ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁ စာ. ၁၇-၂၃
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမျိုးသမီးများအပေါ် ယေရှု၏သဘောထား
  • ယေရှုကိုပြုစုခဲ့သောအမျိုးသမီးများ
  • ပင်တေကုတ္တေပွဲနေ့ပြီးနောက် သစ္စာရှိခရစ်ယာန်အမျိုးသမီးများ
  • အမျိုးသမီးများအပေါ် ပေါလု၏စိတ်နေသဘောထား
  • ယနေ့ကြိုးစားအားထုတ်သောအမျိုးသမီးများ
  • နယ်လှည့်ကြီးကြပ်မှူးများ၏ဇနီးသည်များ
  • အကြီးအကဲများ၏ဇနီး
  • သစ္စာရှိ “အသက်ကြီးရင့်သောအမျိုးသမီးများ”
  • ခရစ်တော်နှင့်အတူအစိုးရသူများ
  • အမျိုးသမီးတွေကို ဂုဏ်တင်ထိုက်တယ်လို့ ဘုရားသခင်ရှုမြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယောက်ျား နှင့်မိန်းမ ဂုဏ်သိက္ခာရှိသောတာဝန်ကိုယ်စီ ရရှိထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ခရစ်ယာန်အမျိုးသမီးများ ဂုဏ်တင်လေးစားခံထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါရဲ့ရည်ရွယ်ချက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁ စာ. ၁၇-၂၃

“သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”

“သခင်အရှင်၏အမှုတော်ကိုကြိုးစားသောမိန်းမ တရုဖဲနနှင့်တရုဖောသကို . . . နှုတ်ဆက်ကြလော့။”—ရောမ ၁၆:၁၂။

၁။ ယေရှု၏မြေကြီးပေါ်ဓမ္မအမှုသည် အမျိုးသမီးများအတွက် ကောင်းချီးတစ်ရပ် မည်သို့ဖြစ်သနည်း။

ယေရှု၏မြေကြီးပေါ်ဓမ္မအမှုသည် ဂျူးအမျိုးသမီးများအတွက် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်ပေသည်။ ကိုယ်တော်စတင်ခဲ့သောလုပ်ငန်းသည် လူမျိုးအသီးသီးရှိအမျိုးသမီးများအတွက် သက်သာမှု၊ မျှော်လင့်ချက်နှင့်ဂုဏ်အသရေရှိစေမည်ဖြစ်သည်။ ကိုယ်တော်သည် “ဘုရားသခင်၏ပညတ်တော်ကိုပယ်” သည့်ဂျူးဘာသာရေးထုံးစံများကို လုံးဝဂရုမစိုက်ပါ။ (မဿဲ ၁၅:၆) ထိုထုံးစံများစွာတို့သည် အမျိုးသမီးများအား ဘုရားပေးသည့်အခွင့်အရေးများကို မထီမဲ့မြင်ပြုသည်။

အမျိုးသမီးများအပေါ် ယေရှု၏သဘောထား

၂။ အမျိုးသမီးများနှင့်ယေရှုဆက်ဆံပုံသည် ထိုခေတ်အခါအတွက် အမှန်ပင်ဆန့်ကျင်ဘက်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

၂ အမျိုးသမီးများအပေါ် ယေရှု၏သဘောထားနှင့် ဂျူးဘာသာရေးခေါင်းဆောင်များ၏သဘောထား ကွာခြားလှသည်တကား။ Encyclopaedia Judaica ကိုကိုးကားရလျှင် ဂျူးဘာသာရေးခေါင်းဆောင်တို့သည် အမျိုးသမီးများအား “လောဘကြီးသူ၊ ချောင်း၍နားထောင်သူ၊ ပျင်းရိသူ၊ မနာလိုဝန်တိုသူများ” အဖြစ်ယူမှတ်ကြသည်။ အမျိုးသမီးတစ်ဦးနှင့်အပြန်အလှန်စကားပြောဆိုခြင်းကို မျက်မှောင်ကုတ်ကြသည်။ “လမ်းပေါ်တွင် အမျိုးသမီးတစ်ဦးနှင့်ပညာတတ်တစ်ဦး စကားပြောဆိုခြင်းသည် အလွန်ရှက်ဖွယ်ရာဖြစ်သည်။” (Joachim Jeremias ၏ Jerusalem in the Time of Jesus ) (ယောဟန် ၄:၂၇ နှင့်နှိုင်းယှဉ်) အမျိုးသမီးများအပေါ် ဂျူးဘာသာရေးခေါင်းဆောင်တို့၏ အထင်အမြင်သေးသောသဘောထားနှင့်ပတ်သက်၍ ပြောဆိုစရာများစွာရှိပါသည်။ သို့သော် အမျိုးသမီးတို့နှင့် ယေရှုချဉ်းကပ်ပုံသည် ထိုခေတ်အခါအတွက် အမှန်ပင်ဆန့်ကျင်ဘက်ဖြစ်ကြောင်း အထက်ပါအချက်ကလုံလောက်ပေသည်။

၃။ အမျိုးသမီးများအား နက်နဲသောဝိညာဏသမ္မာတရားကို ကိုယ်တော်သွန်သင်ပေးရန်အသင့်ရှိကြောင်း ယေရှု၏ဓမ္မအမှုအတွင်း အဘယ်အဖြစ်အပျက်များက အတိအလင်းတင်ပြသနည်း။

၃ အမျိုးသားများသည် အမျိုးသမီးများနှင့် မည်သို့ခင်မင်ရင်းနှီးနိုင်၍ တစ်ချိန်တည်းတွင် လုံးလုံးကိုယ်စိတ်စင်ကြယ်စွာပေါင်းသင်းနိုင်ကြောင်း ယေရှုသည် ပုံသက်သေကောင်းတင်ပြပေးတော်မူသည်။ အမျိုးသမီးများနှင့်ယေရှုစကားစမြည်ပြောဆိုရုံမက နက်နဲသောဝိညာဉ်ရေးရာများကိုလည်း ကိုယ်တော်သွန်သင်ပေးတော်မူသည်။ အမှန်ဆိုလျှင် မိမိ၏မေရှိယအဖြစ်ကို အမျိုးသမီးတစ်ဦးအား ယေရှုပထမအကြိမ်ပွင့်ပွင့်လင်းလင်းဖေါ်ပြခဲ့သည်။ ထိုအမျိုးသမီးမှာ ရှမာရိအမျိုးသမီးတစ်ဦးဖြစ်သည်။ (ယောဟန် ၄:၇၊ ၂၅၊ ၂၆) ထို့ပြင် ဝိညာဏအသိပညာတိုးပွားစေရန် ခွက်ယောက်ပန်းကန်များကို ခေတ္တထားရစ်ခွင့် အမျိုးသမီးများ၌မရှိဟူ၍ ဂျူးဘာသာရေးခေါင်းဆောင်များယူမှတ်သကဲ့သို့ ယေရှုမယူဆကြောင်း မာသ၊ မာရိတို့နှင့်ပတ်သက်သောအဖြစ်အပျက်တစ်ခုက အတိအလင်းတင်ပြသည်။ ထိုအချိန်အခါတွင် မာရိသည် ဝိညာဉ်ရေးရာကိုရှေ့ဦးထားကာ “ကောင်းသောအဖို့ကိုရွေးယူ” ခဲ့သည်။ (လုကာ ၁၀:၃၈-၄၂) သို့သော် နောင်လအနည်းငယ်အကြာတွင် သူတို့မောင်သေဆုံးပြီးနောက် သခင်ကိုတွေ့မြင်ချင်စိတ် ပိုပြင်းပြသူမှာ မာရိမဟုတ်ဘဲ မာသဖြစ်ပေသည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ယေရှုနှင့်မာသတို့၏ လေးနက်သောဝိညာဏရေးရာအပြန်အလှန်စကားကို ယနေ့ပင်ကျွန်ုပ်တို့ဖတ်ရှုကြရာတွင် မည်မျှကြက်သီးမွေးညင်းထစရာပါတကား။ (ယောဟန် ၁၁:၂၀-၂၇) ယင်းသည် မာသအတွက် ထူးမြတ်လှသောအခွင့်အရေးပါတကား။

ယေရှုကိုပြုစုခဲ့သောအမျိုးသမီးများ

၄၊ ၅။ ဂါလိလဲအရပ်တွင် ဓမ္မအမှုဆောင်စဉ် တမန်တော်များအပြင် မည်သူတို့ယေရှုနောက်သို့လိုက်၍ ကိုယ်တော်အားမည်သို့လုပ်ကျွေးသနည်း။

၄ တိုင်းနိုင်ငံတစ်လျှောက် ဒေသစာရီလှည့်လည်စဉ် အမျိုးသမီးများ၏ပြုစုခြင်းကိုလည်း ယေရှုလက်ခံယူခဲ့သည်။ မာကုခရစ်ဝင်ကျမ်း၌ “(ယေရှု) ကိုယ်တော်သည် ဂါလိလဲပြည်မှာရှိတော်မူစဉ် နောက်တော်သို့ အလုပ်အကျွေးလိုက်သော . . . မိန်းမများလည်းပါကြသတည်း” ဟုဖော်ပြထားသည်။ (မာကု ၁၅:၄၀၊ ၄၁) ဤအမျိုးသမီးများကား မည်သူတို့နည်း။ ယေရှုအား သူတို့မည်သို့လုပ်ကျွေးသနည်း။ သူတို့အားလုံး၏အမည်ကို ကျွန်ုပ်တို့မသိနိုင်ကြသော်လည်း အမည်အချို့ကို လုကာဖေါ်ပြ၍ ယေရှုအားမည်သည့်နည်းဖြင့်ပြုစုကြောင်း ရှင်းပြပေးသည်။

၅ လုကာဤသို့ရေးသားသည်။ “ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကိုဟောတော်မူ၏။ တစ်ကျိပ်နှစ်ပါးသောတပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသော မိန်းမအချို့သည်လည်းလိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနစ်ယောက်ထွက်သော မာဂဒလဟုခေါ်ဝေါ်သောမာရိ၊ ဟေရုဒ်မင်း၏စားတော်ကဲ ခုဇ၏မယား ယောဟန္နနှင့် ရှုရှန္နမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကိုလုပ်ကျွေးသော အခြားမိန်းမအများပါကြ၏။” (လုကာ ၈:၁-၃) ဤအမျိုးသမီးများသည် သူတို့၏ကိုယ်ပိုင်ဥစ္စာပစ္စည်းများကိုအသုံးပြု၍ ကိုယ်တော်နှင့် ကိုယ်တော်၏တမန်တော်များ၏ဝေယျာဝစ္စတို့ကိုပြုစုပေးခြင်းငှာ နောက်တော်သို့လိုက်ခြင်းကို ယေရှုခွင့်ပြုတော်မူခဲ့သည်။

၆။ (က) ယေရုရှလင်သို့ နောက်ဆုံးခရီးစဉ်တွင် ယေရှုနှင့်အတူ မည်သူများပါသွားသနည်း။ (ခ) သေသည်တိုင် ယေရှုဘက်၌ မည်သူရပ်တည်ခဲ့သနည်း။ သူတို့အနက်အချို့တို့သည် မည်သို့ဆုကျေးဇူးခံစားရသနည်း။ (ဂ) ယုဒဘာသာတရား၏ထုံးစံအတိုင်းကြည့်လျှင် ယောဟန် ၂၀:၁၁-၁၈ ပါမှတ်တမ်းသည် မည်သို့ထူးခြားသနည်း။

၆ ယေရှုအသတ်ခံရသောအခါ “ဂါလိလဲပြည်က ယေရှုနောက်တော်သို့အလုပ်အကျွေးလိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍နေကြ၏။ ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိပါကြသတည်း။” (မဿဲ ၂၇:၅၅၊ ၅၆) သို့ဖြစ်၍ ယေရှုသေဆုံးချိန်တွင် သစ္စာရှိအမျိုးသမီးများစွာ ကိုယ်တော်ဘက်ရပ်တည်နေကြသည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို ဦးစွာတွေ့မြင်သူများမှာ အမျိုးသမီးများပင်ဖြစ်ခြင်းကလည်း ထူးခြားလှသည်။ (မဿဲ ၂၈:၁-၁၀) ယင်းကိုယ်နှိုက်က ဂျူးထုံးစံကိုထိုးနှက်ပေသည်။ အကြောင်းမူကား၊ ယုဒဘာသာတွင် အမျိုးသမီးများအား တရားဝင်သက်သေများမဖြစ်ထိုက်ဟုယူဆထားသည်။ ယင်းကိုသိရှိထားကာ ယောဟန် ၂၀:၁၁-၁၈ ကိုဖတ်ရှုပြီး ရှင်ပြန်ထမြောက်လာသောအရှင်သခင်သည် မာဂဒလမာရိအား ကိုယ်ရောင်ပြ၍ သူ့အားအမည်တပ်ခေါ်ပြီး ကိုယ်တော်တိုင် အမှန်အသက်ရှင်နေပြီဖြစ်ကြောင်း ကိုယ်တော်၏သက်သေအဖြစ် သူမအားအသုံးပြုခံရခြင်းကို သူမမည်မျှစိတ်လှုပ်ရှားခဲ့မည်အကြောင်း စဉ်းစားကြည့်ပါလေ။

ပင်တေကုတ္တေပွဲနေ့ပြီးနောက် သစ္စာရှိခရစ်ယာန်အမျိုးသမီးများ

၇၊ ၈။ (က) ပင်တေကုတ္တေပွဲနေ့တွင် ဝိညာဉ်တော်သွန်းလောင်းခဲ့သောအခါ အမျိုးသမီးများပါကြောင်း မည်သို့သိရှိနိုင်သနည်း။ (ခ) ခရစ်ယာန်ဘာသာတရားစတင်ဖြန့်ချိရေးတွင် ခရစ်ယာန်အမျိုးသမီးများ မည်သို့ပါဝင်ခဲ့သနည်း။

၇ ကောင်းကင်သို့ ယေရှုတက်ကြွသွားပြီးနောက် ယေရုရှလင်မြို့ရှိ အထက်ခန်းမတစ်ခုတွင် သစ္စာရှိတမန်တော်များနှင့်အတူ ဘုရားကြည်ညိုသောအမျိုးသမီးများလည်းရှိသည်။ (တမန်တော် ၁:၁၂-၁၄) ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရသူတို့တွင် အမျိုးသမီးများပါကြောင်းထင်ရှားသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အဖြစ်အပျက်တို့ကို ပေတရုရှင်းပြသောအခါ ယောလ ၂:၂၈-၃၀ ကိုသူကိုးကား၏။ ထိုတွင် “သမီးများ” နှင့် “ငါ၏အမှုကိုဆောင်ရွက်သော . . . မိန်းမ” များကိုအတိအလင်းဖေါ်ပြသည်။ (တမန်တော် ၂:၁၊ ၄၊ ၁၄-၁၈) ထိုကြောင့် ဝိညာဉ်တော်ဖွား ဘိသိက်ခံခရစ်ယာန်အမျိုးသမီးများသည် ခရစ်ယာန်အသင်းတော်အုတ်မြစ်ချချိန်ကပင် အသင်းဝင်သူများဖြစ်ခဲ့ကြသည်။

၈ ခရစ်ယာန်ဘာသာတရားဖြန့်ချိရေးတွင် အမျိုးသမီးများသည် ဩဇာမလွှမ်းခဲ့သော်လည်း အရေးကြီးကဏ္ဍတွင်ပါဝင်ခဲ့သည်။ မာကု၏မိခင်ဖြစ်သူ ဗာနဗ၏အဒေါ်သည် ကျယ်ဝန်းဟန်တူသော သူမ၏အိမ်ကို ယေရုရှလင်အသင်းတော်အဖြစ်အသုံးပြုရန် ပေးအပ်ထားသည်။ (တမန်တော် ၁၂:၁၂) ခရစ်ယာန်များအား တစ်ဖန်ပြန်ညှဉ်းဆဲချိန်တွင်ပင် ဤသို့ပြုမူရန် သူမအသင့်ရှိတော်မူခဲ့သည်။ (တမန်တော် ၁၂:၁-၅) ဧဝံဂေလိတရားဟောသူ ဖိလိပ္ပိ၏သမီးလေးဦးသည် ခရစ်ယာန်ပရောဖက်မများဖြစ်ခွင့်ရရှိခဲ့သည်။—တမန်တော် ၂၁:၉။ ၁ ကောရိန္သု ၁၂:၄၊ ၁၀။

အမျိုးသမီးများအပေါ် ပေါလု၏စိတ်နေသဘောထား

၉။ ကောရိန္သုမြို့သားတို့ထံ သူ၏ပထမစာစောင်တွင် ခရစ်ယာန်အမျိုးသမီးများနှင့်ပတ်သက်၍ အဘယ်သြဝါဒကိုပေါလုပေးခဲ့သနည်း။ အဘယ်ဘုရားပေးမူကို အမျိုးသမီးများလေးစားကြရန် သူအားပေးနေခြင်းဖြစ်သနည်း။

၉ အမျိုးသမီးများကို တမန်တော်ပေါလုမုန်းပြီး မယုံသင်္ကာဖြစ်သည်ဟု ယိုးစွပ်ကြသည်။ ခရစ်ယာန်အသင်းတော်တွင် မိမိတို့၏နေရာကိုသိရှိရမည်ဟု အမျိုးသမီးများအား ပေါလုမှာကြားခဲ့သည်မှန်ပါ၏။ ပုံမှန်အတိုင်းဆိုလျှင် အသင်းတော်စည်းဝေးများတွင် သူတို့သည် သွန်သင်ပို့ချခွင့်မရှိပါ။ (၁ ကောရိန္သု ၁၄:၃၃-၃၅) ခရစ်ယာန်အမျိုးသားတစ်ဦးမျှမရှိ၍သော်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းမှုအောက် ခရစ်ယာန်အမျိုးသမီးတစ်ဦး စည်းဝေးတွင်ပရောဖက်ပြုသော်လည်းကောင်း ခေါင်းဖုံးအုပ်ရန်လိုအပ်ပေသည်။ ဤသို့ခေါင်းဖုံးအုပ်ခြင်းကား ဘုရားသခင်၏ဦးစီးမှုအစီအစဉ်ကို ထိုအမျိုးသမီးအသိအမှတ်ပြုကြောင်း သက်သေပြသည့် “အုပ်စိုးခံရခြင်းအထိမ်းအမှတ်” ဖြစ်သည်။—၁ ကောရိန္သု ၁၁:၃-၆၊ ၁၀၊ သမာကျမ်း။

၁၀။ ပေါလုအား အချို့မည်သို့ယိုးစွပ်သနည်း။ သို့သော် ဤသို့စွပ်စွဲခြင်းသည်မှားယွင်းကြောင်း အဘယ်အရာကတင်ပြသနည်း။

၁၀ ခရစ်ယာန်အစည်းအဝေးများတွင် “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီစဉ်ကြ” မည်အကြောင်း ဤသီအိုကရက်တစ်မူများကို ရှေးခရစ်ယာန်များသတိရကြရန် ပေါလုမှာကြားပေးဖို့အတွက် အကြောင်းရှိကောင်းရှိခဲ့ပေမည်။ (၁ ကောရိန္သု ၁၄:၄၀) သို့သော် ယင်းကြောင့်အချို့သူတို့ဆိုသကဲ့သို့ ပေါလုသည် အမျိုးသမီးများကိုရွံမုန်းသူဟူ၍ ဆိုနိုင်မည်လော။ လုံးဝမဟုတ်ပါ။ ခရစ်ယာန်အမျိုးသမီးကိုးဦးထံ ချစ်ခင်ရင်းနှီးစွာ သူ၏ရောမစာစောင် နောက်ဆုံးအခန်းတွင် နှုတ်ခွန်းဆက်ခဲ့သူမှာ ပေါလုမဟုတ်ပေလော။ ဖိဗေ၊ ပြစ်ကိလ၊ တရုဖဲနနှင့်တရုဖောသတို့အား ကျေးဇူးတင်လေးစားသည်ဟူ၍ သူပြောပြီး တရုဖဲနနှင့်တရုဖောသတို့အား “သခင်အရှင်၏အမှုတော်ကို ကြိုးစားသောမိန်းမ” များဟူ၍ပင် ချီးမွမ်းခဲ့သည်မဟုတ်လော။ (ရောမ ၁၆:၁-၄၊ ၆၊ ၁၂၊ ၁၃၊ ၁၅) ထို့ပြင် ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ပေါလုဤသို့ရေးသားခဲ့သည်။ “ခရစ်တော်၌ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ ယေရှုခရစ်၌ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏။” (ဂလာတိ ၃:၂၇၊ ၂၈) ခက်ခဲရာကာလအတွင်း စံတင်လောက်စွာ ဧည့်ဝတ်ပျူငှာခဲ့သောလုဒိအပါအဝင် သူ၏ခရစ်ယာန်ညီအစ်မများကို ပေါလုချစ်ခင်မြတ်နိုး၊ တန်ဖိုးထားကြောင်းရှင်းလှပေသည်။—တမန်တော် ၁၆:၁၂-၁၅၊ ၄၀။ ဖိလိပ္ပိ ၄:၂၊ ၃။

ယနေ့ကြိုးစားအားထုတ်သောအမျိုးသမီးများ

၁၁၊ ၁၂။ (က) ဆာလံ ၆၈:၁၁ သည်စာသားအတိုင်း ယနေ့မည်သို့ပြည့်စုံနေသနည်း။ (ခ) ကျွန်ုပ်တို့၏ညီအစ်မအများသည် အဘယ်အခြေအနေမျိုးတွင်ရှိနေကြသနည်း။ ကျွန်ုပ်တို့၏စုံမက်ခြင်းနှင့်ဆုတောင်းချက်ကို သူတို့အဘယ်ကြောင့်လိုအပ်သနည်း။

၁၁ ယနေ့ခရစ်ယာန်အသင်းတော်အတွင်း “သခင်အရှင်၏အမှုတော်ကို ကြိုးစားသောမိန်းမ” အမြောက်အမြားရှိပါသည်။ အမှန်မှာ၊ ဤနောက်ဆုံးကာလတွင် ယေဟောဝါအသုံးပြုနေတော်မူသော သက်သေခံဗိုလ်ခြေအဝင် အများစုကား “သတင်းကောင်းလွှင့်သူအမျိုးသမီးတို့ အလုံးအရင်း” ဖြစ်ကြောင်းကိန်းဂဏန်းများကတင်ပြပါသည်။ (ဆာလံ ၆၈:၁၁၊ NW ) ဤဝီရိယရှိသောခရစ်ယာန်အမျိုးသမီးများသည် ဇနီးသည်များ၊ မိခင်များ၊ အိမ်ထောင်ရှင်မများ၊ ဝမ်းစာရှာသူများအပြင် ခရစ်ယာန်ဓမ္မအမှုဆောင်တာဝန်များကို ကျေပွန်စွာကြိုးပမ်းဆောင်ရွက်ကြရာတွင် နာမည်ကောင်းရရှိခဲ့ကြပေပြီ။

၁၂ ဤအမျိုးသမီးကောင်းများစွာ၏ လင်ယောက်ျားများသည် မယုံကြည်သူများဖြစ်ကြသည်။ ဤအခြေအနေကို နေ့စဉ် ၂၄ နာရီလုံးလုံး ပြဿနာရင်ဆိုင်ကိုင်တွယ်ရကြသည်။ ယေဟောဝါ၏သမာဓိရှိကျေးကျွန်များအဖြစ် အရည်အချင်းမီကြရန် အချို့တို့သည် နှစ်ချီ၍လုံးပမ်းကာ ကြိုးစားခဲ့ရရှာပြီ။ ဤသို့ပြုကြရန် မလွယ်ကူလှပါ။ သို့သော် သူတို့၏ခရစ်ယာန်အကျင့်အားဖြင့် သူတို့ခင်ပွန်းများသည် “တရားမနာသော်လည်း . . . သွေးဆောင်လျက်အတူပါမည်အကြောင်း” ခံနိုင်ရည်ရှိရှိ အမြဲမျှော်လင့်လျက်နေခဲ့ကြပြီ။ ဤကဲ့သို့သောလင်သားတစ်ဦး သမ္မာတရားကိုလက်သင့်ခံတုံ့ပြန်လာသည့်အခါ တစ်အိမ်သားလုံး မည်မျှအားရဝမ်းသာကြရသည်တကား။ (၁ ပေတရု ၃:၁၊ ၂) ၄င်းအချိန်မတိုင်မီ ဤသစ္စာရှိညီအစ်မများသည် အသင်းတော်သားတို့၏ ညီအစ်ကိုစုံမက်ခြင်းနှင့်ဆုတောင်းချက်များကို အမှန်တကယ်လိုအပ်နေကြပါသည်။ သူတို့ကြိုးစားတင်ပြကြသော “နူးညံ့ငြိမ်သက်ခြင်းသဘော” သည် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” သည်နည်းတူ သူတို့၏တည်ကြည်သောသမာဓိသည် ကျွန်ုပ်တို့ချီးမွမ်းမြတ်နိုးရာဖြစ်ပေသည်။—၁ ပေတရု ၃:၃-၆။

၁၃။ ရှေ့ဆောင်ညီအစ်မများအား “သခင်အရှင်၏အမှုတော်ကို ကြိုးစား” လုပ်ဆောင်နေသူများဟု အဘယ်ကြောင့်ပြောနိုင်ပါသနည်း။ အသင်းတော်အသီးသီးတွင် သူတို့အားမည်သို့ ထောက်ထားစာနာမှုပြနိုင်သနည်း။

၁၃ ရှေ့ဆောင်များအဖြစ်အမှုဆောင်ရွက်နေသောညီအစ်မများအား “သခင်အရှင်၏အမှုတော်ကို ကြိုးစား” လုပ်ဆောင်နေသည်ဟု အမှန်ပြောနိုင်ပါမည်။ ဤသူအများတို့၌ ဟောပြောခြင်းလုပ်ငန်းအပြင် မိမိအိမ်ကိုပြုစုခြင်း၊ လင့်ဝတ်နှင့်သားသမီးဝတ္တရားများပြုစုရန်တာဝန်ရှိကြသည်။ အချို့မှာ စားဝတ်နေရေးပြေလည်ရန် အချိန်ပိုင်းလုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်ရကြသည်။ ယင်းတို့အားလုံးအတွက် စနစ်တကျစီစဉ်မှု၊ စိတ်ပြဌာန်းဆုံးဖြတ်မှု၊ စွဲစွဲမြဲမြဲလုပ်ဆောင်မှုနှင့် ဝီရိယစိုက်ထုတ်မှုရှိဖို့လိုပါသည်။ အခြေအနေကြောင့် သက်သေခံခြင်းလုပ်ငန်းအတွက် ရှေ့ဆောင်အချိန်နာရီမပေးနိုင်သောသူများသည် ဤကဲ့သို့သောခရစ်ယာန်အမျိုးသမီးများကို မေတ္တာတင်ပြပြီး ထောက်ခံအားပေးသင့်ပေသည်။

၁၄။ (က) စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းဆိုင်ရာ အဘယ်ပုံသက်သေကောင်းကိုဖေါ်ပြထားသနည်း။ (ခ) အခြားအဘယ်ခရစ်ယာန်ညီအစ်မအမျိုးစားတို့အား ချီးမွမ်းထိုက်သနည်း။ အဘယ်ကြောင့်နည်း။ ဒေသခံဥပမာအချို့ကိုတင်ပြပါ။

၁၄ ခရစ်ယာန်အမျိုးသမီးအချို့သည် ရှေ့ဆောင်လုပ်ငန်းကို ထူးကဲစွာစွဲစွဲမြဲမြဲလုပ်ဆောင်ခဲ့ကြပြီ။ ကနေဒါနိုင်ငံတွင် ဂရေးစ်လောင်စ်ဘဲရီသည် ၁၉၁၄ ခုနှစ်တွင် ရှေ့ဆောင်ခြင်းကို ပထမအကြိမ်မြည်းစမ်းခဲ့သည်။ ဖျားနာမှုကြောင့် ၁၉၁၈ ခုနှစ်တွင် ရှေ့ဆောင်တစ်ဦးအဖြစ်မှ ရပ်နားခဲ့ရသည်။ သို့သော် ၁၉၂၄ ခုနှစ်တွင် အချိန်ပြည့်လုပ်ငန်းတော်ကို ပြန်ဆောင်ရွက်နိုင်လေသည်။ ဤစာစဉ်ကိုရေးသားချိန်တွင် အသက် ၁၀၄ နှစ်ရှိနေသော်လည်း ရှေ့ဆောင်တစ်ဦးဖြစ်ဆဲပင်ရှိသည်။ ၁၉၄၀ ပြည့်နှစ်များတွင် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း၏ ကနဦးကျောင်းဆင်းသူများဖြစ်ခဲ့သော သာသနာပြုညီအစ်မများစွာတို့သည် သာသနာပြုလယ်ကွင်း၌ဖြစ်စေ၊ ဘရုတ်ကလင်ဗေသလ သို့မဟုတ် ကင်းမျှော်စင်အသင်း၏ဌာနခွဲများရှိ အိမ်သားအဝင်များအဖြစ်ဖြစ်စေ ယနေ့အထိသစ္စာရှိစွာအမှုထမ်းဆောင်နေကြပါသည်။ ဤခရစ်ယာန်အမျိုးသမီးအားလုံးတို့နှင့် ဗေသလလုပ်ငန်း၌ပါဝင်နေသူ ဤညီအစ်မများအားလုံးသည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုတင်ပြနေကြရာ ပုံသက်သေကောင်းများအမှန်ဖြစ်ကြသည်။ သူတို့ကို ကျွန်ုပ်တို့တန်ဖိုးထားလေးစားကြပါကြောင်း တင်ပြပြောဆိုဖူးပါသလော။

နယ်လှည့်ကြီးကြပ်မှူးများ၏ဇနီးသည်များ

၁၅၊ ၁၆။ ခရစ်ယာန်အမျိုးသမီးမှ အခြားအဘယ်အုပ်စုကို ကျွန်ုပ်တို့လှိုက်လှဲစွာချီးမွမ်းသင့်သနည်း။ အဘယ်ကြောင့်နည်း။

၁၅ လှိုက်လှဲစွာချီးမွမ်းအားပေးသင့်သော ခရစ်ယာန်အမျိုးသမီး အခြားတစ်စုကား နယ်လှည့်ကြီးကြပ်မှူးများ၏ဇနီးသည်များဖြစ်သည်။ သူတို့၏လင်ယောက်ျားများသည် ညီအစ်ကိုများကိုဝိညာဉ်ရေးဘက်တည်ဆောက်ပေးရန် အသင်းတော်တစ်ခုမှတစ်ခု၊ တိုက်နယ်တစ်ခုမှတစ်ခုသို့ လှည့်လည်ကြရာတွင် ဤချစ်စရာကောင်းလှသောညီအစ်မများမှာ ခင်ပွန်းသည်တို့နှင့်အတူလိုက်သွားရန် အသင့်ရှိကြသည်။ သူတို့အများစုမှာ ကိုယ့်အိုးကိုယ့်အိမ်နှင့်နေခြင်းအဖြစ်ကိုစွန့်ပြီး ပတ်စဉ်ပင် အိပ်ရာအမျိုးမျိုးပြောင်းလဲ၍အိပ်ကြရသည်။ တစ်ခါတစ်ရံအိပ်ရာကောင်း ဖြစ်ချင်မှလည်းဖြစ်မည်။ သို့သော် ညီအစ်ကိုများပေးအိပ်သည့် အဘယ်နေရာမျိုးကိုမဆို လက်ခံရန်အသင့်ရှိကြပေသည်။ သူတို့သည် ဝိညာဏညီအစ်မများအတွက် ပုံသက်သေကောင်းဖြစ်ကြပေသည်။

၁၆ ယေရှု “နောက်တော်သို့ အလုပ်ကျွေးလိုက်သော” ဘုရားမြတ်နိုးသူမိန်းမများကဲ့သို့ပင် ဤခရစ်ယာန်အမျိုးသမီးများသည် သူတို့လင်ယောက်ျားများအတွက် တန်ဖိုးမဖြတ်နိုင်သောထောက်ခံအားပေးမှုဖြစ်ကြသည်။ (မာကု ၁၅:၄၁) ‘သခင်အရှင်၏အမှုတော်ကို အမြဲကြိုးစားအားထုတ်စရာများစွာရှိသော’ သူတို့လင်သားများနှင့်အတူ များများနေစရာအချိန်မရှိကြပါ။ (၁ ကောရိန္သု ၁၅:၅၈) ၁၉၄၈ ခုနှစ်တွင် အချိန်ပြည့်လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့သော ပြင်သစ်နိုင်ငံမှ ရိုစာ ဇူမီဂါကဲ့သို့သောသူအချို့သည် သူတို့လင်ယောက်ျား၏ခရီးဆောင်အိတ်များကို နှစ်ပေါင်း ၃၀၊ ၄၀ တိုင်အောင်ထုပ်ပိုးပြင်ဆင်ပေးခဲ့ရပေပြီ။ ဤသူတို့သည် ယေဟောဝါအတွက်သော်လည်းကောင်း၊ ညီအစ်ကိုညီအစ်မများအတွက်သော်လည်းကောင်း ကိုယ်ကျိုးစွန့်လွှတ်ရန် အသင့်ရှိကြပါသည်။ သူတို့ကိုတန်ဖိုးထားလေးမြတ် ချစ်ခင်ရုံမက ဆုတောင်းပေးသင့်ပါသည်။

အကြီးအကဲများ၏ဇနီး

၁၇၊ ၁၈။ (က) လုပ်ငန်းတော်အရာများသို့ ခန့်အပ်ခံရသောညီအစ်ကိုများ၏ဇနီးများ၌ အဘယ်အရည်အချင်းများရှိသင့်သနည်း။ (ခ) ယေဟောဝါနှင့်ညီအစ်ကိုများအတွက် အကြီးအကဲများ၏ဇနီးသည်များ မည်သို့အနစ်နာခံသနည်း။ အခြားဇနီးသည်များသည် သူတို့၏လင်သားများကို မည်သို့ကူညီပေးနိုင်သနည်း။

၁၇ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများအဖြစ် ခန့်အပ်ခံခွင့်ရကောင်းရသော ညီအစ်ကိုများ၏အရည်အချင်းများကို ဖေါ်ပြစဉ်ပင် တမန်တော်ပေါလုသည် အမျိုးသမီးများအကြောင်း ဤသို့ရေးသားသည်။ “မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူဖြစ်ရကြမည်။” (၁ တိမောသေ ၃:၁၁) ဤသြဝါဒသည် ခရစ်ယာန်အမျိုးသမီးအားလုံးနှင့်သက်ဆိုင်သည်မှန်၏။ သို့သော် ရှေ့နောက်စကားကိုထောက်ရှုသော် လုပ်ငန်းတော်အရာသို့ ခန့်အပ်ခံရသောညီအစ်ကိုများ၏ဇနီးများအနေနှင့် စံထားလောက်အောင် လိုက်လျှောက်လုပ်ကိုင်သင့်ကြောင်း ထင်ရှားလှပေသည်။

၁၈ ဝမ်းသာစရာကား ခရစ်ယာန်အကြီးအကဲထောင်ပေါင်းများစွာ၏ ဇနီးသည်များသည် ထိုသို့ပင်ဖြစ်ကြခြင်းဖြစ်သည်။ သူတို့၏အကျင့်နှင့်ဝတ်စားပုံသည် ဣန္ဒြေရှိကြသည်၊ ခရစ်ယာန်အသက်တာကို အလေးအနက်သဘောထားကြသည်၊ သူတို့သည်သတိနှင့်စကားပြောဆိုကြသည်၊ အရာရာတွင် သစ္စာရှိကြရန် စိတ်ရင်းစေတနာနှင့်ကြိုးစားကြသည်။ သူတို့နှင့်အတူအကုန်ခံသင့်သောအချိန်ကို လင်သားတို့သည် အသင်းတော်ကိစ္စများအတွက် အသုံးပြုရကြမည်အကြောင်း သူတို့လက်သင့်ခံပြီး ကိုယ်ကျိုးစွန့်ရန်လည်း အသင့်ရှိကြပါသည်။ ဤသစ္စာရှိခရစ်ယာန်အမျိုးသမီးများသည် ကျွန်ုပ်တို့၏ချစ်ခင်ရင်းနှီးသောမေတ္တာနှင့် အားပေးမှုရသင့်ရထိုက်ပါသည်။ လူခပ်သိမ်း၏အကျိုးအလိုငှာ ဤသို့စွန့်စားအနစ်နာခံဖို့ ဇနီးသည်များ နှိမ့်ချစွာသဘောတူညီမည်ဆိုလျှင် ကျွန်ုပ်တို့အသင်းတော်များအတွင်း အခွင့်အရေးများလက်ခံယူနိုင်မည့် ညီအစ်ကိုများစွာပေါ်ထွက်လာနိုင်စရာအကြောင်း ရှိကောင်းရှိပေမည်။

သစ္စာရှိ “အသက်ကြီးရင့်သောအမျိုးသမီးများ”

၁၉။ အသင်းတော်များတွင် သစ္စာရှိ “သက်ကြီးရွယ်အိုအမျိုးသမီးများ” စွာကို အဘယ်ကြောင့် များစွာတန်ဖိုးထား မြတ်နိုးကြသနည်း။ သူတို့အပေါ် ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။

၁၉ သမ္မာကျမ်းစာတွင်ဖေါ်ပြထားသော အမျိုးသမီးများအကြောင်း ပြန်လည်သုံးသပ်ရာတွင် ယုံကြည်ခြင်းရှိသောအမျိုးသမီးများအတွက် ယေဟောဝါအမှုတော်ထမ်းဆောင်ရန် အသက်အရွယ်သည် အဟန့်အတားမဖြစ်ပါ။ ဤဖြစ်ရပ်မှန်ကို စာရာ၊ ဧလိရှဗက်နှင့်အန္နတို့၏အဖြစ်အပျက်က တင်ပြပါသည်။ ယနေ့ယုံကြည်ခြင်းနှင့်ခံနိုင်ရည်တင်ပြရာတွင် ပုံသက်သေကောင်းများပြသော ခရစ်ယာန်အမျိုးသမီး များစွာရှိပါသည်။ ထို့ပြင် မိမိတို့ထက်အသက်ငယ်သောညီအစ်မများကို ကူညီပေးခြင်းအားဖြင့် အကြီးအကဲများအတွက် မသိမသာထောက်ခံအားပေးနိုင်ကြသည်။ သူတို့၏ရင့်ကျက်သောအတွေ့အကြုံကိုအမှီပြုကာ ကျမ်းစာ၏အခွင့်အရ မိမိတို့ထက်ငယ်သောအမျိုးသမီးများအား ပညာရှိသောအကြံဉာဏ်များပေးနိုင်ကြသည်။ (တိတု ၂:၃-၅) တစ်ခါတစ်ရံ သက်ကြီးရွယ်အိုညီအစ်မတစ်ဦးပင်လျှင် ဆုံးမခံရစရာအကြောင်း ရှိကောင်းရှိမည်။ သို့ဖြစ်လျှင် အကြီးအကဲသည် “အမိကဲ့သို့မှတ်၍” ဆုံးမမည်။ အကြီးအကဲများသည် ‘မုဆိုးမများကို ရိုသေရမည်။’ လိုအပ်မည်ဆိုလျှင် သူတို့အားထောက်မရန်စီစဉ်ပေးမည်။ (၁ တိမောသေ ၅:၁-၃၊ ၅၊ ၉၊ ၁၀) ကျွန်ုပ်တို့၏ချစ်စရာကောင်းလှသော သက်ကြီးရွယ်အိုညီအစ်မများအား စွန့်ပယ်ထားခံရသည်ဟု မခံစားစေသင့်ဘဲ အမှန်တန်ဖိုးထားလေးမြတ်ခြင်းခံရသည်ဟု စိတ်ထဲနွေးထွေးစေသင့်သည်။

ခရစ်တော်နှင့်အတူအစိုးရသူများ

၂၀။ ခရစ်ယာန်အမျိုးသမီးများစွာအား အဘယ်ထူးကဲသောအခွင့်အရေး ကမ်းလှမ်းခဲ့သနည်း။ ယင်းကြောင့် အခြားသိုးသည် အဘယ်ကြောင့်ပျော်ရွှင်နိုင်သနည်း။

၂၀ မည်သည့်လူမျိုးဖြစ်စေ၊ ယောက်ျားမိန်းမဖြစ်စေ “ဘုရားသခင်သည် အဘယ်သူ၏မျက်နှာကိုမျှ မှတ်တော်မမူ” ကြောင်း သမ္မာကျမ်းစာက ထင်ရှားစွာဖေါ်ပြသည်။ (ရောမ ၂:၁၀၊ ၁၁။ ဂလာတိ ၃:၂၈) နိုင်ငံတော်အစိုးရတွင် သားတော်နှင့်အတူစိုးစံမည့်သူတို့ကို ယေဟောဝါရွေးချယ်ပုံ၌လည်း ယင်းအချက်ထင်ရှားပါသည်။ (ယောဟန် ၆:၄၄) ယေရှု၏မိခင်မာရိ၊ မာဂဒလမာရိ၊ ပြစ်ကိလ၊ တရုဖဲန၊ တရုဖောသနှင့် ရှေးခရစ်ယာန်အသင်းတော်ရှိ သစ္စာရှိအမျိုးသမီးများစွာတို့သည် ယခုနိုင်ငံတော်အစိုးရတွင်ပါဝင်နေ၍ အမျိုးသမီးတို့၏စိတ်နေသဘောထားနှင့်ခံစားချက်များကို တရင်းတနှီးသိရှိနားလည်စွာ အုပ်ချုပ်စိုးမိုးနေခြင်းကို အခြားသိုးမှလူအုပ်ကြီးသည် မည်မျှကျေးဇူးတင်နိုင်ကြပါသည်တကား။ ယေဟောဝါ၏ မေတ္တာပါလှသောအမြော်အမြင်နှင့်ဉာဏ်ပညာ ကြီးမားလှသည်တကား။—ရောမ ၁၁:၃၃-၃၆။

၂၁။ “သခင်အရှင်၏အမှုတော်ကို ကြိုးစားသောအမျိုးသမီးများ” အပေါ် ယနေ့ကျွန်ုပ်တို့စိတ်ထားကားအဘယ်နည်း။

၂၁ “ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ကူညီ၍ ကြိုးစားအားထုတ်သောမိန်းမ” ကိုတန်ဖိုးထားချစ်ခင်စွာဖြင့် တမန်တော်ပေါလုပြောဆိုစဉ်က သူ၏ခံစားချက်မျိုးကို ယနေ့ကျွန်ုပ်တို့လည်းခံစားနိုင်ကြပါသည်။ (ဖိလိပ္ပိ ၄:၃) ယေဟောဝါသက်သေအားလုံး၊ အမျိုးသားအမျိုးသမီးအပေါင်းတို့သည် “သခင်အရှင်၏အမှုတော်ကို ကြိုးစားသောမိန်းမ” ‘သတင်းကောင်းပြောဟောသူ အမျိုးသမီးအလုံးအရင်း’ နှင့်အတူ ရင်ပေါင်တန်း ကြိုးစားအားထုတ်ရခြင်းကို ဝမ်းသာစရာအခွင့်အရေးကောင်းအဖြစ် ယူမှတ်ကြပါသည်။—ဆာလံ ၆၈:၁၁။ ရောမ ၁၆:၁၂။

ပြန်လည်စစ်ဆေးရန်မေးခွန်းများ

▫ ဂျူးဘာသာရေးခေါင်းဆောင်များနည်းတူ အမျိုးသမီးများကို ယေရှုအထင်မသေးကြောင်း မည်သို့တင်ပြသနည်း။

▫ ဘုရားတရားကြည်ညိုသောအမျိုးသမီးများသည် ယေရှုအား မည်သို့လုပ်ကျွေးပြုစုသနည်း။ သူတို့အနက်အချို့သည် အဘယ်ထူးမြတ်သောအခွင့်အရေး ရရှိခဲ့သနည်း။

▫ အသင်းတော်စည်းဝေးပွဲများတွင် အမျိုးသမီးများနှင့်ပတ်သက်၍ အဘယ်သြဝါဒကိုပေါလုပေးခဲ့သနည်း။

▫ မည်သည့်ညီအစ်မအမျိုးအစားများသည် ကျွန်ုပ်တို့၏အထူးစုံမက်ခြင်းနှင့်ထောက်မကူညီမှုကို ရသင့်ရထိုက်သနည်း။ အဘယ်ကြောင့်နည်း။

▫ ယနေ့ “သခင်အရှင်၏အမှုတော်ကို ကြိုးစားသောမိန်းမ” များအားလုံးအပေါ် အဘယ်စိတ်ထားရှိသင့်သနည်း။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှုနှင့်တမန်တော်တို့ကို အမျိုးသမီးများလုပ်ကျွေးခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ