ခရစ်တော်ရောက်ရှိနေချိန်အပေါ် ထွန်းလင်းခြင်း
“လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် . . . ကြွလာတော်မူသောအခါ . . . လူအပေါင်းတို့ကို အသီးအခြားခွဲ” လိမ့်မည်။—မဿဲ ၂၅:၃၁၊ ၃၂။
၁ မဿဲ ၂၄:၃ ပါစကားများကို ခရစ်ယာန်ဘောင်ရှိ ဓမ္မဆရာများက မည်သို့အဓိပ္ပာယ်ဖွင့်ဆိုကြသနည်း။
ယေရှုမသေမီသုံးရက်အလိုက တပည့်တော်လေးယောက်သည် ကိုယ်တော်ထံချဉ်းကပ်၍ “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ [ဂရိ၊ ပါရိုစီးယား] ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုစိတ်အားထက်သန်စွာမေးခဲ့ကြသည်။ ကိုယ်တော်သည် မျက်မြင်ရ သွေးသားခန္ဓာကိုယ်ဖြင့် လူသားအားလုံးမြင်နိုင်ရန် တစ်ဖန်ကြွလာဦးမည်ဟု မဿဲ ၂၄:၃ (King James Version) ပါယေရှုအားဆိုခဲ့သော ဤစကားများကို ခရစ်ယာန်ဘောင်ရှိ ဓမ္မဆရာများနှင့်စာရေးဆရာများ အဓိပ္ပာယ်ဖွင့်ဆိုကြသည်မှာ နှစ်ရာစုပေါင်းများစွာရှိပြီ။ ထို့ကြောင့် ခရစ်တော်ပြန်ကြွလာခြင်းသည် ခမ်းနားကြီးကျယ်မှုနှင့် မြင်နိုင်သည့်ပွဲလမ်းသဘင်ပုံစံမျိုးဖြစ်မည်ဟု သူတို့သွန်သင်ကြသည်။ ယင်းကို ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းဟု ရည်ညွှန်းပြောဆိုကြသည်။ သို့သော် ထိုအယူအဆများ မှန်ကန်ပါသလော။
၂၊ ၃။ (က) Studies in the Scriptures စာစောင်အတွဲ ၂ က “ရောက်ရှိနေခြင်း” နှင့် “လာခြင်း” ကိုမည်သို့ခွဲခြားဖော်ပြသနည်း။ (ခ) ယေဟောဝါ၏လူများသည် ပါရိုစီးယား၏အဓိပ္ပာယ်နှင့်စပ်လျဉ်း၍ မည်သို့နားလည်လာသနည်း။
၂ ၁၈၈၉ ခုနှစ်ရောက်သောအခါ ၁၉ ရာစုနှစ်အလင်းဆောင်သူများဖြစ်သော ယေဟောဝါ၏ဘိသိက်ခံများသည် ခရစ်တော်ပြန်ကြွလာခြင်းနှင့် ပတ်သက်သောပြုပြင်ပြောင်းလဲချက်ကို လက်ခံရရှိခဲ့ကြပြီးဖြစ်သည်။ Studies in the Scriptures စာစောင်အတွဲ ၂၊ စာမျက်နှာ ၁၅၈ မှ ၁၆၁ တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဥက္ကဌဖြစ်သူ ချားလ်စ်၊ တီ၊ ရပ်စဲလ်က “ပါရိုစီးယား . . . သည် ရောက်ရှိနေခြင်းကို ထင်ရှားပြပြီး သာမန်အင်္ဂလိပ်ကျမ်းစာများတွင်ဘာသာပြန်ဆိုသကဲ့သို့ ကြွလာခြင်း ဟုမည်သည့်အခါမျှ မပြန်ဆိုသင့်ပါ။ . . . ဓမ္မသစ်ကျမ်းကိုဘာသာပြန်ဆိုထားသည့် အလွန်တန်ဖိုးရှိသော ‘Emphatic Diaglott,’ တွင် ပါရိုစီးယား ကို ရောက်ရှိနေခြင်း ဟုတော်လျော်စွာပြန်ဆိုထားသည်။ . . . လမ်း၌သာရှိသေးသကဲ့သို့ ကြွလာနေခြင်း မဟုတ်ဘဲ ရောက်နေပြီးသကဲ့သို့ ရောက်ရှိနေခြင်း ဖြစ်သည် . . . [ယေရှု] ကပြောသည်မှာ ‘နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသား ပါရိုစီးယား [ရောက်ရှိနေ] သောအခါဖြစ်လိမ့်မည်’ ဟူ၍ဖြစ်သည်။ နောဧ၏ လာခြင်း နှင့် ကျွန်ုပ်တို့သခင်၏ လာခြင်း တို့ကိုနှိုင်းယှဉ်ခြင်းမဟုတ်ဘဲ . . . နှိုင်းယှဉ်ချက်မှာ ‘ရေလွှမ်းမိုးခြင်း မတိုင်မီ’ လူများအလယ်တွင် နောဧရှိနေချိန်နှင့် ‘မီးလောင်ကျွမ်းခြင်းမတိုင်မီ’ လောကသို့ခရစ်တော်ရောက်ရှိနေသည့်၊ ကိုယ်တော့်ဒုတိယအကြိမ်ပေါ်ထွန်းချိန်—ဤလူမျိုးဆက်အဆုံးတိုင်သည့် သခင် [ယေဟောဝါ] ၏အလွန်ပြင်းထန်သည့် ဆင်းရဲဒုက္ခနေ့ရက်များစပ်ကြားဖြစ်သည်။”—မဿဲ ၂၄:၃၇။
၃ ထို့ကြောင့် ခရစ်တော်၏ပါရိုစီးယားသည် မျက်မြင်မရဖြစ်သည်ကို ၁၉ ရာစုရှိ ယေဟောဝါ၏လူများ သဘောပေါက်ခဲ့ကြသည်။ တစ်ပါးအမျိုးသားအချိန်ကုန်ဆုံးခြင်းသည် ၁၉၁၄ ခုနှစ် နွေဦးရာသီတွင် ကျရောက်မည်ဖြစ်ကြောင်းကိုလည်း သူတို့နားလည်ခဲ့ကြသည်။ ဝိညာဏအသိပညာထွန်းလင်းမှု တိုးပွားလာသည်နှင့်အမျှ ယေရှုခရစ်တော်သည် ထို ၁၉၁၄ ခုနှစ်၌ပင် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် မင်းမြှောက်ခံခဲ့ရကြောင်းကို နောက်ပိုင်းတွင် သူတို့သိနားလည်လာခဲ့ကြသည်။—သု၊ ၄:၁၈။ ဒံယေလ ၇:၁၃၊ ၁၄။ လုကာ ၂၁:၂၄။ ဗျာဒိတ် ၁၁:၁၅။
“ကျွန်ုပ်တို့သခင် ရောက်ရှိနေခြင်း”
၄။ “ကျွန်ုပ်တို့သခင်ယေရှု၏ရောက်ရှိနေခြင်း” သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။
၄ ထိုကြောင့် ကျွန်ုပ်တို့ခေတ်တွင် “ကျွန်ုပ်တို့သခင်ယေရှု၏ရောက်ရှိနေခြင်း” သည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (၁ သက်သာလောနိတ် ၅:၂၃) “ရောက်ရှိနေခြင်း၊” ပါရိုစီးယားသည် “ရာထူးမြင့်မားသည့်ပုဂ္ဂိုလ်တစ်ဦး လည်ပတ်ရောက်ရှိခြင်း၊ အထူးသဖြင့် ဘုရင်များနှင့် မင်းဧကရာဇ်များတို့သည် နယ်မြေများကို လည်ပတ်ရောက်ရှိခြင်းတို့အတွက် တရားဝင်အဓိပ္ပာယ်ဖြစ်လာခဲ့သည်” ဟု အာဏာပိုင်တစ်ဦးက မှတ်ချက်ချသည်။ ထို့ကြောင့် ဤအသုံးအနှုန်းက သခင်ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်နှင့်နောက်ပိုင်း၌ ကောင်းကင်ပလ္လင်တွင်နန်းတက်ပြီး ဘုရင်အဖြစ်ကြွမြန်းရောက်ရှိနေတော်မူခြင်းကို ရည်ညွှန်းပါသည်။ ကိုယ်တော်သည် ‘ရန်သူတို့၏အလယ်၌အုပ်စိုး’ ရန်မျက်မြင်မရနည်းဖြင့်ရောက်ရှိနေပြီး ဘုရင်အဖြစ်တက်ကြွစွာအုပ်စိုးနေကာ ပရောဖက်ပြုညွှန်ကြားချက်များကို ပြည့်စုံစေတော်မူနေသည်။ (ဆာလံ ၁၁၀:၂) ယခုမြေကြီးပေါ်ရှိလူသားများသည် ခရစ်တော်၏မျက်မြင်မရနည်းဖြင့် ဘုရင်အဖြစ်ရောက်ရှိနေတော်မူခြင်း၏အကျိုးဆက်များကို တွေ့ကြုံခဲ့ကြရသည်မှာ ၇၉ နှစ်ခန့်ရှိပြီဖြစ်သည်။
၅။ ဤမဂ္ဂဇင်း၏ သင်တန်းဆောင်းပါးသုံးခုတွင် ပါရိုစီးယားအတွင်း အဘယ်အဖြစ်အပျက်များကို ဆွေးနွေးကြမည်နည်း။
၅ ဤအခန်းဆက်အပိုင်းသုံးပိုင်းတွင် ဤခေတ်ကာလအတောအတွင်း ခရစ်တော်၏နိုင်ငံတော် ပြီးပြည့်စေသောအရာများ၏ စွဲမှတ်ဖွယ်အထောက်အထားများကို ပြန်လည်သုံးသပ်ပြကြမည်။ ပထမအနေနှင့် ဖြစ်ပျက်ပြီးသော သို့မဟုတ် ဖြစ်ပျက်တော့မည့် ကျမ်းစာပရောဖက်ပြုချက်အမြောက်အမြားကို တင်ပြထားသည်။ ဒုတိယအနေနှင့် ဘုရင့်အာဏာနှင့် ယေရှုရောက်ရှိနေသည့် ကာလတစ်လျှောက်အတွင်း ကိုယ်တော်အသုံးပြုတော်မူသော သစ္စာနှင့်သတိပညာရှိ ကျေးကျွန်အတန်းအစား၏ ပြီးစီးအောင်မြင်စေသော ကြီးကျယ်သည့်လုပ်ငန်းအကြောင်းကို ဖော်ပြပါမည်။ (မဿဲ ၂၄:၄၅-၄၇) တတိယဆောင်းပါးက “ကြီးစွာသောဒုက္ခ” ကာလဖြစ်သည့် မဟာနိဂုံးချုပ်ခြင်းကို ကျွန်ုပ်တို့အတွက် တင်ပြလိမ့်မည်။ ထိုအချိန်သည် မဖြောင့်မတ်သူများကိုဖျက်ဆီးပြီး ဖြောင့်မတ်သူများကိုကယ်တင်ရန် မဟာတရားစီရင်သူအဖြစ် ယေရှုကြွလာသည့်အချိန်ဖြစ်သည်။ (မဿဲ ၂၄:၂၁၊ ၂၉-၃၁) ထိုဖျက်ဆီးရာကာလအကြောင်း တမန်တော်ပေါလု ဤသို့ဖော်ပြပါသည်။ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှု၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ သင်တို့ကိုဆင်းရဲစေဖူးသောသူတို့၌ ဆင်းရဲခြင်းကိုလည်းကောင်း၊ ဆင်းရဲခံရဖူးသောသင်တို့၌ ငါတို့နှင့်အတူချမ်းသာခြင်းကိုလည်းကောင်း ဘုရားသခင်ဆပ်ပေး၍ တရားစီရင်တော်မူလိမ့်မည်။”—၂ သက်သာလောနိတ် ၁:၇၊ ၈။
ပုပ္ပနိမိတ်
၆။ မဿဲ အခန်းကြီး ၂၄ နှင့် ၂၅ တွင်အဘယ်စုပေါင်းနိမိတ်ကို ဖော်ပြထားသနည်း။
၆ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင့်ကိုးရာကျော်က အလင်းဆောင်သည့် ယေရှု၏တပည့်တော်များသည် အနာဂတ်တွင် ဘုရားသခင့်နိုင်ငံတော်တန်ခိုးနှင့် ကိုယ်တော်၏ရောက်ရှိနေခြင်းဆိုင်ရာ နိမိတ်တစ်ခု၊ သို့မဟုတ် အထောက်အထားကို တောင်းဆိုခဲ့ကြသည်။ မဿဲအခန်းကြီး ၂၄ နှင့် ၂၅ တို့တွင် မှတ်တမ်းတင်ထားသည့် ကိုယ်တော်၏အဖြေက ယခုအခါ ကမ္ဘာအရပ်ရပ်တွင် တိုးတက်ပြည့်စုံနေသော စုပေါင်းနိမိတ်တစ်ခုတင်ပြပါသည်။ ထိုနိမိတ်၏ပြည့်စုံချက်က ဒုက္ခဆင်းရဲခြင်းနှင့်စမ်းသပ်ရာကာလဖြစ်မည့်ကာလကို သတ်မှတ်ပေးသည်။ “သင်တို့ကို အဘယ်သူမျှမလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။ အများသောသူတို့က ‘ငါသည်ခရစ်တော်ဖြစ်၏’ ဟုဆိုလျက် ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သောသတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး” ဟုယေရှုသတိပေးတော်မူခဲ့သည်။—မဿဲ ၂၄:၄-၆။
၇။ ၁၉၁၄ ခုနှစ်ကတည်းက ပုပ္ပနိမိတ်၏ အဘယ်အခြင်းအရာများ ပြည့်စုံလာသည်ကို တွေ့ရှိခဲ့ပြီနည်း။
၇ တစ်ချိန်နှင့်မျှမတူ ကြီးမားစွာပျက်စီးစေမည့် စစ်ပွဲများဖြစ်မည်ကိုလည်း ယေရှုထပ်ဆင့် ပရောဖက်ပြုတော်မူသည်။ ယင်းတို့၏ပြည့်စုံချက်အဖြစ် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၃၉ မှ ၁၉၄၅ ခုနှစ်တွင်တစ်ကြိမ်ဖြစ်ပျက်ခဲ့သော ကမ္ဘာ့စစ်ဟု သတ်မှတ်ခံရသော စစ်ပွဲနှစ်ခုပါဝင်ပါသည်။ ထို့ပြင် အစားအစာပြတ်တောက်ခြင်းနှင့် မြေငလျင်လှုပ်ခြင်းတို့သည် တစ်နေရာပြီးတစ်နေရာ ဖြစ်ပျက်လိမ့်မည်ဟု မိန့်တော်မူသည်။ ခရစ်ယာန်စစ်များသည် ပြင်းထန်စွာနှိပ်စက်ညှဉ်းပန်း ခံကြရမည်။ ပရောဖက်ပြုချက်အတိုင်းပင် လွန်ခဲ့သည့်နှစ်ပေါင်းရှစ်ဆယ်ခန့်အတွင်း ခေတ်သစ်အလင်းဆောင်သူများဖြစ်သော ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌” ဟောပြောကြစဉ် ညှဉ်းပန်းနှိပ်စက်ခံကြရသည်။ (မဿဲ ၂၄:၇-၁၄) နိမိတ်အဝင်ဖြစ်သော ဤအဖြစ်အပျက်များ ပြည့်စုံနေကြောင်းကို Yearbook of Jehovah’s Witnesses တိုင်းကသက်သေထူပါသည်။
၈၊ ၉။ (က) မင်းအဖြစ်ယေရှုရောက်ရှိနေခြင်း၌ အဘယ်အရာပါဝင်သနည်း။ (ခ) ခရစ်တော်အတုအယောင်များဆိုင်ရာ ယေရှု၏ပရောဖက်ပြုချက်က ကိုယ်တော်ရောက်ရှိနေမည့်နေရာနှင့်ပုံစံအကြောင်း အဘယ်အရာကိုတင်ပြသနည်း။
၈ ယေရှု၏ဘုရင့်အာဏာတော်သည် ကမ္ဘာတစ်ခုလုံးကိုသက်ရောက်သည်ဖြစ်ရာ စစ်မှန်သောဝတ်ပြုရေးသည် ကမ္ဘာ့တိုက်ကြီးအားလုံးသို့ ပျံ့နှံ့ရောက်ရှိနေပြီ။ ကိုယ်တော်၏မင်းအဖြစ်ရောက်ရှိနေတော်မူခြင်း (ပါရိုစီးယား) သည် ကမ္ဘာချီစစ်ဆေးစီရင်ရာကာလဖြစ်သည်။ (၁ ပေတရု ၂:၁၂) သို့သော် ယေရှုနှင့်တိုင်ပင်ရန် မြို့တော်တစ်ခု၊ သို့မဟုတ် ဒေသတစ်ခုရှိမည်လော။ ယေရှုရောက်ရှိနေတော်မူမည့်အချိန်ကို စောင့်မျှော်ရာတွင် ခရစ်တော်အတုအယောင်များ ပေါ်လာမည့်အကြောင်း ယေရှုကြိုပြောခြင်းအားဖြင့် ဤမေးခွန်းကိုဖြေဆိုတော်မူခဲ့သည်။ “သူတို့က ‘ခရစ်တော်သည်တော၌ရှိသည်’ ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ ‘တိုက်ခန်း၌ရှိသည်’ ဟုဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှာပြက်၍ အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူလတ္တံ့” ဟုကိုယ်တော်သတိပေးခဲ့သည်။—မဿဲ ၂၄:၂၄၊ ၂၆၊ ၂၇။
၉ “လူသား” ယေရှုသည် မိမိရောက်ရှိနေတော်မူစဉ်အတွင်း မည်သည့်နေရာတွင်ရှိနေရမည်ကို မြေကြီးပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်ထက်မဆို သိတော်မူသည်။ မြေကြီးပေါ်ရှိ ဤနေရာ၊ ထိုနေရာ နေရာတစ်ခုခုတွင်ကွက်၍ ကိုယ်တော်ရှိတော်မူမည်မဟုတ်။ မေရှိယကိုရှာသောသူများသည် အစိုးရမင်းအာဏာပိုင်များ သတိမပြုမိအောင် ကိုယ်တော်နှင့်တွေ့ဆုံတိုင်ပင်ပြီး နောက်တော်လိုက်များသည် ကိုယ်တော်၏ဦးဆောင်လေ့ကျင့်မှုကိုခံယူကာ နိုင်ငံရေးအရ တိုက်လှန်မှုကြီးပြုလုပ်ပြီး ကိုယ်တော်ကို မေရှိယမင်းအဖြစ် တင်မြှောက်နိုင်ကြရန် ယေရှုသည် သီးခြားဒေသဖြစ်သည့် “တော၌” ကိုယ်ထင်ရှားပြမည်မဟုတ်ပါ။ ထို့ပြင် ယေရှုရှိနေခြင်းကို ရွေးချယ်သောသူ လူနည်းစုသာသိရှိကြပြီး လောကီအစိုးရများကိုမှောက်လှန်ကာ မိမိကိုယ်ကို ကတိထားတော်မူရာ မေရှိယအဖြစ် ဘိသိက်ခံရန်အတွက် မသိမမြင်သတိမပြုမိသည့်နေရာတွင် တပည့်တော်များနှင့်လျှို့ဝှက်ပူးပေါင်းကြံစည်နိုင်ရန်အလို့ငှာ “တိုက်ခန်း၌” ပုန်းအောင်းနေမည်လည်းမဟုတ်ပါ။ ထိုသို့လုံးဝမဟုတ်ပါ။
၁၀။ သမ္မာကျမ်းစာဆိုင်ရာ အမှန်တရား၏လျှပ်ပြက်ခြင်းသည် ကမ္ဘာချီသည့်နည်းဖြင့် မည်သို့ထွန်းလင်းတောက်ပခဲ့ပြီနည်း။
၁၀ ယင်းတို့နှင့်ဆန့်ကျင်၍ ယေရှုသည် ဘုရင်အဖြစ်ရောက်ရှိနေစပြုကြောင်းကိုဖုံးကွယ်ရန် အကြောင်းတစ်စုံတစ်ရာမျှမရှိပါ။ ယေရှုကြိုပြောထားသည့်အတိုင်း ကမ္ဘာချီ၍သမ္မာကျမ်းစာဆိုင်ရာ အမှန်တရား၏လျှပ်ပြက်ခြင်းသည် ကျယ်ပြန့်သောအရှေ့အရပ်မှအနောက်အရပ်တိုင်အောင် ကမ္ဘာချီသည့်နည်းဖြင့် ဆက်ထွန်းလင်းတောက်ပလိမ့်မည်။ မှန်ပါသည်။ ခေတ်သစ်အလင်းဆောင်သူများအနေနှင့် ယေဟောဝါသက်သေများသည် ‘မြေကြီးစွန်းတိုင်အောင် [ယေဟောဝါ၏] ကယ်တင်ခြင်းကိုပြုစိမ့်သောငှာ တစ်ပါးအမျိုးသားလင်းစရာဖို့’ အလင်းသည် မိမိတို့ဖြစ်ကြောင်းသက်သေထူကြသည်။—ဟေရှာယ ၄၉:၆။
ကောင်းကင်တမန်များနှင့်ဆိုင်သောလှုပ်ရှားမှု
၁၁။ (က) ဘုရားသခင့်နိုင်ငံတော်အလင်း ထွန်းလင်းရန် ကောင်းကင်ဗိုလ်ခြေများ မည်သို့အသုံးတော်ခံရသနည်း။ (ခ) အဘယ်အချိန်နှင့် အဘယ်အုပ်စုထဲသို့ ဂျုံစပါးအတန်းစားသည် စုသိမ်းခံရသနည်း။
၁၁ ယေရှု၏ရောက်ရှိနေတော်မူခြင်းနှင့်ပတ်သက်သည့် အခြားသောကျမ်းချက်များက ကိုယ်တော်သည် ကောင်းကင်တမန်အမြောက်အမြားခြံရံလျက်၊ သို့မဟုတ် ကောင်းကင်ဗိုလ်ခြေတို့ကို ‘စေလွှတ်’ ကြောင်းဖော်ပြသည်။ (မဿဲ ၁၆:၂၇။ ၂၄:၃၁) ဂျုံပင်နှင့်တောပင်အကြောင်းပုံဥပမာတွင် ယေရှုက “လယ်ကားဤလောက” ဖြစ်ပြီး “စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏” ဟုဖော်ပြတော်မူခဲ့သည်။ သို့သော် ယင်းက ဘုရားသခင့်အာဏာတော်နှင့်ဘုန်းတော်ဖြင့် ကိုယ်တော်ရောက်ရှိနေချိန်တွင် မြေကြီးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ကောင်းကင်တမန်များကိုသာအသုံးပြုသည်ဟု မဆိုလိုပါ။ ၁၉၁၉ ခုနှစ်မှစ၍ ယေရှု၏ညွှန်ကြားမှုအောက်ရှိ ကောင်းကင်တမန်များသည် ပထမကမ္ဘာစစ်ကြောင့်ကွဲလွင့်ကုန်သော ဂျုံစပါးအတန်းအစားဖြစ်ကြသည့် မြေကြီးပေါ်ရှိဝိညာဉ်တော်ဖွား ဘိသိက်ခံများကို စုသိမ်းကာ ဘုရင့်နာမတော်ဖြင့် လုပ်ငန်းတော်တိုးချဲ့ခြင်းငှာ သူတို့အား ပြင်ဆင်တော်မူသည်။ (မဿဲ ၁၃:၃၈-၄၃) ၁၉၂၀ ပြည့်လွန်နှစ်ရောက်သောအခါ အခြားထောင်ပေါင်းများစွာတို့သည် တည်ထောင်ပြီးသောဘုရားသခင့်နိုင်ငံတော်ဘက်တွင် ရပ်တည်လာကြပြီး ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဘိသိက်ပေးခြင်းကိုခံခဲ့ကြရသည်။ မူလအကြွင်းအကျန်အဝင်ဖြစ်သူများအရေအတွက်တွင် ဤဘိသိက်ခံများသိသိသာသာ ထပ်လောင်းတိုးပွားလာသည်။ ယင်းတို့စုပေါင်း၍ ယနေ့သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားဖြစ်လာကြသည်။
၁၂။ အဘယ်ရှင်းလင်းမှုတွင် ကောင်းကင်တမန်များ ပါဝင်ခဲ့ပြီနည်း။ ယင်းကြောင့် မြေကြီးသည် မည်သို့ဖြစ်နေပါသနည်း။
၁၂ ကိုယ်တော်နန်းထိုင်သည့် ၁၉၁၄ ခုနှစ်နောက်ပိုင်း ယေရှု၏ရောက်ရှိနေခြင်းနှင့် ကောင်းကင်းတမန်ပါဝင်လုပ်ဆောင်မှုဆိုင်ရာ နောက်ဥပမာတစ်ခုကို ဗျာဒိတ် ၁၂:၇-၉ တွင်မှတ်တမ်းတင်ထားသည်။ “မိက္ခေလ [ယေရှုခရစ်] နှင့်သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော၊ ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ချလိုက်ကြ၏။” ထို့ကြောင့် အထက်မိုးကောင်းကင်သည် ယခုအခါ ရှင်းလင်းခံရပြီးဖြစ်သည်။ ယေဟောဝါ၏နာမတော်သန့်ရှင်းမြင့်မြတ်ရေးအတွက် မြေကြီးတစ်ခွင်ကို အပြီးသတ်ရှင်းလင်းရန်သာ ကျန်နေသေးသည်။ ဤ ၁၉၉၃ ခုနှစ်တွင် “. . . မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ” ဟူသောဘုရားရေးရာသတိပေးချက်သည် ယနေ့အထိအကျုံးဝင်ဆဲဖြစ်သည်။—ဗျာဒိတ် ၁၂:၁၂။
ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း
၁၃၊ ၁၄။ (က) ၁၉၁၈ ခုနှစ်ကတည်းက အဘယ်အမှုပြီးစီးနေကြောင်း ကျမ်းစာကတင်ပြပါသနည်း။ (ခ) ယနေ့ ဘိသိက်ခံအကြွင်းအကျန်အကြောင်း ပေါလုနှင့်ယောဟန်တို့သည် အဘယ်အရာကို ဖော်ပြသနည်း။
၁၃ ခရစ်တော်ရောက်ရှိနေချိန်အတွင်း အခြားထူးခြားသည့်အဖြစ်အပျက်တစ်ခုမှာ ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်မှုစတင်ခြင်းဖြစ်သည်။ သင်္ချိုင်းတွင် ကြာမြင့်စွာအိပ်စက်ခဲ့ရသောဘိသိက်ခံများသည် ဦးဆုံးရှင်ပြန်ထမြောက်ခြင်းခံရမည့်သူများဖြစ်ကြပြီး နာမ်ဝိညာဉ်လောကတွင် ခရစ်တော်နှင့်အတူနေကြရမည့်အကြောင်းကို တမန်တော်ပေါလုရည်ညွှန်းခဲ့သည်။ ယင်းသည် ၁၉၁၈ ခုနှစ်မှစတင်၍ဆက်ဖြစ်ပျက်လာခဲ့သည်ကို နှစ်ပေါင်းများစွာတစ်လျှောက် အထောက်အထားများကိုတွေ့မြင်လာရသည်။ “လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတ္တံ့။ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်းလိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူ၏။ ထို့နောက်ခရစ်တော်သည် ကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူသောအခါ တပည့်တော်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ရောက်ကြလိမ့်မည်” ဟုပေါလုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၅:၂၂၊ ၂၃) ခရစ်တော်ရောက်ရှိနေချိန်အတွင်း ဘိသိက်ခံတို့၏ ရှင်ပြန်ထမြောက်ခြင်းကို ၁ သက်သာလောနိတ် ၄:၁၅-၁၇ (ကဘ) တွင်ဤသို့အတည်ပြုထားသည်။ “ယေဟောဝါ၏ဗျာဒိတ်တော်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကား သခင်အရှင်ရောက်ရှိနေ [ပါရိုစီးယား] တော်မူသောအခါ အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည် သေခြင်း၌အိပ်ပျော်ပြီးသောသူတို့၏အရင် အဦးနေရာကျရကြမည်မဟုတ်။ . . . ခရစ်တော်၌သေလွန်သူများသည် အဦးထမြောက်ကြရလိမ့်မည်။ ထိုနောက်မှ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကသကောင်းကင်၌ သခင်အရှင်ထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်အတူတကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရ” လိမ့်မည်။ အဆုံး၌ ဤဆုကျေးဇူးကိုလက်ခံရရှိမည့် ခရစ်တော်ပိုင်ဆိုင်သောဘိသိက်ခံအရေအတွက် ၁၄၄,၀၀၀ သည် ဤအံ့ချီးဖွယ်ရာဆုကျေးဇူးတော်ကို ခံစားရလိမ့်မည်။—ဗျာဒိတ် ၁၄:၁။
၁၄ ပေါလုတင်ပြသည့်အတိုင်းပင် ယနေ့အသက်ရှင်လျက်ရှိသော အကြွင်းအကျန်ဘိသိက်ခံများသည် ရှေးသစ္စာရှိဘိသိက်ခံခရစ်ယာန်အာဇာနည်များနှင့်တပည့်တော်များအလျင် ကောင်းကင်နိုင်ငံတော်သို့ဝင်ကြရမည်မဟုတ်ပါ။ ယနေ့သေဆုံးသောဘိသိက်ခံများနှင့်ပတ်သက်၍ တမန်တော်ယောဟန်က ထပ်မံ၍ဤသို့ဖော်ပြသည်။ “ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟုရေးထားလော့ဟုပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်းငြိမ်းမည်အကြောင်းရှိ၍ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏။” ယင်းကား သူတို့၏ထမြောက်ခြင်းအခြေအနေတွင်ဖြစ်သည်။ (ဗျာဒိတ် ၁၄:၁၃) ပေါလုကဆက်၍ “နက်နဲသောအရာတစ်ခုကိုငါပြဦးမည်။ ငါတို့ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ်သောအခါ တစ်ခဏချင်းတွင် မျက်စိတစ်မှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ရောက်ရကြမည်” ဟုဆိုသည်။ (၁ ကောရိန္သု ၁၅:၅၁၊ ၅၂) မည်မျှအံ့ချီးဖွယ်ရာကောင်းသောအမှုပါတကား။
၁၅၊ ၁၆။ (က) လုကာ ၁၉:၁၁-၁၅ တွင် အဘယ်ပုံဥပမာကို ယေရှုပေးခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဤပရောဖက်ပြုချက်သည် မည်သို့ပြည့်စုံနေသနည်း။
၁၅ တစ်ခါက ယေရှုသည် မိမိ၏တပည့်တော်များအား ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ဟောပြောနေစဉ် သူတို့၏မှားယွင်းသောအယူအဆများကို ပြုပြင်ရန် ပုံဥပမာတစ်ခုကို ကိုယ်တော်အသုံးပြုတော်မူခဲ့သည်။ မှတ်တမ်းတွင်ဖတ်ရသည်မှာဤသို့။ “ဘုရားသခင်၏နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့် ပရိသတ်အလယ်၌ထပ်၍မိန့်တော်မူသောဥပမာကား ‘အမတ်တစ်ယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ပြန်လာမည်ဟုအကြံရှိလျက် ဝေးသောပြည်သို့သွား၏။ မသွားမီ မိမိငယ်သားတစ်ကျိပ်ကိုခေါ်၍ ငွေတစ်ပိဿာစီအပ်ပေးလျက် “ငါပြန်၍မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကိုပြုကြလော့” ဟုမှာထားလေ၏။ . . . ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ ငွေခံသောငယ်သားတို့သည် အသီးသီးအဘယ်မျှလောက်အမြတ်ရသည်ကိုသိခြင်းငှာ သူတို့ကိုခေါ်ချေဟုအမိန့်ရှိတော်မူ၏။’”—လုကာ ၁၉:၁၁-၁၅။
၁၆ ယေရှုသည် မင်းကြီးအရာကိုခံခဲ့သည့် “ဝေးသောပြည်” ဖြစ်သောကောင်းကင်သို့တက်ကြွသွားခဲ့သည့် ထို “အမတ်” ပင်ဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်တော်ရရှိခဲ့သည်။ ပေးအပ်ထားသောနိုင်ငံတော်အကျိုးစီးပွားအတွက် မည်သို့လုပ်ဆောင်သည်နှင့်ပတ်သက်၍ ခရစ်တော်သည် ဘုရင်အနေနှင့် မိမိ၏တပည့်နောက်လိုက်အမည်ခံသူများကို စစ်ဆေးတော်မူသည်။ အနည်းငယ်သောသစ္စာရှိသူများသည် သခင်၏ချီးမွမ်းခြင်းကိုရရှိရန် ရွေးချယ်ခံရကြသည်။ “တော်လှပြီ၊ ငါ့ကျွန်ကောင်း။ နည်းပါးရာ၌ သင်သစ္စာရှိသည်ဖြစ်၍ ဆယ်မြို့ပေါ်တွင်အုပ်စိုးတော့ဟုအမိန့်ရှိ၏။” (လုကာ ၁၉:၁၇၊ သမ) ခရစ်တော်ရောက်ရှိချိန်တွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း အင်တိုက်အားတိုက် ဆက်ဟောပြောခြင်းလုပ်ငန်းပါဝင်မည်ဖြစ်ပြီး ဆိုးသွမ်းသူများအပေါ် ဘုရားသခင်၏တရားစီရင်ချက်များကို ကြေညာခြင်းလည်းပါဝင်မည်ဖြစ်သည်။ ထို့ပြင် “ကျွန်ကောင်း” အားအပ်နှင်းသည့် အုပ်စိုးခွင့်တွင် ယင်းလုပ်ငန်းကိုကြီးကြပ်ကွပ်ကဲပေးခြင်းလည်း ပါဝင်ပါသည်။
ကမ္ဘာချီဟောပြောခြင်း
၁၇။ အဘယ်ရွှင်လန်းမှုသည် ပါရိုစီးယား၏လက္ခဏာဖြစ်သနည်း။
၁၇ ဤ ပါရိုစီးယားကာလအတွင်း အခြားမည်သည့်အရာများဖြစ်ပျက်ဦးမည်နည်း။ ဟောပြောခြင်းလုပ်ငန်းနှင့် လာမည့်ကြီးစွာသောဒုက္ခကာလကိုကပ်ကျော်ရန်ပြင်ဆင်ရာ၌ လူသစ်များအားကူညီပေးခြင်းတို့တွင် ကြီးစွာသောရွှင်လန်းမှုကိုခံစားရမည့်အချိန်ဖြစ်သည်။ အကြွင်းအကျန်ကိုထောက်ကူသော “လူအုပ်ကြီး” ပင်လျှင် “ထောက်ခံစာများ” ဖြစ်လာကြသည်။ (ဗျာဒိတ် ၇:၉။ ၂ ကောရိန္သု ၃:၁-၃၊ သက) ရိတ်သိမ်းခြင်းဆိုင်ရာ ဤရွှင်လန်းမှုကို ပေါလုဤသို့ပြောခဲ့သည်။ “ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်းဦးရစ်သရဖူကား အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူသောအခါ ရှေ့တော်၌သင်တို့သည် ထိုသို့သောအကြောင်းအရာဖြစ်ကြသည်မဟုတ်လော။”—၁ သက်သာလောနိတ် ၂:၁၉။
အစဉ်သန့်ရှင်း၍ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လော့
၁၈။ (က) ပေါလု၏ အဘယ်ဆုတောင်းချက်သည် ပါရိုစီးယားကိုရည်ညွှန်းသနည်း။ (ခ) ဤအချိန်အခါအတွင်း အဘယ်စိတ်ထားကို ကျွန်ုပ်တို့တင်ပြရမည်နည်း။ အဘယ်နည်းများဖြင့်နည်း။
၁၈ ခရစ်တော်ရောက်ရှိသည့် ဤအချိန်အတွင်း အသက်ရှင်သူများသန့်ရှင်းစင်ကြယ်ရန်အတွက်ကိုလည်း ပေါလုဆုတောင်းပေးခဲ့သည်။ “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင်လည်း သင်တို့ကိုအကုန်အစင်သန့်ရှင်းတော်မူပါစေသော။ ငါတို့သခင်ယေရှုခရစ်ကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူသောအခါ သင်တို့၏ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့်ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူပါစေသော။” (၁ သက်သာလောနိတ် ၅:၂၃) မှန်ပါသည်။ ယနေ့၌ ကျွန်ုပ်တို့သည် ဘိသိက်ခံအကြွင်းအကျန်အဝင်ဖြစ်စေ၊ အခြားသိုး၏လူအုပ်ကြီးအဝင်ဖြစ်စေ ဤထူးခြားသည့်အချိန်အတွင်း ကျွန်ုပ်တို့ဆက်၍သန့်ရှင်းနေစေရန်နှင့်အပြစ်တင်ခွင့်ကင်းစင်နေရန် ကျွန်ုပ်တို့၏ပူးပေါင်းလုပ်ဆောင်လိုသည့်စိတ်ဓာတ်က ကျွန်ုပ်တို့အားပူးပူးကပ်ကပ်စည်းလုံးမှုဖြစ်စေသည်။ အလားတူ ကျွန်ုပ်တို့ဆက်လက်သည်းခံသွားရန်လည်း လိုအပ်သည်။ ယာကုပ်ဤသို့ရေးသားခဲ့သည်။ “ထို့ကြောင့်ညီအစ်ကိုတို့ သခင်ဘုရားကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူသည့်တိုင်အောင် သည်းခံလျက်စောင့်နေကြလော့။ . . . ကိုယ်စိတ်နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရားကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] တော်မူသောအချိန်ရောက်လုနီးပြီ။”—ယာကုပ် ၅:၇၊ ၈။
၁၉။ ပါရိုစီးယားနှင့်စပ်လျဉ်း၍ ပေတရု မည်သို့သတိပေးသနည်း။ မည်သို့တုံ့ပြန်သင့်သနည်း။
၁၉ တမန်တော်ပေတရုကလည်း လက်ရှိအချိန်တွင်အသက်ရှင်လျက်ရှိသောကျွန်ုပ်တို့အား ပြောစရာအချို့ရှိသည်။ ကမ္ဘာအနှံ့ရှိ မြောက်မြားစွာသောကဲ့ရဲ့သူများနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားဤသို့သတိပေးခဲ့သည်။ ပေတရုက “ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား နောက်ဆုံးသောကာလ၌ ပြက်ယယ်ပြုတတ်သောသူတို့သည် မိမိတို့တပ်မက်ခြင်းအတိုင်းကျင့်နေ၍ ‘သခင်ဘုရားကြွလာ (ရောက်ရှိနေ၊ ကဘ) [ပါရိုစီးယား] မည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏’ ဟုဆိုလျက် ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။” (၂ ပေတရု ၃:၃၊ ၄) ခရစ်တော်ရောက်ရှိနေချိန်အတွင်း ကဲ့ရဲ့သူများနေရာအနှံ့ရှိနေသည့်ကြားမှပင် ယေဟောဝါသက်သေများသည် လူများ၏ကယ်တင်ခြင်းအတွက် လောက၏အလင်းအဖြစ် ဆက်လက်ထွန်းလင်းလျက်ရှိနေကြသည်။
ပြန်လည်စစ်ဆေးရာ၌ မေးခွန်းများ
◻ ယေဟောဝါ၏လူများသည် ပါရိုစီးယားနှင့်စပ်လျဉ်း၍ ဝိညာဏအသိပညာထွန်းလင်းမှု မည်သို့တဖြည်းဖြည်းတိုးပွားလာသနည်း။
◻ မဿဲ ၂၄:၄-၈ သည် မည်သို့ပြည့်စုံလာနေသနည်း။
◻ နန်းတင်ခံရသောခရစ်တော်နှင့် ကောင်းကင်တမန်များ မည်သို့ပူးပေါင်းလုပ်ဆောင်နေကြသနည်း။
◻ ပါရိုစီးယားနှင့်တွဲလျက် အဘယ်အံ့ချီးဖွယ်ရာအမှု ဖြစ်ပျက်လာပုံရှိသနည်း။
◻ ဤအချိန်အတောအတွင်း အဘယ်ရွှင်လန်းမှုကိုခံစားနေရသနည်း။ ယင်းကို မည်သူများ ခံစားရသနည်း။