ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၅/၁ စာ. ၁၄-၂၀
  • “ဖတ်ရှုသူသည် ပိုင်းခြားသိမြင်မှုကိုသုံးပါလေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဖတ်ရှုသူသည် ပိုင်းခြားသိမြင်မှုကိုသုံးပါလေ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ”
  • အနာဂတ်တိုက်ခိုက်မှု
  • ‘ထွက်ပြေးခြင်း’—မည်သို့နည်း
  • “ကြီးစွာသောဒုက္ခ” မတိုင်မီ လုံခြုံရာသို့ ထွက်ပြေးလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၅/၁ စာ. ၁၄-၂၀

“ဖတ်ရှုသူသည် ပိုင်းခြားသိမြင်မှုကိုသုံးပါလေ”

“ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်ကို သင်တို့မြင်ရလျှင် . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။”—မဿဲ ၂၄:၁၅၊ ၁၆။

၁။ လုကာ ၁၉:၄၃၊ ၄၄ တွင်တွေ့ရသည့် ယေရှု၏သတိပေးချက်က အဘယ်အရာကိုဖြစ်စေခဲ့သနည်း။

ချဉ်းကပ်လာနေသောဘေးဆိုးကို ကြိုသိထားခြင်းက ပုန်းရှောင်စေနိုင်၏။ (သု. ၂၂:၃) သို့ဖြစ်၍ စီ.အီး. ၆၆ ၌ရောမတို့တိုက်ခိုက်ပြီးနောက် ယေရုရှလင်မြို့ထဲရှိ ခရစ်ယာန်များ၏အခြေအနေကို မြင်ယောင်ကြည့်ပါ။ မြို့တော်သည် ဝန်းရံဖျက်ဆီးခံရလိမ့်မည်ဟု ယေရှုကသတိပေးခဲ့သည်။ (လုကာ ၁၉:၄၃၊ ၄၄) ဂျူးအများစုက ကိုယ်တော်ကို ဥပေက္ခာပြုခဲ့ကြသည်။ တပည့်တော်များမူကား ကိုယ်တော့်သတိပေးချက်ကို လိုက်နာခဲ့ကြ၏။ ယင်းကြောင့် စီ.အီး. ၇၀ တွင်ဖြစ်ပျက်ခဲ့သောဘေးဆိုးမှ သူတို့လွတ်မြောက်ခဲ့ကြသည်။

၂၊ ၃။ မဿဲ ၂၄:၁၅-၂၁ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ပရောဖက်ပြုချက်ကို အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။

၂ ယနေ့ ကျွန်ုပ်တို့နှင့်သက်ဆိုင်သော ပရောဖက်ပြုချက်တစ်ခုတွင် ယေရှုသည် စစ်မှုများ၊ အစာခေါင်းပါးမှုများ၊ မြေငလျင်များ၊ ကပ်ရောဂါများနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူ ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းခြင်းတို့ပါဝင်သည့် စုပေါင်းနိမိတ်တစ်ခုကို ဖော်ပြခဲ့သည်။ (မဿဲ ၂၄:၄-၁၄; လုကာ ၂၁:၁၀-၁၉) အဆုံးနီးကြောင်းသိရှိရန် တပည့်တော်များအတွက် အထောက်အကူပြုမည့် သဲလွန်စတစ်ခု—“ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်”—ကိုလည်း ယေရှုပေးခဲ့သည်။ (မဿဲ ၂၄:၁၅) လေးနက်သောအဓိပ္ပာယ်ရှိသည့် ထိုစကားများသည် ယခုနှင့် နောင်အနာဂတ်တွင် ကျွန်ုပ်တို့၏အသက်တာအပေါ် မည်သို့အကျိုးပြုနိုင်ကြောင်းကိုသိရှိရန် ယင်းကိုပြန်လည်ဆန်းစစ်ကြည့်ကြစို့။

၃ နိမိတ်ကိုဖော်ပြပြီးနောက် ယေရှုက ဤသို့ဆိုခဲ့သည်– “ပရောဖက်ဒံယေလဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်ကို သင်တို့မြင်ရလျှင် ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ [“ဖတ်ရှုသူသည် ပိုင်းခြားသိမြင်မှုကိုသုံးပါလေ၊” ကဘ]။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲကဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆုတောင်းကြလော့။ အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသော [ဆင်းရဲခြင်း] သည် ထိုကာလ၌ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၁၅-၂၁။

၄။ မဿဲ ၂၄:၁၅ သည်ပထမရာစုတွင်ပြည့်စုံခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။

၄ မာကုနှင့်လုကာတို့၏မှတ်တမ်းများက အသေးစိတ်အချက်အလက်များကို ထပ်ဆင့်ဖော်ပြသည်။ မဿဲက “သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်” ဟုဖော်ပြသော်လည်း မာကု ၁၃:၁၄ က “မနေသင့်သောအရပ်၌စိုက်နေသည်” ဟုဆို၏။ လုကာ ၂၁:၂၀ တွင်ယေရှု၏ဤစကားကို ထပ်ဆင့်ဖော်ပြခဲ့သည်– “ယေရုရှလင်မြို့ကို ဗိုလ်ခြေများဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ ထိုမြို့သည် ပျက်စီးခြင်းသို့ရောက်လုသည်ကို သိမှတ်ကြလော့။” ယင်းက ပထမပြည့်စုံမှုသည် စီ.အီး. ၆၆ ၌စတင်ခဲ့သော ဂျူးများအတွက် သန့်ရှင်းသော်လည်း ယေဟောဝါအတွက် မသန့်ရှင်းတော့သော ယေရုရှလင်မြို့နှင့် ၎င်း၏ဗိမာန်တော်ကို ရောမတို့တိုက်ခိုက်ခြင်းပါဝင်ခဲ့ကြောင်း သိရှိစေသည်။ စီ.အီး. ၇၀ တွင်မြို့တော်နှင့်ဗိမာန်တော်ကို ရောမတို့ဖျက်ဆီးခဲ့သောအခါ လုံးဝပျက်စီးခဲ့သည်။ ထိုအချိန်က “ရွံရှာဖွယ်အရာ” သည်အဘယ်နည်း။ ယင်းသည် အဘယ်နည်းဖြင့် “သန့်ရှင်းသောအရပ်ဌာန၌စိုက်နေ” ခဲ့သနည်း။ ဤမေးခွန်းများ၏အဖြေက မျက်မှောက်ခေတ်ပြည့်စုံမှုကို ရှင်းလင်းစေပါလိမ့်မည်။

၅၊ ၆။ (က) ဒံယေလအခန်းကြီး ၉ ကိုဖတ်ရှုသူများသည် အဘယ်ကြောင့် ပိုင်းခြားသိမြင်မှုရှိရန်လိုမည်နည်း။ (ခ) ‘ရွံရှာဖွယ်အရာ’ နှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံခဲ့သနည်း။

၅ ဖတ်ရှုသူများကို ပိုင်းခြားသိမြင်မှုရှိရန် ယေရှုတိုက်တွန်းခဲ့သည်။ အဘယ်အရာကိုဖတ်ရှုသူများနည်း။ ဒံယေလ အခန်းကြီး ၉ ဖြစ်နိုင်စရာရှိသည်။ ထိုတွင် ပရောဖက်ပြုချက်က မေရှိယပေါ်လာမည့်အချိန်ကိုဖော်ပြပြီး သုံးနှစ်ခွဲကြာပြီးနောက် “အသေသတ်ခြင်းကိုခံရလိမ့်မည်” ဟုကြိုတင်ပြောဆိုထားသည်ကို ကျွန်ုပ်တို့တွေ့ရ၏။ ပရောဖက်ပြုချက်က ဤသို့ဆိုသည်– “ရွံရှာဖွယ်သောအရာ၏အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သောသူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်။”—ဒံယေလ ၉:၂၆၊ ၂၇; ဒံယေလ ၁၁:၃၁; ၁၂:၁၁ ကိုလည်းရှု။

၆ ယင်းသည် စောစောပိုင်းနှစ် ၂၀၀ ခန့်က ဗိမာန်တော်ကို အန်တီအုပ်ကပ် ၄ ညစ်ညူးစေခဲ့ခြင်းကိုဆိုလိုသည်ဟု ဂျူးများယူဆခဲ့ကြသည်။ သို့ရာတွင် ယေရှုက ထိုသို့မဆိုဘဲ “ရွံရှာဖွယ်အရာ” သည်ပေါ်လာရဦးမည်ဖြစ်ပြီး “သန့်ရှင်းသောအရပ်ဌာန” ၌စိုက်ရလိမ့်မည်ကို ပိုင်းခြားသိမြင်ရန်တိုက်တွန်းခဲ့၏။ ယေရှုသည် ထူးခြားသောအလံများနှင့် စီ.အီး. ၆၆ တွင်ရောက်ရှိလာမည့် ရောမတပ်ကိုရည်ညွှန်းနေသည်မှာ ထင်ရှား၏။ ကြာမြင့်စွာကတည်းကအသုံးပြုခဲ့ကြသည့် အဆိုပါအလံများသည် အမှန်ဆိုလျှင်ရုပ်ပုံများဖြစ်ပြီး ဂျူးများအတွက် ရွံရှာဖွယ်အရာများဖြစ်ခဲ့သည်။a သို့သော် ယင်းတို့သည် အဘယ်အချိန်တွင် ‘သန့်ရှင်းရာအရပ်၌စိုက်နေ’ မည်နည်း။ ရောမတပ်သည် ယင်း၏အလံများဆောင်လျက် သန့်ရှင်းရာအရပ်ဟု ဂျူးများယူဆခဲ့ကြသည့် ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကို တိုက်ခိုက်ချိန်၌ဖြစ်ပျက်ခဲ့သည်။ ရောမတို့သည် ဗိမာန်တော်နယ်မြေတံတိုင်းကိုပင် စတင်တူးဖော်ခဲ့ကြသည်။ မှန်ပါသည်၊ ကြာမြင့်စွာကတည်းက ရွံရှာခဲ့သောအရာသည် ယခု သန့်ရှင်းရာအရပ်၌ စိုက်နေပေပြီ!—ဟေရှာယ ၅၂:၁; မဿဲ ၄:၅; ၂၇:၅၃; တမန်တော် ၆:၁၃။

မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ”

၇။ ကျွန်ုပ်တို့ခေတ်တွင် ယေရှု၏အဘယ်ပရောဖက်ပြုချက် ပြည့်စုံနေသနည်း။

၇ ပထမကမ္ဘာစစ်ကတည်းက မဿဲအခန်းကြီး ၂၄ တွင်မှတ်တမ်းတင်ထားသော ယေရှုနိမိတ်၏ သာ၍ကြီးမားသည့်ပြည့်စုံချက်ကို တွေ့မြင်ခဲ့ကြပြီ။ သို့တိုင် ကိုယ်တော်၏ ဤစကားများကိုသတိရပါ– “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌စိုက်နေသည်ကို သင်တို့မြင်ရလျှင် . . . ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (မဿဲ ၂၄:၁၅၊ ၁၆) ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ကျွန်ုပ်တို့အချိန်တွင်လည်း ပြည့်စုံရမည်။

၈။ ယေဟောဝါသက်သေများသည် မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” ကိုနှစ်များတစ်လျှောက် မည်သို့ခွဲခြားဖော်ပြခဲ့ကြပြီးဖြစ်သနည်း။

၈ ဤပရောဖက်ပြုချက်ပြည့်စုံမည်အကြောင်း ယေဟောဝါကျေးကျွန်များ၏ယုံကြည်စိတ်ချမှုကို ဇန်နဝါရီ ၁၊ ၁၉၂၁ ကင်းမျှော်စင် [လိပ်] က အရှေ့အလယ်ပိုင်းဒေသမှ အဖြစ်အပျက်များနှင့်ပတ်သက်ပြီး ယင်းကို အာရုံစိုက်ခြင်းက ဖော်ပြခဲ့သည်။ နောက်ပိုင်း ဒီဇင်ဘာ ၁၅၊ ၁၉၂၉ ထုတ်ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၇၄ တွင် ဤသို့အတိအကျဆိုခဲ့သည်– “နိုင်ငံပေါင်းချုပ်အဖွဲ့၏သဘောထားသည် ဘုရားသခင်နှင့်ခရစ်တော်ထံမှ လူတို့ကိုဦးလှည့်သွားစေဖို့ဖြစ်သဖြင့် ၎င်းသည် စာတန်မွေးထုတ်သောရွံရှာဖွယ်အရာဖြစ်ကာ ဘုရားသခင့်အမြင်တွင် အလွန်ဆိုးရွားသည့်အရာဖြစ်၏။” ထို့ကြောင့် ၁၉၁၉ ခုနှစ်၌ “ရွံရှာဖွယ်အရာ” ပေါ်ထွက်ခဲ့သည်။ အတန်ကြာသော် နိုင်ငံပေါင်းချုပ်အဖွဲ့အစား ယူအဲန်ပေါ်လာခဲ့၏။ ဤလူ့ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည် ဘုရားသခင့်အမြင်တွင် ရွံရှာဖွယ်အရာဖြစ်ကြောင်း ယေဟောဝါသက်သေများဖော်ထုတ်ခဲ့ကြသည်မှာ ကြာမြင့်ပြီ။

၉၊ ၁၀။ ကြီးစွာသောဆင်းရဲခြင်းနှင့်ပတ်သက်၍ အစောပိုင်းနားလည်မှုတစ်ခုသည် သန့်ရှင်းရာအရပ်၌ ‘ရွံရှာဖွယ်အရာ’ စိုက်မည့်အချိန်အကြောင်း ကျွန်ုပ်တို့၏အမြင်ကို မည်သို့သြဇာသက်ရောက်ခဲ့သနည်း။

၉ ရှေ့ဆောင်းပါးတွင် မဿဲအခန်းကြီး ၂၄ နှင့် ၂၅ ၏အများစုကိုအတော်အတန်ရှင်းလင်းဖော်ပြထားသည်။ ‘သန့်ရှင်းရာအရပ်၌ စိုက်နေသောရွံရှာဖွယ်’ နှင့်စပ်လျဉ်း၍ ရှင်းလင်းချက်အချို့လိုသေးသလော။ လိုပါသည်။ ယေရှု၏ပရောဖက်ပြုချက်က “သန့်ရှင်းသောအရပ်ဌာန၌စိုက်နေ” ခြင်းနှင့် ကြိုတင်ဟောထားသောဆင်းရဲခြင်းစဖြစ်မှုကို နီးကပ်စွာဆက်နွှယ်ထားသည်။ ထို့ကြောင့် “ရွံရှာဖွယ်အရာ” သည် ကြာမြင့်စွာကတည်းကတည်ရှိခဲ့လင့်ကစား ‘သန့်ရှင်းရာအရပ်၌စိုက်နေ’ ခြင်းနှင့် ကြီးစွာသောဆင်းရဲခြင်း ဆက်စပ်ပုံသည် ကျွန်ုပ်တို့၏စဉ်းစားမှုအပေါ် သက်ရောက်မှုရှိသင့်သည်။ မည်သို့အားဖြင့်နည်း။

၁၀ ၁၉၁၄ တွင်ကြီးစွာသောဆင်းရဲခြင်း၏ ပထမအပိုင်းစတင်ခဲ့ပြီး အာမဂေဒုန်စစ်ပွဲတွင် နောက်ဆုံးအပိုင်းဖြစ်ပျက်မည်ဟု ဘုရားသခင့်လူတို့ တစ်ချိန်ကနားလည်ခဲ့ကြသည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅; ဧပြီ ၁၊ ၁၉၃၉၊ ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၁၁၀ နှိုင်းယှဉ်။) ထို့ကြောင့် နောက်ပိုင်း “ရွံရှာဖွယ်အရာ” သည် ပထမကမ္ဘာစစ်ဖြစ်ပြီးမကြာမီ သန့်ရှင်းရာအရပ်၌စိုက်နေရမည်ဟု အဘယ်ကြောင့်တစ်ချိန်ကယူဆခဲ့ကြောင်း ကျွန်ုပ်တို့နားလည်နိုင်ပါသည်။

၁၁၊ ၁၂။ ၁၉၆၉ ခုနှစ်တွင် ကြီးစွာသောဆင်းရဲခြင်းနှင့်ပတ်သက်၍ ပြုပြင်ထားသည့် အဘယ်ရှုမြင်ချက်ကို ဖော်ပြခဲ့သနည်း။

၁၁ သို့ရာတွင် နောက်ပိုင်းနှစ်များ၌ ကျွန်ုပ်တို့သည် ခြားနားစွာသိမြင်လာခဲ့ကြပြီ။ ဇူလိုင် ၁၀၊ ၁၉၆၉ ကြာသပတေးနေ့၌ နယူးယောက်မြို့တွင်ကျင်းပခဲ့သော “မြေကြီးပေါ်ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာအစည်းအဝေး၌ ထိုစဉ်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဒု-ဥက္ကဋ္ဌဖြစ်သူ အက်ဖ်. ဒဗလျူ. ဖရန့်ဇ်က စိတ်တက်ကြွစေသော ဟောပြောချက်တစ်ခုပေးခဲ့သည်။ ယေရှု၏ပရောဖက်ပြုချက်ကို ယခင်က နားလည်ခဲ့သည့်အကြောင်း ပြန်ဆွေးနွေးတင်ပြရာတွင် ညီအစ်ကိုဖရန့်ဇ်က ဤသို့ဆိုခဲ့သည်– “စီ.အီး. ၁၉၁၄ တွင် ‘ကြီးစွာသောဆင်းရဲခြင်း’ စတင်ခဲ့သော်လည်း ယင်းကို ပြီးဆုံးခွင့်မပေးဘဲ ၁၉၁၈ ခု၊ နိုဝင်ဘာတွင် ပထမကမ္ဘာစစ်ကို ဘုရားသခင်ရပ်တန့်စေခဲ့သည်ဟု ရှင်းလင်းဖော်ပြခဲ့၏။ ထိုအချိန်မှစ၍ ဘုရားသခင်သည် အာမဂေဒုန်စစ်ပွဲတွင် ‘ကြီးစွာသောဆင်းရဲခြင်း’ ၏နောက်ဆုံးအပိုင်းကို ပြန်အစမပြုမီ ကြားကာလအတွင်း မိမိရွေးကောက်ထားသော ဘိသိက်ခံခရစ်ယာန်အကြွင်းအကျန်၏လုပ်ငန်းထမ်းဆောင်ရန်အတွက် အချိန်ပေးခဲ့သည်။”

၁၂ ထို့နောက် ဤထူးခြားသောပြုပြင်ရှင်းလင်းချက်ကို တင်ပြခဲ့သည်– “ပထမရာစုဖြစ်ရပ်များနှင့်ကိုက်ညီဖို့ . . . ပုံဆောင် ‘ကြီးစွာသောဆင်းရဲခြင်း’ သည် စီ.အီး. ၁၉၁၄ တွင်မစတင်ခဲ့ပါ။ ယင်းအစား ၁၉၁၄-၁၉၁၈ တွင်မျက်မှောက်ခေတ် ပုံဆောင်ယေရုရှလင်မြို့အပေါ် ကျရောက်ခဲ့သည့်အမှုသည် ‘ဆင်းရဲခြင်း၏အစအဦးမျှဖြစ်’ သည်။ . . . နောက်တစ်ဖန် ‘ကြီးစွာသောဆင်းရဲခြင်း’ သည် ရှေ့တွင်သာရှိသေးသည်၊ အကြောင်းမှာ ယင်းသည် (ခရစ်ယာန်ဘောင်အပါအဝင်) ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပါယာကိုဖျက်ဆီးပြီးနောက် ‘တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌တိုက်သော’ အာမဂေဒုန်စစ်ပွဲဖြစ်ခြင်းကိုဆိုလိုသည်။ ၎င်းကြောင့် ကြီးစွာသောဆင်းရဲခြင်းသည် ရှေ့တွင်သာရှိနေသေးကြောင်းကိုဆိုလိုသည်။

၁၃။ အနာဂတ်တွင် “ရွံရှာဖွယ်အရာ” သည် ‘သန့်ရှင်းရာအရပ်၌စိုက်နေ’ လိမ့်မည်ဟုဆိုခြင်းသည် အဘယ်ကြောင့် ဆင်ခြင်တုံတရားနှင့်ညီသနည်း။

၁၃ ယင်းက သန့်ရှင်းရာအရပ်၌ “ရွံရှာဖွယ်အရာ” စိုက်နေချိန်ကို ပိုင်းခြားသိမြင်ရန် တိုက်ရိုက်အထောက်အကူပြုသည်။ ပထမရာစု၏အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်ပါ။ စီ.အီး. ၆၆ တွင်ရောမတို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ကြသော်လည်း ရုတ်တရက်ဆုတ်ခွာသွားခဲ့ကြရာ ခရစ်ယာန်တို့ကယ်တင်ခံရခွင့်ရခဲ့ကြသည်။ (မဿဲ ၂၄:၂၂) ထို့ကြောင့် ကြီးစွာသောဆင်းရဲခြင်း မကြာမီစတင်တော့မည်ဟု ကျွန်ုပ်တို့မျှော်လင့်ကြသော်လည်း ဘုရားသခင်ရွေးကောက်သူတို့၏အကျိုးအတွက် တိုလိမ့်မည်။ ဤအဓိကအချက်ကိုမှတ်သားပါ– ရှေးခေတ်ကအဖြစ်အပျက်တွင် ‘သန့်ရှင်းရာအရပ်၌ စိုက်နေသောရွံရှာဖွယ်အရာ’ သည် စီ.အီး. ၆၆ တွင်ဗိုလ်ချုပ်ဂဲလပ်စ်လက်အောက်ရှိ ရောမတိုက်ခိုက်မှုနှင့်ဆက်စပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့်ဆင်တူသော မျက်မှောက်ခေတ်တိုက်ခိုက်မှု—ကြီးစွာသောဆင်းရဲခြင်း ရုတ်တရက်ဖြစ်ပျက်မှု—သည် ရှေ့တွင်ရှိနေဆဲဖြစ်၏။ ထို့ကြောင့် ၁၉၁၉ ခုနှစ်ကတည်းက တည်ရှိခဲ့သည့် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” သည် သန့်ရှင်းရာအရပ်၌စိုက်ရဦးမည့်ပုံရှိသည်။b ၎င်းသည် မည်သို့ဖြစ်ပျက်မည်နည်း။ ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်နိုင်သနည်း။

အနာဂတ်တိုက်ခိုက်မှု

၁၄၊ ၁၅။ အာမဂေဒုန်သို့ ဦးတည်နေသည့်ဖြစ်ရပ်များကိုနားလည်ရန် ဗျာဒိတ်အခန်းကြီး ၁၇ ကမည်သို့ထောက်ကူသနည်း။

၁၄ ဗျာဒိတ်ကျမ်းက ဗာဗုလုန်ဘာသာကို အနာဂတ်တွင် ဖျက်ဆီးတိုက်ခိုက်မှု ဖြစ်လိမ့်မည်ဟု ဖော်ပြသည်။ အခန်းကြီး ၁၇ တွင် . . . ကမ္ဘာ့ဘာသာရေးအင်ပါယာ “ပြည့်တန်ဆာတို့၏အမိ၊ မဟာဗာဗုလုန်” အပေါ်ကျရောက်မည့် ဘုရားသခင့်စီရင်ချက်ကိုဖော်ပြသည်။ ခရစ်ယာန်ဘောင်သည် အဓိကကဏ္ဍမှပါဝင်ပြီး ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲ့ထားသည်ဟုဆို၏။ (ယေရမိ ၇:၄ နှိုင်းယှဉ်။) ခရစ်ယာန်ဘောင်အပါအဝင် ဗာဗုလုန်ဘာသာရေးများသည် ‘လောကဘုရင်’ များနှင့် မပတ်သက်သင့်ဘဲ ကြာမြင့်စွာကတည်းက ပတ်သက်ခဲ့ကြသော်လည်း ၎င်းဘာသာများပျက်စီးသွားသည့်အခါ ထိုပတ်သက်မှု အဆုံးတိုင်ပါလိမ့်မည်။ (ဗျာဒိတ် ၁၇:၂၊ ၅) မည်သူ့လက်ချက်ဖြင့်နည်း။

၁၅ တစ်ခဏတည်ရှိ၍ကွယ်ပျောက်ပြီး ပြန်ပေါ်လာသော “သားရဲနီ” ကိုဗျာဒိတ်ကျမ်းကဖော်ပြသည်။ (ဗျာဒိတ် ၁၇:၃၊ ၈) ဤသားရဲကို လောကအုပ်စိုးရှင်များကထောက်မထား၏။ ဤပုံဆောင်သားရဲသည် ငြိမ်းချမ်းရေးအဖွဲ့တစ်ခုအဖြစ် ၁၉၁၉ တွင် နိုင်ငံပေါင်းချုပ်အသင်း (“ရွံရှာဖွယ်အရာ”) အဖြစ်တည်ရှိလာခဲ့ပြီး ယခု ယူအဲန်ဖြစ်နေကြောင်းကို ခွဲခြားသိမြင်ဖို့ ပရောဖက်ပြုချက်ပါအသေးစိတ်အချက်အလက်များက အထောက်အကူပြုသည်။ ဘုရားသခင်သည် ကမ္ဘာ့ဗာဗုလုန်ဘာသာရေးအင်ပါယာကို ဖျက်ဆီးရန်ဤ “သားရဲ” တွင်ပါဝင်သော ကျော်ကြားထင်ရှားသည့် လူ့အုပ်စိုးရှင်အချို့၏နှလုံးတွင် အကြံပေါ်စေလိမ့်မည်ဟု ဗျာဒိတ် ၁၇:၁၆၊ ၁၇ ကဖော်ပြသည်။ ထိုတိုက်ခိုက်မှုသည် ကြီးစွာသောဆင်းရဲခြင်း ရုတ်တရက်စဖြစ်မည့်လက္ခဏာဖြစ်သည်။

၁၆။ ဘာသာရေးနှင့်ပတ်သက်၍ အဘယ်သတိပြုထိုက်သည့်ဖြစ်ရပ်များ ဖြစ်ပျက်နေသနည်း။

၁၆ ကြီးစွာသောဆင်းရဲခြင်း၏အစသည် အနာဂတ်တွင်ရှိနေသေးသဖြင့် “သန့်ရှင်းသောအရပ်ဌာန၌စိုက်နေ” ခြင်းလည်း ရှေ့တွင်ရှိဆဲလော။ ထိုသို့ဖြစ်ကြောင်းထင်ရှား၏။ “ရွံရှာဖွယ်အရာ” သည် ဤရာစုနှစ်အစောပိုင်းတွင် ပေါ်လွင်ထင်ရှားလာခဲ့၍ ဆယ်စုနှစ်အတန်ကြာတည်ရှိခဲ့ပြီဖြစ်ရာ နီးကပ်သောအနာဂတ်တွင် “သန့်ရှင်းသောအရပ်ဌာန၌” ထူးခြားသောနည်းဖြင့် နေရာယူပါလိမ့်မည်။ ပထမရာစုရှိ ခရစ်တော်၏နောက်လိုက်များသည် “သန့်ရှင်းရာအရပ်၌ စိုက်နေ” ခြင်း မည်သို့ဖြစ်ပေါ်လာမည်ကိုသိမြင်ရန် စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသကဲ့သို့ မျက်မှောက်ခေတ်ခရစ်ယာန်များလည်း ထပ်တူပြုနေကြ၏။ အသေးစိတ်အချက်အလက်အားလုံးသိရှိရန် တကယ်ပြည့်စုံမည့်အချိန်ကို စောင့်မျှော်နေရမည်ဟု ဝန်ခံရမည်။ သို့တိုင် နိုင်ငံတချို့တွင် ဘာသာရေးကို မျက်မုန်းကျိုးကြောင်းနှင့် ယင်းစိတ်ထားတိုးပွားလာနေကြောင်း သိသာထင်ရှားသည်။ စစ်မှန်သောယုံကြည်ခြင်းမှသွေဖည်ခဲ့ကြသော ယခင်ခရစ်ယာန်များနှင့်တွဲဖက်၍ တချို့သောနိုင်ငံရေးအင်အားစုများသည် ယေဘုယျအားဖြင့် ဘာသာရေးနှင့် အထူးသဖြင့် စစ်မှန်သောခရစ်ယာန်များကို ရန်ဘက်ပြုမှုတိုးပွားနေစေကြ၏။ (ဆာလံ ၉၄:၂၀၊ ၂၁; ၁ တိမောသေ ၆:၂၀၊ ၂၁) ထို့ကြောင့် နိုင်ငံရေးအာဏာစက်များသည် ယခုပင် “သိုးသငယ်ကိုစစ်တိုက်” နေကြရာ ယင်းတိုက်ပွဲသည် ပြင်းထန်လာလိမ့်မည်ဟု ဗျာဒိတ် ၁၇:၁၄ ကဖော်ပြသည်။ သူတို့သည် သိုးသငယ်—ဘုရားသခင်ချီးမြှောက်ဂုဏ်တင်ထားသည့်ယေရှုခရစ်—ကို ပကတိမတိုက်နိုင်ကြသော်လည်း အထူးသဖြင့် ဘုရားသခင်၏စစ်မှန်သောဝတ်ပြုသူများဖြစ်သည့် ကိုယ်တော်၏ “သန့်ရှင်းသူတို့ကို” အပြင်းအထန်ဆန့်ကျင်တိုက်ခိုက်ကြပါလိမ့်မည်။ (ဒံယေလ ၇:၂၅; ရောမ ၈:၂၇; ကောလောသဲ ၁:၂; ဗျာဒိတ် ၁၂:၁၇ နှိုင်းယှဉ်။) သိုးသငယ်နှင့် အပေါင်းပါများ အောင်ပွဲခံကြလိမ့်မည်ဖြစ်ကြောင်း ဘုရားသခင့်အာမခံချက် ရရှိထားကြသည်။—ဗျာဒိတ် ၁၉:၁၁-၂၁။

၁၇။ သန့်ရှင်းရာအရပ်၌ “ရွံရှာဖွယ်အရာ” စိုက်နေမည့်ပုံနှင့်ပတ်သက်၍ တစ်ဖက်သတ်မဟုတ်ဘဲ မည်သို့ဆိုမည်နည်း။

၁၇ ဖျက်ဆီးခြင်းသည် ဗာဗုလုန်ဘာသာရေးကိုစောင့်ဆိုင်းနေကြောင်း ကျွန်ုပ်တို့သိကြသည်။ မဟာဗာဗုလုန်သည် “သန့်ရှင်းသူတို့၏အသွေးနှင့်ယစ်မူး” ပြီးဘုရင်မတစ်ပါးအလားပြုမူသော်လည်း သူပျက်စီးမည်ကား မုချပင်။ လောကဘုရင်များအပေါ် သူလွှမ်းမိုးထားသည့် မသန့်ရှင်းသောသြဇာသည် “ချိုဆယ်ချောင်းနှင့်သားရဲ” ကသူ့ကိုပြင်းထန်စွာမုန်းတီးလာသည့်အခါ ထိုဆက်ဆံမှုမှာ အကြီးအကျယ်ပြောင်းလဲသွားပါလိမ့်မည်။ (ဗျာဒိတ် ၁၇:၆၊ ၁၆; ၁၈:၇၊ ၈) “သားရဲနီ” သည် ဘာသာရေးပြည့်တန်ဆာကိုတိုက်ခိုက်သောအခါ “ရွံရှာဖွယ်အရာ” သည် ခရစ်ယာန်ဘောင်၏သန့်ရှင်းသည်ဟုဆိုရာအရပ်တွင် ကြောက်လန့်ဖွယ် စိုက်နေပါလိမ့်မည်။c ထိုအခါ မိမိကိုယ်ကိုသန့်ရှင်း၏ဟု ဖော်ညွှန်းသည့် ယုံကြည်ခြင်းမရှိသောခရစ်ယာန်ဘောင်အပေါ်ပျက်စီးခြင်းကျရောက်လိမ့်မည်ဖြစ်သည်။

‘ထွက်ပြေးခြင်း’—မည်သို့နည်း

၁၈၊ ၁၉။ “တောင်ပေါ်သို့ပြေး” ခြင်းသည် ဘာသာပြောင်းခြင်းကိုမဆိုလိုကြောင်း အဘယ်အကြောင်းအရာများကဖော်ပြသနည်း။

၁၈ ‘သန့်ရှင်းရာအရပ်၌ ရွံရှာဖွယ်အရာစိုက်နေခြင်း’ အကြောင်းကိုကြိုတင်ပြောပြီးနောက် ပိုင်းခြားသိမြင်သူများသည် အရေးယူဆောင်ရွက်ကြရန် ယေရှုသတိပေးခဲ့သည်။ ထိုမျှနောက်ကျနေသောအချိန်—‘ရွံရှာဖွယ်အရာသည် သန့်ရှင်းရာအရပ်၌စိုက်နေ’ သောအခါ—တွင် လူများစွာတို့သည် ဗာဗုလုန်ဘာသာရေးမှထွက်ပြီး စစ်မှန်သောဝတ်ပြုရေးကိုခံယူကြလိမ့်မည်ဟု ဆိုလိုခဲ့ပါသလော။ လုံးဝမဆိုလိုခဲ့ပါ။ ပထမပြည့်စုံမှုကိုသုံးသပ်ကြည့်ပါ။ ယေရှုက ဤသို့ဆိုခဲ့သည်– “ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့မဆင်းစေနှင့်။ အိမ်ထဲကတစ်စုံတစ်ခုကိုယူခြင်းငှာ မဝင်စေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။ ထိုနေ့ရက်၌ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ သင်တို့ပြေးရသောအချိန်သည် ဆောင်းကာလ၌ . . . မကျမည်အကြောင်း ဆုတောင်းကြလော့။”—မာကု ၁၃:၁၄-၁၈။

၁၉ ယေရှုကအဓိကအနေနှင့် ယေရုရှလင်တွင်ရှိသူများသည် ဂျူးဝတ်ပြုရေး၏ဗဟိုမှ ထွက်ရန်လိုသည်ဟုဆိုသည့်အလား သူတို့သာလျှင် ထွက်ပြေးဖို့လိုသည်ဟုမဆိုခဲ့ပါ၊ ကိုယ်တော်၏သတိပေးချက်တွင်လည်း ဘာသာပြောင်းခြင်း—အမှားမှထွက်ပြီး အမှန်ကိုခံယူခြင်း—အကြောင်းမပါပေ။ ယေရှု၏တပည့်တော်များသည် ဘာသာတရားတစ်ခုမှ အခြားတစ်ခုသို့ပြောင်းခြင်းအကြောင်း သတိပေးခံရဖို့မလိုပါ။ သူတို့သည် စစ်မှန်သောခရစ်ယာန်များဖြစ်နှင့်နေကြပြီ။ စီ.အီး. ၆၆ တွင်တိုက်ခိုက်မှုက ယေရုရှလင်မြို့နှင့် ယုဒပြည်တစ်ခွင်လုံးရှိ ယုဒဘာသာဝင်များအား ထိုဘာသာကိုစွန့်ပြီး ခရစ်ယာန်ဘာသာကိုခံယူဖို့မလှုံ့ဆော်ပေးခဲ့ပါ။ ဆုတ်ခွာပြေးခဲ့သည့်ရောမတပ်နောက်သို့ လိုက်လံတိုက်ခိုက်သူတို့သည် မြို့သို့ပြန်လာခဲ့ကြကြောင်း ပါမောက္ခဟင်းရိခ်ဂရက်စ်က ဤသို့ဆိုသည်– “စစ်အောင်ပွဲသီချင်းများကိုဟစ်ဆိုလျက် ယေရုရှလင်မြို့သို့ (အောက်တိုဘာ ၈) တွင်ပြန်လာကြသော ဇီးလော့ထ်များသည် လွတ်လပ်ရေးရမည်မျှော်လင့်ချက်ဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ . . . ဘုရားသခင်သည် သူတို့ဘိုးဘေးများကို ကရုဏာရှိစွာကူညီခဲ့သကဲ့သို့ သူတို့ကိုလည်း ကူညီခဲ့ပြီမဟုတ်လော။ ဇီးလော့ထ်များသည် အနာဂတ်အတွက် အဘယ်စိုးရိမ်မှုမျှမရှိခဲ့ကြချေ။”

၂၀။ တောင်ပေါ်သို့ထွက်ပြေးဖို့ ယေရှု၏သတိပေးချက်ကို အစောပိုင်းတပည့်တော်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

၂၀ သို့ဆိုလျှင် ရွေးချယ်ခံရသောသူအနည်းငယ်သည် ထိုစဉ်က ယေရှု၏အကြံပေးစကားကို မည်သို့လိုက်နာခဲ့ကြသနည်း။ ယုဒနယ်ကိုစွန့်ခွာပြီး ယော်ဒန်မြစ်ကိုဖြတ်လျက် တောင်ပေါ်သို့ထွက်ပြေးကြခြင်းအားဖြင့် သူတို့သည် ဂျူးစနစ်ဖြစ်သော နိုင်ငံရေး သို့မဟုတ် ဘာသာရေးတွင်မပါဝင်ကြောင်း ဖော်ပြခဲ့သည်။ သူတို့သည် လယ်ယာအိုးအိမ်များကိုစွန့်ခဲ့ကြပြီး သူတို့အိမ်ထဲရှိပစ္စည်းများကိုပင် မစုသိမ်းခဲ့ကြချေ။ ယေဟောဝါ၏ကာကွယ်မှုနှင့် ထောက်မကူညီမှုကိုရမည်ဟုစိတ်ချကာ အရေးကြီးဟန်ရှိသည့်အရာမှန်သမျှထက် ကိုယ်တော့်ဝတ်ပြုရေးကို အဓိကထားခဲ့ကြသည်။—မာကု ၁၀:၂၉၊ ၃၀; လုကာ ၉:၅၇-၆၂။

၂၁။ “ရွံရှာဖွယ်အရာ” တိုက်ခိုက်သောအခါ အဘယ်အရာကို မျှော်လင့်စရာမလိုသနည်း။

၂၁ ယခု သာ၍ကြီးမားသောပြည့်စုံမှုကို သုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့သည် လူတို့အားဗာဗုလုန်ဘာသာရေးကိုစွန့်ပြီး စစ်မှန်သောဝတ်ပြုရေးကိုခံယူကြဖို့ ဆယ်စုနှစ်များစွာ တိုက်တွန်းခဲ့ကြပြီ။ (ဗျာဒိတ် ၁၈:၄၊ ၅) သန်းပေါင်းများစွာသည် ထိုသို့ပြုခဲ့ကြပြီ။ ကြီးစွာသောဆင်းရဲခြင်း စတင်ဖြစ်ပျက်သည်နှင့် စင်ကြယ်သောဝတ်ပြုရေးသို့ လူများစွာလှည့်လာကြလိမ့်မည်ဟု ယေရှု၏ပရောဖက်ပြုချက်ကမဖော်ပြပါ။ စီ.အီး. ၆၆ တွင် ဂျူးများအပြုံလိုက်ဘာသာပြောင်းလာခဲ့ကြခြင်းမရှိပါ။ သို့တိုင် စစ်မှန်သောခရစ်ယာန်များသည် ယေရှု၏သတိပေးချက်ကိုလိုက်လျှောက်ပြီး ထွက်ပြေးဖို့လှုံ့ဆော်မှုကြီးရှိကြပါလိမ့်မည်။

၂၂။ တောင်ပေါ်သို့ထွက်ပြေးခြင်းနှင့်ပတ်သက်သော ယေရှု၏အကြံပေးချက်ကိုလိုက်လျှောက်ခြင်းတွင် အဘယ်အရာပါဝင်နိုင်သနည်း။

၂၂ ကြီးစွာသောဆင်းရဲခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ယခု ကျွန်ုပ်တို့မဖော်ပြနိုင်သေးပါ၊ သို့သော် ယေရှုပြောသည့် ထွက်ပြေးခြင်းသည် ကျွန်ုပ်တို့အတွက် ပထဝီသဘောအရမဟုတ်ကြောင်း ဆင်ခြင်တုံတရားနှင့်အညီ ကောက်ချက်ချနိုင်ပါသည်။ ဘုရားသခင့်လူတို့သည် ကမ္ဘာတစ်ဝန်း၊ နေရာတိုင်းနီးပါးတွင် ရောက်ရှိနေကြ၏။ သို့သော် ထွက်ပြေးဖို့လိုလာသည့်အခါ ခရစ်ယာန်များသည် မိမိတို့နှင့် ဗာဗုလုန်ဘာသာရေးအဖွဲ့အစည်းများ လုံးလုံးမတူ ကွဲပြားခြားနားမှုကိုဆက်ထိန်းသိမ်းထားကြရလိမ့်မည်။ အဝတ်အစားများ သို့မဟုတ် အခြားပစ္စည်းများကိုပြန်ယူရန် အိမ်မပြန်ဖို့ ယေရှုသတိပေးခဲ့ခြင်းသည်လည်း ထူးခြား၏။ (မဿဲ ၂၄:၁၇၊ ၁၈) ထို့ကြောင့် အနာဂတ်တွင် ရုပ်ပစ္စည်းများကို ကျွန်ုပ်တို့ရှုမြင်ပုံနှင့်ပတ်သက်၍ စမ်းသပ်မှုရှိနိုင်ပေသည်။ ၎င်းတို့သည် သင့်အတွက်အရေးအပါဆုံးအရာဖြစ်သလော။ သို့မဟုတ် ဘုရားသခင့်ဘက်ရပ်တည်ကြသူအားလုံး ကယ်တင်ခြင်းရဖို့ ပိုအရေးကြီးသလော။ မှန်ပါသည်၊ ကျွန်ုပ်တို့ထွက်ပြေးနေကြစဉ် အခက်အခဲများနှင့် ဆင်းရဲမှုများကြုံတွေ့ကြရပေမည်။ ယုဒပြည်နယ်မှ ယော်ဒန်မြစ်ကိုဖြတ်၍ ပေရိယနယ်သို့ထွက်ပြေးခဲ့ကြရသည့် ပထမရာစုရှိ ကျွန်ုပ်တို့နှင့်အခြေအနေတူသူများကဲ့သို့ လိုအပ်သမျှကို လုပ်ဆောင်ကြရန်အသင့်ရှိနေရပါလိမ့်မည်။

၂၃၊ ၂၄။ (က) ကွယ်ကာမှုကို အဘယ်နေရာ၌သာ ကျွန်ုပ်တို့တွေ့ရမည်နည်း။ (ခ) ‘ရွံရှာဖွယ်အရာသည် သန့်ရှင်းရာအရပ်၌စိုက်နေခြင်း’ နှင့်ပတ်သက်သည့် ယေရှု၏သတိပေးချက်သည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း။

၂၃ ကျွန်ုပ်တို့၏ခိုလှုံရာသည် ယေဟောဝါနှင့် ကိုယ်တော်၏တောင်ကဲ့သို့သောအဖွဲ့အစည်းဆက်ဖြစ်နေရန်သေချာစေရမည်။ (၂ ဓမ္မရာဇဝင် ၂၂:၂၊ ၃; ဆာလံ ၁၈:၂; ဒံယေလ ၂:၃၅၊ ၄၄) ထိုနေရာတွင် ကျွန်ုပ်တို့ကာကွယ်မှုရလိမ့်မည်! ကျွန်ုပ်တို့သည် မဟာဗာဗုလုန်ပျက်စီးပြီးနောက် တစ်ခဏတာတည်ရှိမည့် လူ့အဖွဲ့အစည်းများဖြစ်သည့် ‘မြေတွင်းများနှင့် တောင်ပေါ်မှာရှိသောကျောက်များ’ သို့ထွက်ပြေးကြသည့် လူအများစုကို တုပလိမ့်မည်မဟုတ်ချေ။ (ဗျာဒိတ် ၆:၁၅; ၁၈:၉-၁၁) မှန်ပါသည်၊ စီ.အီး. ၆၆ ၌ယုဒနယ်မှထွက်ပြေးခဲ့ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သို့မဟုတ် အေးချမ်းသည့်မိုးကာလ၌ ခရီးသွားသူ မည်သူမဆိုအတွက် ခက်ခဲခဲ့သကဲ့သို့ အချိန်အခါသည် သာ၍ခက်ခဲလာပေမည်။ သို့ရာတွင် ဘုရားသခင်ကယ်တင်နိုင်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ယေဟောဝါနှင့် နိုင်ငံတော်ဘုရင်အဖြစ်စိုးစံနေသော ကိုယ်တော့်သားတော်အပေါ် ကျွန်ုပ်တို့၏မှီခိုအားထားမှုကို ယခုပင်ထပ်လောင်းဖြည့်စွက်ထားကြစို့လေ။

၂၄ အဘယ်အရာဖြစ်ပျက်လာမည်ကိုစိုးရိမ်နေစရာ အကြောင်းမရှိပါ။ ယေရှုသည် ယခင်အချိန်က မိမိ၏တပည့်တော်များကို စိုးရိမ်မနေစေလိုခဲ့သည့်နှယ် ယခု သို့မဟုတ် လာမည့်နေ့ရက်များတွင် ကျွန်ုပ်တို့ကိုလည်း စိုးရိမ်မနေစေလိုချေ။ ကျွန်ုပ်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားစေနိုင်ရန် သတိပေးနှိုးဆော်ထားပြီ။ အမှန်ဆိုလျှင် ဗာဗုလုန်ဘာသာရေးနှင့် ဤအစီအစဉ်စနစ်ဆိုးပျက်စီးသောအခါ နာခံမှုရှိသောခရစ်ယာန်များသည် ပျက်စီးကြလိမ့်မည်မဟုတ်ချေ။ သူတို့သည် ‘သန့်ရှင်းသောအရပ်၌ ရွံရှာဖွယ်အရာစိုက်နေခြင်း’ ကိုပိုင်းခြားသိမြင်လာကြပြီး သတိပေးချက်ကို လိုက်နာကြပါလိမ့်မည်။ ထို့နောက် သူတို့၏ခိုင်ခံ့မြဲမြံသောယုံကြည်ခြင်းနှင့်အညီ ပြတ်သားစွာပြုမူကျင့်ကြံကြပါလိမ့်မည်။ “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟူသောယေရှု၏ကတိတော်ကို မမေ့ကြစို့နှင့်။—မာကု ၁၃:၁၃။

[အောက်ခြေမှတ်ချက်များ]

a “ရောမအလံတံခွန်များကို ရောမဘုရားကျောင်းကန်များတွင် ဘာသာရေးအသွင်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်; အခြားလူမျိုးများကိုတိုက်ခိုက်အောင်မြင်တိုင်း အထိမ်းအမှတ်အလံများအပေါ် သူတို့၏ကြည်ညိုမှုအတိုင်းအတာ တိုးပွားခဲ့သည်။ . . . [စစ်သားများအတွက် ယင်းသည် ကမ္ဘာပေါ်တွင်အမြင့်မြတ်ဆုံးဖြစ်ပေမည်။ ရောမစစ်သားသည် သူ၏အထိမ်းအမှတ်အလံကိုတိုင်တည်၍ ကျိန်ဆိုသည်။”—၁၁ ကြိမ်ထုတ် ဗြိတဲန်နစ်ကာစွယ်စုံကျမ်း။

b စီ.အီး. ၆၆-၇၀ တွင်ယေရှု၏စကားပြည့်စုံမှုသည် ကြီးစွာသောဆင်းရဲခြင်းတွင် မည်သို့ပြည့်စုံလိမ့်မည်ကို နားလည်စေနိုင်သော်လည်း နောက်ခံခြင်းမတူသဖြင့် ထိုပြည့်စုံမှုနှစ်ခုသည် အတိအကျတူညီနိုင်မည်မဟုတ်ကြောင်းကို သတိပြုသင့်သည်။

c ဒီဇင်ဘာ ၁၅၊ ၁၉၇၅ ခုနှစ်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၇၄၁-၄ ရှု။

သင်မှတ်မိသလော

◻ “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” သည် ပထမရာစုတွင် မည်သို့ပေါ်လွင်ထင်ရှားခဲ့သနည်း။

◻ မျက်မှောက်ခေတ် “ရွံရှာဖွယ်အရာ” သည် အနာဂတ်တွင် သန့်ရှင်းရာအရပ်၌ စိုက်နေလိမ့်မည်ဟု အဘယ်ကြောင့်ယူမှတ်စရာအကြောင်းရှိသနည်း။

◻ ဗျာဒိတ်ကျမ်းတွင် “ရွံရှာဖွယ်အရာ” ၏အဘယ်တိုက်ခိုက်မှုကို ကြိုတင်ဖော်ပြထားသနည်း။

◻ အဘယ် ‘ထွက်ပြေးခြင်း’ ကိုကျွန်ုပ်တို့ပြုဖို့လိုဦးမည်နည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မဟာဗာဗုလုန်ကို “ပြည့်တန်ဆာတို့၏အမိ” ဟုခေါ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဗျာဒိတ် အခန်းကြီး ၁၇ ပါသားရဲနီသည် ယေရှုဖော်ပြခဲ့သော “ရွံရှာဖွယ်အရာ” ဖြစ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သားရဲနီသည် ဦးစီး၍ ဘာသာရေးကိုတိုက်ခိုက်ဖျက်ဆီးလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ