ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၃/၁၅ စာ. ၉-၁၄
  • သင် “စောင့်နေ” မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် “စောင့်နေ” မလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ
  • ပုံဥပမာရဲ့ သတိပေးချက်ကို ဘိသိက်ခံတွေ ဘယ်လိုလိုက်နာနေသလဲ
  • သတိပညာရှိသူတွေရရှိတဲ့ ဆုကျေးဇူးနဲ့ ပညာမဲ့သူတွေရရှိတဲ့ အပြစ်ဒဏ်
  • ခရစ်တော်ရဲ့ “အခြားသိုး” တွေ ဘယ်လိုအကျိုးရရှိနိုင်သလဲ
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သတိဝီရိယရှိလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • “သတိနဲ့ စောင့်နေကြပါ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၃/၁၅ စာ. ၉-၁၄
မီးခွက်တွေထွန်းပြီး စောင့်နေတဲ့ အပျိုကညာတချို့

သင် “စောင့်နေ” မလား

“သို့ဖြစ်၍ နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မ. ၂၅:၁၃။

သင် ဘယ်လိုဖြေမလဲ

  • အပျိုကညာဆယ်ဦး ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။

  • အပျိုကညာဆယ်ဦး ပုံဥပမာမှာပါတဲ့ ယေရှုရဲ့ သတိပေးချက်ကို ဘိသိက်ခံတွေ ဘယ်လိုလိုက်နာနေသလဲ။

  • အပျိုကညာဆယ်ဦး ပုံဥပမာကနေ “အခြားသိုး” တွေ ဘယ်လို အကျိုးရရှိနိုင်သလဲ။

၁၊ ၂။ (က) နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ယေရှု ဘာပြောခဲ့သလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးမလဲ။

ဂျေရုဆလင်ဗိမာန်တော်ကို အပေါ်စီးကနေ လှမ်းမြင်ရတဲ့ သံလွင်တောင်ပေါ်မှာ ယေရှုထိုင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ သူနဲ့အတူ တမန်တော်တွေဖြစ်တဲ့ ပေတရု၊ အန္ဒြေ၊ ယာကုပ်နဲ့ ယောဟန်တို့ လေးယောက်ရှိနေတယ်။ စိတ်လှုပ်ရှားစရာ အနာဂတ်ပရောဖက်ပြုချက်အကြောင်း ပြောပြနေတဲ့ ယေရှုကို သူတို့အာရုံစိုက်နားထောင်နေတယ်။ အဲဒီပရောဖက်ပြုချက်က ဘုရားသခင့်နိုင်ငံတော်မှာ ယေရှု အုပ်ချုပ်နေမယ့်အချိန်ဖြစ်တဲ့ ဒီလောကစနစ်ဆိုးရဲ့နောက်ဆုံးကာလမှာ ဘာတွေဖြစ်ပျက်မယ်ဆိုတာ ဖော်ပြတယ်။ အဲဒီစိတ်လှုပ်ရှားစရာအချိန်အတွင်းမှာ “သစ္စာနှင့် သတိပညာရှိသောကျွန်” ဟာ ယေရှုကိုယ်စား မြေကြီးပေါ်မှာ ရှိနေပြီး နောက်လိုက်တွေကို အချိန်တန်အစာ ကျွေးမွေးနေမယ်လို့ ယေရှုပြောတယ်။—မ. ၂၄:၄၅-၄၇။

၂ အဲဒီပရောဖက်ပြုချက်မှာပဲ အပျိုကညာဆယ်ဦး ပုံဥပမာကို ယေရှုပြောတယ်။ (မဿဲ ၂၅:၁–၁၃ ကိုဖတ်ပါ။) ဒီဆောင်းပါးမှာ မေးခွန်းသုံးခုကို ဆွေးနွေးပါမယ်– (၁) ဒီပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။ (၂) ပုံဥပမာမှာပါတဲ့ သတိပေးချက်ကို သစ္စာရှိဘိသိက်ခံတွေ ဘယ်လိုလိုက်နာနေသလဲ။ ဘာရလဒ်တွေ ရရှိနေသလဲ။ (၃) ဒီနေ့အချိန်မှာ ကျွန်တော်တို့ယောက်တိုင်း ယေရှုရဲ့ ပုံဥပမာကနေ ဘယ်လိုအကျိုးရရှိနိုင်သလဲ။

ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ

၃။ အရင်က အဖွဲ့အစည်းထုတ်စာပေတွေမှာ အပျိုကညာဆယ်ဦး ပုံဥပမာကို ဘယ်လိုရှင်းပြခဲ့သလဲ။ အဲဒီလို ရှင်းပြတဲ့အတွက် ဘာဖြစ်သွားနိုင်သလဲ။

၃ မကြာသေးခင်နှစ်တွေအတွင်းမှာ သစ္စာရှိကျွန်ဟာ ကျမ်းစာမှတ်တမ်းတချို့ကို ရှင်းပြတဲ့နည်း ပြောင်းလဲလိုက်ပြီဆိုတာ ရှေ့ဆောင်းပါးမှာ သိခဲ့ရတယ်။ အခု သစ္စာရှိကျွန်ဟာ ဖြစ်နိုင်ခြေ ပုံဆောင်ချက် ဒါမှမဟုတ် ပရောဖက်ပြုချက်ရဲ့ အဓိပ္ပာယ်တွေထက် လက်တွေ့ကျ သင်ခန်းစာတွေကိုပဲ ပိုအလေးပေးဖော်ပြနေတယ်။ ဥပမာ၊ ယေရှုပြောခဲ့တဲ့ အပျိုကညာဆယ်ဦး ပုံဥပမာကို သုံးသပ်ကြည့်ပါ။ အရင်က အဖွဲ့အစည်းထုတ်စာပေတွေမှာ မီးခွက်၊ ဆီ၊ ဆီဘူးတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ပုံဆောင်တယ်လို့ ရှင်းပြခဲ့ဖူးတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို အလေးပေးလွန်းတဲ့အတွက် ပုံဥပမာရဲ့ အဓိကအချက် ပျောက်သွားတာမျိုး ဖြစ်နိုင်သလား။ အဲဒီမေးခွန်းရဲ့ အဖြေကိုသိဖို့ သိပ်အရေးကြီးတယ်။

အပျိုကညာတွေဟာ သတို့သား ရောက်လာချိန်မှာ မီးခွက်ကိုယ်စီထွန်းပြီး အသင့်ဖြစ်နေရမယ်

၄။ (က) ပုံဥပမာမှာပါတဲ့ သတို့သားက ဘယ်သူလဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ (ခ) အပျိုကညာတွေက ဘယ်သူတွေလဲ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။

၄ ယေရှုပြောခဲ့တဲ့ ပုံဥပမာရဲ့ အဓိကအချက်ကို သုံးသပ်ကြည့်ကြစို့။ ဦးဆုံး၊ အပျိုကညာဆယ်ဦး ပုံဥပမာမှာ ပါဝင်သူတွေအကြောင်း စဉ်းစားကြည့်ပါ။ သတို့သားက ဘယ်သူလဲ။ ယေရှုဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေရှုဟာ အစောပိုင်းတုန်းက သူ့ကိုယ်သူ သတို့သားအဖြစ် ပြောခဲ့လို့ပဲ။ (လု. ၅:၃၄၊ ၃၅) အပျိုကညာတွေက ဘယ်သူလဲ။ “သိုးစုငယ်” ဖြစ်တဲ့ ဘိသိက်ခံခရစ်ယာန်တွေ ဖြစ်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ပုံဥပမာမှာ ယေရှုက အပျိုကညာတွေဟာ သတို့သား ရောက်လာချိန်မှာ မီးခွက်ကိုယ်စီထွန်းပြီး အသင့်ဖြစ်နေရမယ်လို့ ပြောခဲ့တယ်။ “သိုးစုငယ်” ဖြစ်တဲ့ ဘိသိက်ခံနောက်လိုက်တွေကိုလည်း ယေရှု အလားတူ ပြောခဲ့တယ်– ‘သင်တို့သည် ခါးပန်းစည်းလျက်၊ မီးခွက်ထွန်းလျက် နေကြလော့။ မင်္ဂလာဆောင်ပွဲမှပြန်လာ[သော]သခင်ကို စောင့်မျှော်သောသူတို့ကဲ့သို့ ရှိနေကြလော့။’ (လု. ၁၂:၃၂၊ ၃၅၊ ၃၆) အဲဒီအပြင် တမန်တော်ပေါလုနဲ့ တမန်တော်ယောဟန်ကလည်း ခရစ်တော်ရဲ့ ဘိသိက်ခံနောက်လိုက်တွေကို အပျိုစင်တွေနဲ့ ခိုင်းနှိုင်းခဲ့တယ်။ (၂ ကော. ၁၁:၂; ဗျာ. ၁၄:၄) ဒါကြောင့် မဿဲ ၂၅:၁-၁၃ မှာတွေ့ရတဲ့ အကြံပြုချက်နဲ့ သတိပေးချက်ဟာ ယေရှုရဲ့ ဘိသိက်ခံနောက်လိုက်တွေနဲ့ သက်ဆိုင်တယ်ဆိုတာ ကျွန်တော်တို့ နားလည်နိုင်တယ်။

၅။ ပုံဥပမာရဲ့သက်ဆိုင်ချိန်ကို ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။

၅ ဒုတိယ၊ ယေရှုရဲ့ သတိပေးချက်က ဘယ်အချိန်ကာလနဲ့ သက်ဆိုင်သလဲ။ ပုံဥပမာပြီးခါနီးမှာ ယေရှုပြောခဲ့တဲ့စကားကနေ အဖြေကို သိနိုင်တယ်။ “သတို့သား ရောက်လာ” တယ်လို့ ယေရှုပြောတယ်။ (မ. ၂၅:၁၀) မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ ယေရှုရဲ့ ပရောဖက်ပြုချက်မှာ ယေရှု “ကြွလာ” ဒါမှမဟုတ် “ရောက်လာ” ဆိုတာကို ရှစ်ကြိမ် ဖော်ပြထားတယ်လို့ ၂၀၁၃၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် ကနေ သိခဲ့ရတယ်။ ယေရှု “ရောက်လာ” တယ်လို့ ပြောတဲ့အခါ ဒီစနစ်ဆိုးကို တရားစီရင်ပြီး ဖျက်ဆီးဖို့ ကြီးစွာသောဒုက္ခအတွင်း ရောက်ရှိလာတာကို ဆိုလိုတယ်။ ဒါကြောင့် ယေရှုရဲ့ ပုံဥပမာဟာ နောက်ဆုံးကာလနဲ့ သက်ဆိုင်တယ်၊ ကြီးစွာသောဒုက္ခအတွင်း ယေရှု “ရောက်လာ” မယ်ဆိုပြီး ကျွန်တော်တို့ ကောက်ချက်ချနိုင်တယ်။

၆။ ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။

၆ ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။ ဒီပုံဥပမာပါဝင်တဲ့ ကျမ်းစာမှတ်တမ်းရဲ့ ရှေ့နောက်စကားကို စဉ်းစားကြည့်ပါ။ မဿဲ အခန်းကြီး ၂၄ မှာ ယေရှုက ‘သစ္စာနဲ့ သတိပညာရှိကျွန်’ အကြောင်း ပြောခဲ့တယ်။ အဲဒီကျွန်ဟာ နောက်ဆုံးကာလအတွင်း ခရစ်တော်ရဲ့နောက်လိုက်တွေကို ဦးဆောင်မယ့် ဘိသိက်ခံအမျိုးသားအုပ်စုငယ်လေး ဖြစ်ပါလိမ့်မယ်။ အဲဒီအမျိုးသားတွေဟာ သစ္စာရှိနေရမယ်လို့ ယေရှု သတိပေးတယ်။ အခန်းကြီး ၂၅ မှာတော့ ယေရှုက နောက်ဆုံးကာလမှာရှိနေတဲ့ ဘိသိက်ခံနောက်လိုက်အားလုံးကို သတိပေးဖို့ အပျိုကညာဆယ်ဦး ပုံဥပမာကို ပြောတယ်။ ပုံဥပမာရဲ့ အဓိကအချက်ကတော့ ဘိသိက်ခံတွေဟာ ကောင်းကင်ဆုကျေးဇူး မဆုံးရှုံးသွားအောင် “စောင့်နေကြ” ဖို့ ဖြစ်တယ်။ (မ. ၂၅:၁၃) အခု၊ ပုံဥပမာကို ဆန်းစစ်ပြီး အဲဒီမှာပါတဲ့ သတိပေးချက်ကို ဘိသိက်ခံတွေ ဘယ်လိုလိုက်နာနေတယ်ဆိုတာ ကြည့်ကြစို့။

ပုံဥပမာရဲ့ သတိပေးချက်ကို ဘိသိက်ခံတွေ ဘယ်လိုလိုက်နာနေသလဲ

၇၊ ၈။ (က) သတိပညာရှိအပျိုကညာတွေဟာ ဘာကြောင့် အသင့်ဖြစ်နေကြသလဲ။ (ခ) ဘိသိက်ခံတွေဟာ ဘယ်လိုအသင့်ပြင်ထားကြသလဲ။

၇ ပုံဥပမာမှာ ယေရှုက သတိပညာရှိအပျိုကညာတွေဟာ ပညာမဲ့တဲ့အပျိုကညာတွေနဲ့ မတူဘဲ သတို့သားရောက်လာချိန်မှာ အသင့်ဖြစ်နေတယ်ဆိုတာကို အလေးပေးပြောတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အသင့်ပြင်ပြီး စောင့်နေကြလို့ပဲ။ အပျိုကညာဆယ်ဦးစလုံးဟာ နိုးနိုးကြားကြား ရှိနေဖို့၊ တစ်ညလုံး မီးခွက်ကို ထွန်းထားဖို့ လိုအပ်တယ်။ သတိပညာရှိအပျိုကညာငါးဦးဟာ ပညာမဲ့တဲ့အပျိုကညာတွေနဲ့ မတူဘဲ မီးခွက်နဲ့အတူ ဆီအပိုကိုပါ ယူလာတဲ့အတွက် အသင့်ဖြစ်နေကြတယ်။ သစ္စာရှိ ဘိသိက်ခံခရစ်ယာန်တွေလည်း ယေရှု ရောက်ရှိလာချိန်အတွက် ဘယ်လိုအသင့်ပြင်ထားကြသလဲ။

၈ ဘိသိက်ခံတွေဟာ အဆုံးရောက်တဲ့အထိ ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့ အသင့်ပြင်ထားကြတယ်။ ဘုရားသခင်အတွက် အမှုဆောင်ဖို့ဆိုရင် စာတန့်လောကရဲ့ စည်းစိမ်ချမ်းသာတွေကို စွန့်လွှတ်ဖို့လိုမယ်ဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ တလိုတလား စွန့်လွှတ်ကြတယ်။ အဆုံးရောက်ဖို့ နီးနေလို့မဟုတ်ဘဲ ယေဟောဝါနဲ့ သားတော်ကို ချစ်မြတ်နိုးလို့ သစ္စာရှိရှိ အမှုဆောင်ဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ သစ္စာသမာဓိ စောင့်ထိန်းကြတယ်။ စည်းစိမ်ဥစ္စာကို အဓိကထားတဲ့၊ အကျင့်ပျက်တဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ လောကစိတ်ဓာတ်တွေ ဝင်လာဖို့ ခွင့်မပြုကြဘူး။ မီးခွက်ကိုယ်စီနဲ့ အသင့်ဖြစ်နေတဲ့ သတိပညာရှိအပျိုကညာတွေလိုပဲ ဘိသိက်ခံတွေဟာ သတို့သားရောက်လာဖို့ ကြန့်ကြာနေပုံပေါက်နေရင်တောင် စိတ်ရှည်ရှည်စောင့်မျှော်ပြီး အလင်းထွန်းလင်းနေကြတယ်။—ဖိ. ၂:၁၅။

ဘိသိက်ခံတွေဟာ သစ္စာရှိနေရမယ်လို့ ယေရှု သတိပေးတယ်

၉။ (က) အိပ်ငိုက်တာနဲ့ပတ်သက်ပြီး ယေရှု ဘာသတိပေးခဲ့သလဲ။ (ခ) “သတို့သား လာနေပြီ” ဆိုတဲ့ ကြွေးကြော်သံကို ဘိသိက်ခံတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)

၉ သတိပညာရှိအပျိုကညာတွေဟာ စောင့်နေတဲ့အတွက်ကြောင့်လည်း သတို့သားရောက်ရှိလာချိန်မှာ အသင့်ဖြစ်နေကြတယ်။ ဒါပေမဲ့ ပုံဥပမာမှာ အပျိုကညာဆယ်ဦးစလုံးဟာ ကြန့်ကြာနေပုံရတဲ့ သတို့သားကို စောင့်နေရင်း “ငိုက်၍ အိပ်ပျော်သွားကြ” တယ်။ ဒါကြောင့် ဒီနေ့ခေတ် ဘိသိက်ခံခရစ်ယာန်တွေလည်း “အိပ်ပျော်” သွားဖို့၊ တစ်နည်းအားဖြင့် ခရစ်တော်ရောက်ရှိမယ့် အချိန်ကို စောင့်ဆိုင်းရင်း အာရုံလွဲသွားဖို့ ဖြစ်နိုင်သလား။ ဖြစ်နိုင်ပါတယ်။ စိတ်ထက်သန်မှုအပြည့်နဲ့ လိုလိုလားလားရှိသူတောင် ယေရှုရောက်ရှိမယ့်အချိန်ကို စောင့်ဆိုင်းရင်း အားနည်းသွားနိုင်တယ်၊ အာရုံလွဲသွားနိုင်တယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် သစ္စာရှိဘိသိက်ခံတွေဟာ စောင့်နေဖို့ အရင်ကထက် ပိုကြိုးစားနေကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ ပုံဥပမာမှာ “သတို့သား လာနေပြီ” ဆိုတဲ့ ကြွေးကြော်သံကို အပျိုကညာဆယ်ဦးစလုံး တုံ့ပြန်ခဲ့ကြတယ်။ ဒါပေမဲ့ သတိပညာရှိအပျိုကညာတွေပဲ အသင့်စောင့်နေကြတယ်။ (မ. ၂၅:၅၊ ၆; ၂၆:၄၁) အဲဒီလိုပဲ နောက်ဆုံးကာလအတွင်းမှာ သစ္စာရှိဘိသိက်ခံတွေဟာ “သတို့သား လာနေပြီ” ဆိုတဲ့ ကြွေးကြော်သံကို တုံ့ပြန်ခဲ့ကြတယ်။ ယေရှုရောက်လာတော့မယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားကို လက်ခံပြီး ယေရှု ရောက်ရှိမယ့်အချိန်အတွက် အသင့်ပြင်ထားကြတယ်။a အခု၊ သတ်သတ်မှတ်မှတ် အချိန်ကာလတစ်ခုအကြောင်း အလေးပေးထားတဲ့ ပုံဥပမာရဲ့ အဆုံးပိုင်းကို သုံးသပ်ကြည့်ကြစို့။

သတိပညာရှိသူတွေရရှိတဲ့ ဆုကျေးဇူးနဲ့ ပညာမဲ့သူတွေရရှိတဲ့ အပြစ်ဒဏ်

၁၀။ သတိပညာရှိအပျိုကညာတွေနဲ့ ပညာမဲ့တဲ့အပျိုကညာတွေရဲ့ အပြန်အလှန်စကားပြောခန်းကနေ ဘယ်မေးခွန်းပေါ်လာသလဲ။

၁၀ ပုံဥပမာပြီးခါနီးမှာ ပညာမဲ့တဲ့အပျိုကညာတွေက သတိပညာရှိအပျိုကညာတွေဆီမှာ ဆီတောင်းတဲ့အကြောင်း ယေရှု ပြောတယ်။ ဒါပေမဲ့ သတိပညာရှိအပျိုကညာတွေက အကူအညီ မပေးဘဲ ငြင်းလိုက်တယ်။ (မဿဲ ၂၅:၈၊ ၉ ကိုဖတ်ပါ။) ဒီအပြန်အလှန်စကားပြောခန်းကနေ ပေါ်လာတဲ့မေးခွန်းကတော့ “သစ္စာရှိဘိသိက်ခံခရစ်ယာန်တွေဟာ အကူအညီတောင်းခံသူတွေကို ဘယ်အချိန်မှာ ငြင်းပယ်လိမ့်မလဲ” ဆိုတဲ့မေးခွန်းဖြစ်တယ်။ အဖြေကိုသိနိုင်ဖို့ အချိန်ကာလကို ပြန်သုံးသပ်ကြည့်ပါ။ သတို့သားဖြစ်တဲ့ ယေရှုဟာ တရားစီရင်ဖို့ ကြီးစွာသောဒုက္ခအဆုံးပိုင်းနားမှာ ရောက်လာတယ်လို့ ကျွန်တော်တို့ နားလည်ထားတယ်။ ဒါကြောင့် ပညာမဲ့တဲ့အပျိုကညာတွေ အကူအညီတောင်းတဲ့အချိန်ဟာ ကြီးစွာသောဒုက္ခ အဆုံးမတိုင်ခင်လေးမှာ ဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ဘိသိက်ခံတွေဟာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံထားရပြီးဖြစ်လို့ပဲ။

၁၁။ (က) ကြီးစွာသောဒုက္ခမစခင်လေးမှာ ဘာဖြစ်မလဲ။ (ခ) သတိပညာရှိအပျိုကညာတွေက ပညာမဲ့တဲ့အပျိုကညာတွေကို ဆီသွားဝယ်ခိုင်းတာ ဘာအဓိပ္ပာယ်လဲ။

၁၁ မြေကြီးပေါ်မှာရှိတဲ့ သစ္စာရှိဘိသိက်ခံအားလုံးဟာ ကြီးစွာသောဒုက္ခမစခင်မှာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံရပါလိမ့်မယ်။ (ဗျာ. ၇:၁-၄) အဲဒီအချိန်ကစပြီး သူတို့ကောင်းကင်သွားရမယ်ဆိုတာ သေချာသွားပြီ။ ဒါပေမဲ့ ကြီးစွာသောဒုက္ခမတိုင်ခင် အချိန်ကို စဉ်းစားကြည့်ပါ။ ဆက်စောင့်မနေတဲ့၊ သစ္စာမရှိတဲ့ ဘိသိက်ခံတွေ ဘာဖြစ်မလဲ။ သူတို့ဟာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံရမှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီအချိန်မှာ သူတို့အစား တခြားသစ္စာရှိသူတွေကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ဘိသိက်ပေးပါလိမ့်မယ်။ ကြီးစွာသောဒုက္ခစတဲ့အချိန်မှာ ပညာမဲ့သူတွေဟာ မဟာဗာဗုလုန် ဖျက်ဆီးခံရတာကို မြင်ရလို့ အံ့သြမှင်တက်မိနိုင်တယ်။ အဲဒီအချိန်ကျမှ သူတို့ဟာ ယေရှု ရောက်ရှိခြင်းအတွက် အသင့်ဖြစ်မနေမှန်း သိလာပါလိမ့်မယ်။ အဲဒီအချိန်မှာ အကူအညီတောင်းတဲ့အခါ ဘာဖြစ်မလဲ။ ပုံဥပမာထဲမှာ အဖြေရှိပါတယ်။ သတိပညာရှိအပျိုကညာတွေဟာ ပညာမဲ့တဲ့အပျိုကညာတွေကို ဆီပေးမယ့်အစား သွားဝယ်ခိုင်းတယ်။ “သန်းခေါင်ယံ” အချိန်ဖြစ်လို့ ဆီရောင်းမယ့်သူတစ်ယောက်မှ မရှိဘူး။ သိပ်နောက်ကျသွားပါပြီ။

၁၂။ (က) တစ်ချိန်က ဘိသိက်ခံဖြစ်ဖူးပေမဲ့ နောက်ဆုံးတံဆိပ်ခတ်ခြင်းမခံရခင် သစ္စာမဲ့သွားသူဟာ ကြီးစွာသောဒုက္ခအတွင်းမှာ ဘာဖြစ်မလဲ။ (ခ) ပညာမဲ့တဲ့အပျိုကညာတွေလို လူစားတွေ ဘာဖြစ်သွားမလဲ။

၁၂ သစ္စာရှိဘိသိက်ခံတွေဟာ သစ္စာမဲ့သွားသူတစ်ယောက်ကိုမှ ကြီးစွာသောဒုက္ခအတွင်း ကူညီပေးနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျမှ အကူအညီတောင်းရင် သိပ်နောက်ကျသွားပါလိမ့်မယ်။ သစ္စာမဲ့သူတွေ ဘာဖြစ်သွားမလဲ။ ပညာမဲ့တဲ့အပျိုကညာတွေ ဆီသွားဝယ်တဲ့အခါ ဘာဖြစ်တယ်ဆိုတာ သတိပြုကြည့်ပါ– “သူတို့ ဆီသွားဝယ်ခိုက်တွင် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောအပျိုကညာတို့သည် သတို့သားနှင့်အတူ မင်္ဂလာပွဲသို့ ဝင်ကြပြီးလျှင် တံခါးပိတ်လေ၏။” ယေရှုဟာ ကြီးစွာသောဒုက္ခအဆုံးပိုင်းနားမှာ ဘုန်းအသရေနဲ့ ရောက်လာတဲ့အခါ သစ္စာရှိဘိသိက်ခံတွေကို ကောင်းကင်ကို ခေါ်ဆောင်သွားပါလိမ့်မယ်။ (မ. ၂၄:၃၁; ၂၅:၁၀; ယော. ၁၄:၁-၃; ၁ သက်. ၄:၁၇) ဒါပေမဲ့ သစ္စာမဲ့သူတွေကိုတော့ ယေရှု ငြင်းပယ်ပါလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ဟာ ပညာမဲ့တဲ့အပျိုကညာတွေလို ‘သခင်၊ သခင်၊ တံခါးဖွင့်ပေးပါ’ လို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ ယေရှု ဘယ်လိုတုံ့ပြန်မလဲ။ ဆိတ်လိုလူစားတွေကို ပြောသလို သူတို့ကိုလည်း “ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိ” လို့ ယေရှု ပြန်ပြောပါလိမ့်မယ်။—မ. ၇:၂၁-၂၃; ၂၅:၁၁၊ ၁၂။

ဘိသိက်ခံယောက်တိုင်းဟာ အသင့်ပြင်ပြီး စောင့်နေဖို့ ရွေးချယ်ရမယ်

၁၃။ (က) ခရစ်တော်ရဲ့ ဘိသိက်ခံနောက်လိုက်များစွာဟာ သစ္စာမဲ့သူတွေ ဖြစ်သွားမယ်လို့ ဘာကြောင့် ကောက်ချက်ချဖို့ မလိုသလဲ။ (ခ) ဘိသိက်ခံတွေကို ယေရှု ယုံကြည်စိတ်ချမှန်း အပျိုကညာဆယ်ဦး ပုံဥပမာက ဘယ်လိုဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၃ ဒါဆို ဘိသိက်ခံများစွာဟာ သစ္စာမဲ့သွားမယ်၊ သူတို့အစား တခြားသူတွေကို ပြန်ရွေးချယ်ဖို့ လိုအပ်လိမ့်မယ်လို့ ယေရှု ဆိုလိုနေတာလား။ မဟုတ်ပါဘူး။ မဿဲ အခန်းကြီး ၂၄ မှာ ယေရှုက သစ္စာနဲ့သတိပညာရှိကျွန်ကို ကျွန်ဆိုးမဖြစ်သွားဖို့ သတိပေးခဲ့တယ်။ အဲဒီလိုပြောလို့ သစ္စာရှိကျွန်ကို ကျွန်ဆိုးဖြစ်ဖို့ ယေရှု မျှော်လင့်နေတယ်လို့ မဆိုလိုဘူး။ အဲဒီလိုပဲ၊ အပျိုကညာဆယ်ဦး ပုံဥပမာကလည်း သတိပေးချက်ဖြစ်တယ်။ အပျိုကညာငါးဦးက သတိပညာရှိပြီး ကျန်ငါးဦးက ပညာမဲ့သလို ဘိသိက်ခံယောက်တိုင်းလည်း အသင့်ပြင်ပြီး စောင့်နေမလား ဒါမှမဟုတ် ပညာမဲ့ပြီး သစ္စာဖောက်သွားမလားဆိုတာ ကိုယ်တိုင်ရွေးချယ်ရမယ်။ ပေါလုလည်း ဘိသိက်ခံညီအစ်ကိုညီအစ်မတွေကို အလားတူ သတိပေးခဲ့တယ်။ (ဟေဗြဲ ၆:၄–၉ ကိုဖတ်ပါ; တရားဟောရာ ၃၀:၁၉ နဲ့ နှိုင်းယှဉ်ပါ။) ပေါလုရဲ့ သတိပေးချက်က တဲ့တိုးကျတယ်။ ဒါပေမဲ့ ဘိသိက်ခံညီအစ်ကိုညီအစ်မတွေ ကောင်းကင်ဆုကျေးဇူးရရှိမယ်ဆိုတာ သူယုံကြည်စိတ်ချတယ်။ အပျိုကညာဆယ်ဦး ပုံဥပမာမှာပါတဲ့ သတိပေးချက်ကလည်း ယေရှုမှာ ဘိသိက်ခံတွေနဲ့ပတ်သက်ပြီး အလားတူယုံကြည်စိတ်ချမှုရှိတယ်ဆိုတာ ဖော်ပြတယ်။ ဘိသိက်ခံယောက်တိုင်း သစ္စာရှိနေနိုင်ပြီး ကောင်းကင်ဆုကျေးဇူး ရရှိနိုင်တယ်ဆိုတာ ယေရှုသိတယ်။

ခရစ်တော်ရဲ့ “အခြားသိုး” တွေ ဘယ်လိုအကျိုးရရှိနိုင်သလဲ

၁၄။ အပျိုကညာဆယ်ဦး ပုံဥပမာကနေ “အခြားသိုး” တွေလည်း ဘယ်လိုအကျိုးရရှိနိုင်သလဲ။

၁၄ ယေရှုရဲ့ ပုံဥပမာဟာ ဘိသိက်ခံခရစ်ယာန်တွေကို ပြောနေတာဖြစ်တယ်။ ဒါပေမဲ့ ယေရှုရဲ့ ပုံဥပမာကနေ “အခြားသိုး” တွေလည်း အကျိုးရရှိနိုင်သလား။ (ယော. ၁၀:၁၆) ရရှိနိုင်ပါတယ်။ ပုံဥပမာရဲ့ အဓိကအချက်က ရိုးရိုးလေးပါပဲ။ “စောင့်နေကြလော့” ဖြစ်တယ်။ အဲဒီစကားက ဘိသိက်ခံတွေနဲ့ပဲ သက်ဆိုင်သလား။ “စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည့်အတိုင်း ခပ်သိမ်းသောသူတို့အားလည်း ငါဆို၏” လို့ ယေရှု တစ်ခါတုန်းက ပြောခဲ့တယ်။ (မာ. ၁၃:၃၇) ယေရှုက တပည့်အားလုံးကို အသင့်ပြင်ပြီး စောင့်နေစေချင်တယ်။ ခရစ်ယာန်အားလုံးဟာ အမှုဆောင်လုပ်ငန်းကို ပထမနေရာမှာထားတဲ့ ဘိသိက်ခံတွေရဲ့ ပုံနမူနာကောင်းကို တုပနိုင်ပါတယ်။ ပညာမဲ့တဲ့အပျိုကညာတွေဟာ သတိပညာရှိအပျိုကညာတွေဆီမှာ ဆီတောင်းတယ်ဆိုတာ အမှတ်ရပါ။ ဒါပေမဲ့ သူတို့တောင်းတဲ့အတိုင်း မရခဲ့ဘူး။ ဒါက ကျွန်တော်တို့ယောက်တိုင်း ဘုရားသခင်အပေါ် သစ္စာရှိနေမလား၊ အသင့်ပြင်ပြီး စောင့်နေမလား၊ ကိုယ့်သဘောပဲဖြစ်တယ်ဆိုတာ အမှတ်ရစေတယ်။ ကျွန်တော်တို့ကိုယ်စား ဘယ်သူမှ အဲဒီလိုလုပ်ပေးလို့မရဘူး။ ကျွန်တော်တို့ယောက်တိုင်းဟာ မကြာခင်ရောက်လာတော့မယ့် ဖြောင့်မတ်တဲ့တရားသူကြီး ယေရှုခရစ်နဲ့ စာရင်းရှင်းရမယ်။ ဒါကြောင့် ကျွန်တော်တို့ အသင့်ဖြစ်နေရမယ်။

ကျွန်တော်တို့ကိုယ်စား ဘယ်သူမှ သစ္စာရှိပေးလို့မရဘူး၊ စောင့်နေပေးလို့ မရဘူး

၁၅။ ခရစ်တော်နဲ့ သတို့သမီးရဲ့ မင်္ဂလာပွဲဟာ ခရစ်ယာန်စစ်အားလုံးအတွက် ဘာကြောင့် စိတ်လှုပ်ရှားစရာဖြစ်သလဲ။

၁၅ ခရစ်ယာန်အားလုံးဟာ အပျိုကညာဆယ်ဦး ပုံဥပမာမှာပါတဲ့ မင်္ဂလာပွဲကြောင့် စိတ်လှုပ်ရှားနေကြတယ်။ အနာဂတ်မှာ အာမဂေဒုန်စစ်ပွဲပြီးသွားတဲ့အခါ ဘိသိက်ခံခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့သတို့သမီး ဖြစ်လာပါလိမ့်မယ်။ (ဗျာ. ၁၉:၇-၉) မြေကြီးပေါ်ရှိသူတိုင်းဟာ အဲဒီကောင်းကင်မင်္ဂလာပွဲကနေ အကျိုးရရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမင်္ဂလာပွဲက လူသားအားလုံးအတွက် ပြည့်ဝစုံလင်တဲ့အစိုးရတစ်ခုဖြစ်လာဖို့ အာမခံပေးလို့ပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ အသင့်ပြင်ပြီး ဆက်စောင့်နေဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့အတွက် ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ အံ့ဖွယ်အနာဂတ်ကို ရရှိခံစားနိုင်ပါလိမ့်မယ်။

a ပုံဥပမာမှာ “သတို့သား လာနေပြီ” ဆိုတဲ့ ကြွေးကြော်သံ (အခန်းငယ် ၆) နဲ့ သတို့သား တကယ်ရောက်လာချိန် (အခန်းငယ် ၁၀) စပ်ကြားမှာ အချိန်အပိုင်းအခြားတစ်ခုရှိတယ်။ နောက်ဆုံးကာလတစ်လျှောက် ဘိသိက်ခံတွေဟာ ယေရှုရောက်ရှိနေတဲ့ နိမိတ်လက္ခဏာကို အသိအမှတ်ပြုပြီး အသင့်စောင့်နေကြတယ်။ ဒါကြောင့် ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်မှာ ဘုရင်အဖြစ် အုပ်ချုပ်နေခြင်းအားဖြင့် “လာနေပြီ” ဆိုတာ သူတို့သိတယ်။ ဒါပေမဲ့ ကြီးစွာသောဒုက္ခအတွင်း ယေရှု တကယ်ရောက်ရှိလာချိန်အထိ သူတို့ဆက်စောင့်နေကြရမယ်။

စကားလုံး တချို့ရဲ့ အဓိပ္ပာယ်

  • ပုံဥပမာ– သင်ခန်းစာတစ်ခုသင်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်

  • သတို့သား– ယေရှုဖြစ်တယ်

  • သတိပညာရှိအပျိုကညာတွေ– အသင့်စောင့်နေတဲ့ သစ္စာရှိ ဘိသိက်ခံခရစ်ယာန်တွေ ဖြစ်တယ်

  • ပညာမဲ့တဲ့အပျိုကညာတွေ– အသင့်စောင့်မနေတဲ့အတွက် ကောင်းကင်ဆုကျေးဇူး ဆုံးရှုံးသွားတဲ့ သစ္စာမဲ့ခရစ်ယာန်တွေ ဖြစ်တယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ