ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wt အခန်း ၁၂ စာ. ၅၉-၆၃
  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်နှစ်ခြင်း၏ အဓိပ္ပာယ်
  • စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဟန် ပေးသောနှစ်ခြင်း
  • ခရစ်ယာန်တပည့်တော်များ၏ ရေနှစ်ခြင်း
  • တာဝန်နှင့်ထိုက်တန်အောင် နေထိုင်ပြုမူခြင်း
  • နှစ်ခြင်းဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အဘယ်ကြောင့် နှစ်ခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • နှစ်ခြင်း—ခရစ်ယာန်တွေအတွက် လိုအပ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဘုရားသခင်အား ထာဝစဉ်ဝတ်ပြုရန် ရည်မှန်းချက်ပန်းတိုင်ထားပါ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
wt အခန်း ၁၂ စာ. ၅၉-၆၃

အခန်း တစ်ဆယ့်နှစ်

သင့်နှစ်ခြင်း၏ အဓိပ္ပာယ်

၁။ ရေနှစ်ခြင်းအကြောင်းကို ကျွန်ုပ်တို့ ယောက်စီယောက်တိုင်း အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

စီ.အီး. ၂၉ ခုနှစ်တွင် နှစ်ခြင်းဆရာ ယောဟန်သည် ယေရှုကို ယော်ဒန်မြစ်၌ စုံးစုံးနှစ်မြှုပ်၍ နှစ်ခြင်းပေးခဲ့သည်။ ယင်းကို ယေဟောဝါ ကိုယ်တော်တိုင် စောင့်ကြည့်၍ နှစ်သက်ကြောင်း ဖော်ပြတော်မူခဲ့သည်။ (မဿဲ ၃:၁၆၊ ၁၇) ဤသို့ဖြင့် ယေရှုသည် တပည့်တော်များ လိုက်လျှောက်ရမည့် စံနမူနာကို ပြသတော်မူခဲ့၏။ သုံးနှစ်ခွဲ လွန်ပြီးနောက် ယေရှုက “ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံ [နှစ်ခြင်း] ကိုပေးကြလော့” ဟုတပည့်တော်များအား ညွှန်ကြားတော်မူခဲ့၏။ (မဿဲ ၂၈:၁၈၊ ၁၉) ထိုတွင် ယေရှု ညွှန်ကြားခဲ့သည့်အတိုင်း သင် နှစ်ခြင်းခံပြီးပြီလော။ မခံရသေးလျှင်၊ နှစ်ခြင်းခံရန် ပြင်ဆင်နေပါသလော။

၂။ နှစ်ခြင်းနှင့်ဆက်စပ်၍ အဘယ်မေးခွန်းများကို ဖြေဆိုရန်လိုသနည်း။

၂ မည်သို့ပင်ဖြစ်စေ ယေဟောဝါအား ဝတ်ပြုလိုသူ၊ ကိုယ်တော်၏ ဖြောင့်မတ်သော ကမ္ဘာသစ်တွင် နေထိုင်လိုသူတိုင်း နှစ်ခြင်းအကြောင်း ရှင်းလင်းစွာ နားလည်ထားရန် အရေးကြီးသည်။ ဖြေဆိုရန်လိုသည့် မေးခွန်းများတွင် အောက်ပါတို့ ပါဝင်သည်– ယနေ့ ခရစ်ယာန် နှစ်ခြင်းသည် ယေရှု၏ နှစ်ခြင်းနှင့် အဓိပ္ပာယ်တူသလော။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ ခရစ်ယာန်တစ်ဦးအဖြစ် ရေနှစ်ခြင်း၏ အဓိပ္ပာယ်နှင့်အညီ အသက်ရှင်ခြင်းတွင် မည်သည့်အရာ ပါဝင်ပတ်သက်နေသနည်း။

ယောဟန် ပေးသောနှစ်ခြင်း

၃။ ယောဟန်၏နှစ်ခြင်းသည် မည်သူတို့အတွက်သာ ကန့်သတ်ထားသနည်း။

၃ ယေရှု နှစ်ခြင်းမခံမီ ခြောက်လခန့်အလိုတွင် နှစ်ခြင်းဆရာ ယောဟန်သည် ယုဒတောတွင် “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” ဟု ဟောပြောလေ၏။ (မဿဲ ၃:၁၊ ၂) လူတို့သည် ယောဟန် ဟောပြောသည့်တရားကို ကြားနာ၍ နှလုံးသွင်းကြ၏။ သူတို့သည် အပြစ်များကို ထုတ်ဖော်ဝန်ခံ၍ နောင်တယူပြီးလျှင် ယော်ဒန်မြစ်တွင် နှစ်ခြင်းခံရန် ယောဟန်ထံသို့လာကြ၏။ ထိုနှစ်ခြင်းသည် ဂျူးတို့အတွက်သာဖြစ်သည်။—လုကာ ၁:၁၃-၁၆; တမန်တော် ၁၃:၂၃၊ ၂၄။

၄။ ပထမရာစုမှ ဂျူးတို့သည် နောင်တရရန် အဘယ်ကြောင့် အရေးတကြီး လိုအပ်ခဲ့သနည်း။

၄ ထိုဂျူးတို့သည် နောင်တရရန် အရေးတကြီး လိုအပ်ခဲ့သည်။ ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် သိနာတောင်၌ သူတို့၏ ဘိုးဘေးတို့သည် ယေဟောဝါ ဘုရားသခင်နှင့် တစ်မျိုးသားလုံးဆိုင်ရာ ပဋိညာဉ်ဖြစ်သော စည်းကမ်းနည်းလမ်းနှင့်အညီ လေးနက်တည်ကြည်စွာပြုသော သဘောတူညီချက်တစ်ရပ်ကို ဖွဲ့ခဲ့ကြသည်။ သို့သော် သူတို့၏ ကြီးလေးသည့် အပြစ်များကြောင့် ထိုပဋိညာဉ်၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာစောင့်ထိန်းခြင်း မရှိခဲ့သဖြင့် ပဋိညာဉ်၏ ပြစ်ဒဏ်စီရင်ခြင်းကို ခံခဲ့ကြရသည်။ ယေရှု၏လက်ထက်တွင် သူတို့၏အခြေအနေမှာ အလွန်ဆိုးဝါးနေသည်။ မာလခိ ကြိုဟောခဲ့သည့် ‘ယေဟောဝါ၏ ကြောက်မက်ဖွယ်သော နေ့တော်ကြီး’ နီးနေပြီ။ စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့မှစ၍ ၎င်း၏ဗိမာန်တော်နှင့် ဂျူးလူမျိုး တစ်သန်းကျော်တို့ကို ရောမစစ်တပ်က သုတ်သင်ဖျက်ဆီးသောအခါ ထို “နေ့တော်ကြီး” ဆိုက်ရောက်ခဲ့သည်။ စစ်မှန်သော ကိုးကွယ်ဝတ်ပြုမှုအတွက် စိတ်ဇောထက်သန်သည့် နှစ်ခြင်းဆရာ ယောဟန်သည် ‘ယေဟောဝါအတွက် ပြင်ဆင်သော လူမျိုးတစ်မျိုး အဆင်သင့်ဖြစ်စေရန်’ ထိုဖျက်ဆီးခြင်းဘေးမတိုင်မီ ကြိုတင်စေလွှတ်ခံခဲ့ရသည်။ သူတို့သည် မောရှေ၏ ပညတ်ပဋိညာဉ်ကို ချိုးဖောက်ခြင်းအပြစ်မှ နောင်တရရန်နှင့် ယေဟောဝါ စေလွှတ်မည့် ဘုရားသခင့်သားတော် ယေရှုကို လက်ခံရန် အသင့်ပြင်ဆင်ထားဖို့ လိုအပ်နေသည်။—မာလခိ ၄:၄-၆; လုကာ ၁:၁၇; တမန်တော် ၁၉:၄။

၅။ (က) နှစ်ခြင်းခံရန် ယေရှု ကြွလာသည့်အခါ ယောဟန်က အဘယ်ကြောင့် စောဒကတက်ခဲ့သနည်း။ (ခ) ယေရှု၏နှစ်ခြင်းသည် အဘယ်အရာ၏ အမှတ်သင်္ကေတ ဖြစ်သနည်း။

၅ နှစ်ခြင်းခံရန် ယောဟန်ထံသို့ ရောက်လာကြသူတို့တွင် ယေရှု ကိုယ်တော်တိုင် ပါဝင်သည်။ အဘယ်ကြောင့် ကြွလာရသနည်း။ ယေရှု၌ ဝန်ခံစရာအပြစ် မရှိကြောင်း သိရှိထားသောကြောင့် ယောဟန်က “အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ ဗတ္တိဇံမင်္ဂလာ ခံရမည့်အကြောင်း ရှိပါလျက် အကျွန်ုပ်ထံ ကြွလာတော်မူရသလော” ဟုဆို၏။ သို့သော် ယေရှု၏နှစ်ခြင်းမှာ ခြားနားသောအရာတစ်ခု၏ အမှတ်သင်္ကေတ ဖြစ်သည်။ ထို့ကြောင့် ယေရှုက “ငါတို့သည် ဖြောင့်မတ်ခြင်းတရား အလုံးစုံကို ပြည့်စုံစေရန် ထိုသို့ပြုသင့်သည်ဖြစ်၍ ယခု ခွင့်ပြုဦးလော့” ဟု ပြန်ဆိုတော်မူ၏။ (မဿဲ ၃:၁၃-၁၅၊ သမ) ယေရှု၌ အပြစ်မရှိသောကြောင့် ကိုယ်တော်၏နှစ်ခြင်းသည် အပြစ်အတွက် နောင်တရခြင်း၏ အမှတ်သင်္ကေတ မဟုတ်ပေ။ ကိုယ်တော်သည် ယေဟောဝါထံ အပ်နှံပြီးသည့် လူမျိုးတွင် ပါဝင်သူတစ်ဦးဖြစ်သောကြောင့် ဘုရားသခင်ထံ မိမိကိုယ်ကို အပ်နှံရန်လည်း မလိုအပ်ပေ။ သို့အစား သက်တော် ၃၀ တွင် ခံခဲ့သည့် ကိုယ်တော်၏နှစ်ခြင်းသည် တစ်မူထူးခြားသည့်အပြင် ယေရှုသည် ကောင်းကင်ခမည်းတော်၏ ထပ်ဆင့် အလိုတော်ကိုဆောင်ရန် ကိုယ်တော်ထံ မိမိကိုယ်ကို ဆက်ကပ်ခြင်း ၏ အမှတ်သင်္ကေတ ဖြစ်သည်။

၆။ မိမိအတွက် ဘုရားသခင် ထားရှိသည့်အလိုတော်ကို ဆောင်ခြင်းနှင့်ပတ်သက်၍ ယေရှု မည်မျှ အလေးအနက် သဘောထားတော်မူသနည်း။

၆ ခရစ်တော်ယေရှုအတွက် ဘုရားသခင့် အလိုတော်မှာ နိုင်ငံတော်နှင့် ဆက်နွှယ်မှုရှိသော လုပ်ဆောင်မှု ပါဝင်သည်။ (လုကာ ၈:၁) ရွေးနုတ်ဖိုးအဖြစ်လည်းကောင်း၊ ပဋိညာဉ်သစ်အတွက် အခြေခံအဖြစ်လည်းကောင်း ကိုယ်တော်၏ စုံလင်သော လူသားအသက်ကို ပူဇော်ခြင်းလည်း ပါဝင်သည်။ (မဿဲ ၂၀:၂၈; ၂၆:၂၆-၂၈; ဟေဗြဲ ၁၀:၅-၁၀) ယေရှုသည် ရေနှစ်ခြင်း အမှတ်သင်္ကေတပြုရာများကို အလေးအနက် သဘောထားတော်မူခဲ့၏။ ကိုယ်တော်သည် အခြားအရာများထံသို့ စိတ်အာရုံ ပျံ့လွင့်ခြင်းကို ခွင့်ပြုတော် မမူခဲ့ချေ။ မြေကြီးအသက်တာ အဆုံးတိုင်သည်အထိ ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောခြင်းကို အဓိကလုပ်ငန်း အဖြစ်ထားလျက် ဘုရားသခင့် အလိုတော်ကို စွဲစွဲမြဲမြဲ ထမ်းဆောင်တော်မူခဲ့၏။—ယောဟန် ၄:၃၄။

ခရစ်ယာန်တပည့်တော်များ၏ ရေနှစ်ခြင်း

၇။ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့မှစ၍ နှစ်ခြင်းနှင့်စပ်လျဉ်း၍ အဘယ်အရာလုပ်ဆောင်ရန် ခရစ်ယာန်များ မှာကြားခံရသနည်း။

၇ ယေရှု၏ လက်ဦးတပည့်တော်များသည် ယောဟန်လက်ဖြင့် ရေတွင် နှစ်ခြင်းခံပြီးနောက် ကောင်းကင်နိုင်ငံတော်၏ အဖွဲ့ဝင်လောင်းများအဖြစ် ယေရှုထံသို့ လမ်းညွှန်ခံရကြသည်။ (ယောဟန် ၃:၂၅-၃၀) ယေရှု၏ ညွှန်ကြားချက်ဖြင့် ဤတပည့်တော်များသည်လည်း ယောဟန်၏နှစ်ခြင်းနှင့် အဓိပ္ပာယ်တူညီသည့် နှစ်ခြင်းကို အနည်းအကျဉ်းပေးခဲ့ကြသည်။ (ယောဟန် ၄:၁၊ ၂) သို့သော်၊ စီ.အီး. ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲနေ့မှစ၍ သူတို့သည် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းပေးရန်တာဝန်ကို စတင်ထမ်းဆောင်ကြလေသည်။ (မဿဲ ၂၈:၁၉) ၎င်း၏အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်လျှင် အလွန်အကျိုးရှိပေမည်။

၈။ “ခမည်းတော် . . . ၏နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။

၈ “ခမည်းတော် . . . ၏နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ ကိုယ်တော်၏ နာမတော်၊ ရာထူးတော်၊ အာဏာတော်၊ ရည်ရွယ်တော်မူချက်နှင့် ပညတ်တော်တို့ကို လက်ခံခြင်းဟူ၍ အဓိပ္ပာယ်ရှိသည်။ အဘယ်အရာများ အကျုံးဝင်သည်ကို သုံးသပ်ကြည့်ပါ။ (၁) ကိုယ်တော့်နာမတော်နှင့် စပ်လျဉ်း၍ ဆာလံ ၈၃:၁၈ (သမ) က “ယေဟောဝါဟူ၍ နာမတော်ရှိသော ကိုယ်တော်သာလျှင် မြေတစ်ပြင်လုံးအထက် မြင့်မြတ်သောဘုရား ဖြစ်တော်မူ” ၏ဟုဆိုသည်။ (၂) ကိုယ်တော့်ရာထူးနှင့် ပတ်သက်၍ ၄ ဓမ္မရာဇဝင် ၁၉:၁၅ (ကဘ) က “အို ယေဟောဝါ . . . ကိုယ်တော် တစ်ပါးတည်းသာလျှင် မှန်သောဘုရားသခင် ဖြစ်တော်မူပါ၏” ဟူ၍ဆို၏။ (၃) ကိုယ်တော်၏ အာဏာတော်နှင့် ပတ်သက်၍ ဗျာဒိတ် ၄:၁၁ (ကဘ) က “ကျွန်တော်မျိုး၏ ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ၎င်းတို့သည် ဖန်ဆင်းခံရပြီး တည်ရှိကြသည့်အတွက် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်တို့ကို ခံထိုက်တော်မူပါ၏” ဟူ၍ ကျွန်ုပ်တို့အား သိစေသည်။ (၄) ယေဟောဝါသည် အသက်ပေးသောအရှင်၊ ကျွန်ုပ်တို့ကို အပြစ်နှင့်သေခြင်းတို့မှ ကယ်တင်ရန် ရည်ရွယ်ချက်ရှိသော အရှင်ဖြစ်ကြောင်းကိုလည်း အသိအမှတ် ပြုရပေမည်– “ကယ်တင်ခြင်းသည် ယေဟောဝါနှင့် ဆိုင်ပါ၏။” (ဆာလံ ၃:၈၊ ကဘ; ၃၆:၉) (၅) ယေဟောဝါသည် အမြင့်မြတ်ဆုံးသော ဥပဒေပြဋ္ဌာန်းရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ လက်ခံရပေမည်– “ယေဟောဝါသည် ငါတို့၏ တရားသူကြီး၊ ယေဟောဝါသည် ငါတို့၏ ဥပဒေရှင်၊ ယေဟောဝါသည် ငါတို့၏ ဘုရင်ဖြစ်တော်မူ၏။” (ဟေရှာယ ၃၃:၂၂၊ ကဘ) ကိုယ်တော်သည် ထိုရာထူးအာဏာအားလုံးကို ပိုင်ဆိုင်သောအရှင် ဖြစ်သောကြောင့် “သင်၏ဘုရားသခင် [ယေဟောဝါ] ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့” ဟူ၍ ကျွန်ုပ်တို့အား တိုက်တွန်းထား၏။—မဿဲ ၂၂:၃၇။

၉။ “သားတော် . . . ၏နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။

၉ “သားတော် . . . ၏နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။ ယေရှုခရစ်၏ နာမတော်၊ ရာထူးတော်နှင့် အာဏာတော်တို့ကို အသိအမှတ်ပြုခြင်းကို ဆိုလိုသည်။ ကိုယ်တော့်နာမတော် ယေရှုဟူသည်မှာ “ယေဟောဝါသည် ကယ်တင်ခြင်း ဖြစ်တော်မူ၏” ဟူ၍ အဓိပ္ပာယ်ရှိ၏။ ကိုယ်တော်သည် ဘုရားသခင်၏ တစ်ပါးတည်းသောသားတော်၊ ဘုရားသခင့် ဖန်ဆင်းခံအရာတို့တွင် အစအဦးဖြစ်သောကြောင့် ထိုရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ (မဿဲ ၁၆:၁၆; ကောလောသဲ ၁:၁၅၊ ၁၆) ဤသားတော်နှင့် စပ်လျဉ်း၍ ယောဟန် ၃:၁၆ ကဤသို့ဆို၏– “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ယေရှုသည် သစ္စာရှိရှိ အသေခံခဲ့သောကြောင့် ကိုယ်တော်အား သေခြင်းမှ ဘုရားသခင် ရှင်ပြန်ထမြောက်စေ၍ အခွင့်အာဏာ ထပ်ဆင့်ပေးတော်မူ၏။ တမန်တော်ပေါလု၏ အဆိုအရ ဘုရားသခင်သည် “[ယေရှု] ကို အလွန်ချီးမြှောက်” တော်မူ၏။ စကြဝဠာတွင် ယေဟောဝါမှလွဲလျှင် အကြီးမြင့်ဆုံးသောရာထူးသို့ ချီးမြှင့်တော်မူ၏။ ယင်းကြောင့် “ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။” (ဖိလိပ္ပိ ၂:၉-၁၁) ဆိုလိုသည်မှာ ယေဟောဝါ ကိုယ်တော်တိုင် ထုတ်ဆင့်သော ပညတ်တော်များဖြစ်သည့် ယေရှု၏ ပညတ်တော်များကို နာခံရမည်ဖြစ်သည်။—ယောဟန် ၁၅:၁၀။

၁၀။ “သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းခံခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။

၁၀ “သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းခံခြင်းကား အဘယ်အဓိပ္ပာယ် ရှိသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်မှုတို့ကို အသိအမှတ်ပြုခြင်းကို ဆိုလိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကား အဘယ်နည်း။ ၎င်းသည် ယေဟောဝါ၏ တက်ကြွလှုပ်ရှားသည့် စွမ်းအားဖြစ်ပြီး ၎င်းဖြင့် မိမိ၏ ရည်ရွယ်ချက်များကို ကိုယ်တော် အထမြောက်အောင်မြင်စေသည်။ ယေရှုက “ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် ကိုယ်တော်သည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိနေစေရန် သမ္မာတရားဆိုင်ရာ ဝိညာဉ်တော်တည်းဟူသော အခြား မစသောအရှင် တစ်ပါးကို ပေးတော်မူလိမ့်မည်” ဟု နောက်တော်လိုက်များအား မိန့်တော်မူ၏။ (ယောဟန် ၁၄:၁၆၊ ၁၇၊ ကဘ) ယင်းကြောင့် သူတို့သည် အဘယ်အရာကို လုပ်ကိုင်နိုင်စွမ်း ရှိကြမည်နည်း။ ယေရှုက “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်” ဟူ၍ သူတို့အား မိန့်တော်မူ၏။ (တမန်တော် ၁:၈) သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သမ္မာကျမ်းစာ ရေးသားခြင်းကိုလည်း ယေဟောဝါ မှုတ်သွင်းတော်မူခဲ့၏– “အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏။” (၂ ပေတရု ၁:၂၁) ထို့ကြောင့် သမ္မာကျမ်းစာကို လေ့လာသည့်အခါ၌ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အခန်းကဏ္ဍကို အသိအမှတ် ပြုကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို အသိအမှတ်ပြုသည့် အခြားနည်းတစ်နည်းမှာ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တည်းဟူသော ‘ဝိညာဉ်တော်၏ အသီး’ သီးပွင့်နိုင်ရန် မစပါမည့်အကြောင်း ယေဟောဝါထံ ဆုတောင်းခြင်းဖြင့်ဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။

၁၁။ (က) ကျွန်ုပ်တို့လက်ထက်တွင် နှစ်ခြင်း၏အဓိပ္ပာယ် အစစ်အမှန်ကား အဘယ်နည်း။ (ခ) နှစ်ခြင်းသည် သေ၍ ထမြောက်လာခြင်းနှင့် မည်သို့ဆင်တူသနည်း။

၁၁ ယေရှု ပေးတော်မူခဲ့သည့် ညွှန်ကြားချက်များနှင့်အညီ စီ.အီး. ၃၃ ခုနှစ်မှအစပြု၍ အဦးဆုံး နှစ်ခြင်းခံခဲ့သူများမှာ ဂျူးများနှင့် ဂျူးဘာသာဝင်များ ဖြစ်ကြသည်။ ၎င်းနောက် များမကြာမီတွင် ခရစ်ယာန် တပည့်တော်ဖြစ်ခြင်း အခွင့်အရေးကို ရှမာရိလူမျိုးအား ကမ်းလှမ်းခဲ့သည်။ ထို့နောက် စီ.အီး. ၃၆ ခုနှစ်တွင် အရေဖျားလှီးခြင်း မခံသော လူမျိုးခြားတို့ကိုပင် ဖိတ်ခေါ်ခဲ့လေသည်။ ရှမာရိလူမျိုးနှင့် လူမျိုးခြားတို့သည် နှစ်ခြင်းမခံမီ သားတော်၏ တပည့်တော်များအဖြစ် ယေဟောဝါအား ဝတ်ပြုရန် ကိုယ်တော်ထံ ကိုယ်တိုင်ကိုယ်ကျ အပ်နှံ ကြရမည်။ ဤကား ယနေ့တိုင်အောင် ခရစ်ယာန် နှစ်ခြင်း၏ အဓိပ္ပာယ် ဖြစ်လျက်ရှိသည်။ နှစ်ခြင်းသည် သင်္ဂြိုဟ်ခြင်းကို ကိုယ်စားပြုသောကြောင့် ရေထဲတွင် လုံးလုံးလျားလျား နှစ်မြှုပ်ခြင်းသည် ကိုယ်တိုင်ကိုယ်ကျ အပ်နှံခြင်း၏ သင့်လျော်သော အမှတ်သင်္ကေတ ဖြစ်ပေသည်။ နှစ်ခြင်းခံစဉ် ရေအောက်သို့ ရောက်ရှိသွားခြင်းက သင်၏ဘဝလမ်းစဉ်ဟောင်း သေသွားခြင်းကို ပုံခိုင်းသည်။ ရေထဲမှ ပေါ်ထွက်လာခြင်းက ဘုရားသခင့် အလိုတော်ဆောင်ရန် ပြန်ရှင်လာခြင်း၏ အမှတ်သင်္ကေတ ဖြစ်သည်။ ဤ ‘နှစ်ခြင်းတစ်ပါး’ သည် စစ်မှန်သော ခရစ်ယာန် ဖြစ်လာသူအားလုံးနှင့် သက်ဆိုင်ပါသည်။ နှစ်ခြင်းခံလိုက်သည့်အခါ သူတို့သည် ယေဟောဝါ၏ ခရစ်ယာန်သက်သေများ၊ ဘုရားသခင်၏ ခန့်အပ်ခံ ဓမ္မအမှုဆောင်များ ဖြစ်လာကြသည်။—ဧဖက် ၄:၅; ၂ ကောရိန္သု ၆:၃၊ ၄။

၁၂။ ခရစ်ယာန် ရေနှစ်ခြင်းသည် အဘယ်အရာနှင့် အလားတူသနည်း။ အဘယ်သို့အားဖြင့်နည်း။

၁၂ ဘုရားသခင့်မျက်မှောက်တွင် ထိုသို့သောနှစ်ခြင်းသည် ကယ်တင်ခြင်းအတွက် အလွန်တန်ဖိုးရှိ၏။ သာဓကအနေနှင့် ရေလွှမ်းမိုးခြင်းကို နောဧနှင့် သူ၏မိသားစု စီးနင်းကပ်ကျော်ခဲ့သည့် သင်္ဘောကြီးကို နောဧ တည်ဆောက်ခြင်းအကြောင်း ဖော်ပြပြီးနောက် တမန်တော်ပေတရုက ဤသို့ရေးသားခဲ့၏– “ဤအရာနှင့်အလားတူသော နှစ်ခြင်းမင်္ဂလာသည် ယေရှုခရစ် ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်တို့ကို ယခု ကယ်တင်၏။ (နှစ်ခြင်းမင်္ဂလာ ဆိုသည်မှာ ကိုယ်ကာယ အညစ်အကြေးကို သုတ်သင်ပယ်ရှားခြင်းမဟုတ်။ ဘုရားသခင်ထံ ကြည်လင်သော ဩတ္တပ္ပစိတ် တောင်းခံခြင်း ဖြစ်ပေသည်။)” (၁ ပေတရု ၃:၂၁၊ ကဘ) ဘုရားပေး လုပ်ငန်းတာဝန်ကို နောဧ သစ္စာရှိရှိ ထမ်းဆောင်ခဲ့ကြောင်း သင်္ဘောကြီးသည် လက်ဆုပ်လက်ကိုင်ပြနိုင်သော အထောက်အထားပင်ဖြစ်သည်။ သင်္ဘော ဆောက်လုပ်ပြီးစီးသည့်နောက် “ထိုကာလ၌ရှိသော လောကသည် ရေနှင့်လွှမ်းမိုး၍ ပျက်စီး” သွားခဲ့သည်။ (၂ ပေတရု ၃:၆၊ သမ္မာ) သို့သော်လည်း နောဧနှင့် သူ၏မိသားစုဖြစ်ကြသော “လူပေါင်းရှစ်ယောက်တို့သည် ရေဘေးမှ ကယ်ဆယ်ခံရကြ” ၏။—၁ ပေတရု ၃:၂၀၊ သမ။

၁၃။ ခရစ်ယာန်တစ်ဦးသည် ရေနှစ်ခြင်းအားဖြင့် အဘယ်အရာမှ ကယ်တင်ခံရသနည်း။

၁၃ ယနေ့၊ ရှင်ပြန်ထမြောက်ပြီးသော ခရစ်တော်ကို ယုံကြည်ခြင်းအပေါ် အခြေပြု၍ ယေဟောဝါထံ မိမိတို့ကိုယ်ကို အပ်နှံကြသူတို့သည် ထိုအပ်နှံခြင်း၏ အမှတ်သင်္ကေတအဖြစ် နှစ်ခြင်းခံကြသည်။ သူတို့သည် ယခုခေတ်အတွက် ဘုရားသခင့် အလိုတော်ကို ဆက်လက်ထမ်းဆောင်ကြသဖြင့် လက်ရှိဆိုးယုတ်သော လောကမှ ကယ်တင်ခံရကြသည်။ (ဂလာတိ ၁:၃၊ ၄) သူတို့သည် လက်ရှိဆိုးယုတ်သော အစီအစဉ်စနစ်နှင့်အတူ ပျက်စီးခြင်းသို့ ဦးတည်မသွားတော့ချေ။ ထိုပျက်စီးခြင်းမှ ကယ်တင်ခံရပြီး ဘုရားသခင်ထံမှ ကြည်လင်သော ဩတ္တပ္ပစိတ် ချီးမြှင့်ခံရကြသည်။ ဘုရားသခင့် အစေခံများအား တမန်တော်ယောဟန်က “ဤလောကမှစ၍ ဆိုင်ရာတပ်မက်ခြင်းသည် ပျောက်လွင့်ဆဲဖြစ်၏။ ဘုရားသခင့် အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစဉ် တည်နေ၏” ဟူ၍ အာမခံ၏။—၁ ယောဟန် ၂:၁၇၊ သမ။

တာဝန်နှင့်ထိုက်တန်အောင် နေထိုင်ပြုမူခြင်း

၁၄။ နှစ်ခြင်းကိုယ်နှိုက်သည် အဘယ်ကြောင့် ကယ်တင်ခြင်းအတွက် အာမခံချက် မဟုတ်သနည်း။

၁၄ နှစ်ခြင်းမင်္ဂလာကိုယ်နှိုက်သည် ကယ်တင်ခြင်းအတွက် အာမခံချက်ဖြစ်သည်ဟု ကောက်ချက်ချခြင်းသည် မှားပေလိမ့်မည်။ လူတစ်ဦးသည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါထံ မိမိကိုယ်ကို အမှန်တကယ် အပ်နှံပြီးနောက် အဆုံးတိုင်အောင် သစ္စာရှိစွာဖြင့် ဘုရားသခင့် အလိုတော်ကို ထမ်းဆောင်သွားပါမှ နှစ်ခြင်းမင်္ဂလာသည် တန်ဖိုးရှိပေမည်။ “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၃။

၁၅။ (က) နှစ်ခြင်းခံပြီးသော ခရစ်ယာန်များအတွက် ယနေ့ ဘုရားသခင့် အလိုတော်ကား အဘယ်နည်း။ (ခ) ခရစ်ယာန် တပည့်တော်ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ အသက်တာတွင် မည်မျှ အရေးပါသင့်သနည်း။

၁၅ ယေရှုအတွက် ဘုရားသခင်၏ အလိုတော်တွင် လူသားတစ်ဦးအနေနှင့် ကိုယ်တော့်အသက်ကို အသုံးပြုပုံ ပါဝင်သည်။ ကိုယ်တော့်အသက်ကို ယဇ်အဖြစ် စတေးခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ကိစ္စတွင် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်ထံ ဆက်ကပ်၍ အလိုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်ကျိုးစွန့်သည့် အသက်တာဖြင့် ဆက်လက် နေထိုင်သွားရမည်ဖြစ်သည်။ (ရောမ ၁၂:၁၊ ၂) ကျွန်ုပ်တို့သည် ပတ်ဝန်းကျင်လောကကဲ့သို့ တစ်ခါတစ်ရံ ပြုမူကျင့်ကြံလျှင်၊ သို့မဟုတ် ဘုရားသခင်အား စတိလောက်သာ ဝတ်ပြုလျက် မိမိတို့၏ဘဝကို ကိုယ်ကျိုးအတွက်သာ အဓိကထားလျှင် ဘုရားသခင့် အလိုတော်ကို ဆောင်ရွက်နေရာ ရောက်မည်မဟုတ်။ (၁ ပေတရု ၄:၁-၃; ၁ ယောဟန် ၂:၁၅၊၁၆) ဂျူးတစ်ယောက်က ထာဝရအသက်ရရန် အဘယ်အမှုကို ပြုလုပ်ရမည်နည်းဟု မေးလျှောက်သောအခါ ယေရှုက ကိုယ်ကျင့်တရား စင်ကြယ်စွာ အသက်ရှင်ခြင်း၏ အရေးကြီးမှုကို အသိအမှတ်ပြုတော်မူခဲ့၏။ သို့သော် ထိုထက် သာ၍အရေးကြီးသော အရာဖြစ်သည့် ခရစ်ယာန်တပည့်တော်တစ်ဦး၊ ယေရှု၏ နောက်တော်လိုက်တစ်ဦး ဖြစ်ရန်လိုအပ်ခြင်းကို ထောက်ပြတော်မူ၏။ ဤကား ဘဝတွင် အဓိကအရာ ဖြစ်ရပေမည်။ ရုပ်ပစ္စည်း လိုက်စားခြင်းကို အဓိက ထား၍မရနိုင်ပေ။—မဿဲ ၁၉:၁၆-၂၁။

၁၆။ (က) နိုင်ငံတော်နှင့်စပ်လျဉ်း၍ ခရစ်ယာန်အားလုံး အဘယ်တာဝန် ရှိသနည်း။ (ခ) စာမျက်နှာ ၁၁၆ နှင့် ၁၁၇ တွင်ပုံဖော်ထားသည့်အတိုင်း နိုင်ငံတော်လုပ်ငန်း လုပ်ဆောင်ရန် ထိရောက်သည့် နည်းလမ်းအချို့ကား အဘယ်နည်း။ (ဂ) သက်သေခံခြင်းလုပ်ငန်းတွင် နှလုံးအကြွင်းမဲ့ ပါဝင်ခြင်းသည် အဘယ်အရာ၏ သက်သေအထောက်အထား ဖြစ်သနည်း။

၁၆ ယေရှုအတွက် ဘုရားသခင်၏ အလိုတော်တွင် ဘုရားသခင့် နိုင်ငံတော်နှင့်ဆက်နွှယ်သည့် အရေးကြီးသော လုပ်ဆောင်မှုများပါဝင်ကြောင်း အလေးအနက်ထား၍ တစ်ဖန်ဖော်ပြအပ်ပေသည်။ ယေရှုကိုယ်တော်တိုင်သည် ရှင်ဘုရင်ဖြစ်ရန် ဘိသိက်ပေးခံခဲ့ရ၏။ သို့သော် ကမ္ဘာပေါ်တွင်ရှိစဉ် နိုင်ငံတော်နှင့်ပတ်သက်၍ စိတ်ဇောထက်သန်စွာဖြင့် သက်သေခံတော်မူခဲ့၏။ ကျွန်ုပ်တို့၌ အလားတူ သက်သေခံခြင်းလုပ်ငန်းတစ်ရပ် ရှိသည့်အပြင် စိတ်နှလုံးအကြွင်းမဲ့ဖြင့် အားတက်သရော ပါဝင်လုပ်ဆောင်ရန်လည်း လိုပေသည်။ သို့လုပ်ဆောင်ခြင်းဖြင့် ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ကျွန်ုပ်တို့ ရိုသေလေးမြတ်ကြောင်း၊ လူလူချင်းအပေါ် မေတ္တာထားကြောင်း ပြသကြ၏။ (မဿဲ ၂၂:၃၆-၄၀) ထို့ပြင် နိုင်ငံတော် ကြွေးကြော်သူများဖြစ်ကြသော ကမ္ဘာတစ်ဝန်းမှ ကိုးကွယ်ဝတ်ပြုသူချင်းတို့နှင့် တစည်းတလုံးတည်း ရှိကြောင်းကိုလည်း ပြသကြသည်။ ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်စွာဖြင့် ထိုနိုင်ငံတော်၏ မြေကြီးဆိုင်ရာ ပိုင်နက်နယ်ပယ်တွင် ထာဝစဉ်အသက်ရှင်ခြင်း ပန်းတိုင်ဆီသို့ လက်တွဲညီညီ အတူတကွ ချီတက်လျက်ရှိကြ၏။

ပြန်လည်သုံးသပ်ဆွေးနွေးခြင်း

• ယေရှု၏နှစ်ခြင်းနှင့် ယနေ့ ရေနှစ်ခြင်းတို့တွင် အဘယ် ဆင်တူချက်များနှင့် ကွဲပြားချက်များ ရှိသနည်း။

• “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမ၌” နှစ်ခြင်းခံခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။

• ခရစ်ယာန် ရေနှစ်ခြင်း၏ တာဝန်နှင့်ထိုက်တန်အောင် ကျင့်ဆောင်နေထိုင်ခြင်းတွင် အဘယ်အရာ အကျုံးဝင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ