ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၃၅
  • အကျော်ကြားဆုံးဒေသနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျော်ကြားဆုံးဒေသနာ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူများ အမှန်ပျော်ရွှင်ကြသနည်း
  • တပည့်နောက်လိုက်များအတွက် မြင့်မားသောစံချိန်
  • ဆုတောင်းခြင်းနှင့် ဘုရားသခင်ကိုအားထားခြင်း
  • အသက်လမ်း
  • ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နှုတ်ကပါဌ်တရားကို နာရုံမျှမဟုတ် ကျင့်သောသူ ဖြစ်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • မဿဲ အခန်းကြီး ၅-၇
    ပျော်ရွှင်မှုရစေတဲ့ ပညာရှိစကားများ
  • ဆက်၍ကောင်းမှုပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၃၅

အခန်း ၃၅

အကျော်ကြားဆုံးဒေသနာ

ကျမ်းစာသမိုင်းတွင်အမှတ်တရအဖြစ်ဆုံးတစ်ခု။ မိမိ၏ကျော်ကြားသည့် တောင်ပေါ်ဒေသနာကိုတောင်ဘေးတွင် ယေရှုထိုင်၍ဟောကြားလျက်ရှိ၏။ ဂါလိလဲပင်လယ်အနီး ကပေရနောင်မြို့အနားတွင်ဖြစ်ပေမည်။ တစ်ညလုံးယေရှုဆုတောင်းခဲ့ပြီး၊ တပည့်များထဲမှ တမန်တော် ၁၂ ပါးကိုရွေးချယ်ခဲ့ပြီ။ ထိုနောက်သူတို့နှင့်အတူ တောင်ပေါ်၊ ညီညာသည့်ဤနေရာသို့လာသည်။

မောလွန်းသဖြင့် ယေရှုတရေးတမောအိပ်လိုမည်ဟု သင်ယူဆအံ့။ သို့သော်ရောက်ရှိနေကြသည့်လူအုပ်တွင် မိုင် ၆၀ မှ ၇၀ ပင်ဝေးသည့်ယုဒနယ်နှင့်ယေရုရှလင်မှ လူအချို့ပါသည်။ အချို့ကားမြောက်ဘက်ပင်လယ်ကမ်းခြေမြို့ တုရုနှင့်ဇိဒုန်မှလာသူများဖြစ်ကြသည်။ ယေရှု၏တရားကိုနာလို၊ ရောဂါပျောက်ကင်းလိုသူတို့ဖြစ်ကြသည်။ စာတန်၏နတ်ဆိုးများ အနှောင့်အယှက်ခံရသူများပင်ပါသည်။

ယေရှုဆင်းလာသည်နှင့် ရောဂါသည်များတိုးကပ်ထိတို့ကြသဖြင့် အားလုံးကိုကိုယ်တော်ကုသပေးသည်။ ထိုနောက်ပို၍မြင့်သည့်နေရာသို့တက်ပြီး မိမိရှေ့၊ ညီညာသောနေရာ၌ လျောင်းနေသူတို့အား စတင်ဟောပြောသွန်သင်သည်။ စဉ်းစား၍ကြည့်ပါ။ ထိုပရိသတ်တွင် ရောဂါဖိစီးခံနေရသူ တစ်ဦးပင်မရှိတော့။

ဤအံ့ဖွယ်အမှုများကို ပြုနိုင်သောဆရာ၏စကားကို သူတို့အားလုံးနားထောင်လိုကြသည်။ သို့ရာတွင်အနီးတစ်ဝိုက်၌ရှိနေမည့် မိမိတပည့်များကို ယေရှုအထူးရည်ရွယ်၍ ဟောနေခြင်းဖြစ်မည်။ သို့သော်ကျွန်ုပ်တို့ပါအကျိုးရရန် မဿဲနှင့်လုကာတို့က မှတ်တမ်းတင်ခဲ့သည်။

မဿဲရေးသည့်မှတ်တမ်းသည် လုကာထက်လေးဆမျှရှည်သည်။ မဿဲ ၆:၉-၁၃ နှင့် လုကာ ၁၁:၁-၄၊ မဿဲ ၆:၂၅-၃၄ နှင့် လုကာ ၁၂:၂၂-၃၁ တို့ကိုနှိုင်းယှဉ်လျှင် မဿဲ၏မှတ်တမ်းပါအကြောင်းကို ယေရှုဓမ္မအမှုဆောင်ချိန် အခြားတစ်ချိန်တွင် ဟောသည့်သဘောမျိုးဖြင့် လုကာတင်ပြကြောင်းတွေ့ရှိရသည်။ ယင်းသည်အံ့သြစရာမဟုတ်။ အကြောင်းတစ်ခုတည်းကို တစ်ကြိမ်ထက်မက ယေရှုသွန်သင်ပေးပေမည်။ ယင်းတို့ကို အခြားနေရာတွင်ပြောကြောင်း လုကာကမှတ်တမ်းတင်လို၍ဖြစ်မည်။

ယေရှု၏ဒေသနာကို လွန်စွာတန်ဖိုးရှိစေသည်ကား ဝိညာဉ်ရေးအရ နက်ရှိုင်းရုံသာမက၊ တင်ပြသည့်သမ္မာတရားတို့သည် ရိုးရှင်းပြတ်သားခြင်းဖြစ်သည်။ နေ့စဉ်အတွေ့အကြုံများ၊ အများသိအဖြစ်အပျက်များမှ ဥပမာတင်ပြထားသဖြင့် ဘုရားနည်းလမ်းအတိုင်း သာ၍မွန်မြတ်သောဘဝအသက်တာဖြင့် နေထိုင်လိုသူများအတွက် ကိုယ်တော်၏စကားကိုနားလည်လွယ်စေသည်။

မည်သူများ အမှန်ပျော်ရွှင်ကြသနည်း

လူတိုင်းပျော်လိုကြသည်။ ဤအချက်ကိုသတိပြုမိသဖြင့် မည်သူများပျော်ရွှင်ကြကြောင်းဖေါ်ပြရင်း မိမိ၏တောင်ပေါ်ဒေသနာကိုယေရှုအစပျိုးသည်။ ကြားနာသူများချက်ချင်း အာရုံစူးစိုက်သွားကြ၏။ သို့နှင့်ပင် သူ၏နိဒါန်းသည် ဆန့်ကျင်ဟန်ရှိသည်ဟု လူအများအထင်ရှိမည်။

ဒေသနာကို တပည့်များအားရည်ညွှန်း၍ ဤသို့စသည်။ “ဆင်းရဲသောသင်တို့သည် [ရွှင်လန်း] ကြ၏။ အကြောင်းမှာ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ ယခုတွင် ငတ်မွတ်သောသင်တို့သည် [ရွှင်လန်း] ကြ၏။ သင်တို့သည် ဝပြောကြလတံ့။ ယခုတွင် ငိုကြွေးသောသင်တို့သည် [ရွှင်လန်း] ကြ၏။ သင်တို့သည်ရယ်ကြလတံ့။ သူတစ်ပါးတို့သည် သင်တို့ကိုမုန်းသောအခါ . . . ထိုကာလ၌ ဝမ်းမြောက်ကြလော့။ ရွှင်မြူးသောစိတ်နှင့်ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။”

ဤကား ယေရှုဒေသနာအစပျိုးခြင်းနှင့်ဆိုင်သော လုကာမှတ်တမ်းပင်တည်း။ မဿဲ၏မှတ်တမ်းအရမူ ယေရှုက နူးညံ့သိမ်မွေ့သူ၊ သနားကြင်နာသူ၊ နှလုံးစင်ကြယ်သူနှင့် အသင့်အတင့်နေသူတို့ စိတ်ချမ်းမြေ့ကြသည်ဟုဆိုသည်။ သူတို့သည် မြေကြီးကိုအမွေခံ၍ ကရုဏာကိုခံစားရမည်။ ဘုရားသခင်ကိုသိမြင်ကာ ဘုရားသခင်၏သားများအဖြစ်သတ်မှတ်ခံရကြမည်။ ထိုကြောင့် စိတ်ချမ်းမြေ့ကြ၏။

စိတ်ပျော်ရွှင်မြူးတူးခြင်းသက်သက်ကို ယေရှုမဆိုလို။ ပျော်ရွှင်ချမ်းမြေ့ခြင်းအမှန်ကား ရောင့်ရဲကျေနပ်အားရခြင်းအပြင် ဘဝအသက်တာ၌ ပြည့်စုံခြင်းအဓိပ္ပာယ်ပါသက်ရောက်၏။

ထိုကြောင့် မိမိဝိညာဉ်ရေးလိုအပ်ချက်ကိုသိကာ မိမိ၏အပြစ်ရှိသောအခြေအနေအတွက် ဝမ်းနည်းမည်၊ ဘုရားသခင်ကိုသိကျွမ်းကာဝတ်ပြု မည်ဆိုလျှင် ထိုသူတို့အမှန်စိတ်ချမ်းမြေ့ပျော်ရွှင်ကြမည်ဟု ယေရှုမိန့်သည်။ အလိုတော်ဆောင်ရွက်သဖြင့် သူတို့အမုန်းခံ၊ ညှဉ်းဆဲခံရသည့်တိုင် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ပြီး ထာဝရအသက်ဆုရမည်ကိုသိသဖြင့် ပျော်ရွှင်ဝမ်းမြောက်ကြသည်။

ယေရှု၏တရားကိုနာသူ အများအပြားကဲ့သို့ ယနေ့လူအချို့က စည်းစိမ်ချမ်းသာအပျော်အပါးကိုလိုက်စားမှ ပျော်သည်ဟုယုံကြည်ကြ၏။ ထိုသို့မဟုတ်ကြောင်း ယေရှုသိသည်။ လူတို့အားအံ့သြသွားစေသည့် ဆန့်ကျင်ဘက်အကြောင်းကို ယေရှုမြွက်ဆိုသည်။

“ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့သည်မိမိသက်သာခြင်းကို ယခုခံရကြ၏။ ဝစွာစားရသော သင်တို့သည် အ,မင်္ဂလာရှိကြ၏။ သင်တို့သည် ငတ်မွတ်ခြင်းသို့ရောက်ရကြလတံ့။ ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် ညည်းတွားငိုကြွေးရကြလတံ့။ လူတို့သည် သင်တို့ကိုချီးမွမ်းသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။”

ယေရှုဘာကိုဆိုလိုသနည်း။ ငွေရတတ်ခြင်း၊ အပျော်အပါးနောက် ရယ်မော၍လိုက်ခြင်း၊ လူ့သြဘာကိုခံလိုခြင်းသည် အဘယ်ကြောင့်ဝမ်းနည်းစေနိုင်သနည်း။ ဤအရာတို့ကိုတန်ဖိုးထားခြင်းဖြင့် မှန်သောပျော်ရွှင်မှုကိုရစေသည့် ဘုရားအလိုတော်ဆောင်ရွက်ခြင်းကို သူတို့ဘဝမှထုတ်ပယ်သောကြောင့်ပင်။ ဆင်းရဲငတ်မွတ်ငိုကြွေးနေခြင်းကလည်း လူကိုပျော်ရွှင်စေသည်ဟုမဆိုလို။ သို့သော်ဤသို့ အခြေအနေမသာသူအများအပြားသည် ယေရှု၏သြဝါဒများကိုလက်ခံကြသဖြင့် ပျော်ရွှင်ခြင်းကိုရကြသည်။

ထိုနောက် တပည့်များကို “သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏” ဟုယေရှုမိန့်သည်။ ပကတိဆားဖြစ်သည်ဟုပြောနေခြင်းမဟုတ်။ ဆားသည် မပုပ်အောင်ကာကွယ်သည်။ ယေဟောဝါဗိမာန်တော်ရှိ ယဇ်ပလ္လင်အနီး၌ ဆားတစ်ပုံရှိရာ ယဇ်ပုရောဟိတ်တို့သည် ဆားဖြင့်ယဇ်ကောင်ကိုသိပ်လေ့ရှိသည်။

တပည့်များတွင် အလားတူသြဇာရှိသဖြင့် သူတို့သည် “ဤလောက၏ဆားဖြစ်ကြ၏။” သူတို့ဟောပြောသောသတင်းသည် လက်ခံသူတို့အား မပျက်စီးစေရန်ပြုသည်။ ယင်းသည် တည်မြဲသောအရည်အသွေးများ၊ သမာဓိသစ္စာကိုရစေသည်သာမက ဝိညာဏနှင့်အကျင့်သီလယိုယွင်းမှုမှ ကာကွယ်ပေးသည်။

“သင်တို့သည် လောက၏အလင်းဖြစ်ကြ၏” ဟုတပည့်များအားယေရှုဆိုသည်။ ဆီမီးထွန်း၍ တောင်းအောက်မထားပါ။ ဆီမီးခုံပေါ်တင်ထားလေ့ရှိ၏။ ထိုကြောင့်ယေရှုက “သူတစ်ပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့” ဟုမှာသည်။ တပည့်များလူထုရှေ့သက်သေခံခြင်း၊ ကျမ်းစာမူနှင့်ကိုက်ညီသောအကျင့်သီလများကိုကျင့်ခြင်းဖြင့် အလင်းထွန်းလင်းကြသတည်း။

တပည့်နောက်လိုက်များအတွက် မြင့်မားသောစံချိန်

ဘာသာရေးခေါင်းဆောင်များသည် ယေရှုကို ဘုရားသခင်၏ပညတ်ကျူးလွန်သူအဖြစ်ယူမှတ်ကြသည်။ မကြာမီက ကိုယ်တော်ကိုသတ်ဖို့ပင် ကြံစည်ခဲ့ပြီ။ ထိုကြောင့် မိမိ၏တောင်ပေါ်ဒေသနာတွင်ဆက်၍ ယေရှုဤသို့ရှင်းပြသည်။ “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကိုပယ်ဖျက်ခြင်းငှာ ငါလာသည်ဟုမထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။”

ဘုရားသခင့်ပညတ်တော်ကို ယေရှုတကယ်လေးစားသကဲ့သို့ပင် အခြားသူတို့အား ထိုသို့ပြုရန်တိုက်တွန်းတော်မူသည်။ ကိုယ်တော်ဤသို့ဆိုသည်။ “ထိုကြောင့် အကြင်သူသည် အငယ်ဆုံးသောပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထို့အတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။” ဆိုလိုသည်ကား ဤသို့သောသူသည် နိုင်ငံတော်သို့ လုံးဝဝင်ရမည်မဟုတ်။

ဘုရားသခင်၏ပညတ္တိကျမ်းကိုချိုးဖောက်ဖို့မဆိုထားနှင့်၊ ချိုးဖောက်ရန်အားပေးသည့် စိတ်ထားများကိုပင် ယေရှုရှုတ်ချသည်။ “လူ့အသက်ကိုမသတ်ရ” ဟူသောပညတ်တော်ကို သတိပြုစေ၍ ယေရှုဤသို့ဆက်ပြောသည်။ “ညီအစ်ကိုကိုအထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။”

အပေါင်းအသင်းကိုအမျက်ထွက်နေခြင်းသည် လူသတ်စေနိုင်သဖြင့် ငြိမ်သက်မှုရှိရန် မည်မျှတိုင်ပြုလုပ်အပ်ကြောင်း ယေရှုဥပမာဖြင့် ဤသို့ပြောဆိုသည်။ “ထိုကြောင့် သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ယူဆောင်ခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကိုတင်လော့။”

ပညတ်တော်ဆယ်ပါး၏သတ္တမမြောက်ပညတ်ကိုသတိပြုစေပြန်၍ ဤသို့ယေရှုဆက်ပြောသည်။ “‘သူ့မယားကိုမပြစ်မှားရ’ ဟု . . . သင်တို့ကြားရပြီ။” သို့ရာတွင် မတရားမေထုန်ဖြစ်စေနိုင်သည့် စွဲလမ်းသောသဘောထားကိုပင်ယေရှုပြစ်တင်သည်။ “ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။”

ဤတွင်လျှပ်တစ်ပြက်ဖြစ်ပေါ်လာသည့် သီလယိုယွင်းသောအကြံအစည်အကြောင်း ယေရှုပြောဆိုနေခြင်းမဟုတ်ဘဲ ‘ဆက်၍ကြည့်နေခြင်း’ အကြောင်း ယေရှုပြောနေပါသည်။ ဤသို့ဆက်ကြည့်ခြင်းက ရာဂစိတ်ကိုနှိုးဆွသဖြင့် အခြေအနေပေးလျှင် မတရားမေထုန်ပြုမိသွားစေနိုင်သည်။ ယင်းသို့မဖြစ်စေရန် မည်သို့တားဆီးနိုင်သနည်း။ အစွန်းထွက်လုပ်ရပ်ပင်လိုအပ်နိုင်ကြောင်း ယေရှုဥပမာသုံး၍ ဤသို့ပြော၏။ “လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ . . . ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုလက်ကိုဖြတ်ပစ်လော့။”

မိမိအသက်ချမ်းသာရရန် ပုပ်ပျက်နေသည့်အင်္ဂါကိုဖြတ်ပစ်ဖို့အသင့်ရှိကြသည်။ သို့သော် ယေရှုပြောသည့်အတိုင်းဆိုလျှင် သီလယိုယွင်းသောအတွေးအခေါ်နှင့်အပြုအမူများကိုရှောင်ခြင်းငှာ မျက်စိသို့မဟုတ်လက်တမျှတန်ဖိုးရှိသည့် အဘယ်အရာကိုမဆို “စွန့်ပစ်” ရန်ပို၍ပင်အရေးကြီးသည်။ ထိုသို့မပြုသောသူများသည် ထာဝရဖျက်ဆီးခြင်းကိုပုံဆောင်သည့် (ယေရုရှလင်အနီးရှိ အမြဲမီးတောက်လောင်နေသည့်အမှိုက်ပုံ) ဂေဟင်္နာထဲပစ်ချခံရမည်ဖြစ်သည်။

ထိခိုက်နာကြည်းစေသောသူများနှင့် မည်သို့ဆက်ဆံရမည်အကြောင်းကိုလည်း ယေရှုဆွေးနွေးပါသည်။ “နှောင့်ယှက်သောသူကိုမဆီးမတားနှင့်” ဟုသူဆုံးမသည်။ “သင်၏ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကိုလှည့်၍ပေးဦးလော့။” မိမိသို့မဟုတ်မိမိအိမ်ထောင်ကိုတိုက်ခိုက်လျှင် မခုခံရန် ယေရှုဆိုလိုနေသည်မဟုတ်။ ပါးရိုက်ခြင်းသည် နာကျင်စေရန်မဟုတ်ဘဲ စော်ကားခြင်းဖြစ်သည်။ ထိုကြောင့် ယေရှုဆိုလိုသည်ကား လက်ဖဝါးနှင့်ပါးရိုက်သူ၊ သို့မဟုတ်စော်ကားသည့်စကားဖြင့် စိတ်ဆိုးအောင်ရန်စသူ၊ အငြင်းအခုံပြုသူကို တုံ့ပြန်ခြင်းသည် မှားမည်ဟူ၍ဖြစ်သည်။

ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရမည်ဟူသော ဘုရားသခင့်ပညတ်တော်ကိုသတိပြုစေပြီးနောက် ယေရှုဤသို့ဆိုသည်။ “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကိုဆုတောင်းကြလော့။” ယင်းသို့ပြုရန်အကြောင်းကောင်းကို ဤသို့ဆက်တင်ပြသည်။ “ကောင်းသောသူ၊ မကောင်းသောသူအပေါ်၌ နေကိုထွက်စေတော်မူသော ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားများဖြစ်သည်ကို သက်သေထူ” ခြင်းငှာ ထိုသို့ပြုလော့။

“ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” ဟုဆုံးမ၍ မိမိဒေသနာ၏ဤအပိုင်းကို ယေရှုနိဂုံးချုပ်သည်။ အကြွင်းမဲ့စုံလင်နိုင်သည်ဟူ၍ ယေရှုမဆိုလို။ ၄င်းအစား ဘုရားကိုတုပခြင်းဖြင့် ရန်သူများကိုပင် ချစ်နိုင်သည်ကိုဆိုလို၏။ လုကာ၏ယှဉ်ပြိုင်မှတ်တမ်းတွင် ယေရှုဤသို့ဆိုသည်။ “သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။”

ဆုတောင်းခြင်းနှင့် ဘုရားသခင်ကိုအားထားခြင်း

ဒေသနာတော်ကိုဆက်ဟောကြားရာတွင် ဘုရားတရားကြည်ညိုဟန်ဆောင်သူများ၏ အရေခြုံမှုကို ယေရှုပြစ်တင်ရှုတ်ချသည်။ “သင်သည် အလှူဒါနကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် . . . မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။”

“သင်သည် ဆုတောင်းသောအခါ လျှို့ဝှက်သောသူတို့နည်းတူမပြုနှင့်။ ထိုသူတို့သည် လူများရှေ့မှာ ထင်ရှားစေခြင်းငှာ ပွဲသဘင်လမ်းဆုံလမ်းဝတို့၌ရပ်လျက် ဆုတောင်းခြင်းငှာအလိုရှိကြ၏။” ထိုသို့ပြုမည့်အစား “သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသောအရပ်၌ရှိတော်မူသော သင်၏အဘကိုဆုတောင်းလော့” ဟုမှာကြားသည်။ ယေရှုကိုယ်တိုင်လူများရှေ့ဆုတောင်းသည်ဖြစ်ရာ ယင်းကိုသူအပြစ်တင်နေခြင်းမဟုတ်။ သူရှုတ်ချနေသည်ကား ချီးမွမ်းခံလို၍တောင်းသောပတ္ထနာများဖြစ်သည်။

ထပ်ဆင့်၍ “သင်တို့သည်ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။” ထပ်ခါတလဲပြောရုံဖြင့် မှားသည်ဟူ၍ ယေရှုဆိုနေခြင်းမဟုတ်။ တစ်ခါကဆုတောင်းစဉ် “ထပ်တူစကား” ထပ်ခါပြောခဲ့သည်။ ကိုယ်တော်ရှုတ်ချနေသည်ကား အလွတ်ကျက်ထားသည့်ဆုတောင်းချက်ကို ပုတီးစိပ်သကဲ့သို့ “အထပ်ထပ်” ပြောခြင်းဖြစ်သည်။

ကိုယ်တော်၏ပရိသတ်ဆုတောင်းတတ်ရန် တောင်းဆိုချက်ခုနစ်ခုပါ ပုံစံပြဆုပတ္ထနာကို ယေရှုတင်ပြသည်။ ပထမသုံးချက်က ဘုရားအချုပ်အခြာအာဏာနှင့်ရည်ရွယ်ချက်တို့ကို ထိုက်တန်စွာအသိအမှတ်ပြုပြီး ဘုရားနာမတော်ကို သင်္ကာယနကင်းရန်၊ နိုင်ငံတော်ရောက်ရှိရန်နှင့် အလိုတော်ဖြစ်မြောက်ရန်တောင်းဆိုခြင်းဖြစ်သည်။ ကျန်အချက်လေးခုမှာ ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် နေ့စဉ်အစာ၊ အပြစ်များကိုခွင့်လွှတ်ခြင်း၊ မိမိခံနိုင်သည်ထက် စုံစမ်းမခံရရန်နှင့် နတ်ဆိုးလက်မှလွတ်မြောက်ရန် တောင်းဆိုခြင်းများဖြစ်သည်။

ဆက်လက်၍ ရုပ်ပစ္စည်းကိုအလွန်အရေးပေးခြင်းကျော့ကွင်းအကြောင်း ယေရှုသတိပေးသည်။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။” ဤဘဏ္ဍာသည် ပျက်စီးနိုင်သည်မက ဘုရားအတွက်တန်ဖိုးမရှိပါ။

ထိုကြောင့် ယေရှုက “ကောင်းကင်ဘုံ၌ဘဏ္ဍာကိုဆည်းပူးကြလော့” ဟုမှာသည်။ ဘုရားအမှုတော်ကိုရှေ့ဦးထားခြင်းဖြင့် ထိုသို့ပြုနိုင်သည်။ ဘုရားထံ၌ ဤသို့ဆည်းပူးထားသည့်အကျိုးကို မည်သူမျှမခိုးယူနိုင်ပါ။ ထိုနောက် “အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏” ဟုယေရှုဆိုသည်။

ရုပ်ဝါဒကျော့ကွင်းကိုပုံဥပမာဖြင့် ယေရှုဤသို့ဆိုသည်။ “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိရိုးရှင်းလျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိဆိုးညစ်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။” ကောင်းသောမျက်လုံးသည် အမှောင်ထဲ၌ ခန္ဓာကိုယ်အတွက် မီးခွက်ဖြစ်သည်။ ကောင်းစွာမြင်တွေ့နိုင်ရန် မျက်စိရှင်းရမည်။ အရာတစ်ခုတည်းကိုသာ အာရုံပြုရမည်။ အချိန်အဆမမှန်သောမျက်လုံးမူ အမြင်မှားစေနိုင်၍ ဘုရားအမှုတော်ထက် စည်းစိမ်ကိုရှေ့ထားကာ “တစ်ကိုယ်လုံး” မှောင်မိုက်ရသည့်အဖြစ်သို့ရောက်စေနိုင်သည်။

ထိရောက်သောပုံဥပမာဖြင့် ယေရှုဤသို့နိဂုံးချုပ်သည်။ “အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရား၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။”

ဤသို့ဆုံးမပြီး ဘုရားအမှုတော်ကို ရှေ့ဦးထားသူတို့သည် လိုအပ်ရာအတွက် ကြောင့်ကြစရာမလိုဟု မိမိ၏ပရိသတ်အား ယေရှုအာမခံသည်။ “မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း၊ သို့သော် ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။” ထိုနောက် “ထိုငှက်တို့ထက် သင်တို့သည်အလွန်မြတ်သည်မဟုတ်လော” ဟုကိုယ်တော်မေးမြန်းသည်။

တောနှင်းပင်ကိုယေရှုညွှန်း၍ “ဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမီ” ဟုဆိုသည်။ “တောမြက်ပင်ကိုဘုရားသခင်သည် ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင် ထိုမျှမကသင်တို့ကိုအဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော” ဟုဆက်ပြော၏။ ထိုနောက် ယေရှုဤသို့နိဂုံးချုပ်သည်။ “‘အဘယ်သို့စားသောက်ရအံ့နည်း။ အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍ မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ပေးတော်မူလတံ့။”

အသက်လမ်း

ယေရှုသြဝါဒများကိုနာခံလိုက်လျှောက်ခြင်းသည် အသက်လမ်းဖြစ်၏။ သို့သော် လိုက်နာရန်မလွယ်ကူပါ။ ဥပမာပြရသော် ဖာရိရှဲများက သူတစ်ပါးကိုကြမ်းတမ်းစွာစီရင်တတ်ကြသည်။ သူတို့ပုံစံကို လူများစွာလိုက်ဟန်တူသည်။ ထိုကြောင့် တောင်ပေါ်ဒေသနာကိုဟောကြားရင်း၊ ယေရှုဤသို့ဆုံးမသည်။ ‘သင်တို့တရားစီရင်မခံရရန် သူတစ်ပါးကိုတရားမစီရင်နှင့်။ သင်တို့သူတစ်ပါးကိုစီရင်သည့်အတိုင်း သင်တို့စီရင်ခံရမည်။’

လွန်စွာအပြစ်ရှာသောဖာရိရှဲများနောက်ကိုလိုက်လျှင် အန္တရာယ်ရှိသည်။ လုကာ၏မှတ်တမ်းအရ ဤအန္တရာယ်ကိုယေရှုဥပမာပေး ရှင်းပြသည်။ “လူကန်းသည်လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည်မဟုတ်လော။”

သူတစ်ပါးအပြစ်ကိုလက်ညှိုးထိုး၍ ပုံကြီးချဲ့ခြင်းသည် ကြီးလေးသောအပြစ်လွန်ကျူးမှုဖြစ်သည်။ ထိုကြောင့် ယေရှုမေးသည်။ “ကိုယ်မျက်စိ၌ရှိသောတံကျင်ကိုမမြင်မမှတ်ဘဲလျက် ‘ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေ’ ဟုအဘယ်သို့ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသောတံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှညီအစ်ကိုမျက်စိ၌ရှိသောငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။”

ထိုသို့ဆိုခြင်းက ခရစ်ယာန်များ သူတစ်ပါးနှင့်စပ်လျဉ်း၍ ချင့်ချိန်ပိုင်းခြားမှုမပြုရဟုမဆိုလို။ အကြောင်းမှာ ကိုယ်တော်က “ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။ ပုလဲရတနာတို့ကိုဝက်တို့ရှေ့မှာ မချမထားကြနှင့်” ဟူ၍လည်းဆိုခဲ့သည်။ နှုတ်ကပါဌ်တရားသည် အထွတ်အမြတ်ထားရာပုလဲပမာဖြစ်၏။ သို့သော် အဖိုးတန်သမ္မာတရားကိုတိရစ္ဆာန်များကဲ့သို့ လူအချို့လေးမြတ်ခြင်းမရှိကြလျှင် ထိုသူတို့ကိုစွန့်၍ ပိုမိုလက်ခံနားထောင်လိုသူများကို ရှာဖွေသင့်သည်။

အစောပိုင်းဒေသနာတွင် ဆုတောင်းခြင်းအကြောင်း ယေရှုဆွေးနွေးပြီးဖြစ်သော်လည်း ယခုမူ ဆုတောင်းခြင်းမြဲမြံရန် ယေရှုအလေးထားပြောဆိုသည်။ ‘မပြတ်တောင်းကြလော့။ တောင်းလျှင်ရမည်။’ ဆုတောင်းလျှင် ဖြေကြားဖို့ဘုရားအသင့်ရှိခြင်းကိုရှင်းပြရန် ယေရှုဤသို့မေးသည်။ ‘မုန့်တောင်းသောသားကိုကျောက်ပေးမည့်သူ . . . တစ်စုံတစ်ယောက်ရှိသလော။ သင်တို့ဆိုးလျက်နှင့် ကောင်းသောအရာကိုပေးတတ်လျှင်၊ ကောင်းကင်ဘုံရှိအဘသည် ဆုတောင်းသူတို့အား ထိုမျှမကကောင်းသောအရာကိုပေးတော်မူမည်မဟုတ်လော။’

ထိုနောက် ရွှေပညတ်ဟုထင်ရှားလာသည့် သီလရေးပညတ်ကိုယေရှုပေးသည်။ “ကိုယ်၌သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါး၌ပြုကြလော့။” ဤပညတ်ကိုလိုက်လျှင် အပြုသဘောဖြင့် မိမိအား သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါးအားပြုရမည်ဖြစ်သည်။

အသက်လမ်း မလွယ်ကြောင်း ယေရှု၏ညွှန်ကြားချက်က ပေါ်လွင်စေ၏။ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည်နည်းကြ၏။”

လမ်းမှားလိုက်မိလျှင် အန္တရာယ်ကြီးကြောင်း ယေရှုသတိပေးသည်။ “အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကိုသတိနှင့်ရှောင်ကြလော့။” အသီးကိုကြည့်၍ အပင်ကောင်းမကောင်းကိုသိနိုင်သကဲ့သို့ မိစ္ဆာပရောဖက်တို့ကိုလည်း သူတို့အကျင့်သီလ၊ သူတို့သွန်သင်သောသြဝါဒများအားဖြင့် ခွဲခြားသိမြင်နိုင်ကြောင်းယေရှုမိန့်ဆိုသည်။

အပြော နှင့်အလုပ် နှစ်ခုလုံးအားဖြင့် မိမိတပည့်ဖြစ်ရမည်ဟု ယေရှုဆိုသည်။ ယေရှုကို မိမိသခင်အဖြစ် လူအချို့ကြွေးကြော်သော်လည်း ဘုရားသခင်အလိုကိုမဆောင်ကြလျှင် “သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတည့်အလင်းငါပြောမည်” ဟူ၍ယေရှုမိန့်ကြားသည်။

နောက်ဆုံး မိမိဒေသနာကိုမှတ်သားဖွယ်နိဂုံးချုပ်သည်။ “ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် . . . ကျောက်ပေါ်မှာတိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့်ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ . . . ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။”

“ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား . . . [သဲ] မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့်တူ၏။ ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင် ပြိုပျက်လေသည်။”

ဒေသနာအဆုံးတွင် လူအပေါင်းအံ့သြမိန်းမောကြ၏။ အကြောင်းမှာ ကျမ်းပြုဆရာကဲ့သို့မဟုတ်၊ အခွင့်အာဏာရှိသူကဲ့သို့ ဟောပြောခြင်းကြောင့်တည်း။ လုကာ ၆:၁၂-၂၃။ မဿဲ ၅:၁-၁၂။ လုကာ ၆:၂၄-၂၆။ မဿဲ ၅:၁၃-၄၈၊ ၆:၁-၃၄၊ ၂၆:၃၆-၄၅၊ ၇:၁-၂၉။ လုကာ ၆:၂၇-၄၉။

▪ အမှတ်တရအဖြစ်ဆုံးသော ယေရှု၏ဒေသနာကို အဘယ်နေရာတွင်ဟော၍ မည်သူတို့ရှိသနည်း။ ၄င်းကိုမဟောမီ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

▪ ထိုဒေသနာပါသွန်သင်ချက်အချို့ကို အခြားတစ်နေရာတွင်ပြောသည်ဟူသော လုကာမှတ်တမ်းက အဘယ်ကြောင့်အံ့သြစရာမဟုတ်သနည်း။

▪ ယေရှု၏ဒေသနာ အဘယ်ကြောင့်ဤမျှတန်ဖိုးရှိရသနည်း။

▪ မည်သူတို့အမှန်ပျော်ရွှင်ကြသနည်း။ အဘယ်ကြောင့်နည်း။

▪ မည်သူတို့အမင်္ဂလာရှိကြသနည်း။ အဘယ်ကြောင့်နည်း။

▪ မည်သို့အားဖြင့် ယေရှုတပည့်နောက်လိုက်တို့သည် “ဤလောက၏ဆား” “ဤလောက၏အလင်း” ဖြစ်ကြသနည်း။

▪ ဘုရားသခင်၏ပညတ်တော်ကိုတကယ်တန်ဖိုးထားကြောင်း ယေရှုမည်သို့တင်ပြသနည်း။

▪ လူသတ်မှုနှင့်မတရားမေထုန်ဖြစ်ပွားစေသည့်အကြောင်းရင်းကို အမြစ်မှထုတ်ပစ်ရန် ယေရှုမည်သို့သွန်သင်သနည်း။

▪ ပါးတစ်ဖက်ကိုပေးရန် ယေရှုဆိုစဉ် ဘာကိုဆိုလိုသနည်း။

▪ ဘုရားစုံလင်သကဲ့သို့ ကျွန်ုပ်တို့မည်သို့စုံလင်နိုင်သနည်း။

▪ ဆုတောင်းချက်နှင့်ပတ်သက်၍ အဘယ်သွန်သင်ချက်များကို ယေရှုပေးသနည်း။

▪ ကောင်းကင်ဘဏ္ဍာများသည် အဘယ်ကြောင့်ပိုထူးမြတ်သနည်း။ မည်သို့ဆည်းပူးနိုင်သနည်း။

▪ ရုပ်ဝါဒရှောင်ကြဉ်ရန် အကူအညီပေးသည့် အဘယ်ဥပမာများပေးသနည်း။

▪ စိုးရိမ်စရာအကြောင်းမရှိကြောင်း ယေရှုအဘယ်ကြောင့်မိန့်တော်မူသနည်း။

▪ သူတစ်ပါးကိုတရားစီရင်ခြင်းနှင့်ပတ်သက်၍ ယေရှုဘာပြောသနည်း။ သို့သော် တစ်ပါးသူနှင့်ပတ်သက်၍ မိမိ၏တပည့်များပိုင်းခြားဆင်ခြင်ရန်လိုကြောင်း မည်သို့ပြခဲ့သနည်း။

▪ ဆုတောင်းခြင်းနှင့်စပ်လျဉ်း၍ ယေရှုထပ်မံဘာပြောသနည်း။ အဘယ်အကျင့်သီလရေးပညတ်ကို ကိုယ်တော်ပေးသနည်း။

▪ အသက်လမ်းမလွယ်ကူကြောင်း၊ လမ်းမှားလိုက်ခြင်းသည် အန္တရာယ်ကြီးကြောင်း ယေရှုမည်သို့ပြသနည်း။

▪ ဒေသနာတော်ကို ယေရှုမည်သို့နိဂုံးချုပ်သနည်း။ အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ