ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁၅ စာ. ၂၃-၂၈
  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုံဥပမာပါ တင်စားချက်များ
  • သိုးနှင့်ဆိတ်များကား မည်သူတို့နည်း
  • အုပ်စုတစ်စုစီအတွက် အနာဂတ်ကား အဘယ်နည်း
  • ယင်းကား ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
  • ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နိုင်ငံတော်အာဏာရထားတ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • စစ်မှန်သောဝတ်ပြုသူများမှ လူအုပ်ကြီး—အဘယ်ကလာကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အသင်သည် တရားပလ္လင်တော်ရှေ့မှာ အဘယ်အနေအထားရှိမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁၅ စာ. ၂၃-၂၈

သိုးနှင့်ဆိတ်များအတွက် အနာဂတ်ကား အဘယ်နည်း

“သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲလိမ့်မည်။”—မဿဲ ၂၅:၃၂။

၁၊ ၂။ ကျွန်ုပ်တို့သည် သိုးနှင့်ဆိတ်ပုံဥပမာကို အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။

ယေရှုခရစ်တော်သည် ကမ္ဘာပေါ်တွင် အမှန်တကယ်ပင် အကြီးမြတ်ဆုံးသောဆရာဖြစ်တော်မူသည်။ (ယောဟန် ၇:၄၆) ကိုယ်တော်၏သွန်သင်နည်းတစ်နည်းမှာ ပုံဥပမာများကို အသုံးပြုခြင်းဖြစ်သည်။ (မဿဲ ၁၃:၃၄၊ ၃၅) ယင်းတို့သည် ရိုးရိုးကလေးမျှသာဖြစ်သော်လည်း နက်နဲသောဝိညာဏနှင့် ပရောဖက်ပြုချက်ဆိုင်ရာ သမ္မာတရားတို့ကို ဖော်ပြနိုင်စွမ်းရှိသည်။

၂ ယေရှုသည် သိုးနှင့်ဆိတ်ပုံဥပမာတွင် မိမိအထူးအခန်းကဏ္ဍတွင် လုပ်ဆောင်မည့်အချိန်အကြောင်း ညွှန်ပြထားတော်မူသည်– “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် . . . ” (မဿဲ ၂၅:၃၁) ယင်းကို ကျွန်ုပ်တို့စိတ်ဝင်စားသင့်သည်။ အကြောင်းမူကား “ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်” နည်းဟူသောမေးခွန်းကို ယေရှုဖြေဆိုရာတွင် နိဂုံးချုပ်စကား၌ ၎င်းပုံဥပမာကို ကိုယ်တော်ပေးခဲ့သောကြောင့်ဖြစ်သည်။ (မဿဲ ၂၄:၃) သို့သော် ယင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။

၃။ ယေရှု၏ဟောပြောချက်အစောပိုင်းတွင် ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားပြီးနောက် ရုတ်ခနဲ အဘယ်အရာဖြစ်မည်ဟု ကိုယ်တော်ဟောတော်မူသနည်း။

၃ ကြီးစွာသောဒုက္ခဆင်းရဲခြင်း ဖြစ်ပွားသည်နှင့် “ရုတ်ခနဲ” ထူးခြားသောအဖြစ်အပျက်များ ဖြစ်မည့်အကြောင်း ယေရှုကြိုတင်ဟောထားတော်မူရာ ယင်းတို့ကို ကျွန်ုပ်တို့ငံ့လင့်နေကြသည်။ ထိုအခါ “လူသား၏နိမိတ်လက္ခဏာသည်” ကောင်းကင်တွင် ထင်ရှားလိမ့်မည်ဟု ကိုယ်တော်ဆိုထားသည်။ ယင်းက “လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြ” မည့် “မြေကြီးပေါ်မှာ လူအပေါင်းတို့” ကိုအကြီးအကျယ်ထိခိုက်မည်ဖြစ်သည်။ လူသားနှင့်အတူ “ကောင်းကင်တမန်များ” ခြံရံ၍ ကြွရောက်လာမည်ဖြစ်သည်။ (မဿဲ ၂၄:၂၁၊ ၂၉-၃၁)aသိုးနှင့်ဆိတ်ပုံဥပမာကော မည်သို့နည်း။ ခေတ်ပေါ် သမ္မာကျမ်းစာများက ယင်းပုံဥပမာကို အခန်းကြီး ၂၅ တွင်ထည့်ထားသော်လည်း ယင်းသည် ယေရှု၏အဖြေတွင်ပါဝင်သည်။ ဘုန်းအာနုဘော်တော်နှင့် ကိုယ်တော်ကြွလာပြီး “လူမျိုးအပေါင်းတို့” ကိုတရားစီရင်မည့် အကြောင်းအရာပေါ်အာရုံပြုကာ ထပ်ဆင့်၍ အသေးစိတ်ဖော်ပြနေခြင်းဖြစ်သည်။—မဿဲ ၂၅:၃၂။

ပုံဥပမာပါ တင်စားချက်များ

၄။ သိုးနှင့်ဆိတ်ပုံဥပမာ၏နိဒါန်းတွင် ယေရှုအကြောင်း အဘယ်သို့ပြောသနည်း။ အခြားမည်သူတို့ကို ဖော်ပြသေးသနည်း။

၄ ယေရှုသည် ပုံဥပမာကို ဤနည်းဖြင့်စတင်သည်– “လူသားသည် . . . ကြွလာတော်မူသောအခါ။” “လူသား” သည် မည်သူဖြစ်ကြောင်း သင်သိပေမည်။ ခရစ်ဝင်ကျမ်းရေးသူများက ထိုအသုံးအနှုန်းကို ယေရှုအားရည်ညွှန်းလေ့ရှိသည်။ ယေရှုကိုယ်တော်တိုင်ပင် ထို့အတူပြုခဲ့ပြီး ဒံယေလ၏ရူပါရုံ၌ “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ” ရန် အသက်ကြီးသောသူ၏အထံတော်သို့ ရောက်လာသော “လူသားနှင့်တူသောသူတစ်ဦး” အကြောင်းစိတ်ထဲရှိနေမည်မှာအမှန်။ (ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄; မာကု ၁၄:၆၁၊ ၆၂) ဤရူပါရုံတွင် ယေရှုသည် အဓိကပုဂ္ဂိုလ်ဖြစ်သော်လည်း ကိုယ်တော်တစ်ဦးတည်းသာမဟုတ်ပါ။ မဿဲ ၂၄:၃၀၊ ၃၁ တွင်ဖော်ပြထားသည့်အတိုင်း ဤဟောပြောချက်၏အစောပိုင်း၌ ကိုယ်တော်က လူသားသည် ‘ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် ကြွလာ’ သည့်အခါ မိမိ၏ကောင်းကင်တမန်များသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ကြမည်ဟု မိန့်တော်မူခဲ့သည်။ ထိုနည်းတူ သိုးနှင့်ဆိတ်ပုံဥပမာတွင် ယေရှုသည် တရားစီရင်ရန် “ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်” တော်မူသောအခါ ကိုယ်တော်နှင့် ကောင်းကင်တမန်များ ရှိနေသည်ဟု ဖော်ပြထားသည်။ (မဿဲ ၁၆:၂၇ နှိုင်းယှဉ်။) သို့သော် တရားသူကြီးနှင့် ကိုယ်တော်၏တမန်များသည် ကောင်းကင်တွင် ရှိတော်မူသည်ဖြစ်ရာ ပုံဥပမာတွင် ဆွေးနွေးတင်ပြထားသော လူသားများလည်း ထို့အတူပင်ဖြစ်သလော။

၅။ ယေရှု၏ “ညီတော်များ” ကို မည်သို့ခွဲခြားသိနိုင်မည်နည်း။

၅ ပုံဥပမာကိုလှန်လှောကြည့်ခြင်းဖြင့် ကျွန်ုပ်တို့ခွဲခြားဖော်ပြရန် အုပ်စုသုံးစုကို တွေ့မြင်နိုင်သည်။ သိုးနှင့်ဆိတ်အပြင် လူသားသည် တတိယအုပ်စုကို ထပ်မံဖော်ပြသည်။ သိုးနှင့်ဆိတ်ကို ခွဲခြားသိမြင်နိုင်ရန် ယင်းအုပ်စုသည် မည်သူမည်ဝါဖြစ်သည်ကို သိရှိခြင်းက အချက်အချာဖြစ်သည်။ ဤတတိယအုပ်စုကို ယေရှုက မိမိ၏ဝိညာဏညီတော်များဟု ခေါ်တော်မူခဲ့သည်။ (မဿဲ ၂၅:၄၀၊ ၄၅) ဤသူများသည် စစ်မှန်သောဝတ်ပြုရေးကို ထမ်းဆောင်သူများ ဖြစ်ကြရမည်။ အကြောင်းမူကား “ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း” ဟုယေရှုမိန့်တော်မူခဲ့၏။ (မဿဲ ၁၂:၅၀; ယောဟန် ၂၀:၁၇) ထိုထက် ပိုအချက်ကျသည်ကား “အာဗြဟံအမျိုး” အဝင်ဖြစ်သော ဘုရားသခင်၏သားတော်များဖြစ်သည့် ခရစ်ယာန်များအကြောင်း ပေါလုရေးသားခဲ့ခြင်းဖြစ်သည်။ သူတို့အား “ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကို ခံရသော” ယေရှု၏ ‘ညီအစ်ကိုများ’ ဟုသူခေါ်ဆိုခဲ့သည်။—ဟေဗြဲ ၂:၉–၃:၁; ဂလာတိ ၃:၂၆၊ ၂၉။

၆။ ယေရှု၏ညီတို့တွင် “အငယ်ဆုံးသောသူ” ကား မည်သူများနည်း။

၆ ညီတို့တွင် “အငယ်ဆုံးသောသူ” ဟူ၍ ယေရှုအဘယ်ကြောင့် မိန့်တော်မူခဲ့ရသနည်း။ ထိုစကားများက အစောပိုင်းတွင် တမန်တော်များအား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားကို ပဲ့တင်ထပ်စေသည်။ ယေရှုထက်အရင် သေဆုံးသောကြောင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသော နှစ်ခြင်းဆရာယောဟန်ကို ကောင်းကင်အသက်တာရမည့်သူများနှင့် နှိုင်းယှဉ်ဖော်ပြရာတွင် ယေရှုက ဤသို့ဆိုသည်– “ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏။” (မဿဲ ၁၁:၁၁) ကောင်းကင်တက်မည့်သူအချို့သည် တမန်တော်များနည်းတူ အသင်းတော်တွင် ပေါ်လွင်သည့်ပုဂ္ဂိုလ်များဖြစ်ခဲ့ပေမည်။ အခြားသူများမှာမူ ထိုသို့မထင်ရှားကြသော်လည်း သူတို့အားလုံးသည် ယေရှု၏ ဝိညာဏညီတော်များ ဖြစ်ကြသည်။ (လုကာ ၁၆:၁၀; ၁ ကောရိန္သု ၁၅:၉; ဧဖက် ၃:၈; ဟေဗြဲ ၈:၁၁) သို့ဖြစ်သောကြောင့် အချို့သူများသည် ကမ္ဘာပေါ်တွင် သာမညပုဂ္ဂိုလ်များဖြစ်ပုံရှိသော်လည်း သူတို့အား ကိုယ်တော်၏ညီတော်များအဖြစ် ထိုက်သင့်လျော်ကန်စွာ ဆက်ဆံသင့်သည်။

သိုးနှင့်ဆိတ်များကား မည်သူတို့နည်း

၇၊ ၈။ သိုးများအကြောင်း ယေရှု အဘယ်သို့ပြောဆိုသနည်း။ ထို့ကြောင့် သူတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ကောက်ချက်ချရမည်နည်း။

၇ သိုးများကို တရားစီရင်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဤသို့ဖတ်ရှုရသည်– “ထိုအခါ လက်ယာတော်ဘက်၌ရှိသောသူတို့အား မင်းကြီး [ယေရှု] က ‘ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါစွဲသောအခါ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ ဟုမိန့်တော်မူလျှင် ဖြောင့်မတ်သောသူတို့က ‘သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို သောက်ဖို့ပေးပါသနည်း။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ ကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ အနာစွဲတော်မူသည်ကိုလည်းကောင်း၊ ထောင်ထဲမှာနေတော်မူသည်ကိုလည်းကောင်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ အထံတော်သို့ ရောက်ပါသနည်း’ ဟုပြန်၍လျှောက်ကြသော် မင်းကြီးက ‘ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ’ ဟုပြန်၍မိန့်တော်မူလတ္တံ့။”—မဿဲ ၂၅:၃၄-၄၀။

၈ ယေရှု၏လက်ယာဘက်ရှိ ဂုဏ်အသရေနှင့် မျက်နှာသာတော်ခံထိုက်သူ သိုးများသည် လူတစ်စုကိုတင်စားကြောင်း သိသာထင်ရှားသည်။ (ဧဖက် ၁:၂၀; ဟေဗြဲ ၁:၃) သူတို့သည် အဘယ်အမှုကိုပြု၍ အဘယ်အချိန်တွင် ပြုလုပ်ခဲ့ကြသနည်း။ သူတို့သည် ကိုယ်တော်အား ကြင်နာလေးစားစွာဖြင့် ရက်ရက်ရောရော တိုက်ကျွေးပြီး အဝတ်အစားပေးရုံမက အနာရောဂါစွဲချိန်၊ ထောင်ထဲ၌နေချိန်တွင် မစကူညီခဲ့သည်ဟု ယေရှုက ဆိုသည်။ မိမိတို့သည် ယင်းသို့ ယေရှုကိုယ်တော်တိုင်အား မပြုလုပ်ပေးခဲ့ရပါဟု သိုးတို့ကပြောသောအခါ ကိုယ်တော်က မိမိ၏ဝိညာဏညီတော်များ၊ ဘိသိက်ခံခရစ်ယာန်များတွင် ကျန်ကြွင်းသူများကို ထောက်ပံ့ကူညီပေးခြင်းသည် ကိုယ်တော်အား ပြုဘိသကဲ့သို့ဖြစ်သည်ဟု ထောက်ပြပြောဆိုတော်မူသည်။

၉။ ထိုပုံဥပမာသည် အနှစ်တစ်ထောင်ကာလအတွင်း အဘယ်ကြောင့်မဖြစ်နိုင်သနည်း။

၉ ထိုပုံဥပမာသည် အနှစ်တစ်ထောင်ကာလအတွင်း မဖြစ်နိုင်ပါ။ အကြောင်းမူကား ထိုအခါ ဘိသိက်ခံများသည် မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ ဖျားနာခြင်း သို့မဟုတ် ထောင်ချခံရခြင်းတို့ကို ခံရသော လူသားများဖြစ်ကြမည်မဟုတ်ပါ။ သို့သော် သူတို့အနက် များစွာသောသူတို့သည် ဤအစီအစဉ်စနစ်၏ ဆုံးခန်းချိန်အတွင်း ယင်းတို့ကို တွေ့ကြုံခံစားရခဲ့ပြီ။ စာတန်သည် မြေကြီးပေါ်သို့ နှင်ချခံခဲ့ရချိန်ကတည်းက အကြွင်းအကျန်တို့ကို အထူးပစ်မှတ်ထားပြီး သူတို့အား ကဲ့ရဲ့ညှဉ်းဆဲ၍ သေစေခဲ့ပေပြီ။—ဗျာဒိတ် ၁၂:၁၇။

၁၀၊ ၁၁။ (က) သိုးများတွင် ယေရှု၏ညီတော်များအား ကြင်နာမှုပြသူတိုင်းပါဝင်သည်ဟုယူမှတ်ခြင်းသည် အဘယ်ကြောင့်ကျိုးကြောင်းမညီညွတ်သနည်း။ (ခ) သိုးတို့သည် မည်သူတို့ကို လျောက်ပတ်စွာ ကိုယ်စားပြုသနည်း။

၁၀ ယေရှု၏ညီတော်တို့တွင် တစ်ဦးတစ်ယောက်အား အနည်းငယ်ကျွေးမွေးခြင်း၊ ရေတစ်ခွက်တိုက်ခြင်းအစရှိသော ကြင်နာမှုအနည်းအကျဉ်းပြသူတိုင်းသည် သိုးဖြစ်ထိုက်သည်ဟု ကိုယ်တော်ဆိုလိုနေခြင်းလော။ ဤကဲ့သို့သောကြင်နာမှုများသည် လူ့အကြင်နာတရားကို ထင်ရှားစေသည် မှန်သော်လည်း ဤပုံဥပမာရှိ သိုးများနှင့်စပ်လျဉ်း၍မူ ထိုထက်မက ပါဝင်ပတ်သက်နေဟန်ရှိသည်။ ဥပမာ၊ ယေရှုသည် မိမိ၏ညီတော်တို့တွင် တစ်ဦးအား ကြင်နာမှုပြသော ဘုရားမဲ့ဝါဒီများ သို့မဟုတ် ဓမ္မဆရာများကို ကိုယ်တော်ရည်ညွှန်းနေခြင်းမဟုတ်ပါ။ ယင်းအစား ယေရှုသည် သိုးများကို “ဖြောင့်မတ်သောသူတို့” ဟုနှစ်ကြိမ်တိုင် အမည်တပ်ခေါ်တော်မူသည်။ (မဿဲ ၂၅:၃၇၊ ၄၆) ထို့ကြောင့် သိုးတို့သည် ခရစ်တော်၏ညီတော်များကို အတော်တန်ကြာ အကူအညီပေးပြီး—တက်ကြွလှုပ်ရှားစွာ ထောက်ပံ့ခဲ့သော—ဘုရားသခင့်ရှေ့တော်တွင် ဖြောင့်မတ်သောအနေအထားရရှိသည့်တိုင် ယုံကြည်ခြင်းတင်ပြခဲ့သူများဖြစ်ကြရမည်။

၁၁ ရာစုနှစ်များတစ်လျှောက် အာဗြဟံကဲ့သို့သောသူများသည် ဖြောင့်မတ်သောအနေအထားကို ခံစားခဲ့ကြရပြီ။ (ယာကုပ် ၂:၂၁-၂၃) နောဧ၊ အာဗြဟံနှင့် အခြားသစ္စာရှိသူများသည် ဘုရားသခင်၏နိုင်ငံတော်လက်အောက်ရှိ ပရဒိသုတွင် အသက်ရမည့်သူ “အခြားသိုးများ” အဝင်ဖြစ်ကြလိမ့်မည်။ မကြာသေးခင်နှစ်များတွင်လည်း သန်းပေါင်းများစွာသောသူတို့သည် အခြားသိုးများအဖြစ် စစ်မှန်သောဝတ်ပြုရေးကို ခံယူခဲ့ကြရာ ဘိသိက်ခံသူတို့နှင့်အတူ “သိုးစုတစ်စု” တည်းဖြစ်လာကြပေပြီ။ (ယောဟန် ၁၀:၁၆; ဗျာဒိတ် ၇:၉) မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသော ဤသူတို့သည် ယေရှု၏ညီတော်များအား ဘုရားသခင့်နိုင်ငံတော်၏သံတမန်များအဖြစ် အသိအမှတ်ပြုကြပြီး သူတို့ကို တိုက်ရိုက်သော်လည်းကောင်း၊ ဝိညာဉ်ရေးအရသော်လည်းကောင်း အကူအညီပေးခဲ့ကြပြီ။ မြေကြီးပေါ်ရှိ မိမိ၏ညီတော်များအပေါ် အခြားသိုးများပြုသည့်အရာကို ယေရှုက မိမိထံပြုသကဲ့သို့ ယူမှတ်တော်မူသည်။ လူမျိုးအပေါင်းတို့ကို တရားစီရင်ရန် ကိုယ်တော်ကြွရောက်လာသောအခါ အသက်ရှင်နေသည့် ဤသူတို့အား သိုးများအဖြစ် စီရင်တော်မူလိမ့်မည်။

၁၂။ ယေရှုအား မည်သို့ကြင်နာမှုများပြခဲ့ကြောင်း သိုးများမေးစရာ အဘယ်ကြောင့်ပေါ်သနည်း။

၁၂ အခြားသိုးများသည် ဘိသိက်ခံများနှင့်အတူ ယခု သတင်းကောင်းဟောပြောပြီး ကူညီမစနေသည်ဆိုလျှင် သူတို့က “သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို သောက်ဖို့ပေးပါသနည်း” ဟုအဘယ်ကြောင့် မေးခဲ့ကြရသနည်း။ (မဿဲ ၂၅:၃၇) အကြောင်းများစွာရှိနိုင်သည်။ ယင်းကား ပုံဥပမာဖြစ်သည်။ ၎င်းအားဖြင့် ယေရှုသည် မိမိ၏ဝိညာဏညီတော်များအတွက် အလွန်စိုးရိမ်တော်မူပြီး သူတို့နှင့်အတူ ခံစားတော်မူ၍ ဒုက္ခဆင်းရဲခံသည်ဟု ဖော်ပြတော်မူခြင်းဖြစ်သည်။ အစောပိုင်းတွင် ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကိုလက်ခံ၏။” (မဿဲ ၁၀:၄၀) ဤပုံဥပမာတွင် ယေရှုသည် ထိုမူကို တိုးချဲ့၍ မိမိ၏ညီတော်များအားပြုသောအမှု (ကောင်းမှု သို့မဟုတ် မကောင်းမှု) သည်ကောင်းကင်တိုင်အောင်ရောက်ရှိသည်; ကောင်းကင်တွင် ကိုယ်တော်အား ပြုဘိသကဲ့သို့ဖြစ်သည်ဟု နားလည်စေသည်။ ထို့ပြင် ဤတွင် ယေရှုသည် ယေဟောဝါ၏တရားစီရင်ခြင်းစံနှုန်းကို အလေးအနက်ထားပြီး ဘုရားသခင်၏တရားစီရင်ချက်သည် မျက်နှာသာပေးခြင်းဖြစ်စေ၊ ဒဏ်စီရင်ခြင်းဖြစ်စေ တရားဝင်ဖြစ်ပြီး တရားမျှတကြောင်း ရှင်းလင်းစွာဖော်ပြနေတော်မူခြင်းဖြစ်သည်။ ဆိတ်တို့က ‘ကိုယ်တော်ကို ကျွန်ုပ်တို့တိုက်ရိုက်သာ မြင်ခဲ့မည်ဆိုလျှင်’ ဟုဆင်ခြေတက်စရာအကြောင်း မရှိပါ။

၁၃။ ဆိတ်ကဲ့သို့သောသူများသည် ယေရှုအား အဘယ်ကြောင့် “သခင်” ဟုအမည်တပ်ခေါ်ကောင်းခေါ်မည်နည်း။

၁၃ ဤပုံဥပမာတွင် ဖော်ပြထားသော တရားစီရင်ချိန်သည် အဘယ်အချိန်တွင်ဖြစ်မည်ကို ကျွန်ုပ်တို့သဘောပေါက်ပြီဆိုလျှင် ဆိတ်များသည် မည်သူတို့ဖြစ်ကြောင်းကို ရှင်းလင်းပြတ်သားစွာ နားလည်နိုင်မည်ဖြစ်သည်။ ၎င်းပြည့်စုံချိန်သည် ‘လူသား၏နိမိတ်လက္ခဏာ ကောင်းကင်၌ထင်ရှားပြီး မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် . . . ကြွလာတော်မူသည်ကို မြင်ရကြ” မည့်အချိန်တွင်ဖြစ်သည်။ (မဿဲ ၂၄:၂၉၊ ၃၀) မဟာဗာဗုလုန်အပေါ်ကျရောက်သည့် ကြီးစွာသောဒုက္ခကိုကပ်ကျော်သော ဘုရင့်ညီတော်များကို ရန်လိုမုန်းထားခဲ့ဖူးသူများသည် မိမိတို့အသက်ချမ်းသာရလိုရငြား တရားသူကြီးကို “သခင်” ဟူ၍ ယခုဝန်ခံကြပေမည်။—မဿဲ ၇:၂၂၊ ၂၃။

၁၄။ ယေရှုသည် သိုးနှင့်ဆိတ်တို့ကို အဘယ်အရာအပေါ်အခြေပြု၍ တရားစီရင်မည်နည်း။

၁၄ သို့ရာတွင် ယေရှု၏တရားစီရင်ချက်သည် ယခင်က ချာ့ချ်တက်သူများ၊ ဘုရားမဲ့ဝါဒီများနှင့် အခြားသူများ၏ ထင်မိထင်ရာပြောဆိုချက်များအပေါ် အခြေခံမည်မဟုတ်ပါ။ (၂ သက်သာလောနိတ် ၁:၈) ယင်းအစား တရားသူကြီးသည် သူတို့၏စိတ်နှလုံးနှင့်တကွ “[ကိုယ်တော်၏ညီတို့တွင်] အငယ်ဆုံးသောသူတစ်ယောက်” ကိုပင် သူတို့ပြုမူခဲ့သောအမှုများကို ပြန်လည်သုံးသပ်လိမ့်မည်။ မြေကြီးပေါ်ကျန်ကြွင်းသည့် ဘိသိက်ခံခရစ်ယာန်များ၏အရေအတွက်သည် လျော့နည်းနေသည်ကား အမှန်ပင်ဖြစ်သည်။ သို့ရာတွင် “သစ္စာနှင့်သတိပညာရှိသောကျွန်” အဝင်ဖြစ်သည့် ဘိသိက်ခံများသည် ဝိညာဉ်အစာနှင့် လမ်းပြညွှန်ကြားမှုကို ဆက်လက်ပေးနေသရွေ့ သိုးဖြစ်လာနိုင်သူများသည် ‘အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်သော လူအုပ်ကြီး’ ပြုခဲ့သကဲ့သို့ပင် ကျေးကျွန်အတန်းအစားကို ကောင်းမှုပြုခွင့်ရရှိစေသည်။—ဗျာဒိတ် ၇:၉၊ ၁၄။

၁၅။ (က) များစွာသောသူတို့သည် ဆိတ်များဖြစ်ကြောင်း မည်သို့ဖော်ပြခဲ့ပြီနည်း။ (ခ) တစ်ဦးတစ်ယောက်သည် သိုး သို့မဟုတ် ဆိတ်ဖြစ်သည်ဟု အဘယ်ကြောင့် မပြောသင့်သနည်း။

၁၅ ခရစ်တော်၏ညီတော်များနှင့်တကွ သူတို့နှင့်အတူ သိုးစုတစ်စုတည်းဖြစ်လာကြသော အခြားသိုးမှ သန်းပေါင်းများစွာတို့သည် မည်သို့ဆက်ဆံခံခဲ့ရကြသနည်း။ မြောက်မြားစွာသောသူတို့သည် ခရစ်တော်၏ကိုယ်စားလှယ်များကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့မည်မဟုတ်သော်လည်း သူတို့သည် ကိုယ်တော်၏လူမျိုးအပေါ် ချစ်ခင်ကြင်နာစွာ ဆက်ဆံပြုမူခဲ့ဖူးခြင်းလည်းမရှိပါ။ ဤဆိုးသွမ်းသောလောကကို ပိုနှစ်သက်ကြကာ ဆိတ်ကဲ့သို့သောသူများသည် တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း ကြားနာခဲ့သော ဘုရားသခင်၏နိုင်ငံတော်သတင်းတရားကို ငြင်းပယ်ကြ၏။ (၁ ယောဟန် ၂:၁၅-၁၇) နောက်ဆုံးတွင်မူ တရားစစ်ကြောစီရင်ရန် ခန့်အပ်ခံရသူသည် ယေရှုဖြစ်သည်။ ကျွန်ုပ်တို့ကမူ မည်သူတို့သည် သိုးဖြစ်သည်၊ မည်သူများမူ ဆိတ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်စီရင်စရာမဟုတ်ပါ။—မာကု ၂:၈; လုကာ ၅:၂၂; ယောဟန် ၂:၂၄၊ ၂၅; ရောမ ၁၄:၁၀-၁၂; ၁ ကောရိန္သု ၄:၅။

အုပ်စုတစ်စုစီအတွက် အနာဂတ်ကား အဘယ်နည်း

၁၆၊ ၁၇။ သိုးများ၏အနာဂတ်သည် မည်သို့ဖြစ်မည်နည်း။

၁၆ ယေရှုသည် သိုးတို့ကို ဤသို့တရားစီရင်တော်မူသည်– “ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကိုခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။” “လာ၍” ဟုဆိုခြင်းသည် တကယ်နွေးထွေးသော ဖိတ်ခေါ်ချက်ပါတကား! အဘယ်သို့နည်း။ နိဂုံးချုပ်ရာတွင် ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ထာဝရအသက်သို့ဖြစ်သည်– “ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားရကြလတ္တံ့။”—မဿဲ ၂၅:၃၄၊ ၄၆။

၁၇ ငွေအခွက်များ ပုံဥပမာတွင် ကောင်းကင်၌ မိမိနှင့်အတူ အုပ်စိုးမည့်သူများထံမှ အဘယ်အရာတောင်းဆိုကြောင်း ယေရှုဖော်ပြတော်မူခဲ့သည်။ သို့သော် ဤပုံဥပမာတွင်မူ ဘုရားသခင်၏နိုင်ငံတော်သားများထံမှ အဘယ်အရာမျှော်လင့်ကြောင်းကို ကိုယ်တော်ဖော်ပြနေတော်မူခြင်းဖြစ်သည်။ (မဿဲ ၂၅:၁၄-၂၃) လိုရင်းကိုတင်ပြရလျှင် သိုးတို့သည် ယေရှု၏ညီတော်များကို ခြွင်းချက်မရှိ လုံးလုံးထောက်ခံသောကြောင့် သူတို့သည် ကိုယ်တော်၏နိုင်ငံတော်လက်အောက် မြေကြီးဘောင်တွင် အမွေခံရမည်ဖြစ်သည်။ သူတို့သည် ပရဒိသုမြေကြီးပေါ်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။ ယင်းအခွင့်အရေးကို ဘုရားသခင်သည် ရွေးနုတ်ခံထိုက်သောလူသားတို့၏ “ကမ္ဘာဦးကပင်” သူတို့အတွက် ပြင်ဆင်ထားတော်မူသည်။—လုကာ ၁၁:၅၀၊ ၅၁။

၁၈၊ ၁၉။ (က) ယေရှုသည် ဆိတ်တို့အပေါ် အဘယ်စီရင်ချက်ချမည်နည်း။ (ခ) ဆိတ်တို့သည် ထာဝရဆင်းရဲဒုက္ခခံရမည်မဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့သေချာနိုင်သနည်း။

၁၈ ဆိတ်များနှင့်စပ်လျဉ်းသော တရားစီရင်ချက်မူ ခြားနားလှသည်တကား! “ထိုအခါ လက်ဝဲဘက်၌ရှိသောသူတို့အား မင်ကြီးက ‘ကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့် သူ၏တမန်တို့အဖို့ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှခွာသွားကြလော့။ အကြောင်းမူကား ငါသည် မွတ်သိပ်သောအခါ သင်တို့သည် မကျွေး။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဖို့မပေး။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌လည်းကောင်း၊ ထောင်ထဲမှာ နေရသောအခါ၌လည်းကောင်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြ’ ဟုမိန့်တော်မူလျှင် ထိုသူတို့က ‘သခင် ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲနေပါသနည်း’ ဟု ပြန်၍လျှောက်ကြသော် မင်းကြီးက ‘ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား မပြုသမျှတို့ကို ငါ့အားမပြုကြပြီ’ ဟု ပြန်၍မိန့်တော်မူလတ္တံ့။”—မဿဲ ၂၅:၄၁-၄၅။

၁၉ ယင်းသည် ဆိတ်ကဲ့သို့သောသူများ၏ မသေနိုင်သောစိုးလ်များ ထာဝရမီးတွင် ညှဉ်းဆဲခံရမည်ဟုဆိုလိုနေခြင်းမဟုတ်ကြောင်း ကျမ်းစာကျောင်းသားများသိကြသည်။ ထိုသို့မဖြစ်နိုင်ပါ။ အကြောင်းမူကား လူကိုယ်နှိုက်သည် စိုးလ်များဖြစ်ကြသည်; သူတို့၌ မသေနိုင်သောစိုးလ်များ ရှိသည်မဟုတ်ပါ။ (ကမ္ဘာဦး ၂:၇; ဒေသနာ ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄) ဆိတ်များကို “ထာဝရမီး” ထဲချရန် စီရင်ခြင်းအားဖြင့် တရားသူကြီးက အနာဂတ်မျှော်လင့်ချက်ကင်းသော ဖျက်ဆီးခြင်းကိုဆိုလိုတော်မူသည်။ မာရ်နတ်နှင့် သူ၏နတ်ဆိုးများလည်း ထာဝစဉ်ဖျက်ဆီးခံရလိမ့်မည်။ (ဗျာဒိတ် ၂၀:၁၀၊ ၁၄) ထို့ကြောင့် ယေဟောဝါ၏တရားသူကြီးသည် ဆန့်ကျင်ခြားနားသော စီရင်ချက်များကို ထုတ်ပြန်ခြင်းဖြစ်သည်။ သိုးတို့ကို ကိုယ်တော်က “လာ၍” ဟုဆိုသည်; ဆိတ်များကိုကား “ငါ့ထံမှ ခွာသွားကြလော့” ဟုမိန့်တော်မူသည်။ သိုးတို့သည် “ထာဝရအသက်ရှင်ခြင်း” ကိုအမွေခံကြရလိမ့်မည်။ ဆိတ်များမူကား “ထာဝရအပြစ်ဒဏ်” ခံရကြလိမ့်မည်။—မဿဲ ၂၅:၄၆။b

ယင်းကား ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း

၂၀၊ ၂၁။ (က) ခရစ်ယာန်များသည် အဘယ်အရေးကြီးသောလုပ်ငန်းကို လုပ်ကိုင်ရန်ရှိသနည်း။ (ခ) ယခု အဘယ်ခွဲခြားခြင်းကို ဆောင်ရွက်နေသနည်း။ (ဂ) သိုးနှင့်ဆိတ်ပုံဥပမာသည် စတင်ပြည့်စုံသည့်အခါ လူတို့၏အခြေအနေကား မည်သို့ဖြစ်မည်နည်း။

၂၀ ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်ဆိုင်ရာ ယေရှု၏အဖြေကို ကြားခဲ့သော တမန်တော်လေးပါးတွင် ဆင်ခြင်သုံးသပ်စရာ များစွာရှိသည်။ သူတို့သည် နိုးကြားစွာနေ၍ ငံ့လင့်နေကြရမည်။ (မဿဲ ၂၄:၄၂) မာကု ၁၃:၁၀ တွင်ဖော်ပြထားသည့် သက်သေခံခြင်းလုပ်ငန်းကိုလည်း သူတို့ပြုလုပ်ဖို့လိုသည်။ ယနေ့ ယေဟောဝါသက်သေများသည် ထိုလုပ်ငန်းကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေကြသည်။

၂၁ သို့သော် သိုးနှင့်ဆိတ်ပုံဥပမာကို ဤသို့ထပ်ဆင့်နားလည်လာခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ လူတို့သည် တစ်ဖက်မဟုတ်တစ်ဖက်ကို ရွေးချယ်နေကြပြီ။ အချို့သူများသည် ‘ပျက်စီးခြင်းသို့ရောက်သော လမ်းကျယ်’ ပေါ်ရှိနေကြပြီး အခြားသူများမှာမူ ‘အသက်ရှင်ခြင်းသို့ရောက်သည့် ကျဉ်းမြောင်းသောလမ်း’ ပေါ်ဆက်တည်ရှိနေရန် ကြိုးစားနေကြသည်။ (မဿဲ ၇:၁၃၊ ၁၄) သို့သော် ပုံဥပမာတွင် တင်စားထားသော သိုးနှင့်ဆိတ်တို့၏ နောက်ဆုံးတရားစီရင်ချက်ကို ယေရှုချမှတ်မည့်အချိန်ကား မရောက်သေးပါ။ လူသားသည် တရားသူကြီး အခန်းကဏ္ဍနှင့် ကြွရောက်လာသည့်အခါ ခရစ်ယာန်စစ်မြောက်မြားစွာ—စင်စစ်အားဖြင့် ဆက်ကပ်အပ်နှံထားသောသိုးများဖြစ်သည့် “လူအုပ်ကြီး”—တို့သည် “ကြီးစွာသောဆင်းရဲဒုက္ခ” ၏နောက်ဆုံးပိုင်းကိုကပ်ကျော်ပြီး ကမ္ဘာသစ်ထဲသို့ဝင်နိုင်သူများဖြစ်ကြောင်း ဆုံးဖြတ်စီရင်မည်။ ထိုမျှော်လင့်ချက်သည် ယခု ရွှင်လန်းမှု၏ဇာစ်မြစ်ဖြစ်နေသင့်သည်။ (ဗျာဒိတ် ၇:၉၊ ၁၄) တစ်ဖက်ကကြည့်ပြန်လျှင် “လူမျိုးအပေါင်းတို့” အထဲက များစွာသောသူတို့သည် ခေါင်းမာသောဆိတ်များကဲ့သို့ဖြစ်ကြောင်း သက်သေထူကြလိမ့်မည်။ သူတို့သည် ‘ထာဝရအပြစ်ဒဏ်ခံရာသို့ သွားရကြလတ္တံ့။’ ကမ္ဘာမြေကြီးအတွက် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း!

၂၂၊ ၂၃။ ပုံဥပမာ အပြီးသတ်ချိန်သည် အနာဂတ်တွင်ရှိနေသေးသည့်တိုင် ယနေ့ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

၂၂ ပုံဥပမာတွင်ဖော်ပြထားသော တရားစီရင်ခြင်းသည် အလွန်နီးလှသောအနာဂတ်တွင် ဖြစ်မည်ဖြစ်သော်လည်း ယခုပင် အရေးကြီးသောအရာတစ်ခု ဖြစ်ပျက်နေလျက်ရှိသည်။ ခရစ်ယာန်များဖြစ်ကြသော ကျွန်ုပ်တို့သည် အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သည့် လူတို့ကိုခွဲခြားစေသော သတင်းတရားကို ကြေညာနေကြသည်။ (မဿဲ ၁၀:၃၂-၃၉) ပေါလုက ဤသို့ရေးသားခဲ့သည်– “အကြောင်းမူကား၊ ‘ထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။’ သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” (ရောမ ၁၀:၁၃၊ ၁၄) ကျွန်ုပ်တို့၏ဓမ္မအမှုကြောင့် နိုင်ငံပေါင်း ၂၃၀ ကျော်တွင်ရှိသူတို့ထံ ဘုရားသခင်၏နာမတော်နှင့် ကိုယ်တော်၏ကယ်တင်ခြင်းသတင်း ရောက်ရှိနေသည်။ ခရစ်တော်၏ ဘိသိက်ခံညီတော်များသည် ဤဓမ္မအမှုကို ဦးစီးဦးဆောင်ပြုနေဆဲပင်ဖြစ်သည်။ အခြားသိုးအဝင် ငါးသန်းမျှသောသူတို့သည် ယခု သူတို့နှင့်တွဲဖက်နေကြသည်။ ယေရှု၏ညီတော်များ ကြွေးကြော်နေသောသတင်းတရားကို ကမ္ဘာတစ်ဝန်းရှိလူတို့ လက်သင့်ခံနာယူနေကြပါသည်။

၂၃ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်သော်လည်းကောင်း၊ အလွတ်သဘောအရသော်လည်းကောင်း ဟောပြောကြသည်နှင့်အမျှ သတင်းတရားကို လူများစွာ ကြားနာနေကြရပြီ။ အခြားသူများမူကား ကျွန်ုပ်တို့မသိရှိသောနည်းမျိုးစုံဖြင့် ယေဟောဝါသက်သေများအကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်တို့ကိုယ်စားပြုသည့်အရာကိုလည်းကောင်း သိရှိနေကြသည်။ တရားစီရင်ချိန်ရောက်ရှိသည့်အခါ ယေရှုသည် ဘုံလူစုတာဝန်နှင့် မိသားစုထိုက်သင့်ရာကို အဘယ်အတိုင်းအတာအထိ ထောက်ချင့်မည်နည်း။ ကျွန်ုပ်တို့မပြောတတ်ပါ။ ယင်းကိုထင်ကြေးပေးခြင်းသည် အကျိုးမရှိပါ။ (၁ ကောရိန္သု ၇:၁၄ နှိုင်းယှဉ်။) ယခု များစွာသောသူတို့သည် ဘုရားသခင့်လူမျိုး၏စကားကို နားမထောင်၊ ကဲ့ရဲ့ပြစ်တင်ပြီး နှိပ်စက်ညှဉ်းဆဲကြသည်။ ထို့ကြောင့် ဤအချိန်သည် အရေးကြီးသောအချိန်ဖြစ်သည်; ဤသူတို့သည် ဆိတ်ဟူ၍ ယေရှုတရားစီရင်မည့်သူများ ဖြစ်လာကောင်း ဖြစ်လာပေလိမ့်မည်။—မဿဲ ၁၀:၂၂; ယောဟန် ၁၅:၂၀; ၁၆:၂၊ ၃; ရောမ ၂:၅၊ ၆။

၂၄။ (က) လူတို့သည် ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို လက်သင့်ခံနားထောင်ကြရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) ဤသင်တန်းက သင့်အား ဓမ္မအမှုဆောင်ခြင်းအပေါ် အဘယ်သဘောထားရှိရန် အကူအညီပေးသနည်း။

၂၄ သို့သော် ဝမ်းသာစရာကား များစွာသောသူတို့သည် သတင်းတရားကို လက်သင့်ခံပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို လေ့လာကြရာ ယေဟောဝါသက်သေများ ဖြစ်လာနေကြပြီ။ လက်ရှိအချိန်တွင် ဆိတ်ကဲ့သို့ဖြစ်ပုံရှိသူများသည် ပြောင်းလဲပြီး သိုးဖြစ်လာနိုင်စရာအကြောင်းရှိသည်။ ဆိုလိုသည်ကား ခရစ်တော်၏ညီတော်များမှ အကြွင်းအကျန်၏စကားကို လက်ခံပြီး တက်ကြွစွာထောက်ခံနေသူများသည် မဝေးတော့သည့် အနာဂတ်တွင် ယေရှုတရားစီရင်ရန် ပလ္လင်တော်ပေါ် ထိုင်သည့်အခါ ကိုယ်တော်၏လက်ယာတော်ဘက်တွင် အထားခံရရန် ယခု ဤနည်းအားဖြင့် သက်သေထူနေကြသည်ဟူ၍ဖြစ်သည်။ ဤသူတို့သည် ယခုကောင်းချီးခံစားနေကြရပြီး ဆက်လက်ခံစားကြရဦးမည်။ သို့ဖြစ်၍ ဤပုံဥပမာသည် ခရစ်ယာန်ဓမ္မအမှုတွင် ဇွဲရှိရှိ တိုး၍ပါဝင်ရန် ကျွန်ုပ်တို့ကိုတွန်းအားပေးသင့်သည်။ အချိန်မနှောင်းမီ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဟောပြောလိုကြမည်။ ဤနည်းအားဖြင့် အခြားသူများကို လက်သင့်ခံရန် အခွင့်အရေးပေးနိုင်ပါသည်။ ထို့နောက် မျက်နှာသာပေးသောစီရင်ချက်သော်လည်းကောင်း၊ ဒဏ်စီရင်ချက်သော်လည်းကောင်း ချမှတ်ရန် ယေရှု၏တာဝန်ဖြစ်သည်မည်။—မဿဲ ၂၅:၄၆။

[အောက်ခြေမှတ်ချက်များ]

a ၁၉၉၄၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၂၁ ရှု။

b အဲလ် အီဗန်းဟဲလယို ဒီ မာတီအိုက ဤသို့သတိပြုသည်– “ထာဝရအသက်သည် အပြီးအပိုင်အသက်ရှင်ခြင်း; ယင်းနှင့်ဆန့်ကျင်သည်ကား အပြီးအပိုင်ဒဏ်စီရင်ချက် ဖြစ်သည်။ ဂရိနာမဝိသေသန အေအိုနီအော့စ်သည် အဓိကအားဖြင့် အချိန်ကာလကိုရည်ညွှန်းသည်မဟုတ်ဘဲ အမျိုးအစားကိုဆိုလိုသည်။ အပြီးအပိုင်ဒဏ်စီရင်ချက်ကား ထာဝရသေခြင်းဖြစ်သည်။”—အငြိမ်းစားပါမောက္ခ ဂျဝမ် မာတီအော့စ် (ရောမမြို့၊ ပုပ်ရဟန်းမင်း၏ကျမ်းစာကျောင်း) နှင့် ပါမောက္ခ ဖာနန်ဒို ကာမာချို၊ (ဓမ္မပညာဌာန၊ စာဗီလ်) စပိန်နိုင်ငံ၊ မဒရစ်မြို့၊ ၁၉၈၁။

သင်မှတ်မိသလော

◻ မဿဲ ၂၄:၂၉-၃၁ နှင့် မဿဲ ၂၅:၃၁-၃၃ စပ်ကြားရှိ အဘယ်တူညီချက်များက သိုးနှင့်ဆိတ်ပုံဥပမာသည် အနာဂတ်နှင့်ဆိုင်ကြောင်း ဖော်ပြသနည်း။ ယင်းကား အဘယ်အချိန်တွင်နည်း။

◻ ယေရှု၏ညီတော်များတွင် “အငယ်ဆုံး” သောသူကား မည်သူနည်း။

◻ “ဖြောင့်မတ်သောသူတို့” ဟူသောအသုံးအနှုန်းကို ယေရှုအသုံးပြုခြင်းက ထိုသူများသည် မည်သူ့ကိုကိုယ်စားပြု၍ မည်သူတို့ကိုမူ ကိုယ်စားမပြုကြောင်း ခွဲခြားသိမြင်စေသနည်း။

◻ ထိုပုံဥပမာသည် အနာဂတ်တွင် ပြည့်စုံမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် အဘယ်ကြောင့် အရေးပါသနည်း။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

တူညီချက်များကို သတိပြုပါ

မဿဲ ၂၄:၂၉–၃၁ မဿဲ ၂၅:၃၁–၃၃

ကြီးစွာသောဒုက္ခဆင်းရဲခြင်းစတင်ပြီးနောက် လူသားကြွလာတော်မူ၏ လူသားကြွရောက်လာတော်မူ၏

ဘုန်းအာနုဘော်ကိုဆောင်လျက် ကြွရောက်လာတော်မူ၏

ဘုန်းအာနုဘော်ကိုဆောင်လျက် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏

ကိုယ်တော်နှင့်အတူ ကောင်းကင်တမန်များရှိနေ၏ ကောင်းကင်တမန်များခြံရံ၍ ကိုယ်တော်ကြွလာတော်မူ၏

မြေကြီးပေါ်မှလူအမျိုးအနွယ်တို့သည် လူမျိုးအပေါင်းတို့ကို စုဝေးစေ; ဆိတ်များသည် နောက်ဆုံး ကိုယ်တော်ကိုမြင်ရကြ၏ တရားစီရင်ခံရ (ကြီးစွာသောဒုက္ခဆင်းရဲခြင်း ပြီးဆုံး) ၏

[Credit Line]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ