ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၆/၁၅ စာ. ၁၉-၂၄
  • ကမ္ဘာချီရေပြင်တွင် လူတို့ကိုမျှားခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာချီရေပြင်တွင် လူတို့ကိုမျှားခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာချီစိန်ခေါ်ချက်ဖြစ်သည့် လူကိုမျှားခြင်း
  • ကမ္ဘာချီတံငါလုပ်ငန်းတိုးပွားနေခြင်း
  • အားလုံးပါဝင်ခဲ့
  • ကြီးထွားမှုဖြစ်ထွန်းစေသည့်အကြောင်းများ
  • ကျွန်ုပ်တို့တိုးတက်နိုင်မည်လော
  • လူကိုဖမ်းသောတံငါများအဖြစ် ထမ်းဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဂါလိလဲအိုင်မှ ငါးဖမ်းလုပ်ငန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ပိုက်ကွန်နှင့်ငါးသည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၆/၁၅ စာ. ၁၉-၂၄

ကမ္ဘာချီရေပြင်တွင် လူတို့ကိုမျှားခြင်း

“ငါသည်ဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။—၁ ကောရိန္သု ၉:၁၆။

၁၊ ၂။ (က) ၁ ကောရိန္သု ၉:၁၆ ပါစိန်ခေါ်ချက်ကို မည်သူတို့ အမှန်ရင်ဆိုင်ခဲ့ကြပြီနည်း။ အဘယ်ကြောင့်ဤသို့ဖြေဆိုသနည်း။ (ခ) ယေဟောဝါသက်သေများသည် အဘယ်တာဝန်ကိုလက်ခံထားပြီနည်း။

ဤ ၂၀ ရာစုတွင် အထက်ပါပေါလု၏စကားတင်ဆက်သည့် စိန်ခေါ်ချက်ကို မည်သူအမှန်ရင်ဆိုင်သနည်း။ ‘ဝိညာဉ်ရေးရာလိုလျက်နေကြောင်း သိရှိသူ” အမျိုးသား၊ အမျိုးသမီးများကို သန်းချီ၍မျှားယူရန် ဤလောကထဲသွားရောက်သူတို့ကား မည်သူများနည်း။ (မဿဲ ၅:၃) မဿဲ ၂၄:၁၄ ပါခရစ်တော်၏အမိန့်တော်အတိုင်းဆောင်ရွက်ခြင်းကြောင့် ထောင်ဒဏ်နှင့်သေဒဏ်ဘေးရန်ကြား၊ တိုင်းပြည်အများတွင် ထိုဘေးဒဏ်ကိုခံခဲ့သူများကား မည်သူတို့နည်း။

၂ မှတ်တမ်းတင်ချက်က ယေဟောဝါသက်သေများဟုဖြေဆိုပေးသည်။ လွန်ခဲ့သောနှစ်တစ်နှစ်တည်းတွင် တိုင်းနိုင်ငံနှင့်ရပ်နယ်ပေါင်း ၂၁၁ နိုင်ငံတွင် ဘာသာစကား ၂၀၀ ကျော်ဖြင့် သက်သေခံလေးသန်းကျော်တို့သည့် တစ်အိမ်မှတစ်အိမ် ‘သတင်းကောင်းကြွေးကြော်ခဲ့သည်။’ ဤသူများမှာ လက်ရွေးစင်သင်တန်းဆင်းသာသနာပြုများမျှသာမဟုတ်ပါ။ ယေဟောဝါသက်သေအားလုံးသည် တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း၊ လျော်ကန်သည့်အချိန်အခါတိုင်း၌သော်လည်းကောင်း ဟောပြောသွန်သင်ရန် တာဝန်ရှိသည်ကို သိရှိကြသည်။ မိမိတို့ယုံကြည်ချက်ကို သူတစ်ပါးအားတင်ပြပြောဆိုရန်လိုအပ်ကြောင်း သူတို့အဘယ်ကြောင့်အထင်ရှိကြသနည်း။ အသိပညာရပြီဆိုလျှင် တာဝန်သိတတ်ရန်လိုကြောင်း သူတို့အသိအမှတ်ပြုကြသောကြောင့်ဖြစ်သည်။—ယေဇကျေလ ၃၃:၈၊ ၉။ ရောမ ၁၀:၁၄၊ ၁၅။ ၁ ကောရိန္သု ၉:၁၆၊ ၁၇။

ကမ္ဘာချီစိန်ခေါ်ချက်ဖြစ်သည့် လူကိုမျှားခြင်း

၃။ တံငါလုပ်ငန်းသည် မည်မျှကျယ်ပြန့်ရမည်နည်း။

၃ ဤကြီးမားသောတံငါလုပ်ငန်းသည် မြစ်ချောင်းတစ်ခု၊ အင်းအိုင်ကန်ကြီးတစ်ခု၊ သမုဒ္ဒရာတစ်ခုတည်း၌သာ ကန့်သတ်ထားခြင်းမဟုတ်ပါ။ ယေရှုမိန့်မှာသည့်အတိုင်း “လူမျိုးအပေါင်းတို့” ထံသွား၍ထမ်းဆောင်ရမည်ဖြစ်သည်။ (မာကု ၁၃:၁၀) ခမည်းတော်ထံတက်ကြွမသွားမီ တပည့်တော်များအား ယေရှုဤသို့မိန့်မြွက်သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။”—မဿဲ ၂၈:၁၉၊ ၂၀။

၄။ (က) ယေရှု၏အစောပိုင်းဂျူးနောက်လိုက်များအား အဘယ်အရာကအံ့အားသင့်စေမည်နည်း။ (ခ) မိမိတို့၏ကျယ်ပြန့်သောဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါသက်သေများ မည်သို့ယူမှတ်သနည်း။

၄ ယေရှု၏ဂျူးနောက်လိုက်များအတွက် ထိုတာဝန်သည် အလွန်ထိတ်လန့်ဖွယ်ဖြစ်ခဲ့ပေမည်။ ယခုသူ၏ဂျူးတပည့်တော်များသည် လူမျိုးအပေါင်းမှ “မသန့်ရှင်းသော” တစ်ပါးအမျိုးသားများထံသွား၍ သွန်သင်ပေးရမည်ဟု မှာကြားနေခြင်းဖြစ်သည်။ ထိုတာဝန်ကိုခံယူပြီး ခိုင်းသည့်အတိုင်းလုပ်ဆောင်နိုင်ရန် သူတို့အတော်အတန်ပြုပြင်ပြောင်းလဲရကြပေမည်။ (တမန်တော် ၁၀:၉-၃၅) သို့သော် ထိုသို့မပြုဘဲမနေနိုင်ပါ။ “လယ်ကား ဤလောကဖြစ်၏” ဟုပုံဥပမာတစ်ခုဖြင့် ယေရှုမှာကြားခဲ့ပေပြီ။ ထို့ကြောင့်လောကတစ်ဝန်းလုံးသည် တံငါလုပ်ငန်းလုပ်ပိုင်ခွင့်ရှိသောဇာတ်စင်အဖြစ် ယနေ့ယေဟောဝါသက်သေများယူမှတ်ထားသည်။ ဘုရားသခင်အပ်နှင်းထားသည့်တာဝန်ကိုထမ်းဆောင်ရန် “၁၂ မိုင်ကန့်သက်ချက်” သို့မဟုတ် “ပိုင်နက်ရေပြင်” မရှိနိုင်ပါ။ ဘာသာရေးလွတ်လပ်ခွင့်မရှိသည့်နေရာတွင် တစ်ခါတစ်ရံအမြော်အမြင်ရှိရန်လိုပေမည်။ မည်သို့ဆိုစေ သူတို့သည် တံငါလုပ်ငန်းကို အရေးတကြီးဆောင်ရွက်ကြပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ကမ္ဘာ့အဖြစ်အပျက်များနှင့် သမ္မာကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံခြင်းက ကမ္ဘာချီတံငါလုပ်ငန်းဆောင်ရွက်ရန် နောက်ဆုံးပိုင်းတွင်ရောက်ရှိနေကြောင်း တင်ပြပါသည်။—မဿဲ ၁၃:၃၈။ လုကာ၂၁:၂၈-၃၃။

ကမ္ဘာချီတံငါလုပ်ငန်းတိုးပွားနေခြင်း

၅။ ကမ္ဘာချီတံငါလုပ်ငန်းကို အဘယ်ကဲ့သို့သောသူများ တုံ့ပြန်နေပါသနည်း။

၅ ဘိသိက်ခံနိုင်ငံတော်အမွေခံအများစုကို ၁၉၃၅ ခုမတိုင်မီက လူမျိုးအပေါင်းအထဲက “မျှား” ယူခဲ့သည့်အတွက် သူတို့အရေအတွက် ပြည့်လုနီးပါးရှိပြီ။ ထိုကြောင့်အထူးသဖြင့် ၁၉၃၅ ခုနှစ်ကတည်းက “မြေကြီးကိုအမွေခံမည့်” “နူးညံ့သိမ်မွေ့သူများ” ဟုဖော်ပြခံရသောစိတ်နှိမ့်ချသူတို့ကို ယေဟောဝါသက်သေများရှာဖွေနေပါသည်။ (ဆာလံ ၃၇:၁၁၊ ၂၉) ဤသူများသည် “ပြုသမျှသောစက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့” ဖြစ်ကြသည်။ စာတန်၏ယုတ်ညံ့ပုပ်ပျက်နေသော အစီအစဉ်စနစ်အပေါ် “ကြီးစွာသောဒုက္ခ” မကျရောက်မီ၊ သူ့အားကိုးကွယ်သူများအား နောက်ဆုံးပျက်စီးခြင်း “မီးဖို” ထဲမချပစ်မီ ဘုရားသခင်၏နိုင်ငံတော်အစိုးရအတွက် သူတို့ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။—ယေဇကျေလ ၉:၄။ မဿဲ ၁၃:၄၇-၅၀၊ ၂၄:၂၁။

၆၊ ၇။ (က) ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ၁၉၄၃ ခုနှစ်တွင် အဘယ်အမှုများပြုလုပ်ခဲ့နည်း။ (ခ) အကျိုးရလဒ်များကား အဘယ်နည်း။

၆ ကမ္ဘာချီတံငါလုပ်ငန်းသည် ယခုအထိ အောင်မြင်ခဲ့ပြီလော။ ဖြစ်ရပ်မှန်တို့က ဖြေဆိုပါလေစေ။ ၁၉၄၃ ခုနှစ်က ဒုတိယကမ္ဘာစစ်ဖြစ်နေဆဲအချိန်တွင် ဘရုတ်ကလင်၊ နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်မှ သစ္စာရှိဘိသိက်ခံညီအစ်ကိုများသည် ကမ္ဘာချီတံငါလုပ်ငန်းကို အကြီးအကျယ်ထမ်းရွက်ဖို့လိုမည့်အကြောင်း ကြိုတင်သဘောပေါက်ထားကြပါသည်။ ထို့ကြောင့် သူတို့မည်သို့ပြုလုပ်ကြသနည်း။a—ဗျာဒိတ် ၁၂:၁၆၊ ၁၇။

၇ ၁၉၄၃ ခုနှစ်တွင် ကင်းမျှော်စင်အသင်းသည် ဂိလဒ် (ဟေဗြဲ၊ “သက်သေအစုအပုံ” ကမ္ဘာဦး ၃၁:၄၇၊ ၄၈) အမည်ရှိသာသနာပြုကျောင်းကို တည်ထောင်ခဲ့သည်။ ထိုတွင် ခြောက်လတစ်ကြိမ် သာသနာပြုတစ်ရာကို မြေကြီးတစ်ဝန်းစေလွှတ်ခံရသော ပုံဆောင်ရာတံငါများအဖြစ် စတင်သင်တန်းပေးခဲ့သည်။ ထိုအချိန်က တိုင်းနိုင်ငံပေါင်း ၅၄ နေရာတွင် လူကိုမျှားသောသက်သေခံ ၁၂၆,၃၂၉ ဦးသာရှိပါသေးသည်။ ဆယ်နှစ်အတွင်းပင် ထိုအရေအတွက်သည် တိုင်းနိုင်ငံ ၁၄၃ နေရာ၌ သက်သေခံ ၅၁၉,၉၈၂ ယောက်အထိ ခုန်တက်ခဲ့သည်။ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ပိုင်နက်ရေပြင်အသစ်များတွင် အလိုက်အထိုက်နေထိုင်လိုသော ရဲစွမ်းသတ္တိရှိတံငါသည်၊ အမျိုးသား၊ အမျိုးသမီးများကို ဂိလဒ်ကျောင်းကထုတ်လုပ်ပေးနေကြောင်း ထင်ရှားပါသည်။ အကျိုးရလဒ်အနေနှင့် စိတ်နှလုံးရိုးသားဖြောင့်မတ်သူ အထောင်အသောင်းတို့လက်သင့်ခံနာယူကြသည်။ ထိုသာသနာပြုများနှင့် သူတို့တွဲဖက်အမှုဆောင်သော ဒေသခံသက်သေခံများသည် ယခုမြင်နေရသည့် အံ့ချီးဖွယ်သောတိုးတက်မှု၏အုတ်မြစ်ကိုချပေးခဲ့ကြသည်။

၈၊ ၉။ (က) ထူးခြားသောသာသနာပြုလုပ်ငန်းနှင့်ပတ်သက်၍ အဘယ်ပုံဥပမာများကို ဖော်ပြနိုင်သနည်း။ (ခ) မိမိတို့အမှုဆောင်ရာအရပ်များတွင် ထူးခြားစွာတိုးတက်မှုကို သာသနာပြုများ မည်သို့တွေ့ရှိခဲ့ပြီနည်း။ (1992 Yearbook of Jehovah’s Witnesses ကိုလည်းရှု။)

၈ ယခုအသက် ၇၀ ကျော်၊ ၈၀ အထိရှိကြငြား ဂိလဒ်ဖွင့်စကကျောင်းဆင်းခဲ့သူ သစ္စာရှိအမှုထမ်းဟောင်းများသည် သူတို့တာဝန်ရရှိထားသောတိုင်းတစ်ပါးတွင် အမှုထမ်းဆဲရှိနေကြသည်။ ဤသူအများမှ နမူနာတစ်ဦးကား ဘရာဇီးလ်နိုင်ငံတွင် အမှုထမ်းဆဲရှိသည့် ၁၉၅၀ ခုနှစ်တွင်ဂိလဒ်ကျောင်း၏ ၁၅ ကြိမ်မြောက်သင်တန်းဆင်းသူ ၈၂ နှစ်ရှိအဲရစ်ခ် ဘရစ်တင်နှင့်သူ၏ဇနီး ခရစ္စတီနာတို့ဖြစ်သည်။ ဘရာဇီးလ်နိုင်ငံသို့သူတို့ရောက်ရှိချိန်တွင် ထိုနိုင်ငံ၌ သက်သေခံ ၃,၀၀၀ ပင်မရှိသေးချေ။ ယခု ၃၀၀,၀၀၀ ကျော်ရှိနေပေပြီ။ ဘရာဇီးလ်နိုင်ငံတွင် “သူငယ်တစ်ယောက်သည် . . . အားကြီးသောလူမျိုး” တစ်မျိုးအမှန်ဖြစ်လာပေပြီ။ တံငါလုပ်ငန်း အမှန်ဖြစ်ထွန်းအောင်မြင်နေသောကြောင့်ဖြစ်သည်။—ဟေရှာယ ၆၀:၂၂။

၉ အာဖရိကတိုက်ရှိသာသနာပြုများအကြောင်းကော ဘာပြောနိုင်သနည်း။ အများစုသည် အလွန်ခြားနားသောယဉ်ကျေးမှုသို့ ပြုပြင်ပြောင်းလဲနေထိုင်၍ အာဖရိကလူမျိုးများကို ချစ်မြတ်နိုးတတ်လာကြသည်။ နမူနာပြရလျှင် တောင်အာဖရိကတွင် အမှုထမ်းနေဆဲရှိ ညီအစ်ကိုအရင်းဖြစ်ကြသည့် ဂျောန်နှင့်အဲရစ်ခ် ကွတ်ခ်တို့နှင့် သူတို့၏ဇနီးသည်များဖြစ်သူ ကက်သလီးန်နှင့်မာတဲလ်တို့ဖြစ်သည်။ ဂျောန်နှင့်အဲရစ်ခ်တို့သည် ၁၉၄၇ ခုနှစ်တွင် ရှစ်ကြိမ်မြောက်သင်တန်းမှ ကျောင်းဆင်းသူများဖြစ်ကြသည်။ သူတို့နှစ်ဦးပေါင်းလျှင် အန်ဂိုလာပြည်၊ ဇင်ဘာဗွေးပြည်၊ မိုဇံဘစ်ပြည်နှင့်တောင်အာဖရိကနိုင်ငံများတွင် အမှုထမ်းခဲ့ကြသည်။ သာသနာပြုအချို့သည် ရောဂါကြောင့်လည်းကောင်း၊ စစ်မှုနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့်လည်းကောင်းအာဖရိကတိုက်တွင်သေဆုံးခဲ့သည်။ ဤသူတို့တွင် နှိပ်စက်မှုကြောင့်သေရသူ အဲလန် ဘက်တေ နှင့် လိုင်ဘီးရီးယားနိုင်ငံတွင် များမကြာမီကဖြစ်ခဲ့သော ပြည်တွင်းစစ်၌သေဆုံးသူ အာသာလောဆန်တို့ပါဝင်ပါသည်။ မည်သို့ဆိုစေကာမူ အာဖရိကပိုင်နက်ရေပြင်သည် အလွန်ဖြစ်မြောက်အောင်မြင်ကြောင်းထင်ရှားခဲ့ပြီ။ ယခုထိုကြီးမားသောတိုက်တစ်လျှောက် နေရာအနှံ့တွင် သက်သေခံပေါင်း ၄၀၀,၀၀၀ ကျော်ရှိနေပါပြီ။

အားလုံးပါဝင်ခဲ့

၁၀။ ရှေ့ဆောင်များသည် အဘယ်ကြောင့်နှင့် အဘယ်နည်းဖြင့် ချီးကျူးဖွယ်လုပ်ငန်းကို ထမ်းဆောင်နေသနည်း။

၁၀ သို့ရာတွင် နိုင်ငံခြားသားဖြစ်သည့်သာသနာပြုများအရေအတွက်မှာ ထောင်ပေါင်းအနည်းငယ်သာဖြစ်သော်လည်း ဒေသခံကြေညာသူနှင့်ရှေ့ဆောင်b များ၏အရေအတွက်မှာ သန်းပေါင်းများစွာဖြစ်ကြောင်း အသိအမှတ်ပြုကြရမည်။ ကမ္ဘာတစ်ဝန်းဟောပြောခြင်းလုပ်ငန်း၏ များရာအပိုင်းကို ဤသူများဆောင်ရွက်နေကြပါသည်။ ၁၉၉၁ ခုတွင် ရှေ့ဆောင်နှင့်နယ်လှည့်အမှုဆောင်များ၏အရေအတွက်သည် ပျမ်းမျှအားဖြင့် ၅၅၀,၀၀၀ ကျော်ရှိပါသည်။ ဤသူတို့သည် လစဉ်ပျမ်းမျှနာရီ ၆၀ မှ ၁၄၀ အထိအထူးကြိုးစားဟောပြောနေကြကြောင်း စဉ်းစားကြည့်လိုက်လျှင် တကယ်စွဲမှတ်လောက်သောကိန်းဂဏန်းကိုရမည်။ များစွာသောသူတို့မှာ ကိုယ်ကျိုးစွန့်၊ အကုန်အကျခံ၍ ဤသို့ပြုကြပါသည်။ အဘယ်ကြောင့်နည်း။ သူတို့၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အပြည့်၊ ဉာဏ်နှင့်ခွန်အားရှိသမျှဖြင့်ချစ်ကြသောကြောင့်၊ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ကြသောကြောင့်ဖြစ်သည်။—မဿဲ ၂၂:၃၇-၃၉။

၁၁။ ယေဟောဝါလူမျိုးအလယ်တွင် ကိုယ်တော့်ဝိညာဉ်တော်လှုပ်ရှားနေကြောင်း အဘယ်စိတ်ချရသောသာဓကရှိသနည်း။

၁၁ အချိန်ပြည့်လုပ်ငန်း၌မဆောင်ရွက်ကြသော်လည်း ယေဟောဝါ၏လုပ်ငန်းတော်ကို သူတို့အခြေအနေခွင့်ပြုသမျှ ရာခိုင်နှုန်းပြည့်ဆောင်ရွက်သော အခြားသက်သေခံ သုံးသန်းခွဲကျော်နှင့်ပတ်သက်၍ ဘာပြောဆိုနိုင်ပါသနည်း။ အချို့တို့မှာကလေးငယ်များပင်ရှိသည့် မိခင်နှင့်ဇနီးသည်များဖြစ်ကြသော်လည်း သူတို့၏တန်ဖိုးရှိအချိန်အချို့အဝက်ကို ကမ္ဘာချီတံငါလုပ်ငန်းတွင်အသုံးပြုကြပါသည်။ များစွာသောသူတို့သည် အချိန်ပြည့်ဝမ်းစာရှာလုပ်ငန်းလုပ်ကိုင်ရသော လင်ယောက်ျားနှင့်ဖခင်များဖြစ်လျက်ပင် စနေ၊ တနင်္ဂနွေရက်များနှင့် ညနေချိန်တွင် သူစိမ်းတို့အား သမ္မာတရားကိုသွန်သင်ပေးကြပါသည်။ ထို့ ပြင် ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်နေသည့် သူတို့အမူအကျင့်အားဖြင့် သမ္မာတရားကိုထောက်ခံကြသော လူပျိုနှင့်အပျို၊ လူငယ်များစွာရှိပါသေးသည်။ အခြားအဘယ်ဘာသာရေးအုပ်စုတွင် ဘုရားသခင့်နိုင်ငံတော်အစိုးရ၏သတင်းကောင်းကို အခကြေးငွေမယူဘဲ လစဉ်ဟောပြောသည့်စေတနာ့ဝန်ထမ်း လေးသန်းကျော်ရှိသနည်း။ ယင်းက ယေဟောဝါ၏ဝိညာဉ်လှုပ်ရှားခြင်း၏ သာဓကများဖြစ်ကြသည်။—ဆာလံ ၆၈:၁၁။ တမန်တော် ၂:၁၆-၁၈။ ဇာခရိ ၄:၆ နှင့်နှိုင်းယှဉ်။

ကြီးထွားမှုဖြစ်ထွန်းစေသည့်အကြောင်းများ

၁၂။ သမ္မာတရားကို လူတို့အဘယ်ကြောင့်နှင့် အဘယ်အတိုင်းအတာထိ လက်သင့်ခံနေကြသနည်း။

၁၂ ဤအနှံ့အပြားဟောပြောခြင်းလုပ်ငန်းမှ နှစ်စဉ်ထူးခြားသောရလဒ်များရိတ်သိမ်းနေရသည်။ ၁၉၉၁ ခုနှစ်တွင် သက်သေခံအသစ် ၃၀၀,၀၀၀ ကျော်အားရေ၌နှစ်ခြင်းပေးခဲ့ရ၏။ ယင်းကသက်သေခံ ၁၀၀ စီရှိအသင်းတော်ပေါင်း ၃,၀၀၀ ကျော်နှင့်ညီမျှပါသည်။ ယင်းကိုမည်သို့ ဖြစ်ထွန်းခဲ့သနည်း။ ယေရှု၏စကားကို သတိရကြစို့။ “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်။ . . . အနာဂတ္တိကျမ်းစာ၌လာသည်ကား ‘ထိုသူအပေါင်းတို့သည် [ယေဟောဝါ၊ ကဘ] ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြလိမ့်မည်’ ဟုလာသည်နှင့်အညီ ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။” ထိုကြောင့်ကမ္ဘာချီတံငါလုပ်ငန်းကိုတုံ့ပြန်ကြခြင်းသည် လူ့ ကြိုးပမ်းအားထုတ်မှုကြောင့်သာမဟုတ်ပါ။ ယေဟောဝါသည် နှလုံးသားကိုမြင်တော်မူ၍ ထိုက်တန်သူများထံ ကိုယ်တော်ချဉ်းကပ်ပါသည်။—ယောဟန် ၆:၄၄၊ ၄၅။ မဿဲ ၁၀:၁၁-၁၃။ တမန်တော် ၁၃:၄၈။

၁၃၊ ၁၄။ သက်သေခံများသည် အဘယ်မွန်မြတ်သောစိတ်ထားကိုပြခဲ့ကြပြီနည်း။

၁၃ သို့ရာတွင်လူတို့အား ယေဟောဝါထံချဉ်းကပ်စေရန် လူတို့အထဲမှတံငါများအား ကိုယ်စားလှယ်များအဖြစ်အသုံးပြုတော်မူသည်။ ထိုကြောင့်လူလူချင်းအပေါ်၊ မျှားယူသည့်ရပ်ကွက်အပေါ် သူတို့စိတ်ထားသည် အလွန်အရေးကြီးပါသည်။ ဂလာတိအသင်းတော်သားများထံ ပေါလုရေးသည့် “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်” ဟူသောစကားများကို လူအများစုကနှလုံးပိုက်ကျုံးကြသည်ကိုတွေ့ရှိရခြင်းမှာ အလွန်အားရစရာကောင်းပါသည်။—ဂလာတိ ၆:၉။

၁၄ သစ္စာရှိသက်သေခံများစွာတို့သည် ကမ္ဘာ့အဖြစ်အပျက်များကို စေ့စေ့ရှုစားနေစဉ် ဆယ်စုနှစ်များစွာဟောပြောနေခဲ့ကြပြီ။ ၁၉၁၄ ခုနှစ်ကတည်းကဖြစ်ပျက်ခဲ့သောစစ်မှုတို့ကို အချို့ကြုံတွေ့ခဲ့ရပြီ။ ကမ္ဘာ့ခေါင်းဆောင်များသည် နိုင်ငံပေါင်းချုပ်အသင်းနှင့် ထိုနောက်ယူအဲန်ကို အားထားခဲ့ကြကြောင်း တွေ့ရှိခဲ့ပြီ။ တိုင်းနိုင်ငံအချို့တွင် ယေဟောဝါ၏လုပ်ငန်းတော်သည် ပိတ်ပင်ခံရပြီးနောက်ပိုင်း တရားဝင်ဖြစ်လာခဲ့သည်ကိုလည်းတွေ့ရှိခဲ့ပြီ။ ဤအဖြစ်အပျက်များတစ်လျှောက် လူကိုမျှားသောတံငါအဖြစ် အမှုထမ်းခြင်းအပါအဝင် ကောင်းရာကောင်းကျိုးတို့ကို ယေဟောဝါသက်သေများသည် လက်မလျှော့ဘဲဆောင်ရွက်ခဲ့ကြပြီ။ သမာဓိစောင့်သိခြင်းဆိုင်ရာ ထူးခြားလှသောမှတ်တမ်းတင်ချက်ပါတကား။—မဿဲ ၂၄:၁၃။

၁၅။ (က) ကမ္ဘာတစ်လွှားရှိကျွန်ုပ်တို့ရပ်ကွက်၏ လိုအပ်ရာများကိုဖြည့်ဆည်းပေးရန် အဘယ်အကူအညီရရှိခဲ့ပြီနည်း။ (ခ) သင့်ခန့်အပ်ခံအရပ်တွင် စာအုပ်စာတမ်းများသည် မည်သို့အထောက်အကူပြုခဲ့ပြီနည်း။

၁၅ ကမ္ဘာချီဤကြီးထွားတိုးတက်မှုကိုဖြစ်ထွန်းစေသည့် အခြားအကြောင်းများရှိပါသေးသည်။ ရပ်ကွက်လိုအပ်ရာအပေါ် လူကိုမျှားသောတံငါများ၏ လိုက်လျောညီထွေကျင့်တတ်သောသဘောထားက အကြောင်းတစ်ခုဖြစ်သည်။ ယဉ်ကျေးမှုအမျိုးမျိုး၊ ဘာသာတရားနှင့်ဘာသာစကားအမျိုးမျိုးမှ လူအသီးသီးရွှေ့ပြောင်းလာကြရာ ဤကြည့်မြင်ခြင်းအမျိုးမျိုးကို ယေဟောဝါသက်သေများပိုမိုနားလည်လာကြပြီ။ ကမ္ဘာချီအသင်းတော်ကလည်း ဘာသာစကား ၂၀၀ ကျော်ဖြင့် ကျမ်းစာနှင့်ကျမ်းစာစာပေများကို ပုံနှိပ်ထုတ်ဝေခြင်းအားဖြင့် များစွာအကူအညီပေးခဲ့ပြီ။ ချက်နှင့်စလိုဗက်ဘာသာစကားအပါအဝင် ဘာသာစကား ၁၃ ဘာသာသို့ အပြည့်အစုံသို့မဟုတ်တစ်ပိုင်းသို့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကိုယခုရရှိနိုင်ပါသည်။ ကမ္ဘာသားဘဝ ထာဝရစံစားကြ ဘရိုရှာကို အယ်လ်ဘင်နီယန်မှဇူးလူးအထိ ယခုဘာသာစကား ၁၉၈ ဘာသာစကားဖြင့် စောင်ရေပေါင်း ၇၂ သန်းအထိပုံနှိပ်ထုတ်ဝေထားပါပြီ။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးသောလူသားစာအုပ်ကို ယခု ၆၉ ဘာသာစကားဖြင့်ပင် ဖတ်ရွတ်နိုင်ပေပြီ။ ၂၉ ဘာသာစကားသို့ပြန်ဆိုထားသည့် Mankind’s Search for God သည်ကမ္ဘာ့အဓိကဘာသာရေးစနစ်များ အဘယ်မှစဖြစ်ပေါ်လာ၍ ယင်း၏ယုံကြည်ချက်များကို ထိုးထွင်းသိမြင်စေ၍ ကမ္ဘာချီတံငါလုပ်ငန်းတွင် ယင်းသည်ထူးခြားစွာအထောက်အကူပြုနေပါသည်။

၁၆။ အခြားတိုင်းနိုင်ငံများ၏လိုအပ်ရာကို ဖြည့်ဆည်းပေးရန် အချို့မည်သို့ဆောင်ရွက်ခဲ့ကြပြီနည်း။

၁၆ ကမ္ဘာချီတံငါလုပ်ငန်းကိုသာ၍တိုးတက်စေသည့် အခြားအရာတစ်ခုကားအဘယ်နည်း။ ‘မာကေဒေါနိမှဖိတ်ခေါ်ချက်’ ကိုလက်ခံလိုသူ ထောင်ပေါင်းများစွာရှိခဲ့ပြီ။ ဘုရားသခင့်ဖိတ်ခေါ်ချက်ကြောင့် အာရှမိုင်းနားမှ ဥရောပတိုက်ရှိ မာကေဒေါနိပြည်သို့ပေါလုရွှေ့ပြောင်းသွားရန် အသင့်ရှိသည်နည်းတူ အကြီးအကဲနှင့်ဓမ္မအမှုထမ်းများအပါအဝင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောသူ ပိုမိုလိုလျက်နေသည့်တိုင်းနိုင်ငံနှင့်ရပ်ကွက်များထံ သက်သေခံအမြောက်အမြားရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီ။ မိမိရေပြင်တွင် များစွာငါးဖမ်းထားသဖြင့်၊ သင်္ဘောနည်းပြီး ငါးပေါများသောရေပြင်များသို့ ရွှေ့ပြောင်းခဲ့ကြသော ပကတိတံငါသည်များနှင့် သူတို့တူကြသည်။—တမန်တော် ၁၆:၉-၁၂။ လုကာ ၅:၄-၁၀။

၁၇။ ‘မာကေဒေါနိမှဖိတ်ခေါ်ချက်’ ကိုလက်သင့်ခံခဲ့သူများ၏ ဥပမာအချို့ကားအဘယ်နည်း။

၁၇ ဂိလဒ်သာသနာပြုကျောင်း၏ မကြာမီကကျင်းပခဲ့သောသင်တန်းကိုတက်ရောက်လာသူတို့တွင် အင်္ဂလိပ်ဘာသာစကားကိုသင်ယူကာ ခြားနားသောယဉ်ကျေးမှုရှိတိုင်းတစ်ပါးတွင်အမှုထမ်းဖို့ရန် စိတ်စေတနာရှိသူ ဥရောပနိုင်ငံအသီးသီးမှ ကျောင်းသူကျောင်းသားများပါဝင်သည်။ ထိုနည်းတူဓမ္မအမှုထမ်းသင်တန်းကျောင်းအားဖြင့် လူပျိုမြောက်မြားစွာအား နှစ်လတိုင်မွမ်းမံသင်တန်းပို့ချပြီးနောက် အသင်းတော်များနှင့်တိုက်နယ်များကို တည်ဆောက်အားပေးရန် တိုင်းတစ်ပါးသို့စေလွှတ်ခဲ့သည်။ အခြားထူးခြားသောပိုင်နက်ရေပြင်များသည် အရှေ့ ဥရောပနှင့် ယခင်ဆိုဗီယက်သမ္မတနိုင်ငံအတွင်းရှိ ရပ်ကွက်နယ်မြေသစ်များတွင်ဖြစ်သည်။—ရောမ ၁၅:၂၀၊ ၂၁ နှင့်နှိုင်းယှဉ်။

၁၈။ (က) ရှေ့ဆောင်များသည် အများအားဖြင့် အဘယ်ကြောင့်ထိရောက်သောဓမ္မအမှုဆောင်များဖြစ်ကြသနည်း။ (ခ) အသင်းတော်တွင် အခြားသူများကို သူတို့မည်သို့ကူညီပေးနိုင်သနည်း။

၁၈ ကမ္ဘာချီတံငါလုပ်ငန်းတွင် ထပ်မံအကူအညီဖြစ်သည်ကားမှန်မှန်ရှေ့ဆောင်များတက်သည့် ရှေ့ဆောင်လုပ်ငန်းတော်ကျောင်းဖြစ်သည်။ ရှေ့ဆောင်များအတွက် သီးသန့်ပြုပြင်ထုတ်ဝေထားသည့် အလင်းဆောင်သူများအဖြစ် ထွန်းလင်းခြင်း စာအုပ်ကို နှစ်ပတ်မွမ်းမံသင်တန်းပေး၍ “မေတ္တာလမ်းစဉ်ကိုလိုက်လျှောက်ခြင်း၊” “ယေရှုကို စံပြထားကာ နောက်တော်သို့လိုက်လော့၊” နှင့် “သင်ကြားမှုပညာကို တိုးတက်စေခြင်း” အစရှိသည်အကြောင်းများကို သုံးသပ်ကြစဉ် အမှုဆောင်အရည်အချင်းများကို တိုးတက်စေသည်။ ဤကြီးမားသောတံငါလုပ်ငန်းတွင် များစွာသောသူတို့ကို လေ့ကျင့်ပေးနိုင်သည့်အရည်အချင်းရှိ တစ်အိမ်မှတစ်အိမ်လူကိုမျှားသူများရှိထားသဖြင့် အသင်းတော်အားလုံး အလွန်ဝမ်းသာအားရကြပါသည်တကား။—မဿဲ ၅:၁၄-၁၆။ ဖိလိပ္ပိ ၂:၁၅။ ၂ တိမောသေ ၂:၁၊ ၂။

ကျွန်ုပ်တို့တိုးတက်နိုင်မည်လော

၁၉။ တမန်တော်ပေါလုနည်းတူ ကျွန်ုပ်တို့ဓမ္မအမှုကို မည်သို့တိုးတက်စေနိုင်မည်နည်း။

၁၉ ပေါလုနည်းတူ အပြုသဘောဖြင့်အမြော်အမြင်ရှိသောသဘောထားမျိုးကို ကျွန်ုပ်တို့လိုချင်ကြသည်။ (ဖိလိပ္ပိ ၃:၁၃၊ ၁၄) လူမျိုးအသီးသီး၊ အခြေအနေအမျိုးမျိုးနှင့် လိုက်လျောညီထွေအောင်သူပြုလုပ်ခဲ့သည်။ နှစ်ဦးနှစ်ဘက်သဘောတူညီနိုင်သည့်အကြောင်းကို သူရှာဖွေတတ်ပြီး ဒေသခံသဘောထားနှင့်ယဉ်ကျေးမှုကိုအခြေခံ၍ ဆင်ခြင်သုံးသပ်ကြသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို အိမ်ရှင်တုံ့ပြန်ပုံကိုဂရုပြုကာ ထိုသူ၏လိုအပ်ရာများနှင့်အညီ ဟောပြောချက်ကိုပြုပြင်ပြောင်းလဲပေးခြင်းအားဖြင့် ကျမ်းစာသင်အံမှုများစနိုင်ကြပါသည်။ ကျမ်းစာသင်အံမှုအတွက် အကူအညီစာစောင်အမျိုးမျိုးရှိထားသည်ဖြစ်ရာ တစ်ဦးစီ၏ရှုမြင်ပုံနှင့်လိုက်ဖက်သည့်စာစောင်ကို ဝေငှကမ်းလှမ်းပေးနိုင်ပါသည်။ ထိုကြောင့်တံငါလုပ်ငန်းကို အကျိုးဖြစ်ထွန်းစွာဆောင်ရွက်ရေးအတွက် လိုက်လျောညီထွေကျင့်တတ်သောသဘောနှင့် နိုးကြားမှုသည် အရေးပါအရာရောက်သောအကြောင်းများဖြစ်သည်။—တမန်တော် ၁၇:၁-၄၊ ၂၂-၂၈၊ ၃၄။ ၁ ကောရိန္သု ၉:၁၉-၂၃။

၂၀။ (က) ကျွန်ုပ်တို့၏တံငါလုပ်ငန်းသည် ယခုအဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။ (ခ) ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်ကားအဘယ်နည်း။

၂၀ ဤထူးခြားသောကမ္ဘာချီတံငါလုပ်ငန်းသည် ယခုအဘယ်ကြောင့် ဤမျှအရေးကြီးနေရသနည်း။ ဖြစ်ပျက်ပြီးသောအမှုနှင့် ဖြစ်ပျက်ဆဲကိစ္စများမှာ သမ္မာကျမ်းစာပရောဖက်ပြုချက်များအတိုင်းဖြစ်နေရာ စာတန့်လောကစနစ်သည် ပျက်သုဉ်းဆုံးရှုံးလုနီးကြောင်း ထင်ရှားနေသောကြောင့်ဖြစ်သည်။ ထိုကြောင့်ကျွန်ုပ်တို့ယေဟောဝါသက်သေများအနေနှင့် ဘာလုပ်နေသင့်သနည်း။ ဤမဂ္ဂဇင်းပါလေ့လာရန်ဆောင်းပါးသုံးခုက ကမ္ဘာ့ရေပြင်တွင် ကျွန်ုပ်တို့တံငါလုပ်ငန်းထမ်းဆောင်ရာအရပ်၌ ဝီရိယစိုက်ထုတ်၍ဇွဲလုံ့လရှိခြင်းဖြင့် တာဝန်ကျေပွန်ကြရန် အထူးပေါ်လွင်စေသည်။ ဝီရိယရှိရှိကျွန်ုပ်တို့လုပ်ကိုင်သည့် တံငါလုပ်ငန်းကို ယေဟောဝါမေ့လျော့လိမ့်မည်မဟုတ်ကြောင်း သမ္မာကျမ်းစာမှ ခိုင်လုံသောအာမခံချက်ရရှိထားပြီ။ ပေါလုဤသို့ဆိုသည်။ “သင်တို့သည် သန့်ရှင်းသူတို့ကိုအထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူသည်မဟုတ်။ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း ထိုသို့သောလုံ့လဝီရိယကိုထုတ်၍ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။”—ဟေဗြဲ ၆:၁၀-၁၂။

[အောက်ခြေမှတ်ချက်များ]

a နယူးယောက်မြို့ရှိ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းထုတ်ဝေသော Revelation—Its Grand Climax At Hand! စာမျက်နှာ ၁၈၅ နှင့် ၁၈၆ ကိုလည်းရှု။

b ရှေ့ဆောင်ကြေညာသူ . . . ယေဟောဝါသက်သေများ၏ အချိန်ပြည့်လုပ်ဆောင်သူတစ်ဦး။”—Webster’s Third New International Dictionary.

သင်မှတ်မိသလော

▫ လောကတစ်ခုလုံးကို မိမိတို့၏တံငါလုပ်ငန်းထမ်းဆောင်ရန်ဇာတ်စင်အဖြစ် ယေဟောဝါသက်သေများ အဘယ်ကြောင့်ယူမှတ်နေကြသနည်း။

▫ တံငါလုပ်ငန်းအတွက် ဂိလဒ်သာသာနာပြုကျောင်းသည် အဘယ်အကျိုးပြုခဲ့ပြီနည်း။

▫ ယေဟောဝါသက်သေများအောင်မြင်မှုရသည့် အကြောင်းအချို့ကားအဘယ်နည်း။

▫ ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှုတွင် တစ်ဦးစီအနေနှင့် မည်သို့တိုးတက်နိုင်သနည်း။

[စာမျက်နှာ ၂၀ ပါ ဇယား]

အပြည်ပြည်ဆိုင်ရာတံငါလုပ်ငန်း၏ အကျိုးရလဒ်များ

နှစ် တိုင်းနိုင်ငံများ သက်သေခံများ

၁၉၃၉ ၆၁ ၇၁,၅၀၉

၁၉၄၃ ၅၄ ၁၂၆,၃၂၉

၁၉၅၃ ၁၄၃ ၅၁၉,၉၈၂

၁၉၇၃ ၂၀၈ ၁,၇၅၈,၄၂၉

၁၉၈၃ ၂၀၅ ၂,၆၅၂,၃၂၃

၁၉၉၁ ၂၁၁ ၄,၂၇၈,၈၂၀

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဂါလိလဲတံငါသည်များအကြား၌ သက်သေခံခြင်းလုပ်ငန်း ထမ်းဆောင်ဆဲရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ