ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • အသင်သည် တရားပလ္လင်တော်ရှေ့မှာ အဘယ်အနေအထားရှိမည်နည်း
    ကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
    • ၄။ သိုးနှင့်ဆိတ်ပုံဥပမာ၏ ဖြစ်ပျက်ချိန်နှင့်စပ်လျဉ်း၍ မည်သို့နားလည်ခဲ့ပြီနည်း။ သို့သော် ယခု ထိုပုံဥပမာကို အဘယ်ကြောင့်အာရုံပြုကြမည်နည်း။ (သု. ၄:၁၈)

      ၄ ထိုပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် ဘုရင်အဖြစ် ယေရှုနန်းထိုင်ပြီး ထိုအချိန်မှစတင်၍ သိုးကဲ့သို့သောသူများကို ထာဝရအသက်ရစေရန်နှင့် ဆိတ်ကဲ့သို့သောသူများကို ထာဝရသေခြင်းသို့ပို့ဆောင်ပေးရန် တရားစီရင်နေခြင်းကို ပုံဆောင်သည်ဟု ကျွန်ုပ်တို့ကြာမြင့်စွာကတည်းက နားလည်ခဲ့ပြီ။ သို့သော် ပုံဥပမာကို ပြန်သုံးသပ်ကြည့်ရာတွင် ၎င်းဖြစ်ပျက်ချိန်နှင့် ၎င်းပုံဆောင်သည့်အရာကို ပြုပြင်နားလည်ရန်လိုကြောင်း သိရှိရသည်။ ဤပြုပြင်ချက်သည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းနှင့် လူအများတုံ့ပြန်ပုံ၏ အရေးကြီးမှုကို တိုးတက်ခြေမြစ်စေသည်။ ပုံဥပမာကို ဤသို့တိုးသိနားလည်လာခြင်းအတွက်အခြေခံကိုသိရှိရန် ယေဟောဝါနှင့်ယေရှုသည် ဘုရင်များဖြစ်ရုံမက တရားသူကြီးများလည်းဖြစ်ကြကြောင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့ဖော်ပြထားကြောင်းကို ဆင်ခြင်သုံးသပ်ကြည့်ကြစို့။

      အလုံးစုံကိုစီရင်ခွင့်ရှိသောတရားသူကြီး ယေဟောဝါ

      ၅၊ ၆။ ယေဟောဝါသည် ရှင်ဘုရင်ဖြစ်ရုံမက တရားသူကြီးလည်းဖြစ်သည်ဟု ယူမှတ်ရန် အဘယ်ကြောင့်သင့်တော်သနည်း။

      ၅ ယေဟောဝါသည် စကြဝဠာရှိ အရာခပ်သိမ်းကို တန်ခိုးတော်နှင့် စိုးမိုးတော်မူသည်။ အစအဆုံးရှိတော်မမူသောကြောင့် ကိုယ်တော်သည် ‘ကာလအစဉ်အဆက် ဘုရင်’ ဖြစ်တော်မူသည်။ (၁ တိမောသေ ၁:၁၇၊ ကဘ; ဆာလံ ၉၀:၂၊ ၄; ဗျာဒိတ် ၁၅:၃၊ ကဘ) ကိုယ်တော်သည် ပညတ်ဥပဒေတို့ကို ချမှတ်၍ ယင်းတို့ကိုလိုက်နာစေသောအခွင့်အာဏာရှိတော်မူသည်။ သို့သော် ကိုယ်တော်၏အခွင့်အာဏာတွင် တရားသူကြီးတစ်ဦးဖြစ်ခြင်းပါဝင်သည်။ ဟေရှာယ ၃၃:၂၂ ကဤသို့ဆိုသည်– “ထာဝရဘုရားသည် ငါတို့တရားသူကြီးဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။”

      ၆ ဘုရားသခင်၏ကျေးကျွန်များသည် ယေဟောဝါကို မှုခင်းများနှင့် ငြင်းခုံချက်များကို တရားစီရင်တော်မူသောအရှင်အဖြစ် ကြာမြင့်စွာကပင် အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ ဥပမာ၊ “မြေကြီးလုံးကို စီရင်တော်မူသောသခင်” သည် သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ ဆိုးသွမ်းခြင်းသာဓကကို နှိုင်းချင့်ပြီးနောက် ထိုမြို့သားတို့သည် ဖျက်ဆီးခံထိုက်ကြောင်းစီရင်တော်မူပြီး ထိုတရားမျှတသောစီရင်ချက်အတိုင်း ပြုမူဆောင်ရွက်စေတော်မူခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၀-၃၃; ယောဘ ၃၄:၁၀-၁၂) ယေဟောဝါသည် စီရင်တော်မူသည်အတိုင်း အစဉ်ပြုသည့် ဖြောင့်မတ်သောတရားသူကြီး ဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့သိရှိထားရခြင်းသည် အမှန်ပင်အားယူစရာပါတကား!

      ၇။ ဣသရေလလူမျိုးနှင့်ဆက်ဆံရာတွင် ယေဟောဝါသည် တရားသူကြီးအဖြစ် မည်သို့စီရင်တော်မူသနည်း။

      ၇ ရှေးဣသရေလလူမျိုးခေတ်တွင် ယေဟောဝါသည် တစ်ခါတစ်ရံ တိုက်ရိုက်တရားစီရင်တော်မူခဲ့သည်။ ထိုစဉ်က သင်ရှိနေလျှင် စုံလင်တော်မူသော တရားသူကြီးတစ်ပါးသည် ဆုံးဖြတ်စီရင်နေတော်မူကြောင်းကို သိရှိထားရခြင်းက သင့်ကိုအမှန်စိတ်သက်သာရာရစေမည်မဟုတ်ပေလော။ (ဝတ်ပြုရာ ၂၄:၁၀-၁၆; တောလည်ရာ ၁၅:၃၂-၃၆; ၂၇:၁-၁၁) ဘုရားသခင်သည် တရားစီရင်ရာတွင် တိုင်းတာရန်စံများအဖြစ် အပြစ်ဆိုဖွယ်ရာလုံးဝမရှိသော “စီရင်တော်မူချက်များ” ကိုလည်း ချမှတ်ထားတော်မူသည်။ (ဝတ်ပြုရာ ၂၅:၁၈၊ ၁၉; နေဟမိ ၉:၁၃; ဆာလံ ၁၉:၉၊ ၁၀; ၁၁၉:၇၊ ၇၅၊ ၁၆၄; ၁၄၇:၁၉၊ ၂၀) ကိုယ်တော်သည် “မြေကြီးလုံးကို စီရင်တော်မူသောသခင်” ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့အားလုံး ပတ်သက်နေသည်။—ဟေဗြဲ ၁၂:၂၃။

      ၈။ ဒံယေလသည် အဘယ်သက်ဆိုင်ဆီလျော်သောရူပါရုံရခဲ့သနည်း။

      ၈ ဤကိစ္စနှင့်ပတ်သက်၍ “မျက်မြင်သက်သေ” ရှိသည်။ ပရောဖက်ဒံယေလသည် အစိုးရများ သို့မဟုတ် အင်ပါယာများကို ပုံဆောင်သည့် ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များကို ရူပါရုံတွင် တွေ့မြင်ခဲ့ရသည်။ (ဒံယေလ ၇:၁-၈၊ ၁၇) သူက ဤသို့ထပ်ဆင့်ပြောသည်– “ရာဇပလ္လင်များကိုတည်ထားလျက်ရှိ၍ အသက်ကြီးသောသူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ ဖြူ၏။” (ဒံယေလ ၇:၉) ဒံယေလသည် ရာဇပလ္လင်များကိုမြင်ပြီး ‘အသက်ကြီးသောသူတစ်ဦး [ယေဟောဝါ] ထိုင်တော်မူ’ သည်ကို မြင်ခဲ့ကြောင်း သတိပြုပါ။ ဤတွင် ‘ဘုရားသခင်သည် ဘုရင်ဖြစ်လာခြင်းကို ဒံယေလ တွေ့မြင်နေခြင်းလော’ ဟုမိမိကိုယ်ကို မေးမြန်းကြည့်ပါ။

      ၉။ ရာဇပလ္လင်တော် ‘အပေါ်ထိုင်ခြင်း’ ၏အဓိပ္ပာယ်တစ်ခုကား အဘယ်နည်း။ ဥပမာများ ပေးပါ။

      ၉ တစ်ဦးတစ်ယောက်သည် ရာဇပလ္လင်ပေါ် “ထိုင်တော်မူသည်” ဟုကျွန်ုပ်တို့ဖတ်ရှုရသည့်အခါ ထိုသူသည် ရှင်ဘုရင်အရာကို ခံယူနေသည်ဟု ကျွန်ုပ်တို့ယူမှတ်ပေမည်။ အကြောင်းမူကား ထိုသို့သောအသုံးအနှုန်းမျိုးကို သမ္မာကျမ်းစာက တစ်ခါတစ်ရံ အသုံးပြုသည်။ ဥပမာပြရလျှင် “နန်းထိုင်လျှင်ထိုင်ခြင်း [ဇိမရိသည်] . . . ” အစရှိသ၍ဆိုထားသည်။ (၃ ဓမ္မရာဇဝင် ၁၆:၁၁၊ သမ္မာ; ၄ ဓမ္မရာဇဝင် ၁၀:၃၀; ၁၅:၁၂; ယေရမိ ၃၃:၁၇) မေရှိယနှင့်ဆိုင်သော ပရောဖက်ပြုချက်တစ်ခုက ဤသို့ဆိုသည်– ကိုယ်တော်သည် “မိမိ၏ရာဇပလ္လင်ပေါ်မှာထိုင်လျက် စိုးစံလိမ့်မည်။” ထို့ကြောင့် ‘ရာဇပလ္လင်ပေါ်ထိုင်ခြင်း’ သည်ရှင်ဘုရင်ဖြစ်လာခြင်းကို ဆိုလိုနိုင်သည်။ (ဇာခရိ ၆:၁၂၊ ၁၃) ယေဟောဝါအား ရာဇပလ္လင်တော်ပေါ်ထိုင်တော်မူသောဘုရင်အဖြစ် ဖော်ပြထားသည်။ (၃ ဓမ္မရာဇဝင် ၂၂:၁၉; ဟေရှာယ ၆:၁; ဗျာဒိတ် ၄:၁-၃) ကိုယ်တော်သည် ‘ကာလအစဉ်အဆက် ဘုရင်’ ဖြစ်တော်မူ၏။ သို့တိုင် ပိုင်သအုပ်စိုးခြင်းဆိုင်ရာ အခန်းကဏ္ဍသစ်တစ်ခုကို ကိုယ်တော်ခံယူနေတော်မူသောကြောင့် ရာဇပလ္လင်တော်ပေါ် အသစ်တစ်ဖန်ပြန်ထိုင်တော်မူဘိသကဲ့သို့ ဘုရင်ဖြစ်လာသည် ဟုဆိုနိုင်ပါသည်။—၁ ရာဇဝင်ချုပ် ၁၆:၁၊ ၃၁; ဟေရှာယ ၅၂:၇; ဗျာဒိတ် ၁၁:၁၅-၁၇; ၁၅:၃; ၁၉:၁၊ ၂၊ ၆။

      ၁၀။ ဣသရေလရှင်ဘုရင်များ၏ အရေးကြီးလုပ်ငန်းတစ်ခုကား အဘယ်နည်း။ ရှင်းပြပါ။

      ၁၀ သို့သော် ဤကား အဓိကအချက်ဖြစ်သည်– ရှေးခေတ်ရှင်ဘုရင်များ၏ အရေးကြီးသောလုပ်ငန်းတစ်ခုမှာ အမှုများကို ကြားနာစစ်ဆေးပြီး တရားစီရင်ရန်ဖြစ်သည်။ (သု. ၂၀:၈; ၂၉:၁၄) ရှောလမုန်သည် ကလေးတစ်ဦးတည်းကို မိန်းမနှစ်ယောက်က လုယူခြင်းအမှုအပေါ် ပညာရှိစွာ ဆုံးဖြတ်ခဲ့ကြောင်း သတိရပါ။ (၃ ဓမ္မရာဇဝင် ၃:၁၆-၂၈; ၂ ရာဇဝင်ချုပ် ၉:၈) သူ၏အစိုးရဆိုင်ရာအဆောက်အဦများအနက် တစ်ခုမှာ “တရားပလ္လင်တည်ရာ ကနားပြင်” ဟူ၍လည်းခေါ်သော “တရားစီရင်ရာကနားပြင်” ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၇:၇) ယေရုရှလင်မြို့တော်ကို ‘တရားစီရင်ရာပလ္လင် . . . များတည်ရာ’ နေရာဟူ၍ ဖော်ပြ၏။ (ဆာလံ ၁၂၂:၅) ဤတွင်ရှင်းနေသည်ကား ‘ရာဇပလ္လင်ပေါ်ထိုင်ခြင်း’ ဟုဆိုရာ၌ တရားစီရင်ရန် ထိုင်တော်မူခြင်းကိုလည်း ဆိုလိုသည်။—ထွက်မြောက်ရာ ၁၈:၁၃; သု. ၂၀:၈။

      ၁၁၊ ၁၂။ (က) ဒံယေလ အခန်းကြီး ၇ တွင်ပါသည့် ယေဟောဝါထိုင်တော်မူခြင်း၏ ဆိုလိုရင်းကား အဘယ်နည်း။ (ခ) တရားစီရင်ရန် ယေဟောဝါထိုင်တော်မူကြောင်း အခြားကျမ်းချက်များက မည်သို့အတည်ပြုသနည်း။

      ၁၁ ယခု ‘အသက်ကြီးသောသူတစ်ဦး ထိုင်တော်မူ’ သည်ကို ဒံယေလတွေ့မြင်ခဲ့သော မြင်ကွင်းကို ပြန်သုံးသပ်ကြည့်ကြစို့။ ဒံယေလ ၇:၁၀ ကဤသို့ထပ်ဆင့်သည်– “တရားစီရင်ခြင်းငှာ ပြင်ဆင်၍ စာစောင်များကို ဖွင့်ထားကြ၏။” မှန်ပေသည်၊ အသက်ကြီးသောသူသည် ကမ္ဘာကိုအစိုးရခြင်းကိစ္စနှင့် လူသားသည် အုပ်ချုပ်ထိုက်တော်မူကြောင်းကို စီရင်ရန် တရားပလ္လင်ပေါ်ထိုင်နေတော်မူသည်။ (ဒံယေလ ၇:၁၃၊ ၁၄) ထို့နောက် “အသက်ကြီးသောသူသည် ရောက်လာလျှင် . . . သန့်ရှင်းသူတို့အား စီရင်ရသောအခွင့်ကိုပေး၍” လူသားနှင့်အတူ အုပ်ချုပ်ထိုက်သူဖြစ်ကြောင်း စီရင်သည်ဟု ကျွန်ုပ်တို့ဖတ်ရသည်။ (ဒံယေလ ၇:၂၂) နောက်ဆုံးတွင် “တရားစီရင်ခြင်း” ဖြစ်ပျက်ပြီး နောက်ဆုံးကမ္ဘာ့အာဏာစက်ကို ဒဏ်စီရင်လေသည်။—ဒံယေလ ၇:၂၆။a

      ၁၂ ယင်းကြောင့် ‘ရာဇပလ္လင်ပေါ် ဘုရားသခင်ထိုင်တော်မူ’ သည်ကို ဒံယေလမြင်ခြင်းက တရားစီရင်ရန် ကိုယ်တော်ကြွရောက်လာခြင်းကို ဆိုလိုသည်။ အစောပိုင်းတွင် ဒါဝိဒ်က ဤသို့သီဆိုသည်– “ကိုယ်တော် [ယေဟောဝါ] သည် အကျွန်ုပ်တို့ဘက်မှာ တရားဆုံးဖြတ်တော်မူပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်၍ ဖြောင့်မတ်စွာ စီရင်တော်မူပြီ။” (ဆာလံ ၉:၄၊ ၇) ထို့ပြင် ယောလက ဤသို့ရေးသားသည်– “တစ်ပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့်သို့ တက်လာကြစေ။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါ [ယေဟောဝါ] ထိုင်မည်။” (ယောလ ၃:၁၂; ဟေရှာယ ၁၆:၅ နှိုင်းယှဉ်။) ယေရှုနှင့် ပေါလုတို့သည် မိမိတို့၏အမှုကို လူသားတစ်ဦး ကြားနာစစ်ဆေးရန် တရားပလ္လင်ပေါ်ထိုင်သည့် အခြေအနေမျိုးကို ကြုံကြိုက်ခဲ့ကြသည်။b—ယောဟန် ၁၉:၁၂-၁၆; တမန်တော် ၂၃:၃; ၂၅:၆။

      ယေရှု၏အခွင့်အရာ

      ၁၃၊ ၁၄။ (က) ယေရှုသည် ရှင်ဘုရင်ဖြစ်လာလိမ့်မည်အကြောင်း ဘုရားသခင်၏လူတို့၌ အဘယ်အာမခံချက်ရှိသနည်း။ (ခ) ယေရှုသည် အဘယ်အချိန်တွင် ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသနည်း။ ကိုယ်တော်သည် စီ.အီး. ၃၃ မှစပြီး အဘယ်သဘောဖြင့် အုပ်စိုးတော်မူသနည်း။

      ၁၃ ယေဟောဝါသည် ရှင်ဘုရင်သာမက တရားသူကြီးလည်းဖြစ်တော်မူ၏။ ယေရှုကော အဘယ်သို့နည်း။ ကိုယ်တော် မွေးဖွားမည့်အကြောင်းကို ကြေညာသောကောင်းကင်တမန်က ဤသို့ဆိုသည်– “သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ . . . သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။” (လုကာ ၁:၃၂၊ ၃၃) ယေရှုသည် ဒါဝိဒ်၏မင်းရိုက်ရာဆိုင်ရာ ထာဝရအမွေခံဖြစ်တော်မူမည်။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆) ကိုယ်တော်သည် ကောင်းကင်မှ အုပ်စိုးတော်မူမည်။ အကြောင်းမူကား ဒါဝိဒ်က ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရဘုရားက ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟုငါ၏သခင်အား မိန့်တော်မူ၏။ ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ‘ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။’”—ဆာလံ ၁၁၀:၁-၄။

      ၁၄ ထိုအမှုသည် အဘယ်အချိန်တွင် ဖြစ်မည်နည်း။ ယေရှုသည် လူသားဖြစ်စဉ်အတွင်း နန်းထိုင်တော်မမူခဲ့ပါ။ (ယောဟန် ၁၈:၃၃-၃၇) စီ.အီး. ၃၃ ခုနှစ်တွင် ကိုယ်တော်ကွယ်လွန်ပြီး ရှင်ပြန်ထမြောက်ခဲ့ရာ ကောင်းကင်သို့ တက်ကြွတော်မူလေသည်။ ဟေဗြဲ ၁၀:၁၂ ကဤသို့ဆိုသည်– “ထိုသခင်မူကား အပြစ်ကိုဖြေခြင်းငှာ ယဇ်တစ်ခုတည်းကို ပူဇော်ပြီးမှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ အစဉ်အမြဲထိုင်” တော်မူသည်။ ယေရှုသည် အဘယ်အခွင့်အာဏာကို ရရှိထားတော်မူသနည်း။ “ခပ်သိမ်းသောအထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့နာမ အလုံးစုံတို့အထက် ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူ” ၏။ (ဧဖက် ၁:၂၀-၂၂) ထိုစဉ်က ယေရှုသည် ခရစ်ယာန်များအပေါ် မင်းပြုခွင့်ရရှိထားသောကြောင့် ယေဟောဝါသည် “မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏” ဟူ၍ ပေါလုက ရေးသားနိုင်ခဲ့ခြင်းဖြစ်သည်။—ကောလောသဲ ၁:၁၃; ၃:၁။

      ၁၅၊ ၁၆။ (က) ယေရှုသည် စီ.အီး. ၃၃ တွင် ဘုရားသခင်၏နိုင်ငံတော်ဘုရင် မဖြစ်လာကြောင်း အဘယ်ကြောင့်ဆိုရသနည်း။ (ခ) ယေရှုသည် အဘယ်အချိန်တွင် ဘုရားသခင်၏နိုင်ငံတော်ဘုရင် ဖြစ်တော်မူသနည်း။

      ၁၅ သို့ရာတွင် ထိုအချိန်က ယေရှုသည် လူမျိုးတို့အပေါ် ရှင်ဘုရင်အရာ၊ တရားသူကြီးအရာကို မခံယူရသေးချေ။ ကိုယ်တော်သည် ဘုရားသခင်၏နိုင်ငံတော်ဘုရင်ဖြစ်မည့်အချိန်ကို စောင့်မျှော်နေကာ ဘုရားသခင်အနားတွင် ထိုင်နေတော်မူသည်။ ကိုယ်တော့်အကြောင်းကို ပေါလုက ဤသို့ရေးသားသည်– “ထိုမှတစ်ပါး ‘သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့’ ဟု အဘယ်မည်သောကောင်းကင်တမန်ကို တစ်ခါမျှ မိန့်တော်မူဖူးသနည်း။”—ဟေဗြဲ ၁:၁၃။

      ၁၆ ယေရှုသည် မျက်မြင်မရ ကောင်းကင်အရပ်တွင် ဘုရားသခင်၏နိုင်ငံတော်ဘုရင်ဖြစ်လာသည့် ၁၉၁၄ ခုနှစ်၍ ကိုယ်တော်စောင့်မျှော်နေရသည့်အချိန် ကုန်ဆုံးခဲ့ကြောင်းကိုရှင်းပြသော သက်သေအထောက်အထား မြောက်မြားစွာကို ယေဟောဝါသက်သေများ ထုတ်ဝေခဲ့ပြီ။ ဗျာဒိတ် ၁၁:၁၅၊ ၁၈ (ကဘ) က ဤသို့ဆိုသည်– “လောကီနိုင်ငံသည် ငါတို့အရှင်၏နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ဘုရင်အဖြစ် ကာလအစဉ်အမြဲ စိုးစံတော်မည်။” သို့သော် “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍ အမျက်တော်သည်လည်း ရောက်ပါပြီ။” မှန်ပေသည်။ ပထမကမ္ဘာစစ်အတွင်း လူမျိုးတို့သည် တစ်ဦးကိုတစ်ဦး အမျက်ထွက်ကြသည်။ (လုကာ ၂၁:၂၄) ၁၉၁၄ ခုနှစ်ကတည်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ရသော စစ်ပွဲများ၊ မြေငလျင်များ၊ ကာလနာရောဂါများ၊ ငတ်မွတ်ခေါင်းပါးခြင်းများ၊ အစရှိသည်တို့က ယေရှုသည် ဘုရားသခင်၏နိုင်ငံတော်တွင် ယခုအုပ်ချုပ်နေပြီဖြစ်ကြောင်းနှင့် ကမ္ဘာကုန်ဆုံးရမည့်အချိန်နီးကြောင်း ထောက်ခံပါသည်။—မဿဲ ၂၄:၃-၁၄။

      ၁၇။ အဘယ်အဓိကအချက်များကို ယခုအထိသက်သေထူခဲ့ပြီနည်း။

      ၁၇ အတိုချုပ် ပြန်လည်သုံးသပ်ကြည့်ကြစို့– ဘုရားသခင်သည် ဘုရင်မင်းမြတ်အဖြစ် ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသည်ဟု ဆိုနိုင်သည်။ သို့သော် ကိုယ်တော်သည် ရာဇပလ္လင်တော်ပေါ်တွင် တရားစီရင်ရန် ထိုင်တော်မူသည်ဟူ၍လည်း ဆိုနိုင်သည်။ စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်တွင် ထိုင်တော်မူသည်။ ယခု ကိုယ်တော်သည် ဘုရားသခင်၏နိုင်ငံတော်ဘုရင် ဖြစ်တော်မူပြီ။ သို့သော် ယခုဘုရင်အဖြစ် စိုးစံတော်မူသော ယေရှုသည် တရားသူကြီးအဖြစ်လည်း အမှုထမ်းနေပါသလော။ အထူးသဖြင့် ဤအချိန်တွင် ဤအကြောင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

      ၁၈။ ယေရှုသည် တရားသူကြီးလည်းဖြစ်မည်အကြောင်း အဘယ်သာဓကရှိသနည်း။

      ၁၈ တရားသူကြီးများကို ခန့်အပ်ပိုင်ခွင့်ရှိတော်မူသော ယေဟောဝါသည် မိမိ၏စံနှုန်းများကိုမီသော တရားသူကြီးအဖြစ် ယေရှုအား ရွေးချယ်တော်မူသည်။ ဝိညာဉ်ရေးအရ အသက်ရှင်လာသူများအကြောင်း ယေရှုပြောဆိုစဉ် ယင်းကို ပေါ်လွင်စေသည်– “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” (ယောဟန် ၅:၂၃) သို့တိုင် ယေရှု၏ တရားစီရင်ခြင်းအခွင့်သည် ထိုတရားစီရင်ခြင်းအမှုထက် သာလွန်သည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင် ဖြစ်၏။ (တမန်တော် ၁၀:၄၂; ၂ တိမောသေ ၄:၁) တစ်ချိန်တွင် ပေါလုက ဤသို့ဆိုသည်– “[ဘုရားသခင်သည်] ခန့်ထားတော်မူသောသူ [ယေရှု] အားဖြင့် တစ်ကမ္ဘာလုံးကို ဖြောင့်မတ်ခြင်းနှင့်အညီ တရားစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေကို ပြတော်မူပြီ။”—တမန်တော် ၁၇:၃၁၊ ကဘ; ဆာလံ ၇၂:၂-၇။

      ၁၉။ ယေရှုသည် တရားသူကြီးအဖြစ် ထိုင်တော်မူသည်ဟုဆိုခြင်းသည် အဘယ်ကြောင့်မှန်ကန်သနည်း။

      ၁၉ ယင်းကြောင့် ယေရှုသည် တရားသူကြီး အခန်းကဏ္ဍ၌ ဘုန်းအသရေရှိတော်မူသောပလ္လင်တော်ပေါ် ထိုင်တော်မူသည်ဟု သဘောပေါက်ရန် အကြောင်းခိုင်လုံပါသလော။ ခိုင်လုံပါသည်။ ယေရှုက တမန်တော်များအား ဤသို့မိန့်တော်မူသည်– “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက် ဣသရေလလူတစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။” (မဿဲ ၁၉:၂၈) ယခု ယေရှုသည် ဘုရားသခင်၏နိုင်ငံတော်ဘုရင် ဖြစ်နေသော်လည်း မဿဲ ၁၉:၂၈ တွင်ထပ်ဆင့်ဖော်ပြထားသော ကိုယ်တော်စီရင်သောအမှုတို့တွင် အနှစ်တစ်ထောင်ကာလအတွင်း ရာဇပလ္လင်တော်ပေါ် ထိုင်ကာ တရားစီရင်ခြင်းလည်း ပါဝင်မည်။ ထိုအခါ ကိုယ်တော်သည် ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူအပေါင်းတို့ကို တရားစီရင်တော်မူမည်။ (တမန်တော် ၂၄:၁၅) ကျွန်ုပ်တို့အချိန်၊ ကျွန်ုပ်တို့၏ဘဝအသက်တာနှင့်ပတ်သက်သည့် ယေရှု၏ပုံဥပမာများအနက် တစ်ခုကို ကျွန်ုပ်တို့အာရုံပြုကြစဉ် ယင်းကိုစွဲမှတ်ထားလျှင် အကျိုးရှိပေမည်။

      ပုံဥပမာက အဘယ်အရာကိုဖော်ပြသနည်း

      ၂၀၊ ၂၁။ ယေရှု၏တမန်တော်များသည် ကျွန်ုပ်တို့၏အချိန်နှင့်ပတ်သက်၍ မည်သို့မေးမြန်းခဲ့ရာ အဘယ်မေးခွန်းပေါ်လာစေသနည်း။

      ၂၀ ယေရှုမသေမီ အချိန်တိုကလေးတွင် တမန်တော်များက ကိုယ်တော်အား ဤသို့မေးသည်– “ထိုအမှုအရာတို့သည် အဘယ်အချိန်တွင်ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃၊ ကဘ) ‘အဆုံးမတိုင်မီ’ ဖြစ်ပျက်မည့် အဓိပ္ပာယ်လေးနက်သော အဖြစ်အပျက်များကို ယေရှု ကြိုတင်ဟောတော်မူသည်။ ထိုအဆုံးမတိုင်မီလေးတွင် လူမျိုးတို့သည် ဤအမှုကိုမြင်ကြရမည်– “လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”—မဿဲ ၂၄:၁၄၊ ၂၉၊ ၃၀။

      ၂၁ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ကြွလာသည့်အခါ ထိုလူမျိုးတို့သည် မည်သို့ဖြစ်ကြမည်နည်း။ ဤစကားများနှင့်စတင်ခဲ့သော သိုးနှင့်ဆိတ်ပုံဥပမာကို စစ်ဆေးကြည့်ကြစို့– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေ” မည်။—မဿဲ ၂၅:၃၁၊ ၃၂။

      ၂၂၊ ၂၃။ သိုးနှင့်ဆိတ်ပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် စတင်ပြည့်စုံခြင်းမရှိကြောင်း အဘယ်အချက်အလက်များက တင်ပြသနည်း။

      ၂၂ ကျွန်ုပ်တို့ကြာမြင့်စွာ နားလည်ခဲ့သည့်အတိုင်း ဤပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် ရှင်ဘုရင်ဆိုင်ရာဘုန်းတန်ခိုးဖြင့် ယေရှုနန်းထိုင်တော်မူချိန်နှင့် သက်ဆိုင်ပါသလော။ မဿဲ ၂၅:၃၄ ကကိုယ်တော်အား ရှင်ဘုရင်အဖြစ် ညွှန်ပြသည်မှန်၏။ ထို့ကြောင့် ထိုပုံဥပမာသည် ၁၉၁၄ ခုနှစ်တွင် ယေရှု ရှင်ဘုရင်ဖြစ်သည့်အချိန်ကတည်းက သက်ဆိုင်ရမည်ဖြစ်သည်။ သို့သော် ထိုနောက်မကြာမီအချိန်တွင် အဘယ်တရားစီရင်ခြင်းအမှုကို ကိုယ်တော်ပြုတော်မူသနည်း။ “လူမျိုးအပေါင်းတို့” ကိုတရားစီရင်တော်မူခြင်းမဟုတ်ဘဲ “ဘုရားသခင်၏အိမ်တော်” အဝင်ဖြစ်သည်ဟု ဆိုသောသူတို့အား အာရုံပြုတော်မူခဲ့သည်။ (၁ ပေတရု ၄:၁၇) မာလခိ ၃:၁-၃ နှင့်အညီ ယေဟောဝါ၏တမန်အဖြစ် ယေရှုသည် မြေကြီးပေါ်၌ ကျန်ကြွင်းသော ဘိသိက်ခံခရစ်ယာန်များကို စစ်ကြောစီရင်တော်မူခဲ့သည်။ “ဘုရားသခင်၏အိမ်တော်” ဟုမှားယွင်းစွာ အမည်ခံသော ခရစ်ယာန်ဘောင်ကို တရားစီရင်ရန်အချိန်လည်း ဖြစ်သည်။c(ဗျာဒိတ် ၁၇:၁၊ ၂; ၁၈:၄-၈) သို့တိုင် ထိုအချိန်တွင်လည်းကောင်း၊ ထိုအချိန်ကတည်းကလည်းကောင်း သိုး သို့မဟုတ် ဆိတ်အဖြစ် လူမျိုးအပေါင်းတို့ကို ယေရှုတရားစီရင်ရန် ထိုင်တော်မူသည်ဟူသော အဘယ်အထောက်အထားမျှမရှိချေ။

      ၂၃ ပုံဥပမာတွင် ယေရှု၏လုပ်ငန်းကို ကျွန်ုပ်တို့အသေးစိတ်စစ်ဆေးကြည့်မည်ဆိုလျှင် နောက်ဆုံးတွင် ကိုယ်တော်သည် လူမျိုးအပေါင်းတို့ကို တရားစီရင်တော်မူကြောင်း တွေ့ရှိရသည်။ ထိုသို့သော တရားစီရင်ခြင်းကို နှစ်ပေါင်းအတန်ကြာပြုတော်မူကာ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကွယ်လွန်ခဲ့သူတိုင်း ထာဝရသေခြင်း သို့မဟုတ် ထာဝရအသက် ရထိုက်သည်ဟု စီရင်ခံရဘိသကဲ့သို့ဖြစ်မည်ဟု ထိုပုံဥပမာက မဖော်ပြပါ။ မကြာမီအချိန်ကဖြစ်သော ဆယ်စုနှစ်များအတွင်း ကွယ်လွန်ခဲ့သူ အများစုသည် လူသားတို့၏သင်္ချိုင်းသို့ ရောက်ခဲ့ပုံရှိသည်။ (ဗျာဒိတ် ၆:၈; ၂၀:၁၃) သို့သော် ဤပုံဥပမာက ထိုအချိန်တွင် အသက်ရှင်၍ ယေရှု၏ တရားစီရင်ခြင်းကိုရင်ဆိုင်နေရသည့် “လူမျိုးအပေါင်းတို့” မှသူများအပေါ် ကိုယ်တော်တရားစီရင်သည့်အချိန်ကို ဖော်ပြသည်။

      ၂၄။ သိုးနှင့်ဆိတ်ပုံဥပမာသည် အဘယ်အချိန်တွင် ပြည့်စုံမည်နည်း။

      ၂၄ တစ်နည်းအားဖြင့်ဆိုလျှင် လူသားသည် ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွလာမည့်အနာဂတ်ကို ထိုပုံဥပမာက ညွှန်ပြနေခြင်းဖြစ်သည်။ ထိုအချိန်၌အသက်ရှင်နေသည့်သူများကို တရားစီရင်ရန် ကိုယ်တော်ထိုင်တော်မူမည်ဖြစ်သည်။ ကိုယ်တော်၏တရားစီရင်ချက်သည် သူတို့ကိုယ်ကိုသူတို့ မည်သို့သောသူများဖြစ်ကြောင်း ထင်ရှားစေသည့်အပေါ်မူတည်မည်။ ထိုအခါ တိကျပြတ်သားစွာဖြင့် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ . . . တို့ကိုပိုင်းခြား သိရကြလိမ့်မည်။” (မာလခိ ၃:၁၈) အမှန်တကယ်တရားစီရင် ဆုံးဖြတ်ခြင်းအမှုသည် ကန့်သတ်ထားသည့်အချိန်အတွင်း ပြီးစီးမည်ဖြစ်သည်။ ယေရှုသည် လူတစ်ဦးစီနှင့်ပတ်သက်၍သာဓကထင်ရှားသည်အတိုင်း တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူမည်။—၂ ကောရိန္သု ၅:၁၀ ကိုလည်းရှု။

      ၂၅။ လူသားသည် ဘုန်းရှိသောပလ္လင်ပေါ်မှာထိုင်သည်ဟု မဿဲ ၂၅:၃၁ ကဆိုရာတွင် အဘယ်အရာကိုဖော်ပြသနည်း။

      ၂၅ ထို့ကြောင့် မဿဲ ၂၅:၃၁ တွင်ဖော်ပြထားသည့် တရားဆုံးဖြတ်စီရင်ရန် ယေရှု ‘ဘုန်းအာနုဘော်ရှိသောပလ္လင်တော်ပေါ်မှာ ထိုင်ခြင်း’ သည် လူမျိုးအပေါင်းတို့ကို ဤတန်ခိုးကြီးမားသောဘုရင်စစ်ကြောစီရင်မည့် အနာဂတ်အချိန်ကို ညွှန်ပြနေခြင်းဖြစ်ကြောင်းဆိုလိုသည်။ မှန်ပေသည်၊ ယေရှုတရားစီရင်ခြင်းနှင့်ပတ်သက်သော မဿဲ ၂၅:၃၁-၃၃၊ ၄၆ ပါ မြင်ကွင်းသည် ဒံယေလ အခန်းကြီး ၇ ပါတရားသူကြီးအဖြစ် မိမိ၏ကဏ္ဍကိုလုပ်ဆောင်ရန် ရာဇပလ္လင်တော်အပေါ် ထိုင်တော်မူသည့် နန်းထိုင်တော်မူသောရှင်ဘုရင်၊ အသက်ကြီးသောသူ၏မြင်ကွင်းနှင့် နှိုင်းယှဉ်နိုင်သည်။

      ၂၆။ ထိုပုံဥပမာ၏ အဘယ်ရှင်းလင်းချက်အသစ်ကို သိရှိရသနည်း။

      ၂၆ သိုးနှင့်ဆိတ်ပုံဥပမာကို ဤနည်းအတိုင်း နားလည်ထားခြင်းက သိုးနှင့်ဆိတ်အပေါ် တရားစီရင်ခြင်းအမှုသည် အနာဂတ်တွင်ဖြစ်မည်အကြောင်း တင်ပြပါသည်။ ယင်းသည် မဿဲ ၂၄:၂၉၊ ၃၀ တွင်ဖော်ပြထားသည့် “ဒုက္ခဆင်းရဲခြင်း” ဖြစ်ပြီးနောက် လူသားသည် ‘ဘုန်းတော်နှင့်တကွ ကြွလာတော်မူသောအခါ’ တွင်ဖြစ်ပျက်လိမ့်မည်။ (မာကု ၁၃:၂၄-၂၆ နှိုင်းယှဉ်။) ထိုအခါ ဆိုးသွမ်းသောအစီအစဉ်တစ်ခုလုံး နိဂုံးချုပ်ပြီဖြစ်ရာ ယေရှုသည် တရားစီရင်ရန် စုရုံးလျက် တရားစီရင်တော်မူလိမ့်မည်။—ယောဟန် ၅:၃၀; ၂ သက်သာလောနိတ် ၁:၇-၁၀။

      ၂၇။ ယေရှု၏ နောက်ဆုံးပုံဥပမာနှင့်စပ်လျဉ်း၍ အဘယ်အရာကို သိရှိရန် ကျွန်ုပ်တို့စိတ်ဝင်စားသင့်သနည်း။

      ၂၇ ယင်းက သိုးနှင့်ဆိတ်တို့ကို တရားစီရင်မည့်အချိန်ကိုဖော်ပြသော ယေရှုပုံဥပမာ ဖြစ်ပျက်မည့်အချိန်ကို ရှင်းလင်းပြတ်သားစွာ သဘောပေါက်နားလည်စေသည်။ သို့သော် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဇွဲလုံ့လဖြင့် ဟောပြောနေသော ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ (မဿဲ ၂၄:၁၄) ယင်းက ကျွန်ုပ်တို့လုပ်ငန်း၏ အရေးကြီးမှုကိုလျော့ပါးစေသလော။ သို့မဟုတ် တာဝန်ပိုမိုကြီးလေးစေသလော။ ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သည်ကို နောက်ဆောင်းပါးတွင် ကြည့်ကြစို့။

  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
    • ၂ ယေရှုသည် သိုးနှင့်ဆိတ်ပုံဥပမာတွင် မိမိအထူးအခန်းကဏ္ဍတွင် လုပ်ဆောင်မည့်အချိန်အကြောင်း ညွှန်ပြထားတော်မူသည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် . . . ” (မဿဲ ၂၅:၃၁) ယင်းကို ကျွန်ုပ်တို့စိတ်ဝင်စားသင့်သည်။ အကြောင်းမူကား “ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်” နည်းဟူသောမေးခွန်းကို ယေရှုဖြေဆိုရာတွင် နိဂုံးချုပ်စကား၌ ၎င်းပုံဥပမာကို ကိုယ်တော်ပေးခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၂၄:၃) သို့သော် ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

      ၃။ ယေရှု၏ဟောပြောချက်အစောပိုင်းတွင် ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားပြီးနောက် ရုတ်ခနဲ အဘယ်အရာဖြစ်မည်ဟု ကိုယ်တော်ဟောတော်မူသနည်း။

      ၃ ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားသည်နှင့် “ရုတ်ခနဲ” ထူးခြားသောအဖြစ်အပျက်များ ဖြစ်မည့်အကြောင်း ယေရှုကြိုတင်ဟောထားတော်မူရာ ယင်းတို့ကို ကျွန်ုပ်တို့ငံ့လင့်နေကြသည်။ ထိုအခါ “လူသား၏နိမိတ်လက္ခဏာသည်” ကောင်းကင်တွင် ထင်ရှားလိမ့်မည်ဟု ကိုယ်တော်ဆိုထားသည်။ ယင်းက “လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြ” မည့် “မြေကြီးပေါ်မှာ လူအပေါင်းတို့” ကိုအကြီးအကျယ်ထိခိုက်မည်ဖြစ်သည်။ လူသားနှင့်အတူ “ကောင်းကင်တမန်များ” ခြံရံ၍ ကြွရောက်လာမည်ဖြစ်သည်။ (မဿဲ ၂၄:၂၁၊ ၂၉-၃၁)aသိုးနှင့်ဆိတ်ပုံဥပမာကော မည်သို့နည်း။ ခေတ်ပေါ် သမ္မာကျမ်းစာများက ယင်းပုံဥပမာကို အခန်းကြီး ၂၅ တွင်ထည့်ထားသော်လည်း ယင်းသည် ယေရှု၏အဖြေတွင်ပါဝင်သည်။ ဘုန်းအာနုဘော်တော်နှင့် ကိုယ်တော်ကြွလာပြီး “လူမျိုးအပေါင်းတို့” ကိုတရားစီရင်မည့် အကြောင်းအရာပေါ်အာရုံပြုကာ ထပ်ဆင့်၍ အသေးစိတ်ဖော်ပြနေခြင်းဖြစ်သည်။—မဿဲ ၂၅:၃၂။

      ပုံဥပမာပါ တင်စားချက်များ

      ၄။ သိုးနှင့်ဆိတ်ပုံဥပမာ၏နိဒါန်းတွင် ယေရှုအကြောင်း အဘယ်သို့ပြောသနည်း။ အခြားမည်သူတို့ကို ဖော်ပြသေးသနည်း။

      ၄ ယေရှုသည် ပုံဥပမာကို ဤနည်းဖြင့်စတင်သည်– “လူသားသည် . . . ကြွလာတော်မူသောအခါ။” “လူသား” သည် မည်သူဖြစ်ကြောင်း သင်သိပေမည်။ ခရစ်ဝင်ကျမ်းရေးသူများက ထိုအသုံးအနှုန်းကို ယေရှုအားရည်ညွှန်းလေ့ရှိသည်။ ယေရှုကိုယ်တော်တိုင်ပင် ထို့အတူပြုခဲ့ပြီး ဒံယေလ၏ရူပါရုံ၌ “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ” ရန် အသက်ကြီးသောသူ၏အထံတော်သို့ ရောက်လာသော “လူသားနှင့်တူသောသူတစ်ဦး” အကြောင်းစိတ်ထဲရှိနေမည်မှာအမှန်။ (ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄; မာကု ၁၄:၆၁၊ ၆၂) ဤရူပါရုံတွင် ယေရှုသည် အဓိကပုဂ္ဂိုလ်ဖြစ်သော်လည်း ကိုယ်တော်တစ်ဦးတည်းသာမဟုတ်ပါ။ မဿဲ ၂၄:၃၀၊ ၃၁ တွင်ဖော်ပြထားသည့်အတိုင်း ဤဟောပြောချက်၏အစောပိုင်း၌ ကိုယ်တော်က လူသားသည် ‘ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ကြွလာ’ သည့်အခါ မိမိ၏ကောင်းကင်တမန်များသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြမည်ဟု မိန့်တော်မူခဲ့သည်။ ထိုနည်းတူ သိုးနှင့်ဆိတ်ပုံဥပမာတွင် ယေရှုသည် တရားစီရင်ရန် “ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်” တော်မူသောအခါ ကိုယ်တော်နှင့် ကောင်းကင်တမန်များ ရှိနေသည်ဟု ဖော်ပြထားသည်။ (မဿဲ ၁၆:၂၇ နှိုင်းယှဉ်။) သို့သော် တရားသူကြီးနှင့် ကိုယ်တော်၏တမန်များသည် ကောင်းကင်တွင် ရှိတော်မူသည်ဖြစ်ရာ ပုံဥပမာတွင် ဆွေးနွေးတင်ပြထားသော လူသားများလည်း ထို့အတူပင်ဖြစ်သလော။

  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
    ကင်းမျှော်စင်—၁၉၉၅ | အောက်တိုဘာ ၁၅
    • တူညီချက်များကို သတိပြုပါ

      မဿဲ ၂၄:၂၉–၃၁ မဿဲ ၂၅:၃၁–၃၃

      ကြီးစွာသောဒုက္ခဆင်းရဲခြင်းစတင်ပြီးနောက် လူသားကြွလာတော်မူ၏ လူသားကြွရောက်လာတော်မူ၏

      ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွရောက်လာတော်မူ၏

      ဘုန်းအာနုဘော်ကိုဆောင်လျက် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ