အခန်း ၁၁၉
အန္နထံ၊ ထိုနောက်ကယာဖထံခေါ်ဆောင်သွား
ယေရှုအားသာမန်ရာဇဝတ်သားပမာချည်နှောင်၍ ဩဇာရှိယခင်ယဇ်ပုရောဟိတ်မင်းကြီးအန္နထံခေါ်ဆောင်သွားသည်။ ယေရှု ၁၂ နှစ်အရွယ်က ဗိမာန်တော်ရှိရဗ္ဗိဆရာများကို အံ့သြမိန်းမောစေခဲ့စဉ် အန္နသည်ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ခဲ့သည်။ နောက်ပိုင်းအန္န၏သားအများသည် ယဇ်ပုရောဟိတ်မင်းအဖြစ်အမှုထမ်းခဲ့ပြီး၊ ယခုသူ၏သားမက်ကယာဖသည် ထိုရာထူးကိုဆက်ခံထားသည်။
ယေရှုအား အန္နအိမ်သို့ပထမဦးဆုံးခေါ်ဆောင်သွားရခြင်းမှာ ဤယဇ်ပုရောဟိတ်မင်းသည် ဂျူးဘာသာရေးလောကတွင် နှစ်ပေါင်းများစွာထင်ရှားခဲ့သောကြောင့်ဖြစ်မည်။ အန္နထံဤသို့ခေါ်သွားခြင်းဖြင့် ၇၁ ဦးပါဝင်သောဂျူးအထက်လွှတ်တော်ဆဲန်ဟီဒရင်နှင့် မမှန်သောသက်သေများကိုစုရုံးရန် ယဇ်ပုရောဟိတ်မင်းကယာဖအတွက်အချိန်ရလေသည်။
ယဇ်ပုရောဟိတ်မင်းအန္နသည် ယခုယေရှုအား ကိုယ်တော်၏တပည့်များနှင့် ကိုယ်တော်၏သွန်သင်ချက်တို့အကြောင်းမေးမြန်းလေသည်။ သို့သော်လည်း ယေရှုက “ငါသည်လောက၌ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့စည်းဝေးရာတရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်းကောင်း အစဉ်မပြတ်ဆုံးမသြဝါဒပေးပြီ။ မထင်ရှားဘဲအလျင်းမဟောမပြော။ အဘယ်ကြောင့်ငါ့ကိုမေးမြန်းသနည်း။ ငါသည်အဘယ်သို့ဟောပြောသည်ကို ကြားနာသောသူတို့ကိုမေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည်သိကြ၏” ဟုပြန်၍မိန့်တော်မူ၏။
သို့နှင့် ယေရှုအနီးရပ်နေသူမင်းလုလင်တစ်ယောက်က ကိုယ်တော်ကိုပါးရိုက်၍ “သင်သည်ယဇ်ပုရောဟိတ်မင်းကိုဤသို့ပြန်ပြောရသလော” ဟုဆို၏။
ယေရှုက “ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ။ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်း” ဟုပြန်ပြော၏။ ဤသို့အပြန်အလှန်ပြောပြီးနောက်၊ အန္နသည်ယေရှုကိုချည်နှောင်ကာ ကယာဖထံသို့ပို့လိုက်သည်။
ယခုယဇ်ပုရောဟိတ်အကြီးများ၊ အသက်ကြီးသူ၊ ကျမ်းတတ်များနှင့်လွှတ်တော်တစ်ခုလုံးသည် ကယာဖ၏အိမ်တွင်စုဝေးစပြုနေသည်။ ပသခါညတွင် ဤသို့အမှုစစ်ဆေးခြင်းသည် ဂျူးဥပဒေနှင့်လုံးဝဆန့်ကျင်ပါသည်။ သို့သော်ယင်းသည် ဘာသာရေးခေါင်းဆောင်တို့အား သူတို့၏ဆိုးသွမ်းသောလုပ်ရပ်မှမတားဆီးနိုင်ခဲ့ချေ။
လွန်ခဲ့သောအပတ်အနည်းငယ်က လာဇရုကိုယေရှုရှင်ပြန်ထမြောက်ပေးခဲ့စဉ် ကိုယ်တော်သေရမည်ဟု လွှတ်တော်ကဆုံးဖြတ်ထားပြီးပြီဖြစ်သည်။ လွန်ခဲ့သောနှစ်ရက်၊ ဗုဒ္ဓဟူးနေ့ကပင် ဘာသာရေးအာဏာပိုင်များသည် ယေရှုကိုသတ်ရန်စဉ်းလဲသောပရိယာယ်ဖြင့်ဖမ်းဖို့ကြံစည်ခဲ့ကြသည်။ စဉ်းစားကြည့်ပါ။ ကိုယ်တော်အားအမှုမစစ်ဆေးမီ အပြစ်စီရင်ပြီးဖြစ်နေပါသည်တကား။
ယခု၊ ယေရှုကိုအမှုဖွင့်နိုင်ရန် မတရားသက်သေများကိုရှာကြသည်။ သို့သော် တစ်ညီတည်းဖြစ်သောသက်သေထွက်ဆိုချက်တစ်ခုမျှမရပေ။ နောက်ဆုံးတွင် လူနှစ်ယောက်ထွက်လာ၍ “ဤသူက ‘လူတို့လက်ဖြင့်လုပ်သောဤဗိမာန်တော်ကိုငါဖြိုဖျက်၍ သုံးရက်အတွင်း လူတို့လက်ဖြင့်မလုပ်သောဗိမာန်တော်တစ်ဆူကို ငါတည်ဆောက်မည်’ ဟုပြောဆိုသည်ကို အကျွန်ုပ်တို့ကြားရပါပြီ” ဟုဆိုလေသည်။
ကယာဖက “သင်သည်တစ်ခွန်းမျှပြန်၍မပြောသလော။ ဤသူတို့သည်အဘယ်သို့သက်သေခံသနည်း” ဟုမေး၏။ သို့သော် ယေရှုသည်တိတ်ဆိတ်စွာနေတော်မူ၏။ ဤမှားယွင်းသောစွပ်စွဲချက်၌သက်သေများသည် တစ်ညီတည်းမထွက်ဆိုနိုင်သောကြောင့် လွှတ်တော်သိက္ခာကျခဲ့သည်။ ထိုကြောင့်ယဇ်ပုရောဟိတ်မင်းသည် အခြားနည်းဗျူဟာဖြင့်ကြိုးစားပြန်သည်။
မည်သူမဆို မိမိကိုယ်ကိုဘုရားသားဖြစ်သည်ဟုပြောလျှင် ဂျူးတို့သည်ခံပြင်းကြောင်း ကယာဖသိ၏။ စောစောပိုင်းအဖြစ်အပျက်နှစ်ခုတွင် ဘုရားနှင့်တန်းတူဖြစ်သည်ဟုယေရှုဆိုကြောင်း မှားယွင်းစွာယူမှတ်ပြီး သေပြစ်ထိုက်သောရှုတ်ချသူအဖြစ် ကိုယ်တော်အားဂျူးတို့သည်အလျင်စလိုသတ်မှတ်ခဲ့ကြသည်။ ယခုကယာဖသည်ဉာဏ်ဆင်လျက် “သင်သည်ခရစ်တော်တည်းဟူသောဘုရားသခင်၏သားတော်မှန်သည် မမှန်သည်ကို ငါတို့အားပြောစေခြင်းငှာ အသက်ရှင်တော်မူသောဘုရားသခင်ကိုငါတိုင်တည်၍ သင့်ကိုကျိန်ဆိုစေ၏” ဟုဆိုသည်။
ဂျူးတို့မည်သို့ပင်ထင်စေကာမူ ယေရှုသည်အမှန်ပင်ဘုရားသားတော်ဖြစ်သည်။ တိတ်ဆိတ်စွာဆက်နေလျှင် ခရစ်တော်မဟုတ်ဟုငြင်းပယ်ကြောင်း အဓိပ္ပာယ်ကောက်နိုင်သည်။ ထိုကြောင့်ယေရှုသည် ရဲရင့်စွာဖြင့် “သင်ဆိုသည်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား နောင်ကာလ၌လူသားသည် တန်ခိုးတော်၏လက်ယာဖက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ကြွလာသည်ကို သင်တို့မြင်ရကြလတံ့” ဟုမိန့်ဆို၏။
သို့နှင့်ကယာဖသည် မိမိဝတ်လုံကိုဆုတ်လျက် “ဤသူသည်ဘုရားကိုလွန်ကျူး၍ပြောပြီ။ အဘယ်သက်သေကိုလိုသေးသနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင်သင်တို့ကြားရပြီ၊ အဘယ်သို့ထင်မှတ်ကြသနည်း” ဟုဆိုသည်။
“ဤသူသည်အသေခံထိုက်ပေ၏” ဟုလွှတ်အရာရှိများကကြေညာ၏။ ထိုနောက်သူတို့သည် ကိုယ်တော်ကိုပြောင်လှောင်ကြ၏။ အခြားသောစကားအမျိုးမျိုးဖြင့်လည်း ကဲ့ရဲ့ပြောဆိုကြ၏။ ယေရှု၏မျက်နှာကိုပုတ်ကြပြီး၊ တံတွေးဖြင့်ထွေးကြ၏။ အခြားသူတို့သည် ကိုယ်တော်၏မျက်နှာကိုဖုံးပြီး သူတို့လက်သီးဖြင့်ယေရှုအားထိုးကာသရော်လျက် “ကိုယ်တော်ကိုအဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ဟောတော်မူပါ” ဟုဆိုကြ၏။ ဤအနိုင်ကျင့်မတရားပြုမှုသည် ညအချိန်အမှုစစ်ဆေးစဉ်အတွင်းဖြစ်လေသည်။ မဿဲ ၂၆:၅၇-၆၈၊ ၂၆:၃၊ ၄။ မာကု ၁၄:၅၃-၆၅။ လုကာ ၂၂:၅၄၊ ၆၃-၆၅။ ယောဟန် ၁၈:၁၃-၂၄၊ ၁၁:၄၅-၅၃၊ ၁၀:၃၁-၃၉၊ ၅:၁၆-၁၈။
▪ ယေရှုကို ဦးဆုံးမည်သည့်နေရာသို့ခေါ်သွားပြီး၊ ထိုနေရာတွင်ကိုယ်တော်ဘာဖြစ်သနည်း။
▪ နောက်ယေရှုကိုမည်သည့်နေရာသို့ခေါ်သွားပြီး၊ အဘယ်ရည်ရွယ်ချက်အတွက်နည်း။
▪ ယေရှုသည်သေထိုက်ကြောင်း လွှတ်အရာရှိများကြေညာရန် ကယာဖမည်သို့ပြုနိုင်သနည်း။
▪ စစ်ဆေးချိန်အတွင်း မည်သည့်တရားမဝင်သောအနိုင်ကျင့်မှုများဖြစ်ပျက်သနည်း။