အခန်း ၂၅
သက်သေခံနှစ်ပါးအား ပြန်ရှင်စေခြင်း
၁။ ခွန်အားကြီးသော ကောင်းကင်တမန်က ယောဟန်အား ဘာလုပ်ခိုင်းသနည်း။
ဒုတိယအမင်္ဂလာ မပြီးမီ ခွန်အားကြီးသော ကောင်းကင်တမန်က ယောဟန်အား ပရောဖက်ပြုချက်ဆိုင်ရာ နောက်ဇာတ်ကွက်၌ ပါဝင်တင်ဆက်ခိုင်း၏။ ဤတစ်ကြိမ်တွင် ဗိမာန်တော်နှင့်ဆိုင်၏။ (ဗျာဒိတ် ၉:၁၂; ၁၀:၁) ယောဟန်က ဤသို့ဆိုသည်– “ထို့နောက် တုတ်တံနှင့်တူသော ကျူရိုးတစ်ချောင်းကို ငါ့အားပေးလျက် မိန့်ဆိုသည်မှာ၊ ‘ထ၍ ဘုရားသခင်၏ ဗိမာန်တော် ကျိန်းဝပ်ရာဌာနနှင့် ယဇ်ပလ္လင်ကိုလည်းကောင်း၊ ထိုအရပ်တွင် ကိုးကွယ်နေသူတို့ကိုလည်းကောင်း တိုင်းတာလော့။’”—ဗျာဒိတ် ၁၁:၁။
ဗိမာန်တော် ကျိန်းဝပ်ရာဌာန
၂။ (က) အဘယ်ဗိမာန်တော် ကျိန်းဝပ်ရာဌာနသည် ကျွန်ုပ်တို့အချိန်တိုင် ရပ်တည်မည်ဖြစ်သနည်း။ (ခ) ဗိမာန်တော် ကျိန်းဝပ်ရာဌာန၏ ယဇ်ပုရောဟိတ်မင်းကား မည်သူဖြစ်၍ အထူးသန့်ရှင်းရာဌာနကား အဘယ်နည်း။
၂ နောက်ဆုံးသော ဗိမာန်တော်ကို အေဒီ ၇၀ ပြည့်နှစ်၌ ရောမလူတို့ ဖျက်ဆီးလိုက်ပြီဖြစ်ရာ ဤတွင်ဆိုသော ဗိမာန်တော်သည် ယေရုရှလင်မြို့ရှိ ပကတိဗိမာန်တော် တစ်ဆောင်မျှ မဖြစ်နိုင်။ သို့တစေ၊ တမန်တော်ပေါလုက ထိုဖျက်ဆီးခြင်း မတိုင်ခင်ကပင် နောက်ဗိမာန်တော် ကျိန်းဝပ်ရာဌာန တစ်ဆောင်ရှိနှင့်ပြီး ၎င်းသည် ကျွန်ုပ်တို့လက်ထက်တိုင် ရပ်တည်မည်ဟု တင်ပြခဲ့သည်။ ၎င်းသည် ရှေးက တဲတော်၊ နောက်ပိုင်း၌ ယေရုရှလင်မြို့ရှိ ဗိမာန်တော်များဖြင့် ဥပမာနပြုခဲ့သော မဟာဝိညာဏဗိမာန်တော်ဖြစ်၏။ ၎င်းသည် “လူမဆောက်ဘဲ ထာဝရဘုရား ဆောက်တော်မူသော တဲတော်စစ်” ဖြစ်၍ ၎င်း၏ ယဇ်ပုရောဟိတ်မင်းကား ယေရှုတည်း။ ပေါလုက ယေရှုသည် “ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ ပလ္လင်လက်ယာဘက်မှာ ထိုင်နေတော်မူ၏” ဟုဖော်ပြ၏။ ၎င်း၏ အထူးသန့်ရှင်းရာဌာနကား၊ ကောင်းကင်ဘုံရှိ ယေဟောဝါ ကျိန်းဝပ်ရာနေရာပင်တည်း။—ဟေဗြဲ ၈:၁၊ ၂; ၉:၁၁၊ ၂၄။
၃။ တဲတော်ထဲက (က) အထူးသန့်ရှင်းရာဌာနကို သန့်ရှင်းရာဌာနနှင့် သီးခြားစေသော ကန့်လန့်ကာ၊ (ခ) တိရစ္ဆာန်ယဇ်များ၊ (ဂ) ယဇ်ပလ္လင်တို့က ဘာကိုအသီးသီး ပုံခိုင်းသနည်း။
၃ တမန်တော်ပေါလုက တဲတော်ထဲက အထူးသန့်ရှင်းရာဌာနကို သန့်ရှင်းရာဌာနနှင့် သီးခြားစေသော ကန့်လန့်ကာသည် ယေရှု၏အသားတော်ကို ပုံဆောင်သည်ဟု ရှင်းလင်းတင်ပြသည်။ ယေရှု မိမိအသက်ကို စွန့်တော်မူစဉ် ၎င်းကန့်လန့်ကာ နှစ်ခြမ်းကွဲသွားသဖြင့် ယေရှု၏ အသားတော်သည် ယေဟောဝါ ကျိန်းဝပ်ရာကောင်းကင်သို့ ကိုယ်တော် မဝင်နိုင်အောင် တားဆီးခြင်း မပြုတော့ကြောင်းကို ပြ၏။ သစ္စာရှိစွာသေဆုံးသော ယေရှု၏ဘိသိက်ခံ လက်ထောက်ယဇ်ပုရောဟိတ်များလည်း အချိန်တန်သည့်အခါ ယေရှု၏ယဇ်ကို အမှီပြု၍ ကောင်းကင်သို့ ဝင်ရောက်ကြ၏။ (မဿဲ ၂၇:၅၀၊ ၅၁; ဟေဗြဲ ၉:၃; ၁၀:၁၉၊ ၂၀) တဲတော်၌ တိရစ္ဆာန်ယဇ်များကို အစဉ်မပြတ်ပူဇော်ခြင်းက ယေရှု၏ တစ်ခုတည်းသော စုံလင်သည့်လူ့အသက်ယဇ်ကို ပြညွှန်သည်ဟုလည်း ပေါလုတင်ပြ၏။ တံတိုင်းတော်အတွင်းရှိ ယဇ်ပလ္လင်က အလိုတော်နှင့်အညီ၊ ယေရှု၏ယဇ်ကိုလက်ခံသော ယေဟောဝါ၏ စီမံချက်ကိုတင်စား၍ ၎င်းယဇ်ကို “လူအများ” အဖို့ ပူဇော်တော်မူ၏။ ရှေးဦးစွာ ဘိသိက်ခံများ၊ နောက်ပိုင်း၌ အခြားသိုးများအဖို့ ဖြစ်၏။ အခြားသိုးများသည် ကယ်တင်ခြင်းကျေးဇူးအတွက် ‘ကိုယ်တော်ကို စောင့်မျှော်နေ’ ကြမည်ဖြစ်သည်။—ဟေဗြဲ ၉:၂၈၊ ခမ; ၁၀:၉၊ ၁၀; ယောဟန် ၁၀:၁၆။
၄။ (က) သန့်ရှင်းရာဌာန၊ (ခ) အတွင်းတံတိုင်းတို့က ဘာကိုအသီးသီး ပုံခိုင်းသနည်း။
၄ ဘုရားသခင့်မှုတ်သွင်းခံ ဤအကြောင်းအရာကိုထောက်၍ တဲတော်ထဲမှ သန့်ရှင်းရာဌာနကား ရှေးဦးစွာ ခရစ်တော်၊ ၎င်းနောက် ၁၄၄,၀၀၀ သော ဘိသိက်ခံ တော်ဝင်ယဇ်ပုရောဟိတ်များ “ကန့်လန့်ကာ” ကိုဖြတ်မသွားမီ မြေကြီးပေါ်မှာ ရှိဆဲကာလ၌ ခံစားကြရသည့် သန့်ရှင်းသောအခြေအနေကို အထိမ်းအမှတ်ပြုကြောင်း ကောက်ချက်ချနိုင်၏။ (ဟေဗြဲ ၆:၁၉၊ ၂၀; ၁ ပေတရု ၂:၉) ဘုရားသခင့် ဝိညာဏသားများအဖြစ် မွေးစားတော်မူခြင်းခံရသည့် သူတို့၏အဖြစ်ကို ထိထိမိမိ တင်စားပေသည်။ အေဒီ ၂၉ ခု၊ ယော်ဒန်မြစ်၌ ယေရှုနှစ်ခြင်းခံသည့်နောက် သူ့အား သားတော်အဖြစ် ဘုရားသခင်အသိအမှတ် ပြုတော်မူသည့်နည်းတူဖြစ်၏။ (လုကာ ၃:၂၂; ရောမ ၈:၁၅) တဲတော်၏ အတွင်းတံတိုင်းကို မည်သို့ဆိုမည်နည်း။ ၎င်းသည် ယဇ်ပုရောဟိတ်မဟုတ်သော ဣသရေလလူများ မြင်နိုင်သည့် တစ်ခုတည်းသောအပိုင်း၊ ယဇ်ပူဇော်ရာနေရာဖြစ်သည်။ ၎င်းသည် လူသားယေရှု၏ စုံလင်သောရပ်တည်မှုကို ပုံဆောင်ပြီး ၎င်းကြောင့် ယေရှုသည် လူသားတို့အဖို့ မိမိအသက်ကို ဆက်သနိုင်သောအရည်အချင်းကို ရရှိ၏။ ကိုယ်တော့်ဘိသိက်ခံ နောက်တော်လိုက်များ မြေကြီးပေါ်မှာရှိကြစဉ် ခံစားရသော၊ ယေရှု၏ယဇ်ကို အခြေပြု၍ ချီးမြှင့်တော်မူသည့် ဖြောင့်မတ်သော ရပ်တည်မှုကိုလည်း တင်စားသည်။a—ရောမ ၁:၇; ၅:၁။
ဗိမာန်တော် ကျိန်းဝပ်ရာဌာနကို တိုင်းတာခြင်း
၅။ ဟေဗြဲကျမ်း ပရောဖက်ပြုချက်များ၌ (က) ယေရုရှလင်မြို့ကို တိုင်းတာခြင်း၊ (ခ) ယေဇကျေလ၏ ရူပါရုံဆိုင်ရာ ဗိမာန်တော်ကို တိုင်းတာခြင်းတို့က ဘာကိုဆိုလိုသနည်း။
၅ “ဘုရားသခင့် ဗိမာန်တော် ကျိန်းဝပ်ရာဌာနနှင့် ယဇ်ပလ္လင်ကိုလည်းကောင်း၊ ထိုအရပ်တွင် ကိုးကွယ်နေသူတို့ကိုလည်းကောင်း၊ တိုင်းတာလော့” ဟု ယောဟန် မိန့်မှာခံရသည်။ ဘာကိုဆိုလိုသနည်း။ ဟေဗြဲကျမ်း ပရောဖက်ပြုချက်များ၌ ထိုသို့သောတိုင်းတာခြင်းက ယေဟောဝါ၏ စုံလင်သောစံကို အခြေပြု၍ တရားမျှတမှုကိုရမည် ဟူသောအာမခံချက်ဖြစ်သည်။ မင်းဆိုးမင်းညစ် မနာရှေလက်ထက်၌ ပရောဖက်ပြုခြင်းနှင့်ဆိုင်၍ ယေရုရှလင်မြို့ကို တိုင်းတာခြင်းက ၎င်းမြို့ မလွဲဧကန် ဖျက်ဆီးခံရမည်ကို သက်သေထူသည်။ (၄ ဓမ္မရာဇဝင် ၂၁:၁၃; ယေရမိမြည်တမ်း ၂:၈) သို့သော်၊ နောက်ပိုင်း၌ ယေရုရှလင်မြို့ တိုင်းတာခြင်းခံရသည်ကို ယေရမိ မြင်ရသောအခါ ယင်းမြို့ ပြန်လည်တည်ထောင်မည်ကို အတည်ပြု၏။ (ယေရမိ ၃၁:၃၉; ဇာခရိ ၂:၂-၈ လည်းရှု။) ထို့နည်းတူ၊ ယေဇကျေလရူပါရုံ၌ မြင်ရသောဗိမာန်တော်ကို အကြီးအကျယ် အသေးစိတ်တိုင်းတာခြင်းက မိမိတို့ဇာတိမြေ၌ စစ်မှန်သောဝတ်ပြုမှု ပြန်လည်ထူထောင်လာမည်ကို ဂျူးသုံ့ပန်းများအား အာမခံချက်ပေးခြင်းဖြစ်၏။ မိမိတို့ပြစ်မှားမှုကြောင့် ဣသရေလလူတို့သည် ထိုအချိန်မှစ၍ ဘုရားသခင့် သန့်ရှင်းသောစံများကို မီအောင်လိုက်ရတော့မည်ဖြစ်ကြောင်းကိုလည်း သတိရစေသည်။—ယေဇကျေလ ၄၀:၃၊ ၄; ၄၃:၁၀။
၆။ ဗိမာန်တော် ကျိန်းဝပ်ရာဌာနနှင့် ထိုအရပ်၌ဝတ်ပြုသော ယဇ်ပုရောဟိတ်များကို ယောဟန်အား တိုင်းတာခိုင်းခြင်းသည် အဘယ်အရာ၏ နိမိတ်လက္ခဏာ ဖြစ်သနည်း။
၆ ထို့ကြောင့်၊ ဗိမာန်တော်နှင့် ဗိမာန်တော်ထဲ၌ဝတ်ပြုသော ယဇ်ပုရောဟိတ်များကို တိုင်းတာရန် ယောဟန် မိန့်မှာခံရသောအခါ ဗိမာန်တော်အစီအစဉ်နှင့် ယင်းအစီအစဉ်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်ပတ်သက်သော ယေဟောဝါ၏ ရည်ရွယ်ချက်များ မပြည့်စုံလာရန် ဘာကမျှ မတားဆီးနိုင်ကြောင်း၊ ထိုရည်ရွယ်ချက်များ အထွတ်အထိပ်သို့ ရောက်ခါနီးပြီဖြစ်ကြောင်း နိမိတ်ပြချက်ဖြစ်၏။ အရာခပ်သိမ်းကို ယေဟောဝါ၏ ခွန်အားကြီးသော ကောင်းကင်တမန်၏ ခြေတော်အောက်တွင် ချထားပြီဖြစ်ရာ “ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာချီးမြှောက်၍ [ခိုင်ခံ့စွာ] တည်” ရန်အချိန်ရောက်ပြီ။ (ဟေရှာယ ၂:၂-၄) ရာစုနှစ်နှင့်ချီပြီး ခရစ်ယာန်ဘောင် အယူဖောက်ပြန်ခဲ့သည့်နောက် စင်ကြယ်သောဝတ်ပြုမှုကို ချီးမြှောက်ရမည်ဖြစ်၏။ သေလွန်ခဲ့သော ယေရှု၏သစ္စာရှိညီတော်များ “အလွန်သန့်ရှင်းသော အရပ်ဌာန” ထဲသို့ထမြောက်စေရန် အချိန်လည်းဖြစ်လေပြီ။ (ဒံယေလ ၉:၂၄; ၁ သက်သာလောနိတ် ၄:၁၄-၁၆; ဗျာဒိတ် ၆:၁၁; ၁၄:၄) ကမ္ဘာပေါ်မှ “ငါတို့၏ ဘုရားသခင့်ကျွန်များ” ထဲက နောက်ဆုံး တံဆိပ်ခတ်ခံရသူများကိုလည်း ဘုရားသခင့် ဝိညာဉ်တော်ဖွား သားများအဖြစ် ဗိမာန်တော် အစီအစဉ်ထဲတွင် တည်မြဲသောနေရာကို ရနိုင်စေရန် ဘုရားသခင့်စံများနှင့်အညီ တိုင်းတာရမည်ဖြစ်၏။ ယနေ့ ယောဟန်အတန်းအစားသည် သန့်ရှင်းသောထိုစံများကို အပြည့်အဝသိရှိကြပြီး စံမီဖို့ စိတ်ပိုင်းဖြတ်ထားကြ၏။—ဗျာဒိတ် ၇:၁-၃; မဿဲ ၁၃:၄၁၊ ၄၂; ဧဖက် ၁:၁၃၊ ၁၄; ရောမ ၁၁:၂၀ နှိုင်းယှဉ်။
တံတိုင်းကိုနင်းခြေခြင်း
၇။ (က) အဘယ်ကြောင့် ယောဟန်အား တံတိုင်းကို မတိုင်းခိုင်းသနည်း။ (ခ) အဘယ်အချိန်၌ သန့်ရှင်းသောမြို့တော်သည် ၄၂ လပတ်လုံး အနင်းခံရသနည်း။ (ဂ) ခရစ်ယာန်ဘောင် ဘုန်းကြီးဓမ္မဆရာအုပ်စုသည် ယေဟောဝါ၏ ဖြောင့်မတ်သောစံနှုန်းကို ၄၂ လတိုင်တိုင် ကိုင်စွဲရန် မည်သို့ပျက်ကွက်ခဲ့ကြသနည်း။
၇ တံတိုင်းကို မတိုင်းတာရန် ယောဟန်အား အဘယ်ကြောင့် တားမြစ်သနည်း။ ယောဟန် ဤသို့ရှင်းပြပါသည်– “ဗိမာန်တော် ကျိန်းဝပ်ရာဌာန အပြင်ဘက်မှ တံတိုင်းကိုမူ၊ မတိုင်းတာဘဲ ရှင်းရှင်းပစ်ပယ်ထားလော့။ အကြောင်းမှာ၊ ၎င်းကို လူမျိုးခြားတို့အား အပ်ပေးပြီဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းသောမြို့တော်ကို လေးဆယ့်နှစ်လတိုင်တိုင် နင်းခြေကြလိမ့်မည်။” (ဗျာဒိတ် ၁၁:၂) အတွင်းတံတိုင်းသည် ဝိညာဉ်တော်ဖွားခရစ်ယာန်များ၏ မြေကြီးပေါ်ရှိ ဖြောင့်မတ်သော ရပ်တည်မှုကို ပုံဆောင်ကြောင်း ကျွန်ုပ်တို့ သိရှိခဲ့လေပြီ။ ဤတွင်၊ ၁၉၁၄၊ ဒီဇင်ဘာလမှ ၁၉၁၈၊ ဇွန်လအထိ၊ ခရစ်ယာန် အမည်ခံရှိသမျှ ပြင်းပြသော စမ်းသပ်မှုခံရာ ပကတိ ၄၂ လကို ရည်ညွှန်းနေသည်။ ထိုစစ်ကာလအတွင်း ယေဟောဝါ၏ ဖြောင့်မတ်သောစံများကို သူတို့ ကိုင်စွဲကြမည်လော။ အများစုက မကိုင်စွဲကြပါ။ ခရစ်ယာန်ဘောင် ဘုန်းကြီးဓမ္မဆရာအားလုံး ဘုရားသခင့်ပညတ်တော်ကို နာခံသည်ထက် တိုင်းချစ်ပြည်ချစ်စိတ်ကို ရှေ့တန်းတင်ကြ၏။ ခရစ်ယာန်ဘောင်အတွင်း တိုက်ခိုက်သော ထိုစစ်ပွဲနှစ်ဖက်စလုံးမှ ဓမ္မဆရာများသည် လူငယ်များကို ကတုတ်ကျင်းများထဲဝင်ဖို့ တိုက်တွန်းခဲ့ကြရာ လူငယ်သန်းပေါင်းများစွာ သတ်ဖြတ်ခံရကြသည်။ ၁၉၁၈ ခုနှစ်၊ ဘုရားသခင့် အိမ်တော်မှစ၍ တရားစီရင်တော်မူသောအခါ အမေရိကန်ပြည်ထောင်စုလည်း ထိုသွေးသွန်းပွဲတွင် ပါဝင်ဆင်နွှဲလာသဖြင့် ခရစ်ယာန်ဘောင်တစ်ခွင်လုံးရှိ ဘုန်းကြီးဓမ္မဆရာအုပ်စုသည် သွေးစွန်းခြင်းအပြစ်ကြီး ကျူးလွန်ခဲ့ကြရာ ထိုသွေးများက ဘုရားသခင် လက်စားချေတော်မူပါဟု ယနေ့တိုင် အော်ဟစ်နေ၏။ (၁ ပေတရု ၄:၁၇) သူတို့သည် ထာဝစဉ် ပစ်ပယ်တော်မူခြင်းခံရ၍ ပြန်လမ်းမရှိတော့။—ဟေရှာယ ၅၉:၁-၃၊ ၇၊ ၈; ယေရမိ ၁၉:၃၊ ၄။
၈။ ပထမကမ္ဘာစစ်အတွင်း၊ ကျမ်းစာကျောင်းသားအများအပြား ဘာကိုသိမြင်လာသော်လည်း ဘာကိုကောင်းစွာ သဘောမပေါက်ဘဲ ရှိခဲ့သနည်း။
၈ ကျမ်းစာကျောင်းသားအုပ်စုကလေးကော၊ မည်သို့နည်း။ ဘုရားသခင့်စံများကို သူတို့ကိုင်စွဲခဲ့ခြင်း ရှိမရှိ ဟူသည့်အချက်ကို အခြေပြု၍ သူတို့ကို ၁၉၁၄ ခုနှစ်၌ ချက်ချင်း တိုင်းတာရန်လော။ မဟုတ်ပါ။ သူတို့လည်း ခရစ်ယာန်ဘောင်ထဲက အမည်ခံခရစ်ယာန်များနည်းတူ၊ စမ်းသပ်ခြင်းခံရမည်။ ပြင်းထန်စွာစုံစမ်း၍ နှိပ်စက်ညှဉ်းပန်းခံစေရန် သူတို့ကို ‘ရှင်းရှင်းပစ်ပယ်၍ လူမျိုးခြားတို့အား အပ်ပေးလိုက်’ သည်။ သူတို့ထဲမှ လူများစွာတို့က လူလူချင်း မသတ်ဖြတ်သင့်ကြောင်း နားလည်ကြသော်လည်း ခရစ်ယာန် ကြားနေခြင်းအကြောင်းကိုမူ အပြည့်အဝ သဘောမပေါက်သေး။ (မိက္ခာ ၄:၃; ယောဟန် ၁၇:၁၄၊ ၁၆; ၁ ယောဟန် ၃:၁၅) တိုင်းနိုင်ငံများ၏ သြဇာဖိအားကြောင့် အချို့က အလျှော့ပေးလိုက်လျောခဲ့ကြသည်။
၉။ တိုင်းနိုင်ငံများ နင်းခြေသည့် သန့်ရှင်းသောမြို့တော်ကား အဘယ်အရာဖြစ်ပြီး မြေကြီးပေါ်၌ မည်သူများ ၎င်းကို ကိုယ်စားပြုသနည်း။
၉ သို့ရာတွင်၊ သန့်ရှင်းသောမြို့တော်ကို ထိုလူမျိုးခြားတို့ ခြေဖြင့်နင်းခြေသည်မှာ မည်သို့နည်း။ ဗျာဒိတ်ကျမ်းမရေးမီ ၂၅ နှစ်အထက်က ဖျက်ဆီးခံရသော ယေရုရှလင်မြို့ကို ပြောနေခြင်း မဟုတ်သည်မှာ သိသာ၏။ သန့်ရှင်းသောမြို့တော်ကား ဗျာဒိတ်ကျမ်း နောက်ပိုင်း၌ဖော်ပြသော ယေရုရှလင်မြို့သစ်ဖြစ်၍ ယခု ဗိမာန်တော် အတွင်းတံတိုင်းထဲမှ ကျန်ကြွင်းသော ဘိသိက်ခံခရစ်ယာန်များက မြေကြီးပေါ်တွင် ၎င်းကိုကိုယ်စားပြု၏။ နောင်တွင် သူတို့လည်း သန့်ရှင်းသောမြို့တော်၏ အစိတ်အပိုင်း ဖြစ်လာကြမည်။ ထို့ကြောင့် သူတို့ကိုနင်းခြေခြင်းသည် မြို့တော်ကို နင်းခြေခြင်းနှင့် မခြားပါ။—ဗျာဒိတ် ၂၁:၂၊ ၉-၂၁။
သက်သေခံနှစ်ပါး
၁၀။ ယေဟောဝါ၏ သစ္စာရှိသက်သေများသည် အနင်းခံနေရစဉ် အဘယ်အမှုကို ပြုရသနည်း။
၁၀ ထိုသစ္စာစောင့်တို့သည် အနင်းခံနေရစဉ်မှာပင် ယေဟောဝါ၏ သစ္စာရှိသက်သေများအဖြစ်မှ မရပ်စဲကြချေ။ ထို့ကြောင့်၊ ပရောဖက်ပြုချက်က ဤသို့ဆက်၍ ရေးသားတင်ပြသည်– “‘ငါသည် ငါ၏သက်သေခံနှစ်ပါးအား လျှော်တေအဝတ်ကို ဝတ်စေလျက် ရက်ပေါင်း တစ်ထောင့်နှစ်ရာ ခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုစေမည်။’ ဤသူတို့ကို သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံဖြင့် ပုံခိုင်း၍ သူတို့သည် မြေကြီး၏သခင် ရှေ့တော်၌ ရပ်နေကြ၏။”—ဗျာဒိတ် ၁၁:၃၊ ၄။
၁၁။ ‘လျှော်တေအဝတ်ဝတ်လျက်’ ပရောဖက်ပြုခြင်းသည် သစ္စာရှိဘိသိက်ခံ ခရစ်ယာန်များအဖို့ အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၁ ဤသစ္စာရှိ ဘိသိက်ခံခရစ်ယာန်များသည် ‘လျှော်တေအဝတ် ဝတ်လျက်’ ပရောဖက်ပြုရကြမည်ဖြစ်၍ ခံနိုင်ရည်လို၏။ လျှော်တေအဝတ်ဝတ်ခြင်းက ဘာကိုဆိုလိုသနည်း။ ကျမ်းစာခေတ်တွင် လျှော်တေအဝတ်သည် ပူဆွေးမြည်တမ်းခြင်းကို အထိမ်းအမှတ် ပြုလေ့ရှိသည်။ ၎င်းကိုဝတ်ခြင်းသည် လူတစ်ယောက် ပူဆွေးသောကရောက်ခြင်း၏ လက္ခဏာဖြစ်သည်။ (ကမ္ဘာဦး ၃၇:၃၄; ယောဘ ၁၆:၁၅၊ ၁၆; ယေဇကျေလ ၂၇:၃၁) လျှော်တေအဝတ်သည် ဘုရားသခင့် ပရောဖက်များ ကြွေးကြော်ရသော ပျက်စီးခြင်း သို့မဟုတ် ဝမ်းနည်းခြင်းသတင်းနှင့် ဆက်စပ်၏။ (ဟေရှာယ ၃:၈၊ ၂၄-၂၆; ယေရမိ၊ ၄၈:၃၇; ၄၉:၃) လျှော်တေအဝတ်ဝတ်ခြင်းက ဘုရားသခင့် သတိပေးချက်ကြောင့် စိတ်နှိမ့်ချခြင်း သို့မဟုတ် နောင်တရခြင်းကို ဆိုလိုနိုင်သည်။ (ယောန ၃:၅) သက်သေခံနှစ်ပါးဝတ်သော လျှော်တေအဝတ်က ယေဟောဝါ၏ စီရင်ချက်များကို ကြေညာရာ၌ မိမိတို့ စိတ်နှိမ့်ချလျက် ကြံ့ကြံ့ခံရပ်ကြောင်းကို တင်ပြပုံရသည်။ သူတို့သည် တိုင်းနိုင်ငံများကိုပါ ပူဆွေးမြည်တမ်းစေသော ကိုယ်တော်၏ လက်စားချေရာနေ့တော်အကြောင်း ကြွေးကြော်သော သက်သေခံများ ဖြစ်ကြသည်။—တရားဟောရာ ၃၂:၄၁-၄၃။
၁၂။ သန့်ရှင်းသောမြို့တော် ခြေဖြင့်နင်းခံရသောကာလသည် အဘယ်ကြောင့် ပကတိအချိန်ပိုင်း ဖြစ်ဟန်တူသနည်း။
၁၂ ဤသတင်းကို ယောဟန်အတန်းအစားက အတိအကျ သတ်မှတ်ထားသော ကာလပိုင်းဖြစ်သည့် ရက်ပေါင်း ၁,၂၆၀၊ သို့မဟုတ် ၄၂ လတိုင်တိုင် ဟောရ၏။ သန့်ရှင်းသောမြို့တော် နင်းခြေခံရသော ကာလပိုင်းနှင့် ညီမျှသည်။ ယင်းအချိန်ပိုင်းကို ရှေးဦးစွာ လပိုင်းအဖြစ် ဖော်ပြပြီး ထို့နောက် ရက်များအဖြစ် တင်ပြသောကြောင့် ၎င်းသည် ပကတိအချိန်ပိုင်း ဖြစ်ဟန်တူ၏။ ထို့ပြင်၊ သခင့်နေ့တော်အစ၌ ထူးခြားသော သုံးနှစ်ခွဲကာလပိုင်းတစ်ခုရှိခဲ့ပြီး ၎င်းအချိန်ပိုင်းအတွင်း ဘုရားသခင့် လူမျိုးတော်၏ ကျပ်တည်းခဲယဉ်းသော အတွေ့အကြုံများက ဤနေရာ၌ ပရောဖက်ပြုသော အခြင်းအရာများနှင့် ကိုက်ညီ၏။ ၎င်းကာလပိုင်းမှာ ၁၉၁၄၊ ဒီဇင်ဘာလမှ ၁၉၁၈၊ ဇွန်လအထိဖြစ်သည်။ (ဗျာဒိတ် ၁:၁၀) ခရစ်ယာန်ဘောင်နှင့် ဤလောကအပေါ် ယေဟောဝါ၏ စီရင်ချက်နှင့်စပ်လျဉ်း၍ “လျှော်တေအဝတ်” သတင်းကို သူတို့ဟောခဲ့သည်။
၁၃။ (က) ဘိသိက်ခံခရစ်ယာန်များကို သက်သေခံနှစ်ပါးဖြင့် ပုံခိုင်းခြင်းက ဘာကိုပြသနည်း။ (ခ) ထိုသက်သေခံနှစ်ပါးကို “သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံ” ဟု ယောဟန်ခေါ်တွင်ခြင်းက ဇာခရိ၏ အဘယ်ပရောဖက်ပြုချက်ကို သတိရစေသနည်း။
၁၃ သူတို့ကို သက်သေခံနှစ်ပါးဖြင့် ပုံခိုင်းခြင်းက သူတို့၏သတင်းသည် တိကျမှန်ကန်၍ ခြေမြစ်ခိုင်လုံကြောင်း ထောက်ခံသည်။ (တရားဟောရာ ၁၇:၆; ယောဟန် ၈:၁၇၊ ၁၈ နှိုင်းယှဉ်။) ယောဟန်က သူတို့ကို “သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံ” ဟုခေါ်၍ “သူတို့သည် မြေကြီး၏သခင် ရှေ့တော်၌ ရပ်နေကြသည်” ဟုဆို၏။ ဤအချက်က ခုနစ်ခက်ဖြာသောမီးခုံနှင့် သံလွင်ပင်နှစ်ပင်ကို မြင်ခဲ့ရသော ဇာခရိ၏ပရောဖက်ပြုချက်ကို သိသိသာသာ ရည်ညွှန်း၏။ သံလွင်ပင်များမှာ “မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါး၊” မြို့တော်ဝန် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောရှုတို့ ဖြစ်ကြသည်ဟုဆို၏။—ဇာခရိ ၄:၁-၃၊ ၁၄။
၁၄။ (က) သံလွင်ပင်နှစ်ပင်နှင့် မီးခုံနှစ်ခုံဆိုင်ရာ ဇာခရိ၏ရူပါရုံက ဘာကိုပြသနည်း။ (ခ) ဘိသိက်ခံရစ်ယာန်များ ပထမကမ္ဘာစစ်အတွင်း ဘာတွေ့ကြုံရမည် ဖြစ်သနည်း။
၁၄ ဇာခရိသည် ပြန်လည်ဆောက်လုပ်ရေး ကာလပိုင်းတွင် အသက်ရှင်ပြီး သူမြင်ရသော သံလွင်ပင်နှစ်ပင်ဆိုင်ရာ ရူပါရုံက လူတို့အား အလုပ်လုပ်ရန်အားပေးရာ၌ ဇေရုဗဗေလနှင့် ယောရှုတို့သည် ယေဟောဝါ၏ ဝိညာဉ်တော်ကောင်းချီး ရကြမည်ကို ဆိုလိုသည်။ မီးခုံဆိုင်ရာရူပါရုံက ‘အမှုငယ်ပြုသော နေ့ရက်ကို မထီမဲ့မြင်’ မပြုရန် ဇာခရိအား သတိရစေ၏။ အကြောင်းမှာ၊ ယေဟောဝါ၏ ရည်ရွယ်ချက်သည် “ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်” ဖြစ်မြောက်မည်ဟု “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (ဇာခရိ ၄:၆၊ ၁၀; ၈:၉) ပထမ ကမ္ဘာစစ်အတွင်း လူသားတို့ထံ သမ္မာတရားအလင်း သယ်ဆောင်သော ခရစ်ယာန်အုပ်စုကလေးကိုပင် ပြန်လည်ဆောက်လုပ်ရေး လုပ်ငန်း၌လည်း အသုံးပြုတော်မူမည်ဖြစ်၏။ သူတို့လည်း လူတို့အားရစရာဖြစ်၍ လူနည်းသော်လည်း မပြောပလောက်သော အစပြုရာနေ့ရက်ကို မထီမဲ့မြင်မပြုဘဲ ယေဟောဝါ၏ ခွန်အားတော်ကို အားကိုးတတ်ရန် သင်အံကြမည်ဖြစ်သည်။
၁၅။ (က) ဘိသိက်ခံခရစ်ယာန်များကို သက်သေခံနှစ်ပါးအဖြစ် ဖော်ပြခြင်းက ဘာကိုလည်း သတိရစေသနည်း။ (ခ) သက်သေခံနှစ်ပါး အဘယ်နိမိတ်လက္ခဏာမျိုး ပြနိုင်သောအာဏာ ရရှိကြသနည်း။
၁၅ သူတို့ကို သက်သေခံနှစ်ပါးအဖြစ် ဖော်ပြခြင်းက ယေရှု ကိုယ်ယောင်ပြောင်းခြင်းကိုလည်း သတိရစေသည်။ ယေရှု၏တမန်တော်ထဲမှ သုံးပါးက ထိုရူပါရုံ၌ နိုင်ငံတော်ဘုန်းဆောင်သော ကိုယ်တော်အား မောရှေ၊ ဧလိယတို့နှင့် အတူရှိသည်ကို တွေ့ရသည်။ ၎င်းက ယေရှုသည် ထိုပရောဖက်နှစ်ပါးဖြင့် တင်ကူးခိုင်းနှိုင်းသော လုပ်ငန်းကို အပြီးလုပ်ဆောင်ရန် ၁၉၁၄ ခုနှစ်မှစ၍ ဘုန်းရှိသောပလ္လင်ပေါ် ထိုင်တော်မူခြင်းကို တင်ကူးအရိပ်ပြ၏။ (မဿဲ ၁၇:၁-၃) သို့ဖြစ်၍ ထိုပရောဖက်နှစ်ပါးက ကျွန်ုပ်တို့အား မောရှေနှင့် ဧလိယတို့ ပြုသောအမှုကို ပြန်လည်သတိရစေသည့် နိမိတ်လက္ခဏာများကို ပြုကြသည်မှာ ဆီလျော်ပေ၏။ ဥပမာ၊ ယောဟန်က သူတို့နှင့်ပတ်သက်၍ ဤသို့ဆို၏– “တစ်စုံတစ်ယောက်က သူတို့ကို ဘေးပြုလိုလျှင် သူတို့၏ခံတွင်းမှ မီးလျှံထွက်၍ ရန်သူတို့ကို လောင်ကျွမ်းစေ၏။ တစ်စုံတစ်ယောက်က သူတို့ကို ဘေးပြုလိုလျှင် ဤနည်းအတိုင်း မုချ အသတ်ခံရလိမ့်မည်။ သူတို့သည် ပရောဖက်ပြုရာ နေ့ရက်များအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကို ပိတ်ထားနိုင်သောအာဏာ . . . ရှိကြ၏။”—ဗျာဒိတ် ၁၁:၅၊ ၆က။
၁၆။ (က) မီးနှင့်ပတ်သက်သော နိမိတ်လက္ခဏာက မောရှေ၏အာဏာ အန်တုခံရချိန်ကို မည်သို့သတိရစေသနည်း။ (ခ) ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ပထမကမ္ဘာစစ်အတွင်း ကျမ်းစာကျောင်းသားများကို မည်သို့အတိုက်အခံလုပ်ပြီး ဒုက္ခရောက်စေခဲ့သနည်း၊ သူတို့က မည်သို့တန်ပြန်ခဲ့သနည်း။
၁၆ ၎င်းက ဣသရေလလူတို့ဘောင်၌ မောရှေ၏အာဏာ အန်တုခံရသည့်အချိန်ကို ပြန်သတိရစေ၏။ ထိုပရောဖက်က တရားစီရင်ချက်ဆိုင်ရာ မီးကဲ့သို့သောစကားများကို မြွက်ဆိုလိုက်ရာ ယေဟောဝါက ကောင်းကင်မှ ပကတိမီးဖြင့် ပုန်ကန်သူ ၂၅၀ ကို ဖျက်ဆီးတော်မူ၏။ (တောလည်ရာ ၁၆:၁-၇၊ ၂၈-၃၅) ထို့နည်းတူ၊ ခရစ်ယာန်ဘောင် ခေါင်းဆောင်များက ကျမ်းစာကျောင်းသားများသည် ကျမ်းစာကျောင်းဆင်းများမဟုတ်ဟုဆိုကာ သူတို့ကို အန်တုကြသည်။ သို့သော်၊ ဘုရားသခင့် သက်သေခံများသည် စစ်မှန်သော ဓမ္မအမှုဆောင်များဖြစ်ကြောင်း ထောက်ခံသည့်သာဓက သူတို့ထက် ခိုင်လုံ၏။ သူတို့ဟောသော ကျမ်းစာသတင်းကို နားထောင်သည့် နူးညံ့သိမ်မွေ့သူများသည် သာဓကဖြစ်၏။ (၂ ကောရိန္သု ၃:၂၊ ၃) ၁၉၁၇ ခုနှစ်၌၊ ကျမ်းစာကျောင်းသားများက ဗျာဒိတ်ကျမ်းနှင့် ယေဇကျေလကျမ်းဆိုင်ရာ အစွမ်းထက်သော ဋီကာတစ်အုပ်ဖြစ်သည့် ပြီးဆုံးလေသော နက်နဲရာ ကိုထုတ်ဝေလိုက်သည်။ ၎င်းနောက် စာမျက်နှာလေးမျက်နှာပါ ကျမ်းစာကျောင်းသားများ လစဉ်ထုတ်စာစောင် စောင်ရေ ၁၀,၀၀၀,၀၀၀ ဖြန့်ဝေလိုက်သည်။ ၎င်းစာစောင်၌ “ဗာဗုလုန်ကျဆုံးခြင်း—ခရစ်ယာန်ဘောင် ယခု အဘယ့်ကြောင့် ဒုက္ခခံရမည်ဖြစ်ကြောင်း—နောက်ဆုံးရလဒ်” ဟူသော ဆောင်းပါးပါရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဘုန်းကြီးဓမ္မဆရာအုပ်စုသည် ဒေါသအိုးပေါက်ကွဲသဖြင့် စစ်ရူးထချိန်ကို အခွင့်ကောင်းယူပြီး ထိုစာအုပ်ကို ပိတ်ပင်ရန် ဖန်တီးနိုင်ခဲ့သည်။ အခြားနိုင်ငံများ၌ ၎င်းစာအုပ် ဆင်ဆာဖြတ်ခံရသည်။ သို့တစေ၊ ဘုရားသခင့်ကျေးကျွန်များသည် နိုင်ငံတော်သတင်း ဟူသော မီးကဲ့သို့ပြင်းထန်သည့် အကြောင်းများပါသော လေးမျက်နှာဝေစာများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်။ သခင့်နေ့တော် ကြာမြင့်လာသည်နှင့်အမျှ၊ အခြားသော စာအုပ်စာတမ်းများက ခရစ်ယာန်ဘောင်၏ ချုပ်ငြိမ်းသွားသော ဝိညာဉ်ရေး အခြေအနေကို ဘွင်းဘွင်းဖော်ထုတ်မည်ဖြစ်သည်။—ယေရမိ ၅:၁၄ နှိုင်းယှဉ်။
၁၇။ (က) ဧလိယလက်ထက်က အဘယ်အဖြစ်အပျက်များတွင် မိုးခေါင်မှုနှင့်မီး ပါဝင်ပတ်သက်ခဲ့သနည်း။ (ခ) သက်သေခံနှစ်ပါး၏ ခံတွင်းထဲမှ မည်သို့မီးထွက်လာပြီး မိုးခေါင်မှု မည်သို့ပတ်သက်ခဲ့သနည်း။
၁၇ ဧလိယကော မည်သို့နည်း။ ဣသရေလဘုရင်များ လက်ထက်၌ ဤပရောဖက်သည် ဗာလကိုဝတ်ပြုသော ဣသရေလလူတို့အား ယေဟောဝါ အမျက်ထွက်တော်မူကြောင်း သိစေလို၍ မိုးခေါင်မည်ဟု ကြွေးကြော်ခဲ့သည်။ သို့နှင့် သုံးနှစ်ခွဲတိုင်တိုင် မိုးခေါင်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၇:၁; ၁၈:၄၁-၄၅; လုကာ ၄:၂၅; ယာကုပ် ၅:၁၇) နောက်ပိုင်း၌ သစ္စာမဲ့ အာခဇိမင်းက စစ်သည်များစေလွှတ်၍ ဧလိယအား အတင်းအကျပ် ရှေ့မှောက်သွင်းသောအခါ ပရောဖက်ဧလိယက ကောင်းကင်မှမီးကျစေပြီး စစ်သည်များကို မြှိုက်လေသည်။ တပ်မှူးတစ်ဦးက ဧလိယ၏ ပရောဖက်အရာကို လေးစားကြောင်း ပြသောအခါမှ ဧလိယက သူနှင့်လိုက်၍ ဘုရင့်ထံသို့သွား၏။ (၄ ဓမ္မရာဇဝင် ၁:၅-၁၆) ထို့နည်းတူ၊ ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်စပ်ကြား၌ ဘိသိက်ခံ အကြွင်းအကျန်က ခရစ်ယာန်ဘောင်၌ ဝိညာဉ်ရေးဘက် မိုးခေါင်နေကြောင်း လူတို့အား အာရုံပြုစေပြီး “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး” ရောက်လာမည်ကို သတိပေး၏။—မာလခိ ၄:၁၊ ၅; အာမုတ် ၈:၁၁။
၁၈။ (က) သက်သေခံနှစ်ပါး အဘယ်အာဏာကိုရ၍ မောရှေရသောအာဏာနှင့် မည်သို့တူသနည်း။ (ခ) သက်သေခံနှစ်ပါး ခရစ်ယာန်ဘောင်၏ အပြစ်ကို မည်သို့ဖော်ထုတ် ရှုတ်ချခဲ့သနည်း။
၁၈ သက်သေခံ နှစ်ပါးအကြောင်းကို ယောဟန် ဤသို့ဆက်၍ဆို၏– “[သူတို့သည်] ရေကိုသွေးအဖြစ် ပြောင်းလဲစေလျက် မိမိတို့ အလိုရှိသည့်အခါတိုင်း မြေကြီးကို ကပ်ဘေးအမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သော အာဏာရှိကြ၏။” (ဗျာဒိတ် ၁၁:၆ခ) ယေဟောဝါသည် ဖာရောအား ဣသရေလလူတို့ကို လွှတ်ခိုင်းရာ၌ နိုင်ထက်ကလူပြုသော အီဂျစ်နိုင်ငံအား မောရှေကိုသုံးလျက် ကပ်ဘေးများဖြင့် ဒဏ်ခတ်တော်မူသောအခါ ရေကိုသွေးဖြစ်စေခြင်းအမှု ပါဝင်ခဲ့သည်။ ရာစုနှစ်များစွာလွန်သော်၊ ဣသရေလလူတို့၏ရန်သူ ဖိလိတ္တိလူတို့သည် အီဂျစ်နိုင်ငံကို ယေဟောဝါ အရေးယူခဲ့ပုံကို သတိရကြ၍ “တန်ခိုးကြီးသော ဤဘုရားသခင်၏လက်မှ ငါတို့ကို အဘယ်သူ ကယ်တင်လိမ့်မည်နည်း။ တော၌ အဲဂုတ္တုလူတို့ကို ဘေးအပေါင်းနှင့် ဒဏ်ခတ်သောဘုရားကား၊ အခြားမဟုတ်၊ ဤဘုရားပေတည်း” ဟုအော်ဟစ်ခဲ့ရကြသည်။ (၁ ဓမ္မရာဇဝင် ၄:၈; ဆာလံ ၁၀၅:၂၉) မောရှေသည် ယေရှုကို ပုံဆောင်၍ ယေရှုလည်း မိမိလက်ထက်ရှိ ဘာသာရေးခေါင်းဆောင်များအပေါ် ဘုရားသခင့် တရားစီရင်ချက်များ ချနိုင်သောအာဏာရှိ၏။ (မဿဲ ၂၃:၁၃; ၂၈:၁၈; တမန်တော် ၃:၂၂) ပထမ ကမ္ဘာစစ်အတွင်း၊ ခရစ်တော်ညီတော်များဖြစ်သော သက်သေခံနှစ်ပါးတို့ကလည်း ခရစ်ယာန်ဘောင် မိမိသိုးစုကိုတိုက်ကျွေးသော “ရေ” မှာ လူကိုသေစေနိုင်သောရေဖြစ်ကြောင်း ဖော်ထုတ်ရှုတ်ချခဲ့သည်။
သက်သေခံနှစ်ပါး အသတ်ခံရခြင်း
၁၉။ ဗျာဒိတ်ကျမ်းမှတ်တမ်းအရ၊ သက်သေခံနှစ်ပါးသည် သက်သေခံခြင်းပြီးစီးသောအခါ အဘယ်အရာဖြစ်ပျက်သနည်း။
၁၉ ခရစ်ယာန်ဘောင်အပေါ် ကျရောက်သောဤကပ်ဘေးသည် ပြင်းထန်လွန်းသဖြင့် ခရစ်ယာန်ဘောင်သည် ထိုသက်သေခံနှစ်ပါး လျှော်တေအဝတ်ဝတ်လျက် ၄၂ လကြာ ပရောဖက်ပြုပြီးနောက်၌ လောကီသြဇာကိုသုံး၍ သူတို့ကို ‘သတ်ပစ်’ လေသည်။ ယောဟန် ဤသို့ရေး၏– “သူတို့သည် သက်သေခံ၍ ပြီးစီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်သဖြင့် သတ်ပစ်လိမ့်မည်။ သူတို့၏ အလောင်းများသည် မြို့ကြီး၏ လမ်းကျယ်ပေါ်မှာ ရှိနေလိမ့်မည်။ ထိုမြို့ကား သူတို့၏သခင် နှက်တိုင်တင်၍ အသတ်ခံရာမြို့၊ သောဒုံနှင့် အိဂျစ်ဟု ဝိညာဉ်ရေးအရ ခေါ်ဝေါ်သော မြို့ကြီးဖြစ်သတည်း။ လူမျိုးများ၊ မျိုးနွယ်စုများ၊ ဘာသာစကားများနှင့် တိုင်းနိုင်ငံများထဲမှ လူတို့သည် သူတို့၏ အလောင်းများကို ဂူသွင်းခွင့်မပြုဘဲ သုံးရက်ခွဲတိုင်တိုင် ကြည့်နေကြလိမ့်မည်။ မြေကြီးပေါ်တွင် နေထိုင်သူတို့သည် သူတို့သေသွားသောကြောင့် ဝမ်းမြောက်၍ ပျော်ရွှင်မြူးထူးလျက် အချင်းချင်း လက်ဆောင် ပေးကြလိမ့်မည်။ အကြောင်းမှာ ထိုပရောဖက်နှစ်ပါးသည် မြေကြီးပေါ်တွင် နေထိုင်သူတို့ကို ညှဉ်းဆဲခဲ့ကြ၍ဖြစ်သည်။”—ဗျာဒိတ် ၁၁:၇-၁၀။
၂၀။ “တွင်းနက်ကြီးထဲမှ တက်လာသောသားရဲ” ကား အဘယ်နည်း။
၂၀ ဤကား ဗျာဒိတ်ကျမ်းပါ သားရဲတစ်ကောင်နှင့် ပတ်သက်သော ရည်ညွှန်းချက် ၃၇ ချက်ထဲမှ ပထမအချက်တည်း။ အချိန်တန်သောအခါ ဤသားရဲနှင့် အခြားသားရဲများအကြောင်းကို အသေးစိတ်သုံးသပ်သွားပါမည်။ “တွင်းနက်ကြီးထဲမှ တက်လာသောသားရဲ” ကား စာတန့်အကြံအစည် သက်ဝင်လှုပ်ရှားသော နိုင်ငံရေးစနစ်တစ်ခု ဖြစ်သည်ဟုဆိုလျှင် ယခုအဖို့ လုံလောက်ပြီ။b—ဗျာဒိတ် ၁၃:၁; ဒံယေလ ၇:၂၊ ၃၊ ၁၇ နှိုင်းယှဉ်။
၂၁။ (က) သက်သေခံနှစ်ပါး၏ရန်သူများ စစ်တွင်းအခြေအနေကို မည်သို့အခွင့်အရေး ယူခဲ့ကြသနည်း။ (ခ) သက်သေခံနှစ်ပါး၏ အလောင်းကို မသင်္ဂြိုဟ်ဘဲထားခြင်းက ဘာကိုပြသနည်း။ (ဂ) သုံးရက်ခွဲကာလကို မည်သို့ရှုမှတ်ရမည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
၂၁ တိုင်းနိုင်ငံများသည် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်အတွင်း ပထမကမ္ဘာစစ်ဖြင့် အလုပ်ရှုပ်ကာ မျိုးချစ်စိတ် မွှန်ထူနေကြပြီး သက်သေခံနှစ်ပါး၏ ဘာသာရေးရန်သူများကလည်း ၁၉၁၈ ခုနှစ် နွေဦးပေါက်ရာသီတွင် ထိုအခြေအနေကို အခွင့်အရေးယူကာ အစိုးရ၏ ဥပဒေယန္တရားကို ကလိမ်ဉာဏ်ဖြင့် သုံးစွဲလျက် ကျမ်းစာကျောင်းသားများ၏ တာဝန်ခံ ဓမ္မအမှုဆောင်များအား နိုင်ငံတော်ကို အကြည်အညိုပျက်အောင်ပြုသည်ဟု မတရားစွဲဆိုပြီး ထောင်ချခဲ့သည်။ ထိုအမှုဆောင်များ၏ သစ္စာရှိ လုပ်ဖော်ဆောင်ဖက်များလည်း ကြက်သေသေခဲ့ကြသည်။ နိုင်ငံတော်လုပ်ငန်း ရပ်တန့်သွားမတတ် ဖြစ်ခဲ့သည်။ ဟောပြောခြင်းလုပ်ငန်း သေသွားသည့်အလားပင်။ ကျမ်းစာခေတ်၌ အောက်မေ့ရာဂူထဲ မြှုပ်နှံမခံရလျှင် အကြီးအကျယ် အရှက်ကွဲရ၏။ (ဆာလံ ၇၉:၁-၃; ၃ ဓမ္မရာဇဝင် ၁၃:၂၁၊ ၂၂) ထို့ကြောင့်၊ သက်သေခံနှစ်ပါးကို မသင်္ဂြိုဟ်ဘဲထားခြင်းဖြင့် သူတို့ကို အကြီးအကျယ် အသရေပျက်စေအံ့။ ရာသီဥတုပူပြင်းသော ပါလက်စတိုင်းဒေသ၌ အလောင်းတစ်လောင်းကို လမ်းပေါ်၌ ပကတိ သုံးရက်ခွဲချထားလျှင် မပုပ်ဘဲနေမည်မဟုတ်။c (ယောဟန် ၁၁:၃၉ နှိုင်းယှဉ်။) သို့ဖြင့်၊ ပရောဖက်ပြုချက်ပါ ဤအသေးစိတ်အချက်အလက်က သက်သေခံနှစ်ပါးခံရသော အရှက်ကွဲပုံကိုပြ၏။ ထောင်ချခံရသော အထက်ပါပုဂ္ဂိုလ်များသည် အယူခံဝင်နေစဉ် အာမခံနှင့်လွှတ်ခွင့်ပင်မရ။ သူတို့အား “မြို့ကြီး” ထဲကမြို့သားများ နှာခေါင်းရှုံ့သည်တိုင် လူတကာရှေ့ အရှက်ခွဲခဲ့ကြသည်။ ထို “မြို့ကြီး” ကား အဘယ်နည်း။
၂၂။ (က) မြို့ကြီးကား အဘယ်နည်း။ (ခ) စာနယ်ဇင်းလောကသည် သက်သေခံနှစ်ပါး တိတ်သွားသည့်အဖြစ်အတွက် ဘုန်းကြီးဓမ္မဆရာအုပ်စုနှင့်အတူ မည်သို့ရွှင်မြူးခဲ့ကြသနည်း။ (လေးထောင့်ကွက်ကိုရှု။)
၂၂ ယောဟန်က သဲလွန်စအချို့ပေး၏။ သူက ထိုမြို့၌ ယေရှုနှက်တိုင်တင် အသတ်ခံရသည်ဟုဆို၏။ ထို့ကြောင့် ယေရုရှလင်မြို့ကို ကျွန်ုပ်တို့တန်း၍ သတိရလိုက်သည်။ ထိုမြို့ကြီးကို သောဒုံနှင့် အိဂျစ်ဟူ၍လည်း ခေါ်သည်ဟုဆိုပြန်သည်။ တစ်ချိန်က ပကတိယေရုရှလင်မြို့ကို ၎င်း၏ညစ်ညမ်းသော အကျင့်အကြံများကြောင့် သောဒုံဟု ခေါ်ခဲ့ဖူးသည်။ (ဟေရှာယ ၁:၈-၁၀; ယေဇကျေလ ၁၆:၄၉၊ ၅၃-၅၈ နှိုင်းယှဉ်။) ပထမ ကမ္ဘာ့အင်အားကြီးနိုင်ငံ အိဂျစ်လည်း တစ်ခါတစ်ရံ ဤလောကီစနစ်ကို ပုံဆောင်သည်။ (ဟေရှာယ ၁၉:၁၊ ၁၉; ယောလ ၃:၁၉) ထို့ကြောင့်၊ ထိုမြို့ကြီးသည် ညစ်ညမ်းသော “ယေရုရှလင်” ကိုပုံဆောင်၏။ ၎င်းက ဘုရားသခင်ကို ကိုးကွယ်သည်ဆိုသော်လည်း သောဒုံကဲ့သို့ ညစ်ညမ်းပြီး အပြစ်နှင့်မကင်းသည့်ပြင် အိဂျစ်ကဲ့သို့ စာတန့်လောကီစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းသည် သစ္စာမဲ့ယေရုရှလင်မြို့၏ ခေတ်သစ်ပုံတူ ခရစ်ယာန်ဘောင်ကို ပုံခိုင်းသည်။ မိမိတို့ကိုနှောင့်ယှက်သော သက်သေခံနှစ်ပါး၏ ဟောပြောခြင်း တိတ်ဆိတ်သွားသောအခါ ထိုအဖွဲ့အစည်း၏ အသင်းသားများအဖို့ အူမြူးစရာအကြောင်း ဖြစ်ခဲ့သည်။
ပြန်ရှင်လာပြီ
၂၃။ (က) သုံးရက်ခွဲလွန်သော် သက်သေခံနှစ်ပါး ဘာဖြစ်၍ ယင်းကြောင့် သူတို့၏ရန်သူများ ဘာဖြစ်ကြသနည်း။ (ခ) အရိုးခြောက်များရှိရာ ချိုင့်ဝှမ်းအပေါ် ယေဟောဝါ လေမှုတ်တော်မူခြင်းဆိုင်ရာ ယေဇကျေလ ပရောဖက်ပြုချက်နှင့် ဗျာဒိတ် ၁၁:၁၁၊ ၁၂ တို့သည် အဘယ်အချိန်တွင် ခေတ်သစ်ပြည့်စုံမှုတစ်ရပ် ရှိခဲ့သနည်း။
၂၃ စာနယ်ဇင်းလောကသည် ဘုန်းကြီးဓမ္မဆရာအုပ်စုနှင့် ပူးပေါင်းပြီး ဘုရားသခင့် လူမျိုးတော်အကြောင်းကို သွားပုပ်လေလွင့် ရေးသားကြ၏။ သတင်းစာတစ်စောင်က “ပြီးဆုံးလေသော နက်နဲရာ ကိုအဆုံးသတ်လိုက်ပြီ” ဟုဆို၏။ အဖြစ်မှန်နှင့် ဝေလာဝေး။ သက်သေခံနှစ်ပါး သေလျက်မနေပါ။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “သုံးရက်ခွဲ လွန်သည့်နောက်၊ ဘုရားသခင့်ထံတော်မှ အသက်ဝိညာဉ်သည် ထိုသူတို့အထဲသို့ ဝင်သဖြင့် သူတို့သည် မိမိတို့၏ ခြေထောက်ပေါ်တွင် မတ်တတ်ရပ်ကြ၏။ သူတို့ကို မြင်သောသူတို့သည် ကြီးစွာ ထိတ်လန့်ကြကုန်၏။ ‘ဤနေရာသို့ တက်လာလော့’ ဟု မိမိတို့အား ကောင်းကင်မှ ကျယ်သောအသံဖြင့် ဆိုသည်ကို သူတို့ကြားရကြ၏။ မိုးတိမ်ဖြင့် ကောင်းကင်သို့ သူတို့တက်သွားကြရာ ရန်သူများသည် သူတို့ကို မြင်ရကြ၏။” (ဗျာဒိတ် ၁၁:၁၁၊ ၁၂) သို့ဖြင့်၊ သူတို့၏အဖြစ်သည် ရူပါရုံ၌ ယေဇကျေလ ရောက်ခဲ့သောချိုင့်ဝှမ်းထဲက အရိုးခြောက်များအဖြစ်နှင့် တူ၏။ ၎င်းအရိုးခြောက်များအပေါ် ယေဟောဝါ လေမှုတ်လိုက်ရာ ၎င်းတို့အသက်ရှင်လာ၏။ ယင်းအချက်က ဗာဗုလုန်တွင် အနှစ် ၇၀ ချုပ်နှောင်ခံသည့်နောက် ဣသရေလနိုင်ငံ ပြန်လည်ထူထောင်လာခြင်းကို ပုံဆောင်သည်။ (ယေဇကျေလ ၃၇:၁-၁၄) ယေဇကျေလကျမ်းနှင့် ဗျာဒိတ်ကျမ်းပါ ယင်းပရောဖက်ပြုချက် နှစ်ချက်သည် ၁၉၁၉ ခုနှစ်တွင် သိသာထူးခြားစွာ ပြည့်စုံလာသည်။ ထိုနှစ်၌ ယေဟောဝါသည် မိမိ၏ “သေလွန်” ခဲ့သော သက်သေခံများအား ပြန်လည်တက်ကြွ လှုပ်ရှားလာစေတော်မူ၏။
၂၄။ သက်သေခံနှစ်ပါး အသက်ပြန်ရှင်လာသောအခါ သူတို့ကိုညှဉ်းဆဲခဲ့သော ဘာသာရေးသမားများ ဘာဖြစ်ကြသနည်း။
၂၄ ထိုညှဉ်းဆဲသူများအဖို့ ထိတ်လန့်ဖွယ်ပါတကား။ သက်သေခံနှစ်ပါး၏ အလောင်းများ ရုတ်ခြည်းပြန်ရှင်လာ၍ တက်ကြွလှုပ်ရှားလာ၏။ ၎င်းသည် ထိုဓမ္မဆရာများ မျို၍မကျနိုင်သော ဆေးခါးကြီးဖြစ်၏။ မိမိတို့၏ မတရားကြံစည်မှုကြောင့် ထောင်ကျခဲ့သော ခရစ်ယာန်ဓမ္မအမှုဆောင်များ လွတ်မြောက်လာကြသည့်ပြင် နောက်ပိုင်း၌ ကွင်းလုံးကျွတ် လွတ်ခဲ့ကြသဖြင့် သူတို့အဖို့ သာ၍ပင်ခံပြင်းစရာဖြစ်၏။ ၁၉၁၉၊ စက်တင်ဘာလ၌ ကျမ်းစာကျောင်းသားများ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့တွင် စည်းဝေးကြီး ကျင်းပကြသောအခါ ဘုန်းကြီးဓမ္မဆရာအုပ်စုသည် ထိုထက်မက အူတုန်သည်းတုန် ဖြစ်ခဲ့ကြမည်မုချ။ မကြာသေးမီက ထောင်မှလွတ်လာသော ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်က ဗျာဒိတ် ၁၅:၂ နှင့် ဟေရှာယ ၅၂:၇ ကိုအခြေခံသော “နိုင်ငံတော်ကို ကြေညာခြင်း” ဟူသောဟောပြောချက်ဖြင့် ပရိသတ်များကို လှုံ့ဆော်လိုက်သည်။ ယောဟန်အတန်းအစားဝင်များ တစ်ဖန် “ပရောဖက်ပြု” ၍ လူရှေ့သူရှေ့ ဟောပြောကြပြန်သည်။ သူတို့သည် ခွန်အားကြီးထွားသည်ထက် ကြီးထွားလာပြီး ခရစ်ယာန်ဘောင်၏ အရေခြုံမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ရှုတ်ချလေသည်။
၂၅။ (က) အဘယ်အချိန်၌ သက်သေခံနှစ်ပါးအား “ဤနေရာသို့ တက်လာလော့” ဟု မိန့်ဆိုသနည်း၊ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ (ခ) သက်သေခံနှစ်ပါး ပြန်ရှင်လာခြင်းကြောင့် ထိုမြို့ကြီး မည်သို့တုန်လှုပ်သွားသနည်း။
၂၅ ခရစ်ယာန်ဘောင်သည် မိမိ၏ ၁၉၁၈ ခုနှစ်က အောင်မြင်မှုမျိုးကို ပြန်ရလိုရငြား ထပ်တလဲလဲ ကြိုးစား၏။ လူအုပ်ဖြင့် တိုက်ခိုက်၍တစ်မျိုး၊ ဥပဒေအရ ဉာဏ်ဆင်၍တစ်ဖုံ၊ ထောင်ချရုံမက အဆုံးစီရင်ခြင်းဖြင့်တစ်သွယ် အမျိုးမျိုး အားထုတ်သော်လည်း သဲထဲရေသွန်ဖြစ်ခဲ့သည်။ ၁၉၁၉ ခုနှစ်နောက်၌ သက်သေခံနှစ်ဦး၏ ဝိညာဉ်ရေးပိုင်နက်ကို ခရစ်ယာန်ဘောင် လက်လှမ်းမမီနိုင်တော့။ ထိုနှစ်၌ ယေဟောဝါက သူတို့အား “ဤနေရာသို့ တက်လာလော့” ဟုမိန့်တော်မူသဖြင့် သူတို့သည် ရန်သူများ မြင်သာမြင်၍ မထိနိုင်သော ဝိညာဏအခြေအနေသို့ တက်သွားကြလေသည်။ သူတို့၏ ပြန်လည်ထူထောင်မှုကြောင့် လူတို့ထိတ်လန့်ကြရပုံကို ယောဟန် ဤသို့ဖော်ပြလိုက်သည်– “ထိုအချိန်နာရီ၌ ငလျင်ကြီး လှုပ်သဖြင့် မြို့ကြီး၏ ဆယ်ပုံတစ်ပုံ ပြိုပျက်၍ ထိုငလျင်ကြောင့် လူခုနစ်ထောင် သေကြ၏။ ကျန်သောလူတို့သည် ထိတ်လန့်လျက် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးကျူးကြကုန်၏။” (ဗျာဒိတ် ၁၁:၁၃) ဘာသာရေးနယ်ပယ် တကယ်သိမ့်သိမ့်တုန်ခဲ့သည်။ ပြန်လည်အသက်ဝင် လှုပ်ရှားလာသော ဤခရစ်ယာန်အုပ်စု လုပ်ငန်းစတင်သည်နှင့်အမျှ ဖွဲ့စည်းတည်ထောင်ထားသော ချာ့ချ်များ၏ ခေါင်းဆောင်များဖဝါးအောက်မှ မြေမဟီသည် လှုပ်ခါသွားသလို ဖြစ်ခဲ့သည်။ သူတို့၏မြို့ကြီး ဆယ်ပုံတစ်ပုံ၊ ခိုင်းနှိုင်းချက်ဖြစ်သော လူ ၇,၀၀၀ သည် သေသွားသည်ဟု ဆိုရလောက်အောင် ဂယက်ရိုက်ခံရသည်။
၂၆။ ဗျာဒိတ် ၁၁:၁၃ ပါ “မြို့ကြီး၏ ဆယ်ပုံတစ်ပုံ” နှင့် “လူခုနစ်ထောင်” တို့က မည်သူများကို တင်စားသနည်း။ ရှင်းပြပါ။
၂၆ “မြို့ကြီး၏ ဆယ်ပုံတစ်ပုံ” ဟူသောစကားက ရှေးယေရုရှလင်မြို့နှင့် စပ်လျဉ်းသော ဟေရှာယပရောဖက်ပြုချက်ကို သတိရစေသည်။ ဟေရှာယက ၎င်းမြို့ပျက်စီးသောအခါ ၎င်း၏ဆယ်ပုံတစ်ပုံသည် သန့်ရှင်းသောမျိုးစေ့အဖြစ် ရှင်ကျန်မည်ဟုဆို၏။ (ဟေရှာယ ၆:၁၃) ထို့နည်းတူ၊ ၇,၀၀၀ ဟူသောကိန်းက ဣသရေလတစ်နိုင်ငံလုံးတွင် မိမိတစ်ဦးတည်းသာ သစ္စာရှိတော့သည်ဟု ဧလိယဆိုစဉ် ယေဟောဝါက ဗာလရှေ့ ဒူးမထောက်သူ ၇,၀၀၀ ရှိသေးကြောင်း မိန့်ကြားခဲ့သည်ကို သတိရစေသည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၄၊ ၁၈) ပထမရာစု၌ တမန်တော်ပေါလုက အဆိုပါလူ ၇,၀၀၀ သည် ခရစ်တော်နှင့်ဆိုင်သော သတင်းကောင်းကိုလက်ခံသည့် ဂျူးအကြွင်းအကျန်ကို ပုံဆောင်သည်ဟုဆို၏။ (ရောမ ၁၁:၁-၅) ဤကျမ်းချက်များကိုထောက်လျှင် ဗျာဒိတ်ကျမ်းပါ “လူခုနစ်ထောင်” နှင့် “မြို့ကြီး၏ ဆယ်ပုံတစ်ပုံ” တို့မှာ ပြန်ရှင်လာသော သက်သေခံနှစ်ပါး၏ စကားကိုနားထောင်ပြီး အပြစ်မကင်းသောမြို့ကြီးကို စွန့်ခွာသူများဖြစ်ကြောင်း နားလည်နိုင်ပါသည်။ သူတို့သည် ခရစ်ယာန်ဘောင်နှင့် စပ်လျဉ်း၍ သေလွန်သကဲ့သို့ ဖြစ်ကြ၏။ မိမိတို့၏နာမည်များကို ခရစ်ယာန်ဘောင်၏ နာမည်စာရင်းထဲမှ နုတ်ပယ်လိုက်၏။ သူတို့သည် ခရစ်ယာန်ဘောင်နှင့် ပတ်သက်လျှင် မတည်ရှိတော့ချေ။d
၂၇၊ ၂၈။ (က) ‘ကျန်သောလူတို့သည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဂုဏ်တော်ကို’ မည်သို့ ‘ချီးကျူး’ ကြသနည်း။ (ခ) ခရစ်ယာန်ဘောင် ဘုန်းကြီးဓမ္မဆရာများ ဘာကို အောင့်သက်သက် ဝန်ခံရကြသနည်း။
၂၇ သို့သော်၊ ခရစ်ယာန်ဘောင်၏ ‘ကျန်သောလူတို့သည် ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဂုဏ်တော်ကို’ မည်သို့ ‘ချီးကျူး’ ကြသနည်း။ မိမိတို့၏ အယူဖောက်ပြန်သော ဘာသာကိုစွန့်၍ ဘုရားသခင့်အစေခံများ ဖြစ်လာခြင်းဖြင့် မဟုတ်သည်မှာ သေချာသည်။ သို့အစား၊ “ကောင်းကင်ဘုံရှင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးကျူးကြကုန်၏” ဟူသောစကားရပ်ကို ဆွေးနွေးတင်ပြရာ၌ ဗင်စင့်ပြုစုသော ဓမ္မသစ်ကျမ်းမှ စကားလုံး လေ့လာချက်များ ဟူသောစာအုပ်၌ ရှင်းလင်းဖော်ပြသည့်အတိုင်း ဖြစ်သည်။ ၎င်းစာအုပ်၌ ဤသို့ဖော်ပြသည်– “ထိုစကားစုက ဘာသာပြောင်းခြင်း၊ နောင်တရခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းတို့ကို မဆိုလို၊ ကျမ်းစာပါ ခါတိုင်းအဓိပ္ပာယ်ဖြစ်သော အသိအမှတ်ပြုခြင်း ကိုပြောလိုသည်။ ယောရှု ခုနစ်၊ ၁၉ (ခုနစ်ကျိပ်ကျမ်း) နှင့်နှိုင်းယှဉ်ပါ။ ယောဟန် ကိုး၊ ၂၄; တမန်တော် တစ်ဆယ့်နှစ်၊ ၂၃; ရောမ လေး၊ ၂၀။” ကျမ်းစာကျောင်းသားများ၏ ဘုရားသခင်သည် သူတို့အား ခရစ်ယာန်လုပ်ငန်း၌ ပြန်လည်သက်ဝင် လှုပ်ရှားလာစေရန် မဟာအမှုတော်တစ်ရပ် ပြုတော်မူခဲ့ကြောင်းကို ခရစ်ယာန်ဘောင်က အသိအမှတ် ပြုရသောကြောင့် ကြိတ်မနိုင် ခဲမရ ဖြစ်ရလေသည်။
၂၈ ဘုန်းကြီးဓမ္မဆရာအုပ်စုက စိတ်ထဲ၌ဖြစ်စေ၊ သူတို့ချင်းရှေ့မှာဖြစ်စေ ထိုသို့သိမှတ်ခြင်းသာ ဖြစ်ချင်ဖြစ်မည်။ သူတို့ထဲကမည်သူမျှ ထိုသက်သေခံနှစ်ပါး၏ ဘုရားသခင်ကို လူတကာရှေ့ တရားဝင် အသိအမှတ်ပြုသည်မဟုတ်။ သို့ရာတွင်၊ ယောဟန်အားဖြင့်ရသော ယေဟောဝါ၏ ပရောဖက်ပြုချက်က ကျွန်ုပ်တို့အား သူတို့နှလုံးထဲမှ ခံစားချက်ကို ငုံမိစေပြီး ၁၉၁၉ ခုနှစ်တွင် သူတို့မည်သို့ သွေးလေချောက်ချားကာ သိက္ခာကျခဲ့ကြသည်ကို နားလည်စေသည်။ ထိုနှစ်မှစ၍ ဘုန်းကြီးဓမ္မဆရာအုပ်စုသည် မိမိတို့၏သိုးများကို မလွှတ်တမ်း ချုပ်ကိုင်ရန် အားထုတ်နေသည့်ကြားမှ “လူခုနစ်ထောင်” ခရစ်ယာန်ဘောင်ကို စွန့်ခွာသွားပြီဖြစ်ရာ ယောဟန်အတန်းအစား၏ ဘုရားသခင်သည် မိမိတို့၏ဘုရားထက် တန်ခိုးကြီးကြောင်း အောင့်သက်သက်နှင့် ဝန်ခံရလေသည်။ နောက်နှစ်များ၌ သူတို့၏သိုးအုပ်ထဲမှ ထိုမျှမကသောလူများ ထွက်ခွာလာကြမည်ဖြစ်၍ ထို့ထက်မက ပို၍ရှင်းလင်းစွာ သူတို့ နားလည်လာကြမည်ဖြစ်၏။ ယင်းကြောင့်၊ ကရမေလတောင်ပေါ်တွင် ဗာလကိုကိုးကွယ်သော ဘာသာရေးသမားများအပေါ် ဧလိယ အောင်ပွဲခံစဉ်က “ယေဟောဝါသည် ဘုရားစစ် ဘုရားမှန် ဖြစ်တော်မူ၏။ ယေဟောဝါသည် ဘုရားစစ် ဘုရားမှန် ဖြစ်တော်မူ၏” ဟူသော လူတို့၏ကြွေးကြော်သံ တစ်ဖန် ပဲ့တင်ဟိန်းသွားမည်ဖြစ်၏။—၃ ဓမ္မရာဇဝင် ၁၈:၃၉၊ ကဘ။
၂၉။ အဘယ်အရာ အလျင်အမြန် လာမည်ဟု ယောဟန်ဆိုသနည်း၊ ခရစ်ယာန်ဘောင်အဖို့ အဘယ်တုန်လှုပ်မှု ဖြစ်ဦးမည်နည်း။
၂၉ သို့သော်၊ နားထောင်ပါ။ ယောဟန် ဤသို့ဆို၏– “ဒုတိယ အမင်္ဂလာ လွန်သွားလေပြီ။ ကြည့်လော့။ တတိယ အမင်္ဂလာ အလျင်အမြန် လာလိမ့်မည်။” (ဗျာဒိတ် ၁၁:၁၄) ခရစ်ယာန်ဘောင်သည် လက်ရှိအချိန်အထိ ဖြစ်ခဲ့သမျှအရာများကြောင့် ရင်တုန်ခဲ့လျှင် တတိယအမင်္ဂလာကို ကြေညာ၍ သတ္တမကောင်းကင်တမန် တံပိုးခရာမှုတ်ပြီး ဘုရားသခင့် မြင့်မြတ်သောလျှို့ဝှက်ချက် ပြည်ဖုံးကားချ ပြီးစီးခြင်းသို့ ရောက်သောအခါ မည်သို့ဖြစ်ချေအံ့နည်း။—ဗျာဒိတ် ၁၀:၇။
[အောက်ခြေမှတ်ချက်]
a မဟာဝိညာဏဗိမာန်တော်ဆိုင်ရာ အသေးစိတ် ဆွေးနွေးချက်ကို ၁၉၉၆၊ ဇူလိုင် ၁ ကင်းမျှော်စင် ပါ “ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်” ဆောင်းပါးတွင်ရှု။
b “တွင်းနက်ကြီး” (ဂရိ aʹbys·sos အာဘီစော့စ်; ဟေဗြဲ tehohmʹ တယ်ဟုမ်း) သည် ပုံခိုင်းချက်အရ၊ လှုပ်ရှားမှု ကင်းမဲ့သောနေရာကို ရည်ညွှန်းသည်။ (ဗျာဒိတ် ၉:၂ ရှု။) သို့သော်၊ စာသားအရ၊ ကျယ်ပြောနက်ရှိုင်းသော ပင်လယ်ကိုလည်း ရည်ညွှန်းနိုင်သည်။ ဟေဗြဲစကားလုံးကို “ပင်လယ်သမုဒ္ဒရာ” ဟုပြန်ဆိုလေ့ရှိသည်။ (ဆာလံ ၇၁:၂၀၊ ကဘ; ၁၀၆:၉၊ သမ္မာ; ယောန ၂:၅) သို့ဖြစ်၍ “တွင်းနက်ကြီးထဲမှ တက်လာသောသားရဲ” သည် “ပင်လယ်ထဲမှ တက်လာသောသားရဲ” ဖြစ်သည်ဟုဆိုနိုင်သည်။—ဗျာဒိတ် ၁၁:၇; ၁၃:၁။
c ဤတစ်ကြိမ် ဘုရားသခင့်လူမျိုးတော်၏ တွေ့ကြုံမှုများကို ဆန်းစစ်ရာ၌ ၄၂ လသည် ပကတိ သုံးနှစ်ခွဲကိုတင်စားသော်လည်း သုံးရက်ခွဲသည် ပကတိ ၈၄ နာရီကို မတင်စားပါ။ ၎င်းမတိုင်မီက ပကတိ သုံးနှစ်ခွဲနှင့်ယှဉ်လျှင် တိုတောင်းသော အချိန်ပိုင်းသာဖြစ်ကြောင်းကို ပေါ်လွင်စေရန် သုံးရက်ခွဲဟူသည့် တိကျသောကာလပိုင်းကို အခန်းငယ် ၉ နှင့် ၁၁ ၌ နှစ်ကြိမ်တိုင်ဖော်ပြခြင်း ဖြစ်ဟန်တူသည်။
d ရောမ ၆:၂၊ ၁၀၊ ၁၁; ၇:၄၊ ၆၊ ၉၊; ဂလာတိ ၂:၁၉; ကောလောသဲ ၂:၂၀; ၃:၃ စသောကျမ်းချက်များပါ “စုတေ၊” “အသေဖြစ်၊” “အသက်ရှင်” ဟူသောစကားများ သုံးနှုန်းပုံနှင့် နှိုင်းယှဉ်ပါ။
[စာမျက်နှာ ၁၆၈ ပါ လေးထောင့်ကွက်]
ဗျာဒိတ် ၁၁:၁၀ မှ ဝမ်းမြောက်ရွှင်မြူးခြင်း
၁၉၃၃ ခုနှစ်တွင် ထုတ်ဝေသော တရားဟောဆရာများ သေနတ်မြှောက်၍ အလေးပြုခြင်း ဟူသောစာအုပ်၌ ရေး အိပ်ချ်၊ အေဘရမ်စ်က ကျမ်းစာကျောင်းသားများ၏ ပြီးဆုံးလေသော နက်နဲရာ စာအုပ်ကို ဘုန်းကြီးဓမ္မဆရာအုပ်စု ခါးခါးသီးသီး ဆန့်ကျင်ပုံအကြောင်း ရည်ညွှန်းထား၏။ ကျမ်းစာကျောင်းသားများနှင့် သူတို့၏ “အော့ကြောလန်ဖွယ် စည်းရုံးသိမ်းသွင်းမှု” ကိုရှင်းပစ်ရန် ဘုန်းကြီးဓမ္မဆရာအုပ်စု ကြိုးပမ်းကြပုံကို ဝေဖန်သုံးသပ်၏။ ထိုသို့ကြိုးပမ်းကြရာမှ အမှုဖြစ်လာပြီး ဂျေ၊ အက်ဖ်၊ ရပ်သဖော့ဒ်နှင့် အပေါင်းပါခုနစ်ဦး ထောင်ဒဏ်အနှစ်များစွာ ကျခံရန် အပြစ်ဒဏ် ပေးခံရလေသည်။ ဒေါက်တာ အေဘရမ်စ် ဤသို့ဆက်၍ဆို၏– “အမှုတစ်ခုလုံးကို ဆန်းစစ်ကြည့်သော်၊ ရပ်စဲလ်နောက်လိုက်များကို ချေမှုန်းပစ်ရန်ကြံစည်သော လှုပ်ရှားမှုနောက်ကွယ်၌ အစမူလအဖြစ် ချာ့ချ်များနှင့် ဘုန်းကြီးဓမ္မဆရာအုပ်စု စက်ပုန်းခုတ်ခဲ့သည်ဟူသော အဖြေကိုရ၏။ ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကနေဒါနိုင်ငံ၌ ဓမ္မဆရာများသည် ရပ်စဲလ်နောက်လိုက်များနှင့် သူတို့၏စာအုပ်စာတမ်းများ၊ အထူးသဖြင့် ပြီးဆုံးလေသော နက်နဲရာ စာအုပ်ကို စနစ်တကျ စတင်တိုက်စစ်ဆင်၏။ ဝင်းနဖက်မြို့ထုတ် အာဘော် ရေးသားချက်အရ၊ . . . သူတို့၏စာအုပ် ပိတ်ပင်ခံရသည့် တိုက်ရိုက်အကြောင်းရင်းမှာ ‘ဘုန်းကြီးဓမ္မဆရာအုပ်စု၏ တောင်းဆိုမှု’ ဖြစ်သည်ဟု ယုံကြည်ရသည်။”
ဒေါက်တာ အေဘရမ်စ် ဤသို့ဆက်၍ရေးသား၏– “အနှစ်နှစ်ဆယ်ထောင်ဒဏ် အပြစ်ပေးခြင်းသတင်းကို ဘာသာရေးစာနယ်ဇင်း အယ်ဒီတာများ ကြားရသောအခါ ကြီးငယ်မဟူ၊ လူသူအားလုံးဆိုရမလောက် ဝမ်းသာအယ်လဲ ဖြစ်ခဲ့ကြသည်။ ရှေးရိုးစွဲဘာသာရေး ဂျာနယ်တစ်စောင်ကမျှ ကိုယ်ချင်းစာစကား တစ်လုံးတစ်ပါဒ ရေးသားသည်ကို ကျွန်ုပ်ရှာမတွေ့နိုင်။ ‘သူတို့ထိုသို့ နှိပ်စက်ညှဉ်းပန်းခံရခြင်းမှာ တစ်ပိုင်းတစ်စအားဖြင့်၊ “ရှေးရိုးစွဲ” ဘာသာရေးအဖွဲ့များက သူတို့ကို မုန်း၍ဖြစ်ကြောင်း သံသယမရှိ’ ဟု အပ်တွန် စင်းကလဲက မှတ်ချက်ချလိုက်သည်။ ချာ့ချ်များ စုပေါင်းအားထုတ်၍ မစွမ်းဆောင်နိုင်သော အမှုကို အစိုးရက သူတို့အတွက် ဆောင်ရွက်လိုက်ဟန်တူသည်။” ဘာသာရေးစာနယ်ဇင်း အမြောက်အမြား၏သိက္ခာချ ရေးသားချက်များကို ကိုးကားဖော်ပြပြီးနောက် စာရေးဆရာက အယူခံတရားရုံး အမှုကိုပလပ်လိုက်ကြောင်း ဖော်ပြလျက် ဤသို့မှတ်ချက် ပေးလိုက်ပါသည်။ “ချာ့ချ်များ ထိုစီရင်ချက်ကို ကြားသိရသောအခါ တိတ်သွားကြ၏။”
[စာမျက်နှာ ၁၆၃ ပါ ရုပ်ပုံ]
ဝိညာဏဗိမာန်တော်ကို ယောဟန် တိုင်းတာ —စံနှုန်းများကို ဘိသိက်ခံ ယဇ်ပုရောဟိတ် အတန်းအစား ပြည့်မီရ
[စာမျက်နှာ ၁၆၅ ပါ ရုပ်ပုံ]
ဇေရုဗဗေလနှင့် ယောရှုတို့၏ ပြန်လည်ဆောက်လုပ်ရေးလုပ်ငန်းက သခင့်နေ့တော်အတွင်း ယေဟောဝါသက်သေများ၏ မပြောပလောက်သော အစပြုမှုသည် အကြီးအကျယ် တိုးပွားလိမ့်မည်ကို ဖော်ပြသည်။ နယူးယောက်၊ ဘရွတ်ကလင်မြို့ရှိ အထက်ပါ အဆောက်အအုံများကဲ့သို့သော ပုံနှိပ်တိုက် အဆောက်အအုံကြီးများကို လိုအပ်သလို တိုးချဲ့ခဲ့ရ
[စာမျက်နှာ ၁၆၆ ပါ ရုပ်ပုံ]
မောရှေနှင့် ဧလိယတို့၏ ပရောဖက်ပြုလုပ်ငန်းက သက်သေခံနှစ်ပါး ကြွေးကြော် ခဲ့သော မီးပမာ စီရင်ချက်များကို ပုံဆောင်
[စာမျက်နှာ ၁၆၉ ပါ ရုပ်ပုံ]
ယေဇကျေလ အခန်းကြီး ၃၇ မှ အရိုးခြောက်များ နည်းတူ သက်သေခံနှစ်ပါးသည် မျက်မှောက်ခေတ် ဟောပြောခြင်းလုပ်ငန်းအတွက် ပြန်ရှင်သန်လာ