ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၄/၁ စာ. ၄-၈
  • ယခုကာလသည် အမှန်ပင်နောက်ဆုံးကာလဖြစ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယခုကာလသည် အမှန်ပင်နောက်ဆုံးကာလဖြစ်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု၏နောက်တော်လိုက်များမေးသည့် အဓိပ္ပာယ်ပြည့်ဝသော မေးခွန်းတစ်ခု
  • ယေရုရှလင်မြို့၏ဆုံးခန်း
  • နောက်ဆုံးကာလတွင် ဖြစ်ပျက်နေသောစစ်ပွဲ
  • နိမိတ်၏အခြားအသွင်အပြင်များ
  • တင်ကူးပြောခဲ့သော လူမျိုးဆက်မှာ ကျွန်ုပ်တို့လူမျိုးဆက်လော
  • သတင်းကောင်း
  • “ကပ်ကမ္ဘာကုန်” ခြင်း နီးပြီ!
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • သင်ထင်သည်ထက် နောက်ကျနေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၄/၁ စာ. ၄-၈

ယခုကာလသည် အမှန်ပင်နောက်ဆုံးကာလဖြစ်သလော

သင်သည် ကနူးလှေဦးပိုင်းတွင်ရှိကာ ယင်းသည် လှိုင်းလေထန်သော မြစ်ကြောသို့ ဝင်ရောက်နေသည်ဆိုပါစို့။ တသွင်သွင်စီးဆင်းနေသောရေမြှုပ်နှင့် ရေမှုန်ရေမွှားအကြားမှ ဧရာမကျောက်တုံးကြီးများ ဘွားကနဲပေါ်လာသည်။ ယင်းတို့မှ အဝေးသို့ရောက်ရှိဖို့ သင်ကြိုးစားယက်ထုတ်ပေမည်။ သင့်နောက်ဘက်တွင်ရှိသောသူက ထိုလှေကို ပဲ့ကူထိန်းပေးသည် ဆိုပါစို့၊ သို့သော် သူ၌အတွေ့အကြုံအနည်းငယ်သာ ရှိသည်။ ထိုထက်ဆိုးရွားနိုင်သည်ကား သင်၌မြေပုံမရှိသောကြောင့် ဤရေမော်သည် ငြိမ်သက်သောအိုင်ငယ်တွင် အဆုံးသတ်မည်လော၊ ရေတံခွန်၌ အဆုံးသတ်မည်လောဆိုသည်ကို သင်မသိနိုင်ချေ။

မနှစ်သက်ဖွယ်ရာ အဖြစ်အပျက်ပင်မဟုတ်ပေလော။ ထိုကြောင့် တစ်မျိုးပြောင်းကြည့်ကြဦးစို့။ ဤမြစ်၏ကျောက်တုံးကျောက်ဆောင်တိုင်း၊ အကွေ့အကောက်အားလုံးကို ကျွမ်းကျင်စွာသိရှိသော အတွေ့အကြုံရှိလမ်းညွှန်သူတစ်ဦး သင်နှင့်အတူရှိသည်ဟု စဉ်းစားကြည့်လိုက်ပါ။ ဤရေမြှုပ်များ ချဉ်းကပ်လာနေကြောင်း၊ ယင်းသည် မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်း၊ ယင်းကို မည်သို့ဖြတ်ကျော်မည်ဖြစ်ကြောင်းတို့ကို သူကြိုတင်သိရှိထားပေသည်။ များစွာအန္တရာယ်ကင်းသည်ဟု သင်ခံစားရသည်မဟုတ်ပေလော။

အမှန်ပင်၊ အလားတူအကျဉ်းအကျပ် အခြေအနေမျိုးတွင် ကျွန်ုပ်တို့အားလုံးရှိနေကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အပြစ်ကြောင့်မဟုတ်ဘဲနှင့် လှိုင်းလေထန်သော လူ့သမိုင်းကြောင်းပေါ်တွင် ရောက်နေကြသည်။ ဤနည်းအတိုင်း အခြေအနေမည်မျှအချိန်ကြာကြာ ဖြစ်ပျက်နေမည်၊ အခြေအနေများတိုးတက်လာမည်၊ မလာမည် သို့မဟုတ် ထိုအတောအတွင်း၌ မည်သို့အကောင်းဆုံးအသက်ဆက်နိုင်မည် စသည်တို့ကို လူများစွာတို့ကမသိရှိကြပါ။ သို့သော် ကျွန်ုပ်တို့မှာမူ လမ်းပျောက်နေသည် သို့မဟုတ် အကူအညီမဲ့နေသည်ဟုခံစားစရာအကြောင်းမရှိပါ။ သမိုင်းတစ်လျှောက်အမှောင်ကာလနှင့်ပတ်သက်၍ တင်ကူးပြောခဲ့ပြီး ယင်းသည် မည်သို့အဆုံးတိုင်မည်ဖြစ်ကြောင်း ကြိုတင်ဖော်ပြကာ အသက်ရှင်ကျန်ရစ်နိုင်ရန် ကျွန်ုပ်တို့လိုအပ်မည့် လမ်းညွှန်မှုပေးသည့်လမ်းညွှန်တစ်ခုကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က ကျွန်ုပ်တို့အား ပေးသနားထားတော်မူသည်။ ထိုလမ်းညွှန်မှာ သမ္မာကျမ်းစာပင်ဖြစ်သည်။ ယင်း၏ အာဘော်ရှင်မှာ ယေဟောဝါဘုရားသခင်ဖြစ်ပြီး ကြီးမြတ်တော်မူသောသွန်သင်သူဟူသည့်အမည်ကိုခံယူကာ ဟေရှာယအားဖြင့် နှစ်သိမ့်မှုပေးသော မိန့်တော်မူချက်မှာ ဤသို့– “သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့ဟု သင့်နောက်၌ပြောသောစကားကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” (ဟေရှာယ ၃၀:၂၀၊ ၂၁) ထိုလမ်းညွှန်မှုကို သင်ဝမ်းမြောက်ဝမ်းသာလက်ခံပါသလော။ သို့ဖြစ်၍ ကျွန်ုပ်တို့၏နေ့ရက်သည် မည်သည့်နေရက်နှင့်တူညီမည်ကို သမ္မာကျမ်းစာက အမှန်ပင်တင်ကူးပြောကြားခဲ့ခြင်းရှိမရှိဆိုသည်ကို သုံးသပ်ကြည့်ကြပါစို့။

ယေရှု၏နောက်တော်လိုက်များမေးသည့် အဓိပ္ပာယ်ပြည့်ဝသော မေးခွန်းတစ်ခု

ယေရှု၏နောက်တော်လိုက်များသည် အမှန်ပင်အံ့အားသင့်ခဲ့ကြပေမည်။ ယေရှုက ယေရုရှလင်မြို့၏ ထည်ဝါသောဗိမာန်တော်အဆောက်အဦကြီးသည် လုံးဝဖျက်ဆီးခံရမည်ဟု သူတို့အား ယခုပင် ရှင်းရှင်းလင်းလင်းမိန့်တော်မူလိုက်သည်! အဆိုပါတင်ကူးမိန့်တော်မူချက်သည် အလွန်အံ့အားသင့်စရာပင်။ ထို့နောက် များမကြာမီ သူတို့သည်သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ်တွင် ယေရှုအားတပည့်တော်လေးဦးက “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။” (မဿဲ ၂၄:၃; မာကု ၁၃:၁-၄) သူတို့ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယေရှု၏အဖြေတွင် သက်ဆိုင်မှုအစုစုရှိမည်။

ယေရုရှလင်မြို့၏ဗိမာန်တော်ပျက်စီးခြင်းနှင့် ဂျူးအစီအစဉ်စနစ်ကုန်ဆုံးခြင်းတို့သည် ခရစ်တော်၏ရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်တစ်ခုလုံးကုန်ဆုံးခြင်းတို့နှင့် မတူညီပါ။ မည်သို့ပင်ဖြစ်ပါစေ ယေရှုသည် မိမိ၏ရှည်လျားသောအဖြေ၌ မေးခွန်း၏အပိုင်းအားလုံးကို ပညာသားပါပါ ဖော်ပြတော်မူခဲ့သည်။ ကိုယ်တော်က ယေရုရှလင်မြို့မပျက်စီးမီ ဖြစ်ပျက်မည့်အခြေအနေများကို မိန့်တော်မူခဲ့သည်; ကောင်းကင်တွင်ဘုရင်အဖြစ် မိမိအုပ်စိုးချိန်လည်းဖြစ်၊ ဤလောက၏အစီအစဉ်စနစ်တစ်ခုလုံး အဆုံးတိုင်လုဆဲအချိန်လည်းဖြစ်သော ကိုယ်တော်ရောက်ရှိနေချိန်အတောအတွင်း လောကမည်သို့ဖြစ်ပျက်လိမ့်မည်ကိုသိနိုင်ဖို့ မိန့်တော်မူခဲ့သည်။

ယေရုရှလင်မြို့၏ဆုံးခန်း

ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်နှင့်ပတ်သက်၍ ယေရှုမိန့်တော်မူခဲ့ရာတို့ကို ဦးဆုံးသုံးသပ်ကြည့်ပါ။ ကမ္ဘာ့အကြီးဆုံးမြို့ကြီးတစ်မြို့၏ ဆိုးဆိုးရွားရွားအခက်ကြုံရမည့်ကာလအကြောင်း နှစ်ပေါင်းသုံးဆယ်ကျော်ကြိုတင်၍ ကိုယ်တော်တင်ကူးမိန့်တော်မူခဲ့သည်။ လုကာ ၂၁:၂၀၊ ၂၁ ၌မှတ်တမ်းတင်ထားသော ကိုယ်တော်၏မိန့်တော်မူချက်ကို အထူးသဖြင့်သတိပြုပါ– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည်ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ထွက်ကြစေ။ တောရွာမှာရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။” ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိနေပါက ယေရှုမိန့်တော်မူခဲ့သည့်အတိုင်း “မြို့ထဲ၌ရှိသောသူတို့သည်မြို့ပြင်သို့” မည်သို့ ”ထွက်” နိုင်ကြမည်နည်း။ အခွင့်အရေးတံခါးပွင့်မည်ဖြစ်ကြောင်း ယေရှုဆိုလိုနေခြင်းဖြစ်သည်မှာ ထင်ရှားသည်။ အမှန်ပင်ပွင့်ခဲ့ပါသလော။

စီ.အီး. ၆၆ ခုနှစ်တွင် စက်စ်တီးယပ်စ်ဂဲလပ်စ်၏ ဦးစီးမှုအောက်တွင် ရောမစစ်တပ်များသည် ဂျူးသူပုန်တပ်များကို ယေရုရှလင်မြို့သို့ ပြန်တိုက်ထုတ်ကာ သူတို့အား မြို့တော်အတွင်း ပိတ်လှောင်ထားသည်။ ရောမတို့သည် မြို့တော်တွင်းသို့ပင် ထိုးဖောက်တိုက်ခိုက်ကာ ဗိမာန်တော်တံတိုင်းအနီးအထိပင် ချီတက်ခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် အမှန်ပင်နားလည်ရခက်သော အရာတစ်ခုပြုလုပ်ရန် ဂဲလပ်စ်က မိမိ၏စစ်တပ်အား ညွှန်ကြားခဲ့သည်။ သူသည် တပ်ဆုတ်ဖို့ သူတို့ကို အမိန့်ပေးလိုက်သည်တကား! စိတ်တက်ကြွနေသော ဂျူးစစ်သားတို့သည် အလျင်အမြန်ထွက်ခွာသွားသောရန်သူရောမတို့ကို လိုက်လံတိုက်ဖျက်ခဲ့ကြသည်။ ထို့ကြောင့် ယေရှုတင်ကူးပြောခဲ့သော အခွင့်အရေးတံခါးပွင့်ခဲ့ပါသည်။ စစ်မှန်သောခရစ်ယာန်များသည် ကိုယ်တော်၏သတိပေးချက်ကိုဂရုမူကာ ယေရုရှလင်မြို့ထဲမှ ထွက်ခွာခဲ့ကြသည်။ နောက်လေးနှစ်သာကြာလိုက်သည်၊ ဗိုလ်ချုပ်တိတုဦးဆောင်သောရောမစစ်တပ်များ ပြန်လာခဲ့ကြသောကြောင့် ထိုသို့ပြုခြင်းသည် ပညာရှိရာကျပေသည်။ ဤတစ်ကြိမ်တွင် လွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။

ရောမစစ်တပ်များသည် ယေရုရှလင်မြို့ကို နောက်တစ်ကြိမ်ဝိုင်းရံလိုက်ပြန်သည်; သူတို့သည် ယင်း၏ပတ်ပတ်လည်တွင် တိုင်များကိုစိုက်ထူကာ အကာအကွယ်ခံတပ်တစ်ခုကို ဆောက်လိုက်ကြသည်။ ယေရုရှလင်မြို့နှင့်ပတ်သက်၍ ယေရှုက “သင့်ကိုကြည့်ရှုပြုစုတော်မူသောကျေးဇူးကို သင်သည်မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင်တပ်တည်၍လေးမျက်နှာ၌ဝိုင်းရံလျက်ချုပ်ထား” မည်ဟူ၍ပရောဖက်ပြုခဲ့သည်။a (လုကာ ၁၉:၄၃) များမကြာမီတွင် ယေရုရှလင်မြို့ကျရှုံးခဲ့သည်; ယင်း၏ ဂုဏ်ကျက်သရေနှင့်ပြည့်စုံလှသောဗိမာန်တော်သည် မီးကျွမ်းလောင်ပျက်စီးကာ ပျက်သုဉ်းသွားတော့သည်။ ယေရှု၏မိန့်တော်မူချက်သည် အသေးစိတ်ပြည့်စုံခဲ့ပါသည်တကား!

သို့သော်လည်း ယေရှု၏စိတ်ထဲတွင် ယေရုရှလင်မြို့ပျက်စီးခြင်းထက် ပို၍ရှိပါသည်။ ကိုယ်တော်၏တပည့်တော်များက ကိုယ်တော်ရောက်ရှိနေခြင်း၏နိမိတ်ကိုလည်းမေးမြန်းခဲ့ကြသည်။ မိမိတို့မေးလိုက်သည့်မေးခွန်းသည် မည်သည့်အတိုင်းအတာအထိရောက်သွားသည်ကို ထိုအချိန်တွင် သူတို့မသိရှိခဲ့ကြသော်လည်း ယင်းသည်ကောင်းကင်၌ ဘုရင်အနေဖြင့်အုပ်ချုပ်ရန် ကိုယ်တော်တင်မြှောက်ခံရမည့်အချိန်ကို ရည်ညွှန်းပါသည်။ အဘယ်အရာကို ကိုယ်တော်တင်ကူးမိန့်တော်မူခဲ့သနည်း။

နောက်ဆုံးကာလတွင် ဖြစ်ပျက်နေသောစစ်ပွဲ

မဿဲအခန်းကြီး ၂၄ နှင့် ၂၅၊ မာကုအခန်းကြီး ၁၃ နှင့် လုကာအခန်းကြီး ၂၁ ကိုသင်ဖတ်ကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့၏ခေတ်ကာလနှင့်ပတ်သက်၍ မမှားယွင်းနိုင်သော သက်သေသာဓကကို ယေရှုမိန့်တော်မူနေကြောင်း သင်တွေ့မြင်ရပေမည်။ စစ်ကာလနှင့်ပတ်သက်၍ ကိုယ်တော်တင်ကူးပြောရာ၌—လူ့သမိုင်းကို အမြဲပင်အကျည်းတန်စေသော ‘စစ်တိုက်ခြင်းနှင့်စစ်တိုက်ခြင်းသတင်းမျှမဟုတ်ဘဲ စစ်တိုက်ခြင်းတွင် ‘လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုခြင်း’ ပါဝင်သည်—မှန်ပါသည်၊ အပြည်ပြည်ဆိုင်ရာစစ်ပွဲကြီး ဖြစ်ပေသည်။—မဿဲ ၂၄:၆-၈။

ကျွန်ုပ်တို့ရာစုနှစ်တွင် စစ်မက်ရေးရာနှင့်ပတ်သက်၍ မည်မျှပြောင်းလဲခဲ့ပြီဖြစ်ကြောင်း တစ်ခဏမျှစဉ်းစားကြည့်ပါ။ စစ်ဟုဆိုရာ၌ အနည်းဆုံး ကိုယ်စားပြုဆန့်ကျင်ဘက်နိုင်ငံနှစ်ခု၏ စစ်တပ်တို့ထိပ်တိုက်တွေ့ခြင်း၊ ဓားရှည်များဖြင့်လွှဲခုတ်ခြင်း သို့မဟုတ် စစ်မြေပြင်တွင် တစ်ဦးကိုတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခြင်းတို့သည် ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။ သို့သော် ၁၉၁၄ ခုနှစ်တွင် စစ်ပွဲကြီးဖြစ်ပွားလေသည်။ တစ်နိုင်ငံမှတစ်နိုင်ငံသို့ စစ်မီးကူးစက်တောက်လောင်သွားသည့် ပထမကမ္ဘာစစ်ကြီးဖြစ်တော့သည်။ အလိုအလျောက်ပစ်ခတ်နိုင်သော လက်နက်များသည် လူများကိုပို၍သတ်ဖြတ်နိုင်ရန်နှင့် သာ၍ဝေးကွာသောနေရာမှသူတို့ကို သတ်ဖြတ်နိုင်ဖို့ ဖန်တီးထားသည်။ စက်သေနတ်များဖြင့် ပစ်မလွဲလက်မရွံ့စတမ်း ပစ်ခတ်ကြသည်; မုန်ညင်းဓာတ်ငွေ့ကြောင့် ထောင်နှင့်ချီသော စစ်သားများခမျာ လောင်ကျွမ်းခံရ၊ အပြင်းအထန်ဝေဒနာခံရ၊ မသန်မစွမ်းဖြစ်ကြရ၊ သေကျေသွားရရှာသည်; တင့်ကားများသည် ရန်သူ့နယ်မြေများထဲသို့ အညှာအတာကင်းကင်းဖြင့် ချဉ်းနင်းဝင်ရောက်လာကာ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသည်။ လေယာဉ်နှင့် ရေငုပ်သင်္ဘောများလည်း ပါဝင်လာကြကာ—ထိုအရာတို့သည် နောက်ပိုင်းတွင်ဖြစ်လာမည့် ရှေ့ပြေးများပင်ဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်သည် လူသန်းပေါင်းများစွာကို သေကျေစေခဲ့သောကြောင့် ယခင်စစ်နှင့်နှိုင်းစာကြည့်လိုက်က အမှန်ပင်မပြောပလောက်ပေ။ ရေပေါ်မြို့တော်ကဲ့သို့ဖြစ်နေသော လေယာဉ်တင်သင်္ဘောကြီးများသည် ပင်လယ်ပြင်တွင်သွားလာနေကာ ထိုမှစစ်လေယာဉ်များသည် တစ်စီးပြီးတစ်စီးတက်သွားလျက် ကောင်းကင်မှနေ၍ ရန်သူ၏ပစ်မှတ်များပေါ်သို့ ဗုံးကြဲချလေသည်။ ရေငုပ်သင်္ဘောများသည် ရန်သူ့သင်္ဘောများကို တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ပစ်လိုက်ကြသည်။ ထို့ပြင် အဏုမြူဗုံးများကြဲချသောကြောင့် ကြီးမားသည့်ပေါက်ကွဲမှုတိုင်းတွင် အသက်ပေါင်းသောင်းနှင့်ချီ၍ သေကျေပျက်စီးခဲ့ကြသည်တကား! ယေရှုပရောဖက်ပြုသကဲ့သို့ပင် ဤစစ်ဖြစ်နေသောခေတ်ဟု သတ်မှတ်ထားသည့် “ကြောက်မက်ဖွယ်သောအရာ” မှာအမှန်ပင်ဖြစ်ပျက်နေသည်။—လုကာ ၂၁:၁၁။

ဒုတိယကမ္ဘာစစ်ဖြစ်ပြီးကတည်းက စစ်သည်လျော့ပါးသွားပါသလော၊ ဝေးလေစွ။ ရံဖန်ရံခါဆိုရမလောက်—၁၉၉၀ ပြည့်လွန်နှစ်များ၏ ဤဆယ်စုနှစ်တွင်ပင်—တစ်နှစ်အတွင်း ဒါဇင်နှင့်ချီသောစစ်ပွဲများသည် သန်းနှင့်ချီသောသူများ၏အသက်များကို ချွေယူနေသည်။ ထို့အပြင် စစ်ပွဲတွင် အဓိကသေကျေထိခိုက်သူများမှာ ပြောင်းလဲမှုရှိခဲ့လေပြီ။ အဓိကအားဖြင့် သေဆုံးသူများမှာ စစ်သားများမဟုတ်တော့။ ယနေ့တွင် စစ်ပွဲကြောင့်ထိခိုက်သေကျေသူများထဲမှအများစုသည်—အမှန်မှာ၊ သူတို့ထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည်—အရပ်သားများဖြစ်ကြသည်။

နိမိတ်၏အခြားအသွင်အပြင်များ

စစ်သည်သာ ယေရှုဖော်ပြခဲ့သောနိမိတ်၏ အသွင်အပြင်မဟုတ်ပေ။ ကိုယ်တော်က “အရပ်ရပ်တို့၌အစာခေါင်းပါးခြင်း” ရှိလိမ့်မည်ဟူ၍လည်း သတိပေးခဲ့သည်။ (မဿဲ ၂၄:၇) ကမ္ဘာမြေကြီးသည်လူသားထုအားလုံးလိုအပ်သည့် အစားအသောက်ထက်ပို၍ ထုတ်လုပ်နိုင်ကာ၊ စိုက်ပျိုးရေးသိပ္ပံပညာသည် လူ့သမိုင်းတွင် တစ်ခါနှင့်မျှမတူအောင် သာ၍တိုးတက်လျက်ရှိပြီး၊ ကမ္ဘာ့ဒေသရှိ မည်သည့်နေရာကိုမဆို အစားအသောက်များပို့ဆောင်ရန် လျင်မြန်၍ ကောင်းမွန်လှသောသယ်ယူပို့ဆောင်ရေးစနစ်တို့ရှိလျက်ကယ် ထိုသတိပေးချက်အတိုင်း ဖြစ်ပျက်ခဲ့လေပြီ။ ထိုအရာအားလုံး ရရှိနိုင်သော်ငြားလည်း၊ ကမ္ဘာကြီး၏လူဦးရေ ငါးပုံတစ်ပုံခန့်သည် နေ့စဉ်ငတ်မွတ်လျက်ရှိသည်။

ယေရှုက “အရပ်ရပ်တို့၌ . . . ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟူ၍လည်းတင်ကူးမိန့်တော်မူခဲ့သည်။ (လုကာ ၂၁:၁၁) နောက်တစ်ဖန် ကျွန်ုပ်တို့၏ခေတ်သည် ထူးခြားစွာပင် ရှေ့နောက်ညီညွတ်မှုမရှိဟုထင်ရသော—ဆေးဘက်ဆိုင်ရာကုသမှုသည် ခါတိုင်းထက်ကောင်းမွန်ပြီး၊ စက်မှုလက်မှုအတတ်ပညာသည် တစ်ဟုန်ထိုးတိုးတက်ထွန်းကားလျက်ရှိကာ၊ သာမန်ရောဂါများစွာကို ကာကွယ်ရန် ကာကွယ်ဆေးများရှိပေသည်; သို့တိုင် ကပ်ရောဂါများသည် မဖြစ်စဖူး သိသိသာသာတိုးတက်ဖြစ်ပေါ်နေပါသည်။ စပိန်တုတ်ကွေးသည် ပထမကမ္ဘာစစ်နောက်မှ လျင်မြန်စွာပင်လိုက်ပါလာကာ စစ်ပွဲထက်ပင်အသက်ပေါင်းများစွာကို သေကျေစေခဲ့သည်။ ဤရောဂါသည် ကူးစက်လွန်းလှသောကြောင့် နယူးယောက်မြို့ကဲ့သို့သောမြို့ကြီးများတွင် နှာချေရုံဖြင့် လူတို့သည်ဒဏ်တပ်ခြင်း သို့မဟုတ် ထောင်ချခြင်းခံရကြသည်တကား! ယနေ့တွင် လူသန်းပေါင်းများစွာတို့သည် ကင်ဆာနှင့် နှလုံးရောဂါတို့ကြောင့် နှစ်စဉ်သေဆုံးနေကြသည်။ ထို့ပြင် အေအိုင်ဒီအက်စ်ရောဂါကလည်း အသက်ဇီဝိန်ကိုဆက်လက်ချွေနေပြီး၊ ဆေးဘက်ဆိုင်ရာသိပ္ပံပညာက ယင်းကို အခြေအမြစ်ကျကျအတောမသတ်ပေးနိုင်ချေ။

ယေရှုက နောက်ဆုံးကာလနှင့်ပတ်သက်၍ သမိုင်းနှင့် နိုင်ငံရေးဆိုင်ရာ ကျယ်ပြန့်သောအခြေအနေများရှုထောင့်မှ ဆွေးနွေးထားသော်လည်း တမန်တော်ပေါလုက လူမှုရေးပြဿနာများနှင့် နေရာတကာတွင်တွေ့နေရသော လူ့သဘောထားများကို အာရုံစူးစိုက်စေခဲ့သည်။ သူ၏ရေးသားချက်တစ်စိတ်တစ်ပိုင်းကား “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ . . . သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ . . . ကိုယ်ဣန္ဒြေကိုမချူပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ” ဟူ၍ဖြစ်သည်။—၂ တိမောသေ ၃:၁-၅။

ဤစကားများသည် သင်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပါသလော။ ယနေ့ကမ္ဘာပေါ်တွင် လူမှုရေးဆိုင်ရာ ပျက်စီးယိုယွင်းမှုတစ်ရပ်ဖြစ်သည့် မိသားစုပြိုကွဲခြင်းအကြောင်းကိုသာ သုံးသပ်ကြည့်ပါ။ အိမ်ထောင်ပြိုကွဲခြင်း၊ လင်မယားချင်းရိုက်နှက်ခြင်း၊ ကလေးများကိုမတော်မတရားပြုကျင့်ခြင်းနှင့် သက်ကြီးရွယ်အိုမိဘများကိုနှိပ်စက်ခြင်းတို့ တစ်ဟုန်ထိုးတိုးများလာခြင်းက လူတို့သည် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” ဖြစ်ပြီး “ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ” နှင့် ”သစ္စာကိုဖျက်တတ်သောသူ” တို့ပင်ဖြစ်ကြောင်းဖော်ပြပါသည်တကား! မှန်ပါသည်၊ ဤထူးခြားသောအချက်များသည် ယနေ့တွင် တစ်ပြေးညီကူးစက်ရာအဖြစ် ကျွန်ုပ်တို့မြင်တွေ့ကြရသည်။

တင်ကူးပြောခဲ့သော လူမျိုးဆက်မှာ ကျွန်ုပ်တို့လူမျိုးဆက်လော

‘ယင်းအခြေအနေများသည် လူသားတို့ကို အမြဲပင်ဘေးသင့်စေခဲ့ပြီမဟုတ်လော။ ယခုခေတ် ကျွန်ုပ်တို့လူမျိုးဆက်သည် ရှေးပရောဖက်ပြုချက်များမှ တင်ကူးပြောထားသူများဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း’ ဟုသင်သိလိုပေမည်။ ကျွန်ုပ်တို့၏ခေတ်ကာလနှင့်ပတ်သက်၍ ယေရှုမိန့်တော်မူခြင်းဖြစ်ကြောင်း သက်သေထူသည့်သာဓကများ၏ အကြောင်းရပ်သုံးခုကို သုံးသပ်ကြည့်ကြစို့။

ဦးဆုံးအနေဖြင့် ယေရှု၏စကားများသည် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော် ဖျက်ဆီးခံရခြင်းအားဖြင့် ပထမပိုင်းအနေနှင့် တစ်စိတ်တစ်ဒေသပြည့်စုံခဲ့သော်လည်း ထိုအချိန်ထက်ကျော်လွန်သောအနာဂတ်ကို အတိအကျပင်ညွှန်ပြထားသည်။ ရုတ်တရက်ပြောင်းလဲမှုဖြစ်သော ယေရုရှလင်မြို့ပျက်စီးပြီးနောက်နှစ်ပေါင်း ၃၀ ခန့်အကြာတွင် ယေရှုသည် အသက်ကြီးရင့်နေပြီဖြစ်သော တမန်တော်ယောဟန်ကို ရူပါရုံပေးရာ၌ ကမ္ဘာချီအနာဂတ်နှင့်သက်ဆိုင်သောအခြေအနေများ—စစ်၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါနှင့် အကျိုးဆက်ဖြစ်သည့်သေခြင်း—ကို ပရောဖက်ပြုထားသည်။ မှန်ပါသည်၊ ထိုဘေးဒုက္ခများသည် နေရာတစ်နေရာတွင်သာမဟုတ်ဘဲ “မြေကြီး” တစ်ပြင်လုံးတွင်ဖြစ်ပျက်မည်။—ဗျာဒိတ် ၆:၂-၈။

ဒုတိယကား ဤရာစုနှစ်တွင် ယေရှုမိန့်တော်မူခဲ့သောနိမိတ်၏ အသွင်အပြင်အချို့တို့သည် အကြီးကျယ်ဆုံးအတိုင်းအတာဖြင့် ပြည့်စုံနေပြီဟု ကျွန်ုပ်တို့ပြောနိုင်ပါသည်။ ဥပမာအနေဖြင့် ၁၉၁၄ ခုနှစ်မှစ၍ ဖြစ်လာခဲ့သောစစ်ပွဲများထက် များစွာသာလွန်ဆိုးရွားသောစစ်ပွဲများ ဖြစ်စရာအလားအလာရှိသလော။ အကယ်၍ တတိယကမ္ဘာစစ်ဖြစ်ခဲ့ပါမူ၊ ယနေ့ နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံအားလုံးက သူတို့၏လက်နက်များကို အသုံးချလိုက်ပါက ဤကမ္ဘာမြေကြီးသည် မီးလောင်ပြင်ကြီးဖြစ်သွားကာ လူသားမျိုးနွယ်လုံးဝပျက်သုဉ်းသွားပေမည်။ အလားတူစွာပင် ဗျာဒိတ် ၁၁:၁၈ က ကြိုတင်ဖော်ပြထားသည်မှာ ဤနေ့ရက်ကာလတွင်လူမျိုးတို့သည် “အမျက်ထွက်ကြသည်ဖြစ်၍” လူသားတို့သည် “မြေကြီးကိုဖျက်ဆီး” ကြလိမ့်မည်။ ယခုအခါ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ပျက်စီးယိုယွင်းလာခြင်းတို့က လူ့သမိုင်းတွင် ဦးဆုံးအကြိမ်အဖြစ် ဤကမ္ဘာဂြိုဟ်၏သတ္တဝါနေထိုင်နိုင်စွမ်းကို ခြိမ်းခြောက်နေပါသည်တကား! ထိုကြောင့် ဤအသွင်အပြင်သည် ပြည့်စုံနေဆဲ သို့မဟုတ် အဆုံးသို့ရောက်လုနီးပြီဖြစ်သည်။ ဤကမ္ဘာဂြိုဟ်နှင့် လူသားများကိုယ်နှိုက်ကိုပင် ဖျက်ဆီးပစ်သည့်အထိ စစ်ပွဲနှင့် ညစ်ညမ်းခြင်းတို့က အမှန်ပင်ဆက်လက်၍ဆိုးရွားနိုင်ပါသလော။ မဟုတ်ပါ; သမ္မာကျမ်းစာကိုယ်နှိုက်က ဆင့်ဆိုထားသည်မှာ ကမ္ဘာမြေကြီးသည် အစဉ်အမြဲတည်ရှိပြီး ဖြောင့်မတ်သောစိတ်နှလုံးရှိသည့်လူသားတို့ နေထိုင်သွားကြမည်ဖြစ်သည်။—ဆာလံ ၃၇:၂၉; မဿဲ ၅:၅။

တတိယမှာမူ နောက်ဆုံးကာလနိမိတ်ကို အထူးသဖြင့် တစ်ခုလုံးအနေနှင့်ခြုံကြည့်လျှင် ယုံကြည်စိတ်ချနိုင်ပါသည်။ ခရစ်ဝင်ကျမ်းသုံးစောင်တွင် ယေရှုခရစ်ဖော်ပြထားသောအချက်များ၊ ပေါလုရေးသားထားသော အကြောင်းအရာများနှင့် ဗျာဒိတ်ကျမ်းရှိအကြောင်းအရာများအရ ဤနိမိတ်တွင် အသွင်အပြင်မြောက်မြားစွာပါရှိသည်။ လူတစ်ဦးတစ်ယောက်က ယင်းတို့နှင့်ပတ်သက်၍ အခြားခေတ်များတွင် အလားတူအသွင်အပြင်မျိုး တစ်ခုချင်းစီတွေ့ရသည်ဟု အငြင်းပွားနိုင်သော်ငြားလည်း ၎င်းတို့အတူတကွဖြစ်ပေါ်ခြင်းကို သုံးသပ်ကြည့်လိုက်ပါက ယင်းတို့သည် ကျွန်ုပ်တို့၏ခေတ်ကာလကို မြေကြီးလက်ခတ်မလွဲညွှန်ပြလေသည်။

သို့တစေ ဤအရာအားလုံး၏အဓိပ္ပာယ်ကား အဘယ်နည်း။ သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ ခေတ်ကာလကို စိတ်ပျက်စရာ၊ မျှော်လင့်ချက်ကင်းမဲ့သော အချိန်အဖြစ် ဖော်ပြထားခြင်းဖြစ်ပါသလော။ လုံးဝမဟုတ်ပါ!

သတင်းကောင်း

နောက်ဆုံးကာလနိမိတ်၏ အထူးခြားဆုံးသော အသွင်အပြင်ကို မဿဲ ၂၄:၁၄ ၌မှတ်တမ်းတင်ထားသည်မှာ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူ၍ဖြစ်သည်။ ဤရာစုနှစ်တွင် ယေဟောဝါသက်သေများသည် လူ့သမိုင်းတွင်ထူးခြားလှသော လုပ်ငန်းတစ်ခုကို လုပ်ဆောင်နေကြသည်။ သူတို့သည် ယေဟောဝါဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် သမ္မာကျမ်းစာသတင်း—ယင်းသည် အဘယ်အရာဖြစ်ကြောင်း၊ မည်သို့အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် အဘယ်အရာကိုပြီးမြောက်စေမည်ဖြစ်ကြောင်း—ကို လက်ခံကာ ကမ္ဘာအနှံ့အပြားတွင် ထိုသတင်းကို ပျံ့နှံ့စေကြသည်။ သူတို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘာသာစကားပေါင်း ၃၀၀ ကျော်ဖြင့်ပုံနှိပ်ထုတ်ဝေထားသည့် စာအုပ်စာတမ်းများကို ကမ္ဘာတစ်ဝန်းရှိနိုင်ငံအားလုံးလိုလို၌ လူတို့၏အိမ်များ သို့မဟုတ် လမ်းများပေါ်တွင် သို့မဟုတ် သူတို့၏လုပ်ငန်းခွင်တို့တွင် ဝေငှနေကြသည်။

ယင်းသို့ပြုလုပ်ခြင်းအားဖြင့် သူတို့သည် အထက်ပါပရောဖက်ပြုချက်ကို ပြည့်စုံစေကြပါသည်။ တစ်ကြိမ်တည်းတွင် သူတို့သည် မျှော်လင့်ချက်ကိုလည်း ဝေမျှကြသည်။ ယေရှုက ၎င်းကိုသတင်းဆိုးမဟုတ်ဘဲ “သတင်းကောင်း” ဟုခေါ်ဆိုထားကြောင်း သတိပြုပါ။ ယင်းသည် ဤအမှောင်ခေတ်ကာလတွင် မည်သို့ဖြစ်နိုင်မည်နည်း။ သမ္မာကျမ်းစာ၏အဓိကသတင်းမှာ ဤအစီအစဉ်စနစ်၏အဆုံး၌ ဖြစ်ပျက်မည့် ဆိုးရွားသောအကြောင်းအရာများ မဟုတ်ချေ။ ယင်း၏အဓိကသတင်းမှာ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်ပြီး ထိုနိုင်ငံတော်က ငြိမ်သက်ခြင်းမြတ်နိုးသူလူသားတိုင်း၏ စိတ်နှလုံးတောင့်တရာ—ကယ်နုတ်ခြင်း—ကိုကတိပြုထားသည်။

ထိုကယ်နုတ်ခြင်းကာ အဘယ်နည်း၊ ယင်းကို သင်မည်သို့ပိုင်ဆိုင်နိုင်သနည်း။ ဤအကြောင်းအရာနှင့်ပတ်သက်သည့် နောက်ဆောင်းပါးများကို ကျေးဇူးပြု၍သုံးသပ်ကြည့်ပါ။

[အောက်ခြေမှတ်ချက်များ]

a ဤနေရာ၌ တိတုသည်အနိုင်ရဖို့ ကျိန်းသေနေပါသည်။ မည်သို့ပင်ဖြစ်စေကာမူ သူဖြစ်စေလိုသော နည်းနှစ်နည်းအတိုင်းမဖြစ်ခဲ့ပါ။ သူကငြိမ်သက်စွာဖြင့် လက်နက်ချအညံ့ခံဖို့ ကမ်းလှမ်းခဲ့သော်လည်း ထိုမြို့ခေါင်းဆောင်တို့က ခေါင်းမာမာဖြင့်ဖြေရှင်းချက်မရှိ ငြင်းဆိုလိုက်သည်။ နောက်ဆုံးတွင် မြို့ရိုးများကျိုးပေါက်သွားပြီး သူကဗိမာန်တော်ကို မဖျက်ဆီးဖို့အမိန့်ပေးခဲ့သည်။ သို့တိုင် ယင်းသည် လုံးဝမီးလောင်ကျွမ်းသွားလေပြီတကား! ယေရှု၏ပရောဖက်ပြုချက်က ယေရုရှလင်မြို့ဖျက်ဆီးခံရပြီး ဗိမာန်တော်သည်လုံးလုံးပျက်စီးသွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။—မာကု ၁၃:၁၊ ၂။

[စာမျက်နှ ၅ ပါ အကျဉ်းဖော်ပြချက်]

အခြေအနေများသည် အဘယ်ကြောင့် ဤမျှတိုင်ဆိုးရွားနေရသနည်း၊ လူသားတို့သည် အဘယ်သို့ဦးတည်နေကြသနည်းစသည်ကဲ့သို့သော စိတ်ပူပန်စေသည့် မေးခွန်းများ၏အဖြေများကို လူတို့ရှာဖွေနေကြသည်

[စာမျက်နှ ၆ ပါ အကျဉ်းဖော်ပြချက်]

ယနေ့တွင် စစ်ကြောင့်ထိခိုက်သေကျေသူများထဲမှ ၉၀ ရာခိုင်နှုန်းကျော်သည်အရပ်သားများဖြစ်ကြသည်

[စာမျက်နှ ၇ ပါ ရုပ်ပုံ]

ယေရုရှလင်မြို့၏ပျက်စီးခြင်းနှင့်ပတ်သက်၍ ယေရှု၏ပရောဖက်ပြုချက်သည် အသေးစိတ်ပြည့်စုံခဲ့ပါသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ