အခန်း ၁၁၂
ယေရှုနောက်ဆုံးဆင်နွှဲမည့် ပသခါပွဲနီးကပ်လာ
နိသန်လ ၁၁ ရက်၊ အင်္ဂါနေ့ကုန်ခါနီးတွင် သံလွင်တောင်ပေါ်၌ တမန်တော်တို့အားပို့ချခြင်းကို ယေရှုအဆုံးသတ်၏။ အလွန်ပင်ပန်းခဲ့သည့်ရက်ပါတကား။ ယခု၊ ညအိပ်ရန်ဗေသနိသို့ပြန်ချိန်တွင် တမန်တော်တို့အား ယေရှုက “နှစ်ရက်လွန်မှပသခါနေ့ရက်ရောက်မည်ကို သင်တို့သိကြ၏။ ထိုအခါလူသားကိုလက်ဝါးကပ်တိုင်မှာရိုက်သတ်စေခြင်းငှာ အပ်နှံကြလိမ့်မည်” ဟုမိန့်ဆို၏။
နိသန်လ ၁၂ ရက်ဗုဒ္ဓဟူးနေ့တွင် တမန်တော်များနှင့်အတူ ယေရှုအနားယူပုံရှိသည်။ တမြန်နေ့က ဘာသာရေးခေါင်းဆောင်များကိုလူရှေ့ပြစ်တင်ခဲ့ရာ မိမိအားသတ်ရန် သူတို့ရှာကြံနေကြောင်း ယေရှုသိသည်။ နောက်နေ့ညနေပိုင်းတွင် တမန်တော်များနှင့်အတူပသခါပွဲကျင်းပစဉ် မည်သည့်အနှောင့်အယှက်မျှမရှိစေလိုသဖြင့် ဗုဒ္ဓဟူးနေ့တွင်မထင်မရှားနေသည်။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့နှင့် အသက်ကြီးသူတို့သည် ယဇ်ပုရောဟိတ်မင်းကယာဖ၏အိမ်ဦး၌စုဝေးကြ၏။ တမြန်နေ့ကယေရှု၏ကားများကြောင့် အောင့်သက်သက်ဖြစ်နေသောဤသူတို့သည် ကလိန်ဉာဏ်ဖြင့်ကိုယ်တော်ကိုဖမ်းဆီးပြီးသတ်ပစ်ရန်ကြံစည်နေကြသည်။ သို့သော်ယေရှုဘက်ပါသောလူများကိုသူတို့ကြောက်သဖြင့် “လူတို့သည်ရုန်းရင်းခတ်ဖြစ်မည်ကိုစိုးရိမ်၍ ပွဲနေ့တွင်မပြုနှင့်ဦး” ဟုဆိုကြ၏။
ယေရှုကိုသတ်ရန်ကြံစည်နေချိန်တွင် သူတို့ထံဧည့်သည်တစ်ဦးရောက်လာသည်။ သခင်ကိုသစ္စာဖောက်ရန်ယုတ်မာသောအကြံကိုစာတန်ထည့်ပေးသူ၊ ယေရှု၏တမန်တော်ယုဒရှကာရုတ်ပင်ဖြစ်နေ၍ သူတို့အံ့သြကြသည်။ “ကျွန်ုပ်သည်ယေရှုကိုကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက်ပေးပါမည်နည်း” ဟုယုဒ၏အမေးကို သူတို့မည်မျှသဘောကျကြမည်တကား။ မောရှေပညတ်အရ ကျွန်တစ်ဦး၏တန်ဖိုးနှင့်ညီမျှသောငွေအကျပ် ၃၀ ကိုပေးရန်ဝမ်းမြောက်စွာသဘောတူကြ၏။ ထိုအချိန်မှစ၍ ယုဒသည်သစ္စာဖောက်နိုင်ရန် ကိုယ်တော့်နားတွင်လူအုပ်မရှိသည့်အခွင့်ကောင်းကိုစောင့်လျက်နေသည်။
နိသန်လ ၁၃ ရက်နေ့သည် ဗုဒ္ဓဟူးနေ့နေဝင်ချိန်တွင်စတင်သည်။ ယေရှုသည် သောကြာနေ့တွင် ယေရိခေါမှရောက်လာ၍ ဗေသနိရွာတွင်ဆဌမနှင့်နောက်ဆုံးညနေသည်။ နောက်တစ်နေ့ ကြာသပတေးနေ့၊ နေဝင်ချိန်တွင်စတင်မည့် ပသခါပွဲအတွက်လိုအပ်ရာများကို နောက်ဆုံးအနေဖြင့်ပြင်ဆင်ရန်လိုသည်။ ထိုအချိန်တွင် ပသခါသိုးကိုသတ်၍ တစ်ကောင်လုံးကိုကင်ရမည်ဖြစ်သည်။ မည်သည့်နေရာတွင် ပသခါပွဲကျင်းပပြီး၊ မည်သူပြင်ဆင်မည်နည်း။
ယဇ်ပုရောဟိတ်အကြီးတို့ထံယုဒသတင်းပို့၍ ပသခါပွဲကျင်းပနေစဉ် မိမိကိုဖမ်းဆီးသွားခြင်းမှကာကွယ်ရန် အသေးစိတ်အစီအစဉ်များကိုယေရှုမမှာထားခြင်းဖြစ်မည်။ ယခုမူ ကြာသပတေးနေ့မွန်းလွဲပိုင်း ခပ်စောစောအချိန်တွင် ပေတရုနှင့်ယောဟန်အား ဗေသနိမှစေလွှတ်၍ “ငါတို့စားဖို့ရာ သင်တို့သည်သွား၍ပသခါပွဲကိုပြင်ဆင်ကြလော့” ဟုမိန့်မှာ၏။
သူတို့ကလည်း “အဘယ်အရပ်၌ပြင်ဆင်စေခြင်းငှာ အလိုရှိတော်မူသနည်း” ဟုမေးကြ၏။
ယေရှုက “သင်တို့သည်မြို့ထဲသို့ဝင်သောအခါ ရေအိုးကိုဆောင်သောသူကိုတွေ့လိမ့်မည်။ ထိုသူနောက်သို့လိုက်၍ သူဝင်သောအိမ်သို့ဝင်ပြီးမှ ‘ငါသည်ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသောဧည့်သည်အခန်းကား အဘယ်မှာရှိသနည်းဆရာကမေးသည်’ ဟုအိမ်ရှင်ကိုပြောကြလော့။ ထိုသူသည် ပြင်ဆင်လျက်ရှိသောအထက်အခန်းကြီးကိုပြလိမ့်မည်။ ထိုအခန်းကိုပြင်ဆင်လော့” ဟုမိန့်ဆိုသည်။
အခါထူးတွင် မိမိအိမ်ကိုယေရှုအသုံးပြုမည်ဟု ကြိုတင်မျှော်လင့်ထားဖွယ်ရှိသူ၊ အိမ်ရှင်သည် ယေရှု၏တပည့်တစ်ဦးဖြစ်ဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ ပေတရုနှင့်ယောဟန်တို့ ယေရုရှလင်သို့ရောက်သော် ယေရှုပြောသည်အတိုင်းတွေ့မြင်ကြသည်။ သို့နှင့် ယေရှုနှင့်တမန်တော် ၁၂ ပါး၊ ပသခါပွဲဆင်နွှဲမည့်သူ ၁၃ ယောက်အတွက် သိုးနှင့်အခြားအစီအစဉ်များအသင့်ရှိနေရန် သူတို့နှစ်ဦးစီမံကြသည်။ မဿဲ ၂၆:၁-၅၊ ၁၄-၁၉။ မာကု ၁၄:၁၊ ၂၊ ၁၀-၁၆။ လုကာ ၂၂:၁-၁၃။ ထွက်မြောက်ရာ ၂၁:၃၂။
▪ ဗုဒ္ဓဟူးနေ့တွင် ယေရှုအဘယ်အရာလုပ်သနည်း။ အဘယ်ကြောင့်နည်း။
▪ ယဇ်ပုရောဟိတ်မင်း၏အိမ်တွင် မည်သည့်စည်းဝေးကျင်းပသနည်း။ ယုဒရှကာရုတ်သည် မည်သည့်ရည်ရွယ်ချက်နှင့် ဘာသာရေးခေါင်းဆောင်များထံသွားသနည်း။
▪ ကြာသပတေးနေ့တွင် ယေရှုသည်မည်သူတို့ကို မည်သည့်ရည်ရွယ်ချက်ဖြင့် ယေရုရှလင်သို့စေလွှတ်သနည်း။
▪ ယေရှု၏အံ့သြဖွယ်အစွမ်းတို့ကိုဖော်ပြသော အဘယ်အရာတို့ကို စေလွတ်ခံရသူတို့တွေ့မြင်ကြသနည်း။