“စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း”
“စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။”—မဿဲ ၂၆:၄၁။
ဘုရားသခင့်သားတော် ယေရှုခရစ်သည် ကြုံတွေ့ခဲ့သမျှတွင် အပြင်းထန်ဆုံး ဖိအားပေးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ကိုယ်တော်၏မြေကြီးအသက်တာ ကုန်ဆုံးတော့မည့်အချိန်တွင်ဖြစ်သည်။ မကြာမီ အဖမ်းခံရပြီး သေဒဏ်ချမှတ်ခံရကာ ညှဉ်းဆဲရာနှက်တိုင်ပေါ် ချိတ်ဆွဲခံရတော့မည်ဖြစ်ကြောင်း ယေရှုသိတော်မူ၏။ မိမိ၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်မှုတိုင်းသည် ခမည်းတော်၏နာမတော်ကို ရောင်ပြန်ဟပ်ရမည်ဖြစ်ကြောင်း ကိုယ်တော်သိသည်။ လူသားတို့၏ အနာဂတ်အသက်ရှင်ရေး အလားအလာနှင့်ပတ်သက်၍ ဆုံးဖြတ်ရတော့မည်ဖြစ်ကြောင်းကိုလည်း ယေရှုသိတော်မူ၏။ ယင်းဖိအားများနှင့် ရင်ဆိုင်နေရသောကြောင့် ကိုယ်တော် အဘယ်အရာ ပြုလုပ်ခဲ့သနည်း။
၂ ယေရှုသည် တပည့်များနှင့်အတူ ဂေသရှေမန်ဥယျာဉ်ဘက်သို့ ထွက်သွားခဲ့သည်။ ထိုနေရာသည် ကိုယ်တော်နှစ်သက်သော နေရာတစ်ခုဖြစ်သည်။ ဥယျာဉ်သို့ရောက်သောအခါ တပည့်များမှ အနည်းငယ်ခွာ၍နေသည်။ တစ်ဦးတည်းရှိနေစဉ် ခွန်အားပေးပါရန် ကောင်းကင်ခမည်းတော်ထံ စိတ်အားထက်သန်စွာ နှလုံးအပြည့်ဖြင့် ဆုတောင်းခဲ့သည်—တစ်ကြိမ်သာမကပါ၊ သုံးကြိမ်တိုင်ဖြစ်သည်။ ယေရှုသည် စုံလင်သူဖြစ်သော်လည်း မိမိ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ဖိအားများကို ရင်ဆိုင်နိုင်သည်ဟု မယူမှတ်ခဲ့ချေ။—မဿဲ ၂၆:၃၆-၄၄။
၃ ယနေ့ ကျွန်ုပ်တို့လည်း ဖိအားများနှင့် ရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့သည် ဤဆိုးသွမ်းသောအစီအစဉ်စနစ်၏ နောက်ဆုံးသောကာလတွင် အသက်ရှင်နေကြကြောင်း ဤဘရိုရှာအစပိုင်းတွင် ဆင်ခြင်သုံးသပ်ခဲ့ကြပြီးဖြစ်သည်။ စာတန့်လောက၏ စုံစမ်းနှောင့်ယှက်မှုများနှင့် ဖိစီးမှုများသည် အလွန်ပြင်းထန်၏။ စစ်မှန်သောဘုရားသခင်အား ဝတ်ပြုကိုးကွယ်သည်ဟုဆိုကြသူ ကျွန်ုပ်တို့မည်သူမဆို၏ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများသည် ဘုရားသခင့်နာမတော်ကို ရောင်ပြန်ဟပ်သင့်ပြီး ကိုယ်တော်၏ကမ္ဘာသစ်တွင် အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ မျှော်လင့်ချက်အပေါ် များစွာအကျိုးသက်ရောက်သင့်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါကို ချစ်မြတ်နိုးကြသည်။ ကျွန်ုပ်တို့သည် ‘အဆုံးတိုင်အောင် ခံနိုင်ရည်’ ရှိလိုကြသည်—ကျွန်ုပ်တို့အသက်သေဆုံးသည့်အချိန်အထိ သို့မဟုတ် ဤအစီအစဉ်စနစ် နိဂုံးချုပ်ချိန်အထိ ဖြစ်သည်။ (မဿဲ ၂၄:၁၃) သို့သော် ကျွန်ုပ်တို့၏ အရေးတကြီးသဘောထားကို ထိန်းသိမ်းပြီး မည်သို့ဆက်၍ စောင့်နေနိုင်ကြသနည်း။
၄ ရှေးခေတ်နှင့် မျက်မှောက်ခေတ် ကိုယ်တော်၏တပည့်များသည် ဖိအားများနှင့်ရင်ဆိုင်ရမည်ကို ယေရှုသိရှိတော်မူသောကြောင့် ဤသို့တိုက်တွန်းခဲ့၏– “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။” (မဿဲ ၂၆:၄၁) ထိုစကားများသည် ယနေ့ ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ အဘယ်စုံစမ်းနှောင့်ယှက်မှုနှင့် သင်ရင်ဆိုင်ရသနည်း။ သင်မည်သို့ “စောင့်နေ” နိုင်သနည်း။
အဘယ်အရာပြုလုပ်ရန် စုံစမ်းသွေးဆောင်ခံရသနည်း
၅ ကျွန်ုပ်တို့အားလုံးသည် “စာတန်၏ကျော့ကွင်း” ထဲကျရောက်သွားစေနိုင်သည့် စုံစမ်းနှောင့်ယှက်မှုများနှင့် နေ့စဉ်ကြုံတွေ့ရသည်။ (၂ တိမောသေ ၂:၂၆၊ ကဘ) စာတန်သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများကို အထူးပစ်မှတ်ထားကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးထား၏။ (၁ ပေတရု ၅:၈; ဗျာ. ၁၂:၁၂၊ ၁၇) အဘယ်ရည်ရွယ်ချက်အတွက်နည်း။ ကျွန်ုပ်တို့၏အသက်ကို ခြွေယူရန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် တည်ကြည်၍ သေဆုံးသွားမည်ဆိုလျှင်ပင် စာတန်အောင်မြင်သည် မဟုတ်ပါ။ ယေဟောဝါ သတ်မှတ်ထားသောအချိန်တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေခြင်းမှကယ်နုတ်မည်ကို စာတန်သိထားသည်။—လုကာ ၂၀:၃၇၊ ၃၈။
၆ စာတန်သည် ကျွန်ုပ်တို့၏လက်ရှိအသက်ထက် ပို၍ပင်တန်ဖိုးရှိသောအရာ—ဘုရားသခင်အပေါ် ကျွန်ုပ်တို့သမာဓိရှိမှု—ကို ဖျက်ဆီးရန် အလိုရှိ၏။ ယေဟောဝါထံမှ ကျွန်ုပ်တို့ကျောခိုင်းစွန့်ခွာသွားအောင် လုပ်ဆောင်နိုင်ကြောင်း သက်သေပြရန် စာတန်အစွမ်းကုန်ကြိုးစားနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တည်ကြည်မှုမရှိဖြစ်လာကာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ရပ်စဲလိုက်မည် သို့မဟုတ် ခရစ်ယာန်စံနှုန်းများကို စွန့်လွှတ်လိုက်မည်ဆိုလျှင် စာတန်အတွက် အောင်ပွဲဖြစ်မည်! (ဧဖက် ၆:၁၁-၁၃) ထို့ကြောင့် “စုံစမ်းသွေးဆောင်သောသူ” သည် သွေးဆောင်မှုများကို ကျွန်ုပ်တို့ရှေ့တွင် ချထား၏။—မဿဲ ၄:၃။
၇ စာတန်သည် “လှည့်စားတတ်သော နည်းပရိယာယ်” အမျိုးမျိုးကို အသုံးပြုသည်။ (ဧဖက် ၆:၁၁၊ ဂျူးဓမ္မသစ်ကျမ်း) ရုပ်ဝါဒ၊ ကြောက်ရွံ့မှု၊ သံသယစိတ် သို့မဟုတ် အပျော်အပါးလိုက်စားမှုတို့ဖြင့် ကျွန်ုပ်တို့ကို သွေးဆောင်ပေမည်။ သို့သော် စာတန်၏ အထိရောက်ဆုံး နည်းတစ်နည်းမှာ စိတ်ပျက်အားလျော့စေခြင်း ဖြစ်သည်။ စိတ်ပျက်အားလျော့ခြင်းသည် ကျွန်ုပ်တို့ကို အားနည်းစေပြီး ထိခိုက်လွယ်သူများဖြစ်စေနိုင်ကြောင်း ကောက်ကျစ်စဉ်းလဲသည့် အခွင့်အရေးသမား စာတန်သိထားသည်။ (သု. ၂၄:၁၀) ထို့ကြောင့် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ “ကြေကွဲ” နေချိန်တွင် ကျွန်ုပ်တို့ လက်လျှော့အရှုံးပေးစေရန် စာတန်သွေးဆောင်လေသည်။—ဆာလံ ၃၈:၈။
၈ နောက်ဆုံးသောကာလ၏အဆုံး သာ၍နီးကပ်လာသည်နှင့်အမျှ စိတ်ပျက်အားလျော့မှုဖြစ်စေသည့် အကြောင်းရင်းများ တိုးများလာပုံရပြီး ကျွန်ုပ်တို့သည် ၎င်းတို့၏သြဇာလွှမ်းမိုးမှုမှ မလွတ်ကင်းကြပါ။ (“စိတ်ပျက်အားလျော့စေသော အချက်အချို့” လေးထောင့်ကွက်ကိုရှု။) မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ စိတ်ပျက်အားလျော့မှုသည် ကျွန်ုပ်တို့၏ခွန်အားကို ဆုတ်ယုတ်စေနိုင်သည်။ သင်သည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းတို့တွင် မောပန်းနွမ်းနယ်နေမည်ဆိုလျှင် ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးများတက်ခြင်း၊ ဓမ္မအမှုတွင်ပါဝင်ခြင်းစသည့် ဝိညာဉ်ရေးတာဝန်များအတွက် “အခွင့်သာသောအချိန်ကို ဝယ်ယူ” ရန် စိန်ခေါ်ချက်ဖြစ်နိုင်သည်။ (ဧဖက် ၅:၁၅၊ ၁၆၊ ကဘ) စုံစမ်းသွေးဆောင်သူသည် သင့်အား ရပ်စဲလိုက်စေလိုကြောင်းကို သတိရပါ။ သို့သော် ယခုအချိန်သည် ကျွန်ုပ်တို့အသက်ရှင်နေရသည့် အချိန်ကာလနှင့်ပတ်သက်၍ အရေးတကြီးသဘောထား လျော့နည်း သို့မဟုတ် ပျောက်ဆုံးသွားရမည့် အချိန်မဟုတ်ပါ! (လုကာ ၂၁:၃၄-၃၆) သင်သည် စုံစမ်းနှောင့်ယှက်မှုကို မည်သို့ တွန်းလှန်ပြီး စောင့်နေနိုင်မည်နည်း။ အထောက်အကူပြုနိုင်သည့် အချက်လေးချက်ကို သုံးသပ်ကြည့်ကြစို့။
“ဆုတောင်းလျက်စောင့်နေကြလော့”
၉ ဆုတောင်းခြင်းဖြင့် ယေဟောဝါအား မှီခိုအားထားပါ။ ဂေသရှေမန်ဥယျာဉ်မှ ယေရှု၏ပုံနမူနာကို ပြန်သတိရပါ။ စိတ်ဖိစီးမှုအပြင်းအထန်ခံစားနေရချိန်တွင် ကိုယ်တော်အဘယ်အရာပြုလုပ်ခဲ့သနည်း။ “ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ဖြစ်” သည့်အထိ စိတ်အားထက်သန်စွာ ဆုတောင်းခြင်းဖြင့် ယေဟောဝါထံ အကူအညီတောင်းခဲ့သည်။ (လုကာ ၂၂:၄၄) စဉ်းစားကြည့်ပါ။ ယေရှုသည် စာတန့်အကြောင်း ကောင်းကောင်းသိထားသည်။ ဘုရားသခင့်ကျေးကျွန်များကို ကျော့မိစေရန် စာတန်အသုံးပြုသော စုံစမ်းသွေးဆောင်မှု နည်းလမ်းအားလုံးကို ကောင်းကင်မှနေ၍ ကိုယ်တော်တွေ့မြင်ခဲ့ပြီးဖြစ်သည်။ သို့သော် မိမိရှေ့တွင် စုံစမ်းသွေးဆောင်သူ ချထားနိုင်သည့် မည်သည့်အရာကိုမဆို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယေရှုမယူမှတ်ခဲ့ပါ။ စုံလင်သော ဘုရားသခင့်သားတော်ဖြစ်လျက်ပင် ဘုရားသခင်ထံမှ အကူအညီနှင့် ခွန်အားရရန် ဆုတောင်းဖို့လိုသည်ဟု ယူမှတ်ခဲ့လျှင် ကျွန်ုပ်တို့သည် ပို၍ပင် ထိုသို့ယူမှတ်သင့်သည်!—၁ ပေတရု ၂:၂၁။
၁၀ တပည့်များအား “ဆုတောင်းလျက်စောင့်နေကြ” ရန် ကိုယ်တော်တိုက်တွန်းပြီးနောက် “စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကားအားနည်းသည်” ဟုယေရှုမိန့်တော်မူခဲ့ကြောင်းကိုလည်း သတိရပါ။ (မဿဲ ၂၆:၄၁) မည်သူ့ကို ကိုယ်တော်ရည်ညွှန်းခဲ့ခြင်းဖြစ်သနည်း။ မိမိကိုယ်ကို ရည်ညွှန်းခြင်း မဟုတ်သည်မှာ သေချာသည်; ကိုယ်တော်၏ စုံလင်သောလူ့ကိုယ်ခန္ဓာသည် အားနည်းစရာမရှိခဲ့ပါ။ (၁ ပေတရု ၂:၂၂) သို့သော် တပည့်များမူကား ထိုသို့မဟုတ်ခဲ့ချေ။ မစုံလင်မှုနှင့် အပြစ်ပြုလိုသောဉာဉ်ဆိုးများကို အမွေရထားသောကြောင့် သူတို့သည် စုံစမ်းနှောင့်ယှက်မှုကို ခုခံတွန်းလှန်ရာတွင် အထူးသဖြင့် အကူအညီလိုအပ်ပေမည်။ (ရောမ ၇:၂၁-၂၄) ထို့ကြောင့်သာ ကိုယ်တော်က သူတို့—နှင့် သူတို့နောက်ပိုင်း ခရစ်ယာန်စစ်အားလုံး—သည် စုံစမ်းနှောင့်ယှက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ အကူအညီအတွက် ဆုတောင်းရန် တိုက်တွန်းနှိုးဆော်ခဲ့ခြင်းဖြစ်သည်။ (မဿဲ ၆:၁၃) ယေဟောဝါသည် ထိုသို့သောဆုတောင်းချက်များကို နားညောင်းတော်မူသည်။ (ဆာလံ ၆၅:၂) မည်သို့အားဖြင့်နည်း။ အနည်းဆုံး နည်းနှစ်နည်းဖြင့်ဖြစ်သည်။
၁၁ ဦးဆုံး၊ စုံစမ်းနှောင့်ယှက်မှုများကို ကျွန်ုပ်တို့သိမှတ်စေရန် ဘုရားသခင် ကူညီပေးသည်။ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများသည် မှောင်မိုက်နေသောလမ်းတွင်ရှိသည့် ပြန့်ကျဲနေသောထောင်ချောက်များနှင့်တူသည်။ ယင်းတို့ကို မမြင်ရလျှင် ထောင်ချောက်မိသွားနိုင်သည်။ သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများအားဖြင့် ယေဟောဝါသည် စာတန်၏ထောင်ချောက်များအပေါ် အလင်းထွန်းလင်းပေးထားသဖြင့် စုံစမ်းသွေးဆောင်မှုထဲသို့ မကျရောက်စေရန် ရှောင်ရှားစေနိုင်သည်။ နှစ်များတစ်လျှောက် ပုံနှိပ်စာပေများနှင့် စည်းဝေးကြီး၊ စည်းဝေးပွဲအစီအစဉ်များတွင် လူကိုကြောက်ရွံ့ခြင်း၊ လိင်အကျင့်ယိုယွင်းခြင်း၊ ရုပ်ဝါဒနှင့် စာတန့်ထံမှ အခြားစုံစမ်းနှောင့်ယှက်မှုများစသည့် အန္တရာယ်များကို ထပ်ခါထပ်ခါ သတိပေးခဲ့ပြီးဖြစ်သည်။ (သု. ၂၉:၂၅; ၁ ကောရိန္သု ၁၀:၈-၁၁; ၁ တိမောသေ ၆:၉၊ ၁၀) ယေဟောဝါသည် စာတန်၏အကြံအစည်များကို ကျွန်ုပ်တို့သိမြင်စေရန် သတိပေးနေခြင်းကြောင့် သင်ကျေးဇူးမတင်ပေလော။ (၂ ကောရိန္သု ၂:၁၁) ထိုသတိပေးချက်အားလုံးသည် စုံစမ်းနှောင့်ယှက်မှုကို တွန်းလှန်ရာတွင် အကူအညီပေးရန် သင့်ဆုတောင်းချက်များ၏ အဖြေဖြစ်သည်။
၁၂ ဒုတိယတစ်ခုမှာ စုံစမ်းနှောင့်ယှက်မှုကို ခံနိုင်ရည်ရှိရန် ခွန်အားပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ယေဟောဝါ အဖြေပေးတော်မူ၏။ ကိုယ်တော်၏နှုတ်မြွက်တော်တွင် ဤသို့ဆိုထား၏– “သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း [ဘုရားသခင်] စီရင်ပြုပြင်တော်မူလိမ့်မည်။” (၁ ကောရိန္သု ၁၀:၁၃) ကျွန်ုပ်တို့သည် ကိုယ်တော်ကို အမြဲမှီခိုအားထားနေမည်ဆိုလျှင် တွန်းလှန်ရန် ဝိညာဉ်ရေးခွန်အားမရှိတော့သည်အထိ အလွန်တရာဖိစီးလွှမ်းမိုးသော စုံစမ်းနှောင့်ယှက်မှုမျိုးကို ဘုရားသခင် ဘယ်တော့မျှ ခွင့်ပြုမည်မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် ‘ထွက်မြောက်ရာလမ်း’ ကိုမည်သို့စီရင်ပေးသနည်း။ ကိုယ်တော်သည် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူ၏။’ (လုကာ ၁၁:၁၃) ထိုဝိညာဉ်တော်သည် မှန်ရာကိုပြုလုပ်ရန် ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်ကို ခိုင်မြဲစေနိုင်သည့် ကျမ်းစာမူများကို ပြန်လည်သတိရစေရန်နှင့် ပညာရှိသောဆုံးဖြတ်ချက်များချစေရန် အကူအညီပေးမည်။ (ယောဟန် ၁၄:၂၆; ယာကုပ် ၁:၅၊ ၆) ဉာဉ်ဆိုးများကို အနိုင်ယူနိုင်ရန်အလို့ငှာ လိုအပ်သော အရည်အသွေးများ တင်ပြစေရန်လည်း ယင်းက အကူအညီပေးနိုင်သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ယုံကြည်သူချင်းများသည် ‘ကျွန်ုပ်တို့အတွက် ခွန်အားရှိစေသော အထောက်အကူ ဖြစ်လာစေ’ ရန်ပင် ဘုရားသခင့်ဝိညာဉ်တော်က လှုံ့ဆော်ပေးနိုင်သည်။ (ကောလောသဲ ၄:၁၁) ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ အကူအညီတောင်းခံမှုကို ထိုသို့သော မေတ္တာပါသည့်နည်းများဖြင့် ယေဟောဝါ တုံ့ပြန်ပေးသည့်အတွက် သင် ကျေးဇူးမတင်ပေလော။
သင့်မျှော်လင့်ရာများ အရှိကိုအရှိအတိုင်းဖြစ်စေပါ
၁၃ စောင့်နေကြရန် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များသည် အရှိကိုအရှိအတိုင်းဖြစ်ရန်လိုသည်။ ဘဝဖိအားများကြောင့် ကျွန်ုပ်တို့အားလုံးသည် တစ်ခါတစ်ရံ ပင်ပန်းနွမ်းနယ်တတ်ကြသည်။ သို့သော် ကျွန်ုပ်တို့သည် ဤစနစ်ဟောင်းတွင် ပြဿနာကင်းသောဘဝကို ပိုင်ဆိုင်ကြမည်ဟု ဘုရားသခင် တစ်ခါမျှ ကတိမပြုကြောင်း သတိရကြရမည်။ ကျမ်းစာခေတ်က ဘုရားသခင့်ကျေးကျွန်များပင်လျှင် နှိပ်စက်ညှဉ်းပန်းခြင်း၊ ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာခြင်းအပါအဝင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ကြသည်။—တမန်တော် ၈:၁; ၂ ကောရိန္သု ၈:၁၊ ၂; ၁ သက်သာလောနိတ် ၅:၁၄; ၁ တိမောသေ ၅:၂၃။
၁၄ ယနေ့ ကျွန်ုပ်တို့တွင်လည်း ပြဿနာများရှိပါသည်။ ကျွန်ုပ်တို့သည် နှိပ်စက်ညှဉ်းပန်းမှုကို ရင်ဆိုင်ရပေမည်၊ ငွေရေးကြေးရေးစိုးရိမ်ပူပန်မှုများ ကြုံတွေ့ရပေမည်၊ စိတ်ဓာတ်ကျမှုကို တိုက်လှန်နေရမည်၊ ဖျားနာမည်၊ အခြားအခက်အခဲများ ကြုံရပေမည်။ ယေဟောဝါသည် ဘေးရန်မှန်သမျှမှ ကျွန်ုပ်တို့ကို အံ့ဖွယ်နည်းဖြင့် ကာကွယ်ပေးမည်ဆိုပါက ယေဟောဝါအား ကဲ့ရဲ့စရာအကြောင်းပြချက် စာတန်ရရှိမည် မဟုတ်လော။ (သု. ၂၇:၁၁) ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို စုံစမ်းနှောင့်ယှက်၊ စမ်းသပ်ခံစေပြီး တစ်ခါတစ်ရံ ဆန့်ကျင်သူများ၏ လက်ထဲတွင် အချိန်မတန်ဘဲ သေဆုံးသည့်အခြေအနေမျိုးကိုပင် ခွင့်ပြုတော်မူသည်။—ယောဟန် ၁၆:၂။
၁၅ သို့ဆိုလျှင် ယေဟောဝါသည် အဘယ်အရာကို ကတိပြုတော်မူခဲ့သနည်း။ အစပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ်တော်ကို အပြည့်အဝယုံကြည်ကိုးစားနေသရွေ့ ကျွန်ုပ်တို့ကြုံတွေ့ရနိုင်သည့် မည်သည့်စုံစမ်းနှောင့်ယှက်မှုမျိုးကိုမဆို ခုခံတွန်းလှန်နိုင်စွမ်းရှိစေမည်ဟု ကိုယ်တော်ကတိပြုတော်မူခဲ့သည်။ (သု. ၃:၅၊ ၆) ကိုယ်တော်၏ နှုတ်မြွက်တော်၊ ကိုယ်တော်၏ ဝိညာဉ်တော်၊ ကိုယ်တော်၏အဖွဲ့အစည်းတို့အားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို ကိုယ်တော်ကာကွယ်ပေးပြီး ကိုယ်တော်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိန်းသိမ်းရန် ထောက်ကူပေးသည်။ ထိုဆက်ဆံရေးမပျက်စီးသောကြောင့် ကျွန်ုပ်တို့သေဆုံးသွားလျှင်ပင် ကျွန်ုပ်တို့ အောင်မြင်ပါသည်။ ဘုရားသခင်၏ တည်ကြည်သောကျေးကျွန်များအား ဆုကျေးဇူးပေးသနားခြင်းကို မည်သည့်အရာကမျှ—သေခြင်းပင် မတားဆီးနိုင်ပါ။ (ဟေဗြဲ ၁၁:၆) ထို့ပြင် မကြာမီရောက်ရှိလာတော့မည့် ကမ္ဘာသစ်တွင် ယေဟောဝါအားချစ်မြတ်နိုးသူများအပေါ် ကောင်းချီးသွန်းလောင်းမည်ဟူသည့် ကိုယ်တော်၏ အံ့ချီးဖွယ်ကတိတော်အားလုံး မပျက်မကွက် ပြည့်စုံလာမည်။—ဆာလံ ၁၄၅:၁၆။
အရေးကိစ္စကို သတိရပါ
၁၆ ကျွန်ုပ်တို့သည် အဆုံးအထိခံနိုင်ရည်ရှိရန် ဆိုးသွမ်းမှုကို ဘုရားသခင်ခွင့်ပြုထားရသည့် အရေးကြီးသော အရေးကိစ္စအကြောင်းကို သတိရကြရမည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ပြဿနာများသည် အလွန်ကြီးမားပုံရပြီး ယင်းကို လက်လျှော့အရှုံးပေးရန် စုံစမ်းသွေးဆောင်ခံရမည်ဆိုလျှင် စာတန်သည် ယေဟောဝါ၏ စကြဝဠာပိုင်သအုပ်စိုးခွင့်ကို စိန်ခေါ်ထားကြောင်း မိမိတို့ကိုယ်ကို သတိပေးနေသင့်သည်။ ထိုလှည့်ဖြားသူသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများ၏ ဆည်းကပ်အပ်နှံမှုနှင့် သမာဓိစောင့်သိမှုကိုလည်း သံသယဝင်စေခဲ့သည်။ (ယောဘ ၁:၈-၁၁; ၂:၃၊ ၄) ထိုအရေးကိစ္စများနှင့် ယင်းတို့ကိုဖြေရှင်းရန် ယေဟောဝါရွေးချယ်သည့် နည်းလမ်းများသည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ အသက်ထက် ပို၍အရေးကြီးသည်။ မည်သို့အားဖြင့်နည်း။
၁၇ ခက်ခဲဆင်းရဲမှုများကို ဘုရားသခင် ခေတ္တခွင့်ပြုထားခြင်းက အခြားသူများအား အမှန်တရား သိရှိလာစေသည်။ ဤအချက်ကို စဉ်းစားကြည့်ပါ– ယေရှုသည် ကျွန်ုပ်တို့အသက်ရရန် ခက်ခဲဆင်းရဲခြင်းကိုခံခဲ့သည်။ (ယောဟန် ၃:၁၆) ယင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးမတင်ပေလော။ သို့သော် အခြားသူများလည်း အသက်ရရန် အလားအလာရှိနေသေးသောကြောင့် ကျွန်ုပ်တို့သည် အချိန်အနည်းငယ်ပို၍ ခက်ခဲဆင်းရဲခံရန် တလိုတလားရှိကြပါသလော။ အဆုံးထိခံနိုင်ရည်ရှိဖို့ ယေဟောဝါ၏ဉာဏ်ပညာသည် ကျွန်ုပ်တို့၏ဉာဏ်ပညာထက် သာ၍ကြီးမြတ်ကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရမည်။ (ဟေရှာယ ၅၅:၉) ထိုအရေးကိစ္စများကို ထာဝစဉ်ဖြေရှင်းရေးနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ ထာဝရကောင်းစားရေးအတွက် အကောင်းဆုံးအချိန်တွင် ဆိုးသွမ်းမှုကို ကိုယ်တော်အဆုံးတိုင်စေပါလိမ့်မည်။ ယင်းထက် သာ၍ကောင်းသောဖြေရှင်းနည်း ရှိပါမည်လော။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မမူပါ!—ရောမ ၉:၁၄-၂၄။
“ဘုရားသခင်၌ ချဉ်းကပ်ကြလော့”
၁၈ ကျွန်ုပ်တို့၏ အရေးတကြီးသဘောထားကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ဘုရားသခင်ထံ ချဉ်းကပ်ရန်လိုသည်။ စာတန်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ကောင်းသောဆက်ဆံရေးကို ဖျက်ဆီးရန် အစွမ်းကုန်ကြိုးစားနေကြောင်း ဘယ်တော့မျှ မမေ့ပါနှင့်။ အဆုံးသည် ဘယ်တော့မျှ ရောက်လာမည်မဟုတ်၊ ထို့ကြောင့် သတင်းကောင်းဟောပြောနေစရာမလို သို့မဟုတ် ကျမ်းစာစံနှုန်းများနှင့်အညီ နေထိုင်စရာမလိုဟု ကျွန်ုပ်တို့အား စာတန်ယုံကြည်စေလိုသည်။ သို့သော် သူသည် “မုသာစကား၌ ကျင်လည်သောသူဖြစ်၏၊ မုသာ၏အဘလည်းဖြစ်၏။” (ယောဟန် ၈:၄၄) ကျွန်ုပ်တို့သည် ‘စာတန်ကို ဆီးတားကြ’ ရန် စိတ်ပိုင်းဖြတ်ထားရမည်။ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဘယ်တော့မျှ အလေးမထားဘဲ မနေသင့်ပါ။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို မေတ္တာပါစွာ ဤသို့တိုက်တွန်းထား၏– “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၇၊ ၈) ဘုရားသခင်ထံ အသင် မည်သို့ချဉ်းကပ်နိုင်မည်နည်း။
၁၉ ထက်သန်စွာ တွေးတောဆင်ခြင်ခြင်းသည် အရေးပါ၏။ ဘဝဖိအားများသည် ဖိစီးလွန်းပုံရလျှင် ယေဟောဝါထံ ရင်ဖွင့်တင်ပြပါ။ သင်သည် ပို၍တိတိကျကျ ရင်ဖွင့်လေ သင်၏တောင်းလျှောက်ချက်များကို အဖြေပေးကြောင်း တွေ့မြင်ရန် ပို၍လွယ်ကူလေဖြစ်သည်။ သင်စိတ်ကူးထားသည့်အတိုင်း အတိအကျ ဖြစ်မည်မဟုတ်သော်လည်း သင်သည် ကိုယ်တော့်ကို ဂုဏ်တင်လိုပြီး သမာဓိစောင့်ထိန်းလိုမည်ဆိုလျှင် အောင်မြင်စွာ ခံရပ်သွားနိုင်ရန် သင်လိုအပ်သော အကူအညီကို ကိုယ်တော်ပြင်ဆင်ပေးတော်မူမည်။ (၁ ယောဟန် ၅:၁၄) သင့်အသက်တာတွင် ကိုယ်တော်၏လမ်းညွှန်ပေးမှုကို တွေ့မြင်လာသည်နှင့်အမျှ သင်သည် ကိုယ်တော်နှင့် ပို၍နီးကပ်လာမည်။ သမ္မာကျမ်းစာတွင် ဖော်ပြထားသော ယေဟောဝါ၏ အရည်အသွေးများ၊ နည်းလမ်းတော်များကို ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ရန်လည်း မရှိမဖြစ်လိုအပ်သည်။ ထိုကဲ့သို့တွေးတောဆင်ခြင်ခြင်းက ကိုယ်တော်ကို ပို၍သိကျွမ်းလာစေပြီး သင့်နှလုံးထဲမှ နက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးစေရန် လှုံ့ဆော်ပေးသည်။ (ဆာလံ ၁၉:၁၄) တခြားမည်သည့်အရာထက်မဆို ထိုမေတ္တာက စုံစမ်းနှောင့်ယှက်မှုများကို ခုခံတွန်းလှန်ရန်နှင့် စောင့်နေရန် သင့်ကို အထောက်အကူပြုမည်။—၁ ယောဟန် ၅:၃။
၂၀ ယေဟောဝါထံ ချဉ်းကပ်ရာတွင် ကျွန်ုပ်တို့၏ ယုံကြည်သူချင်းများနှင့် နီးကပ်စွာနေခြင်းသည်လည်း အရေးပါသည်။ ယင်းအကြောင်းကို ဤဘရိုရှာ၏ နောက်ဆုံးအခန်းတွင် ဆွေးနွေးသုံးသပ်ကြမည်။
လေ့လာရန်မေးခွန်းများ
• ကိုယ်တော်၏မြေကြီးအသက်တာ ကုန်ဆုံးခါနီးအချိန် ပြင်းထန်သောဖိအားများ ကြုံတွေ့ရသည့်အခါ ယေရှုအဘယ်အရာ ပြုလုပ်ခဲ့သနည်း၊ တပည့်များအား အဘယ်အရာပြုလုပ်ရန် ကိုယ်တော် တိုက်တွန်းခဲ့သနည်း။ (ပိုဒ်. ၁-၄)
• စာတန်သည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများကို အဘယ်ကြောင့် ပစ်မှတ်ထားသနည်း၊ ကျွန်ုပ်တို့ကို အဘယ်နည်းများဖြင့် သွေးဆောင်သနည်း။ (ပိုဒ်. ၅-၈)
• စုံစမ်းနှောင့်ယှက်ခြင်းကို တွန်းလှန်ဖို့ ကျွန်ုပ်တို့သည် မပြတ်ဆုတောင်းရန် (ပိုဒ်. ၉-၁၂)၊ ကျွန်ုပ်တို့၏ မျှော်လင့်ရာကို အရှိအတိုင်းရှုမြင်ရန် (ပိုဒ်. ၁၃-၁၅)၊ အရေးကိစ္စများကို သတိရရန် (ပိုဒ်. ၁၆-၁၇)၊ ဘုရားသခင်ထံချဉ်းကပ်ရန် (ပိုဒ်. ၁၈-၂၀) အဘယ်ကြောင့် လိုအပ်သနည်း။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]
စိတ်ပျက်အားလျော့စေသော အချက်အချို့
ကျန်းမာရေး/အိုမင်းခြင်း။ ကျွန်ုပ်တို့သည် နာတာရှည်ရောဂါခံစားနေရသည်ဆိုလျှင်၊ အသက်အရွယ်အိုမင်းလာခြင်းကြောင့် အကန့်အသတ်သာ လုပ်ကိုင်နိုင်တော့သည်ဆိုလျှင် ဘုရားသခင့်အမှုတော် ထမ်းဆောင်ရာတွင် ပိုမိုမလုပ်ဆောင်နိုင်တော့၍ စိတ်ဓာတ်ကျပေမည်။—ဟေဗြဲ ၆:၁၀။
စိတ်ဓာတ်ကျခြင်း။ ဘုရားသခင့်နှုတ်မြွက်တော်ကို ဟောပြောရာတွင် ကျွန်ုပ်တို့၏ ကြိုးစားအားထုတ်မှုများအပေါ် တုံ့ ပြန်မှုမရှိသောကြောင့် ကျွန်ုပ်တို့ စိတ်ပျက်လာပေမည်။—သု. ၁၃:၁၂။
တန်ဖိုးမရှိဟု ခံစားရခြင်း။ လူတစ်ဦးသည် နှစ်ပေါင်းများစွာ မညှာမတာဆက်ဆံခံရပါက မိမိကို မည်သူမျှ ချစ်မြတ်နိုးခြင်းမရှိ၊ ယေဟောဝါပင် ချစ်မြတ်နိုးခြင်းမရှိဟု ခံစားရလာပေမည်။—၁ ယောဟန် ၃:၁၉၊ ၂၀။
နာကြည်းစိတ်များ။ တစ်စုံတစ်ဦးသည် ယုံကြည်သူချင်းတစ်ဦးကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်ခဲ့မည်ဆိုလျှင် ခရစ်ယာန်အစည်းအဝေးများ မတက်တော့ရန်၊ လယ်ကွင်းဓမ္မအမှုတွင် မပါဝင်တော့ရန် သွေးဆောင်ခံရသည့်အထိ စိတ်နာကြည်းလွန်းလာပေမည်။—လုကာ ၁၇:၁။
နှိပ်စက်ညှဉ်းပန်းခြင်း။ ယုံကြည်ခြင်းမတူသူ အခြားသူများက သင့်အား ဆန့်ကျင်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ကဲ့ရဲ့ပြောင်လှောင်ခြင်းတို့ ပြုလုပ်ကြပေမည်။—၂ တိမောသေ ၃:၁၂; ၂ ပေတရု ၃:၃၊ ၄။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
စုံစမ်းသွေးဆောင်မှုကို တွန်းလှန်ရာတွင် အကူအညီရရှိရန် အဆက်မပြတ် ‘ဆုတောင်းနေကြ’ ဖို့ ယေရှုတိုက်တွန်းခဲ့