သင်သည် ယေဟောဝါ၏နေ့အတွက်အသင့်ရှိသလော
“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။”—ဇေဖနိ ၁:၁၄။
၁။ ယေဟောဝါ၏နေ့ကို ကျမ်းစာက မည်သို့ဖော်ပြသနည်း။
ယေဟောဝါ၏ “ကြောက်မက်ဖွယ်သောနေ့ကြီး” သည်များမကြာမီ ဤစနစ်အပေါ်ကျရောက်တော့မည်။ ယေဟောဝါ၏နေ့သည် စစ်တိုက်သောနေ့၊ မှောင်မိုက်အတိဖြစ်၍ အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကိုခံရသော ထိတ်လန့်ဖွယ်၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးခံရရာနေ့ဟု ကျမ်းစာက ဖော်ပြထားသည်။ သို့တိုင် “ထာဝရဘုရားကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြ” မည်ဖြစ်သောကြောင့် ကပ်ကျော်မည့်သူများ ရှိပါလိမ့်မည်။ (ယောလ ၂:၃၀-၃၂; အာမုတ် ၅:၁၈-၂၀) မှန်ပါသည်၊ ထိုအခါ ဘုရားသခင်သည် ရန်သူများကိုဖျက်ဆီးပြီး လူမျိုးတော်ကို ကယ်တင်တော်မူမည်။
၂။ ယေဟောဝါ၏နေ့ကို အရေးကြီးသောနေ့ရက်အဖြစ် အဘယ်ကြောင့်ယူမှတ်သင့်သနည်း။
၂ ဘုရားသခင်၏ပရောဖက်များသည် ယေဟောဝါ၏နေ့ကို အရေးကြီးသောနေ့ဟု ယူမှတ်ခဲ့ကြသည်။ ဥပမာ၊ ဇေဖနိက ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။” (ဇေဖနိ ၁:၁၄) ဘုရားသခင်၏အဓိကစီရင်ပိုင်ခွင့်ရှိသူ ဘုရင်ယေရှုခရစ်သည် ‘ဓားကိုပေါင်တော်၌စည်းတော်မူ၍သမ္မာတရား၊ နှိမ့်ချခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားအတွက် . . . စီးသွားတော်မူ’ လုနီးပြီဖြစ်ရာ ယခုသာ၍ပင် အရေးတကြီးဖြစ်နေပါသည်။ (ဆာလံ ၄၅:၃၊ ၄) ထိုနေ့ရက်အတွက် သင်အသင့်ရှိနေပါသလော။
သူတို့ ကြီးမားသောမျှော်လင့်ချက်များရှိခဲ့ကြ
၃။ သက်သာလောနိတ် ခရစ်ယာန်အချို့က အဘယ်မျှော်လင့်ချက်များ ရှိခဲ့ကြသနည်း။ အဘယ်အကြောင်းနှစ်ခုကြောင့် သူတို့အလွဲလွဲအမှားမှားဖြစ်ခဲ့ကြသနည်း။
၃ ယေဟောဝါ၏နေ့နှင့်ပတ်သက်၍ လူအများမျှော်လင့်သည့်အတိုင်း မဖြစ်ပျက်လာခဲ့ပါ။ သက်သာလောနိတ်မြို့ရှိ အစောပိုင်းခရစ်ယာန်အချို့က ‘ယေဟောဝါ၏နေ့ရက်သည်ရောက်ပြီ’ ဟုဆိုခဲ့ကြသည်။ (၂ သက်သာလောနိတ် ၂:၂) သို့သော် အကြောင်းရင်းနှစ်ခုကြောင့် မရောက်လာသေးပါ။ ယင်းတို့အနက်တစ်ခုကို ကိုးကားပြီး တမန်တော်ပေါလုက ဤသို့ဆိုသည်– “‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏’ ဟုဆိုစဉ်တွင်၊ . . . သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်” လတ္တံ့။ (၁ သက်သာလောနိတ် ၅:၁-၆) “အမှုကုန်” သည့် ဤအချိန်တွင် ကျွန်ုပ်တို့ကိုယ်တိုင် ထိုစကားများပြည့်စုံဖို့ရန် စောင့်မျှော်နေကြပါသည်။ (ဒံယေလ ၁၂:၄) ပေါလုက “ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းခွဲခြင်းသည်အရင်ဖြစ်” ရမည်ဟု သက်သာလောနိတ်မြို့သားတို့အား ပြောဆိုခဲ့သောကြောင့် ယေဟောဝါ၏နေ့ရောက်ခြင်းနှင့်ပတ်သက်၍ နောက်ထပ်သာဓကတစ်ခုကိုလည်း သူတို့မရရှိသေးပါ။ (၂ သက်သာလောနိတ် ၂:၃) ထိုစကားများကို ပေါလုရေးသားခဲ့စဉ် (စီ.အီး. ၅၁ ခန့်) က ခရစ်ယာန်ဘာသာတရားစစ်မှ “ဖောက်ပြန်သင်းခွဲခြင်း” သည်အပြည့်အဝမပေါ်ထွန်းသေးချေ။ ယနေ့ ခရစ်ယာန်ဘောင်တွင် ယင်းအမှုသည် လုံးလုံးကြီးထွားနေသည်ကို ကျွန်ုပ်တို့တွေ့ရှိရသည်။ သူတို့မျှော်လင့်သည့်အတိုင်း မဖြစ်ပျက်လာသော်လည်း သေသည့်တိုင် ဘုရားသခင့်အမှုတော်ကိုဆောင်ရွက်ကြသော သက်သာလောနိတ်မြို့သား သစ္စာရှိဘိသိက်ခံများသည် နောက်ဆုံးတွင် ကောင်းကင်ဆုကျေးဇူးကိုခံစားကြရသည်။ (ဗျာဒိတ် ၂:၁၀) ကျွန်ုပ်တို့လည်း ယေဟောဝါ၏နေ့ကိုစောင့်မျှော်နေစဉ် သစ္စာရှိကြမည်ဆိုလျှင် ဆုကျေးဇူးခံစားရကြပါလိမ့်မည်။
၄။ (က) ၂ သက်သာလောနိတ် ၂:၁၊ ၂ တွင် ယေဟောဝါ၏နေ့ကို မည်သည့်အရာနှင့်ဆက်စပ်ထားသနည်း။ (ခ) ချာ့ချ်ဖခင်များဟု အခေါ်ခံသူများက ခရစ်တော်ပြန်ကြွလာခြင်း၊ အခြားဆက်စပ်သော ကိစ္စများနှင့်စပ်လျဉ်း၍ အဘယ်ခံယူချက်များရှိခဲ့ကြသနည်း။
၄ သမ္မာကျမ်းစာက ‘သခင်ယေရှုခရစ်ရောက်ရှိနေခြင်း’ နှင့် ‘ယေဟောဝါ၏နေ့ကြီး’ တို့ကိုဆက်စပ်ထားပါသည်။ (၂ သက်သာလောနိတ် ၂:၁၊ ၂) ချာ့ချ်ဖခင်များဟု အခေါ်ခံသူများက ခရစ်တော်ပြန်ကြွလာခြင်း၊ ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ကိုယ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးခြင်းတို့အကြောင်း အယူအဆအမျိုးမျိုးရှိခဲ့ကြသည်။ (ဗျာဒိတ် ၂၀:၄) စီ.အီး. ဒုတိယရာစုတွင် ဟေရပေါလိမြို့နေ ပေပီယပ်စ်သည် ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်မှုအောက်တွင် ကမ္ဘာမြေကြီးသည် အံ့ဖွယ်ကောင်းလောက်အောင် မြေသြဇာကောင်းလိမ့်မည်ဟု ခံယူခဲ့သည်။ ဂျပ်စတင်မာတာရ်က ယေရှုရောက်ရှိနေခြင်းအကြောင်း ထပ်ခါတလဲ ပြောဆိုခဲ့၍ ပြန်လည်ထူထောင်ထားသည့် ယေရုရှလင်မြို့သည် ကိုယ်တော့်နိုင်ငံတော် စိုက်တည်ရာအရပ်ဖြစ်မည်ဟု မျှော်လင့်ခဲ့ပါသည်။ လီယွန်မြို့မှ အိုင်ရီနီယပ်စ်ဆိုသူက ရောမအင်ပိုင်ယာပျက်စီးပြီးနောက် ယေရှုသည် ကိုယ်ယောင်ထင်ရှားတော်မူပြီး စာတန်ကိုချုပ်နှောင်ကာ မြေကြီးဆိုင်ရာ ယေရုရှလင်မြို့တွင် အုပ်ချုပ်တော်မူလိမ့်မည်ဟု သွန်သင်ပေးခဲ့သည်။
၅။ ပညာရှင်အချို့က ခရစ်တော်၏ “ဒုတိယပေါ်ထွန်းခြင်း” နှင့် ကိုယ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်မှုအကြောင်း ဘာပြောခဲ့သနည်း။
၅ သမိုင်းဆရာ ဖိလစ်ရှက်ဖ်မှတ်ချက်ချသည်ကား စီ.အီး. ၃၂၅ တွင်ကျင်းပခဲ့သော နိုင်စီယာကောင်စီမတိုင်မီအချိန်က “အထူးခြားဆုံးအချက်” မှာ “လူအားလုံးရှင်ပြန်ထမြောက်ပြီး တရားစီရင်မခံရမီ ခရစ်တော်သည် ကမ္ဘာပေါ်ဘုန်းထင်ရှား၍ ထမြောက်လာသော သူတော်စင်များနှင့်အတူ မြင်ရသည့်နည်းဖြင့် အနှစ်တစ်ထောင်အုပ်စိုးမည်ဟူသောယုံကြည်ချက်” ဖြစ်သည်။ ဂျိမ်းစ်ဟေစတင်း တည်းဖြတ်ခဲ့သော ကျမ်းစာအဘိဓာန်တစ်စောင်က ဤသို့ဆိုသည်– “တာတူလျန်၊ အိုင်ရီနီယပ်စ်နှင့် ဟစ်ပိုလီတပ်စ်တို့သည် ယခုတိုင် [ယေရှုခရစ်၏] ပေါ်ထွန်းလုနီးခြင်းကို စောင့်မျှော်နေဆဲရှိကြသော်လည်း အလက်ဇန်ဒရင်းဖခင်များပေါ်လာသည်နှင့် အတွေးအခေါ်အသစ်ဝင်လာပါသည်။ . . . အနှစ်တစ်ထောင်ကာလသည် ချာ့ချ်၏ဆိုင်ပြိုင်တိုက်လှန်ချိန်ဖြစ်၏ဟု ဩဂတ်စ်တင်း သွန်သင်ခဲ့သဖြင့် ဒုတိယပေါ်ထွန်းခြင်းသည် အလှမ်းဝေးသည့်အနာဂတ်သို့ ရွေ့သွားလေသည်။”
ယေဟောဝါ၏နေ့နှင့် ယေရှုရောက်ရှိနေခြင်း
၆။ ယေဟောဝါ၏နေ့သည် ဝေးပါသေးသည်ဟု အဘယ်ကြောင့် မထင်သင့်သနည်း။
၆ ယူဆချက်အမှားများကြောင့် စိတ်ပျက်ခဲ့ရကြသော်လည်း ယေဟောဝါ၏နေ့သည် ဝေးပါသေးသည်ဟု မထင်ကြစို့နှင့်။ ကျမ်းစာအရ ယင်းနှင့်ဆက်စပ်နေသော ယေရှု၏ မျက်မြင်မရရောက်ရှိနေခြင်းသည် စတင်နေပြီဖြစ်သည်။ ခရစ်တော်၏ရောက်ရှိနေခြင်းသည် ၁၉၁၄ ခုနှစ်တွင်စတင်ခဲ့ကြောင်း ကင်းမျှော်စင်နှင့် ယေဟောဝါသက်သေများ၏ အခြားစာပေများက ကျမ်းစာအထောက်အထားများနှင့်တကွ ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပါပြီ။aသို့ဖြစ်လျှင် ယေရှု၏ရောက်ရှိနေခြင်းအကြောင်း ကိုယ်တော်မည်သို့မိန့်တော်မူသနည်း။
၇။ (က) ယေရှုရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်မှ လက္ခဏာအချို့ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့ကယ်တင်ခံရနိုင်သနည်း။
၇ ယေရှုမကွယ်လွန်မီ အချိန်တိုကလေးတွင် ကိုယ်တော်၏ရောက်ရှိနေခြင်းအကြောင်းကို ဆွေးနွေးနှီးနှောစရာဖြစ်ခဲ့ပါသည်။ ယေရုရှလင်ဗိမာန်တော်ပျက်စီးမည့်အကြောင်း ကိုယ်တော်ဟောသောစကားများကို တမန်တော်များဖြစ်ကြသည့်ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် ကြားနာရပြီးနောက် သူတို့က ဤသို့လျှောက်တင်ခဲ့ကြသည်– “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အား အမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၁-၃၊ ကဘ; မာကု ၁၃:၃၊ ၄) ယေရှု ပြန်လည်ဖြေကြားရာတွင် ကိုယ်တော်က မိမိ၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏ “နိမိတ်” အဖြစ် စစ်ပွဲများ၊ အစာခေါင်းပါးခြင်း၊ မြေကြီးလှုပ်ခြင်းနှင့် အခြားအမှုများဖြစ်မည်အကြောင်း တင်ကူးဟောကြားတော်မူခဲ့သည်။ ကိုယ်တော်က ဤသို့မိန့်တော်မူသေးသည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ကျွန်ုပ်တို့၏ လက်ရှိအသက်တာ၏အဆုံး သို့မဟုတ် ဤစနစ်၏အဆုံးအထိ သစ္စာတည်ကြည်ကြမည်ဆိုလျှင် ကယ်တင်ခံရကြမည်။
၈။ ဂျူးအစီအစဉ်စနစ် မကုန်ဆုံးမီ အဘယ်အမှု ပြီးစီးရမည်နည်း။ ယနေ့ ယင်းကို မည်သို့ထမ်းဆောင်နေကြသနည်း။
၈ အဆုံးမတိုင်မီ ယေရှု၏ရောက်ရှိနေခြင်းကို အထူးထင်ရှားစေသော အဖြစ်အပျက်တစ်ခု ဖြစ်ရလိမ့်မည်။ ယင်းအကြောင်းကို ကိုယ်တော်က ဤသို့မိန့်ဆိုသည်– “နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာမြေတစ်ပြင်လုံးနှံ့ ဟောရလိမ့်မည်။ သို့ ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄၊ ကဘ) ရောမလူမျိုးတို့သည် ယေရုရှလင်ကိုဖျက်ဆီး၍ ဂျူးအစီအစဉ်စနစ်ကုန်ဆုံးသည့် စီ.အီး. ၇၀ မတိုင်မီက သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” ပြီးပြီဟုပေါလုပြောဆိုနိုင်ခဲ့သည်။ (ကောလောသဲ ၁:၂၃) သို့သော် ယနေ့ ယေဟောဝါသက်သေများသည် “လူနေရာမြေတစ်ပြင်လုံးနှံ့” အောင် ဟောပြောခြင်းလုပ်ငန်းကို ပိုမိုကျယ်ပြန့်စွာ ထမ်းဆောင်နေကြပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အရှေ့ပိုင်းဥရောပတွင် အကြီးအကျယ်သက်သေခံနိုင်ရန် ဘုရားသခင်လမ်းဖွင့်ပေးတော်မူခဲ့ပြီ။ ကမ္ဘာတစ်ဝန်းရှိ ပုံနှိပ်တိုက်များနှင့် အခြားလုပ်ငန်းဆောင်တာများဖြင့် ယေဟောဝါ၏အဖွဲ့အစည်းသည် ‘သတင်းကောင်းကိုမကြားဖူးသောအရပ်များ’ ၌ပင် လုပ်ငန်းတော်ကို တိုးချဲ့ဖို့အတွက် အသင့်ရှိပေပြီ။ (ရောမ ၁၅:၂၀) အဆုံးမတိုင်မီ အတတ်နိုင်ဆုံးသက်သေခံဖို့ သင်လှုံ့ဆော်ခံရပါသလော။ သို့ဖြစ်လျှင် ရှေ့၌လုပ်ကိုင်ကြရမည့်လုပ်ငန်းတွင်ပါဝင်ရန် သင့်ကို ဘုရားသခင်ခွန်အားပေးနိုင်တော်မူသည်။—ဖိလိပ္ပိ ၄:၁၃; ၂ တိမောသေ ၄:၁၇။
၉။ မဿဲ ၂၄:၃၆ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း အဘယ်အချက်ကို ယေရှုဖော်ပြခဲ့သနည်း။
၉ ကြိုတင်ဟောထားသည့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းနှင့် ယေရှုရောက်ရှိနေခြင်း၏နိမိတ်တွင်ပါဝင်သော အခြားလက္ခဏာများသည် ယခုပင်ပြည့်စုံနေပြီ။ ထို့ကြောင့် ဤစနစ်ဆိုး၏အဆုံးသည် နီးနေပြီ။ ယေရှုက ဤသို့မိန့်တော်မူသည် မှန်၏– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” (မဿဲ ၂၄:၄-၁၄၊ ၃၆) သို့သော် ယေရှု၏ပရောဖက်ပြုချက်က “ထိုအချိန်နာရီ” အတွက် ကျွန်ုပ်တို့အသင့်ရှိနေရန် အကူအညီပေးနိုင်ပါသည်။
သူတို့ အသင့်ရှိနေကြ
၁၀။ ဝိညာဉ်ရေးအရ နိုးနိုးကြားကြားရှိနေနိုင်ကြောင်း မည်သို့သိရှိရသနည်း။
၁၀ ယေဟောဝါ၏နေ့ကြီးကို ကပ်ကျော်ဖို့အတွက် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ နိုးနိုးကြားကြားရှိ၍ စစ်မှန်သောဝတ်ပြုရေးဘက် မားမားမတ်မတ် ရပ်တည်နေကြရမည်။ (၁ ကောရိန္သု ၁၆:၁၃) ဘုရားတရားကြည်ညိုသောမိသားစုတစ်စုသည် ခံနိုင်ရည်ရှိခဲ့ကြ၍ ဘီ.စီ.အီး. ၂၃၇၀ တွင်လူဆိုးများကိုဖျက်ဆီးခဲ့သော ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့ကြသောကြောင့် ထိုသို့သောခံနိုင်ရည်မျိုးရှိနိုင်ကြောင်း ကျွန်ုပ်တို့သိကြပါသည်။ ယေရှုသည် ထိုခေတ်ကို မိမိ၏ရောက်ရှိနေခြင်းနှင့်နှိုင်းယှဉ်ပြီး ဤသို့မိန့်တော်မူခဲ့သည်– “လူသားသည် ကြွလာ [“ရောက်ရှိနေ၊” ကဘ] သောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။—မဿဲ ၂၄:၃၇-၃၉။
၁၁။ နောဧသည် သူ့လက်ထက်ရှိ အကြမ်းဖက်မှုများကြားတွင် အဘယ်လမ်းစဉ်ကို လိုက်ခဲ့သနည်း။
၁၁ ကျွန်ုပ်တို့နည်းတူ နောဧနှင့် သူ၏မိသားစုသည် အကြမ်းဖက်လောကတွင် အသက်ရှင်ခဲ့ကြသည်။ စစ်မှန်သောဘုရားသခင်အား နာခံမှုမရှိသည့်“ဘုရားသခင်၏သားတို့သည်” လူ့ပုံသဏ္ဌာန်ကိုယူပြီး မိန်းမများနှင့်စုံဖက်ကြ၍ အခြေအနေကို ပိုမိုဆိုးရွားစေသည့် နာမည်ပျက်သူ နက်ဖလင်များကို မွေးဖွားကြလေသည်။ (ကမ္ဘာဦး ၆:၁၊ ၂၊ ၄; ၁ ပေတရု ၃:၁၉၊ ၂၀) နောဧမူကား ယုံကြည်ခြင်းဖြင့် “ဘုရားသခင်နှင့်အတူသွားလာ၏။” သူသည် သူ့ခေတ်ရှိ ဆိုးသွမ်းသောလူမျိုးဆက် ‘သူ့လက်ထက်ရှိသူတို့တွင်ဖြောင့်မတ်စုံလင်သောသူဖြစ်၏။’ (ကမ္ဘာဦး ၆:၉-၁၁) ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏နေ့ကိုစောင့်မျှော်နေကြစဉ် ဘုရားသခင်အား ဆုပတ္ထနာပြု၍ မှီခိုအားထားခြင်းဖြင့် ဤဆိုးသွမ်းသောအကြမ်းဖက်လောကတွင် ထပ်တူပင်ပြုနိုင်ကြပါသည်။
၁၂။ (က) နောဧသည် သင်္ဘောဆောက်သည့်အပြင် အဘယ်အလုပ်ကို လုပ်ကိုင်ခဲ့သနည်း။ (ခ) လူတို့သည် နောဧ၏ဟောပြောခြင်းကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မည်သည့်ရလဒ် ရကြသနည်း။
၁၂ နောဧသည် ရေလွှမ်းမိုးဘေးကြီးတွင်မပျက်စီးဘဲ အသက်ရှင်ကျန်စေသောသင်္ဘောဆောက်သူအဖြစ် နာမည်ကျော်ကြားခဲ့ပါသည်။ သူသည် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူဖြစ်သော်လည်း သူ၏လက်ထက်ရှိသူများသည် သူ၏ဘုရားပေးသတင်းကို ‘သတိမမူကြ’ ပါ။ သူတို့သည် ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် စားကြ၊ သောက်ကြ၊ ထိမ်းမြားကြပြီး သားသမီးများမွေးခဲ့ကြ၏။ (၂ ပေတရု ၂:၅; ကမ္ဘာဦး ၆:၁၄) သူတို့သည် “ဘုရားသခင်မျက်မှောက်တော်တွင် နောင်တရခြင်း၊” ခရစ်တော်ကိုယုံကြည်ခြင်း၊ ဖြောင့်မတ်ခြင်းတရားနှင့် “နောက်ဖြစ်လတ္တံ့သော စစ်ကြောစီရင်ခြင်း” အကြောင်း ယေဟောဝါသက်သေများပြောသည့်စကားကို နားမထောင်လိုသော ယခုခေတ် ဆိုးသွမ်းသည့်လူမျိုးဆက်ကဲ့သို့ပင် ဖြောင့်မတ်သောအပြောအဆိုအပြုအမူများအကြောင်း မကြားနာလိုကြပါ။ (တမန်တော် ၂၀:၂၀၊ ၂၁; ၂၄:၂၄၊ ၂၅) ဘုရားသခင်၏တရားတော်ကို နောဧကြေညာခဲ့စဉ်က ကမ္ဘာ့လူဦးရေ မည်မျှရှိကြောင်း မှတ်တမ်းမရှိပါ။ သို့သော် သေချာသည့်အချက်တစ်ခုကား ဘီ.စီ.အီး. ၂၃၇၀ တွင်ကမ္ဘာ့လူဦးရေသည် အကြီးအကျယ်လျော့နည်းခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ပြုမူစီရင်တော်မူခဲ့သော ရေလွှမ်းမိုးဘေးကြီးအတွက် အသင့်ရှိနေသူ နောဧနှင့် သူ၏မိသားစုဝင် အခြားသူခုနစ်ဦးသာလျှင် အသက်ချမ်းသာရခဲ့ကြပြီး လူဆိုးအားလုံးတို့သည် သုတ်သင်ပယ်ရှင်းခံခဲ့ရကြသည်။—ကမ္ဘာဦး ၇:၁၉-၂၃; ၂ ပေတရု ၃:၅၊ ၆။
၁၃။ နောဧသည် အဘယ်မြင့်မြတ်သောတရားရေးရာစီရင်ချက်ကို လုံးဝယုံကြည်စိတ်ချခဲ့ပါသနည်း။
၁၃ ဘုရားသခင်သည် ရေလွှမ်းမိုးဘေးဖြစ်မည့် နေ့ရက်နာရီအတိအကျကို နောဧအား နှစ်ချီ၍ ကြိုတင်မိန့်တော်မမူခဲ့ပါ။ သို့ရာတွင် နောဧသည် အသက် ၄၈၀ ရှိချိန်တွင် ယေဟောဝါက ဤသို့ကြွေးကြော်တော်မူခဲ့သည်– “ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား၊ လူတို့သည် အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း၊ အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ။” (ကမ္ဘာဦး ၆:၃) နောဧသည် ဤမြင့်မြတ်သောတရားရေးရာစီရင်ချက်ကို လုံးဝယုံကြည်စိတ်ချပါသည်။ သူသည် အသက် ၅၀၀ ရှိပြီးနောက်သား “ရှေမ၊ ဟာမ၊ ယာဖက်” တို့ကို ဖွားလေသည်။ ထိုခေတ်၏ထုံးစံအရ သူ၏သားများသည် အသက် ၅၀ မှ ၆၀ ရှိမှသာ အိမ်ထောင်ပြုခဲ့ကြပေမည်။ ရေလွှမ်းမိုးဘေးတွင် မပျက်စီးဘဲ စောင့်ရှောက်ခံရရန် သင်္ဘောကိုဆောက်ဖို့ နောဧမှာကြားခံခဲ့ရသောအခါ ထိုသားများနှင့် သူတို့၏ဇနီးများပါ ၎င်းလုပ်ငန်းတွင် အမှန်ပါဝင်ကူညီပေးခဲ့ကြပေမည်။ “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သူအဖြစ် နောဧအမှုထမ်းစဉ်ကာလ သင်္ဘောကိုဆောက်လုပ်ခဲ့မည်ဖြစ်ရာ သူသည် ရေလွှမ်းမိုးဘေးမတိုင်မီ နှစ်ပေါင်း ၄၀၊ ၅၀ အတွင်း အလွန်အလုပ်များခဲ့ပါလိမ့်မည်။ (ကမ္ဘာဦး ၅:၃၂; ၆:၁၃-၂၂) ထိုနှစ်ပေါင်းတစ်လျှောက်လုံး သူနှင့် သူ၏မိသားစုသည် ယုံကြည်ခြင်းရှိရှိပြုမူဆောင်ရွက်ခဲ့ကြ၏။ ကျွန်ုပ်တို့လည်း သတင်းကောင်းဟောပြော၍ ယေဟောဝါ၏နေ့ကို စောင့်မျှော်နေကြစဉ် ယုံကြည်ခြင်းတင်ပြကြစို့လေ။—ဟေဗြဲ ၁၁:၇။
၁၄။ ယေဟောဝါသည် နောက်ဆုံးတွင် နောဧကို မည်သည့်အရာ ကြားပြောတော်မူသနည်း။ အဘယ်ကြောင့်နည်း။
၁၄ နောဧသည် အဘယ်အချိန်တွင် ရေလွှမ်းမိုးဘေးဖြစ်မည်ကို အတိအကျမသိခဲ့သော်လည်း သင်္ဘောဆောက်ပြီးခါနီးတွင် ဖြစ်လုနီးပြီဟု ထင်ခဲ့လိမ့်မည်။ နောက်ဆုံးတွင် ယေဟောဝါက “ယနေ့မှစ၍ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာစေမည်” ဟုသူ့ကိုမှာကြားတော်မူ၏။ (ကမ္ဘာဦး ၇:၄) ရေလွှမ်းမိုးဘေးမစမီ ထိုအချိန်အတွင်း သင်္ဘောထဲသို့ တိရစ္ဆာန်အားလုံးကို အမျိုးလိုက်သွင်းပြီး ကိုယ်တိုင်ဝင်ကြရန် နောဧနှင့် သူ၏မိသားစုအတွက် အချိန်လောက်ရုံသာဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစနစ်ပျက်စီးမည့် နေ့ရက်နာရီကို သိထားစရာမလိုပါ; တိရစ္ဆာန်များ ကပ်ကျော်ရေးသည် ကျွန်ုပ်တို့၏တာမဟုတ်၊ ကပ်ကျော်မည့်သူများလည်း ပုံဆောင်ရာသင်္ဘောဖြစ်သည့် ဘုရားသခင့်လူမျိုး၏ ဝိညာဉ်ဏရေးပရဒိသုအတွင်းသို့ ဝင်ရောက်နှင့်နေကြပြီ။
‘စောင့်လျက်နေကြလော့’
၁၅။ (က) မဿဲ ၂၄:၄၀-၄၄ ပါ ယေရှု၏စကားကို သင့်ကိုယ်ပိုင်စကားဖြင့် မည်သို့ရှင်းပြမည်နည်း။ (ခ) ဘုရားသခင်အပြစ်စီရင်ရန် ယေရှုကြွလာမည့်အချိန်ကို အတိအကျ မသိခြင်းက အဘယ်အကျိုးရှိစေသနည်း။
၁၅ မိမိရောက်ရှိနေခြင်းအကြောင်းကို ယေရှုက ဤသို့ရှင်းပြသည်– “ထိုအခါ လယ်၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင်တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။ ထို့ကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” (မဿဲ ၂၄:၄၀-၄၄; လုကာ ၁၇:၃၄၊ ၃၅) ဘုရားသခင်အတွက် လက်တုံ့ပြန်ပေးတော်မူရန် ယေရှုကြွလာမည့်အချိန်ကို ကျွန်ုပ်တို့ အတိအကျ မသိကြသောကြောင့် သမ္မာသတိရှိလျက် ယေဟောဝါအား အတ္တစိတ်မရှိ ဝတ်ပြုကိုးကွယ်နေကြကြောင်း နေ့တိုင်းအစဉ် သက်သေပြခွင့်ရသည်။
၁၆။ “နေရစ်” ရသူများနှင့် “သိမ်းယူ” ခံရသူများ ဘာဖြစ်မည်နည်း။
၁၆ လူဆိုးတို့နှင့်အတူ ဖျက်ဆီးခံရရန် “နေရစ်” ရသူများတွင် တစ်ချိန်က အလင်းကိုမြင်ကြပြီးနောက် အတ္တလမ်းစဉ်၌ နစ်မြုပ်ခဲ့သူများပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ယေဟောဝါအား အကြွင်းမဲ့အပ်နှံပြီး “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်ရရှိသော ဝိညာဉ်ဏရေးပြင်ဆင်ချက်များကို အမှန်ကျေးဇူးတင်သော “သိမ်းယူ” ခံရသူများတွင် ပါဝင်ပါလေစေ။ (မဿဲ ၂၄:၄၅-၄၇၊ သမ) အဆုံးတိုင်အောင် “စင်ကြယ်သောစိတ်နှလုံးနှင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ မှန်သောယုံကြည်ခြင်းနှင့်လည်းကောင်း” ဘုရားသခင့်အမှုတော်ကို ထမ်းဆောင်ကြစို့လေ။—၁ တိမောသေ ၁:၅။
သန့်ရှင်းသောအပြုအမူများ မရှိမဖြစ်
၁၇။ (က) ၂ ပေတရု ၃:၁၀ တွင် မည်သည့်အကြောင်းကို ကြိုဟောထားသနည်း။ (ခ) ၂ ပေတရု ၃:၁၁ တွင် အားပေးထားသည့် အကျင့်များနှင့် အပြုအမူတို့ကား အဘယ်နည်း။
၁၇ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့သည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေတရု ၃:၁၀) ပုံဆောင်ရာ ကောင်းကင်နှင့်မြေကြီးသည် ဘုရားသခင့်အမျက်တော်မီးဖြင့် လောင်ကျွမ်းခံရလိမ့်မည်။ ထို့ကြောင့် ပေတရုသည် ဤသို့ထပ်ဆင့်ခဲ့သည်– “သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ . . . သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။” (၂ ပေတရု ၃:၁၁၊ ၁၂) ဤအကျင့်များနှင့် အပြုအမူတို့တွင် ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ခြင်း၊ သူတစ်ပါးအား ကောင်းမှုပြုခြင်းနှင့် သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းတွင် အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းတို့ အကျုံးဝင်သည်။—မဿဲ ၂၄:၁၄; ဟေဗြဲ ၁၀:၂၄၊ ၂၅; ၁၃:၁၆။
၁၈။ ကျွန်ုပ်တို့သည် ဤလောကအပေါ် တွယ်တာမှု တိုးများလာနေလျှင် ဘာလုပ်သင့်သနည်း။
၁၈ “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း” တို့သည် ‘လောကီအညစ်အကြေးနှင့်ကင်းစင်’ နေရန် ကျွန်ုပ်တို့ကိုတောင်းဆိုပါသည်။ (ယာကုပ် ၁:၂၇) သို့သော် ကျွန်ုပ်တို့သည် ဤလောကအပေါ် တွယ်တာမှု တိုးများလာနေလျှင်ကော။ မသန့်ရှင်းသောအပန်းဖြေမှုကို လိုလားခြင်း၊ ဤလောက၏ ဘုရားတရားနှင့်မညီညွတ်သောစိတ်ဓာတ်ကို အားပေးသည့် တေးသီချင်းများကိုနားထောင်ခြင်းအားဖြင့် ဘုရားသခင့်မျက်မှောက်တော်၌ အန္တရာယ်ရှိသောအခြေအနေသို့ သွေးဆောင်ခံနေရခြင်းဖြစ်နိုင်သည်။ (၂ ကောရိန္သု ၆:၁၄-၁၈) ထိုသို့ဖြစ်နေမည်ဆိုလျှင် ဤလောကနှင့်အတူ ရွေ့သွားကွယ်ပျောက်မသွားဘဲ လူသားရှေ့ မျက်နှာသာရခွင့်ရှိသူဖြစ်နေရန် ဆုတောင်းခြင်းဖြင့် ဘုရားသခင့်အကူအညီကို တောင်းခံကြစို့လေ။ (လုကာ ၂၁:၃၄-၃၆; ၁ ယောဟန် ၂:၁၅-၁၇) ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆက်ကပ်အပ်နှံထားပြီးပြီဆိုလျှင် ကိုယ်တော်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိရန် အတတ်နိုင်ဆုံးကြိုးစားလိုကြပေမည်။ ဤသို့အားဖြင့် ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ကြီးအတွက် အသင့်ရှိနေကြပေမည်။
၁၉။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အစုအဝေးကြီးသည် မျက်မှောက်အစီအစဉ်စနစ်၏အဆုံးတွင် မပျက်စီးဘဲ ကျန်ရှိရန် အဘယ်ကြောင့် မျှော်လင့်နိုင်သနည်း။
၁၉ ဘုရားတရားကြည်ညိုသော နောဧနှင့် သူ၏မိသားစုသည် ရှေးလောကကိုဖျက်ဆီးခဲ့သော ရေလွှမ်းမိုးဘေးတွင် မပျက်စီးခဲ့ပါ။စီ.အီး. ၇၀ တွင်ဖြောင့်မတ်သူများသည် ဂျူးအစီအစဉ်စနစ်၏အဆုံးကို ကျော်လွှားခဲ့ကြသည်။ ဥပမာ၊ တမန်တော်ယောဟန်သည် ဗျာဒိတ်ကျမ်း၊ သူ၏ခရစ်ဝင်ကျမ်းနှင့် မှုတ်သွင်းခံ စာစောင်သုံးစောင်တို့ကို ရေးသားခဲ့သည့် စီ.အီး. ၉၆-၉၈ ခန့်တွင် ဘုရားသခင်၏လုပ်ငန်းတော်၌ လှုပ်ရှားတက်ကြွစွာပါဝင်နေဆဲရှိသည်။ စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် စစ်မှန်သောယုံကြည်ခြင်းကိုလက်ခံခဲ့သူ ထောင်ပေါင်းများစွာတို့အနက် ဂျူးအစီအစဉ်စနစ်ကုန်ဆုံးချိန်တွင် မပျက်စီးဘဲ ကပ်ကျော်သူများစွာ ရှိခဲ့မည်မှာအမှန်။ (တမန်တော် ၁:၁၅; ၂:၄၁၊ ၄၇; ၄:၄) ယနေ့ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ အစုအဝေးကြီးသည် မျက်မှောက်အစီအစဉ်စနစ်၏အဆုံးတွင် မပျက်စီးဘဲ ကျန်ရှိရန် မျှော်လင့်နိုင်ပါသည်။
၂၀။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဇွဲလုံ့လဖြင့် ‘ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများ’ ဖြစ်သင့်သနည်း။
၂၀ ကျွန်ုပ်တို့ရှေ့တွင်ရှိသော ကမ္ဘာသစ်ထဲသို့ ကပ်ကျော်ဝင်ရောက်ရတော့မည်ဖြစ်သောကြောင့် ဇွဲလုံ့လနှင့် ‘ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများ’ ဖြစ်ကြစို့လေ။ ဤနောက်ဆုံးကာလတွင် ဘုရားသခင့်အမှုတော်ထမ်းရခြင်းသည် အခွင့်ထူးလှလေခြင်း! မျက်မှောက်ခေတ် “သင်္ဘော” တည်းဟူသော ဘုရားသခင့်လူမျိုးတို့၏ ဝိညာဉ်ဏရေးပရဒိသုသို့ လူတို့ကို လမ်းညွှန်ပေးရခြင်းသည် အားရရွှင်လန်းစရာပါတကား! ထိုတွင် ယခုဝင်ရောက်နေသည့် သန်းပေါင်းများစွာသောသူတို့သည် သစ္စာတည်ကြည်၍ ဝိညာဉ်ရေးဘက် နိုးကြားလျက် ယေဟောဝါ၏နေ့အတွက် အသင့်ရှိနေကြပါလေစေ။ သို့သော် ကျွန်ုပ်တို့အားလုံး နိုးနိုးကြားကြားရှိနေဖို့ရန် အဘယ်အရာက အကူအညီပေးမည်နည်း။
[အောက်ခြေမှတ်ချက်]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာ မှ ထုတ်ဝေသည့် ထာဝရအသက်ရစေသောအသိပညာစာအုပ် အခန်း ၁၀ နှင့် ၁၁ ရှု။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယေဟောဝါ၏နေ့နှင့် ခရစ်တော်ရောက်ရှိနေခြင်းတို့နှင့်ပတ်သက်၍ လူအချို့ အဘယ်မျှော်လင့်ချက်များ ထားရှိခဲ့ကြသနည်း။
◻ နောဧနှင့်သူ၏မိသားစုသည် ရေလွှမ်းမိုးဘေးအတွက် အသင့်ရှိနေသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
◻ “နိုးကြားလျက်” နေသူများနှင့် မနိုးကြားသူများ ဘာဖြစ်မည်နည်း။
◻ အထူးသဖြင့် ယေဟောဝါ၏နေ့ကြီး နီးကပ်လာခြင်းကြောင့် သန့်ရှင်းသောအကျင့်များသည် အဘယ်ကြောင့်မရှိမဖြစ် လိုအပ်သနည်း။