အခန်း ၁၂၃
၀မ်းနည်းပြီး သောကဖိစီးချိန်မှာ ဆုတောင်းခြင်း
မဿဲ ၂၆:၃၀၊ ၃၆-၄၆ မာကု ၁၄:၂၆၊ ၃၂-၄၂ လုကာ ၂၂:၃၉-၄၆ ယောဟန် ၁၈:၁
ဂေသရှေမန်ဥယျာဉ်ထဲမှာ ဆုတောင်း
ချွေးတွေ သွေးလို တစက်စက်ကျ
ယေရှုက သစ္စာရှိ တမန်တော်တွေနဲ့အတူ ဆုတောင်းပြီးတာနဲ့ “ချီးမွမ်းသီချင်းဆိုပြီးနောက် သံလွင်တောင်ပေါ် တက်သွားကြတယ်။” (မာကု ၁၄:၂၆) သူတို့ သွားနေကျနေရာဖြစ်တဲ့ အရှေ့ဘက် ဂေသရှေမန်ဥယျာဉ်ကို သွားကြတာ။
သံလွင်ပင်တွေကြားက အေးချမ်းတဲ့ ဒီနေရာလေးကို ရောက်လာတဲ့အခါ ယေရှုက တမန်တော်ရှစ်ယောက်ကို “ကျွန်တော် ဟိုနားမှာ သွားပြီး ဆုတောင်းလိုက်ဦးမယ်။ ဒီမှာ ထိုင်နေကြပါ” လို့မှာတယ်။ သူတို့ကို ဥယျာဉ်ဝင်ပေါက်နားမှာ ထိုင်နေခိုင်းတာ ဖြစ်မယ်။ ဒီနောက် တမန်တော်သုံးယောက်ဖြစ်တဲ့ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်ပြီး ဥယျာဉ်အတွင်းထဲ ဝင်သွားတယ်။ အကြီးအကျယ် သောကဖိစီးနေတာမို့ “ကျွန်တော် ဝမ်းနည်းလွန်းလို့ သေလုမတတ်ပဲ။ ဒီမှာ နေခဲ့ကြဦး။ ကျွန်တော်နဲ့အတူ သတိနဲ့ စောင့်နေကြပါ” လို့ သူတို့ကို ပြောတယ်။—မဿဲ ၂၆:၃၆-၃၈။
အဲဒီနောက် ရှေ့နားလေးကို သွား၊ “မြေပေါ်ပျပ်ဝပ်” ပြီး ဆုတောင်းတယ်။ ဒီလို စိတ်သောကရောက်နေချိန်မှာ ဘုရားဆီ သူဘာတောင်းသလဲ။ “အဖဟာ အရာအားလုံးကို လုပ်နိုင်ပါတယ်။ ဒီခွက်ကို လွှဲဖယ်ပေးပါ။ ဒါပေမဲ့ ကျွန်တော့် ဆန္ဒအတိုင်း မဖြစ်ပါစေနဲ့။ အဖရဲ့ ဆန္ဒအတိုင်းသာ ဖြစ်ပါစေ” လို့ဆုတောင်းတယ်။ (မာကု ၁၄:၃၅၊ ၃၆) သူ ဘာကို ဆိုလိုတာလဲ။ ရွေးဖိုးပေးရမယ့် သူ့တာဝန်ကို မလုပ်ချင်တော့ဘူးဆိုတဲ့ သဘောလား။ မဟုတ်ပါဘူး။
ရောမတွေ သေဒဏ်ပေးလိုက်တဲ့ သူတွေဟာ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရတယ်ဆိုတာ ယေရှု ကောင်းကင်ကနေ မြင်ခဲ့တယ်။ အခုတော့ နာကျင်ခံစားတတ်တဲ့ လူသားတစ်ယောက်အနေနဲ့ ကိုယ်တိုင် ကြုံရတော့မယ်၊ ဒါပေမဲ့ ရှေ့မှာကြုံရမယ့် အရာတွေအကြောင်း သူစဉ်းစားနေတာ မဟုတ်ဘူး။ ရွံရှာစရာ ရာဇဝတ်သားတစ်ယောက်လို သူသေရမယ့် အဖြစ်ဟာ ဖခင်နာမည်ကို ရှုတ်ချစရာ ဖြစ်စေနိုင်တယ်ဆိုတာ စဉ်းစားပြီး စိတ်သောက ရောက်နေတာ။ မကြာခင် သူဟာ ဘုရားကို စော်ကားသူတစ်ယောက်အနေနဲ့ သစ်တိုင်တင် အသတ်ခံရတော့မယ်။
ယေရှုက အကြာကြီး ဆုတောင်းပြီးနောက် တမန်တော်သုံးယောက်ဆီ ပြန်လာတဲ့အခါ သူတို့ အိပ်ပျော်နေတာကို တွေ့တော့ ပေတရုကို “တစ်နာရီလေးတောင် သတိနဲ့ မစောင့်နိုင်ဘူးလား။ သွေးဆောင်မှုနောက် ပါမသွားအောင် သတိနဲ့စောင့်ပြီး အမြဲ ဆုတောင်းနေကြပါ” လို့ပြောတယ်။ တမန်တော်တွေလည်း စိုးရိမ်ပူပန်စိတ်ကြောင့် ဖိစီးမှုခံနေရတဲ့အပြင် တော်တော် ညဉ့်နက်နေပြီဆိုတာ ယေရှုသိတယ်။ ဒါကြောင့် “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” လို့ပြောတယ်။—မဿဲ ၂၆:၄၀၊ ၄၁။
ဒီနောက် ဒုတိယအကြိမ် ပြန်သွားပြီး “ဒီခွက်ကို” မသောက်ရအောင် လွှဲဖယ်ပေးပါလို့ ဘုရားဆီ ဆုတောင်းတယ်။ ပြန်လာတဲ့အခါ သူတို့တွေ အိပ်ပျော်နေတာကို တွေ့ရပြန်တယ်။ တကယ်တော့ သွေးဆောင်မှုနောက် မပါသွားအောင် သူတို့ ဆုတောင်းနေသင့်တာ။ ဒါကြောင့် “ယေရှုကို ဘာပြန်ပြောရမှန်းမသိ ဖြစ်နေကြတယ်။” (မာကု ၁၄:၄၀) အဲဒီနောက် တတိယအကြိမ် ပြန်သွားပြီး ဒူးထောက်ဆုတောင်းတယ်။
ရာဇဝတ်သား တစ်ယောက်လို သူသေရမယ့်အဖြစ်ကြောင့် ဖခင်နာမည် ရှုတ်ချခံရမှာကို တွေးပြီး ယေရှု အလွန်စိုးရိမ်နေတယ်။ ဒါပေမဲ့ ယေဟောဝါက သားတော်ရဲ့ ဆုတောင်းချက်ကို နားထောင်ပေးတယ်။ ယေရှုကို အားပေးဖို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပေးတယ်။ ဒါတောင်မှ ဖခင်ဆီ ဆုတောင်း အသနားခံနေတုန်းပဲ။ “ခါတိုင်းထက်ပိုပြီး အသည်းအသန် ဆုတောင်း” တယ်။ သူခံစားနေရတဲ့ ဖိစီးမှုက ပြင်းထန်လွန်းတယ်။ တကယ်ကြီးလေးတဲ့ တာဝန်ကို သူထမ်းထားရတယ်။ အခုအချိန်ဟာ သူကိုယ်တိုင်နဲ့ ယုံကြည်သူ လူသားတွေ ထာဝရအသက် ရရှိရေးအတွက် အဆုံးအဖြတ်ပေးမယ့် အချိန်ပဲ။ ဒါကြောင့် “ချွေးတွေဟာ သွေးလို မြေပေါ် တစက်စက် ကျလာတယ်။”—လုကာ ၂၂:၄၄။
တမန်တော်တွေဆီ တတိယအကြိမ် ပြန်လာတဲ့အခါ သူတို့ အိပ်ပျော်နေတာကို တွေ့ရပြန်တယ်။ ဒါကြောင့် “ဒီလို အချိန်မျိုးမှာတောင် အေးအေးဆေးဆေး အိပ်နေကြပါလား။ လူသားကို သစ္စာဖောက်ပြီး အပြစ်သားတွေ လက်ထဲ အပ်မယ့်အချိန် နီးနေပြီ။ ထကြ၊ သွားကြစို့။ ကျွန်တော့်ကို သစ္စာဖောက်တဲ့သူ ရောက်လာတော့မယ်” လို့ပြောတယ်။—မဿဲ ၂၆:၄၅၊ ၄၆၊။
ယေရှုနဲ့ တမန်တော်တွေ အပေါ်ထပ်အခန်းကနေ ထွက်လာပြီးနောက် ဘယ်ကို သွားကြသလဲ။
ယေရှု ဆုတောင်းနေတုန်း တမန်တော်သုံးယောက် ဘာလုပ်နေကြသလဲ။
ယေရှုရဲ့ချွေးတွေ သွေးလို တစက်စက်ကျတာက သူ့ခံစားချက်နဲ့ ပတ်သက်ပြီး ဘာကို ဖော်ပြနေသလဲ။