ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၃/၁၅ စာ. ၁၇-၂၃
  • တဲလင့်ပုံဥပမာကနေ သင်ယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တဲလင့်ပုံဥပမာကနေ သင်ယူပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင်က ကျွန်တွေကို ငွေတွေ အပ်ပေး
  • ကျွန်တွေဟာ ဆုံးခန်းကာလမှာ တဲလင့်ကို အသုံးပြုနေ
  • ဘယ်အချိန်မှာ သခင် ပြန်လာမလဲ
  • ဆိုးညစ်ပျင်းရိတဲ့ကျွန်
  • ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတိပေးချက်တွေကို အာရုံစိုက်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • သတိဝီရိယရှိလော့!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • သင် “စောင့်နေ” မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၃/၁၅ စာ. ၁၇-၂၃
ငါးတဲလင့်ရတဲ့ကျွန်နဲ့ နှစ်တဲလင့်ရတဲ့ကျွန်က ငွေတိုးပွားအောင်လုပ်နေပေမဲ့ တစ်တဲလင့်ရတဲ့ကျွန်က ငွေကိုမြေကြီးထဲမြှုပ်ပြီး အိပ်နေတယ်

တဲလင့်ပုံဥပမာကနေ သင်ယူပါ

“တစ်ဦးကို ငါးတဲလင့်၊ တစ်ဦးကို နှစ်တဲလင့်၊ တစ်ဦးကို တစ်တဲလင့်ပေး[၏]။”—မ. ၂၅:၁၅။

သင် ဘယ်လိုဖြေမလဲ

  • တဲလင့်ပုံဥပမာကို ယေရှု ဘာကြောင့် ပြောခဲ့သလဲ။

  • စာရင်းရှင်းဖို့ ဘယ်အချိန်မှာ သခင် ပြန်လာမလဲ။

  • ဒီပုံဥပမာကနေ ဘာသင်ခန်းစာတွေ သင်ယူရရှိသလဲ။

၁၊ ၂။ တဲလင့်ပုံဥပမာကို ယေရှု ဘာကြောင့်ပြောခဲ့သလဲ။

ယေရှုက ဘိသိက်ခံနောက်လိုက်တွေမှာ ဘာတာဝန်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ တဲလင့်ပုံဥပမာကို ပြောခဲ့တယ်။ ဒါပေမဲ့ ဒီပုံဥပမာဟာ ယေရှုရဲ့ တပည့်အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကောင်းကင်မျှော်လင့်ချက်ရှိသည်ဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသည်ဖြစ်စေ ဒီပုံဥပမာရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်တယ်။

၂ ဒီပုံဥပမာကို ယေရှု ဘယ်အချိန်မှာ ပြောခဲ့သလဲ။ ယေရှု ဘုရင်ဖြစ်ပြီ၊ ဆုံးခန်းကာလအစပြုပြီ ဆိုတာကို မှတ်သားဖော်ပြမယ့် နိမိတ်လက္ခဏာအကြောင်း တပည့်တွေကို ပြောနေချိန်မှာဖြစ်တယ်။ (မ. ၂၄:၃) ဒါကြောင့် တဲလင့်ပုံဥပမာဟာ အဲဒီနိမိတ်လက္ခဏာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျွန်တော်တို့အချိန်မှာ ပြည့်စုံနေပါတယ်။

၃။ မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ ပုံဥပမာတွေကနေ ဘာသင်ခန်းစာတွေ ရရှိသလဲ။

၃ ယေရှုဟာ တဲလင့်ပုံဥပမာနဲ့အတူ တခြားပုံဥပမာသုံးခုကိုလည်း ပြောခဲ့တယ်။ အဲဒါတွေကလည်း ဆုံးခန်းကာလရဲ့ နိမိတ်လက္ခဏာ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ အဲဒီပုံဥပမာအားလုံးဟာ နောက်လိုက်တွေမှာရှိရမယ့် သတ်သတ်မှတ်မှတ် အရည်အသွေးတွေကို ဖော်ပြတယ်။ အဲဒီပုံဥပမာတွေကို မဿဲ ၂၄:၄၅ ကနေ ၂၅:၄၆ မှာ ဖတ်ရှုနိုင်ပါတယ်။ ပထမပုံဥပမာက သစ္စာရှိကျွန်အကြောင်းဖြစ်တယ်။ အဲဒီကျွန်ဟာ ယေဟောဝါရဲ့လူမျိုးကို သွန်သင်ပေးဖို့ တာဝန်ရှိတဲ့ ဘိသိက်ခံအုပ်စုငယ်လေးဖြစ်တယ်။ အဲဒီကျွန်ဟာ သစ္စာနဲ့ သတိပညာရှိရမယ်။a နောက်ပုံဥပမာက အပျိုကညာဆယ်ဦးအကြောင်းဖြစ်တယ်။ ဘိသိက်ခံအားလုံးဟာ ယေရှု ရောက်လာမယ့် နေ့ရက်နဲ့ အချိန်နာရီကို မသိတဲ့အတွက် အသင့်ပြင်ပြီး စောင့်နေဖို့ လိုအပ်တယ်လို့ အဲဒီပုံဥပမာမှာ ယေရှု သတိပေးတယ်။b နောက်တစ်ခုကတော့ တဲလင့်ပုံဥပမာဖြစ်တယ်။ ဘိသိက်ခံအားလုံးဟာ ခရစ်ယာန်တာဝန်တွေကို ထမ်းဆောင်ရာမှာ ကြိုးစားပမ်းစားလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ ယေရှု သင်ပေးတယ်။ အဲဒီနောက် သိုးနဲ့ဆိတ်ပုံဥပမာကို ယေရှု ပြောတယ်။ အဲဒီပုံဥပမာကတော့ မြေကြီးမျှော်လင့်ချက်ရှိသူတွေနဲ့ အဓိကသက်ဆိုင်တယ်။ သူတို့ဟာ ယေရှုရဲ့ ဘိသိက်ခံညီတွေကို သစ္စာစောင့်သိရမှာဖြစ်ပြီး အတတ်နိုင်ဆုံး ကူညီပေးရမယ်ဆိုတာ ယေရှု အလေးပေးဖော်ပြတယ်။c ဒီဆောင်းပါးမှာ တဲလင့်ပုံဥပမာရဲ့ အဓိပ္ပာယ်ကို ဆွေးနွေးပါမယ်။

သခင်က ကျွန်တွေကို ငွေတွေ အပ်ပေး

၄၊ ၅။ ပုံဥပမာထဲက သခင်ဟာ ဘယ်သူ့ကို ဆိုလိုသလဲ။ တဲလင့်ဆိုတာ ဘာလဲ။

၄ မဿဲ ၂၅:၁၄–၃၀ ကိုဖတ်ပါ။ တဲလင့်ပုံဥပမာမှာ ယေရှုက ခရီးဝေးသွားတော့မယ့် လူတစ်ယောက်အကြောင်း ပြောတယ်။ အလားတူပုံဥပမာမှာလည်း ယေရှုက မင်းရိုက်ရာကို ဆက်ခံဖို့ ခရီးဝေးသွားတဲ့ လူတစ်ယောက်အကြောင်း ပြောတယ်။d (လု. ၁၉:၁၂) လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အဖွဲ့အစည်းထုတ် စာပေတွေမှာ အဲဒီပုံဥပမာနှစ်ခုစလုံးမှာပါတဲ့ လူ ဒါမှမဟုတ် သခင်ဟာ ယေရှုကို ဆိုလိုတယ်၊ ယေရှုဟာ အေဒီ ၃၃ မှာ ကောင်းကင်တက်သွားတယ်ဆိုပြီး ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ယေရှုဟာ ကောင်းကင်ရောက်တာနဲ့ ချက်ချင်း ဘုရင်ဖြစ်သွားတာမဟုတ်ဘူး။ “ရန်သူတို့ကို မိမိခြေတင်ရာအဖြစ် ချထား” တဲ့အချိန် ၁၉၁၄ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရတယ်။—ဟေဗြဲ ၁၀:၁၂၊ ၁၃။

၅ ပုံဥပမာထဲကသခင်မှာ ရှစ်တဲလင့်ရှိတယ်လို့ ယေရှုပြောတယ်။ တော်တော်များတဲ့ ငွေပမာဏပဲ။e သခင်ဟာ ခရီးမသွားခင် ကျွန်တွေကို ခေါ်ပြီး ငွေတွေအပ်ပေးတယ်။ အဲဒီငွေတွေကိုသုံးပြီး နောက်ထပ်ငွေတွေ တိုးပွားအောင်လုပ်ဖို့ မှာတယ်။ အဲဒီငွေဟာ သခင်အတွက် သိပ်အဖိုးတန်သလို ယေရှုအတွက်လည်း သိပ်အဖိုးတန်တဲ့အရာတစ်ခုရှိတယ်။ အဲဒါဘာဖြစ်မလဲ။ မြေကြီးပေါ်ရှိတုန်း ယေရှုလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းပဲဖြစ်တယ်။

“လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ”

၆၊ ၇။ တဲလင့်က ဘာကိုဆိုလိုသလဲ။

၆ ဟောပြောခြင်းလုပ်ငန်းဟာ ယေရှုအတွက် သိပ်အရေးကြီးတယ်။ ဟောပြောခြင်းလုပ်ငန်းကြောင့် လူများစွာဟာ တပည့်တွေဖြစ်လာတယ်။ (လုကာ ၄:၄၃ ကိုဖတ်ပါ။) ဒါပေမဲ့ လုပ်စရာများစွာရှိသေးတယ်၊ သတင်းကောင်းကို နောက်ထပ်လူများစွာ လက်ခံလာဦးမယ်ဆိုတာ ယေရှုသိတယ်။ “လယ်ပြင်ကို မျှော်၍ကြည့်ကြလော့။ စပါးရိတ်သိမ်းရန် လယ်ပြင်သည် မှည့်ဝင်းလျက်ရှိနေပြီ” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (ယော. ၄:၃၅-၃၈) လယ်သမားကောင်း တစ်ယောက်ဟာ ရိတ်သိမ်းဖို့အသင့်ဖြစ်နေတဲ့လယ်ကို ပစ်သွားမှာ မဟုတ်ဘူး။ ယေရှုမှာလည်း အဲဒီလိုစိတ်ထားမျိုးရှိတယ်။ ဒါကြောင့် ကောင်းကင်မတက်ခင်လေးမှာ ‘ထို့ကြောင့် သွား၍ တပည့်ဖြစ်စေကြလော့’ လို့ နောက်လိုက်တွေကို မိန့်မှာခဲ့တယ်။ (မ. ၂၈:၁၈-၂၀) ဒီနည်းအားဖြင့် ယေရှုဟာ သူတို့ကို အမှုဆောင်လုပ်ငန်းဆိုတဲ့ သိပ်အဖိုးတန်တဲ့ဘဏ္ဍာ အပ်နှင်းခဲ့တယ်။—၂ ကော. ၄:၇။

၇ သခင်ဟာ ကျွန်တွေကို ငွေအပ်ခဲ့သလို ယေရှုလည်း ဘိသိက်ခံနောက်လိုက်တွေကို တပည့်ဖြစ်စေခြင်းလုပ်ငန်း အပ်နှင်းခဲ့တယ်။ (မ. ၂၅:၁၄) ဒါကြောင့် တဲလင့်ဟာ ဟောပြောပြီး တပည့်ဖြစ်စေရမယ့်တာဝန်ကို ဆိုလိုတယ်။

၈။ ကျွန်တစ်ယောက်စီဟာ မတူညီတဲ့ငွေပမာဏကို ရရှိပေမဲ့ သူတို့ဆီကနေ သခင် ဘာမျှော်လင့်သလဲ။

၈ သခင်ဟာ ပထမကျွန်ကို ငါးတဲလင့်၊ ဒုတိယကျွန်ကို နှစ်တဲလင့်၊ တတိယကျွန်ကို တစ်တဲလင့် ပေးအပ်တယ်လို့ ယေရှု ပြောတယ်။ (မ. ၂၅:၁၅) ကျွန်တစ်ယောက်စီကို မတူညီတဲ့ငွေပမာဏ ပေးအပ်ခဲ့ပေမဲ့ အဲဒီငွေ တိုးပွားအောင် သူတို့အားလုံး အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ သခင် မျှော်လင့်တယ်။ အဲဒီလိုပဲ၊ ဟောပြောခြင်းလုပ်ငန်းကို ဘိသိက်ခံနောက်လိုက်တွေ အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ ယေရှု မျှော်လင့်တယ်။ (မ. ၂၂:၃၇; ကော. ၃:၂၃) အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုရဲ့နောက်လိုက်တွေဟာ လူမျိုးတကာကလူတွေကို စတင်တပည့်ဖြစ်စေခဲ့ကြတယ်။ တမန်တော်ကျမ်းကို ဖတ်ကြည့်ရင် သူတို့ ဘယ်လောက် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့တယ်ဆိုတာ သိရှိနိုင်တယ်။f—တ. ၆:၇; ၁၂:၂၄; ၁၉:၂၀။

ကျွန်တွေဟာ ဆုံးခန်းကာလမှာ တဲလင့်ကို အသုံးပြုနေ

၉။ (က) သစ္စာရှိကျွန်နှစ်ယောက်ဟာ သခင်အပ်ထားတဲ့ငွေတွေကို ဘာလုပ်ခဲ့သလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။ (ခ) မြေကြီးမျှော်လင့်ချက်ရှိသူတွေ ဘာလုပ်ဆောင်ရမလဲ။

၉ သခင့်ငွေကို ကောင်းကောင်းအသုံးပြုခဲ့တဲ့ ပထမကျွန်နှစ်ယောက်ဟာ ဆုံးခန်းကာလအတွင်းမှာရှိတဲ့ သစ္စာရှိဘိသိက်ခံညီအစ်ကိုညီအစ်မတွေကို ဆိုလိုတယ်။ သူတို့ဟာ အထူးသဖြင့် ၁၉၁၉ ကစပြီး ဟောပြောခြင်းလုပ်ငန်းကို အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့ကြတယ်။ ပုံဥပမာမှာ ပထမကျွန်နှစ်ယောက်ဟာ မတူညီတဲ့ငွေပမာဏကို ရရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါက မတူညီတဲ့ သစ္စာရှိဘိသိက်ခံအုပ်စု နှစ်စုရှိမယ်လို့ မဆိုလိုပါဘူး။ ကျွန်နှစ်ယောက်စလုံးဟာ ငွေနှစ်ဆတိုးပွားအောင် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို ဘိသိက်ခံတွေပဲ ကြိုးစားလုပ်ဆောင်ရမှာလား။ မဟုတ်ပါဘူး။ ယေရှုပြောခဲ့တဲ့ သိုးနဲ့ဆိတ်ပုံဥပမာက မြေကြီးမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေဟာ ယေရှုရဲ့ ဘိသိက်ခံညီတွေကို သစ္စာစောင့်သိပြီး ဟောပြောခြင်းလုပ်ငန်းမှာ ကူညီပေးရမယ်ဆိုတာ သင်ပေးတယ်။ အဲဒီလိုကူညီပေးရတာကို အခွင့်ထူးအဖြစ် သူတို့ယူမှတ်ကြတယ်။ မှန်ပါတယ်၊ ယေဟောဝါရဲ့လူမျိုးဟာ “သိုးအုပ်တစ်အုပ်” တည်းဖြစ်ပြီး သူတို့အားလုံး ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ဆောင်နေကြတယ်။—ယော. ၁၀:၁၆။

၁၀။ ဆုံးခန်းကာလမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်ဆိုတာကို ဘယ်နိမိတ်လက္ခဏာအစိတ်အပိုင်းက ဖော်ပြသလဲ။

၁၀ ယေရှုဟာ တပည့်သစ်တွေ တိုးများလာအောင် နောက်လိုက်အားလုံး ကြိုးစားပမ်းစားလုပ်ဆောင်ဖို့ မျှော်လင့်တယ်။ ပထမရာစုတပည့်တွေ အဲဒီလိုလုပ်ဆောင်ခဲ့တယ်။ ယေရှုရဲ့ တဲလင့်ပုံဥပမာ ပြည့်စုံနေတဲ့ ဒီဆုံးခန်းကာလမှာရော နောက်လိုက်တွေ အဲဒီလိုလုပ်ဆောင်နေသလား။ လုပ်ဆောင်နေပါတယ်။ တစ်ခါနဲ့မှမတူအောင် လူများစွာဟာ သတင်းကောင်းကြားနေရပြီး တပည့်တွေ ဖြစ်လာနေကြတယ်။ ယေရှုနောက်လိုက်အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် နှစ်စဉ် သိန်းနဲ့ချီတဲ့လူတွေ နှစ်ခြင်းခံနေတယ်။ သူတို့လည်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်လာတယ်။ ဒီလုပ်ဆောင်မှုအားလုံးနဲ့ ရလဒ်ကောင်းတွေက ဟောပြောခြင်းလုပ်ငန်းဟာ ဆုံးခန်းကာလနဲ့ပတ်သက်ပြီး ယေရှုပေးခဲ့တဲ့ နိမိတ်လက္ခဏာရဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တယ်ဆိုတာ အထင်အရှားဖော်ပြတယ်။ လုပ်သားတွေကို ယေရှု အားရကျေနပ်မှာ သေချာပါတယ်။

ယေဟောဝါရဲ့ကျေးကျွန်တွေဟာ တပည့်ဖြစ်စေခြင်းလုပ်ငန်း အသွင်အမျိုးမျိုးမှာ ပါဝင်နေတယ်

ယေရှုဟာ သူ့ရဲ့ကျွန်တွေကို အဖိုးတန်ဘဏ္ဍာဖြစ်တဲ့ ဟောပြောခြင်းတာဝန် အပ်နှင်းထား (အပိုဒ် ၁၀ ကိုကြည့်ပါ)

ဘယ်အချိန်မှာ သခင် ပြန်လာမလဲ

၁၁။ ကြီးစွာသောဒုက္ခအတွင်းမှာ ယေရှုရောက်လာမယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၁ “ကာလအတန်ကြာပြီးနောက် ထိုကျွန်တို့၏သခင်သည် လာ၍ သူတို့နှင့် စာရင်းရှင်းလေ၏” လို့ ယေရှုပြောတယ်။ (မ. ၂၅:၁၉) သခင်ယေရှုဟာ ကြီးစွာသောဒုက္ခရဲ့ အဆုံးပိုင်းမှာ အဲဒီလိုလုပ်ဆောင်ပါလိမ့်မယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာပါတဲ့ ပရောဖက်ပြုချက်မှာ ယေရှုက သူ “ကြွလာ” ဒါမှမဟုတ် “ရောက်လာ” တဲ့အကြောင်း အကြိမ်များစွာပြောတယ်။ ဥပမာ၊ “မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်” ကို လူတွေမြင်ရလိမ့်မယ်လို့ ယေရှုပြောတယ်။ အဲဒီအချိန်ဟာ ကြီးစွာသောဒုက္ခအတွင်း လူတွေကို ယေရှု တရားစီရင်မယ့်အချိန်ကို ဆိုလိုတယ်။ ဆုံးခန်းကာလမှာအသက်ရှင်နေတဲ့ နောက်လိုက်တွေကိုလည်း ယေရှုက အသင့်စောင့်နေဖို့ သတိပေးတယ်။ “သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိ၊” “သင်တို့မထင်မမှတ်သော အချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်” လို့ ယေရှုပြောတယ်။ (မ. ၂၄:၃၀၊ ၄၂၊ ၄၄) ဒါကြောင့် တဲလင့်ပုံဥပမာမှာလည်း သခင် ရောက်လာမယ့်အချိန်ဟာ လူတွေကို တရားစီရင်ပြီး စာတန့်လောကကို ဖျက်ဆီးဖို့ ယေရှု ရောက်လာမယ့်အချိန်ကို ဆိုလိုတယ်။g

၁၂၊ ၁၃။ (က) ကျွန်နှစ်ယောက်စလုံးကို သခင် ဘာပြောသလဲ။ ဘာကြောင့်လဲ။ (ခ) ဘိသိက်ခံတွေဟာ ဘယ်အချိန်မှာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံရမလဲ။ (“သေဆုံးချိန်မှာ ထိုက်တန်သူတွေအဖြစ် တရားစီရင်ခံရ” ဆိုတဲ့ လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။) (ဂ) ဘိသိက်ခံတွေကို ကူညီထောက်မပေးခဲ့သူတွေ ဘာဆုကျေးဇူးရရှိမလဲ။

၁၂ သခင်က ခရီးကနေပြန်လာတဲ့အခါ ငါးတဲလင့်ရတဲ့ကျွန်ရော နှစ်တဲလင့်ရတဲ့ကျွန်ပါ ငွေနှစ်ဆစီတိုးအောင် လုပ်ဆောင်ထားတာကို တွေ့ရတယ်။ ဒါကြောင့် ကျွန်နှစ်ယောက်စလုံးကို “ကောင်းလေစွ၊ သစ္စာရှိသော ကျွန်ကောင်း။ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိသောကြောင့် များစွာသောအရာတို့အပေါ် သင့်ကို ငါခန့်ထားမည်” လို့ သခင်ပြောတယ်။ (မ. ၂၅:၂၁၊ ၂၃) သခင်ယေရှုဟာ အနာဂတ်မှာ ရောက်လာတဲ့အခါ ဘာလုပ်ဆောင်မလဲ။

၁၃ ကြီးစွာသောဒုက္ခမစခင်လေးမှာ ဘုရားသခင်က အဲဒီအချိန်ထိ မြေကြီးပေါ်မှာရှိနေသေးတဲ့၊ အလုပ်ကြိုးစားတဲ့ ဘိသိက်ခံတွေကို နောက်ဆုံးတံဆိပ်ခတ်ပါလိမ့်မယ်။ (ဗျာ. ၇:၁-၃) အဲဒီနောက် အာမဂေဒုန်မတိုင်ခင်လေးမှာ ယေရှုက သူတို့ကို ကောင်းကင်ကိုထမြောက်စေခြင်းအားဖြင့် ဆုချပါလိမ့်မယ်။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဘိသိက်ခံတွေကို ကူညီထောက်မပေးခဲ့တဲ့ မြေကြီးမျှော်လင့်ချက်ရှိသူတွေကော ဘယ်လိုလဲ။ သူတို့ဟာ သိုးအဖြစ် တရားစီရင်ခံရပါလိမ့်မယ်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ မြေကြီးပေါ်အသက်ရှင်ခွင့် ဆုကျေးဇူးကို ရရှိပါလိမ့်မယ်။—မ. ၂၅:၃၄။

ဆိုးညစ်ပျင်းရိတဲ့ကျွန်

၁၄၊ ၁၅။ ဘိသိက်ခံများစွာဟာ ဆိုးညစ်ပျင်းရိသွားမယ်လို့ ယေရှု ပြောနေတာလား။ ရှင်းပြပါ။

၁၄ ပုံဥပမာမှာ တစ်တဲလင့်ရတဲ့ ကျွန်အကြောင်းကိုလည်း ဖော်ပြထားတယ်။ သူကတော့ သခင်အပ်ထားတဲ့ငွေကို သုံးပြီး တိုးပွားအောင် မလုပ်ဘူး။ အတိုးရအောင် ဘဏ်မှာလည်း မအပ်ဘူး။ အဲဒီအစား ငွေတွေကို မြေကြီးထဲမှာ မြှုပ်ထားတယ်။ ဒါကြောင့် သခင်က ဆိုးညစ်ပျင်းရိတဲ့ကျွန်လို့ ပြောတယ်။ အဲဒီကျွန်ဆိုးဆီက တစ်တဲလင့်ကို ပြန်ယူပြီး ပထမကျွန်ကို ပေးလိုက်တယ်။ ကျွန်ဆိုးကိုတော့ “ပြင်အရပ်မှောင်မိုက်” ထဲ နှင်ထုတ်လိုက်တယ်။ အဲဒီမှာ သူ စိတ်ပျက်လက်ပျက် ငိုကြွေးနေရတယ်။—မ. ၂၅:၂၄-၃၀; လု. ၁၉:၂၂၊ ၂၃။

၁၅ ကျွန်သုံးယောက်ထဲက တစ်ယောက်ဟာ ဆိုးညစ်ပျင်းရိတယ်လို့ ယေရှုပြောတဲ့အတွက် ဘိသိက်ခံတွေထဲက သုံးပုံတစ်ပုံဟာ အဲဒီကျွန်လို ဖြစ်သွားလိမ့်မယ်လို့ ဆိုလိုနေတာမဟုတ်ပါဘူး။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ဒီပုံဥပမာကို တခြားပုံဥပမာနှစ်ခုနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သစ္စာနဲ့သတိပညာရှိကျွန် ပုံဥပမာမှာ ယေရှုက ကျွန်အချင်းချင်းကိုနှိပ်စက်တဲ့ ကျွန်ဆိုးအကြောင်း ပြောခဲ့တယ်။ သစ္စာနဲ့သတိပညာရှိကျွန်မှာပါဝင်သူတချို့ဟာ ကျွန်ဆိုးဖြစ်သွားမယ်လို့ ယေရှု ဆိုလိုနေတာမဟုတ်ပါဘူး။ အဲဒီအစား ကျွန်ဆိုးလို မဖြစ်ဖို့ အဲဒီဘိသိက်ခံတွေကို သတိပေးနေတာဖြစ်တယ်။ အပျိုကညာဆယ်ဦး ပုံဥပမာမှာလည်း ပညာမဲ့တဲ့အပျိုကညာငါးဦးအကြောင်း ယေရှုပြောတယ်။ ဘိသိက်ခံတွေထဲက တစ်ဝက်ဟာ ပညာမဲ့သွားမယ်လို့ ယေရှု ဆိုလိုနေတာမဟုတ်ပါဘူး။ အဲဒီအစား အသင့်ပြင်ပြီး စောင့်မနေရင် ဘာဖြစ်မယ်ဆိုတာကို သတိပေးနေတာဖြစ်တယ်။h အဲဒီလိုပဲ၊ တဲလင့်ပုံဥပမာမှာလည်း ယေရှုက နောက်ဆုံးကာလမှာ အသက်ရှင်နေတဲ့ ဘိသိက်ခံများစွာဟာ ဆိုးညစ်ပျင်းရိသွားမယ်လို့ ပြောနေတာမဟုတ်ပါဘူး။ ကျွန်ဆိုးလို မဖြစ်ဘဲ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ကြိုးစားအားထုတ်နေဖို့ ဘိသိက်ခံတွေကို သတိပေးနေတာဖြစ်တယ်။—မ. ၂၅:၁၆။

ဟောပြောခြင်းလုပ်ငန်းကို ကြိုးစားပမ်းစားလုပ်ဆောင်နေတဲ့ တပည့်အားလုံးကို ယေရှု ဆုချပါလိမ့်မယ်

၁၆။ (က) တဲလင့်ပုံဥပမာကနေ ဘယ်သင်ခန်းစာနှစ်ခု သင်ယူရရှိသလဲ။ (ခ) ဒီဆောင်းပါးက တဲလင့်ပုံဥပမာကို နားလည်ဖို့ ဘယ်လိုကူညီပေးသလဲ။ (“တဲလင့်ပုံဥပမာကို ဘယ်လိုနားလည်ရမလဲ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၆ တဲလင့်ပုံဥပမာကနေ ဘယ်သင်ခန်းစာနှစ်ခု သင်ယူရရှိသလဲ။ ပထမ၊ သခင်ယေရှုဟာ ဘိသိက်ခံနောက်လိုက်တွေကို ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းဆိုတဲ့ အဖိုးတန်ဘဏ္ဍာ အပ်နှင်းထားတယ်။ ဒုတိယ၊ ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့အားလုံး ကြိုးစားပမ်းစားလုပ်ဆောင်ဖို့ ယေရှုမျှော်လင့်တယ်။ ကျွန်တော်တို့ဟာ ဒီလုပ်ငန်းကို သစ္စာရှိရှိလုပ်ဆောင်မယ်၊ ယေရှုကို နာခံပြီး သစ္စာစောင့်သိနေမယ်ဆိုရင် ယေရှု ဆုချမှာသေချာပါတယ်။—မ ၂၅:၂၁၊ ၂၃၊ ၃၄။

တဲလင့်ပုံဥပမာဟာ မိုင်နာပုံဥပမာနဲ့ ဘယ်လိုဆင်တူသလဲ

သခင်ဟာ ကျွန်တွေနဲ့ စာရင်းရှင်းနေတယ်

တဲလင့်ပုံဥပမာဟာ မိုင်နာပုံဥပမာနဲ့ တော်တော် ဆင်တူတယ်။ပုံဥပမာနှစ်ခုစလုံးမှာ ကျွန်တွေရှိတဲ့ သခင်တစ်ယောက်အကြောင်း ပြောထားတယ်။ သခင်ဟာ ခရီးဝေးမသွားခင် ကျွန်တွေကိုခေါ်ပြီး ငွေတွေအပ်ပေးတယ်။ အဲဒီငွေတွေကိုသုံးပြီး နောက်ထပ် ငွေတိုးအောင်လုပ်ဖို့ မှာတယ်။ ခရီးကနေ ပြန်လာတဲ့အခါ ကျွန်တွေကိုခေါ်ပြီး စာရင်းရှင်းတယ်။ (မ. ၂၅:၁၄-၃၀; လု. ၁၉:၁၂-၂၇) အဲဒီပုံဥပမာတွေက ဘာကိုဆိုလိုသလဲ။ ပုံဥပမာနှစ်ခုစလုံးမှာပါတဲ့ သခင် (၁) ဟာ ယေရှုကို ဆိုလိုတယ်။ ကျွန်တွေ (၂) ဟာ ဘိသိက်ခံတပည့်တွေကို ဆိုလိုတယ်။ ငွေ (၃) ဟာ တပည့်ဖြစ်စေခြင်းဆိုတဲ့ အဖိုးတန်အခွင့်ထူးကို ဆိုလိုတယ်။

သေဆုံးချိန်မှာ ထိုက်တန်သူတွေအဖြစ် တရားစီရင်ခံရ

ဘိသိက်ခံနောက်လိုက်တွေဟာ ပထမရာစုအချိန်ကစပြီး တဲလင့်တွေ၊ တစ်နည်းအားဖြင့် ဟောပြောခြင်းတာဝန် ပေးအပ်ခံရတယ်။ အဲဒီတာဝန်ကို ဘယ်လို ထမ်းဆောင်တယ်ဆိုတဲ့အပေါ် မူတည်ပြီး သူတို့ တရားစီရင်ခံရမှာဖြစ်တယ်။ ကြီးစွာသောဒုက္ခမစခင် သေဆုံးသွားတဲ့ သစ္စာရှိဘိသိက်ခံတွေဟာ သေဆုံးချိန်မှာ နောက်ဆုံးတံဆိပ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ဒါပေမဲ့ တဲလင့်ပုံဥပမာမှာ ယေရှုပြောနေတာက မြေကြီးပေါ် အသက်ရှင်နေသေးတဲ့ ဘိသိက်ခံတွေနဲ့ စာရင်းရှင်းဖို့ ကြီးစွာသောဒုက္ခအတွင်း သူရောက်လာမယ့်အချိန်ကို ပြောနေတာဖြစ်တယ်။

တဲလင့်ပုံဥပမာကို ဘယ်လိုနားလည်ရမလဲ

သခင်က ကျွန်တွေကို ဘယ်အချိန်မှာ ဆုချသလဲ

သစ္စာရှိတဲ့ကျွန်နှစ်ယောက်ကို သခင် ချီးမွမ်းနေတယ်

ရှင်းပြချက်အဟောင်း– ၁၉၁၉ မှာ ယေရှုက မြေကြီးပေါ်မှာရှိတဲ့ ဘိသိက်ခံကျွန်တွေကို တာဝန်တွေထပ်ပေးခြင်းအားဖြင့် ဆုချခဲ့တယ်။

ရှင်းပြချက်အသစ်– အနာဂတ်မှာ ယေရှု ရောက်လာတဲ့အခါ သစ္စာရှိဘိသိက်ခံကျွန်တွေကို ကောင်းကင်ပေါ် ထမြောက်စေခြင်းအားဖြင့် ဆုချမှာဖြစ်တယ်။

ဆိုးညစ်ပျင်းရိတဲ့ကျွန်က ဘယ်သူလဲ

ကဆိုးကိုတော့ ပြင်အရပ်မှောင်မိုက်ထဲ နှင်ထုတ်ဖို့ သခင် အမိန့်ပေးနေတယ်

ရှင်းပြချက်အဟောင်း– ဆိုးညစ်ပျင်းရိတဲ့ကျွန်ဟာ ၁၉၁၄ အတွင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့တဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဆိုလိုတယ်။

ရှင်းပြချက်အသစ်– ယေရှုက ဘိသိက်ခံခရစ်ယာန်တွေထဲက သီးသန့်အုပ်စုတစ်စုဟာ ဆိုးညစ်ပျင်းရိသွားမယ်လို့ ကြိုဟောနေတာ မဟုတ်ဘူး။ အဲဒီအစား၊ ဘိသိက်ခံခရစ်ယာန်တွေ ဆိုးညစ်ပျင်းရိမယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ သတိပေးနေခြင်းဖြစ်တယ်။

a ၂၀၁၃၊ ဇူလိုင်၊ ကင်းမျှော်စင် ၁၅ စာမျက်နှာ ၂၁-၂၂၊ အပိုဒ် ၈-၁၀ မှာ သစ္စာနဲ့ သတိပညာရှိကျွန်ဟာ ဘယ်သူဖြစ်တယ်ဆိုတာ ရှင်းပြထားတယ်။

b အပျိုကညာတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာ ရှေ့ဆောင်းပါးမှာ ဖော်ပြထားတယ်။

c ၁၉၉၅၊ အောက်တိုဘာ ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၂၃-၂၈ နဲ့ ဒီမဂ္ဂဇင်းရဲ့ နောက်ဆောင်းပါးမှာ သိုးနဲ့ဆိတ် ပုံဥပမာအကြောင်း ရှင်းပြထားတယ်။

d “တဲလင့်ပုံဥပမာဟာ မိုင်နာပုံဥပမာနဲ့ ဘယ်လိုဆင်တူသလဲ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

e ယေရှုခေတ်တုန်းက အလုပ်သမားတစ်ယောက်ဟာ တစ်တဲလင့်ရဖို့ နှစ်ပေါင်း ၂၀ အလုပ်လုပ်ရတယ်။

f တမန်တော်တွေ သေဆုံးပြီးနောက် အသင်းတော်အားလုံးဆီ အယူဖောက်ပြန်မှု ပျံ့နှံ့သွားတယ်။ ရာစုနှစ်ပေါင်းများစွာတစ်လျှောက် ဟောပြောခြင်းလုပ်ငန်းကို မလုပ်ဆောင်ခဲ့သလောက်ပဲ။ ဒါပေမဲ့ “ရိတ်သိမ်းချိန်” ဖြစ်တဲ့ ဆုံးခန်းကာလအတွင်းမှာ ဟောပြောခြင်းလုပ်ငန်းကို ပြန်အစပြုပါလိမ့်မယ်။ (မ. ၁၃:၂၄-၃၀၊ ၃၆-၄၃) ၂၀၁၃၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၉-၁၂ ကိုကြည့်ပါ။

g ၂၀၁၃၊ ဇူလိုင် ၁၅၊ ကင်းမျှော်စင် စာမျက်နှာ ၇-၈၊ အပိုဒ် ၁၄-၁၈ ကိုကြည့်ပါ။

h “သင် ‘စောင့်နေ’ မလား” ဆိုတဲ့ ရှေ့ဆောင်းပါးရဲ့အပိုဒ် ၁၃ ကိုကြည့်ပါ။

စကားလုံးတချို့ရဲ့အဓိပ္ပာယ်

  • ပုံဥပမာ– သင်ခန်းစာတစ်ခုသင်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်

  • တဲလင့်– ယေရှုခေတ်တုန်းက တော်တော်များတဲ့ ငွေပမာဏဖြစ်တယ်။ လူတစ်ယောက်ဟာ တစ်တဲလင့်ရဖို့ နှစ်ပေါင်း ၂၀ အလုပ်လုပ်ရတယ်

  • နောက်ဆုံးတံဆိပ်ခတ်ခြင်း– ယေဟောဝါဟာ ဘိသိက်ခံတွေကို သစ္စာရှိသူတွေအဖြစ် တရားစီရင်ပြီး ကောင်းကင်မှာ မသေနိုင်တဲ့အသက်ပေးဖို့ အတည်ပြုလက်ခံချိန်မှာ နောက်ဆုံးတံဆိပ်ခတ်တယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ