-
စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်ကင်းမျှော်စင်—၂၀၀၆ | ဩဂုတ် ၁၅
-
-
စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်
“သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး အရာအားလုံး ပြန်သင့်မြတ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ . . . ဒါပေမဲ့ ချက်ချင်းတော့မဟုတ်ဘူး၊ ကောင်းကင်သစ်နဲ့မြေကြီးသစ် တည်ထောင်မယ့် အလှမ်းဝေးတဲ့အနာဂတ်မှာ ဖြစ်လာလိမ့်မယ်။”—ဇဲန်မာရီပဲလ်တ်၊ ပြင်သစ်လူမျိုး၊ ဝန်းကျင်ဆိုင်ရာအထူးကျွမ်းကျင်သူ။
ကမ္ဘာ့ပတ်ဝန်းကျင်နှင့် လူမှုရေးအခြေအနေများကြောင့် လူအများ ပူပင်သောကရောက်နေကြရာ ဤကမ္ဘာဂြိုဟ်ကြီး ပရဒိသုအဖြစ်ပြောင်းလဲသွားဖို့ မျှော်လင့်ကြပေမည်။ သို့သော် ထိုမျှော်လင့်ချက်သည် ၂၁ ရာစု၏ အိပ်မက်မျှသာမဟုတ်ပါ။ မြေကြီးပရဒိသု ပြန်လည်တည်ထောင်မည်ဟု ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာတွင် ကတိပြုထားသည်။ ယေရှု ဤသို့မိန့်တော်မူ၏– “စိတ်နူးညံ့သိမ်မွေ့ [စိတ်နှိမ့်ချ] သောသူတို့သည် . . . ပြည်တော် [မြေကြီး] ကို အမွေခံရကြလတ္တံ့။” “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” ထိုစကားများသည် သမ္မာကျမ်းစာထဲမှ လူသိများသောကျမ်းပိုဒ်များဖြစ်သည်။ (မဿဲ ၅:၅; ၆:၁၀) သို့သော် ယနေ့ လူများစွာက စိတ်နှိမ့်ချသူများအမွေခံရမည့် မြေကြီးပရဒိသုကို မယုံကြည်ကြတော့ပေ။ ခရစ်ယာန်အမည်ခံသူအများစုအတွက် ပရဒိသုမျှော်လင့်ချက် ပျောက်ဆုံးသွားလေပြီ။
ပြင်သစ်ပတ်စဉ်မဂ္ဂဇင်းတစ်စောင် (La Vie) က မြေကြီးပေါ်ဖြစ်စေ၊ ကောင်းကင်ပေါ်ဖြစ်စေ ပရဒိသုတည်ထောင်မည်ဟူသော မျှော်လင့်ချက်သည် ချာ့ချ်တွင်ပင် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ဤသို့ရှင်းပြ၏– “ချာ့ချ်သွန်သင်ချက်များ နှစ်ပေါင်း ၁၉၀၀ ကြာ လွှမ်းမိုးခဲ့ပြီးနောက် ပရဒိသုယုံကြည်ချက်သည် တရားထိုင်ဆုတောင်းမှုများ၊ တနင်္ဂနွေနေ့တရားဟောပွဲများ၊ ဘာသာရေးသင်တန်းများနှင့် မေးဖြေဆွေးနွေးခန်းများမှ ကွယ်ပျောက်သွားခဲ့ပြီ။” ‘ပရဒိသု’ ဟူသောစကားလုံးကပင် “ပဟေဠိဆန်ဆန် ရှုပ်ထွေးမှုများဖြင့် လွှမ်းနေသည်။” ခရစ်ယာန်ဓမ္မဆရာအချို့က ဤစကားလုံးကို လုံးလုံးဖယ်ထုတ်နေကြ၏။ အကြောင်းမှာ ယင်းသည် “မြေကြီးပေါ်ရရှိမည့် ပျော်ရွှင်မှုအကြောင်းများကိုသာ ပေါ်လွင်စေ” သောကြောင့်ဖြစ်သည်။
ဘာသာရေးကို အထူးလေ့လာလိုက်စားသူ လူမှုဗေဒပညာရှင် ဖရက်ဒရစ်လဲန်ဝါအတွက် ပရဒိသုသည် “အဓိပ္ပာယ်မဲ့ပြီး လက်တွေ့မကျသော အယူအဆ” ဖြစ်လာသည်။ အလားတူ၊ ပရဒိသုအကြောင်း စာအုပ်များစွာရေးသားခဲ့သူ သမိုင်းပညာရှင် ဇန်းဒီလျူမိုက သမ္မာကျမ်းစာကတိတော်များ ပြည့်စုံခြင်းသည် ပုံဆောင်ချက်မျှသာဖြစ်သည်ဟု ယူဆသည်။ “သို့ဆိုလျှင် ‘ပရဒိသုနှင့်ပတ်သက်ပြီး အဘယ်အရာကျန်သေးသနည်း။’ ခရစ်ယာန်တို့၏ ယုံကြည်ချက်အရ ကယ်တင်ရှင်၏ ထမြောက်တော်မူခြင်းကြောင့် တစ်နေ့နေ့တွင် ကျွန်ုပ်တို့အားလုံး သုခချမ်းသာခံစားကြရမည်” ဟုသူရေးသားခဲ့သည်။
မြေကြီးပရဒိသုအကြောင်းသည် လက်တွေ့ကျဆဲလော။ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်အတွက် အဘယ်အနာဂတ်ရှိသနည်း။ အနာဂတ်မြင်ကွင်းသည် မှုန်ဝါးနေသလော သို့မဟုတ် ကြည်လင်ပြတ်သားနေသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးက အဖြေပေးပါလိမ့်မည်။
-
-
“ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”ကင်းမျှော်စင်—၂၀၀၆ | ဩဂုတ် ၁၅
-
-
“ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”
“ချာ့ချ်ယုံကြည်ချက်၏အချုပ်မှာ သေခြင်း၊ တရားစီရင်ခြင်း၊ ငရဲ၊ ကောင်းကင်ဟူသော အချက်လေးချက်ဖြစ်သည်။”—ဂျော့ချ်ဘရဲန်တ်တည်းဖြတ်သော Catholicism စာအုပ်။
လူသားများအတွက် ထိုအချက်လေးချက်တွင် မြေကြီးမပါဝင်ကြောင်း သတိပြုပါ။ ယင်းသည် အံ့ဩစရာမဟုတ်ပေ။ အကြောင်းမှာ အခြားဘာသာတရားများစွာကဲ့သို့ပင် ချာ့ချ်သည် တစ်နေ့တွင် မြေကြီးဖျက်ဆီးခံရမည်ဟူ၍ ယုံကြည်သောကြောင့်ဖြစ်သည်။ အဘိဓာန်တစ်အုပ် (Dictionnaire de Théologie Catholique) က “ကမ္ဘာ့ဆုံးခန်း” ဟူသော အကြောင်းအရာအောက်တွင် ဤသို့ရှင်းပြ၏– “လက်ရှိကမ္ဘာကြီးကို ဘုရားသခင်ဖန်ဆင်းခဲ့ပြီး တည်ရှိနေသော်လည်း ထာဝစဉ်တည်မည်မဟုတ်ဟု ချာ့ချ်က ယုံကြည်၍ သွန်သင်ပေးသည်။” မကြာသေးမီက ချာ့ချ်မေးဖြေဆွေးနွေးခန်းတစ်ခုတွင် “ကျွန်ုပ်တို့၏ကမ္ဘာကြီး . . . ပျက်စီးသွားရန် တင်ကြိုသတ်မှတ်ထားသည်” ဟုတင်ပြ၏။ သို့သော် မြေကြီးပျက်စီးသွားမည်ဆိုပါက မြေကြီးပရဒိသုနှင့်ပတ်သက်သော ကျမ်းစာပရောဖက်ပြုချက်များ မည်သို့ဖြစ်သွားမည်နည်း။
အနာဂတ်မြေကြီးပရဒိသုအကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ ဥပမာ၊ မြေကြီးနှင့် လူသားတို့အကြောင်း ပရောဖက်ဟေရှာယ ဤသို့ဖော်ပြ၏– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) ထိုကတိတော်များကိုရရှိခဲ့သော ဂျူးလူမျိုးအနေဖြင့် သူတို့၏ပြည်တော်သာမက တစ်ကမ္ဘာလုံးသည် တစ်နေ့တွင် ပရဒိသုဖြစ်လာပြီး လူသားတို့ ထာဝရကောင်းကျိုးခံစားရမည်ကို ယုံကြည်စိတ်ချခဲ့ကြသည်။
ဆာလံ အခန်းကြီး ၃၇ က ထိုမျှော်လင့်ချက်ကို ခိုင်မာစေ၏။ “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး] ကိုအမွေခံ . . . ကြလိမ့်မည်။” (ဆာလံ ၃၇:၁၁) ဤအခန်းငယ်က ဣသရေလလူမျိုး၏ ကတိထားရာပြည်တော် ပြန်လည်ထူထောင်ခြင်းကိုသာ ပြောနေသည်မဟုတ်ပေ။ ထိုဆာလံကျမ်းတွင် ဤသို့ဖော်ပြ၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” (ဆာလံ ၃၇:၂၉)a ထိုဆာလံကျမ်းက မြေကြီးပေါ် ထာဝရအသက်သည် “စိတ်နှိမ့်ချသောသူတို့” အတွက် ဆုတစ်ခုဖြစ်သည်ဟု ဖော်ပြထားကြောင်း သတိပြုပါ။ ပြင်သစ်ကျမ်းစာတစ်အုပ်က ထိုအခန်းငယ်နှင့်ပတ်သက်၍ ဤသို့ဆိုသည်– “စိတ်နှိမ့်ချ” ဟူသောစကားလုံးသည် “အဓိပ္ပာယ်ပို၍ ကျယ်ပြန့်သည်။ ယင်းတွင် အကြောင်းမလှသူများ၊ ယာဝေး [ယေဟောဝါ] အတွက် ဆင်းရဲခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းခံရသူများ၊ ဘုရားသခင်ကိုလက်အောက်ခံသော စိတ်နှိမ့်ချသူများပါဝင်သည်။”
မြေကြီးပေါ်တွင်လော၊ ကောင်းကင်တွင်လော
တောင်ပေါ်တရားတော်ပါ ယေရှု၏ ဤကတိတော်သည် အထက်တွင်ကိုးကားထားသော ကျမ်းချက်များကို သတိရစေ၏– “စိတ်နူးညံ့သိမ်မွေ့ [စိတ်နှိမ့်ချ] သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော် [မြေကြီး] ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅) ဤတွင်တစ်ဖန် မြေကြီးသည် သစ္စာရှိသူများအတွက် ထာဝရဆုကျေးဇူးဖြစ်သည်ဟုဆို၏။ သို့သော် ယေရှုက မိမိ “အဘ၏အိမ်တော်၌” တမန်တော်များ နေစရာအရပ်ကို ပြင်ဆင်မည်ဟု မိန့်ဆိုသောကြောင့် သူတို့သည် ကိုယ်တော်နှင့်အတူ ကောင်းကင်တွင် နေကြမည်ဖြစ်သည်။ (ယောဟန် ၁၄:၁၊ ၂; လုကာ ၁၂:၃၂; ၁ ပေတရု ၁:၃-၅) သို့ဆိုလျှင် မြေကြီးဆိုင်ရာကောင်းချီးများနှင့်ပတ်သက်သော ကတိတော်များကို မည်သို့နားလည်ရမည်နည်း။ ယင်းတို့သည် ယနေ့အချိန်တွင် လက်တွေ့ကျပါသလော။ မည်သူတို့နှင့် သက်ဆိုင်သနည်း။
ယေရှု၏တောင်ပေါ်တရားတော်နှင့် ဆာလံ ၃၇ ပါ “ပြည်တော်” သို့မဟုတ် မြေကြီးသည် ပုံဆောင်ချက်မျှသာဖြစ်သည်ဟု ကျမ်းပညာရှင်များစွာ ပြောဆိုကြသည်။ ဒါဂလာကျမ်းစာတွင် အက်ဖ်ဗီဂူရူက ထိုအခန်းငယ်များသည် “ကောင်းကင်နှင့်ချာ့ချ်ကို ပုံဆောင်သည်” ဟုရေးသားခဲ့၏။ ပြင်သစ်ကျမ်းစာသုတေသီ အမ်လာဂရမ်ဇ်က ယင်းကတိတော်သည် “လက်ရှိအစီအစဉ်တွင်ဖြစ်စေ၊ ပိုကောင်းမွန်သည့် အနာဂတ်တွင်ဖြစ်စေ စိတ်နှိမ့်ချသူများ နေထိုင်လျက်ရှိသည့် မြေကြီးကို အမွေခံရမည့် ကတိတော်မဟုတ်။ ယင်းသည် ကောင်းကင်နိုင်ငံတော် တည်ရှိသည့် မည်သည့်နေရာကိုမဆို အမွေခံရမည်ဟူသော ကတိတော်ဖြစ်သည်” ဟုဆို၏။ ကျမ်းပညာရှင်နောက်တစ်ဦးက “ကောင်းကင်အကြောင်းပြောဆိုရာတွင် မြေကြီးကို ပုံဆောင်သဘောဖြင့် သုံးခြင်းဖြစ်သည်” ဟုဆိုသည်။ အခြားကျမ်းပညာရှင်များကလည်း “ကတိထားရာပြည်တော်ဖြစ်သော ခါနာန်ပြည်သည် စိတ်နှိမ့်ချသူများ အမွေရမည့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ကို ပုံဆောင်သဘောအရ ကိုယ်စားပြုသည်။ ဆာလံ ၃၇ နှင့် အခြားနေရာများတွင်လည်း ယင်းအဓိပ္ပာယ်သာဖြစ်သည်” ဟုဆိုကြသည်။ သို့သော် ပကတိမြေကြီးကို ဘုရားသခင့်ကတိတော်များမှ ဖယ်ထုတ်သင့်သလော။
မြေကြီးအတွက် ထာဝရရည်ရွယ်ချက်
အစအဦး၌ မြေကြီးသည် လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့် တိုက်ရိုက်ဆက်နွှယ်သည်။ ‘ကောင်းကင်ကား ထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အားပေးတော်မူပြီ’ ဟုဆာလံဆရာ ရေးသားခဲ့၏။ (ဆာလံ ၁၁၅:၁၆) ထို့ကြောင့် လူသားတို့အတွက် ဘုရားသခင်၏မူလရည်ရွယ်ချက်သည် ကောင်းကင်နှင့်မဟုတ်ဘဲ မြေကြီးနှင့်ဆက်စပ်နေသည်။ ဧဒင်ဥယျာဉ်ကို မြေကြီးတစ်ခွင်လုံးတိုးချဲ့သွားဖို့ ပထမလူသားမောင်နှံအား ယေဟောဝါ တာဝန်ပေးခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ယင်းရည်ရွယ်ချက်သည် ခေတ္တယာယီမျှသာမဟုတ်ပါ။ ကမ္ဘာမြေကြီး ထာဝစဉ်တည်မည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ယေဟောဝါ ဤသို့အခိုင်အမာမိန့်ဆိုခဲ့သည်– “လူတစ်ဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။”—ဒေ. ၁:၄; ၁ ရာဇဝင်ချုပ် ၁၆:၃၀; ဟေရှာယ ၄၅:၁၈။
ဘုရားသခင့်ရည်ရွယ်ချက် မပြည့်စုံဘဲနေမည်မဟုတ်။ အကြောင်းမှာ ကိုယ်တော်သည် အမြင့်ဆုံးသောဘုရားသခင်ဖြစ်ပြီး ကတိတော်များပြည့်စုံလာမည်ဟု အာမခံထားသည်။ ကျမ်းရေးသူတစ်ဦးက ဘုရားသခင့်ကတိတော်များ မုချပြည့်စုံလာမည်ကို ရေသံသရာနှင့်နှိုင်းယှဉ်ကာ ဤသို့ရှင်းပြ၏– ‘မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ . . . မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့ ထို့အတူ ငါ၏နှုတ်မြွက်စကား [ဘုရားသခင့်စကားတော်] သည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’ (ဟေရှာယ ၅၅:၁၀၊ ၁၁) ဘုရားသခင်သည် လူသားတို့ကို ကတိပြုနေခြင်းဖြစ်၏။ ယင်းကတိတော်များပြည့်စုံလာရန် အချိန်အတိုင်းအတာတစ်ခု လိုမည်ဖြစ်သော်လည်း မပြည့်စုံဘဲနေမည်မဟုတ်ပါ။ မိန့်တော်မူသမျှအတိုင်း ပြည့်စုံပြီးမှ ကိုယ်တော့်ထံ “ပြန်” လိမ့်မည်။
လူသားတို့အတွက် မြေကြီးကိုဖန်ဆင်းပေးရာတွင် ယေဟောဝါ အမှန်ပျော်မွေ့ခဲ့၏။ ဆဋ္ဌမမြောက်ဖန်ဆင်းရာနေ့အကုန်တွင် အရာရာတိုင်း “အလွန်ကောင်းသည်” ဟုကိုယ်တော်ကြေညာခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) မြေကြီးကို ထာဝစဉ်တည်တံ့မည့် ပရဒိသုအဖြစ်ပြောင်းလဲခြင်းသည် မပြည့်စုံသေးသော ဘုရားသခင့်ရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင့်ကတိတော်များသည် ‘အကျိုးမရှိဘဲ မပြန်ရ။’ လုံခြုံငြိမ်သက်မှုလွှမ်းမိုးမည့် မြေကြီးပေါ်တွင် လူသားတို့ စုံလင်သောအသက်ဖြင့် ထာဝစဉ်နေထိုင်ကြမည်ဟူသော ကတိတော်အားလုံး ပြည့်စုံလာလိမ့်မည်။—ဆာလံ ၁၃၅:၆; ဟေရှာယ ၄၆:၁၀။
ဘုရားသခင့်ရည်ရွယ်ချက် မုချအထမြောက်
ကျွန်ုပ်တို့၏ ကနဦးမိဘဖြစ်သော အာဒံနှင့်ဧဝတို့ အပြစ်ပြုသောကြောင့် မြေကြီးပရဒိသုဆိုင်ရာ ဘုရားသခင့်ရည်ရွယ်ချက် အခိုက်အတန့် ပျက်ပြားခဲ့ရသည်။ သူတို့၏မနာခံမှုကြောင့် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရသည်။ ထို့ကြောင့် မြေကြီးပရဒိသုပေါ် စုံလင်သောလူသားများ နေထိုင်ကြမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက် အကောင်အထည်ဖော်ရေးတွင် ပါဝင်ခွင့်မရကြတော့ချေ။ သို့သော် ဘုရားသခင်သည် မိမိရည်ရွယ်ချက်ပြည့်စုံရန် အစီအစဉ်များပြုလုပ်တော်မူခဲ့၏။ မည်သို့အားဖြင့်နည်း။—ကမ္ဘာဦး ၃:၁၇-၁၉၊ ၂၃။
ဧဒင်ရှိအခြေအနေသည် အကောင်းဆုံးမြေနေရာတွင် အိမ်တစ်လုံး စဆောက်သူနှင့်တူသည်။ ထိုသူ အုတ်မြစ်ချပြီးနောက်တွင်ပင် အခြားတစ်ဦးက ဖျက်ဆီးပစ်လိုက်သည်။ သူသည် မိမိအစီအစဉ်ကို ဖျက်လိုက်မည့်အစား ပြီးစီးသည့်အထိ ဆောက်လုပ်နိုင်ရန် တစ်ဆင့်ချင်းလုပ်ဆောင်လေသည်။ ယင်းကြောင့် အကုန်အကျပိုများသည့်တိုင် သူ၏မူလစီမံကိန်း မုချအောင်မြင်မည်။
အလားတူ၊ ဘုရားသခင်သည် မိမိရည်ရွယ်ချက်ပြည့်စုံစေရန် အစီအစဉ်များပြုလုပ်တော်မူခဲ့၏။ ကနဦးမိဘ အပြစ်ပြုပြီးနောက် မကြာမီပင် သူတို့၏သားစဉ်မြေးဆက်အတွက် မျှော်လင့်ချက်တစ်ခုကို ကိုယ်တော် ပရောဖက်ပြုခဲ့သည်။ ယင်းမှာ အပြစ်ကြောင့်ဖြစ်ခဲ့သော ပျက်စီးဆုံးရှုံးမှုများကို ပပျောက်စေမည့် “အမျိုးအနွယ်” ပင်ဖြစ်သည်။ အဆိုပါပရောဖက်ပြုချက်ပြည်စုံရာတွင် အမျိုးအနွယ်၏အဓိကပုဂ္ဂိုလ်မှာ ဘုရားသခင်၏သားတော် ယေရှုဖြစ်သည်။ ကိုယ်တော်သည် မြေကြီးပေါ်သို့ ကြွလာတော်မူခဲ့ပြီး လူသားတို့ကို ပြန်လည်ရွေးနုတ်ရန် မိမိအသက်ကို ပူဇော်သကာအဖြစ် ပေးဆက်ခဲ့၏။ (ဂလာတိ ၃:၁၆; မဿဲ ၂၀:၂၈) ယေရှု ကောင်းကင်သို့ ထမြောက်ပြီးသည်နှင့် ဘုရားသခင့်နိုင်ငံတော်ဘုရင်ဖြစ်လာသည်။ မြေကြီးကိုအမွေရသည့် စိတ်နှိမ့်ချသူများတွင် ကိုယ်တော်သည် ဦးဆုံးဖြစ်ပြီး ကိုယ်တော်နှင့်အတူ တွဲဖက်အုပ်ချုပ်ရန် ကောင်းကင်သို့ထမြောက်သည့် ရွေးချယ်ခံသစ္စာရှိသူများလည်း မြေကြီးကိုအမွေရကြသည်။ (ဆာလံ ၂:၆-၉) အချိန်တန်လျှင် ဤအုပ်ချုပ်ရေးသည် ဘုရားသခင့်မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ် ပြောင်းလဲပေးပါလိမ့်မည်။ စိတ်နှိမ့်ချသူ သန်းပေါင်းများစွာသည် ယေရှုခရစ်နှင့် တွဲဖက်ဘုရင်များ၏အုပ်ချုပ်မှုအောက် အကျိုးကျေးဇူးခံစားရခြင်းဖြင့် ‘မြေကြီးကိုအမွေခံရ’ ကြပါလိမ့်မည်။—ကမ္ဘာဦး ၃:၁၅; ဒံယေလ ၂:၄၄၊ ၄၅; တမန်တော် ၂:၃၂၊ ၃၃; ဗျာ. ၂၀:၅၊ ၆။
“ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”
တမန်တော်ယောဟန်၏ စိတ်အာရုံတွင် ကောင်းကင်နှင့်မြေကြီးဆိုင်ရာ ကယ်တင်ခြင်းနှစ်မျိုးကို ဖော်ပြထားသည်။ ခရစ်တော်၏သစ္စာရှိတပည့်များမှ ရွေးကောက်ထားသူများသည် ကောင်းကင်ပလ္လင်များပေါ် ထိုင်နေသည်ကို သူမြင်တွေ့ခဲ့၏။ သူတို့ကို “ရှင်ဘုရင်အရာ၌ . . . ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။ (ဗျာ. ၅:၉၊ ၁၀) ယေရှုခရစ်နှင့် တွဲဖက်အမွေခံများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်နိုင်ငံတော်နှင့် ယင်း၏အုပ်ချုပ်မှုအောက် ပြန်လည်တည်ထောင်သော မြေကြီးသည် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာမည့် ကဏ္ဍနှစ်ရပ်ဖြစ်သည်။ ဤအစီအစဉ်အားလုံးက ဘုရားသခင့်မူလရည်ရွယ်ချက်အတိုင်း မြေကြီးပရဒိသုကို ပြန်လည်တည်ထောင်စေမည်။
စံပြဆုတောင်းချက်တွင် ယေရှုက ဘုရားသခင့်အလိုတော်သည် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” ရန် ဆုတောင်းဖို့ မိမိတပည့်များကိုသင်ပေးခဲ့၏။ (မဿဲ ၆:၉၊ ၁၀) အကယ်၍ မြေကြီးပျက်စီးသွားမည် သို့မဟုတ် ယင်းသည် ကောင်းကင်ဆိုင်ရာ ပုံဆောင်ချက်မျှသာဖြစ်မည်ဆိုလျှင် ထိုစကားများ အဓိပ္ပာယ်ရှိပါဦးမည်လော။ ဖြောင့်မတ်သူအားလုံး ကောင်းကင်သွားမည်ဆိုလျှင်လည်း အဓိပ္ပာယ်ရှိပါမည်လော။ ကမ္ဘာဦးကျမ်းမှစ၍ ဗျာ.ကျမ်းအထိ ကျမ်းစာတစ်အုပ်လုံးတွင် မြေကြီးအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို ရှင်းလင်းစွာဖော်ပြထားသည်။ မြေကြီးသည် ဘုရားသခင်ရည်ရွယ်ထားသည့်အတိုင်း ပရဒိသုဖြစ်လာမည်။ ယင်းသည် ဖြစ်မြောက်လာမည်ဟု ဘုရားသခင်ကတိပေးထားသော အလိုတော်ဖြစ်သည်။ ယင်းအလိုတော် ပြည့်စုံလာရေးအတွက် မြေကြီးပေါ်ရှိ သစ္စာရှိသူများ ဆုတောင်းကြပါသည်။
လူသားများ မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခြင်းသည် “ပြောင်းလဲခြင်းမရှိ” သော ဖန်ဆင်းရှင်ဘုရားသခင်၏ မူလရည်ရွယ်ချက်ဖြစ်သည်။ (မာလခိ ၃:၆; ယောဟန် ၁၇:၃; ယာကုပ် ၁:၁၇) ဤကင်းမျှော်စင်မဂ္ဂဇင်းသည် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလာမည့် ကဏ္ဍနှစ်ရပ်နှင့်ပတ်သက်၍ နှစ်တစ်ရာကျော် ရှင်းပြလာခဲ့ပြီ။ ယင်းက သမ္မာကျမ်းစာပါ မြေကြီးဆိုင်ရာပြန်လည်တည်ထောင်ခြင်း ကတိတော်များကို နားလည်သဘောပေါက်စေခဲ့ပြီ။ သင်သည် ယေဟောဝါသက်သေများနှင့် ဆွေးနွေးခြင်းဖြင့်ဖြစ်စေ၊ ဤမဂ္ဂဇင်းထုတ်ဝေသူများထံ ဆက်သွယ်ခြင်းဖြင့်ဖြစ်စေ ယင်းအကြောင်း ထပ်ဆင့်လေ့လာရန် ကျွန်ုပ်တို့ တိုက်တွန်းလိုပါသည်။
[အောက်ခြေမှတ်ချက်]
a ဘာသာပြန်ကျမ်းစာများစွာက ဟေဗြဲစကားလုံး ‘အီရဲတ်စ်’ ကို “မြေကြီး” အစား “ပြည်တော်” ဟုပြန်ဆိုကြသည်။ သို့သော် ဆာလံ ၃၇:၁၁၊ ၂၉ ပါ ‘အီရဲတ်စ်’ သည် ဣသရေလလူမျိုး၏ပြည်တော် ကိုသာမဆိုလိုပါ။ ဝီလျံဝီလ်ဆင်၏ ဓမ္မဟောင်းကျမ်းစကားလုံးကိုလေ့လာခြင်း စာအုပ်တွင် ‘အီရဲတ်စ်’ ကို “အကျယ်ပြန့်ဆုံးသဘောဖြင့်သုံးသော် လူနေထိုင်နိုင်ရာဒေသနှင့် လူမနေထိုင်နိုင်ရာဒေသ နှစ်ခုစလုံးပါဝင်သော မြေကြီး၊ အကန့်အသတ်သဘောဖြင့်သုံးသော် မြေကြီးပေါ်ရှိ နယ်မြေဒေသ သို့မဟုတ် နိုင်ငံတစ်ခု” ဟုအဓိပ္ပာယ်ဖွင့်ထားသည်။ ထို့ကြောင့် ထိုဟေဗြဲစကားလုံး၏အဓိကအဓိပ္ပာယ်မှာ ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးဖြစ်သည်။—၁၉၈၆၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၃၁ ရှု [လိပ်]။
-