည် အပျက်အစီး အလွန်ကြီးမားကြသည်။