ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၅/၁၅ စာ. ၁၅-၂၀
  • ယေဟောဝါကိုဝတ်ပြုရာ၌ စစ်မှန်သောပျော်ရွှင်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါကိုဝတ်ပြုရာ၌ စစ်မှန်သောပျော်ရွှင်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျော်ရွှင်မှုနှင့်ပတ်သက်၍ခြားနားသောအမြင်
  • စစ်မှန်သောပျော်ရွှင်မှု၏အခြေအမြစ်
  • ပြောင်းလဲတတ်သော ပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းများ
  • အတိတ်မှ အိမ်ထောင်မရှိဘဲ ရသည့်ပျော်ရွှင်မှုများ
  • ယနေ့ တစ်ကိုယ်ရေဘဝဖြစ်သော်လည်းပျော်ရွှင်
  • အိမ်ထောင်မရှိခြင်း၏အကျိုးအမြတ်များ
  • စစ်မှန်သောပျော်ရွှင်မှုသည် မည်သည့်အပေါ်တွင်အခြေပြုသနည်း
  • အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပျော်ရွှင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • မည်သည့်နေရာတွင် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ နိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၅/၁၅ စာ. ၁၅-၂၀

ယေဟောဝါကိုဝတ်ပြုရာ၌ စစ်မှန်သောပျော်ရွှင်မှု

“ယာကုပ်အမျိုး၏ဘုရားသခင်မစတော်မူသောသူ၊ မိမိဘုရားသခင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမျှော်လင့်သောသူသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။”—ဆာလံ ၁၄၆:၅။

၁၊ ၂။ ပျော်ရွှင်မှု၏အဓိပ္ပာယ်နှင့်ပတ်သက်၍ မည်သို့ပြောဆိုခဲ့ကြပြီနည်း။ ပျော်ရွှင်မှုဟူသည် ယနေ့လူများစွာအတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။

စစ်မှန်သောပျော်ရွှင်မှုဟူသည် အဘယ်နည်း။ အဘိဓာန်ပြုစုသူများ၊ အတွေးအခေါ်ပညာရှင်များ၊ ဘာသာရေးပညာရှင်များတို့သည် ယင်းကိုအဓိပ္ပာယ်ဖွင့်ရန် နှစ်ရာစုများစွာကတည်းက ကြိုးစားခဲ့ကြသည်။ သို့သော် အများသဘောတူညီသည့်အဓိပ္ပာယ်တစ်ခုကို သူတို့မပေးနိုင်ခဲ့ချေ။ Encyclopœdia Britannica စွယ်စုံကျမ်းက “‘ပျော်ရွှင်မှု’ သည် နားလည်ရန်ခက်သောဝေါဟာရများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်” ဟုဝန်ခံထားသည်။ ဘဝနှင့်ပတ်သက်၍ မိမိတို့အမြင်အပေါ်မူတည်ပြီး လူအမျိုးမျိုးတို့က ပျော်ရွှင်မှုကို အဓိပ္ပာယ်အမျိုးအမျိုးဖွင့်ကြသည်။

၂ လူများစွာအတွက် ပျော်ရွှင်မှုဟူသည် ကျန်းမာရေးကောင်းခြင်း၊ ရုပ်ပစ္စည်းပိုင်ဆိုင်မှုနှင့် နှစ်လိုဖွယ်မိတ်သင်္ဂဟများအပေါ်တွင် မူတည်သည်။ သို့ရာတွင် အဆိုပါအရာအားလုံးရှိသော်လည်း မပျော်ရွှင်သောလူများရှိသည်။ မိမိတို့ကိုယ်ကို ယေဟောဝါဘုရားသခင်ထံဆက်ကပ်အပ်နှံထားသည့် ယောက်ျားမိန်းမများအတွက် ပျော်ရွှင်မှုနှင့်ပတ်သက်၍ ယေဘုယျအမြင်နှင့်အလွန်ကွာခြားသည့်အမြင်ကို သမ္မာကျမ်းစာကပေးထားသည်။

ပျော်ရွှင်မှုနှင့်ပတ်သက်၍ခြားနားသောအမြင်

၃၊ ၄။ (က) မည်သူများပျော်ရွှင်သည်ဟုယေရှုကြေညာခဲ့သနည်း။ (ခ) ယေရှုတင်ပြခဲ့သည့် ပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းများနှင့်ပတ်သက်၍ မည်သည့်မှတ်သားဖွယ်ရှိသနည်း။

၃ ယေရှု၏တောင်ပေါ်ဒေသနာတော်တွင် ပျော်ရွှင်မှုသည် ကျန်းမာရေးကောင်းခြင်း၊ ရုပ်ပစ္စည်းပိုင်ဆိုင်မှုနှင့် အလားတူအရာများအပေါ်မူတည်သည်ဟူ၍ ကိုယ်တော်မပြောခဲ့ပါ။ “မိမိတို့၏ ဝိညာဏလိုအပ်မှုကို သတိပြုသောသူ” နှင့် “ဖြောင့်မတ်ခြင်းကိုငတ်မွတ်သောသူ” များသာ အမှန်ပျော်ရွှင်မည်ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ စစ်မှန်သောပျော်ရွှင်မှုအတွက်လိုအပ်သော ထိုအဓိကအချက်နှစ်ချက်နှင့်ဆက်နွယ်နေသော ခြားနားဟန်ရှိသည့်အဆိုမှာ “ဝမ်းနည်းပူဆွေးသောသူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား၊ သူတို့သည် နှစ်သိမ့်မှုကိုခံရကြလိမ့်မည်” ဖြစ်သည်။ (မဿဲ ၅:၃-၆၊ ကဘ) ချစ်မြတ်နိုးရသူတစ်ဦးဆုံးရှုံးသောအခါ အလိုအလျောက်ပျော်ရွှင်မည်ဟု ယေရှုပြောနေခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်။ မိမိတို့၏အပြစ်ရှိအနေအထားနှင့် ယင်း၏အကျိုးသက်ရောက်မှုအတွက် ဝမ်းနည်းပူဆွေးနေသူများကို ယေရှုပြောနေခဲ့ခြင်းဖြစ်သည်။

၄ “ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွတ်ခြင်းချမ်းသာ” ကို မျှော်လင့်လျက် သတ္တဝါတို့ အပြစ်တရားအောက်တွင် ညည်းတွားနေသည်ဟု တမန်တော်ပေါလုပြောခဲ့သည်။ (ရောမ ၈:၂၁၊ ၂၂) ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာအားဖြင့် ယေဟောဝါ၏အပြစ်ဖြေခြင်းအစီအစဉ်ကိုလက်ခံပြီး ဘုရားသခင်၏အလိုတော်ကိုဆောင်သော လူသားများသည် နှစ်သိမ့်မှုနှင့်ပျော်ရွှင်မှုကို အမှန်ခံစားကြရမည်။ (ရောမ ၄:၆-၈) တောင်ပေါ်ဒေသနာတွင် “စိတ်နူးညံ့သိမ်မွေ့သောသူများ”၊ “သနားစုံမက်တတ်သောသူများ”၊ “စိတ်နှလုံးဖြူစင်သောသူများ”၊ ‘ရန်ငြိမ်းစေတတ်သောသူများ’ ပျော်ရွှင်မည်အကြောင်း ယေရှုကြေညာခဲ့သည်။ ထိုနူးညံ့သူများသည် နှိပ်စက်ညှဉ်းပန်းခြင်းခံရသည့်တိုင် ပျော်ရွှင်မှုကိုဆုံးရှုံးမည်မဟုတ်ကြောင်း ကိုယ်တော်အာမခံခဲ့သည်။ (မဿဲ ၅:၅-၁၁) အဆင့်အတန်းမြင့်သည့်ပျော်ရွှင်မှုဖြစ်စေသောဤအကြောင်းများသည် ဆင်းရဲသူ၊ ချမ်းသာသူအားလုံးကို အခြေတူဖြစ်စေသည်။

စစ်မှန်သောပျော်ရွှင်မှု၏အခြေအမြစ်

၅။ ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသည့်ကျေးကျွန်များအတွက် ပျော်ရွှင်မှု၏အခြေအမြစ်ကား အဘယ်နည်း။

၅ စစ်မှန်သောပျော်ရွှင်မှု၏အခြေအမြစ်ကို ရုပ်ပစ္စည်းကြွယ်ဝချမ်းသာမှုတွင် မတွေ့ရှိနိုင်ပါ။ ပညာရှိရှောလမုန်က “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ” ဟုပြောခဲ့သည်။ (သု၊ ၁၀:၂၂) ယေဟောဝါ၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဝန်ခံသောသတ္တဝါများအတွက် ပျော်ရွှင်မှုသည် ဘုရားသခင်၏ကောင်းချီးများနှင့် ဆက်နွယ်နေလျက်ရှိသည်။ ယေဟောဝါ၏ကောင်းချီးမင်္ဂလာကို ရရှိ ၍ မိမိအပေါ်သွန်းလောင်းသည်ဟု ခံစား ရသောဆက်ကပ်အပ်နှံထားသူများသည် အမှန်ပျော်ရွှင်ကြသည်။ ကျမ်းစာရှုထောင့်အရ ပျော်ရွှင်မှုတွင် ယေဟောဝါ၏လုပ်ငန်းတော်၌ ရောင့်ရဲမှု၊ ကျေနပ်မှု၊ တာဝန်ကျေပွန်မှုများပါဝင်သည်။

၆။ ယေဟောဝါ၏လူများအမှန်ပျော်ရွှင်ရန် မည်သည့်အရာလိုအပ်သနည်း။

၆ စစ်မှန်သောပျော်ရွှင်မှုသည် ယေဟောဝါနှင့်မှန်ကန်သောဆက်ဆံရေးအပေါ်တွင်မူတည်သည်။ ယင်းသည် ဘုရားသခင်ကိုချစ်ခြင်းနှင့် သစ္စာစောင့်သိခြင်းအပေါ်အခြေခံသည်။ ယေဟောဝါထံဆက်ကပ်အပ်နှံထားသည့်ကျေးကျွန်များသည် ပေါလု၏စကားများကို အကြွင်းမဲ့သဘောတူညီကြသည်။ “အမှန်မှာ ငါတို့သည် ကိုယ်တိုင်အတွက်သာလျှင် အသက်ရှင်ကြသည်မဟုတ်ဘဲ . . . ယေဟောဝါအတွက်အသက်ရှင်၍ . . . ယေဟောဝါပိုင်ဆိုင်တော်မူ၏။” (ရောမ ၁၄:၇၊ ၈၊ ကဘ) ထို့ကြောင့် ယေဟောဝါကိုနာခံခြင်းနှင့် အလိုတော်ကိုရွှင်လန်းစွာလက်အောက်ခံခြင်းမရှိဘဲ စစ်မှန်သောပျော်ရွှင်မှုကို မရနိုင်ပါ။ ယေရှုက “ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ကြားနာ၍ ကျင့်စောင့်သောသူသည် ပျော်ရွှင်၏” ဟုမိန့်တော်မူခဲ့သည်။—လုကာ ၁၁:၂၈။

ပြောင်းလဲတတ်သော ပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းများ

၇၊ ၈။ (က) ပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းရင်းများကို မည်သို့ခွဲခြားနိုင်သနည်း။ (ခ) အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးမြူခြင်းကို မည်သို့ဆိုနိုင်သနည်း။

၇ ဖော်ပြခဲ့ပြီးသော ပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းများသည် “အခြေခံ” သို့မဟုတ် “တည်မြဲ” သောအကြောင်းများဖြစ်ရပေမည်။ အကြောင်းမှာ ယင်းတို့သည် ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များအတွက် အမြဲတည်သောကြောင့်ဖြစ်သည်။ ဆက်လက်၍ ပြောင်းလဲနိုင်သည့်အရာများဟုခေါ်နိုင်သည့်၊ တစ်ချိန်တွင် ပျော်ရွှင်မှုကိုဖြစ်စေပြီး အခြားတစ်ချိန်တွင်မူ အနည်းငယ်ဖြစ်စေ သို့မဟုတ် လုံးဝမဖြစ်စေသောအကြောင်းများလည်းရှိသေးသည်။ ရှေးဘိုးဘေးများခေတ်နှင့် ခရစ်ယာန်မတိုင်မီခေတ်များတွင် အိမ်ထောင်ပြုခြင်းနှင့် သားသမီးများမွေးခြင်းသည် ပျော်ရွှင်မှုအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်ကြောင်း ယူမှတ်ခဲ့ကြသည်။ ရာခေလက ယာကုပ်အား “ငါ့အားသားကိုပေးပါ။ သို့မဟုတ်ငါသေတော့အံ့” ဟု အပူတပြင်းတောင်းဆိုခဲ့ခြင်းက ယင်းအချက်ကို ပေါ်လွင်စေသည်။ (ကမ္ဘာဦး ၃၀:၁) ကလေးမွေးခြင်းဆိုင်ရာဤသဘောထားသည် ထိုအချိန်အတွက် ယေဟောဝါ၏အလိုတော်နှင့်ကိုက်ညီသည်။—ကမ္ဘာဦး ၁၃:၁၄-၁၆၊ ၂၂:၁၇။

၈ ရှေးအချိန်က အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးဖွားခြင်းကို ဘုရားပေးကောင်းချီးမင်္ဂလာဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ သို့သော် သူတို့၏ရာဇဝင်တွင် ကပ်ဘေးကြီးကျရောက်သောကာလအတွင်း ဤအခြေအနေနှင့်အခြားသောအခြေအနေများတွင် ဒုက္ခရောပြွန်းခဲ့သည်။ (ဆာလံ ၁၂၇။ ဆာလံ ၁၂၈ ကို ယေရမိ ၆:၁၂၊ ၁၁:၂၂။ မြည်တမ်းစကား ၂:၁၉။ ၄:၄၊ ၅ တို့နှင့်နှိုင်းယှဉ်ပါ) ထို့ကြောင့် အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးဖွားခြင်းသည် တည်မြဲသောပျော်ရွှင်မှုဖြစ်စေသည့်အကြောင်းများမဟုတ်ကြောင်း ဤအချက်များက သက်သေထူသည်။

အတိတ်မှ အိမ်ထောင်မရှိဘဲ ရသည့်ပျော်ရွှင်မှုများ

၉။ ယေဖသ၏သမီးသည် အဘယ်ကြောင့် နှစ်စဉ်ချီးမွမ်းခြင်းခံရသနည်း။

၉ အိမ်ထောင်မရှိဘဲလျက် စစ်မှန်သောပျော်ရွှင်မှုခံစားနေကြရသည့် ဘုရားသခင့်ကျေးကျွန်များစွာရှိသည်။ ဖခင်၏ကတိသစ္စာပြုမှုကြောင့် ယေဖသ၏သမီးဖြစ်သူသည် တစ်ကိုယ်ရေဘဝဖြင့်နေခဲ့သည်။ သူမနှင့် သူမ၏မိန်းကလေးအဖော်များသည် သူမ၏တစ်ကိုယ်ရေဘဝအတွက် အချိန်အတန်ကြာငိုခဲ့ကြသည်။ သို့သော် ယေဟောဝါ၏အိမ်တော်တွင် အချိန်ပြည့်အမှုဆောင်ရခြင်းသည် သူမအတွက်မည်မျှရွှင်လန်းစရာပါတကား။ “ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့ မှာ စည်းဝေးတတ်သောမိန်းမတို့” နှင့်အတူ ပါဝင်အမှုဆောင်ရခြင်းဖြစ်နိုင်သည်။ (ထွက်မြောက်ရာ ၃၈:၈) ဤအကြောင်းကြောင့် နှစ်စဉ်နှစ်တိုင်း သူမချီးမွမ်းခြင်းခံခဲ့ရသည်။—တရားသူကြီး ၁၁:၃၇-၄၀။

၁၀။ ယေဟောဝါသည် ယေရမိအား ဘာတောင်းဆိုခဲ့သနည်း။ ယင်းသည် သူ့အတွက် ပျော်ရွှင်မှုကင်းမဲ့စေခဲ့ပုံရသလော။

၁၀ ပုံဆောင်ရာကာလအတွင်း ပရောဖက်ယေရမိအသက်ရှင်ခဲ့သောကြောင့် အိမ်ထောင်ပြုခြင်းနှင့် သားသမီးမွေးဖွားခြင်းကိုရှောင်ရန် ဘုရားသခင်သူ့အားတောင်းဆိုခဲ့သည်။ (ယေရမိ ၁၆:၁-၄) သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်၏မှန်ကန်မှုကို ယေရမိတွေ့ ကြုံခံစားခဲ့ရသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကိုးစားသောသူ၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုမိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကိုခံစားထိုက်သောသူဖြစ်သည်။” (ယေရမိ ၁၇:၇) ပရောဖက်ပြုတာဝန်ကိုထမ်းဆောင်သည့် နှစ်ပေါင်းလေးဆယ်ကျော်ကာလတစ်လျှောက် ယေရမိသည် တစ်ကိုယ်ရေဘဝဖြင့် ဘုရားသခင်ကိုသစ္စာရှိစွာအမှုဆောင်ခဲ့သည်။ ကျွန်ုပ်တို့သိရသလောက်ဆိုလျှင် တစ်ခါမျှအိမ်ထောင်သားမွေးခြင်းသူမပြုခဲ့ပါ။ သို့သော် ‘ယေဟောဝါ၏ကောင်းမြတ်ခြင်းအတွက် ရွှင်ပျ’ သောသစ္စာရှိဂျူးလူမျိုးအကြွင်းအကျန်များကဲ့သို့ပင် ယေရမိပျော်ရွှင်ခဲ့မည်မှာမုချဖြစ်သည်။—ယေရမိ ၃၁:၁၂။

၁၁။ အိမ်ထောင်ဖက်မရှိသော်လည်း ယေဟောဝါ၏ပျော်ရွှင်သော သစ္စာရှိကျေးကျွန်များဆိုင်ရာ ကျမ်းပေးဥပမာအချို့ကား အဘယ်နည်း။

၁၁ အခြားလူများစွာတို့သည် အိမ်ထောင်ဖက်မရှိကြဘဲလျက် ယေဟောဝါကိုရွှင်လန်းစွာအမှုဆောင်ခဲ့ကြသည်။ သူတို့သည် လူပျိုအပျိုများ သို့မဟုတ် မုဆိုးဖို၊ မုဆိုးမများ ဖြစ်ကြသည်။ သူတို့အထဲမှအချို့မှာ ပရောဖက်မအန္န၊ ဒေါ်ကာခေါ်တဗိသ၊ တမန်တော်ပေါလုနှင့် အကြီးမြတ်ဆုံးပုံသက်သေဖြစ်သူ ယေရှုခရစ်တို့ဖြစ်ကြသည်။

ယနေ့ တစ်ကိုယ်ရေဘဝဖြစ်သော်လည်းပျော်ရွှင်

၁၂။ ယေဟောဝါ၏ပျော်ရွှင်သောဆက်ကပ်အပ်နှံကျေးကျွန်အချို့တို့သည် ယနေ့မည်သည့်အရာအတွက် အသုံးခံခဲ့ကြပြီနည်း။ အဘယ့်ကြောင့်နည်း။

၁၂ ယနေ့ ထောင်ပေါင်းများစွာသောယေဟောဝါသက်သေတို့သည် အိမ်ထောင်ဖက်မရှိဘဲ ဘုရားသခင်ကို သစ္စာရှိစွာအမှုဆောင်နေကြသည်။ အချို့တို့သည် ယေရှု၏ဤခေါ်ဖိတ်ချက်ကို လက်ခံလာခဲ့ကြပြီ။ “ထိုစကား [တစ်ကိုယ်ရေဘဝဆုကျေးဇူး] ကိုခံယူနိုင်သောသူသည် ခံယူစေ။” “ကောင်းကင်းနိုင်ငံတော် အဖို့အလို့ငှာ” သူတို့ထိုသို့ပြုခြင်းဖြစ်သည်။ (မဿဲ ၁၉:၁၁၊ ၁၂) သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် မိမိတို့၏အချိန်နှင့်ခွန်အားများကို ပိုမိုအသုံးပြုခြင်းအားဖြင့် မိမိတို့၏ဘုရားပေးလွတ်လပ်မှုကို ထိရောက်စွာအသုံးချကြသည်။ သူတို့ထဲမှအများတို့သည် ရှေ့ဆောင်များ၊ သာသနာပြုများ၊ ကင်းမျှော်စင်အသင်း၏ဌာနချုပ် သို့မဟုတ် ဌာနခွဲတစ်ခုခုတွင် ဗေသလမိသားစုအဝင်များအဖြစ် လုပ်ဆောင်နေကြသည်။

၁၃။ ခရစ်ယာန်တစ်ဦးသည် တစ်ကိုယ်ရေဘဝဖြင့်နေပြီး ပျော်ရွှင်နိုင်ကြောင်း မည်သည့်ပုံသက်သေများက ဖော်ပြသနည်း။

၁၃ အသက်ကြီးသူညီအစ်မတစ်ဦးက မိမိ၏ဘဝဇာတ်ကြောင်းကို “ရှေ့ဆောင်တစ်ဦးအဖြစ် တစ်ကိုယ်ရေဘဝနှင့်ပျော်ရွှင်ခြင်း” ခေါင်းစဉ်ပေးထားသည်။ (The Watchtower, May 1, 1985, pages 23-6.) ဗေသလအိမ်တွင် နှစ်ပေါင်း ၅၀ အမှုထမ်းခဲ့သောအခြားညီအစ်မတစ်ဦးက “ကျွန်မရဲ့ဘဝနဲ့ကျွန်မရဲ့အလုပ်ကို ကျွန်မအလွန်ပဲကျေနပ်မိပါတယ်။ ခုဆိုရင် အရင်ကထက် ကျွန်မသိပ်မြတ်နိုးတဲ့အလုပ်မှာ အလုပ်များနေပါတယ်။ ကျွန်မဘယ်တော့မှနောင်တမရပါဘူး။ ဒီလိုဆုံးဖြတ်ချက်မျိုးထပ်ပြီးချဦးမှာပဲ” ဟုဖော်ပြခဲ့သည်။—ကင်းမျှော်စင် ဇွန် ၁၅၊ ၁၉၈၃။ စာမျက်နှာ ၁၆။

၁၄၊ ၁၅။ (က) တမန်တော်ပေါလု၏အဆိုအရ တစ်ကိုယ်တည်းနေရန် မည်သည့်အရာလိုအပ်သနည်း။ (ခ) တစ်ကိုယ်ရည်သမားသည် “သာ၍ကောင်းစွာပြု” ပြီး “သာ၍ပျော်ရွှင်” သည်ဟု ပေါလုအဘယ်ကြောင့်ပြောသနည်း။

၁၄ “ဆုံးဖြတ်ချက်” ဟူသောစကားလုံးကို သတိထားကြည့်ပါ။ ပေါလုက “မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍ ပြုလိုသည့်အတိုင်းပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကိုချုပ်တည်းနိုင်သောအခွင့်ရှိသောကြောင့် မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာစီရင်ဆုံးဖြတ် သောသူသည် ကောင်းစွာပြု၏။ သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား သာ၍ကောင်းစွာပြု၏” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၃၇၊ ၃၈) အဘယ်ကြောင့် “သာ၍ကောင်း” သနည်း။ ပေါလုဤသို့ရှင်းပြသည်။ “သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာသတိထားတတ်၏။ . . . ခင်ပွန်းမရှိသောမိန်းမသည် . . . သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ . . . ထိုသို့ငါဆိုသော် သင်တို့အကျိုးကိုသာထောက်၍ဆို၏။ . . . သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကိုအမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။”—၁ ကောရိန္သု ၇:၃၂-၃၅။

၁၅ ‘သခင်ဘုရား၏စိတ်တော်နှင့်တွေ့’ ရန်အတွက် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကိုအမြဲပြု” ခြင်းအားဖြင့် ပျော်ရွှင်မှုရမည်လော။ ပေါလုထိုသို့ပင်ယူမှတ်ခဲ့သည်မှာ ထင်ရှားသည်။ ခရစ်ယာန်မုဆိုးမများအကြောင်း သူဤသို့ပြောသည်။ “မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ အခွင့်ရှိသော်လည်း အခြားသောသူ၏မယားမဖြစ်ဘဲနေလျှင် သာ၍မင်္ဂလာရှိ [သာ၍ပျော်ရွှင်၊ ကဘ] သည်ဟုငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။”—၁ ကောရိန္သု ၇:၃၉၊ ၄၀။

အိမ်ထောင်မရှိခြင်း၏အကျိုးအမြတ်များ

၁၆။ ယေဟောဝါ၏ အိမ်ထောင်မရှိသောကျေးကျွန်များ ခံစားရသည့်အခွင့်အရေးအချို့ကား အဘယ်နည်း။

၁၆ ခရစ်ယာန်တစ်ဦးသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်ဖြစ်စေ၊ အခြေအနေတွန်းအားပေးမှုကြောင့်ဖြစ်စေ တစ်ကိုယ်ရေဘဝဖြင့်နေလျှင် အိမ်ထောင်မရှိခြင်းသည် ကိုယ်ပိုင်အကျိုးကျေးဇူးများစွာကို ဖြစ်ထွန်းစေသည်။ တစ်ကိုယ်ရေသမားများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာရန်နှင့်ဆင်ခြင်ရန် အချိန်ပိုရသည်။ ဤအခြေအနေကိုသူတို့အကျိုးအမြတ်ရယူပါက သူတို့၏ဝိညာဉ်ရေးပိုမိုတိုးတက်လာနိုင်သည်။ မိမိတို့၏ပြဿနာများကိုမျှဝေရန် အိမ်ထောင်ဖက်မရှိသောသူများသည် ယေဟောဝါထံပိုမိုလေးနက်စွာအမှီပြုနိုင်ပြီး အရာရာတွင် ကိုယ်တော်၏လမ်းညွှန်မှုကိုရှာဖွေနိုင်ကြောင်း သိရှိရကြသည်။ (ဆာလံ ၃၇:၅) ယင်းက ယေဟောဝါနှင့်ပိုမိုနီးကပ်ရန် အကူအညီဖြစ်စေသည်။

၁၇၊ ၁၈။ (က) ယေဟောဝါ၏ အိမ်ထောင်မရှိသောကျေးကျွန်များအတွက် လုပ်ငန်းတော်တိုးချဲ့နိုင်ရန် အဘယ်အခွင့်အရေးများရရှိနိုင်သနည်း။ (ခ) ယေဟောဝါ၏ အိမ်ထောင်မရှိသောကျေးကျွန်အချို့ မိမိတို့၏ပျော်ရွှင်မှုကို မည်သို့ဖော်ပြကြသနည်း။

၁၇ အိမ်ထောင်မရှိသည့်ခရစ်ယာန်သည် ယေဟောဝါအား ချီးမွမ်းအမှုဆောင်ခြင်းကဏ္ဍကိုတိုးချဲ့ရန် အခွင့်ကောင်းများရှိသည်။ ယခု အထူးလေ့ကျင့်မှုပေးသည့်ဓမ္မအမှုကျောင်းတွင် ပါဝင်တက်ရောက်နိုင်သူတို့မှာ တစ်ကိုယ်ရေနှင့်မုဆိုးဖိုညီအစ်ကိုများသာဖြစ်သည်။ တစ်ကိုယ်ရေညီအစ်မများလည်း ဘုရားသခင့်လုပ်ငန်းတော်အခွင့်အရေးများကို လက်လှမ်းကြရန် ပို၍လွတ်လပ်မှုရှိကြသည်။ အထက်တွင်ဖော်ပြခဲ့သောအသက်ကြီးသူညီအစ်မသည် အာဖရိကနိုင်ငံတစ်ခုတွင်အမှုဆောင်စဉ် ‘အသက် ၅၀ ကျော်ရှိ ကျန်းမာကြံ့ခိုင်မှုအနည်းငယ်လျော့နည်းသူ’ တစ်ဦးဖြစ်သည်။ သာသနာပြုများ နှင်ထုတ်ခံရသည့်ပိတ်ပင်ချိန်အတွင်း၌ပင် ထိုတွင်သူနေထိုင်ခဲ့သည်။ ယခုသူမအသက် ၈၀ ကျော်သည်တိုင် ထိုတွင်ရှေ့ဆောင်ဆက်လုပ်နေဆဲဖြစ်သည်။ သူမပျော်ရွှင်ပါသလော။ သူမ၏ဘဝဇာတ်လမ်းတွင် ဤသို့ရေးထားသည်။ “တစ်ကိုယ်ရေဘဝကြောင့်ရရှိတဲ့ အပိုလွတ်လပ်ချိန်တွေနဲ့ ပြောင်းရွှေနိုင်တဲ့အခွင့်ကို အမှုဆောင်လုပ်ငန်းမှာအလုပ်များနေဖို့ အသုံးချနိုင်ခဲ့တယ်။ အဲဒါကကျွန်မကို အလွန်ပဲပျော်ရွှင်စေတယ် . . . နှစ်များတစ်လျှောက်မှာ ယေဟောဝါနဲ့ကျွန်မရဲ့ဆက်ဆံရေးဟာ ပိုမိုလေးနက်လာတယ်။ အာဖရိကနိုင်ငံမှာ တစ်ကိုယ်ရေအမျိုးသမီးတစ်ဦးအနေနဲ့ ကိုယ်တော်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ကျွန်မယူမှတ်တယ်။”

၁၈ ကင်းမျှော်စင်အသင်း၏ကမ္ဘာ့ဌာနချုပ်တွင် ဆယ်စုနှစ်ပေါင်းများစွာအမှုဆောင်ခဲ့ပြီးဖြစ်သော ညီအစ်ကိုတစ်ဦး၏စကားများမှာလည်း မှတ်သားစရာဖြစ်သည်။ သူတွင်အိမ်ထောင်မရှိသော်လည်း၊ ကောင်းကင်မျှော်လင့်ချက်ရှိသူတစ်ဦးအနေနှင့် အိမ်ထောင်ပြုနိုင်ရန်အလားအလာမရှိသူဖြစ်သော်လည်း သူပျော်ရွှင်ပါသည်။ အသက် ၇၉ နှစ်ရောက်သောအခါ သူဤသို့ရေးသားခဲ့သည်။ “ကိုယ်တော်ရဲ့သန့်ရှင်းတဲ့အလိုတော်ကို ဆက်လက်ထမ်းဆောင်နိုင်ရန် ကာယရေးမှာကောဝိညာဉ်ရေးမှာပါကျန်းမာသန်စွမ်းမှုကိုပေးဖို့ ကျွန်တော်တို့ရဲ့ချစ်စွာသောကောင်းကင်ခမည်းတော်ကို ကျွန်တော်နေ့တိုင်းဆုတောင်းတယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ လွန်ခဲ့တဲ့ ၄၉ နှစ်အတွင်း ပျော်ရွှင်မှုဆုလာဘ်တွေနဲ့ ကောင်းချီးကြွယ်ဝတဲ့အသက်တာကို ခံစားခဲ့ရတယ်။ ယေဟောဝါရဲ့မခံစားထိုက်တဲ့ကရုဏာတော်ကြောင့် ကိုယ်တော့်ကိုချီးမွမ်းဖို့နဲ့ဘုန်းတော်ထင်ရှားစေဖို့၊ ကိုယ်တော်ရဲ့လူတွေကောင်းချီးခံစားရနိုင်ဖို့တွေအတွက် ကျွန်တော်ဆက်လက်ထမ်းဆောင်နိုင်မယ်လို့မျှော်လင့်တယ်။ . . . ယေဟောဝါဆီကရွှင်လန်းမှုဟာ ယုံကြည်ခြင်းအတွက် ကောင်းသောတိုက်လှန်ခြင်းကိုဆက်လုပ်နိုင်ဖို့၊ ယေဟောဝါရဲ့ရန်သူတွေလုံးဝမရှိတော့တဲ့ မြေကြီးတစ်ခွင်လုံးကိုယ်တော့်ဘုန်းတော်နဲ့ဝေဆာလာမဲ့အချိန်ကိုမျှော်လင့်ဖို့ အကူအညီဖြစ်စေပါတယ်။”—တောလည်ရာ ၁၄:၂၁။ နေဟမိ ၈:၁၀။ The Watchtower, November 15, 1968, pages 699-702.

စစ်မှန်သောပျော်ရွှင်မှုသည် မည်သည့်အပေါ်တွင်အခြေပြုသနည်း

၁၉။ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် မည်သည့်အရာအပေါ်တွင် အစဉ်အမြဲမူတည်သွားမည်နည်း။

၁၉ ယေဟောဝါနှင့်ကျွန်ုပ်တို့၏တန်ဖိုးရှိဆက်ဆံရေး၊ ကိုယ်တော်၏မျက်နှာသာနှင့် ကိုယ်တော်၏ကောင်းချီးများ—ယင်းတို့သည် ကျွန်ုပ်တို့အတွက် ထာဝရကာလတစ်လျှောက်လုံး စစ်မှန်သောပျော်ရွှင်မှုကိုဖြစ်စေမည့်အကြောင်းရင်းများဖြစ်သည်။ စစ်မှန်သောပျော်ရွှင်မှုကိုဖြစ်စေသောအရာများနှင့်ပတ်သက်၍ ဤသို့မှန်ကန်သောအမြင်ရှိသည့် ယေဟောဝါ၏ အိမ်ထောင်သည်ကျေးကျွန်များပင် အိမ်ထောင်ပြုခြင်းသည် မိမိတို့၏ဘဝတွင် အရေးကြီးဆုံးအရာမဟုတ်ကြောင်း သဘောပေါက်လာကြသည်။ သူတို့သည် တမန်တော်ပေါလု၏အကြံဉာဏ်ကို လက်ခံကြသည်။ “ညီအစ်ကိုတို့ ငါဆိုသည်ကား ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍ မယားရှိသောသူသည် မယားမရှိသကဲ့သို့ဖြစ်ရမည်။” (၁ ကောရိန္သု ၇:၂၉) ယင်းက သူတို့၏ဇနီးသည်များကို ပစ်ထားရမည်ဟုဆိုလိုခြင်းမဟုတ်။ ပါရမီရင့်ကျက်သောခရစ်ယာန်လင်ယောက်ျားသည် ယေဟောဝါ၏လုပ်ငန်းတော်ကို ဦးထိပ်ထားပြီး သူတို့၏ ဘုရားကိုချစ်ကြောက်သော၊ ချစ်ခင်မြတ်နိုးဖွယ်ကောင်းသော၊ ထောက်မကူညီတတ်သော ဇနီးသည်များသည်လည်း ထို့အတူပင်ဖြစ်သည်။ အချို့တို့သည် မိမိတို့၏လင်ယောက်ျားများနှင့်အတူ အချိန်ပြည့်အမှုဆောင်ခြင်းပင်ပြုလုပ်နေကြသည်။—သု၊ ၃၁:၁၀-၁၂၊ ၂၈။ မဿဲ ၆:၃၃။

၂၀။ ခရစ်ယာန်များစွာတို့သည် မိမိတို့၏အိမ်ထောင်ပြုခြင်းကြောင့်ရရှိလာသည့်အခွင့်အရေးများကို မည်သည့်အမြင်မှန်မျိုးထားရှိကြသနည်း။

၂၀ အိမ်ထောင်သည်ယောက်ျားများဖြစ်ကြသော နယ်လှည့်ကြီးကြပ်မှူးများ၊ ဗေသလလုပ်အားပေးသူများ၊ အသင်းတော်အကြီးအကဲများ—မှန်ပါသည်၊ ဘုရားသခင်၏နိုင်ငံတော်ကိုရှေးဦးထားကြသော အိမ်ထောင်သည်ခရစ်ယာန်အားလုံး—သည် ‘လောကကို အပြည့်အဝမသုံး’ ကြချေ။ အိမ်ထောင်ပြုခြင်းကြောင့်ရရှိလာသည့် အခွင့်အရေးများကို ယေဟောဝါ၏အမှုတော်ဆောင်ရန် ဆက်ကပ်အပ်နှံထားသည့်ဘဝနှင့် အံဝင်အောင်သူတို့ကြိုးစားကြသည်။ (၁ ကောရိန္သု ၇:၃၁) သို့သော် သူတို့ပျော်ရွှင်ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့၏ပျော်ရွှင်မှုအတွက် သာလွန်အရေးကြီးသောအကြောင်းမှာ အိမ်ထောင်ပြုခြင်းမဟုတ်ဘဲ ယေဟောဝါ၏အမှုဆောင်ခြင်းဖြစ်သည်။ သစ္စာရှိလင်ယောက်ျားများနှင့်ဇနီးသည်များ—သူတို့၏ကလေးများလည်းအပါအဝင်—သည် ယင်းသို့ဖြစ်ခြင်းကြောင့် ပျော်ရွှင်ကြသည်။

၂၁၊ ၂၂။ (က) ယေရမိ ၉:၂၃၊ ၂၄ ပေါ်အခြေပြု၍ မည်သည့်အရာများက ကျွန်ုပ်တို့အား ပျော်ရွှင်စေသင့်သနည်း။ (ခ) သု၊ ၃:၁၃-၁၈ တွင် ပျော်ရွင်မှုဖြစ်စေသော မည်သည့်အကြောင်းများကို ဖော်ပြထားသနည်း။

၂၁ ပရောဖက်ယေရမိဤသို့ရေးသားခဲ့သည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူသည်ကား ‘ပညာရှိသောသူသည်မိမိပညာ၌မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌မဝါကြွားစေနှင့်။ ဝါကြွားသောသူမည်သည်ကား ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသောထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်ကြောင်းတည်းဟူသော ငါ့သဘောကိုသိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌မွေ့လျော်သည်’ ဟုထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။”—ယေရမိ ၉:၂၃၊ ၂၄။

၂၂ ကျွန်ုပ်တို့သည် တစ်ကိုယ်တည်းသမားဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ ကျွန်ုပ်တို့အတွက်ပျော်ရွှင်မှုဖြစ်စေသော အကြီးမားဆုံးအခြေအမြစ်သည် ယေဟောဝါကိုသိကျွမ်းခြင်းအသိပညာနှင့် ကျွန်ုပ်တို့ကောင်းချီးများခံစားနေရခြင်းသည် ကိုယ်တော်၏အလိုတော်ကိုလုပ်ဆောင်သောကြောင့်ဖြစ်ကြောင်းကို အခိုင်အမာယုံကြည်သင့်သည်။ စစ်မှန်သောတန်ဖိုး၏အတိုင်းအတာကိုအခြေခံသောအရာ၊ ယေဟောဝါနှစ်သက်တော်မူသောအရာများကို ထိုးထွင်းသိမြင်ခြင်းရှိထားသောကြောင့်လည်း ကျွန်ုပ်တို့ပျော်ရွှင်ကြသည်။ အိမ်ထောင်သည် စစ်မှန်သောပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်ဖြစ်သည်ဟု အိမ်ထောင်များစွာရှိခဲ့သောရှောလမုန်မင်း မယူမှတ်ခဲ့ပါ။ “ဉာဏ်ပညာကိုတွေ့သောသူ၊ ထိုးထွင်းသိမြင်ဉာဏ်ကိုရသောသူသည် ပျော်ရွှင်၏။ အကြောင်းမှာ ယင်းတို့ကိုအမြတ်ရခြင်းသည် ငွေကိုအမြတ်ရခြင်းထက်သာ၍ကောင်း၏။ ရွှေထက်သာ၍အကျိုးဖြစ်ထွန်းစေ၏။ ယင်းသည် သန္တာများထက်သာ၍တန်ဖိုးရှိပြီး သင်ရနိုင်သမျှသောအခြားပျော်ရွှင်မှုများအားလုံးယှဉ်၍မမီနိုင်။ ယင်း၏လက်ယာဖက်၌ အသက်တာရှည်ခြင်း၊ လက်ဝဲဖက်၌စည်းစိမ်ချမ်းသာနှင့်ဘုန်းအသရေတို့ရှိကြသည်။ ယင်း၏လမ်းတို့သည် နှစ်လိုဖွယ်ဖြစ်ပြီး တစ်လျှောက်လုံးငြိမ်သက်မှုအတိဖြင့်ပြီး၏။ ယင်းကိုကိုင်စွဲသောသူအတွက် အသက်ပင်ဖြစ်ပြီး ယင်းကိုခိုင်မြဲစွာကိုင်စွဲသောသူသည် ပျော်ရွှင်သူဟုခေါ်ခြင်းခံရမည်” ဟုသူပြောခဲ့သည်။—သု၊ ၃:၁၃-၁၈။

၂၃၊ ၂၄။ အစီအစဉ်စနစ်သစ်တွင် ယေဟောဝါ၏သစ္စာရှိကျေးကျွန်အားလုံးပျော်ရွှင်မည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။

၂၃ ကျွန်ုပ်တို့ထဲမှ အိမ်ထောင်ရှိသူများသည် ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ခြင်းအားဖြင့် ထာဝရရွှင်လန်းမှုကို ရရှိနိုင်ကြပါစေ။ မိမိတို့၏ရွေးချယ်မှုကြောင့်ဖြစ်စေ၊ အခြေအနေတွန်းအားပေးမှုကြောင့်ဖြစ်စေ တစ်ကိုယ်ရေဘဝဖြင့်နေနေကြသော ကျွန်ုပ်တို့ချစ်သည့်ညီအစ်ကိုညီအစ်မများသည် သူတို့ရင်ဆိုင်ရသည့်စမ်းသပ်ခြင်းများကို ခံရပ်နိုင်ကြပြီး၊ ယေဟောဝါ၏အမှုတော်ကိုဆောင်ခြင်းအားဖြင့် ပျော်ရွှင်မှုနှင့်ရောင့်ရဲမှုကို ယခုနှင့်ထာဝစဉ်ခံစားနိုင်ကြပါစေ။ (လုကာ ၁၈:၂၉၊ ၃၀။ ၂ ပေတရု ၃:၁၁-၁၃) ဘုရားသခင်၏လာမည့်အစီအစဉ်စနစ်တွင် “စာစောင်များ” ကိုဖွင့်ထားမည်။ (ဗျာဒိတ် ၂၀:၁၂) ယင်းတို့တွင် နာခံမှုပြသောလူသားများအတွက် ပျော်ရွှင်စေမည့် စိတ်လှုပ်ရှားဖွယ်ပညတ်တော်သစ်များနှင့် ဥပဒေသများပါဝင်မည်။ “ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဟုဘုရားသခင်ကျွန်ုပ်တို့အားကတိပြုသည်။—ဗျာဒိတ် ၂၁:၅။

၂၄ ကျွန်ုပ်တို့၏ “ပျော်ရွှင်သောဘုရားသခင်” သည် ကျွန်ုပ်တို့အပြည့်အဝပျော်ရွှင်မှုဖြစ်စေမည့် ကောင်းသောအရာများကို အံ့ဖွယ်နည်းဖြင့်စီမံထားပေးခြင်းကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (၁ တိမောသေ ၁:၁၁) ဘုရားသခင်သည် ဆက်လက်ပြီး ‘လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းကို ရောင့်ရဲစေတော်မူမည်။’ (ဆာလံ ၁၄၅:၁၆) ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ခြင်းသည် စစ်မှန်သောပျော်ရွှင်မှုဖြစ်ပြီး အစဉ်အမြဲဖြစ်နေမည်မှာ အံ့သြဖွယ်မဟုတ်ပါ။

သင်မည်သို့တုံ့ပြန်မည်နည်း

▫ ယေဟောဝါအားဆက်ကပ်အပ်နှံထားသည့်ကျေးကျွန်များအတွက် ပျော်ရွှင်မှု၏အခြေခံကား အဘယ်နည်း။

▫ ကျမ်းစာခေတ်က ယေဟောဝါ၏ အိမ်ထောင်မရှိသောပျော်ရွှင်သည့်ကျေးကျွန်များကား မည်သူများနည်း။

▫ ပေါလုသည် တစ်ကိုယ်တည်းနေခြင်းကို အဘယ်ကြောင့်အားပေးပြီး အချို့ခရစ်ယာန်များသည် ယင်းကို ပျော်ရွှင်သည့်အသက်တာအဖြစ် မည်သို့တွေ့ကြုံခဲ့ရကြသနည်း။

▫ ကျွန်ုပ်တို့၏ပျော်ရွှင်မှုသည် မည်သည့်အရာပေါ်တွင် အစဉ်အမြဲအခြေပြုသနည်း။

▫ စနစ်သစ်တွင် သစ္စာရှိသူအားလုံးပျော်ရွှင်မည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်စိတ်ချသင့်သနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါအတွက်လုပ်ဆောင်ခြင်းသည် ပျော်ရွှင်မှု၏အခြေခံအကြောင်းဖြစ်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ