ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၂၈ စာ. ၂၉၂-စာ. ၂၉၃ ပိုဒ်. ၂
  • ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိလတ်မှဟေရုဒ်ထံ၊ တစ်ဖန်ပြန်ပို့ခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ပုန္တိပိလတ်ကားမည်သူနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဂေါလဂေါသအရပ်မှာ ယေရှု သေဆုံး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၂၈ စာ. ၂၉၂-စာ. ၂၉၃ ပိုဒ်. ၂
ဟေရုဒ်မင်းနဲ့ သူ့စစ်သည်တွေ ယေရှုကိုလှောင်ပြောင်နေကြ

အခန်း ၁၂၈

ပိလတ်မင်းနဲ့ ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့

မဿဲ ၂၇:၁၂-၁၄၊ ၁၈၊ ၁၉ မာကု ၁၅:၂-၅ လုကာ ၂၃:၄-၁၆ ယောဟန် ၁၈:၃၆-၃၈

  • ပိလတ်မင်းနဲ့ ဟေရုဒ်မင်းရဲ့ စစ်ဆေးမေးမြန်းခြင်းခံရ

ယေရှုက သူဘုရင်ဖြစ်တယ်ဆိုတာ ပိလတ်မင်းကို မဖုံးကွယ်ထားဘူး။ ဒါပေမဲ့ သူ့နိုင်ငံဟာ ရောမတွေကို အန္တရာယ်ပေးမှာ မဟုတ်ဘူး။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေက ဂျူးတွေလက်ထဲ ကျွန်တော် မရောက်သွားအောင် တိုက်ခိုက်မှာပဲ။ ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး” လို့ပြောတယ်။ (ယောဟန် ၁၈:၃၆) မှန်ပါတယ်၊ ယေရှုမှာ နိုင်ငံရှိပေမဲ့ အဲဒီနိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး။

ပိလတ်မင်းကလည်း “ဒါဆိုရင် မင်းက ဘုရင်လား” လို့ ဆက်မေးတော့ ပိလတ်မင်းပြောတာ မှန်ကန်ကြောင်း အခုလိုပြန်ဖြေတယ်– “မင်းကြီးပြောတာ အမှန်ပဲ။ ကျွန်တော်ဟာ ဘုရင်တစ်ပါးပါ။ ကျွန်တော်မွေးဖွားပြီး ဒီလောကကို ရောက်လာတာ အမှန်တရားကို သက်သေခံဖို့ပဲ။ အမှန်တရားဘက် ရပ်တည်သူတိုင်း ကျွန်တော်ပြောတာကို နားထောင်ကြတယ်။”—ယောဟန် ၁၈:၃၇။

အစောပိုင်းတုန်းက သောမကို ယေရှုက “ကျွန်တော်ဟာ လမ်းခရီးဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ ပြောခဲ့ပြီးပြီ။ အခု ပိလတ်မင်းလည်း ယေရှု မြေကြီးပေါ် ရောက်လာရတဲ့ အကြောင်းရင်းကို သိသွားပြီ။ အဲဒါကတော့ “အမှန်တရား၊” အထူးသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရားကို သက်သေခံဖို့ပဲ။ ယေရှုက သူ့အသက်ကို စွန့်ရမယ်ဆိုရင်တောင် အဲဒီအမှန်တရားကို သစ္စာရှိရှိ ထောက်ခံဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ပိလတ်မင်းက “အမှန်တရားဆိုတာ ဘာလဲ” လို့မေးပေမဲ့ ဆက်ရှင်းပြမယ့် စကားတွေကို နားမထောင်တော့ဘူး။ ဒီလောက်ဆိုရင် ဒီလူကို တရားစီရင်ဖို့ လုံလောက်ပြီလို့ သူယူဆတယ်။—ယောဟန် ၁၄:၆။ ၁၈:၃၈။

ဒါကြောင့် နန်းဆောင်အပြင်ဘက်မှာ စောင့်နေတဲ့ လူအုပ်ဆီ ပြန်ထွက်သွားတယ်။ သူ့ဘေးမှာ ယေရှုရှိနေပုံပဲ။ သူက “ဒီလူ့ဆီမှာ ဘာပြစ်မှုမှ ငါမတွေ့ဘူး” လို့ ပုရောဟိတ်ကြီးတွေနဲ့ လူတွေကို ပြောတယ်။ အဲဒီဆုံးဖြတ်ချက်ကို ကြားတော့ လူအုပ်က ဒေါသထွက်ပြီး “သူဟာ ဂါလိလဲပြည်ကအစ ဒီနေရာအထိ ယုဒပြည်တစ်လျှောက်လုံးမှာ လူတွေကို သွန်သင်ပြီး ပြဿနာတွေ ဖန်တီးနေပါတယ်” လို့ ထပ်တလဲလဲ ပြောကြတယ်။—လုကာ ၂၃:၄၊ ၅။

ဂျူးတွေရဲ့ တစ်ယူသန်ဆန်လွန်းတဲ့ သဘောထားကြောင့် ပိလတ်မင်း အံ့ဩသွားတယ်။ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေ ဆက်အော်ဟစ်နေတဲ့အခါ ပိလတ်မင်းက “မင်းကို ဒီလောက်စွပ်စွဲနေတာ မကြားဘူးလား” ဆိုပြီး ယေရှုကို မေးတယ်။ (မဿဲ ၂၇:၁၃) ယေရှုကတော့ ဘာမှပြန်မပြောဘူး။ ဒီလောက်ပြင်းထန်တဲ့ စွပ်စွဲချက်တွေကို ကြားရပေမဲ့ ယေရှု တည်တည်ငြိမ်ငြိမ် ရှိတာကို ပိလတ်မင်း အံ့သြနေတယ်။

“ဂါလိလဲပြည်ကအစ” ဆိုပြီး ဂျူးတွေပြောတာကို ပိလတ်မင်းကြားလိုက်တော့ ယေရှုဟာ ဂါလိလဲနယ်သားမှန်း သိသွားတယ်။ ဒါနဲ့ ယေရှုကို စီရင်ချက်ချရမယ့်တာဝန်ကို ခေါင်းရှောင်ဖို့ အကြံရသွားတယ်။ ဂါလိလဲနယ်ကို အုပ်ချုပ်နေသူဟာ ဟေရုဒ်အန္တိပ (မဟာဟေရုဒ်ရဲ့သား) ဖြစ်ပြီး ပသခါပွဲတော်အတွက် ဂျေရုဆလင်ကို ရောက်နေတယ်။ ဒါကြောင့် ပိလတ်မင်းက ယေရှုကို ဟေရုဒ်မင်းဆီ ပို့လိုက်တယ်။ နှစ်ခြင်းပေးသူ ယောဟန်ကို ခေါင်းဖြတ်လိုက်တာလည်း ဟေရုဒ်မင်းပဲ။ နောက်ပိုင်းမှာ ယေရှု အံ့ဖွယ်အမှုတွေ လုပ်တာကို ဟေရုဒ်မင်းကြားတော့ ယေရှုဟာ သေရာကနေ အသက်ပြန်ရှင်လာတဲ့ ယောဟန်ဖြစ်ရမယ်ဆိုပြီး ထင်နေတာ။—လုကာ ၉:၇-၉။

အခု ယေရှုကိုတွေ့ရမယ်ဆိုတော့ သူ သိပ်ပျော်သွားတယ်။ ယေရှုကို ကူညီပေးချင်လို့၊ ယေရှုကို စွပ်စွဲထားတာတွေ မှန်မမှန် သိချင်လို့တော့ မဟုတ်ဘူး။ ယေရှုကို တွေ့ချင်ရုံသက်သက်ပဲ။ “အံ့ဖွယ်အမှုတစ်ခုခု လုပ်ပြမယ်လို့လည်း မျှော်လင့်နေတာ။” (လုကာ ၂၃:၈) ယေရှုကတော့ ဟေရုဒ်မင်း စိတ်ကျေနပ်အောင် ဘာမှမလုပ်ပြတဲ့အပြင် သူမေးတဲ့ မေးခွန်းတွေကိုလည်း တစ်ခုမှပြန်မဖြေဘူး။ ဟေရုဒ်မင်းနဲ့ သူ့စစ်သည်တွေလည်း စိတ်ပျက်သွားပြီး ယေရှုကို “အရှက်ခွဲတယ်။” (လုကာ ၂၃:၁၁) တင့်တယ်တဲ့အဝတ်ကို ဝတ်ခိုင်းပြီး လှောင်ပြောင်တယ်။ ပြီးနောက် ပိလတ်မင်းဆီ ပြန်ပို့လိုက်တယ်။ အရင်တုန်းက ရန်ဘက်တွေဖြစ်တဲ့ ဟေရုဒ်မင်းနဲ့ ပိလတ်မင်းဟာ အခု ပြန်သင့်မြတ်သွားကြတယ်။

ယေရှု ပြန်ရောက်လာတဲ့အခါ ပိလတ်မင်းက ပုရောဟိတ်ကြီးတွေ၊ ဂျူးခေါင်းဆောင်တွေနဲ့ လူတွေကို ခေါ်ပြီး “မင်းတို့ရှေ့မှာ သူ့ကို ငါစစ်ဆေးမေးမြန်းပေမဲ့ မင်းတို့ စွဲချက်တင်လောက်တဲ့ အပြစ်တစ်ခုကိုမှ ငါမတွေ့ဘူး။ ဟေရုဒ်မင်းလည်း အပြစ်ရှာမတွေ့လို့ ငါတို့ဆီ ပြန်ပို့လိုက်တာပဲ။ ဒီလူက သေထိုက်တဲ့ပြစ်မှု တစ်ခုမှ မကျူးလွန်ဘူး။ ဒါကြောင့် သူ့ကို ငါဒဏ်ပေးပြီးတော့ ပြန်လွှတ်လိုက်မယ်” လို့ပြောတယ်။—လုကာ ၂၃:၁၄-၁၆။

ပုရောဟိတ်တွေက မနာလိုစိတ်နဲ့ ယေရှုကို အပ်လိုက်မှန်း ပိလတ်မင်း သိထားတာမို့ လွှတ်ပေးချင်နေတာ။ လွှတ်ပေးချင်ရတဲ့ နောက်အကြောင်းတစ်ခုလည်း ရှိသေးတယ်။ တရားခွင်မှာ ထိုင်နေတုန်း သူ့ဇနီးက “ဖြောင့်မတ်တဲ့ ဒီလူရဲ့အမှုမှာ ဝင်မပါနဲ့။ ညက သူ့ကို အိပ်မက် မက်တယ် [ဘုရားသခင် အိပ်မက်ပေးတာဖြစ်]။ အဲဒီအိပ်မက်ကြောင့် ကျွန်မ သိပ်ကြောက်နေတယ်” ဆိုပြီး မှာလိုက်လို့ပဲ။—မဿဲ ၂၇:၁၉။

အပြစ်မရှိတဲ့ဒီလူ လွတ်မြောက်အောင် ပိလတ် ဘယ်လိုလုပ် မလဲ။

  • ဘုရင်ဖြစ်ခြင်းနဲ့ ပတ်သက်တဲ့ “အမှန်တရား” ကို ယေရှု ဘယ်လို ပြောပြသလဲ။

  • ယေရှုနဲ့ပတ်သက်လို့ ပိလတ်မင်း ဘယ်လို ဆုံးဖြတ်သလဲ။ လူအုပ်က ဘယ်လို တုံ့ပြန်သလဲ။ ပိလတ်မင်း ဘာလုပ်သလဲ။

  • ဟေရုဒ်အန္တိပမင်းက ယေရှုကို ဘာဖြစ်လို့ တွေ့ချင်သလဲ။ တွေ့တဲ့အခါ သူဘာလုပ်သလဲ။

  • ပိလတ်မင်းက ယေရှုကို ဘာဖြစ်လို့ လွှတ်ပေးချင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ