ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၂/၁ စာ. ၁၆-၁၇
  • နှက်တိုင်ပေါ်၌ ခံစားရသော ပြင်းပြသည့်ဝေဒနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှက်တိုင်ပေါ်၌ ခံစားရသော ပြင်းပြသည့်ဝေဒနာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှက်တိုင်ပေါ်မှ ပြင်းပြသည့်ဝေဒနာ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုကို ချစ်သင့်တဲ့ အကြောင်းရင်း
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၂/၁ စာ. ၁၆-၁၇

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

နှက်တိုင်ပေါ်၌ ခံစားရသော ပြင်းပြသည့်ဝေဒနာ

ယေရှုနှင့်အတူ ဓားပြနှစ်ယောက်ကိုကွပ်မျက်ရန် ခေါ်ထုတ်သွားကြသည်။ မြို့နှင့်မလှမ်းမကမ်း ဂေါလဂေါသအမည်တွင်သော ဦးခေါင်းခွံအရပ်သို့ရောက်သော် လူတန်းကြီးသည်ရပ်လိုက်ကြသည်။

အကျဉ်းသားများ၏အဝတ်များကိုချွတ်လိုက်ပြီးနောက် မုရန်ဆေးစပ်ထားသော စပျစ်ရည်ကိုတိုက်ကြသည်။ ၄င်းစပျစ်ရည်ကို ယေရုရှလင်မြို့မှအမျိုးသမီးများက ရောစပ်ပေးလိုက်သည်မှာ ထင်ရှားသည်။ နှက်တိုင်တင်ခံရသူတို့အတွက် နာကျင်မှုသက်သာစေသည့် ၄င်းဆေးရည်ကို ရောမလူမျိုးတို့ မတားမြစ်ကြချေ။ သို့သော် ၄င်းကိုယေရှုမြည်းစမ်းကြည့်တော်မူပြီးလျှင် မသောက်ဘဲနေတော်မူ၏။ အဘယ်ကြောင့်နည်း။ ယုံကြည်ခြင်းအတွက် အပြင်းထန်ဆုံးစမ်းသပ်ခံရချိန်အတွင်း၌ မိမိ၏စွမ်းရည်သတ္တိရှိသမျှတို့ကို အပြည့်အဝထိန်းထားလို၍ဖြစ်သည်မှာ ထင်ရှားလှသည်။

ယခုယေရှုအား သစ်တိုင်ပေါ်လဲလျောင်းစေကာ လက်တော်ကိုခေါင်းတော်ဘက်သို့ ဆွဲဆန့်ထားသည်။ ထိုနောက် စစ်သားတို့သည် လက်တော်နှင့်ခြေတော်အတွင်းသို့ သံချောင်းကြီးများကို တစ်ချက်ချင်းရိုက်သွင်းကြသည်။ သံချောင်းများအသားနှင့်အရွတ်များအတွင်းသို့ စူးဝင်သည်နှင့်အမျှ နာကျင်မှုဝေဒနာကြောင့် ကိုယ်တော်ထွန့်ထွန့်လူးနေတော်မူသည်။ သစ်တိုင်ကိုထူလိုက်သောအခါ ဝေဒနာမှာ မချိမဆန့်စူးရှနာကျင်လာသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ခန္ဓာအလေးချိန်က သံရိုက်ထားသည့်ဒဏ်ရာကိုစုတ်ပြဲစေသည့်အတွက်ကြောင့်ဖြစ်သည်။ သို့ပင်ငြားလည်းယေရှုသည် ရောမစစ်သားတို့အား ခြိမ်းခြောက်ခြင်းပြုတော်မမူဘဲ “အိုအဘ၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကိုမသိကြ” ဟုဆုတောင်းပေးတော်မူ၏။

ပိလတ်မင်းက “ယုဒရှင်ဘုရင်နာဇရက်မြို့သားယေရှု” ဟူ၍ကမ္ပည်းလိပ်စာကိုရေးပြီးလျှင် သစ်တိုင်၌တပ်ထားစေ၏။ ဤသို့ရေးသားရခြင်းမှာ ယေရှုကိုကြည်ညိုလေးစားသောကြောင့်သာမကဘဲ ယေရှုအား သေဒဏ်စီရင်ရန် သူ့အားမရမကအကျပ်ကိုင်ခဲ့သည့် ယုဒယဇ်ပုရောဟိတ်တို့ကို စက်ဆုပ်ရွံရှာသောကြောင့်လည်းဖြစ်သည်။ ထိုကမ္ပည်းစာကို လူတကာဖတ်နိုင်အောင် ဟေဗြဲဘာသာ၊ ရုံးသုံးလက်တင်ဘာသာနှင့်အများသုံးဂရိဘာသာစကား သုံးမျိုးဖြင့်ရေးသားစေသည်။

ကယာဖနှင့်အန္နတို့အပါအဝင် ယဇ်ပုရောဟိတ်ကြီးတို့သည် အလွန်ကြောက်လန့်မှိုင်ထွေသွားကြသည်။ ပြတ်သားသည့် ဤကြော်ငြာက သူတို့၏အောင်ပွဲခံနေသည့်အချိန်လေးကို ပျက်ပြားသွားစေခဲ့သည်။ ထိုကြောင့် သူတို့က “ ‘ယုဒရှင်ဘုရင်’ ဟုမရေးပါနှင့်။ ‘ငါသည်ယုဒရှင်ဘုရင်ဖြစ်သည်’ ဟုသူဆိုကြောင်းကိုရေးတော်မူပါ” ဟုကန့်ကွက်ကြ၏။ ယဇ်ပုရောဟိတ်တို့၏လက်ကိုင်တုတ်အဖြစ် အသုံးချခံလိုက်ရခြင်းအတွက် မကျေမချမ်းဖြစ်နေသော ပိလတ်မင်းက “ငါရေးပြီးသောအရာကို ငါရေးပြီးပြီ” ဟုမထီမဲ့မြင်သဘောနှင့် ပြတ်ပြတ်သားသားဖြေကြားလိုက်သည်။

ယခုယဇ်ပုရောဟိတ်တို့သည် လူထုပရိသတ်ကြီးနှင့်အတူ ကွပ်မျက်ရာနေရာသို့ စုရုံးရောက်ရှိလာကြပြီး ကမ္ပည်း၌ပါသောသက်သေခံချက် မမှန်ကန်ကြောင်းချေပကြသည်။ စောစောပိုင်းက လွှတ်ရုံး၌စစ်ကြောစဉ်က ထွက်ဆိုခဲ့ကြသည့် မမှန်သောသက်သေခံချက်ကို ထပ်၍ပြောကြဆိုကြ၏။ ထိုကြောင့် လမ်းသွားလမ်းလာသူတို့ကလည်း ခေါင်းခါရမ်းလျက် “ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်မည့်သူ၊ ညှဉ်းဆဲရာနှက်တိုင်ပေါ်မှဆင်းလော့။ သင့်ကိုယ်ကိုသင် ကယ်တင်လော့” ဟုဆို၍ ကိုယ်တော်ကိုသရော်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

ယဇ်ပုရောဟိတ်ကြီးများနှင့် သူတို့၏ဘာသာရေးမိတ်ဆွေများကလည်း ပြောင်လှောင်ကြ၏။ “ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကိုမကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် ညှဉ်းဆဲရာနှက်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။ သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌အလိုတော်ရှိလျှင် ယခုပင်ကယ်တင်တော်မူပါလေစေ” ဟုတညီတညွတ်တည်းပြောဆိုကြ၏။

စစ်သားတို့သည်လည်း ထိုစိတ်သဘောမျိုးကူးစက်လာသဖြင့် ရော၍ပြောင်လှောင်လာကြသည်။ သူတို့သည် ယေရှုအား ပုံးရည်ကိုပြောင်ချော်ချော်နှင့်ကမ်းပေးကြ၏။ ခြောက်ကပ်နေသည့် နှုတ်ခမ်းတော်နှင့်မလှမ်းမကမ်းလောက်အထိသာ ကမ်းပေးသည်မှာ ထင်ရှားသည်။ “သင်သည် ယုဒလူတို့၏ရှင်ဘုရင်မှန်လျှင် ကိုယ်ကိုကယ်တင်လော့” ဟူ၍ပြက်ရယ်ပြုကြ၏။ လက်ယာတော်နှင့်လက်ဝဲတော် တစ်ဖက်တစ်ချက်၌ နှက်တိုင်တင်ထားသည့် ဓားပြတို့ကလည်း ကိုယ်တော်အား ပြက်ရယ်ပြုကြလေ၏။ ဤအချက်ကိုစဉ်းစားကြည့်ပါ။ သက်ရှိထင်ရှားခဲ့သမျှတို့တွင် အကြီးမြတ်ဆုံးသောလူသား၊ အရာခပ်သိမ်းကို ဖန်ဆင်းရာတွင် ယေဟောဝါနှင့်ပူးပေါင်းဆောင်ရွက်တော်မူခဲ့သောအရှင်သည် ဤသို့မတော်မတရားပြုမူခြင်းမှန်သမျှကို ကြိတ်မှိတ်၍ ခံစားတော်မူသည်တကား။

စစ်သားတို့သည် ယေရှု၏အဝတ်တော်တို့ကိုယူပြီးလျှင် လေးပိုင်းပိုင်းကာ မဲချ၍ခွဲဝေယူကြ၏။ သို့ရာတွင် အတွင်းအင်္ကျီမှာ ချုပ်ရိုးမပါဘဲ အရည်အသွေးသာလွန်သဖြင့် စစ်သားတို့က ‘ဤအင်္ကျီကိုမဆုတ်ကြနှင့်၊ မဲချ၍ယူကြကုန်အံ့’ ဟုအချင်းချင်းပြောဆိုကြ၏။ ဤသို့အားဖြင့် “သူတို့သည် အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏” ဟူသောကျမ်းစာချက်ကို မထင်မမှတ်ဘဲ သူတို့ပြည့်စုံစေကြသည်။

အတန်ကြာသော် ဓားပြတစ်ယောက်က ယေရှုသည်ရှင်ဘုရင်အမှန်ဖြစ်ရမည်ကို သိမြင်လာသည်။ သို့နှင့် အဖော်ဖြစ်သူအားဆုံးမ၍ “သင်သည် ဤသူနည်းတူအပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့်ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှမပြု” ဟုဆို၏။ ထိုနောက် ယေရှုအား “သခင်၊ နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟုအသနားခံလျှောက်ဆို၏။

ယေရှုကလည်း “ယနေ့ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” ဟုမိန့်တော်မူ၏။ ကောင်းကင်ဘုံတွင် ရှင်ဘုရင်အဖြစ် ယေရှုစိုးစံတော်မူသောအခါ အာမဂေဒုန်ကပ်ကျော်သူတို့နှင့် သူတို့၏အပေါင်းအဖော်များ ပြုစုပျိုးထောင်ပေးထားသည့် ကမ္ဘာ့ပရဒိသုဘုံအတွင်းသို့ နောင်တတရားရသော ထိုလူဆိုးအား အသက်ရှင်ထမြောက်စေတော်မူသောအခါ ဤကတိတော်ပြည့်စုံလာမည်ဖြစ်သည်။ မဿဲ ၂၇:၃၃-၄၄။ မာကု ၁၅:၂၂-၃၂။ လုကာ ၂၃:၂၇၊ ၃၂-၄၃။ ယောဟန် ၁၉:၁၇-၂၄။

◆ မုရန်ဆေးစပ်ထားသော စပျစ်ရည်ကို ယေရှုအဘယ်ကြောင့်မသောက်ဘဲနေတော်မူသနည်း။

◆ ယေရှု၏နှက်တိုင်ပေါ်တွင် အဘယ်ကြောင့်ကမ္ပည်းလိပ်စာကို တပ်စေခြင်းဖြစ်သနည်း။ ယင်းက ပိလတ်မင်းနှင့်ယဇ်ပုရောဟိတ်တို့စပ်ကြားတွင် နောက်ထပ်အဘယ်အငြင်းပွားမှု ဖြစ်ပေါ်စေသနည်း။

◆ နှက်တိုင်ပေါ်တွင် နောက်ထပ်အဘယ်မတော်မတရားပြုမူခြင်းကို ယေရှုခံရတော်မူသနည်း။ ထိုသို့ဖြစ်အောင် မည်သူတို့ လှုံ့ဆော်ပေးသည်မှာ ထင်ရှားသနည်း။

◆ ယေရှု၏အဝတ်တော်တို့နှင့်ပတ်သက်၍ လုပ်ဆောင်ပုံ၌ ပရောဖက်ပြုချက်မည်သို့ပြည့်စုံခဲ့သနည်း။

◆ ဓားပြတစ်ယောက် အဘယ်ပြောင်းလဲမှုပြုလုပ်သနည်း။ သူ၏အသနားခံချက်ကို ယေရှုမည်သို့ပြည့်စုံစေတော်မူမည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ