ဘုရားသခင့်နိုင်ငံတော်ဘုန်းအသရေဖြင့် ယေရှုကြွလာတော်မူသောအခါ
“လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည်မမြင်မီ သေခြင်းသို့မရောက်ရကြ။”—မဿဲ ၁၆:၂၈။
၁၊ ၂။ စီ.အီး. ၃၂ ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာမီအချိန်တွင် ဘာဖြစ်ပျက်သနည်း။ ထိုအဖြစ်အပျက်၏ရည်ရွယ်ချက်ကား အဘယ်နည်း။
စီ.အီး. ၃၂ ခုနှစ် ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာမီအချိန်တွင် ယေရှုခရစ်၏ တမန်တော်သုံးပါးသည် မှတ်သားဖွယ်ရာ ရူပါရုံတစ်ခုကို တွေ့မြင်ခဲ့ကြသည်။ မှုတ်သွင်းခံမှတ်တမ်းအရ “ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကိုခေါ်၍၊ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။”—မဿဲ ၁၇:၁၊ ၂။
၂ အလွန်အရေးပါသောအချိန်တွင် ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံ ပေါ်လာပါသည်။ ယေရှုသည် တပည့်တော်များအား မိမိညှဉ်းဆဲခံရပြီး ယေရုရှလင်မြို့တွင် အသတ်ခံရလိမ့်မည်အကြောင်း အစချီမိန့်မြွက်ခဲ့သော်လည်း သူတို့က ကိုယ်တော်၏စကားကို သဘောမပေါက်နိုင်ကြပေ။ (မဿဲ ၁၆:၂၁-၂၃) ထိုရူပါရုံသည် ယေရှု၏တမန်တော်သုံးပါးကို ယုံကြည်ခြင်းတိုးပွားစေခဲ့ရာ မကြာမီ ကိုယ်တော်သေဆုံးပြီးနောက် နှစ်ချီ၍ ခရစ်ယာန်အသင်းတော်ကြိုးစားလုပ်ဆောင်ရမည့်လုပ်ငန်းနှင့် တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများအတွက် အသင့်ပြင်ဆင်ပေးရာရောက်သည်။ ယနေ့ ထိုရူပါရုံမှ ကျွန်ုပ်တို့သင်ယူစရာ ရှိပါသလော။ ရှိပါသည်၊ အကြောင်းမှာ ၎င်းကပုံဆောင်သည့်အရာသည် ကျွန်ုပ်တို့ခေတ်တွင် အမှန်ဖြစ်ပျက်နေသောကြောင့်ဖြစ်သည်။
၃၊ ၄။ (က) ကိုယ်ယောင်ထွန်းလင်းခြင်းမတိုင်မီ ခြောက်ရက်အလိုတွင် ယေရှု အဘယ်အရာမိန့်တော်မူခဲ့သနည်း။ (ခ) ကိုယ်ယောင်ထွန်းလင်းချိန်တွင် ဘာဖြစ်ပျက်ခဲ့ကြောင်း ဖော်ပြပါ။
၃ ကိုယ်ယောင်ထွန်းလင်းခြင်းမတိုင်မီ ခြောက်ရက်အလိုတွင် တပည့်တော်များအား ယေရှုက “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ လူအသီးသီးကျင့်သောအကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့” ဟုမိန့်တော်မူခဲ့သည်။ ဤစကားများသည် “အစီအစဉ်စနစ်၏ဆုံးခန်းချိန်” တွင် ပြည့်စုံလာပါလိမ့်မည်။ ယေရှုက ထပ်ဆင့်၍ “ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ဤအရပ်၌ရှိသောသူအချို့တို့သည်မမြင်မီ သေခြင်းသို့မရောက်ရကြ” ဟုမိန့်တော်မူ၏။ (မဿဲ ၁၆:၂၇၊ ၂၈; ၂၄:၃; ၂၅:၃၁-၃၄၊ ၄၁; ဒံယေလ ၁၂:၄) ဒုတိယမိန့်တော်မူသော စကားများပြည့်စုံဖို့ရန် ကိုယ်ယောင်ထွန်းလင်းခြင်းဖြစ်ပျက်ခဲ့သည်။
၄ တမန်တော်သုံးပါးတို့သည် အဘယ်အရာကို အတိအကျတွေ့မြင်ခဲ့သနည်း။ ထိုအဖြစ်အပျက်ကို လုကာက ဤသို့ဖော်ပြသည်– “[ယေရှုသည်] ဆုတောင်းတော်မူစဉ်တွင် မျက်နှာတော်သည် ထူးခြားသောအဆင်းအရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လက်ဖြူ၏။ မောရှေနှင့်ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည် ဘုန်းအသရေနှင့်ထင်ရှား၍၊ ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို့၌ စုတေ့တော်မူမည် အကြောင်းအရာကို ပြောကြ၏။” ထို့နောက် “မိုးတိမ်သည် [တမန်တော်များ] ကိုလွှမ်းမိုး၍ မောရှေနှင့်ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်းရှိကြသည်ဖြစ်၍၊ ‘ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကိုနားထောင်ကြလော့’ ဟု မိုးတိမ်ကအသံတော်ဖြစ်လေ၏။”—လုကာ ၉:၂၉-၃၁၊ ၃၄၊ ၃၅။
ယုံကြည်ခြင်းတိုးပွားလာ
၅။ ကိုယ်ယောင်ထွန်းလင်းခြင်းက ပေတရုအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၅ ယေရှုသည် “ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်” ဟုတမန်တော်ပေတရုက ခွဲခြားဖော်ပြနှင့်ပြီးဖြစ်သည်။ (မဿဲ ၁၆:၁၆) ထိုသို့ခွဲခြားဖော်ပြခြင်းကို ကောင်းကင်မှ ယေဟောဝါ၏အသံတော်က ထောက်ခံပါသည်။ ယေရှု ကိုယ်ယောင်ထွန်းလင်းခြင်းကလည်း ဘုရားသခင့်နိုင်ငံတော်ဘုန်းတန်ခိုး အသရေတော်နှင့် ခရစ်တော်ကြွလာပြီး အဆုံးတွင် လူသားအပေါင်းကို တရားစီရင်ခြင်းဆိုင်ရာ ကြိုတင်ဖော်ပြချက်တစ်ရပ်ဖြစ်သည်။ ကိုယ်ယောင်ထွန်းလင်းခဲ့ပြီး၍ နှစ်ပေါင်း ၃၀ ကျော်တွင် ပေတရုက ဤသို့ရေးသားခဲ့သည်– “ငါတို့သခင်ယေရှုခရစ်၏တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်တို့အားကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သူဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည်၊ ထူးမြတ်သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။ ကောင်းကင်ကရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့်အတူရှိသောအခါ ကြားရ၏။”—၂ ပေတရု ၁:၁၆-၁၈; ၁ ပေတရု ၄:၁၇။
၆။ ကိုယ်ယောင်ထွန်းလင်းခြင်းပြီးနောက် အဖြစ်အပျက်များ မည်သို့ဖြစ်ပေါ်ထင်ရှားလာသနည်း။
၆ ယနေ့ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည်လည်း တမန်တော်သုံးပါးတို့ တွေ့မြင်ခဲ့သည့်အရာအားဖြင့် တိုးပွားခိုင်ခံ့လာသည်။ စီ.အီး. ၃၂ ခုနှစ်ကတည်းက အဖြစ်အပျက်များ အဆင့်ဆင့်တိုးတက် ဖြစ်ပျက်လာခဲ့သည်။ နောက်နှစ်တွင် ယေရှုသေဆုံးပြီး ရှင်ပြန်ထမြောက်လေရာ ခမည်းတော်၏လက်ယာတော်ဘက်သို့ တက်ကြွတော်မူခဲ့သည်။ (တမန်တော် ၂:၂၉-၃၆) ထိုနှစ် ပင်တေကုတ္တေပွဲနေ့တွင် “ဘုရားသခင်၏ ဣသရေလလူမျိုး” သစ်သည် ပေါ်ထွန်းလာပြီး ယေရုရှလင်မြို့မှတစ်ဆင့် နောက်ပိုင်းတွင် မြေကြီးစွန်းတိုင်အောင် ဟောပြောခြင်းအစီအစဉ် စတင်ပျံ့နှံ့သွားလေသည်။ (ဂလာတိ ၆:၁၆; တမန်တော် ၁:၈) ချက်ချင်းလိုလိုပင် ယေရှုတပည့်တော်များ၏ ယုံကြည်ခြင်းသည် စမ်းသပ်ခံရ၏။ တမန်တော်များသည် ဟောပြောခြင်းကို ရပ်တန့်ရန် ငြင်းဆိုကြသောကြောင့် ဖမ်းဆီးချုပ်နှောင်ခံရပြီး အပြင်းအထန်ရိုက်နှက်ခံရကြသည်။ မကြာမီတွင် သတေဖန်အသတ်ခံရသည်။ ထို့နောက် ကိုယ်ယောင်ထွန်းလင်းခြင်းကို မျက်မြင်သက်သေဖြစ်သူ ယာကုပ် အသတ်ခံခဲ့ရသည်။ (တမန်တော် ၅:၁၇-၄၀; ၆:၈–၇:၆၀; ၁၂:၁၊ ၂) သို့ရာတွင် ပေတရုနှင့် ယောဟန်တို့သည် ယေဟောဝါ၏အမှုတော်ကို နှစ်ပေါင်းများစွာထမ်းဆောင်ခွင့်ရရှိခဲ့ကြသည်။ အမှန်ဆိုလျှင် စီ.အီး. ပထမရာစုအကုန်ပိုင်းတွင် ကောင်းကင်ဘုန်းအသရေဆောင်သော ယေရှုကို ရူပါရုံများစွာတွင် အရိပ်အမြွက်အားဖြင့် တွေ့မြင်ခဲ့ကြောင်း ယောဟန်မှတ်တမ်းတင်ထားသည်။—ဗျာဒိတ် ၁:၁၂-၂၀; ၁၄:၁၄; ၁၉:၁၁-၁၆။
၇။ (က) ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံသည် အဘယ်အချိန်တွင် စတင်ပြည့်စုံလာသနည်း။ (ခ) ယေရှုသည် အဘယ်အချိန်တွင် အချို့သူများကို သူတို့၏အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူသနည်း။
၇ ‘သခင်၏နေ့ရက်’ စတင်သော ၁၉၁၄ ခုနှစ်ကတည်းက ယောဟန်တွေ့မြင်ခဲ့သောရူပါရုံများစွာတို့သည် ပြည့်စုံလာလေပြီ။ (ဗျာဒိတ် ၁:၁၀) ယေရှု ကိုယ်ယောင်ထွန်းလင်းခြင်းပုံဆောင်သည့် ‘အဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာတော်မူခြင်း’ ကော၊ အသို့နည်း။ ဤရူပါရုံသည် ၁၉၁၄ ခုနှစ်တွင် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော် ဖွားချိန်၌ စတင်ပြည့်စုံလာသည်။ ယေရှုသည် နန်းတက်စဘုရင်တစ်ပါးအဖြစ် မိုးသောက်ကြယ်နီပမာ စကြဝဠာမြင်ကွင်းပေါ် ထွန်းတောက်လာသည့်အခါ နေ့သစ်တစ်နေ့၏အရုဏ်တက်လာဘိသကဲ့သို့ဖြစ်သည်။ (၂ ပေတရု ၁:၁၉; ဗျာဒိတ် ၁၁:၁၅; ၂၂:၁၆) ထိုအခါ ယေရှုသည် လူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူသလော။ ဆပ်ပေးတော်မူခဲ့သည်။ ၎င်းနောက်များမကြာမီအချိန်တွင် ဘိသိက်ခံခရစ်ယာန်များ၏ ကောင်းကင်ထမြောက်ခြင်း စတင်ကြောင်း ခိုင်လုံသောသာဓကရှိသည်။—၂ တိမောသေ ၄:၈; ဗျာဒိတ် ၁၄:၁၃။
၈။ ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံ၏ ပြီးပြည့်စုံခြင်းကို အဘယ်အဖြစ်အပျက်များက သတ်မှတ်မည်နည်း။
၈ သို့သော် မကြာမီ ယေရှုသည် လူသားအပေါင်းကို တရားစီရင်ခြင်းငှာ “မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန် အခြံအရံနှင့်တကွ ကြွလာတော်မူ” လိမ့်မည်။ (မဿဲ ၂၅:၃၁) ထိုအခါ ဘုန်းအာနုဘော်အလုံးအရင်းကိုဆောင်လျက် ကြွလာတော်မူ၍ “လူအသီးသီး” ကျင့်သောအကျင့်နှင့်အလျောက် တရားသဖြင့်အကျိုးအပြစ်ကို ဆပ်ပေးတော်မူမည်။ သိုးကဲ့သို့သောသူများသည် သူတို့အဖို့ပြင်ဆင်ထားသောနိုင်ငံတော်တွင် ထာဝရအသက်ကို အမွေခံကြလိမ့်မည်။ ဆိတ်ကဲ့သို့သောသူများမူကား “ထာဝရအပြစ်ဒဏ်ခံရာ” သို့သွားကြရလတ္တံ့။ ယင်းသည် ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံပြည့်စုံခြင်း၏ အလွန်ကောင်းသောနိဂုံးဖြစ်ပါသည်တကား!—မဿဲ ၂၅:၃၄၊ ၄၁၊ ၄၆; မာကု ၈:၃၈; ၂ သက်သာလောနိတ် ၁:၆-၁၀။
ယေရှု၏ ဘုန်းအသရေရှိ အပေါင်းအပါများ
၉။ ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံ ပြည့်စုံရာတွင် ယေရှုနှင့်အတူ မောရှေနှင့်ဧလိယတို့ပါဝင်ရန် မျှော်လင့်သင့်သလော။ ရှင်းပြပါ။
၉ ယေရှုတစ်ဦးတည်းသာ ကိုယ်ယောင်ထွန်းလင်းတော်မူခဲ့သည်မဟုတ်ပါ။ ကိုယ်တော်နှင့်အတူ မောရှေနှင့်ဧလိယတို့သည် ထင်ရှားခဲ့သည်။ (မဿဲ ၁၇:၂၊ ၃) သူတို့သည် ပကတိအတိုင်း ရောက်ရှိကြပါသလော။ မဟုတ်ပါ၊ အကြောင်းမူကား သူတို့နှစ်ဦးစလုံး ကွယ်လွန်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၍ ရှင်ပြန်ထမြောက်လာရန် မြေကြီးတွင်အိပ်၍ စောင့်မျှော်နေကြပါသည်။ (ဒေသနာ ၉:၅၊ ၁၀; ဟေဗြဲ ၁၁:၃၅) ယေရှုသည် ကောင်းကင်ဘုန်းတန်ခိုးကိုဆောင်လျက် ကြွလာတော်မူသောအခါ ကိုယ်တော်နှင့်အတူ သူတို့ပေါ်ထွန်းလာကြမည်လော။ ပေါ်ထွန်းလာမည်မဟုတ်ပါ၊ အကြောင်းမူကား မောရှေနှင့်ဧလိယတို့သည် လူသားအပေါင်းတို့အား ကောင်းကင်မျှော်လင့်ချက်ကိုမကမ်းလှမ်းမီ အသက်ရှင်ခဲ့ကြသောကြောင့်ဖြစ်သည်။ မြေကြီးပေါ်တွင် “ဖြောင့်မတ်သောသူ . . . ရှိသမျှတို့သည် သေခြင်းမှထမြောက်” လာကြသည့်အခါ သူတို့ပါဝင်ပါလိမ့်မည်။ (တမန်တော် ၂၄:၁၅) ထို့ကြောင့် ကိုယ်ယောင်ထွန်းလင်းခြင်းရူပါရုံတွင် သူတို့ထင်ရှားခြင်းသည် ပုံဆောင်ချက်ဖြစ်သည်။ အဘယ်အရာ၏ ပုံဆောင်ချက်ဖြစ်သနည်း။
၁၀၊ ၁၁။ မောရှေနှင့်ဧလိယတို့သည် အခြားသောအဖြစ်အပျက်များတွင် မည်သူတို့ကို ပုံဆောင်သနည်း။
၁၀ အခြားသောအဖြစ်အပျက်များတွင် မောရှေနှင့်ဧလိယတို့သည် ပရောဖက်ပြုချက်ဆိုင်ရာပုဂ္ဂိုလ်များဖြစ်ကြသည်။ ပညတ်ပဋိညာဉ်၏အာမခံဖြစ်သူ မောရှေသည် ပဋိညာဉ်သစ်၏အာမခံယေရှု၏ရှေ့ပြေးနမူနာဖြစ်သည်။ (တရားဟောရာ ၁၈:၁၈; ဂလာတိ ၃:၁၉; ဟေဗြဲ ၈:၆) ဧလိယသည် မေရှိယ၏ရှေ့ပြေးဖြစ်သူ နှစ်ခြင်းဆရာယောဟန်၏ ရှေ့ပြေးနမူနာဖြစ်သည်။ (မဿဲ ၁၇:၁၁-၁၃) ထို့ပြင် ဗျာဒိတ်အခန်းကြီး ၁၁ ၏ရှေ့နောက်စကားစဉ်အရ မောရှေနှင့်ဧလိယတို့သည် ဆုံးခန်းချိန်တွင် ဘိသိက်ခံအကြွင်းအကျန်ကို တင်စားကြသည်။ မည်သို့သိရပါသနည်း။
၁၁ သိမြင်ရန် ဗျာဒိတ် ၁၁:၁-၆ ကိုဖွင့်ကြည့်ပါ။ အခန်းငယ် ၃ တွင် ဤသို့ဖတ်ရှုရသည်– “ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ အရက် တစ်ထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။” ဤပရောဖက်ပြုချက်သည် ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံအကြွင်းအကျန် ခရစ်ယာန်များအပေါ် ပြည့်စုံလာသည်။a အဘယ်ကြောင့်သက်သေခံနှစ်ပါးဖြစ်သနည်း။ အကြောင်းမူကား ဘိသိက်ခံအကြွင်းအကျန်သည် မောရှေနှင့်ဧလိယတို့ပြုလုပ်ခဲ့သောလုပ်ငန်းကို ဝိညာဉ်ရေးသဘောအရ ပြုလုပ်နေကြသောကြောင့်ဖြစ်သည်။ အငယ် ၅ နှင့် ၆ ကဤသို့ဆက်၍ဖော်ပြသည်– “တစ်စုံတစ်ယောက်သောသူသည် သူတို့ [သက်သေခံနှစ်ဦး] ကိုညှဉ်းဆဲခြင်းငှာအလိုရှိလျှင်၊ သူတို့၏ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကိုမျိုတတ်၏။ တစ်စုံတစ်ယောက်သောသူသည် ထိုသူတို့ကိုညှဉ်းဆဲခြင်းငှာအလိုရှိလျှင်၊ ထိုသို့အသေသတ်ခြင်းကိုခံရမည်။ ထိုသူတို့သည် ပရောဖက်ပြုသောနေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာလည်းကောင်း၊ မိုးကောင်းကင်ကိုပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကိုဒဏ်ခတ်ရသောအခွင့်ကို ရကြ၏။” သို့ဖြင့် မောရှေနှင့်ဧလိယတို့ပြုလုပ်ခဲ့သော အံ့ဖွယ်အမှုများကို ကျွန်ုပ်တို့အားသတိရစေသည်။—တောလည်ရာ ၁၆:၃၁-၃၄; ၃ ဓမ္မရာဇဝင် ၁၇:၁; ၄ ဓမ္မရာဇဝင် ၁:၉-၁၂။
၁၂။ ကိုယ်ယောင်ထွန်းလင်းခြင်း အဖြစ်အပျက်တွင် မောရှေနှင့်ဧလိယတို့သည် မည်သူတို့ကို ပုံဆောင်သနည်း။
၁၂ သို့ဖြစ်လျှင် ကိုယ်ယောင်ထွန်းလင်းခြင်း အဖြစ်အပျက်တွင် မောရှေနှင့်ဧလိယတို့သည် မည်သူတို့၏ရှေ့ပြေးနမူနာဖြစ်သနည်း။ သူတို့သည် ယေရှုနှင့်အတူ “ဘုန်းအသရေနှင့်ထင်ရှား” ခဲ့သည်ဟု လုကာကဆိုသည်။ (လုကာ ၉:၃၀) သူတို့သည် ယေရှုနှင့်ဆက်ဆံရသော “အမွေခံ” များအဖြစ် သန့်ရှင်းသောဝိညာဉ်တော်နှင့် ဘိသိက်ပေးခံရသည့် ခရစ်ယာန်များ၏ရှေ့ပြေးနမူနာဖြစ်ကြောင်း ရှင်းနေပါသည်။ သို့ဖြင့် သူတို့သည် ‘ကိုယ်တော်နှင့်အတူဘုန်းဝင်စား’ ရမည့်အံ့ဖွယ်ကောင်းသောမျှော်လင့်ချက်ကို ရရှိကြသည်။ (ရောမ ၈:၁၇) ယေရှုသည် “လူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူ” ရန်မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာတော်မူသောအခါ ရှင်ပြန်ထမြောက်လာသော ဘိသိက်ခံများသည် ကိုယ်တော်နှင့်အတူရှိကြလိမ့်မည်။—မဿဲ ၁၆:၂၇။
မောရှေနှင့်ဧလိယတို့ကဲ့သို့သော သက်သေခံများ
၁၃။ မောရှေနှင့်ဧလိယတို့သည် ယေရှု၏ဘိသိက်ခံ တွဲဖက်အမွေခံများ၏ လျောက်ပတ်သော ပရောဖက်ပြုနမူနာများ ဖြစ်နိုင်ကြရန် အဘယ်လက္ခဏာများ ရှိကြသနည်း။
၁၃ မောရှေနှင့်ဧလိယတို့သည် ယေရှု၏ဘိသိက်ခံ တွဲဖက်အမွေခံများ၏ လျောက်ပတ်သော ပရောဖက်ပြုနမူနာများ ဖြစ်နိုင်ကြရန် သူတို့တွင် ထူးခြားသောလက္ခဏာများရှိသည်။ မောရှေနှင့်ဧလိယတို့သည် ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူများအဖြစ် နှစ်ချီ၍အမှုထမ်းခဲ့ကြသည်။ နှစ်ဦးစလုံးသည် ရှင်ဘုရင်၏အမျက်ကို ခံခဲ့ကြရသည်။ သူတို့သည် အကူအညီလိုအပ်နေချိန်တွင် တိုင်းတစ်ပါးမှမိသားစု၏ ထောက်ပံ့ကူညီမှုကို အသီးသီးရရှိခဲ့သည်။ နှစ်ဦးစလုံးသည် ရှင်ဘုရင်များရှေ့ ရဲရင့်စွာပရောဖက်ပြုကြပြီး ပရောဖက်အတုအယောင်တို့ကို ဆီးတားတိုက်လှန်ခဲ့ကြသည်။ မောရှေနှင့်ဧလိယတို့သည် (ဟောရပ်ဟူ၍လည်းခေါ်သော) သိနာတောင်ပေါ်တွင် ယေဟောဝါ၏ဘုန်းတန်ခိုးထင်ရှားခြင်းတို့ကို တွေ့မြင်ခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် ယော်ဒန်မြစ်၏အရှေ့ဘက်ကမ်းတွင် သူတို့ကိုဆက်ခံမည့်သူများအား တာဝန်အပ်နှင်းခဲ့ကြသည်။ ယေရှုသက်တော်ထင်ရှားစဉ်အတွင်း တွေ့ရှိခဲ့ရသော အံ့ဖွယ်အမှုများမှအပ မောရှေ (နှင့်ယောရှု) နှင့်ဧလိယ (နှင့်ဧလိရှဲ) တို့၏ခေတ်များအတွင်း တွေ့မြင်ရသော အံ့ဖွယ်အမှုများသည် အများဆုံးဖြစ်သည်။b
၁၄။ မောရှေနှင့်ဧလိယတို့နည်းတူ ဘိသိက်ခံသူများသည် ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် မည်သို့အမှုထမ်းခဲ့ပြီနည်း။
၁၄ ယင်းတို့အားလုံးသည် ဘုရားသခင်၏ဣသရေလလူမျိုးကို သတိမရစေသလော။ အမှန်သတိရစေပါသည်။ ယေရှုက “သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟု [သစ္စာရှိ] တပည့်တော်တို့အားမိန့်တော်မူ၏။” (မဿဲ ၂၈:၁၉၊ ၂၀) ဘိသိက်ခံခရစ်ယာန်များသည် စီ.အီး. ၃၃ ခုနှစ်မှ ယခုတိုင်အောင် ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူအဖြစ် နာခံမှုရှိရှိအမှုထမ်းခဲ့ကြပြီ။ သူတို့သည် မောရှေနှင့်ဧလိယတို့နည်းတူ အစိုးရမင်းများ၏အမျက်ကို ရင်ဆိုင်ပြီး သူတို့အား သက်သေခံခဲ့ကြပြီ။ တမန်တော် ၁၂ ပါးကိုယေရှုက “ထိုသူတို့မှစ၍ တစ်ပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကိုပို့ဆောင်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (မဿဲ ၁၀:၁၈) ကိုယ်တော်၏စကားသည် ခရစ်ယာန်အသင်းတော်၏သမိုင်းတစ်လျှောက် ကြိမ်ဖန်များစွာ ပြည့်စုံခဲ့လေပြီ။—တမန်တော် ၂၅:၆၊ ၁၁၊ ၁၂၊ ၂၄-၂၇; ၂၆:၃။
၁၅၊ ၁၆။ (က) သမ္မာတရားဘက် သူတို့ရဲရင့်စွာရပ်တည်ခြင်း၊ (ခ) ဣသရေလမဟုတ်သူများထံမှ အကူအညီရခြင်း ကိစ္စတွင် ဘိသိက်ခံများသည် မောရှေ၊ ဧလိယတို့နှင့် မည်သို့တူကြသနည်း။
၁၅ ၎င်းပြင် ဘိသိက်ခံခရစ်ယာန်များသည် မောရှေနှင့်ဧလိယတို့ကဲ့သို့ပင် ဘာသာရေးမှောက်မှားမှုကို ဆန့်ကျင်၍ သမ္မာတရားဘက် ရဲရင့်စွာရပ်တည်ခဲ့ကြပြီ။ ပေါလုသည် ဂျူးမိစ္ဆာပရောဖက် ဗာယေရှုနှင့် အာသင်မြို့သားတို့၏ နတ်ဘုရားများ မှောက်မှားကြောင်းကို ပါးနပ်လိမ္မာစွာနှင့် တစ်ကြိမ်တည်းတွင် အခိုင်အမာဖော်ထုတ်ခဲ့ခြင်းကို သတိရပါ။ (တမန်တော် ၁၃:၆-၁၂; ၁၇:၁၆၊ ၂၂-၃၁) မျက်မှောက်ခေတ်တွင် ဘိသိက်ခံအကြွင်းအကျန်သည် ခရစ်ယာန်ဘောင်ကို ရဲရင့်စွာဖော်ထုတ်ခဲ့ပြီး ယင်းကဲ့သို့သက်သေခံခြင်းက သူမကို ထိုးနှက်နှိပ်စက်လာခဲ့ကြောင်းကိုလည်း သတိရပါ။—ဗျာဒိတ် ၈:၇-၁၂။c
၁၆ ဖာရော၏အမျက်ကို မောရှေရှောင်နေစဉ် သူသည် ဣသရေလအမျိုးသားမဟုတ်သော ယေသရောဟူ၍လည်းခေါ်သူ ရွေလအိမ်တွင် တည်းခိုနေခဲ့သည်။ နောက်ပိုင်းတွင် မောရှေသည် ဖွဲ့စည်းခြင်းဆိုင်ရာ တန်ဖိုးရှိသြဝါဒကို ရွေလထံမှရရှိခဲ့သည်။ ထိုသူ၏သားဟောဗပါသည် ဣသရေလလူမျိုးကို တောအရပ်တွင် လမ်းပြပေးခဲ့၏။d (ထွက်မြောက်ရာ ၂:၁၅-၂၂; ၁၈:၅-၂၇; တောလည်ရာ ၁၀:၂၉) ဘုရားသခင်၏ဣသရေလ ဘိသိက်ခံအဖွဲ့ဝင်တို့သည် မိမိတို့အဖွဲ့ဝင်မဟုတ်သူများ၏ အကူအညီကို ထိုနည်းထပ်တူ ခံယူခဲ့ရကြပြီလော။ ဤနောက်ဆုံးကာလတွင် ပေါ်လာသော “အခြားသိုး” အဝင် “လူအုပ်ကြီး” ၏ထောက်ပံ့ကူညီမှုကို သူတို့အမှန်တကယ်ရနေကြပါသည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆; ဟေရှာယ ၆၁:၅) ဘိသိက်ခံညီတော်များအား ဤ “သိုး” တို့ကမ်းလှမ်းမည့် ချစ်ခင်မွန်မြတ်သောထောက်ပံ့ကူညီမှုကို ကြိုတင်ဟောပြောသည့်အနေနှင့် ယေရှုက သူတို့အား ဤသို့ပရောဖက်ပြု မိန့်မြွက်တော်မူ၏– “ငါသည် မွတ်သိပ်သောအခါ သင်တို့သည်ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည်သောက်ဖို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည်ဧည့်သည်ဝတ်ကိုပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည်အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါစွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည်ငါ့ထံတို့လာကြ၏ . . . ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသောငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ။”—မဿဲ ၂၅:၃၅-၄၀။
၁၇။ ဘိသိက်ခံများသည် ဟောရပ်တောင်ပေါ်တွင် ဧလိယတွေ့ကြုံခဲ့သောအဖြစ်အပျက်မျိုးကို မည်သို့တွေ့ကြုံခဲ့သနည်း။
၁၇ ထို့ပြင် ဘုရားသခင်၏ဣသရေလလူမျိုးသည် ဟောရပ်တောင်ပေါ်တွင် ဧလိယတွေ့ကြုံခဲ့သောအဖြစ်အပျက်မျိုးကို တွေ့ကြုံခဲ့သည်။e မိဖုရားယေဇဗေလထံမှ ဧလိယထွက်ပြေးနေရချိန်ကကဲ့သို့ ပထမကမ္ဘာစစ်အကုန်တွင် မိမိတို့၏လုပ်ငန်းပြီးဆုံးပြီဟု ကြောက်စိတ်ဝင်နေသော ဘိသိက်ခံအကြွင်းအကျန်က ယူမှတ်ခဲ့သည်။ ထိုအခါ ဧလိယကဲ့သို့ပင် သူတို့သည် “ဘုရားသခင်၏အိမ်တော်သား” ဟုအခေါ်ခံသူတို့ကို စစ်ကြောစီရင်ရန် ကြွရောက်လာသော ယေဟောဝါဘုရားသခင်၏စစ်ကြောခြင်းကို ခံခဲ့ရသည်။ (၁ ပေတရု ၄:၁၇; မာလခိ ၃:၁-၃) ခရစ်ယာန်ဘောင်သည် စံမမီကြောင်း ထင်ရှားနေစဉ် ဘိသိက်ခံအကြွင်းအကျန်မှာမူ “သစ္စာနှင့်သတိပညာရှိသောကျွန်” အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုခံရပြီး ယေရှု၏မြေကြီးဆိုင်ရာ ဥစ္စာရှိသမျှတို့ကို အပ်နှင်းခံရသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဧလိယသည် ဟောရပ်တောင်ပေါ်တွင် “ဖြည်းညင်းသောအသံ” တစ်ခုကိုကြားခဲ့ရာ ယင်းသည် မိမိကို အလုပ်ထပ်ဆင့်အပ်နှင်းသော ယေဟောဝါ၏အသံတော်ဖြစ်ကြောင်း ထင်ရှားလေသည်။ စစ်ပြီးနှစ်များ၏ အေးဆေးငြိမ်သက်သောကာလတွင် ယေဟောဝါ၏သစ္စာရှိဘိသိက်ခံကျေးကျွန်များသည် သမ္မာကျမ်းစာမှ ကိုယ်တော်၏အသံတော်ကို ကြားနာလိုက်ကြရသည်။ သူတို့မှာလည်း ထမ်းဆောင်ရန်တာဝန်တစ်ရပ် ရှိနေကြောင်း သိရှိကြသည်။—၃ ဓမ္မရာဇဝင် ၁၉:၄၊ ၉-၁၈; ဗျာဒိတ် ၁၁:၇-၁၃။
၁၈။ ယေဟောဝါ၏ တန်ခိုးတော်ဆိုင်ရာ ထူးကဲသောပြုမူချက်များသည် ဘုရားသခင်၏ဣသရေလလူမျိုးမှတစ်ဆင့် မည်သို့ဖော်ပြခံနေရပါသနည်း။
၁၈ နောက်ဆုံး၊ ယေဟောဝါ၏ တန်ခိုးတော်ဆိုင်ရာ ထူးကဲသောပြုမူချက်များသည် ဘုရားသခင်၏ဣသရေလလူမျိုးမှတစ်ဆင့် ဖော်ပြခံနေရပါသလော။ ယေရှုသေဆုံးပြီးနောက် တမန်တော်များသည် အံ့ဖွယ်အမှုများစွာပြုခဲ့ကြသော်လည်း ယင်းတို့သည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။ (၁ ကောရိန္သု ၁၃:၈-၁၃) ယနေ့ အံ့ဖွယ်အမှုများကို ပကတိသဘောအရ မတွေ့မြင်ကြရပါ။ တစ်ဖက်မှဆိုလျှင် ယေရှုက “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်” ဟုတပည့်တော်များကို မိန့်တော်မူ၏။ (ယောဟန် ၁၄:၁၂) ပထမရာစုတွင် ယေရှု၏တပည့်တော်များသည် ရောမအင်ပါယာတစ်ခွင် သတင်းကောင်းဟောပြောကြစဉ် ယင်းအချက် ဦးဆုံးပြည့်စုံခဲ့သည်။ (ရောမ ၁၀:၁၈) ယနေ့ ဘိသိက်ခံအကြွင်းအကျန်သည် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟော” ပြောခြင်းကို ဦးစီးဦးဆောင်ခြင်းဖြင့် သာ၍ကြီးမားသောအမှုတို့ကို ပြုလုပ်နေကြပါပြီ။ (မဿဲ ၂၄:၁၄) ရလဒ်ကား အဘယ်နည်း။ သမိုင်းတွင် ယေဟောဝါ၏ ဆက်ကပ်အပ်နှံသစ္စာရှိကျေးကျွန်အရေအတွက် အများဆုံးကို ဤ ၂၀ ရာစုအတွင်း စုသိမ်းနေကြောင်း တွေ့မြင်နေရပါသည်။ (ဗျာဒိတ် ၅:၉၊ ၁၀; ၇:၉၊ ၁၀) ယေဟောဝါ၏တန်ခိုးတော် ခန့်ညားထည်ဝါစွာ ထင်ရှားခြင်းပါတကား!—ဟေရှာယ ၆၀:၂၂။
ယေရှု၏ညီတော်များ ဘုန်းအသရေဆောင်လျက်ကြွရောက်လာ
၁၉။ ယေရှု၏ဘိသိက်ခံညီတော်များသည် အဘယ်အချိန်တွင် ကိုယ်တော်နှင့်အတူ ဘုန်းဝင်စားသနည်း။
၁၉ ယေရှု၏ဘိသိက်ခံ ညီတော်များမှ အကြွင်းအကျန်သည် သူတို့၏မြေကြီးပေါ်အသက်တာကိုကုန်ဆုံးသောအခါ ကိုယ်တော်နှင့်အတူ ဘုန်းဝင်စားကြလေသည်။ (ရောမ ၂:၆၊ ၇; ၁ ကောရိန္သု ၁၅:၅၃; ၁ သက်သာလောနိတ် ၄:၁၄၊ ၁၇) ဤနည်းဖြင့် ကောင်းကင်နိုင်ငံတော်တွင် မသေနိုင်သော ရှင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များ ဖြစ်လာကြသည်။ ထိုအခါ သူတို့သည် ယေရှုနှင့်အတူ “လူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။” (ဗျာဒိတ် ၂:၂၇; ၂၀:၄-၆; ဆာလံ ၁၁၀:၂၊ ၅၊ ၆) ယေရှုနှင့်အတူ ပလ္လင်ပေါ်မှာထိုင်လျက်၊ “ဣသရေလလူတစ်ဆယ့်နှစ်မျိုး” ကို စစ်ကြောစီရင်ကြလိမ့်မည်။ (မဿဲ ၁၉:၂၈) ညည်းတွားလျက်နေသော ဤလောကသည် “ဘုရားသခင့်သားတို့၏ပေါ်ထွန်းခြင်း” တွင်ပါဝင်သော ဤအဖြစ်အပျက်များကို အလွန်တောင့်တမျှော်လင့်ခဲ့ကြပြီ။—ရောမ ၈:၁၉-၂၁; ၂ သက်သာလောနိတ် ၁:၆-၈။
၂၀။ (က) ကိုယ်ယောင်ထွန်းလင်းခြင်းက ပေတရုကို အဘယ်မျှော်လင့်ချက်နှင့်ပတ်သက်၍ ယုံကြည်ခြင်းတိုးပွားစေသနည်း။ (ခ) ကိုယ်ယောင်ထွန်းလင်းခြင်းက ယနေ့ခရစ်ယာန်များကို မည်သို့ယုံကြည်ခြင်းတိုးပွားစေသနည်း။
၂၀ ပေါလုက “ထိုအရှင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော်ထင်ရှားခြင်းကိုလည်းကောင်း၊ . . . ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့သြချီးမွမ်းခြင်းကိုလည်းကောင်း၊ ခံအံ့သောငှာ ကြွလာတော်မူသောနေ့ရက်” ဟူ၍ရေးသားရာတွင် “ကြီးစွာသောဒုက္ခ” အတွင်း ယေရှုပေါ်ထွန်းတော်မူခြင်းကို ပြောဆိုပါသည်။ (မဿဲ ၂၄:၂၁; ၂ သက်သာလောနိတ် ၁:၁၀၊ သမ္မာ) ယင်းသည် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် ဝိညာဉ်တော်ဖြင့် ဘိသိက်ခံရသူအားလုံးအတွက် ခမ်းနားထည်ဝါသော မျှော်လင့်ချက်ပါတကား! ကိုယ်ယောင်ထွန်းလင်းခြင်းက ပေတရုကို ယုံကြည်ခြင်းတိုးပွားစေခဲ့သည်။ ယင်းအကြောင်း ဖတ်ရှုရခြင်းသည် ကျွန်ုပ်တို့အတွက်လည်း ယုံကြည်ခြင်း အမှန်တိုးပွားစေပြီး မကြာမီ ယေရှုသည် “လူအသီးသီးကျင့်သောအကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူ” မည်အကြောင်း ပိုမိုယုံကြည်စိတ်ချစေသည်။ ဤနေ့ရက်ကို ကပ်ကျော်သူ သစ္စာရှိဘိသိက်ခံခရစ်ယာန်များသည် ယေရှုနှင့် ဘုန်းအသရေထင်ရှားမည်ဟု ပိုမိုယုံကြည်စိတ်ချနိုင်ကြသည်။ အခြားသိုးများသည် ဤစနစ်၏ဆုံးခန်းကိုကပ်ကျော်ပြီး ဘုန်းကျက်သရေရှိသော ကမ္ဘာသစ်ထဲရောက်ရန် သူတို့ကိုကိုယ်တော်ကယ်တင်တော်မူမည်ဟု ပိုမိုယုံကြည်စိတ်ချလာကြသည်။ (ဗျာဒိတ် ၇:၁၄) အဆုံးတိုင်တည်ကြည်ရန် အားပေးမှုတစ်ရပ်ပါတကား! ဤရူပါရုံသည် ထိုထက်မက သွန်သင်ပေးနိုင်ကြောင်း နောက်ဆောင်းပါးတွင် တွေ့ရပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော “နာမတော် သန့်ရှင်းမြင့်မြတ်ခြင်း ရှိပါစေသော” စာအုပ် [လိပ်]၊ စာမျက်နှာ ၃၁၃-၁၄ နှင့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာအုပ်၊ စာမျက်နှာ ၁၆၄-၅ ရှု။
b ထွက်မြောက်ရာ ၂:၁၅-၂၂; ၃:၁-၆; ၅:၂; ၇:၈-၁၃; ၈:၁၈; ၁၉:၁၆-၁၉; တရားဟောရာ ၃၁:၂၃; ၃ ဓမ္မရာဇဝင် ၁၇:၈-၁၆; ၁၈:၂၁-၄၀; ၁၉:၁၊ ၂၊ ၈-၁၈; ၄ ဓမ္မရာဇဝင် ၂:၁-၁၄။
d နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော သင်သည် ဘုရားသခင့်ကမ္ဘာသစ်ထဲရောက်ရန် အာမဂေဒုန်ကပ်ကျော်နိုင်စာအုပ် [လိပ်]၊ စာမျက်နှာ ၂၈၁-၃ ရှု။
သင်မှတ်မိသလော
◻ ယေရှု ကိုယ်ယောင်ထွန်းလင်းသောအခါ ကိုယ်တော်၏အနားတွင် မည်သူတို့ပေါ်လာသနည်း။
◻ ကိုယ်ယောင်ထွန်းလင်းခြင်းအားဖြင့် တမန်တော်များ၏ယုံကြည်ခြင်းသည် မည်သို့တိုးပွားလာသနည်း။
◻ ကိုယ်ယောင်ထွန်းလင်းခြင်းတွင် ယေရှုနှင့်အတူ မောရှေနှင့်ဧလိယတို့သည် “ဘုန်းအသရေနှင့်ထင်ရှား” လာသောအခါ သူတို့သည် မည်သူကိုပုံဆောင်သနည်း။
◻ ဘုရားသခင်၏ဣသရေလလူမျိုးနှင့် မောရှေ၊ ဧလိယတို့အကြား မည်သည့်ဆင်တူချက်များရှိသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကိုယ်ယောင်ထွန်းလင်းခြင်းသည် အတိတ်နှင့် မျက်မှောက်ခေတ်ခရစ်ယာန်များ၏ယုံကြည်ခြင်းကို တိုးပွားစေ