ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၅/၁၅ စာ. ၂၁-၂၃
  • “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လျှာကိုယဉ်ပါးအောင်ပြုလုပ်သည့် နည်းလမ်းများ
  • ဒေါသထွက်သောအခါ၌ လျှာကိုချုပ်ထိန်းခြင်း
  • တိတ်ဆိတ်စွာနေခြင်းသည် ဖြေရှင်းနည်းမဟုတ်သည့်အခါ
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း “ပြောရသောအချိန်”
  • လျှာရဲ့အစွမ်းတန်ခိုးကို အကျိုးရှိရှိ အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ
    လူငယ်များအမေး
  • သင်၏လျှာကို ထိန်းခြင်းဖြင့် မေတ္တာနှင့် လေးစားမှုပြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • နှစ်လို့ဖွယ်စကားက ဆက်ဆံရေးကို တိုးတက်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၅/၁၅ စာ. ၂၁-၂၃

“တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်”

“အဲဒါကို မပြောမိလိုက်ရင်အကောင်းသား” ဟူ၍ အကြိမ်ပေါင်းမည်မျှ သင်ညည်းညူခဲ့ပြီးပြီနည်း။ သို့သော်လည်း ထုတ်ဖော်မပြောဆိုလိုက်ရဘဲဖြစ်သွားသည့် အခြားအချိန်များကိုလည်း သင်အမှတ်ရပေမည်။ ပြန်ပြောင်းစဉ်းစားရင်း ‘တစ်ခုခု ပြောလိုက်မိရင်အကောင်းသား’ ဟု သင်တွေးမိပေမည်။

“တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်” ရှိ၏ဟု သမ္မာကျမ်းစာက ဆိုသည်။ (ဒေသနာ ၃:၇) သို့သော်လည်း ဤနေရာ၌ ပြဿနာမှာ စကားပြောရမည့်အချိန်နှင့် တိတ်ဆိတ်စွာနေရမည့်အချိန်ကို ဆုံးဖြတ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ မစုံလင်သည့်လူ့သဘောသဘာဝက တစ်စုံတစ်ခုကို အချိန်မဟုတ်ဘဲ ပြောမိ၊ လုပ်မိစေရန် မကြာခဏ ကျွန်ုပ်တို့ကိုစေ့ဆော်ပေးတတ်သည်။ (ရောမ ၇:၁၉) ထိန်းသိမ်းရခက်သော ကျွန်ုပ်တို့၏လျှာကို မည်သို့ထိန်းချုပ်ရမည်နည်း။—ယာကုပ် ၃:၂။

လျှာကိုယဉ်ပါးအောင်ပြုလုပ်သည့် နည်းလမ်းများ

စကားပြောဆိုရမည့်အချိန်နှင့် တိတ်ဆိတ်စွာနေရမည့်အချိန်ကို ကူညီဆုံးဖြတ်ပေးဖို့ရန် ဖြစ်နိုင်မည့်အခြေအနေအရပ်ရပ်တိုင်းပါအောင် စာရင်းရှည်တစ်ခုကို ကျွန်ုပ်တို့ပြုစုစရာမလိုပါ။ သို့အစား ခရစ်ယာန်ဥပဓိရုပ်၏ ပင်ကိုအစိတ်အပိုင်းဝင်ဖြစ်သော အရည်အချင်းများက ကျွန်ုပ်တို့အား ထိန်းကျောင်းခြင်းကို ခံသွားဖို့လိုသည်။ ထိုအရည်အချင်းများကား အဘယ်နည်း။

ယေရှုခရစ်က မေတ္တာသည် မိမိ၏တပည့်တော်များကို တိုက်တွန်းလှုံ့ဆော်ပေးသော အဓိကအရည်အချင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြ၏။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်” ဟု ကိုယ်တော် မိန့်တော်မူခဲ့၏။ (ယောဟန် ၁၃:၃၅) ထိုညီအစ်ကိုချင်းမေတ္တာကို ကျွန်ုပ်တို့တင်ပြလေလေ၊ ကျွန်ုပ်တို့၏လျှာကို ကောင်းစွာထိန်းချုပ်နိုင်လေဖြစ်မည်။

အချင်းချင်းဆက်စပ်မှုရှိနေသော အရည်အချင်းနှစ်ခုသည်လည်း ကြီးမားစွာသောအကူအညီဖြစ်၏။ ၎င်းတို့အနက်မှ တစ်ခုမှာ နှိမ့်ချခြင်းဖြစ်သည်။ ယင်းက ‘သူတစ်ပါးသည် ကိုယ်ထက်သာသည်ဟု ထင်မှတ်’ စေရန် တတ်စွမ်းနိုင်၏။ (ဖိလိပ္ပိ ၂:၃) အခြားတစ်ခုမှာ ကျွန်ုပ်တို့ကို “သည်းခံ” မှုရှိစေသော နူးညံ့သိမ်မွေ့မှုဖြစ်သည်။ (၂ တိမောသေ ၂:၂၄၊ ၂၅) ဤအရည်အချင်းများကို မည်သို့ကျင့်သုံးသင့်ကြောင်းနှင့်ပတ်သက်၍ စုံလင်သည့်ပုံသက်သေကို ယေရှုခရစ်ထံမှ ကျွန်ုပ်တို့ရရှိသည်။

စိတ်ဖိစီးမှုခံရသည့်အခါများ၌ ကျွန်ုပ်တို့၏လျှာကိုထိန်းချုပ်ရန် ပိုခက်ခဲတတ်သောကြောင့် ယေရှုမသေဆုံးမီည—“နှလုံးမသာ စိတ်ပူပန်” နေသောအချိန်—ကို သုံးသပ်ကြည့်ကြစို့။ (မဿဲ ၂၆:၃၇၊ ၃၈) ယေရှု ဤသို့ခံစားရသည်မှာ အံ့ဩစရာမဟုတ်ပါ။ အကြောင်းမှာ လူသားအားလုံး၏ ထာဝရအနာဂတ်သည် ဘုရားသခင်အား ကိုယ်တော်သစ္စာတည်ကြည်ခြင်းအပေါ် မူတည်နေသောကြောင့်ဖြစ်သည်။—ရောမ ၅:၁၉-၂၁။

ဤအချိန်သည် မိမိ၏ကောင်းကင်ခမည်းတော်နှင့် ယေရှုစကားပြောဆိုရမည့်အချိန် အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏တပည့်တော်သုံးပါးတို့ကို စောင့်ကြည့်နေရန် မှာကြားပြီး ဆုတောင်းရန် ထွက်ခွာသွားလေသည်။ ခဏမျှကြာပြီးနောက် ကိုယ်တော်ပြန်လာသော် သူတို့အိပ်ပျော်နေသည်ကို တွေ့ရ၏။ ထိုအခါ ကိုယ်တော်က “သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော” ဟု ပေတရုအားဆိုသည်။ မေတ္တာပါသော ဤဆုံးမမှုနှင့်အတူ သူတို့၏အားနည်းချက်ကို သိနားလည်ကြောင်းပြသော စကားများလည်း ပါလာလေသည်။ “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်” ဟု ကိုယ်တော်မိန့်တော်မူ၏။ ထိုနောက် တစ်ဖန်ယေရှုပြန်လာ၍ တပည့်တော်များအိပ်ပျော်နေသည်ကို တွေ့ရပြန်လေသည်။ သူတို့ကို ကြင်နာစွာပြောဆို၍ ထွက် “သွားပြီးလျှင် . . . သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။”—မဿဲ ၂၆:၃၆-၄၄။

တပည့်တော်များ အိပ်ပျော်နေသည်ကို တတိယအကြိမ်မြောက် ယေရှုတွေ့ရှိရသောအခါ၌ ခက်ထန်မာကျောခြင်းမရှိဘဲ “သင်တို့သည် အိပ်လျက်နားလျက်ပင်ရှိနေကြသေးသလော။ လူသားကို ဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ” ဟု မိန့်မြွက်တော်မူ၏။ (မဿဲ ၂၆:၄၅၊ သတင်းကောင်း) မေတ္တာနှင့်ပြည့်လျက်ရှိသည့် နှလုံးသားမျိုးရှိသောသူ၊ ဤမျှခက်ခဲသောအချိန်အခါမျိုး၌ အမှန်ပင် နူးညံ့သိမ်မွေ့ ၍ နှိမ့်ချမှုရှိသောသူသာလျှင် လျှာကို ထိုနည်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။—မဿဲ ၁၁:၂၉; ယောဟန် ၁၃:၁။

ထိုနောက်မကြာမီ ယေရှုသည် ဖမ်းဆီးစစ်ဆေးခံရလေသည်။ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်နေသည့်အချိန်ပင်ဖြစ်ပါစေ တစ်ခါတစ်ရံ၌ တိတ်ဆိတ်စွာနေခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဤနေရာမှ ကျွန်ုပ်တို့တတ်သိရလေ၏။ ယေရှုကို အမှုဆင်ရန်ကြံရွယ်နေသော ယဇ်ပုရောဟိတ်မင်းကြီးများသည် အမှန်တရားကိုသင်ယူရန် မည်သို့မျှစိတ်မဝင်စားဘဲ ဖြစ်နေသည်။ ထို့ကြောင့် ပေါက်ကွဲတော့မည့် ဤဝန်းကျင်၌ ယေရှုတိတ်ဆိတ်စွာနေခဲ့၏။—မဿဲ ၇:၆ နှိုင်းယှဉ်။

သို့သော် ယဇ်ပုရောဟိတ်မင်းကြီးက “သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ အသက်ရှင်တော်မူသောဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏” ဟု တောင်းဆိုသောအခါ ယေရှု တိတ်ဆိတ်စွာမနေခဲ့ပါ။ (မဿဲ ၂၆:၆၃) ယေရှုကို ကျိန်ဆိုစေသောကြောင့် ယင်းအချိန်သည် ကိုယ်တော်စကားပြောဆိုရမည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်က “သင်ဆိုသည်အတိုင်းမှန်၏။ ထိုမျှမကငါဆိုသည်ကား နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့” ဟု ပြန်လည်မိန့်တော်မူသည်။—မဿဲ ၂၆:၆၄။

အလွန်အရေးကြီးသော ထိုနေ့ရက်အတောအတွင်း ယေရှုသည် မိမိ၏လျှာကို အပြည့်အဝထိန်းချုပ်ခဲ့လေသည်။ ကိုယ်တော်၏ကိစ္စ၌ မေတ္တာ၊ နူးညံ့သိမ်မွေ့မှုနှင့် နှိမ့်ချမှုတို့သည် ကိုယ်တော့်ဥပဓိရုပ်တော်၏ ပင်ကိုအစိတ်အပိုင်းများဖြစ်ခဲ့လေသည်။ ဖိအားပေးခံရသောအခါ၌ ကျွန်ုပ်တို့၏လျှာကို ထိန်းချုပ်ရန် ဤအရည်အချင်းများကို မည်သို့အသုံးပြုနိုင်မည်နည်း။

ဒေါသထွက်သောအခါ၌ လျှာကိုချုပ်ထိန်းခြင်း

ဒေါသထွက်သောအခါများ၌ ကျွန်ုပ်တို့၏လျှာကို မထိန်းချုပ်နိုင်ဘဲဖြစ်လေ့ရှိ၏။ ဥပမာ ပေါလုနှင့် ဗာနဗတို့သည် တစ်ကြိမ်တွင် သဘောထားခြင်း မတိုက်ဆိုင်ဘဲဖြစ်ခဲ့ကြသည်။ “ဗာနဗသည် မာကုခေါ် ယောဟန်ကို ခေါ်ဆောင်သွားကြရန်အလိုရှိ၏။ သို့သော် ပေါလုက မိမိတို့နှင့်သာသနာပြုခရီးအဆုံးတိုင်အောင်မလိုက်ဘဲ ပံဖုလိပြည်တွင် မိမိတို့ထံမှထွက်ခွာသွားခဲ့သူကို ခေါ်ဆောင်ရန်မသင့်လျော်ဟု ယူဆ၏။ သူတို့သည် အပြင်းအထန်အငြင်းပွားပြီးနောက် တစ်ဦးနှင့်တစ်ဦး လမ်းခွဲခွာသွားကြ၏။”—တမန်တော် ၁၅:၃၇-၃၉၊ သတင်းကောင်း။

ဆောက်လုပ်ရေးစီမံကိန်း၌ နှစ်အတန်ကြာမျှလုပ်နေခဲ့သော မိုက်ကယ်လ်ကa အောက်ပါအတိုင်း ပြောပြသည်။ “ဆောက်လုပ်ရေးအလုပ်ခွင်မှာ ကျွန်တော် ကောင်းကောင်းသိကျွမ်းပြီး လေးစားရတဲ့ လူတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူက ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး အမြဲလိုလိုအပြစ်ရှာနေတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်စိတ်ထိခိုက်ပြီး ဒေါသထွက်မိပေမဲ့လည်း ကိုယ့်ခံစားချက်ကို မျိုသိပ်ထားခဲ့တယ်။ တစ်နေ့မှာတော့ ခုလေးတင် ကျွန်တော်လုပ်လိုက်တဲ့အလုပ်တစ်ခုကို သူအပြစ်ဆိုလာတဲ့အခါ အရေးပေါ်တော့တာပါပဲ။

“မျိုသိပ်ထားရတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေအားလုံးကို လွတ်လွတ်လပ်လပ်ကြီးပဲ ရင်ဖွင့်ချလိုက်တယ်။ သွေးဆူနေတဲ့အချိန်မို့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ အထင်သေးသွားမှာကိုလည်း ကျွန်တော်ဂရုမစိုက်တော့ဘူး။ ကျန်ရှိတဲ့တစ်နေ့တာလုံးမှာလည်း သူ့ကို ကျွန်တော်စကားမပြောချင်ဘူး၊ မြင်တောင် မမြင်ချင်ဘူး။ အခုမှ ပြဿနာကို ကျွန်တော်ကောင်းကောင်းမကိုင်တွယ်ခဲ့ပါလားဆိုပြီး သဘောပေါက်လာမိတယ်။ အဲဒီအချိန်မှာ တိတ်တိတ်နေပြီး စိတ်အေးသွားတဲ့အခါကျမှ ပြောဆိုခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲလေ။”

ခရစ်ယာန်မေတ္တာက ဤသူနှစ်ဦးကို တိုက်တွန်းလှုံ့ဆော်၍ သူတို့၏ကွဲပြားချက်ကို ပြေလည်သွားစေခြင်းက ဝမ်းသာစရာပင်ဖြစ်သည်။ “ပွင့်ပွင့်လင်းလင်း အပြန်အလှန်စကားတွေပြောပြီးတဲ့နောက် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းနားလည်သွားကြတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ ခိုင်မြဲတဲ့ရင်းနှီးမှုတွေ ရှိနေပါပြီ” ဟု မိုက်ကယ်လ် ရှင်းပြသည်။

မိုက်ကယ်လ်တတ်သိလာသကဲ့သို့ပင် မိမိဒေါသထွက်နေပြီဖြစ်ကြောင်းသိလျှင် တိတ်ဆိတ်စွာနေခြင်းသည် တစ်ခါတစ်ရံ၌ ပညာရှိရာကျပေသည်။ “ဉာဏ်ကောင်း [“ပိုင်းခြားသိမြင်မှုရှိ၊” ကဘ] သောသူသည်လည်း အေးသောစိတ်ရှိတတ်၏” ဟု နယပုံပြင် ၁၇:၂၇ က ဆို၏။ ပိုင်းခြားသိမြင်မှုရှိခြင်းနှင့် ညီအစ်ကိုချင်းမေတ္တာက ထိခိုက်နစ်နာဖွယ်ရာများကို လွှတ်ခနဲပြောလိုက်မိခြင်းမှ ကျွန်ုပ်တို့ကိုထိန်းချုပ်ရန် ကူညီပေးလိမ့်မည်။ ကျွန်ုပ်တို့ မကျေမနပ်ဖြစ်မည်ဆိုလျှင် ပြေလည်မှုကိုပြန်ရယူလိုသောရည်သန်ချက်ဖြင့် နူးညံ့သိမ်မွေ့၊ နှိမ့်ချသောစိတ်ဖြင့် အဆိုပါပုဂ္ဂိုလ်နှင့် တစ်ဦးချင်း စကားပြောဆိုကြစို့။ ဒေါသပေါက်ကွဲသွားပြီဆိုလျှင်ကော အသို့နည်း။ သို့ ဖြစ်ပါက မာန်စွယ်ချ၍ နှိမ့်ချစွာဖြင့် ကျေရာကျေကြောင်း ရှာကြံလုပ်ဆောင်ကြဖို့ ကျွန်ုပ်တို့ကို မေတ္တာက လှုံ့ဆော်ပေးပေမည်။ ဤအချိန်သည် စကားပြောဆိုရမည့်အချိန်၊ ဝမ်းနည်းမှုကို ဖော်ပြရမည့်အချိန်၊ ရိုးသားစွာ အပြန်အလှန်စကားပြောဆိုခြင်းအားဖြင့် စိတ်နာမှုကို ကုစားရမည့်အချိန်ဖြစ်သည်။—မဿဲ ၅:၂၃၊ ၂၄။

တိတ်ဆိတ်စွာနေခြင်းသည် ဖြေရှင်းနည်းမဟုတ်သည့်အခါ

ဒေါသထွက်ခြင်း သို့မဟုတ် စိတ်တိုခြင်းက ကျွန်ုပ်တို့ကိုစိတ်အနှောင့်အယှက်ပေးသော ပုဂ္ဂိုလ်နှင့် စကားမပြောသည့်အထိ ဖြစ်သွားစေနိုင်သည်။ ယင်းက အလွန်ထိခိုက်နစ်နာစေနိုင်၏။ “ကျွန်မတို့အိမ်ထောင်ပြုတဲ့ ပထမနှစ်အတောအတွင်းမှာ တစ်ခါတစ်ခါ ရက်အတန်ကြာ ကျွန်မခင်ပွန်းနဲ့စကားမပြောဘဲနေတဲ့အချိန်တွေ ရှိခဲ့ပါတယ်” ဟု မာရီယာကb ဝန်ခံသည်။ “ဒါက ပြဿနာကြီးတွေကြောင့်မဟုတ်ပါဘဲ ဘာမဟုတ်တဲ့စိတ်တိုမှုလေးတွေ စုပြုံလာတာကြောင့် ဖြစ်လေ့ရှိပါတယ်။ ဒီစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာအားလုံးကို ပြဿနာကြီးဖြစ်လာတဲ့အထိ တအုံနွေးနွေး ကျွန်မစဉ်းစားတတ်တယ်။ အဲဒီနောက် ကျွန်မခံနိုင်စွမ်းမရှိတော့တဲ့အခါ ကျွန်မရဲ့အလိုမကျမှုတွေပြေသွားတဲ့အချိန်အထိ ကျွန်မခင်ပွန်းကို စကားမပြောဘဲ နေလိုက်တော့တယ်။”

“‘အမျက်မပြေဘဲနေမဝင်စေနှင့်’ ဆိုတဲ့ ကျမ်းတစ်ချက်က ကျွန်မရဲ့ယူဆချက်ကို ပြုပြင်ပေးခဲ့တယ်။ ပြဿနာတွေ မတိုးလာဖို့ ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ပြောဆိုဆက်သွယ်မှု တိုးတက်အောင် ကြိုးစားကြတယ်။ လွယ်တော့မလွယ်ခဲ့ဘူး။ ဒါပေမဲ့ ဝမ်းသာစွာနဲ့ ကျွန်မပြောရမှာကတော့ ဆယ်နှစ်တာအိမ်ထောင်သက်တမ်း လွန်သွားပြီးတဲ့နောက် ဒီအေးတိအေးစက်နိုင်လွန်းတဲ့ တိတ်ဆိတ်တဲ့အချိန်တွေဟာ အတော့ကိုနည်းပါးသွားပြီဆိုတာပါပဲ။ ဒါပေမဲ့လည်း အဲ့ဒီစိတ်ဓာတ်ကို ကျွန်မထိန်းချုပ်နေရတုန်းပါပဲလို့ ဝန်ခံရမှာပဲ” ဟု မာရီယာက ထပ်ဖြည့်စွက်သည်။—ဧဖက် ၄:၂၇။

မာရီယာ တွေ့ရှိခဲ့သကဲ့သို့ လူနှစ်ဦးကြား၌ တင်းမာမှုများရှိနေသောအခါ စကားပြောဆိုဆက်သွယ်ခြင်းမပြုဘဲနေခြင်းသည် ဖြေရှင်းနည်းမဟုတ်ပေ။ ထိုအခြေအနေမျိုးများအောက်၌ စိတ်ခုမှုသည် တိုးပွားလာဖွယ်ရှိပြီး ဆက်သွယ်ရေး ထိခိုက်ပျက်စီးသွားပေမည်။ “စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြု” သင့်ကြောင်း ယေရှုက မိန့်ဆို၏။ (မဿဲ ၅:၂၅) “လျောက်ပတ်သောစကား” သည် ကျွန်ုပ်တို့ကို “အသင့်အတင့်နေ” ရန် ကူညီပေးနိုင်သည်။—သု. ၂၅:၁၁; ၁ ပေတရု ၃:၁၁။

ကျွန်ုပ်တို့အကူအညီလိုအပ်ချိန်၌လည်း ထုတ်ဖော်ပြောဆိုရန် လိုအပ်၏။ ဝိညာဉ်ရေးပြဿနာအချို့ကြောင့် ကျွန်ုပ်တို့ဒုက္ခခံနေရမည်ဆိုလျှင် အခြားသူများကို ဝန်တင်မိရန် ကျွန်ုပ်တို့မလိုလားဘဲ ဖြစ်နေမည်။ သို့သော် တိတ်ဆိတ်စွာနေမည်ဆိုလျှင် ပြဿနာသည် ပို၍ဆိုးဝါးလာနိုင်သည်။ ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများသည် ကျွန်ုပ်တို့ကို ဂရုစိုက်ပြီး ကျွန်ုပ်တို့ကခွင့်ပြုမည်ဆိုလျှင် စိတ်အားထက်သန်စွာကူညီပေးမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ဤအချိန်သည် ကျွန်ုပ်တို့စကားပြောဆိုသင့်သောအချိန်ဖြစ်သည်။—ယာကုပ် ၅:၁၃-၁၆။

ထိုထက်ကား ယေရှုပြုခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည် လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းဖြင့် ယေဟောဝါနှင့် မှန်မှန်စကားပြောဆိုသင့်သည်။ အမှန်ပင်၊ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံ ‘ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖွင့်ပြ’ ကြစို့။—ဆာလံ ၆၂:၈; ဟေဗြဲ ၅:၇ နှိုင်းယှဉ်။

ဘုရားသခင့်နိုင်ငံတော်အကြောင်း “ပြောရသောအချိန်”

ခရစ်ယာန်ဓမ္မအမှုသည် အဆုံးမရောက်မီပြီးစီးရမည့် ဘုရားပေးတာဝန်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်များသည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်ရန် တစ်ခါမျှနှင့်မတူအောင် အရေးကြီးလျက်ရှိ၏။ (မာကု ၁၃:၁၀) တမန်တော်များနည်းတူ စစ်မှန်သောခရစ်ယာန်များသည် “ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို မဟောမပြောဘဲမနေနိုင်” ကြချေ။—တမန်တော် ၄:၂၀။

လူတိုင်း သတင်းကောင်းကို နားထောင်လိုကြမည်မဟုတ်ပေ။ အမှန်သော် ဟောပြောရန်အတွက် တပည့်တော်များကို စေလွှတ်လိုက်သောအခါက ‘ထိုက်တန်သောသူများကို ရှာကြ’ ရန် သူတို့ကို ယေရှုအကြံပြုခဲ့၏။ ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်ရန် တစ်ဦးတစ်ယောက်ကိုမျှ အတင်းအကျပ်မပြုသောကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို အကြောက်အကန်ငြင်းဆန်နေသောသူ တစ်ဦးတစ်ယောက်ကို ကျွန်ုပ်တို့သည် အတင်းဇွတ်တရွတ် ဆက်ပြောဆိုနေကြမည်မဟုတ်ချေ။ (မဿဲ ၁၀:၁၁-၁၄) သို့သော် “ထာဝရအသက်ရရှိရန် ရွေးကောက်ခြင်းခံရ” သူတို့ကို ယေဟောဝါ၏ဘုရင်အဖြစ်တော်အကြောင်း ဝမ်းမြောက်ဝမ်းသာပြောပြကြမည်ဖြစ်သည်။—တမန်တော် ၁၃:၄၈၊ သတင်းကောင်း; ဆာလံ ၁၄၅:၁၀-၁၃။

မေတ္တာ၊ နူးညံ့သိမ်မွေ့မှုနှင့် နှိမ့်ချမှုတို့သည် အလျင်စလိုပြောဆိုလိုက်ရန် သို့မဟုတ် တင်းမာသည့်တိတ်ဆိတ်သောအခြေအနေသို့ရောက်သွားစေရန် ကျွန်ုပ်တို့၏မစုံလင်သည့်စိတ်ထားကိုထိန်းချုပ်ဖို့ ကျွန်ုပ်တို့အားကူညီပေးမည့် အရည်အချင်းများဖြစ်ပေသည်။ ဤအရည်အချင်းများ တိုးပွားလာသည်နှင့်အမျှ စကားပြောဆိုရန် သင့်လျော်သောအချိန်နှင့် မသင့်လျော်သောအချိန်တို့ကို ခွဲခြားသိမြင်ရန် ကျွန်ုပ်တို့ကိုကောင်းစွာပြင်ဆင်ပေးပေလိမ့်မည်တည်း။

[အောက်ခြေမှတ်ချက်များ]

a နာမည်ရင်းမဟုတ်။

b နာမည်ရင်းမဟုတ်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကောင်းစွာပြောဆိုဆက်သွယ်ခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ