အခန်း ၁၂၁
လွှတ်အရာရှိများရှေ့မှောက်၊ ထို့နောက်ပိလတ်ထံသို့
ညအချိန်ကုန်လုနီးပြီ။ ပေတရုသည် ယေရှုကိုတတိယအကြိမ်ငြင်းပယ်သည်။ လွှတ်အရာရှိအဖွဲ့တို့လည်း ပြောင်လှောင်သရော်ပြီး၍ လူစုခွဲသွားကြပြီ။ သို့သော်သောကြာနေ့နံနက် အာရုံတက်ချိန်တွင် လွှတ်တော်ခန်းမ၌ပြန်တွေ့ဆုံကြသည်။ သူတို့ရည်ရွယ်ချက်မှာ ညကအမှုကိုတရားဝင်ကြောင်းပြလို၍ဖြစ်ဟန်တူ၏။ ယေရှုကိုသူတို့ရှေ့ခေါ်ဆောင်လာသောအခါ ညကပြောသကဲ့သို့ “သင်သည်ခရစ်တော်မှန်လျှင် ငါတို့အားပြောလော့” ဟုဆိုကြ၏။
ယေရှုက “ငါပြောလျှင်သင်တို့သည်မယုံ။ ငါမေးလျှင်လည်း သင်တို့သည်မဖြေ” ဟုမိန့်ဆို၏။ သို့သော်၊ ယေရှုသည်ရဲဝံ့စွာဖြင့် မိမိမည်သူဖြစ်ကြောင်းညွှန်ပြ၍ “လူသားသည်ဘုရားသခင်၏တန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလတံ့” ဟုမိန့်တော်မူသည်။
“သင်သည်ဘုရားသခင်သားတော်မှန်သလော” ဟုထိုသူအပေါင်းတို့ကသိလိုကြ၏။
“သင်တို့ဆိုသည်အတိုင်းမှန်သည်” ဟုယေရှုပြန်ဖြေ၏။
ဤလူတို့သည် လုပ်ကြံရန်ရည်စူးသောကြောင့် ယင်းအဖြေသည်လုံလောက်ပေသည်။ သူတို့သည်ယင်းကိုရှုတ်ချမှုဟုယူမှတ်သည်။ “အဘယ်သက်သေလိုသေးသနည်း” ဟုသူတို့မေးကြ၏။ “သူ၏စကားကို ငါတို့ကိုယ်တိုင်ကြားရပြီ” ဟုဆိုကြသည်။ ထိုကြောင့်ယေရှုကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ရောမဘုရင်ခံ ပုန္တပိလတ်မင်းလက်သို့အပ်လိုက်ကြသည်။
ယေရှုအားသစ္စာဖောက်သူယုဒသည် အဖြစ်အပျက်များကိုကြည့်ရှုနေသည်။ ယေရှုပြစ်ဒဏ်စီရင်ခံရသည်ကို သူတွေ့မြင်သောအခါ နှလုံးကြေကွဲမိသည်။ ထိုကြောင့် ငွေသုံးဆယ်ကိုပြန်ပေးရန် ယဇ်ပုရောဟိတ်အကြီးများ၊ အကြီးအကဲများထံသွား၍ “အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏အသွေးကိုအပ်မိပါပြီ” ဟုရှင်းပြလေသည်။
သူတို့က “ငါတို့နှင့်အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှုကိုကိုယ်ကြည့်လော့”ဟုနှလုံးသားကင်းမဲ့စွာပြန်ဖြေသည်။ ထိုကြောင့်ယုဒသည် ငွေကိုဗိမာန်တော်၌ပစ်ချကာ ထွက်သွားပြီး မိမိကိုယ်ကိုကြိုးဆွဲချရန်ကြိုးစားသည်။ သို့သော် ယုဒကြိုးချည်သောသစ်ကိုင်းကျိုးသွားဟန်ရှိ၍ သူ့ခန္ဓာကိုယ်သည် အောက်၌ရှိသောကျောက်တွင်စိုက်ကျရာ ကွဲပွင့်သွားသည်။
ယဇ်ပုရောဟိတ်အကြီးတို့သည် ငွေများကိုမည်သို့ပြုလုပ်ရမည်ကို အသေအချာမသိကြချေ။ “အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌မသွင်းအပ်” ဟုသူတို့ကောက်ချက်ချလိုက်သည်။ ထိုကြောင့်အတူတိုင်ပင်ကြပြီးနောက် ဧည့်သည်များကိုမြှုပ်နှံရန် အိုးထိန်းသမား၏မြေကွက်ကို ထိုငွေနှင့်ဝယ်လိုက်လေသည်။ ထိုကြောင့်ထိုမြေကို “သွေးမြေ” ဟုခေါ်တွင်လေသည်။
ယေရှုကိုဘုရင်ခံ၏အိမ်သို့ခေါ်သွားသောအခါ နံနက်စောစောပင်ရှိသေးသည်။ သို့သော်လိုက်ပါလာသောဂျူးတို့သည် အတွင်းသို့ဝင်ရန်ငြင်းဆို၏။ အကြောင်းမှာ တစ်ပါးအမျိုးသားများနှင့်ရောနှောလျှင် သူတို့ညစ်ညူးလိမ့်မည်ဟုယုံကြည်သောကြောင့်ဖြစ်၏။ ထိုကြောင့် သူတို့ကိုလိုက်လျောရန် ပိလတ်ထွက်လာ၍ “ဤသူ၌အဘယ်အပြစ်ကိုတင်ကြသနည်း” ဟုမေး၏။
သူတို့က “ဤသူသည်လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည်ကိုယ်တော်၌မအပ်ပါ” ဟုဖြေ၏။
ပိလတ်သည် မပတ်သက်လိုသဖြင့် “သူ့ကိုယူ၍ သင်တို့ဓမ္မသတ်အတိုင်းစီရင်ကြ” ဟုတုံ့ပြန်၏။
သူတို့၏သတ်လိုသောကြံစည်ချက်ကိုထုတ်ဖော်လျက်ဂျူးတို့က “အကျွန်ုပ်တို့သည်အဘယ်သူမျှမသတ်ပိုင်ပါ” ဟုလျှောက်ကြ၏။ အမှန်တွင် လူအများသည်ယေရှုကိုရိုသေလေးစားဆဲပင်ရှိသောကြောင့် သူတို့သည်ပသခါပွဲတော်အတွင်းယေရှုကိုသတ်ခဲ့သော် လူတို့သည် ရုန်းရင်းခတ်ဖြစ်လာနိုင်ဖွယ်ရှိသည်။ သို့သော်၊ နိုင်ငံရေးစွဲချက်ဖြင့် ရောမများကိုယ်တော်ကိုသတ်နိုင်ခဲ့လျှင် လူများရှေ့တွင်သူတို့တာဝန်ကင်းလွတ်ပေလိမ့်မည်။
ထိုကြောင့် ဘာသာရေးခေါင်းဆောင်တို့သည် ယေရှုအားဘုရားကိုပြစ်မှားသူအဖြစ်အပြစ်တင်ခဲ့သော စောစောကအမှုကိုမဖော်ပြဘဲ ယခုအခြားစွဲချက်တင်ရန်ဉာဏ်ဆင်ကြသည်။ “ဤသူသည် [၁] ကျွန်ုပ်တို့ပြည်သားများကိုလှည့်ဖြား၍ [၂] ကဲသာဘုရင်ကိုအခွန်မဆက်နှင့်ဟုတားမြစ်ပြီး [၃] မိမိသည်ခရစ်တော်တည်းဟူသောဘုရင်ဖြစ်ကြောင်းဆိုသည်ကို ကျွန်ုပ်တို့တွေ့ပါပြီ” ဟုဆိုကြ၏။
ယေရှုဘုရင်ဖြစ်သည်ဟူသောစွဲချက်သည် ပိလတ်မင်းနှင့်သက်ဆိုင်နေသည်။ ထိုကြောင့်မင်းကြီးသည် အိမ်တော်ဦးထဲသို့တစ်ဖန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည်ယုဒရှင်ဘုရင်မှန်သလော” ဟုမေး၏။ တစ်နည်းဆိုလျှင် သင်သည်ကဲသာကိုဆန့်ကျင်၍ ကိုယ်ကိုယ်ကိုဘုရင်အဖြစ်ကြေညာခြင်းအားဖြင့် ဥပဒေကိုချိုးဖောက်သလော ဟူ၍ဖြစ်သည်။
မိမိအကြောင်းပိလတ်မည်မျှသိသည်ကိုယေရှုသိလို၍ “မင်းကြီးသည်ကိုယ်အလိုအလျောက် ဤသို့မေးသလော။ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကိုလျှောက်ကြပြီလော” ဟုမေး၏။
“ငါသည်ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌အပ်ကြပြီ။ သင်သည်အဘယ်သို့ပြုမိသနည်း” ဟုယေရှုအကြောင်းအမှန်ကိုသိလို၍ဆို၏။
ယေရှုသည် ဘုရင်ဖြစ်ခြင်းကိစ္စကိုရှောင်လွဲရန်မကြိုးစားချေ။ ယခုယေရှုပေးသောအဖြေသည် ပိလတ်မင်းအားအံ့သြစေမည်မှာမလွဲချေ။ လုကာ ၂၂:၆၆–၂၃:၃။ မဿဲ ၂၇:၁-၁၁။ မာကု ၁၅:၁။ ယောဟန် ၁၈:၂၈-၃၅။ တမန်တော် ၁:၁၆-၂၀။
▪ မည်သည့်ရည်ရွယ်ချက်ကြောင့် လွှတ်အရာရှိများနံနက်တွင်ပြန်လည်တွေ့ဆုံကြသနည်း။
▪ ယုဒမည်ကဲ့သို့သေသနည်း။ ငွေသုံးဆယ် ဘာဖြစ်သွားသနည်း။
▪ ယေရှုကိုသူတို့ကိုယ်တိုင်သတ်မည့်အစား ဂျူးတို့သည် ရောမများအားအဘယ်ကြောင့်သတ်စေလိုသနည်း။
▪ ယေရှုကို ဂျူးတို့သည်မည်သည့်စွဲချက်များတင်သနည်း။