ဘုရားသခင်အမှုဆောင်ရန် မည်သည့်အရာကသင့်ကိုလှုံ့ဆော်သနည်း
“သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”—မာကု ၁၂:၃၀။
၁၊ ၂။ ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မည်သည့်စိတ်အားတက်ကြွဖွယ် ဖြစ်ထွန်းအောင်မြင်မှုရရှိနေသနည်း။
မော်တော်ယာဉ်တစ်စင်း၏ တန်ဖိုးအမှန်ကို ယင်း၏အပြင်ပန်းသဏ္ဌာန်သက်သက်ဖြင့် ဆုံးဖြတ်၍မရချေ။ ဆေးရောင်တင်ထားခြင်းက အပြင်ကိုယ်ထည်ကို ပို၍ကြည့်ကောင်းစေပြီး သပ်ရပ်လှပသောပုံစံက ဝယ်သူကိုဆွဲဆောင်ပေမည်; သို့သော် သာ၍အရေးကြီးသည့်အရာများကား အလွယ်တကူမြင်လိုက်ရသောအရာမဟုတ်—ယာဉ်ကိုသွားစေသော အင်ဂျင်စက်နှင့် ယင်းကိုထိန်းချုပ်သော အခြားကိရိယာအားလုံးဖြစ်သည်။
၂ ခရစ်ယာန်တို့၏ ဘုရားသခင့်အမှုဆောင်ခြင်းသည်လည်း အလားတူပင်ဖြစ်သည်။ ယေဟောဝါသက်သေများသည် ဘုရားသခင့်ရေးရာလုပ်ငန်းများတွင် အလုပ်များနေကြသည်။ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအတွက် နှစ်စဉ် နာရီသန်းတစ်ထောင်ကျော် အသုံးပြုကြသည်။ ထို့အပြင် သန်းပေါင်းများစွာသော ကျမ်းစာသင်အံမှုများ ကျင်းပ၍ နှစ်ခြင်းခံသူအရေအတွက်မှာလည်း ရာပေါင်းထောင်ပေါင်းများစွာဖြစ်သည်။ သင်သည် သတင်းကောင်းကြေညာသူတစ်ဦးဖြစ်ပါက အားရဖွယ်ကောင်းသောဤစာရင်းတွင်—အသေးအမွှားဟုထင်ရစေကာမူ—သင်ပါဝင်သည်။ ကိုယ်တော်၏ ‘နာမတော်ကိုထောက်၍ပြသော မေတ္တာနှင့်အလုပ်ကို ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူမည်မဟုတ်’ ကြောင်းကိုလည်း သင်စိတ်ချနိုင်သည်။—ဟေဗြဲ ၆:၁၀။
၃။ အကျင့်အပြင် အခြားမည်သည့်အရာသည် ခရစ်ယာန်များအတွက် အရေးတကြီးအာရုံစိုက်စရာဖြစ်သင့်သနည်း။ အဘယ်ကြောင့်နည်း။
၃ သို့ရာတွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှု—အားလုံးဖြစ်စေ၊ တစ်ခုစီဖြစ်စေ—၏တန်ဖိုးအစစ်အမှန်ကို အရေအတွက်သက်သက်ဖြင့် တိုင်းတာခြင်းမဟုတ်ပေ။ ရှမွေလကို ဘုရားသခင်ပြောသကဲ့သို့ “လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၇) မှန်ပါသည်၊ ကျွန်ုပ်တို့အထဲ၌ မည်သို့ရှိသည်ကသာလျှင် ဘုရားသခင်အတွက် အရေးကြီးသည်။ အကျင့်များလိုအပ်သည်တော့မှန်ပါသည်။ ဘုရားဝတ်၌မွေ့လျော်သော လုပ်ရပ်များသည် ယေဟောဝါ၏သွန်သင်ချက်များကို အလှဆင်ပေးပြီး အလားအလာရှိသည့်တပည့်တော်များကို ဆွဲဆောင်သည်။ (မဿဲ ၅:၁၄-၁၆; တိတု ၂:၁၀; ၂ ပေတရု ၃:၁၁) သို့သော် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများက အဖြစ်မှန်တစ်ခုလုံးကို မဖော်ပြပါ။ ရှင်ပြန်ထမြောက်ပြီးသော ယေရှုခရစ်သည် ဧဖက်မြို့ရှိအသင်းတော်နှင့်ပတ်သက်၍—အကျင့်ကောင်းသောမှတ်တမ်းရှိလျက်ပင် စိုးရိမ်စရာအကြောင်းရှိခဲ့ရသည်။ ‘သင်၏အကျင့်ကျင့်ခြင်းကို ငါသိ၏’ ဟု သူတို့ကို ကိုယ်တော်မိန့်တော်မူသည်။ “သို့သော်လည်း သင်သည် ရှေးဦးစွာသောချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌အပြစ်တင်စရာရှိ၏။”—ဗျာဒိတ် ၂:၁-၄။
၄။ (က) ဘုရားသခင်အား ကျွန်ုပ်တို့အမှုဆောင်ခြင်းသည် မည်သည့်နည်းဖြင့် တာဝန်အရ ဝတ်ကျေဝတ်ကုန်သဘောမျိုးဖြစ်လာနိုင်သနည်း။ (ခ) ကိုယ်ကိုကိုယ်စစ်ဆေးရန် အဘယ်ကြောင့်လိုအပ်သနည်း။
၄ အန္တရာယ်တစ်ခုရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဘုရားသခင်အား ကျွန်ုပ်တို့အမှုဆောင်ခြင်းသည် တာဝန်အရ ဝတ်ကျေဝတ်ကုန်သဘောမျိုးဖြစ်လာနိုင်သည်။ ယင်းကို ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ဖော်ပြသည်– “အမှုဆောင်တွေ၊ အစည်းအဝေးတွေ ကျွန်မသွားတယ်၊ လေ့လာမှု၊ ဆုတောင်းမှုလုပ်တယ်—ဒါပေမဲ့ ဒါတွေအားလုံးကို ဘာခံစားချက်မှမပါဘဲ ယန္တရားဆန်ဆန်လုပ်ဆောင်ခဲ့တယ်။” ဘုရားသခင်၏ကျေးကျွန်များသည် “အောက်သို့လှဲခြင်း” သို့မဟုတ် “နှိမ့်ချ” ခံရသည်ဟူသော ခံစားချက်များကြားမှ ကြိုးစားအားထုတ်ကြခြင်းသည် ချီးမွမ်းဖွယ်ရာဖြစ်သည်။ (၂ ကောရိန္သု ၄:၉; ၇:၆) သို့သော် ကျွန်ုပ်တို့၏ခရစ်ယာန်ဆိုင်ရာအလေ့အထများသည် ပုံသေကားကျဖြစ်နေပါက အတွင်းရှိ ပုံဆောင်အင်ဂျင်စက်ကို စစ်ဆေးကြည့်သင့်သည်။ အကောင်းဆုံးမော်တော်ယာဉ်များပင် အချိန်မှန်မှန်ကြံ့ခိုင်ရေးလုပ်ခြင်းလိုအပ်သည်; အလားတူ ခရစ်ယာန်အားလုံးတို့သည် မိမိကိုယ်ကို မှန်မှန်စစ်ဆေးမှုပြုသင့်သည်။ (၂ ကောရိန္သု ၁၃:၅) အခြားသူများသည် ကျွန်ုပ်တို့၏အကျင့်များကို မြင်နိုင်သော်လည်း ကျွန်ုပ်၏လုပ်ဆောင်မှုများကို တွန်းအားပေးသောအရာကို သူတို့ပိုင်းခြားသိမြင်နိုင်ခြင်းမရှိချေ။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် ဤမေးခွန်းကို အရေးတယူစဉ်းစားသင့်သည်– ‘ဘုရားသခင်ကိုအမှုဆောင်ရန် ကျွန်ုပ်ကို မည်သည့်အရာကလှုံ့ဆော်သနည်း။’
လျောက်ပတ်သောလှုံ့ဆော်မှုကို တားဆီးသောအရာများ
၅။ ပညတ်တကာတို့တွင် အဦးဆုံးသောမည်သည့်ပညတ်ကို ယေရှုမိန့်တော်မူသနည်း။
၅ ဣသရေလလူမျိုးအား ဦးဆုံးပေးသည့်ပညတ်များကား အဘယ်နည်းဟုအမေးခံရသောအခါ ယေရှုသည် အပြင်ပန်းအမြင်ကိုမဟုတ်ဘဲ အတွင်းသဘောကို အာရုံစိုက်စေသည့် ပညတ်တစ်ခုကို ကိုးကားသည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” (မာကု ၁၂:၂၈-၃၀) သို့အားဖြင့် ဘုရားသခင်အားကျွန်ုပ်တို့အမှုဆောင်ခြင်းကို လှုံ့ဆော်အားပေးသင့်သည့်အရာကို ယေရှုမှတ်သားဖော်ပြခဲ့သည်—ယင်းကား မေတ္တာပင်တည်း။
၆၊ ၇။ (က) စာတန်သည် မည်သည့်နည်းဖြင့် မိသားစုအစီအစဉ်ကို မသိမသာကြံစည်တိုက်ခိုက်သနည်း။ အဘယ်ကြောင့်နည်း။ (၂ ကောရိန္သု ၂:၁၁) (ခ) လူတစ်ဦးသည် ဘုရားသခင့်အခွင့်အာဏာအပေါ် ထားရှိသည့်သဘောထားကို ပြုစုပျိုးထောင်ခံရပုံက မည်သို့သြဇာသက်ရောက်နိုင်သနည်း။
၆ အရေးကြီးသည့်အရည်အသွေးဖြစ်သော မေတ္တာကို ပြုစုပျိုးထောင်ရန် ကျွန်ုပ်တို့၏အစွမ်းသတ္တိကို စာတန်က ဖိနှိပ်ဟန့်တားလိုသည်။ ယင်းကိုအထမြောက်စေရန် သူအသုံးပြုသောနည်းစနစ်တစ်ခုမှာ မိသားစုအစီအစဉ်ကို ထိုးနှက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယင်းသည် မေတ္တာနှင့်ဆိုင်သော စွဲမှတ်စရာများ ပထမဆုံးနှင့် တာရှည်အခံဆုံး ဖွဲ့တည်ရာနေရာဖြစ်သောကြောင့်ဖြစ်သည်။ ကလေးဘဝတွင် သင်ယူရရှိသောအရာများသည် ကြီးပြင်းလာသောအခါ တန်ဖိုးရှိကြောင်း ကျမ်းစာပါစည်းမျဉ်းမူကို စာတန်ကောင်းစွာသိသည်။ (သု. ၂၂:၆) အသက်တာအစပိုင်းကတည်းက ကျွန်ုပ်တို့၏မေတ္တာဆိုင်ရာခံယူချက်ကို ပျက်ပြားယိုယွင်းစေရန် စာတန်သည် မသိမသာကြံစည်အားထုတ်သည်။ မေတ္တာရိပ်မြုံမဟုတ်ဘဲ နာကြည်းမှု၊ အမျက်ဒေါသနှင့် ဆဲရေးတိုင်းထွာသည့်စကားများဖြင့် ခိုက်ရန်ဖြစ်ပွားလျက်ရှိသော အိမ်ထောင်များမှ လူများစွာတို့ကြီးပြင်းလာရသောအခါ “ဤလောက၏ဘုရား” ဖြစ်သော စာတန်သည် မိမိ၏ရည်ရွယ်ချက်များ ကောင်းစွာအထမြောက်သည်ကို တွေ့မြင်ရသည်။—၂ ကောရိန္သု ၄:၄; ဧဖက် ၄:၃၁၊ ၃၂; ၆:၄၊ ကဘ၊ အောက်ခြေမှတ်ချက်; ကောလောသဲ ၃:၂၁။
၇ မိဘဆိုင်ရာအခန်းကဏ္ဍကို ဖခင်တစ်ဦးကိုင်တွယ်လုပ်ဆောင်နည်းသည် “လူနှင့်ဘုရားသခင်၏ အခွင့်အာဏာများနှင့်ပတ်သက်၍ မိမိကလေးများ၏ နောက်ပိုင်းသဘောထားအပေါ် ရေရှည်သြဇာသက်ရောက်နိုင်သည်”a ဟု သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်က ဖော်ထုတ်တင်ပြထားသည်။ ကြမ်းတမ်းသောဖခင်တစ်ဦး၏ အာဏာရှင်ဆန်သည့်လက်အောက်တွင် ကြီးပြင်းလာသူ ခရစ်ယာန်ယောက်ျားတစ်ဦး ဤသို့ဝန်ခံသည်– “ယေဟောဝါကိုနာခံရတာ ကျွန်တော့်အတွက်လွယ်တယ်; ကိုယ်တော်ကိုချစ်ရတာက ကျွန်တော့်အတွက်ပိုခက်တယ်။” ဘုရားသခင်၏အမြင်တွင် “နားထောင်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း” သောကြောင့် နာခံမှုသည် အရေးကြီးသည်အမှန်။ (၁ ဓမ္မရာဇဝင် ၁၅:၂၂) သို့သော် နာခံခြင်းသက်သက်ထက်မက လုပ်ဆောင်ပြီး ကျွန်ုပ်တို့ဝတ်ပြုရေးကို လှုံ့ဆော်အားပေးသောအရာအဖြစ် ယေဟောဝါအားချစ်သည့်မေတ္တာကို ပျိုးထောင်ရန် မည်သည့်အရာက အကူအညီဖြစ်စေမည်နည်း။
“ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်”
၈၊ ၉။ ယေရှု၏ ရွေးဖိုးပူဇော်သကာက ယေဟောဝါကိုကျွန်ုပ်တို့ချစ်ရန် မည်သို့လှုံ့ဆော်ပေးသင့်သနည်း။
၈ ယေဟောဝါအား နှစ်နှစ်ကာကာချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ရန် အကြီးမားဆုံးလှုံ့ဆော်မှုကား ယေရှုခရစ်၏ရွေးဖိုးပူဇော်သကာကို လေးမြတ်ခြင်းဖြစ်သည်။ “သားတော်အားဖြင့် ငါတို့သည်အသက်ရှင်စေခြင်းငှာ ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌ ငါတို့ကိုချစ်တော်မူသောမေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။” (၁ ယောဟန် ၄:၉) ယင်းကို ကျွန်ုပ်တို့နားလည်ပြီး လေးမြတ်လာသည်နှင့် ဤမေတ္တာပါလုပ်ရပ်သည် မေတ္တာတုံ့ ပြန်မှုကို ဖြစ်ပေါ်စေလေတော့သည်။ “ဘုရားသခင်သည် ငါတို့ကိုရှေးဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏။”—၁ ယောဟန် ၄:၁၉။
၉ လူ့ကယ်တင်ရှင်အဖြစ်ထမ်းဆောင်ရန် မိမိ၏တာဝန်ကို ယေရှုလိုလိုလားလားလက်ခံသည်။ “ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကိုစွန့်တော်မူသည်အရာကို ငါတို့သည်ထောက်၍ မေတ္တာတော်ကိုသိရကြပြီ။” (၁ ယောဟန် ၃:၁၆; ယောဟန် ၁၅:၁၃) ယေရှု၏ကိုယ်ကျိုးစွန့်မေတ္တာက ကျွန်ုပ်တို့၏ ကျေးဇူးတင်လေးမြတ်သောတုံ့ ပြန်မှုကို ဖြစ်စေသင့်သည်။ ဥပမာပေးရမည်ဆိုလျှင်– သင်သည် ရေနစ်ရာမှကယ်တင်ခံရသည်ဆိုပါစို့။ သင်အိမ်သို့ပြန်သွားပြီး အဝတ်အစားလဲကာ ယင်းကိုမေ့ပစ်မည်လော။ မေ့ပစ်မည်မဟုတ်ပေ! သင့်ကိုကယ်တင်သူအား သင်အကြွေးတင်နေကြောင်း သင်ခံစားရပေမည်။ အားလုံးခြုံကြည့်လျှင် ထိုပုဂ္ဂိုလ်အပေါ် သင်အသက်ကြွေးတင်နေပေသည်။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့အပေါ် ထိုထက်ပို၍ သင်အကြွေးမတင်ပေလော။ ရွေးနုတ်ဖိုးမရှိလျှင် ကျွန်ုပ်တို့တစ်ဦးစီသည် ရေနစ်သကဲ့သို့ အပြစ်နှင့်သေခြင်းထဲတွင် နစ်မွန်းနေပေမည်။ သို့ဖြစ်မည့်အစား ကြီးမားသောမေတ္တာပါလုပ်ဆောင်မှုကြောင့် ကျွန်ုပ်တို့သည် မြေကြီးပရဒိသုတွင် ထာဝစဉ်နေထိုင်ရန် မျှော်လင့်ချက်ရရှိကြသည်။—ရောမ ၅:၁၂၊ ၁၈; ၁ ပေတရု ၂:၂၄။
၁၀။ (က) ရွေးနုတ်ဖိုးကို ကိုယ်နှင့်သက်ဆိုင်စေရန် ကျွန်ုပ်တို့မည်သို့ပြုနိုင်သနည်း။ (ခ) ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်က မည်သည့်နည်းဖြင့် ကျွန်ုပ်တို့ကို အနိုင်အထက်သွေးဆောင်သနည်း။
၁၀ ရွေးနုတ်ဖိုးအကြောင်းကို တွေးတောဆင်ခြင်ပါ။ ပေါလုကဲ့သို့ ယင်းကို ကိုယ်နှင့်သက်ဆိုင်ကြောင်းယူမှတ်ပါ– “ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဖို့ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။” (ဂလာတိ ၂:၂၀) ယင်းသို့တွေးတောဆင်ခြင်ခြင်းသည် လှိုက်လှိုက်လှဲလှဲလှုံ့ဆော်ခြင်းကို အစပျိုးပေးမည်။ အကြောင်းမှာ ကောရိန္သုအသင်းသားများထံ ပေါလုဤသို့ရေးပေးခဲ့သည်– “အသက်ရှင်သောသူတို့သည် တစ်ဖန်ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသောသူ၏အလိုသို့ လိုက်၍ရှင်စေမည်အကြောင်း . . . ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်တော်မူ၏”။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ယေရုရှလင်သမ္မာကျမ်းစာ က ခရစ်တော်၏မေတ္တာတော်သည် “ငါတို့ကိုလွှမ်းမိုး၏” ဟုဆိုသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏မေတ္တာတော်ကို စေ့စေ့စဉ်းစားဆင်ခြင်ကြည့်လျှင် ကျွန်ုပ်တို့သည် အနိုင်အထက်သွေးဆောင်ခံရသည်၊ အားကြီးစွာလှုံ့ဆော်ခံရသည်၊ လွှမ်းမိုးမှုပင်ခံရသည်။ ယင်းသည် ကျွန်ုပ်တို့၏နှလုံးကိုထိမိကာ လုပ်ဆောင်ရန်တွန်းအားပေးသည်။ “ကျွန်ုပ်တို့လုပ်ရပ်များ၏ မူလဇာစ်မြစ်သည် ခရစ်တော်၏မေတ္တာတော်ဖြစ်သည်” ဟု ဂျေ. ဘီ. ဖိလစ်၏ဘာသာပြန်ကျမ်းက အထက်ပါကျမ်းချက်ကို ရှင်းလင်းဖော်ပြထားသည်။ ဖာရိရှဲတို့၏ပုံသက်သေတွင်ကဲ့သို့ အခြားသော မည်သည့်လှုံ့ဆော်မှုမျိုးမဆို ကျွန်ုပ်တို့အတွက် တည်မြဲသည့်အကျိုးကို မဖြစ်ထွန်းစေနိုင်ပါ။
“ဖာရိရှဲတို့၏တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ”
၁၁။ ဘာသာရေးဆိုင်ရာအကျင့်များအပေါ် ဖာရိရှဲတို့၏သဘောထားကို ဖော်ပြပါ။
၁၁ ဖာရိရှဲတို့သည် ဘုရားသခင်ဝတ်ပြုရေးတွင် ပဓာနကျသောအရာအားလုံးကို ထုတ်ပယ်ပစ်ကြသည်။ ဘုရားသခင်အားချစ်သည့်မေတ္တာကို အလေးပေးမည့်အစား အကျင့်များကို ဝိညာဉ်ရေးတိုင်းထွာသည့်ကိရိယာအဖြစ် အသားပေးကြသည်။ အရေးမကြီးသောသေးနုပ်သည့်ဥပဒေများတွင် စိတ်စွဲလမ်းနေခြင်းက သူတို့အား အပြင်ပန်းအားဖြင့် ဖြောင့်မတ်သည့်အသွင်ရှိစေသော်လည်း သူတို့၏အတွင်း၌မူကား “လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။”—မဿဲ ၂၃:၂၇။
၁၂။ လူတစ်ဦးကို ယေရှုကုသပေးပြီးနောက် ဖာရိရှဲတို့သည် မိမိတို့၏စိတ်နှလုံးမိုက်ကြောင်း မည်သို့ဖော်ပြကြသနည်း။
၁၂ တစ်ခါက လက်ခြောက်သွေ့သွားသော လူတစ်ဦးကို ယေရှုက ကရုဏာသက်စွာကုသပေးသည်။ ကာယစိတ္တနှစ်ဖြာလုံး မလွဲဧကန် ဒုက္ခရောက်စေသော ဤရောဂါမှ ချက်ချင်းကုသပျောက်ကင်းမှုခံစားရသည့် ဤလူသည် မည်မျှဝမ်းသာလိုက်မည်ဖြစ်ခြင်း! သို့သော် ဖာရိရှဲတို့သည် သူ့အတွက်ဝမ်းမသာကြချေ။ သို့ဖြစ်မည့်အစား သေးနုပ်သည့်ကိုယ်ပိုင်ဥပဒေတစ်ခု—ဥပုသ်နေ့တွင် ယေရှုအကူအညီပေးခြင်းကို ပုံကြီးချဲ့ကြသည်။ ပညတ်တရားကို မိမိတို့ဘာသာသီးခြားအနက်ဖွင့်ခြင်းတွင် စိတ်စွဲလမ်းနေသော ဖာရိရှဲတို့သည် ပညတ်တရား၏မူရင်းအဓိပ္ပာယ်ကို လုံးလုံးချန်လှပ်ထားကြသည်။ ယေရှုသည် “သူတို့စိတ်နှလုံးမိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိ” သည်မှာ အဆန်းမဟုတ်ပါတကား! (မာကု ၃:၁-၅) ထို့အပြင် မိမိ၏တပည့်တော်များအား ကိုယ်တော်ဤသို့သတိပေးလိုက်သည်– “ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့်ကြဉ်ရှောင်ကြ။” (မဿဲ ၁၆:၆) ကျွန်ုပ်တို့၏အကျိုးအလို့ငှာ သူတို့၏လုပ်ရပ်များနှင့် သဘောထားများကို သမ္မာကျမ်းစာတွင် ဖော်ထုတ်တင်ပြထားသည်။
၁၃။ ဖာရိရှဲတို့၏ပုံသက်သေက ကျွန်ုပ်တို့အတွက် မည်သည့်သင်ခန်းစာပေးသနည်း။
၁၃ ကျွန်ုပ်တို့သည် အကျင့်များအပေါ် အကျိုးသင့်အကြောင်းသင့်အမြင်ရှိသင့်ကြောင်း ဖာရိရှဲတို့၏ဥပမာက သွန်သင်ပေးသည်။ အကျင့်သည် အမှန်ပင်လိုအပ်သည်။ အကြောင်းမှာ “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာကုပ် ၂:၂၆) သို့သော် မစုံလင်သောလူသားတို့သည် အခြားသူများကို သူတို့၏အဖြစ်နှင့် အကဲဖြတ်မည့်အစား သူတို့၏အကျင့်နှင့် အကဲဖြတ်လိုကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုပင် ထိုသို့အကဲဖြတ်တတ်ကြသည်။ ကျင့်ကြံဆောင်ရွက်ခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးမှတ်ကျောက်ဖြစ်သည့်အလား ယင်းကို ကျွန်ုပ်တို့စိတ်စွဲနေနိုင်ပေသည်။ ကျွန်ုပ်တို့၏စိတ်သဘောထားကို စစ်ဆေးရန်အရေးကြီးမှုကို ကျွန်ုပ်တို့မေ့နေနိုင်သည်။ (၂ ကောရိန္သု ၅:၁၂ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် လှေနံဓားထစ်စည်းကမ်းတင်းကျပ်သူ၊ “ခြင်တစ်ကောင်ကိုမျှမပါစေခြင်းငှာ ရေကိုစစ်လျက်နှင့် ကုလားအုတ်ကိုမျို” သူ၊ ပညတ်၏စာသားကိုလိုက်နာလျက်နှင့် ယင်း၏ဆိုလိုရင်းကို ချိုးဖောက်သူဖြစ်လာနိုင်သည်။—မဿဲ ၂၃:၂၄။
၁၄။ ဖာရိရှဲတို့သည် မသန့်ရှင်းသော ခွက် သို့မဟုတ် ပန်းကန်နှင့် မည်သို့တူကြသနည်း။
၁၄ ဖာရိရှဲများသဘောမပေါက်သောအရာမှာ လူတစ်ဦးသည် ယေဟောဝါကို အမှန်တကယ်ချစ်ပါက ဘုရားသခင့်ဝတ်၌မွေ့လျော်သောလုပ်ရပ်များသည် အလိုအလျောက်လိုက်ပါလာစမြဲဖြစ်သည် ဟူသောအချက်ဖြစ်သည်။ ဝိညာဏအရည်အချင်းသည် အတွင်းမှအပြင်သို့ထွက်လာတတ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဖာရိရှဲတို့၏ လွဲချော်သောအတွေးအခေါ်ကြောင့် သူတို့ကို ကိုယ်တော်ဤသို့ပြစ်တင်ရှုတ်ချတော်မူသည်– “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ဖလား၊ လင်ပန်းတို့ကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသောဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေးဦးစွာဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။”—မဿဲ ၂၃:၂၅၊ ၂၆။
၁၅။ ယေရှုသည် အဆင်းသဏ္ဌာန်ကို ကျော်၍ကြည့်ကြောင်း ဖော်ပြသောသာဓကများကိုတင်ပြပါ။
၁၅ ခွက်တစ်လုံး၊ ပန်းကန်တစ်ချပ် သို့မဟုတ် အဆောက်အအုံတစ်ခုပင်ဖြစ်ပါစေ ယင်းတို့၏အပြင်ပန်းသဏ္ဌာန်သည် အသင့်အတင့်လောက်သာ ဖော်ပြသည်။ အတွင်း၌ဖြစ်ပျက်နေသောအရာများကြောင့် ယေရှုက “ဓားပြတွင်း” ဟုခေါ်သော ယေရုရှလင်ဗိမာန်တော်၏ လှပတင့်တယ်မှုကို ယေရှု၏တပည့်တော်များက မိန်းမောအံ့သြခဲ့ကြသည်။ (မာကု ၁၁:၁၇; ၁၃:၁) ခရစ်ယာန်ဘောင်၏ မှတ်တမ်းကဖော်ပြသည့်အတိုင်း ထိုဗိမာန်တော်တွင် ဖြစ်ပျက်သောအရာသည် သန်းပေါင်းများစွာသော အမည်ခံခရစ်ယာန်များတွင်လည်း ဖြစ်ပျက်လျက်ရှိသည်။ မိမိ၏နာမဖြင့် “များစွာသောတန်ခိုးကိုပြ” သောသူအချို့တို့ကို “အဓမ္မအမှုကိုပြုသောသူတို့” အဖြစ် သတ်မှတ်မည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၇:၂၂၊ ၂၃) ယင်းနှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် ဗိမာန်တော်တွင် မဖြစ်စလောက်အတိုင်းအတာဖြင့် အလှူထည့်သော မုဆိုးမနှင့်ပတ်သက်၍ ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ဘဏ္ဍာတိုက်ထဲသို့ သွင်းချသောသူအပေါင်းတို့ထက် ထိုဆင်းရဲသောမုဆိုးမသည် သာ၍သွင်းချခဲ့ပြီ။ . . . ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီ။” (မာကု ၁၂:၄၁-၄၄) ရှေ့နောက်မညီသောစီရင်ချက်လော။ လုံးဝမဟုတ်ပါ။ အခြေအနေနှစ်ရပ်စလုံးတွင် ယေရှုသည် ယေဟောဝါ၏ရှုထောင့်ကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ (ယောဟန် ၈:၁၆) အကျင့်၏နောက်ကွယ်တွင်ရှိသော သဘောထားကို ကိုယ်တော်သိသည့်အတွက် ယင်းနှင့်အညီ စီရင်ခဲ့ခြင်းဖြစ်သည်။
“သူတို့၏အရည်အချင်းအလိုက်”
၁၆။ ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို အခြားခရစ်ယာန်တစ်ဦး၏လုပ်ဆောင်မှုနှင့် အဘယ်ကြောင့် အမြဲတစေနှိုင်းယှဉ်ရန်မလိုသနည်း။
၁၆ ကျွန်ုပ်တို့၏သဘောထားသည် မှန်ကန်ပါက အမြဲတစေနှိုင်းယှဉ်မှုပြုစရာမလိုပေ။ ဥပမာ၊ အခြားခရစ်ယာန်တစ်ဦး၏ ဓမ္မအမှုတွင်အသုံးပြုသောအချိန်ပမာဏ သို့မဟုတ် ဟောပြောခြင်းတွင်ရရှိသည့် အောင်မြင်မှုအတိုင်းအတာကို အပြိုင်အဆိုင်သဘောဖြင့် မီအောင်လိုက်တုရန်ကြိုးစားခြင်းသည် ကောင်းကျိုးမဖြစ်ထွန်းပါ။ ယေဟောဝါအား အခြားသူတစ်ဦးမဟုတ်ဘဲ အသင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းခွန်အားရှိသမျှဖြင့် ချစ်ရန် ယေရှုပြောသည်။ လူတစ်ဦးစီ၏အရည်အချင်း၊ ခံနိုင်ရည်နှင့် အခြေအနေမှာ ကွာခြားသည်။ သင့်အခြေအနေခွင့်ပြုပါက ဓမ္မအမှုတွင် အချိန်ပိုမိုပါဝင်ရန်—ဖြစ်နိုင်ပါက အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်အဖြစ်ပင် လုပ်ဆောင်ရန် မေတ္တာက သင့်ကိုလှုံဆော်ပေမည်။ သို့သော် ဖျားနာမှုတစ်ခုခုနှင့်သင်ရင်ဆိုင်ရပါက ဓမ္မအမှုတွင် သင်အသုံးပြုသောအချိန်သည် သင်သုံးလိုသည်ထက်နည်းပေမည်။ စိတ်ဓာတ်မကျပါနှင့်။ ဘုရားသခင်အပေါ်သစ္စာရှိခြင်းကို နာရီဖြင့်မတိုင်းတာပါ။ မှန်ကန်သောသဘောထားရှိခြင်းဖြင့် သင်ရွှင်လန်းစရာအကြောင်းရှိစေမည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “လူတိုင်းပင် မိမိ၏အပြုအမူကို စစ်ဆေးကြည့်အပ်၏။ မိမိ၏အပြုအမူသည် ကောင်းမွန်ပါက ယင်းကို အခြားသူတစ်စုံတစ်ယောက်၏အပြုအမူနှင့် နှိုင်းယှဉ်ကြည့်ရန်မလိုဘဲ ကျေနပ်မှုရရှိနိုင်ပေသည်။”—ဂလာတိ ၆:၄၊ သတင်းကောင်း။
၁၇။ အရည်အချင်းများပုံဥပမာကို သင့်စကားဖြင့် အတိုချုပ်ပြန်ပြောပြပါ။
၁၇ မဿဲ ၂၅:၁၄-၃၀ (သတင်းကောင်း) တွင်မှတ်တမ်းတင်ထားသော အရည်အချင်းများအကြောင်း ယေရှု၏ပုံဥပမာကို စဉ်းစားကြည့်ပါ။ ခရီးထွက်တော့မည့်လူတစ်ဦးသည် မိမိ၏ကျွန်များကိုခေါ်ပြီး မိမိ၏ပစ္စည်းဥစ္စာများကို အပ်ပေးလေသည်။ “တစ်ယောက်ကို ရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကို တစ်ပိဿာစသည်ဖြင့် ထိုသူတို့၏အရည်အချင်းအလိုက် ပေးအပ်၏။” မိမိ၏ကျွန်များနှင့် စာရင်းရှင်းရန် သခင်ပြန်လာသောအခါ သူဘာကိုတွေ့ရသနည်း။ ငါးပိဿာပေးအပ်ခြင်းခံရသောကျွန်က နောက်ထပ်ငါးပိဿာကို အမြတ်ရသည်။ ထိုနည်းတူ နှစ်ပိဿာပေးအပ်ခံရသောကျွန်သည်လည်း နောက်ထပ်နှစ်ပိဿာအမြတ်ရသည်။ တစ်ပိဿာရသောကျွန်မူကား ယင်းကို မြေကြီးထဲတွင်မြှုပ်ထားပြီး သခင်၏ဥစ္စာတိုးပွားရန် ဘာမျှမလုပ်ချေ။ အခြေအနေအပေါ် သခင်၏အဆုံးအဖြတ်ကား အဘယ်နည်း။
၁၈၊ ၁၉။ (က) သခင်သည် ငွေနှစ်ပိဿာအပ်ပေးသောကျွန်ကို ငွေငါးပိဿာအပ်ပေးသောကျွန်နှင့် အဘယ်ကြောင့်မနှိုင်းယှဉ်သနည်း။ (ခ) အရည်အချင်းပုံဥပမာက ချီးမွမ်းခြင်း၊ နှိုင်းယှဉ်ခြင်းတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား မည်သည့်သင်ခန်းစာပေးသနည်း။ (ဂ) တတိယကျွန်သည် အဘယ်ကြောင့် ပြစ်ဒဏ်စီရင်ချက်ခံရသနည်း။
၁၈ ပထမဦးဆုံး ငါးပိဿာနှင့် နှစ်ပိဿာအသီးအသီးပေးအပ်ခြင်းခံရသောကျွန်တို့ကို သုံးသပ်ကြည့်ကြစို့။ ထိုကျွန်တစ်ဦးစီကို သခင်က “ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း” ဟုပြောခဲ့သည်။ ငါးပိဿာရသောကျွန်သည် နှစ်ပိဿာသာအမြတ်ရလျှင် သခင်က သူ့ကိုထိုသို့ပြောပါမည်လော။ ပြောမည်မဟုတ်! အခြားတစ်ဖက်တွင် နှစ်ပိဿာအမြတ်ရသောကျွန်အား ‘အဘယ်ကြောင့် ငါးပိဿာအမြတ်မရသနည်း။ သင့်ကျွန်ချင်းသည် ငါ့အတွက် မည်မျှအမြတ်ရစေသည်ကို ကြည့်ပါလော့!’ ဟု ကိုယ်တော်မပြောခဲ့ချေ။ ယေရှုကိုပုံဆောင်သော ကရုဏာရှိသည့်သခင်သည် နှိုင်းယှဉ်မှုမပြုခဲ့ပေ။ သူသည် ဥစ္စာများကို “ထိုသူတို့၏ အရည်အချင်းအလိုက် ပေးအပ်” ပြီး တစ်ဦးစီပြန်ပေးနိုင်သည့်အတိုင်းအတာထက် ပို၍လည်း မမျှော်လင့်ခဲ့ချေ။ ထိုကျွန်နှစ်ဦးစလုံး ညီတူညီမျှချီးမွမ်းခံရသည်။ အကြောင်းမှာ နှစ်ဦးလုံးသည် မိမိတို့၏သခင်အတွက် စိုးလ်အကြွင်းမဲ့အလုပ်လုပ်သောကြောင့်ဖြစ်သည်။ ယင်းမှ ကျွန်ုပ်တို့အားလုံးသင်ခန်းစာရယူနိုင်သည်။
၁၉ တတိယကျွန်ကား ချီးမွမ်းမခံခဲ့ရပေ။ အမှန်မှာ သူသည် ပြင်ပမှောင်မိုက်ထဲသို့ ပစ်ချခြင်းခံရသည်။ ငွေတစ်ပိဿာကိုသာရသော်လည်း ငါးပိဿာရသောသူလောက် တိုးပွားအောင်လုပ်ရန် တောင်းဆိုမခံရပေ။ သို့သော်လည်း သူသည် ကြိုးစားအားထုတ်မှုပင်မရှိခဲ့ပါတကား! သခင်အပေါ် မေတ္တာပျက်ကွက်ခြင်းကို ပေါ်လွင်စေသည့် ‘ဆိုးညစ်၍ ပျင်းရိ’ သော သူ၏နှလုံးသဘောထားကြောင့် နောက်ဆုံးတွင်သူသည် ပြစ်ဒဏ်စီရင်ချက်ချခံလိုက်ရသည်။
၂၀။ ကျွန်ုပ်တို့၏အတိုင်းအတာများကို ယေဟောဝါမည်သို့ရှုမြင်သနည်း။
၂၀ ကျွန်ုပ်တို့တစ်ဦးစီသည် ယေဟောဝါအား အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန် ကိုယ်တော်မျှော်လင့်သော်လည်း “ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ” ခြင်းသည် မည်မျှသက်သာအားရစရာပါတကား! (ဆာလံ ၁၀၃:၁၄) နယပုံပြင် ၂၁:၂ က “ထာဝရဘုရားမူကား စိတ်နှလုံးတို့ကို ချိန်တော်မူ၏”—အရေအတွက်အတိုင်းအတာကိုမဟုတ်။ ငွေရေးကြေးရေး၊ ကာယရေး၊ စိတ္တရေး သို့မဟုတ် အခြားအရေးကိစ္စများဖြစ်ပါစေ ကျွန်ုပ်တို့မနိုင်သည့်အတိုင်းအတာများကို ကိုယ်တော်နားလည်တော်မူသည်။ (ဟေရှာယ ၆၃:၉) တစ်ချိန်တည်းတွင် ကျွန်ုပ်တို့၌ရှိသမျှသော အရင်းအမြစ်များကို အတတ်နိုင်ဆုံးသုံးရန် ကိုယ်တော်မျှော်လင့်သည်။ ယေဟောဝါသည် စုံလင်တော်မူသော်လည်း မိမိအားဝတ်ပြုသည့် မစုံလင်သူများနှင့် ဆက်ဆံသောအခါ စုံလင်မှုကို မရမကတောင်းဆိုသောအရှင်မဟုတ်ပေ။ ဆက်ဆံရေးတွင် အကျိုးသင့်အကြောင်းသင့်မရှိခြင်း သို့မဟုတ် တောင်းဆိုမှုများတွင် လက်တွေ့မကျခြင်း ရှိတော်မမူ။
၂၁။ ဘုရားသခင်အား ကျွန်ုပ်တို့အမှုဆောင်ခြင်းသည် မေတ္တာအားဖြင့်လှုံ့ဆော်ခံရပါက မည်သည့်ကောင်းကျိုးများဖြစ်ထွန်းမည်နည်း။
၂၁ ကျွန်ုပ်တို့၏ နှလုံး၊ စိုးလ်၊ စိတ်နှင့် ခွန်အားရှိသမျှဖြင့် ယေဟောဝါကိုချစ်ခြင်းသည် “မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍မြတ်ပါသည်။” (မာကု ၁၂:၃၃) မေတ္တာအားဖြင့်လှုံ့ဆော်ခံရပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏လုပ်ငန်းတော်တွင် လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ကြမည်။ မေတ္တာပါဝင်သော ဘုရားရေးရာအရည်အချင်းများသည် “သင်တို့၌ရှိ၍ကြွယ်ဝလျှင် ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏” ဟု ပေတရုရေးသားခဲ့သည်။—၂ ပေတရု ၁:၈။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည်။
ပြန်လည်သုံးသပ်ခြင်း
◻ ဘုရားသခင်အား ကျွန်ုပ်တို့အမှုဆောင်ခြင်းနောက်ကွယ်တွင် မည်သည့်အရာက အားပေးလှုံ့ဆော်မှုဖြစ်သင့်သနည်း။
◻ ခရစ်တော်၏မေတ္တာတော်က ယေဟောဝါအားအမှုဆောင်ရန် ကျွန်ုပ်တို့ကို မည်သို့အားဖြင့် အနိုင်အထက်သွေးဆောင်သနည်း။
◻ ဖာရိရှဲတို့၏ မည်သည့်စိတ်စွဲလမ်းမှုကို ကျွန်ုပ်တို့ရှောင်ရမည်နည်း။
◻ ကျွန်ုပ်တို့၏အမှုဆောင်ခြင်းကို အခြားခရစ်ယာန်တစ်ဦး၏အမှုဆောင်ခြင်းနှင့် နှိုင်းယှဉ်နေခြင်းသည် အဘယ်ကြောင့်ပညာမဲ့ရာကျသနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အရည်အချင်း၊ ခံနိုင်ရည်နှင့်အခြေအနေများသည် တစ်ဦးနှင့်တစ်ဦးမတူကြချေ