သင်မှတ်မိသလော
မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များပါဆောင်းပါးများကို သင်နှစ်ခြိုက်ခဲ့ပါသလော။ သို့ဆိုလျှင် အောက်ပါအချက်များကို သင်ပြန်လည်စဉ်းစားခြင်းကိုစိတ်ဝင်စားပါလိမ့်မည်–
▫ ပထမရာစုက အမျိုးမျိုးသောသန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုများက ဘာကိုစိတ်ချယုံကြည်စေသနည်း။ နှစ်ပေါင်း ၁,၅၀၀ သက်တမ်းရှိ ဣသရေလလူမျိုးအစုအဝေးကို မိမိအထူးရွေးချယ်သည့်လူများအဖြစ် ဘုရားသခင်အသုံးမပြုတော့ကြောင်း၊ ယခုအခါ မိမိ၏တစ်ပါးတည်းသောသားတော်အားဖြင့်တည်ဆောက်ထားသော ခရစ်ယာန်အသင်းတော်သစ်အပေါ် ဘုရားသခင်၏မျက်နှာသာတော်သက်ရောက်ကြောင်း ဤလုပ်ဆောင်မှုများက ထင်ရှားစေသည်။ (ဟေဗြဲ ၂:၂-၄ နှိုင်းယှဉ်။)—၈/၁၅၊ စာ၊ ၅။
▫ ယေဟောဝါသက်သေများ၏ ထူးခြားသောတိုးတက်ကြီးထွားမှုသည် အဘယ်အကြောင်းကြောင့်ဖြစ်ရသနည်း။ အဓိကအကြောင်းမှာ ဘုရားသခင့်ကောင်းချီးကြောင့်သာအမှန်ဖြစ်သည်။ ဘုရားသခင့်လုပ်ငန်းတော်ပင်တည်း။ ယေဟောဝါသက်သေများ၏ ဧဝံဂေလိဟောပြောခြင်းလုပ်ငန်းတွင် ပြောဆိုလေသမျှသည် သမ္မာကျမ်းစာအတိုင်းဖြစ်သည်။ သူတို့အောင်မြင်ရခြင်းအကြောင်း နောက်တစ်ခုမှာ ယေရှုခရစ်တော်ကို ခန့်အပ်ခံခရစ်ယာန်အသင်းတော်ဦးခေါင်းအဖြစ် လုံးလုံးလျားလျားအသိအမှတ်ပြုကြခြင်းကြောင့်ဖြစ်သည်။—၉/၁၊ စာ၊ ၁၉။
▫ ဗေသရှေဘနှင့် ဒါဝိဒ်ပြုသောကြီးလေးသောအပြစ်ကို ယေဟောဝါအဘယ်ကြောင့် ခွင့်လွှတ်ခဲ့သနည်း။ အဓိကအကြောင်းမှာ ဒါဝိဒ်နှင့်ဖွဲ့ခဲ့သော ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်အတွက်ဖြစ်သည်။ သို့သော်ဒါဝိဒ်ကိုယ်တိုင်၏ကရုဏာနှင့် သူ၏စစ်မှန်သောနောင်တကြောင့်လည်းဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၂၄:၄-၇။ ၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၂:၁၃။ ဆာလံ ၅၁:၁၊ ၂၊ ၁၇)—၉/၁၅၊ စာ၊ ၁၀၊ ၁၁။
▫ ယေရှုသည် မေရှိယဖြစ်ကြောင်းကို ထောက်ခံသည့်အနေနှင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များက အဘယ်သာဓကသုံးမျိုးကို ဖော်ပြပါသနည်း။ ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းက ပထမသာဓကဖြစ်ပါသည်။ (မဿဲ ၁:၁-၁၆။ လုကာ ၃:၂၃-၃၈) သက်သေထူချက်အခြားတစ်ခုမှာ ပြည့်စုံလာသောပရောဖက်ပြုချက်များပင်ဖြစ်သည်။ ယေရှုသည် မေရှိယဖြစ်သည်ကိုသတ်မှတ်ပေးသည့် ဒံယေလ ၉:၂၅ တွင်ပါ ပရောဖက်ပြုချက်ကဲ့သို့သော ပရောဖက်ပြုချက်မြောက်မြားစွာရှိသည်ကား အမှန်ပင်။ တတိယသာဓကမှာ ဘုရားသခင်ကိုယ်တော်တိုင်၏သက်သေတင်ပြချက်ဖြစ်သည်။ အသံတော်ဖြင့် သုံးကြိမ်တိုင် ကိုယ်တော်တိုက်ရိုက်မိန့်မြွက်တော်မူ၏။ (မဿဲ ၁၇:၅။ လုကာ ၃:၂၁၊ ၂၂။ ယောဟန် ၁၂:၂၈)—၁၀/၁၊ စာ၊ ၁၀၊ ၁၂။
▫ မဿဲ ၂၄:၃၇ (ကဘ) တွင်ယေရှုက “လူသားရောက်ရှိနေခြင်းသည် နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်မည်” ဟုမိန့်တော်မူရာတွင် ဘာကိုဆိုလိုသနည်း။ ရေလွှမ်းမိုးဘေးရောက်၍ ပျက်စီးယိုယွင်းသောထိုလောကစနစ်ကို သုတ်သင်ရှင်းလင်းမပစ်မီ ဆယ်စုနှစ်များစွာအတွင်း နောဧသည် သင်္ဘောဆောက်လုပ်၍ လူဆိုးတို့ကိုသတိပေးနေပါသည်။ အလားတူစွာ ကြီးစွာသောပျက်စီးခြင်းဖြင့် အဆုံးမတိုင်မီ ခရစ်တော်၏မျက်မြင်မရသော ရောက်ရှိနေခြင်းသည်လည်း ကမ္ဘာချီသက်သေခံနေသည့် ဆယ်စုနှစ်များစွာကြာရှည်သည့် အချိန်ကာလကြာလိမ့်မည်။—၁၀/၁၊ စာ၊ ၁၆။
▫ မိသားစုသင်အံမှုကို ကောင်းစွာပြုလုပ်ပေးရန် မရှိမဖြစ်လိုအပ်ရာအချို့ကား အဘယ်နည်း။ သင်အံမှုအတွက် အချိန်ကိုဝယ်ယူ ရမည်။ တီဗွီ သို့မဟုတ် အခြားအာရုံလွင့်ပါးစေသည့်အရာများကို ယင်းအစားမနစ်မွန်းမိရန် သတိပြုသင့်သည်။ မိသားစု၏ အထူးအကူအညီလိုအပ်ရာကို ချင့်ချိန်သုံးသပ်ရမည်။ သားသမီးများလေ့လာနေသည့်အကြောင်းကို တကယ်နားလည်မလည်သိနိုင်ရန် သဘောထားမေးခွန်းများကိုအသုံးပြုပါ။ (မဿဲ ၁၇:၂၅) သင်အံမှုပြုလုပ်ပုံကို သက်သောင့်သက်သာရှိပါစေ။ တက်ကြွမှုရှိပြီး အားလုံးကို ပါဝင်ပတ်သက်စေပါ။—၁၀/၁၅၊ စာ၊ ၁၇။
▫ သွေးအစိတ်အပိုင်းများကို စားကုန်ပစ္စည်းတွင် ထည့်ကောင်းထည့်ခဲ့မည့်ကိစ္စကို ခရစ်ယာန်များ မည်မျှပူပင်စိုးရိမ်သင့်သနည်း။ ဖြစ်နိုင်စရာအကြောင်းရှိရုံဖြင့်၊ သို့မဟုတ် ကောလာဟလစကားကြောင့်သာ ခရစ်ယာန်များ စိတ်အနှောင့်အယှက်ဖြစ်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ ဘူးခွံများစစ်ဆေးခြင်း၊ အမဲသတ်သူများကို မေးမြန်းခြင်းနှင့်ပတ်သက်၍ပင် သင့်တင့်မျှတသောသဘောရှိရန်လိုသည်။ သို့သော် အသွေးကို စားစရာ သို့မဟုတ် ဆေးကုသရာတွင် အနှံ့အပြားအသုံးပြုကြသည်ဟု သေချာမည်ဆိုလျှင်မူကား အသွေးကိုရှောင်ကြဉ်ရမည်ဟူသော ဘုရားသခင့်အမိန့်တော်ကိုနာခံကြရန် သတိပြုကြရမည်။ (တမန်တော် ၁၅:၂၈၊ ၂၉)—၁၀/၁၅၊ စာ၊ ၃၀-၁။
▫ ဣသရေလလူမျိုးတွင် သွန်သင်မှုနည်းစနစ်များ၏ ဝိညာဏလေးနက်မှုကို နယပုံပြင်ကျမ်းက မည်သို့ပေါ်လွင်စေသနည်း။ ရည်ရွယ်ချက်မှာ “အတွေ့အကြုံမရှိသောသူ” ကို မြှင့်တင်ပေးသည့် ဉာဏ်ပညာ၊ စည်းကမ်းသေဝပ်မှု၊ နားလည်မှု၊ ထိုးထွင်းသိရှိမှု၊ ဆုံးဖြတ်စီရင်မှု၊ အကင်းပါးမှု၊ အသိပညာနှင့် စဉ်းစားတွေးခေါ်တတ်မှုများကို သွန်သင်ပေးရန်ဖြစ်သည်။ ဤအရာအားလုံးတို့သည် “ယေဟောဝါအားကြောက်ရွံ့ခြင်း” ပင်ဖြစ်သည်။ (သု၊ ၁:၁-၇။ ၂:၁-၁၄၊ ကဘ)—၁၁/၁၊ စာ၊ ၁၂။
▫ ပညာရေးနှင့်ပတ်သက်၍ အဘယ်မျှတသောအမြင်ကို ယနေ့လူငယ်များထားသင့်သနည်း။ ခရစ်ယာန်များသည် ပညာရေးကို လိုအပ်သောအကျိုးတစ်ခုရရန်သုံးသောနည်းလမ်းအဖြစ် ယူမှတ်သင့်သည်။ ဤဆုံးခန်းကာလတွင် သူတို့၏ရည်ရွယ်ချက်သည် ယေဟောဝါအား တတ်နိုင်သရွေ့နှင့် ထိရောက်မှုရှိနိုင်သရွေ့ အချိန်ပြည့်ဓမ္မအမှု၌ သူတို့တတ်နိုင်လျှင်ပါဝင်အမှုဆောင်ရန်ဖြစ်သည်။—၁၁/၁၊ စာ၊ ၁၈။
▫ ဆယ်ဖို့တစ်ဖို့ပေးရန် ဣသရေလလူမျိုးအား ယေဟောဝါအဘယ်ကြောင့်တောင်းဆိုခဲ့သနည်း။ ပထမအနေနှင့် ယေဟောဝါ၏ကောင်းမြတ်တော်မူခြင်းကို သူတို့ကျေးဇူးတင်လေးမြတ်ကြောင်း လက်ဆုပ်လက်ကိုင် တင်ပြနိုင်ကြရန်အတွက်ဖြစ်သည်။ ဒုတိယအနေနှင့် လေဝိသားများသည် ပညတ်ဥပဒေများကို သွန်သင်ပေးခြင်းအပါအဝင် သူတို့၏တာဝန်များကို အာရုံစူးစိုက်လုပ်ဆောင်နိုင်ကြရန် သူတို့အား ပေးကမ်းနိုင်ရန်အတွက်ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၁၇:၇-၉ ရှု။) —၁၂/၁၊ စာ၊ ၉။
▫ ခရစ်ယာန်များပေးဆက်ရမည့် ဆယ်ဖို့တစ်ဖို့ကား အဘယ်နည်း။ (မာလခိ ၃:၁၀) ဆယ်ဖို့တစ်ဖို့သည် ယေဟောဝါအားပေးဆက်သည့်၊ သို့မဟုတ် ကိုယ်တော့်လုပ်ငန်းတော်တွင်အသုံးပြုသည့် ကျွန်ုပ်တို့ပိုင်ဆိုင်ရာ၏အစိတ်အပိုင်းကို ပုံဆောင်သည်။ ယင်းသည် ကိုယ်တော်ကိုချစ်ကြောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပိုင်ဆိုင်ရာများဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၏ အမှတ်လက္ခဏာဖြစ်သည်။—၁၂/၁၊ စာ၊ ၁၅။