ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၆/၁ စာ. ၁၂-၁၇
  • ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုခွဲခြားသိမြင်လာ
  • ဖွင့်ပြထားသော လျှို့ဝှက်ချက်ကိုပြောကြားကြရအံ့!
  • ယခင်ကထက် ယခု သာ၍ထင်ရှား!
  • တခြားသူတွေကို ပြောပြလို့ရတဲ့ လျှို့ဝှက်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မာတိကာ
    နိုးလော့!—၂၀၁၈
  • ‘မြင့်မြတ်သောလျှို့ဝှက်ချက်၌ ဘုရားသခင့်ဉာဏ်ပညာတော်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • တို့တွေ သိချင်တဲ့ လျှို့ဝှက်ချက်
    ကလေးတွေကို သင်ပေးပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၆/၁ စာ. ၁၂-၁၇

ခရစ်ယာန်များ မပြောဘဲမနေဝံ့သောလျှို့ဝှက်ချက်!

“ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ . . . မထင်ရှားဘဲ အလျှင်းမဟောမပြော။”—ယောဟန် ၁၈:၂၀။

၁၊ ၂။ ဂရိစကားလုံး မစ္စတီရီအောန်ကို ကျမ်းစာတွင် အသုံးပြုထားပုံအရ ယင်း၏ အနက်အဓိပ္ပာယ်ကား အဘယ်နည်း။

ဂရိစကားလုံး မစ္စတီရီအောန်ကို ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာတွင် ‘မြင့်မြတ်သောလျှို့ဝှက်ချက်’ အဖြစ် ၂၅ ကြိမ်နှင့် ‘နက်နဲရာ’ အဖြစ် ၃ ကြိမ်ပြန်ဆိုထားသည်။ မြင့်မြတ်သည်ဟုခေါ်ဝေါ်ထားသော လျှို့ဝှက်ချက်သည် အမှန်ပင်အရေးကြီးရမည်တကား! ဤကဲ့သို့သောလျှို့ဝှက်ချက်ကို သိခွင့်ရသူမည်သူမဆိုသည် အလွန်ဂုဏ်တင်ခံရသည်ဟု ယူမှတ်သင့်သည်။ အကြောင်းမူကား စကြဝဠာကိုအုပ်ချုပ်ပိုင်ထိုက်သော ဘုရားသခင်နှင့်တွဲဖက်ပြီး လျှို့ဝှက်ချက်တစ်ခု သိရှိခွင့်ရသောကြောင့်ဖြစ်သည်။

၂ နေရာအများတွင် ‘နက်နဲရာ’ ထက် ‘မြင့်မြတ်သောလျှို့ဝှက်ချက်’ ဟုပြန်ဆိုခြင်းသည် သာ၍သင့်တော်ကြောင်း ဗိုင်း၏ ဓမ္မသစ်ကျမ်းစကားလုံးများ၏ ရှင်းလင်းဖော်ပြချက်အဘိဓာန် ကထောက်ခံပါသည်။ ယင်းက မစ္စတီရီအောန်အကြောင်း ဤသို့ဆိုသည်– “[ခရစ်ယာန်ဂရိကျမ်းစာ] တွင် (အင်္ဂလိပ်စကားလုံးကဲ့သို့) လျှို့ဝှက်ဆန်းကြယ်ခြင်းကိုမဟုတ်ဘဲ လူ့ဉာဏ်နှင့် မမီနိုင်သည့်အတွက် ဘုရားသခင်ဖော်ပြမှသာသိရှိနိုင်၍ ဘုရားသခင်သိစေလိုသည့်နည်းနှင့် သိစေလိုသည့်အချိန်၌ ကိုယ်တော်၏ဝိညာဉ်တော် ထင်ရှားဖော်ပြသူတို့သာ သိနားလည်နိုင်သောအရာကိုဆိုလိုသည်။ သာမန်သဘောအရဆိုလျှင် နက်နဲရာမည်သည် ထိမ်ဝှက်ထားသည့်အသိပညာဟူ၏; ကျမ်းစာ၏ဆိုလိုရင်းမှာ ဖော်ပြသောအမှန်တရားဖြစ်၏။ သို့ဖြစ်၍ ယင်းနှင့်အထူးဆက်စပ်သော အသုံးအနှုန်းများမှာ ‘ဖော်ပြ၊’ ‘ပွင့်လင်း၊’ ‘ပြသ၊’ ‘ဟောပြော၊’ ‘နားလည်၊’ ‘စီမံခန့်ခွဲ’ တို့ဖြစ်ကြသည်။”

၃။ ပထမရာစု ခရစ်ယာန်အသင်းတော်သည် ဆန်းကြယ်နက်နဲသည့် ဘာသာရေးအုပ်စုအချို့နှင့် မည်သို့ကွာခြားသနည်း။

၃ ဤရှင်းပြချက်သည် ပထမရာစုတွင် မှိုပေါက်သကဲ့သို့ပေါက်နေသော ဆန်းကြယ်နက်နဲသည့် ဘာသာရေးအုပ်စုများနှင့် တည်ထောင်ခါစခရစ်ယာန်အသင်းတော်စပ်ကြား အဓိကကွာခြားချက်တစ်ခုကို ပေါ်လွင်စေသည်။ လျှို့ဝှက်တစ်ယူသန်ဂိုဏ်းများထဲ စဝင်သူများသည် ဘာသာရေးသွန်သင်ချက်များကို ကွယ်ဝှက်ထားပါမည်ဟု ကတိသစ္စာဆိုကြရလေ့ရှိသော်လည်း ခရစ်ယာန်များမူကား ဤကဲ့သို့သော ချုပ်ချယ်ကန့်သတ်မှုမျိုးအောက် အဘယ်အချိန်အခါကမျှ မရှိခဲ့ကြပေ။ မှန်ပါသည်၊ တမန်တော်ပေါလုက “ဘုရားသခင်စီရင်တော်မူသောပညာ၊ နက်နဲသောအရာ” ကို “ဝှက်ထားသောဘုရားသခင်၏ပညာ” ဟုခေါ်ဆိုခဲ့သည်။ “လောကီမင်းတို့” အားမဖော်ပြ၊ ဝှက်ထားတော်မူ၏။ ခရစ်ယာန်များကိုမူကား ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖော်ပြထားတော်မူခဲ့ရာ သူတို့က လူသိရှင်ကြားဖြစ်စေကြပြီ။—၁ ကောရိန္သု ၂:၇-၁၂; သု. ၁:၂၀ နှိုင်းယှဉ်။

“မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုခွဲခြားသိမြင်လာ

၄။ “မြင့်မြတ်သောလျှို့ဝှက်ချက်” သည် မည်သူ့အပေါ်အခြေစိုက်သနည်း။ မည်သို့အားဖြင့်နည်း။

၄ ယေဟောဝါ၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” သည်ယေရှုခရစ်အပေါ်အခြေပြုသည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် နှလုံးသွင်းတော်မူသော စေတနာတော်နှင့်လျော်သော အလိုတော်၏နက်နဲသောအရာကို ငါတို့အားပြတော်မူ၏။ ထိုနက်နဲသောအရာဟူမူကား၊ ကာလအချိန်စေ့စုံခြင်း၏[ခရစ်ယာန်]သာသနာတွင် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကိုပေါင်း၍ ခရစ်တော်၌ ချူပ်ခြာစေတော်မူလိမ့်သတည်း။” (ဧဖက် ၁:၉၊ ၁၀) ပေါလုသည် “ခရစ်တော်တည်းဟူသော ဘုရားသခင့်မြင့်မြတ်သောလျှို့ဝှက်ချက်၏ တိကျမှန်ကန်သောအသိပညာ” ရရှိဖို့လိုကြောင်း ဖော်ပြသောအခါ “မြင့်မြတ်သောလျှို့ဝှက်ချက်” ၏ သဘောတရားကို ထိုထက်ကျနသေချာစွာ ရှင်းပြပါသည်။—ကောလောသဲ ၂:၂၊ ကဘ။

၅။ “မြင့်မြတ်သောလျှို့ဝှက်ချက်” တွင်အဘယ်အရာပါဝင်သနည်း။

၅ သို့သော် “မြင့်မြတ်သောလျှို့ဝှက်ချက်” သည်ရှုထောင့်များစွာရှိသော လျှို့ဝှက်ချက်တစ်ခုဖြစ်သောကြောင့် ထိုတွင် ၎င်းထက်မကပါဝင်၏။ ယေရှုသည် ကတိထားရာမျိုးနွယ်တော် သို့မဟုတ် မေရှိယဖြစ်တော်မူကြောင်း ခွဲခြားသိမြင်ခြင်းသာမက ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ကိုယ်တော်ထမ်းဆောင်ရမည့် အခန်းကဏ္ဍလည်းပါဝင်နေသည်။ ဤတွင် ကောင်းကင်အစိုးရတည်းဟူသော ဘုရားသခင့်မေရှိယနိုင်ငံတော်ပါဝင်၏။ အကြောင်းမူကား တပည့်တော်များအား ယေရှုဤသို့ရှင်းလင်းပြတ်သားစွာ မိန့်တော်မူ၏– “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာ [“မြင့်မြတ်သောလျှို့ဝှက်ချက်၊” ကဘ] တို့ကို သိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။”—မဿဲ ၁၃:၁၁။

၆။ (က) “မြင့်မြတ်သောလျှို့ဝှက်ချက်” ကို “ရှေးကပ်ကာလပတ်လုံးဝှက်ထား” ခဲ့ပြီဟုပြောဆိုခြင်းသည် အဘယ်ကြောင့်မှန်ကန်သနည်း။ (ခ) ယင်းသည် မည်သို့တဖြည်းဖြည်း ထင်ရှားလာသနည်း။

၆ မေရှိယနိုင်ငံတော်အတွက် အခြေအမြစ်ရှိစေရန် ဘုရားသခင်၏ရည်ရွယ်ချက်ကို ပထမဦးဆုံးအကြိမ် ဖော်ပြခဲ့သောအချိန်နှင့် “နက်နဲသောအရာ [“မြင့်မြတ်သောလျှို့ဝှက်ချက်၊” ကဘ] . . . ပြည့်စုံခြင်းသို့ရောက်” မည့်အချိန်စပ်ကြား ကြာမြင့်သောကာလ ပိုင်းခြားရမည်ဖြစ်သည်။ (ဗျာဒိတ် ၁၀:၇; ကမ္ဘာဦး ၃:၁၅) ဗျာဒိတ် ၁၀:၇ နှင့် ၁၁:၁၅ တို့ကိုနှိုင်းယှဉ်ကြည့်ချက်အရ ဘုရားသခင့်နိုင်ငံတော်တည်ထောင်သည့်အခါ ၎င်းသည် ပြီးပြည့်စုံခြင်းသို့ရောက်ရမည်ဖြစ်သည်။ အမှန်မှာ ဧဒင်အရပ်တွင် ဘုရားသခင့်နိုင်ငံတော်ကတိတော်ကို ပထမဦးဆုံးအကြိမ်ပေးခဲ့ချိန်နှင့် ခန့်အပ်ခံဘုရင်ပေါ်ထွန်းသော စီ.အီး. ၂၉ ခုနှစ်အကြားတွင် နှစ်ပေါင်း ၄,၀၀၀ ခန့်ကုန်လွန်ခဲ့သည်။ ၁၉၁၄ ခုနှစ်၌ ကောင်းကင်တွင် ဘုရားသခင့်နိုင်ငံတော် မတည်ထောင်မီ နောက်ထပ်နှစ်ပေါင်း ၁,၈၈၅ နှစ်ကုန်လွန်ပြန်သည်။ ဤနည်းဖြင့် နှစ်ပေါင်း ၆,၀၀၀ နီးပါးကာလအတွင်း “မြင့်မြတ်သောလျှို့ဝှက်ချက်” သည် တဖြည်းဖြည်းထင်ရှားလာလေသည်။ (စာမျက်နှာ ၁၆ ရှု) “ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍ . . . ထိုသူတို့အား ဖော်ပြရသော နက်နဲရာ [“မြင့်မြတ်သောလျှို့ဝှက်ချက်၊” ကဘ] ကိုဖွင့်ထားခြင်းကျေးဇူးတော်” အကြောင်း ပေါလုပြောဆိုခဲ့ခြင်းသည် အမှန်တကယ်ပင် ဟုတ်မှန်ပေသည်။—ရောမ ၁၆:၂၅-၂၇; ဧဖက် ၃:၄-၁၁။

၇။ သစ္စာနှင့်သတိပညာရှိသောကျွန်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လုံးလုံးလျားလျား စိတ်ချနိုင်သနည်း။

၇ သက်တမ်းအကန့်အသတ်သာရှိသော လူသားများနှင့်မတူသော ယေဟောဝါသည် ကိုယ်တော်၏လျှို့ဝှက်ချက်များကို အချိန်မတိုင်မီ ဖွင့်ပြပြောဆိုရန် ဘယ်သောအခါ၌မျှ ဖိအားပေးမခံရပါ။ ယင်းအချက်က ကျွန်ုပ်တို့ ကျေနပ်နိုင်လောက်အောင် မရှင်းမလင်းဖြစ်နေသော ကျမ်းစာဆိုင်ရာမေးခွန်းအချို့ ယခုရှိနေမည်ဆိုလျှင် စိတ်ရှည်သင့်ကြောင်း သတိပေးပါသည်။ ခရစ်ယာန်အိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချူပ်ခန့်ထားခံရသည့် သစ္စာနှင့်သတိပညာရှိသောကျွန်၏ ကျိုးနွံမှုက သူတို့မရှင်းမလင်းဖြစ်နေသေးသော အကြောင်းအရာများကို ရောင့်တက်စွာဖြင့် စိတ်စောကာ ရမ်းသန်းမှန်းဆခြင်း မပြုလုပ်မိရန် တားဆီးပေးပါသည်။ ကျွန်အတန်းအစားသည် တစ်ယူသန်စိတ်ထားမရှိရန် သတိပြုသည်။ နယပုံပြင် ၄:၁၈ ကိုသူတို့စွဲမှတ်ထားကာ မေးခွန်းတိုင်းကို ယခုဖြေဆိုမပေးနိုင်ကြောင်း ဝန်ခံဖို့ရန် မာနမကြီးလွန်းကြပါ။ သို့သော် ယေဟောဝါသည် ကိုယ်တော့်အချိန်၊ ကိုယ်တော့်နည်းကိုယ်တော့်ဟန်ဖြင့် ရည်ရွယ်တော်မူချက်များနှင့်ပတ်သက်သည့် လျှို့ဝှက်နက်နဲရာများကို ဆက်လက်ဖွင့်ပြတော်မူလိမ့်မည်ဟု သိရှိရခြင်းသည် မည်မျှအားရှိစရာပါတကား! နက်နဲရာတို့ကို ဖွင့်ပြတော်မူသောအရှင် ယေဟောဝါ၏အစီအစဉ်ကို မည်သည့်အခါမျှ မစောင့်နိုင်မဆိုင်းနိုင် မဖြစ်သင့်ပေ။ ယနေ့ ယေဟောဝါအသုံးပြုနေတော်မူသော လမ်းကြောင်းသည် ထိုသို့မပြုလုပ်ကြောင်း သိရှိရခြင်းက အမှန်အားယူစရာဖြစ်ပါသည်တကား! ၎င်းသည် သစ္စာလည်းရှိ၊ သတိပညာလည်းရှိ၏။—မဿဲ ၂၄:၄၅; ၁ ကောရိန္သု ၄:၆။

ဖွင့်ပြထားသော လျှို့ဝှက်ချက်ကိုပြောကြားကြရအံ့!

၈။ “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုထင်ရှားစွာ ဖော်ပြရကြမည်ဖြစ်ကြောင်း မည်သို့သိနိုင်သနည်း။

၈ ယေဟောဝါသည် “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုထိမ်ဝှက်ထားရန် ခရစ်ယာန်များအား ပေးထားခြင်းမဟုတ်ပါ။ “သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။ ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းငှာ ဆီမီးခုံပေါ်မှာတင်ထားလေ့ရှိ၏။ ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့” ဟူသော ယေရှုချမှတ်ခဲ့သည့်မူနှင့်အညီ ဓမ္မဆရာအနည်းငယ်ကသာမဟုတ် တပည့်နောက်လိုက်အားလုံးတို့က ထင်ရှားစွာဖော်ပြရကြမည်ဖြစ်သည်။—မဿဲ ၅:၁၄-၁၆; ၂၈:၁၉၊ ၂၀။

၉။ အချို့သူများပြောသကဲ့သို့ ယေရှုသည် တော်လှန်ရေးသမားတစ်ဦး မဟုတ်ကြောင်း အဘယ်သက်သေရှိသနည်း။

၉ ယေရှုသည် လျှို့ဝှက်ရည်ရွယ်ချက်များ အောင်မြင်ဖို့အတွက် တပည့်တော်များနှင့် မြေအောက်အဖွဲ့အစည်းတစ်ခုဖွဲ့ပြီး တော်လှန်မည်ဟူသော အဘယ်ရည်ရွယ်ချက်မျှ ရှိတော်မမူချေ။ အစောပိုင်းခရစ်ယာန်ဘာသာတရားနှင့် လူ့အဖွဲ့စာအုပ်တွင် ရောဘတ် အမ်. ဂရန့်က ဒုတိယရာစုနှစ်မှ ခုခံကာကွယ်သူ ဂျတ်စ်တင်မာတာ၏ ရှေးခရစ်ယာန်များအတွက် ခုခံကာကွယ်ပြောဆိုခဲ့သောစကားကို ဤသို့ရေးသားခဲ့သည်– “ခရစ်ယာန်များသည် တော်လှန်ရေးသမားများဖြစ်ကြပါမူ သူတို့၏ရည်မှန်းချက်အောင်မြင်ရန် ပုန်းလျှိုးကွယ်လျှိုးနေကြမည်သာဖြစ်သည်။” သို့သော် ခရစ်ယာန်များသည် “ပုန်းလျှိုးကွယ်လျှိုးနေကြ” ပြီး တစ်ကြိမ်တည်းတွင် ‘တောင်ထိပ်၌တည်သောမြို့’ မည်သို့ဖြစ်နိုင်ကြမည်နည်း။ သူတို့၏အလင်းကို တောင်းဇလားအောက်၌ ဖုံးမထားဝံ့ကြချေ! ထို့ကြောင့် သူတို့၏လုပ်ငန်းကို အစိုးရအနေနှင့် လုံးဝစိုးရိမ်စရာအကြောင်းမရှိဟု ဤစာရေးဆရာက သူတို့အကြောင်း ဤသို့ဆက်ဖော်ပြသည်– “သူတို့သည် ငြိမ်းချမ်းမှုနှင့်စည်းကမ်းသေဝပ်မှုတို့တွင် မင်းဧကရာဇ်၏ အကောင်းဆုံးသော မဟာမိတ်များဖြစ်ကြသည်။”

၁၀။ မိမိမည်သူမည်ဝါဖြစ်ကြောင်းကို ခရစ်ယာန်များ အဘယ်ကြောင့်လျှို့ဝှက်မထားသင့်သနည်း။

၁၀ ယေရှုသည် [ခရစ်ယာန်] ဘာသာရေးဂိုဏ်းဟုအခေါ်ခံရသော တပည့်တော်များအား သူတို့ မည်သူမည်ဝါဖြစ်သည်ကို လျှို့ဝှက်မထားစေလိုပါ။ (တမန်တော် ၂၄:၁၄; ၂၈:၂၂) ယနေ့ ကျွန်ုပ်တို့၏အလင်းကို လင်းစေရန်ပျက်ကွက်ကြမည်ဆိုလျှင် ခရစ်တော်နှင့်နက်နဲရာတို့ကို ဖွင့်ပြတော်မူသော ကိုယ်တော့်ခမည်းတော်တို့၏စိတ်တော်နှင့် မတွေ့ရုံသာမက ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်နိုင်မည်မဟုတ်ပါ။

၁၁၊ ၁၂။ (က) ယေဟောဝါသည် ခရစ်ယာန်ဘာသာတရားကို အဘယ်ကြောင့်ပေါ်လွင်ထင်ရှားစေလိုတော်မူသနည်း။ (ခ) ယေရှုသည် ပုံသက်သေကောင်းကို မည်သို့ချမှတ်ထားတော်မူခဲ့သနည်း။

၁၁ ယေဟောဝါသည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ (၂ ပေတရု ၃:၉; ယေဇကျေလ ၁၈:၂၃; ၃၃:၁၁; တမန်တော် ၁၇:၃၀) နောင်တရသူများ၏အပြစ်ကို ခွင့်လွှတ်သည့်အကြောင်းသည် ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ခြင်းဖြစ်သည်။ ကိုယ်တော်အား “ယုံကြည်ကြောင်း တင်ပြသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ” လူနည်းစုအတွက်သာမဟုတ် လူသားအားလုံးအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိကိုယ်ကိုစွန့်တော်မူပြီ။ (ယောဟန် ၃:၁၆၊ ကဘ) လာလတ္တံ့သော တရားစီရင်ရာအချိန်တွင် ဆိတ်အဖြစ်မဟုတ်ဘဲ သိုးအဖြစ်စီရင်ခံရရန် အရည်အချင်းပြည့်မီဖို့ လိုအပ်သလိုပြုလုပ်နိုင်ကြရန် လူတို့ကိုအကူအညီပေးဖို့ အရေးကြီးပါသည်။—မဿဲ ၂၅:၃၁-၄၆။

၁၂ စစ်မှန်သောခရစ်ယာန်ဘာသာတရားကို ထိမ်ဝှက်ထားရန်မဟုတ်; ဖြစ်နိုင်သည့်နည်း ရှိရှိသမျှဖြင့် ယင်းကိုပေါ်လွင်ထင်ရှားစေရမည်ဖြစ်သည်။ ယေရှုကိုယ်တော်တိုင် ပုံသက်သေကောင်း ချမှတ်ထားတော်မူခဲ့သည်။ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော်တို့ကိုလည်းကောင်း၊ ဒေသနာတော်ကိုလည်းကောင်း အကြောင်းပြု၍ ကိုယ်တော်အား မေးမြန်းစစ်ကြောသောအခါ ကိုယ်တော်က “ငါသည် လောက၌ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့စုဝေးရာ တရားဇရပ်၌လည်းကောင်း၊ ဗိမာန်တော်၌လည်းကောင်း အစဉ်မပြတ် ဆုံးမသြဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။” (ယောဟန် ၁၈:၁၉၊ ၂၀) ဤအစဉ်အလာကိုထောက်ရှု၍ ဘုရားသခင်ကိုကြောက်ရွံ့သော အဘယ်သူသည် လူသိရှင်ကြား ဖြစ်စေရမည်ဟု ဘုရားသခင်ကြေညာထားသည့်အကြောင်းကို လျှို့ဝှက်ထားဝံ့မည်နည်း။ ထာဝရအသက်သို့ပို့ဆောင်သည့် “ပညာဖွင့်သောသော့” ကိုမည်သူဝှက်ထားဝံ့မည်နည်း။ ထိုသို့ပြုခြင်းက ပထမရာစု [ခရစ်ယာန်] ဘာသာရေးအရေခြုံများနှင့် သူ့အားတူသွားစေပါမည်။—လုကာ ၁၁:၅၂; ယောဟန် ၁၇:၃။

၁၃။ အခွင့်အရေးရတိုင်း အဘယ်ကြောင့်ဟောပြောသင့်သနည်း။

၁၃ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကို လျှို့ဝှက်ထားခဲ့ပြီဟု မည်သူတစ်ဦးတစ်ယောက်မျှ ပြောဆိုစရာအကြောင်း မရှိပါလေစေနှင့်! သတင်းတရားကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းကို ဟောပြောခဲ့ကြောင်း လူတို့သိရှိကြရမည်။ (ယေဇကျေလ ၂:၅; ၃၃:၃၃ နှိုင်းယှဉ်။) ထို့ကြောင့် အဘယ်နေရာတွင်မဆို တွေ့ဆုံစေကာမူ လူအပေါင်းအား သမ္မာတရားသတင်း ဟောပြောခွင့်ရရှိသမျှကိုယူကြစို့လေ။

စာတန့်ပါးရိုးကို သံချိတ်နှင့်ချိတ်ခြင်း

၁၄။ ကျွန်ုပ်တို့၏ဝတ်ပြုရေးကို လွတ်လပ်ပွင့်လင်းစွာလုပ်ဆောင်ရန် အဘယ်ကြောင့်တွန့်ဆုတ်မနေသင့်သနည်း။

၁၄ နေရာများစွာတွင် ယေဟောဝါသက်သေများ၏သတင်းသည် စာနယ်ဇင်းတွင် ပိုမိုပါရှိနေပါသည်။ အစောပိုင်းခရစ်ယာန်များ၏အဖြစ်အပျက်နည်းတူ သူတို့သည် မကြာခဏအထင်လွဲခံရကြပြီး သံသယဖြစ်ဖွယ်ရှိသော ဘာသာရေးအယူသီးဂိုဏ်းများ၊ လျှို့ဝှက်အဖွဲ့အစည်းများနှင့် တစ်တန်းတစ်စားတည်း ထားခံရကြသည်။ (တမန်တော် ၂၈:၂၂) ကျွန်ုပ်တို့ပွင့်လင်းစွာဟောပြောနေကြခြင်းက အတိုက်အခံပြုခံရစရာအကြောင်း ပိုများစေမည်လော။ အချေအတင် အငြင်းပွားမှုထဲ ဝင်စွက်ခြင်းသည် အမှန်ပညာမဲ့ပြီး ယေရှု၏ဆုံးမစကားနှင့်အညီ ပြုလုပ်ရာကျမည်မဟုတ်ပါ။ (သု. ၂၆:၁၇; မဿဲ ၁၀:၁၆) သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်း အကျိုးပြုလုပ်ငန်းနှင့် မိမိတို့ဘဝကို တိုးတက်စေရန် ကူညီပေးခြင်းတို့ကို လျှို့ဝှက်မထားရကြပါ။ ယင်းသည် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေပြီး ကိုယ်တော့်အား ချီးမြှင့်၍ ကိုယ်တော်ကိုလည်းကောင်း၊ တည်ထောင်လျက်ရှိသော ကိုယ်တော်၏နိုင်ငံတော်ကိုလည်းကောင်း အာရုံစူးစိုက်စေသည်။ မကြာမီက အရှေ့ဥရောပနှင့် အာဖရိကရှိ အချို့ဒေသများတွင် ကျမ်းစာသမ္မာတရားကို အားရစရာကောင်းလောက်အောင် တုံ့ပြန်ခြင်းက ထိုနေရာဒေသများ၌ သမ္မာတရားကို ယခုပိုမိုလွတ်လပ်စွာ ဟောပြောနိုင်ခြင်းကြောင့်ဖြစ်သည်။

၁၅၊ ၁၆။ (က) ကျွန်ုပ်တို့၏ လွတ်လပ်ပွင့်လင်းမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ ကြွယ်ဝချမ်းသာမှုက အဘယ်အမှုများကို ဖြစ်ပေါ်စေသနည်း။ သို့သော် ယင်းသည် စိုးရိမ်စရာအကြောင်းလော။ (ခ) ယေဟောဝါသည် စာတန့်ပါးရိုးကို အဘယ်ကြောင့်သံချိတ်နှင့်ချိတ်တော်မူသနည်း။

၁၅ ယေဟောဝါသက်သေများသည် လွတ်လပ်ပွင့်လင်းစွာ ဟောပြောနေကြကြောင်း၊ ဝိညာဉ်ရေးဆိုင်ရာ ပရဒိသုတွင် သူတို့ပျော်မွေ့နေကြကြောင်းနှင့် လူအင်အားအရလည်းကောင်း၊ ဥစ္စာပစ္စည်းအရလည်းကောင်း သူတို့တိုးတက်ကြီးပွားနေကြကြောင်းကို လူအများသိဖြစ်နေသည်ကား အမှန်ပင်။ ၎င်းအဖြစ်မှန်တို့သည် စိတ်နှလုံးရိုးသားသူများအတွက် ဆွဲဆောင်မှုဖြစ်မည်မှန်သော်လည်း အတိုက်အခံပြုသူများအတွက်မူကား ပို၍မနှစ်မြို့စရာအကြောင်းဖြစ်မည်။ (၂ ကောရိန္သု ၂:၁၄-၁၇) အမှန်အားဖြင့် ယင်းအချက်သည် ဘုရားသခင့်လူများကို စာတန့်အဖွဲ့အစည်းက တိုက်ခိုက်ရန် သွေးဆောင်မှုဖြစ်နိုင်သည်။

၁၆ ၎င်းသည် စိုးရိမ်စရာအကြောင်းဖြစ်သင့်သလော။ ယေဇကျေလအခန်းကြီး ၃၈ တွင်ပါသော ယေဟောဝါ၏ပရောဖက်ပြုချက်အရ စိုးရိမ်စရာမဟုတ်ပါ။ ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီးနောက် မြေကြီးဝန်းကျင်သို့ နှင်ချခံခဲ့ရသော စာတန်မာရ်နတ်ကို သရုပ်ဖော်သည့် မာဂေါဂပြည်က ဂေါဂမင်းသည် ဦးစီးဦးဆောင်ပြီး ဘုရားသခင့်လူများကို တိုက်လှန်မည်ဟု ကြိုတင်ဟောထားသည်။ (ဗျာဒိတ် ၁၂:၇-၉) ယေဟောဝါက ဂေါဂမင်းအား “သင်သည် ‘ရွာဇနပုဒ်များသောပြည်၊ မြို့ရိုးမရှိ၊ တံခါးကျင်နှင့်တံခါးမရှိ၊ စိုးရိမ်စရာအကြောင်း အလျှင်းမရှိ၊ ငြိမ်ဝပ်သောပြည်သားတို့ရှိရာသို့ ငါချီသွား၍၊ သူတို့ဥစ္စာကိုငါသိမ်းယူမည်။ အရင်ဆိတ်ညံ၍ ယခုနေသောအရပ်တို့၌လည်းကောင်း၊ လူအမျိုးမျိုးထဲက စုဝေးသဖြင့် တိရစ္ဆာန်များနှင့် ဥစ္စာများကိုရတတ်၍၊ ပြည်အလယ်၌နေသော သူတို့ကိုလည်းကောင်း တိုက်မည်’ ဟုကြံစည်လိမ့်မည်။” (ယေဇကျေလ ၃၈:၁၁၊ ၁၂) ဘုရားသခင်၏လူများသည် ဤတိုက်လှန်မှုကို ကြောက်ရွံ့စရာမလိုကြောင်း၊ ယင်းသည် ဘုရားသခင့်အမှုဖြစ်တော်မူကြောင်း အခန်းငယ် ၄ ကဖော်ပြသည်။ သို့သော် ဘုရားသခင်သည် ကိုယ်တော်၏လူများကို မီးကုန်ယမ်းကုန်တိုက်ခိုက်ဖို့ အဘယ်ကြောင့်ခွင့်ပြု—လှုံ့ဆော်ပင် လှုံ့ဆော်ပေး—ရသနည်း။ အခန်းငယ် ၂၃ တွင် ယေဟောဝါ၏အဖြေကို ဤသို့ဖတ်ရှုရ၏– “ထိုသို့ငါသည်ကိုယ်ကိုချီးမြှောက်၍ ရိုသေဖွယ်သောဂုဏ်လက္ခဏာပြလျက်၊ များစွာသောလူမျိုးတို့ရှေ့မှာ ထင်ရှားသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟုမိန့်တော်မူ၏။”

၁၇။ ရောက်ရှိလုဆဲဆဲ ဂေါဂ၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။

၁၇ သို့ဖြစ်သောကြောင့် ယေဟောဝါ၏လူများသည် ဂေါဂ၏တိုက်ခိုက်မှုကို ကြောက်ရွံ့နေမည့်အစား သမ္မာကျမ်းစာ၏ထပ်ဆင့်ပြည့်စုံချက်ကို စောင့်မျှော်နေကြပါသည်။ ယေဟောဝါသည် ကိုယ်တော်၏ မျက်မြင်ရအဖွဲ့အစည်းကို တိုးတက်ကြီးပွားစေရန် ကောင်းချီးပေးခြင်းအားဖြင့် စာတန်၏ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီး သူနှင့်သူ၏ဗိုလ်ခြေကို ပျက်စီးစေမည့်အကြောင်း သိရခြင်းသည် အမှန်ပီတိဖြစ်စရာပါတကား!—ယေဇကျေလ ၃၈:၄။

ယခင်ကထက် ယခု သာ၍ထင်ရှား!

၁၈။ (က) လူများစွာတို့သည် ယခုအဘယ်အရာကို အသိအမှတ်ပြုနေကြပြီနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းကို တုံ့ပြန်ပုံက ဩဇာရှိသော လှုံ့ဆော်မှုတစ်ခု မည်သို့ဖြစ်စေသနည်း။

၁၈ ယေဟောဝါသက်သေများ၏ သမ္မာကျမ်းစာအခြေခံရှုမြင်ချက်များကို အများစုက လက်မခံနိုင်ကြသော်လည်း မျက်မှောက်ခေတ်တွင် ယင်းတို့ကို သူတို့အလွန်ပွင့်လင်းစွာ ဟောပြောတင်ပြလာခဲ့ကြပြီ။ သူတို့သည် ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါး အလွဲသုံးစွဲခြင်း၏အန္တရာယ်၊ ပေါက်လွှတ်ပဲစား ကလေးလေ့ကျင့်မှု၏ အမြော်အမြင်နည်းခြင်း၊ တရားမဝင်လိင်ဆက်ဆံမှုနှင့် အဓမ္မမှုတို့ကိုအသားပေး အပန်းဖြေခြင်းတို့၏ ဆိုးကျိုးနှင့် သွေးသွင်းခြင်းအန္တရာယ်များကို ဆယ်စုနှစ်များစွာကြာ သတိပေးလာခဲ့ကြပြီ။ ဆင့်ကဲသီအိုရီ၏ ရှေ့နောက်မညီညွတ်မှုကိုလည်း သူတို့ထောက်ပြခဲ့ကြပြီ။ “တကယ်တော့ ယေဟောဝါသက်သေတွေ မမှားဘူး” ဟုယခုပြောဆိုနေကြသူအရေအတွက် တိုးများလာပေပြီ။ ကျွန်ုပ်တို့သာ မိမိတို့၏ခံယူချက်များကို ဤမျှပွင့်လင်းစွာ မတင်ပြခဲ့ပါမူ ထိုသို့သူတို့တုံ့ပြန်ခဲ့ကြမည်မဟုတ်ပေ။ ထိုသို့သူတို့ပြောဆိုကြခြင်းအားဖြင့် “စာတန်၊ မင်းဟာ မုသားကောင်ပဲ; တကယ်တော့ ယေဟောဝါရဲ့စကားဟာ မှန်တယ်” ဟုသူတို့ဝန်ခံရာကျသည်။ သမ္မာတရားကို လူသိရှင်ကြားဟောပြောသည့် ယေရှု၏ပုံသက်သေကို ကျွန်ုပ်တို့အဆက်မပြတ် လိုက်လျှောက်ကြရန် အမှန်ပင်သြဇာရှိသော လှုံ့ဆော်မှုပါတကား!—သု. ၂၇:၁၁။

၁၉၊ ၂၀။ (က) ၁၉၂၂ ခုနှစ်တွင် ယေဟောဝါ၏လူများသည် အဘယ်ဆုံးဖြတ်ချက်ချခဲ့သနည်း။ ထိုစကားများသည် ယနေ့ထိတိုင် သက်ဆိုင်နေသေးသလော။ (ခ) ယေဟောဝါ၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုမည်သို့သဘောထားသင့်သနည်း။

၁၉ ယင်းနှင့်ပတ်သက်သည့် မိမိတို့၏တာဝန်ကို ယေဟောဝါ၏လူများ သဘောပေါက်သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ၁၉၂၂ ခုနှစ်က မှတ်သားဖွယ်စည်းဝေးကြီးတစ်ခုတွင် ထိုစဉ်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်က “တည်ငြိမ်ကြ၊ သတိရှိကြ၊ တက်ကြွလှုပ်ရှားနေကြ၊ သတ္တိရှိကြပါ။ သခင်၏သစ္စာတည်မြဲသော သက်သေခံအစစ်အမှန်ဖြစ်ကြပါ။ ဗာဗုလုန် အစအနမကျန်ကြွင်းသည်အထိ ချီတက်ကြပါလေ။ သတင်းတရားကို နေရာအနှံ့ ကြားပြောကြ။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၍ ယေရှုခရစ်သည် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် ဖြစ်တော်မူကြောင်း ကမ္ဘာသားတို့ သိရှိကြရမည်။ ဤကား နေ့ရက်တကာတို့၏နေ့ရက်ပါ။ ကြည့်ရှုလော့။ ဘုရင်စိုးစံလေပြီ! သင်တို့သည် ကိုယ်တော်၏ လူသိရှင်ကြားကိုယ်စားလှယ်တော်များဖြစ်ကြ၏။ ထိုကြောင့် ဘုရင်နှင့်ကိုယ်တော်၏နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ။”

၂၀ ဤစကားများသည် ၁၉၂၂ ခုနှစ်က အရေးကြီးခဲ့သကဲ့သို့ပင် နောင်နှစ်ပေါင်း ၇၅ နှစ်အချိန်၊ တရားသူကြီးနှင့် လက်စားချေသူအဖြစ် ခရစ်တော်ပေါ်ထွန်းခြင်း ပိုမိုနီးကပ်နေချိန်တွင် သာ၍အရေးကြီးမည်မှာအမှန်! ယေဟောဝါ၏တည်ထောင်လျက်ရှိသောနိုင်ငံတော်နှင့် ဘုရားသခင့်လူမျိုးပျော်မွေ့သော ဝိညာဉ်ရေးပရဒိသုဆိုင်ရာ သတင်းတရားသည် အမှန်တကယ်ပင် ကြီးမြတ်ခမ်းနားလွန်းသည့် “မြင့်မြတ်သောလျှို့ဝှက်ချက်” ဖြစ်သောကြောင့် သိုသိပ်ထိမ်ဝှက်၍မထားနိုင်ကြပါ။ ယေရှုကိုယ်တော်တိုင် အတိအလင်းမိန့်တော်မူခဲ့သကဲ့သို့ပင် တပည့်နောက်လိုက်တော်များသည် ယေဟောဝါ၏ထာဝရရည်ရွယ်တော်မူချက်တွင် ကိုယ်တော်၏အဓိကကဏ္ဍအကြောင်းကို “မြေကြီးစွန်းတိုင်အောင်” သန့်ရှင်းသောဝိညာဉ်တော်အကူအညီဖြင့် ဟောပြောကြရမည်ဖြစ်သည်။ (တမန်တော် ၁:၈; ဧဖက် ၃:၈-၁၂) အမှန်မှာ နက်နဲရာများကို ဖွင့်ပြတော်မူသော ယေဟောဝါ၏ ကျေးကျွန်များအဖြစ် ဤလျှို့ဝှက်နက်နဲရာကို ကျွန်ုပ်တို့ မဖော်ထုတ်မပြောဆိုဘဲ မနေဝံ့ကြပါတကား!

သင်မည်သို့ဖြေဆိုမည်နည်း

◻ “မြင့်မြတ်သောလျှို့ဝှက်ချက်” ကားအဘယ်နည်း။

◻ ၎င်းကို လူသိရှင်ကြား ဖြစ်စေရမည်အကြောင်း မည်သို့သိရှိရသနည်း။

◻ ယေဟောဝါ၏လူများကို ဂေါဂတိုက်ခိုက်ရန် အဘယ်အကြောင်းက ဖြစ်ပေါ်စေသနည်း။ ယင်းကို မည်သို့သဘောထားသင့်သနည်း။

◻ ကျွန်ုပ်တို့တစ်ဦးစီသည် အဘယ်သို့ပြုမူရန် စိတ်ဆုံးဖြတ်ထားသင့်သနည်း။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

တဖြည်းဖြည်း ထင်ရှားလာသည့် “မြင့်မြတ်သောလျှို့ဝှက်ချက်”

◻ ဘီ.စီ.အီး. ၄၀၂၆ နောက်ပိုင်း– စာတန်ကိုဖျက်ဆီးမည့် မျိုးနွယ်တော်ကို ပေါ်ထွန်းစေမည်ဟု ဘုရားသခင်ကတိပြု။—ကမ္ဘာဦး ၃:၁၅

◻ ဘီ.စီ.အီး. ၁၉၄၃– မျိုးနွယ်တော်သည် အာဗြဟံမှဆင်းသက်မည်ဟုကတိရှိသော အာဗြဟံပဋိညာဉ် တရားဝင်ဖြစ်လာ။—ကမ္ဘာဦး ၁၂:၁-၇

◻ ဘီ.စီ.အီး. ၁၉၁၈– ပဋိညာဉ်၏အမွေခံအဖြစ် ဣဇာက်မွေးဖွားလာ။—ကမ္ဘာဦး ၁၇:၁၉; ၂၁:၁-၅

◻ ဘီ.စီ.အီး. ၁၇၈၁ ခန့်– ဣဇာက်၏သား ယာကုပ်မှတစ်ဆင့် မျိုးနွယ်တော် ပေါ်ထွန်းရန်ယေဟောဝါအတည်ပြု။—ကမ္ဘာဦး ၂၈:၁၀-၁၅

◻ ဘီ.စီ.အီး. ၁၇၁၁– မိမိ၏သား ယုဒမှတစ်ဆင့် မျိုးနွယ်တော် ပေါ်ထွန်းမည်ဟု ယာကုပ်တင်ပြခဲ့။—ကမ္ဘာဦး ၄၉:၁၀

◻ ဘီ.စီ.အီး. ၁၀၇၀–၁၀၃၈– မျိုးနွယ်တော်သည် မိမိ၏မျိုးစဉ်မျိုးဆက်ဖြစ်ပြီး ဘုရင်အဖြစ် ထာဝစဉ်အုပ်စိုးလိမ့်မည်ဟု ဒါဝိဒ်မင်းကြီး သိရှိလာ။—၂ ဓမ္မရာဇဝင် ၇:၁၃-၁၆; ဆာလံ ၈၉:၃၅၊ ၃၆

◻ စီ.အီး. ၂၉–၃၃– ယေရှုသည် မျိုးနွယ်တော်၊ မေရှိယ၊ တရားစီရင်သောသခင်၊ မင်းလောင်းမင်းလျာအဖြစ် ခွဲခြားဖော်ပြခံရ။—ယောဟန် ၁:၁၇; ၄:၂၅၊ ၂၆; တမန်တော် ၁၀:၄၂၊ ၄၃; ၂ ကောရိန္သု ၁:၂၀; ၁ တိမောသေ ၃:၁၆

◻ မိမိမှာ တွဲဖက်ဘုရင်များနှင့် တရားသူကြီးများရှိမည်၊ ကောင်းကင်နိုင်ငံမှာ မြေကြီးလက်အောက်ခံများရှိမည်၊ မိမိ၏တပည့်နောက်လိုက်အားလုံးသည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသူများဖြစ်လိမ့်မည်ဟု ယေရှုဖော်ပြ။—မဿဲ ၅:၃-၅; ၆:၁၀; ၂၈:၁၉၊ ၂၀; လုကာ ၁၀:၁-၉; ၁၂:၃၂; ၂၂:၂၉၊ ၃၀; ယောဟန် ၁၀:၁၆; ၁၄:၂၊ ၃

◻ ကမ္ဘာ့အခြေအနေများက ထောက်ခံသည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်သည် သတ်မှတ်ထားချိန်တွင် တည်ထောင်လိမ့်မည်အကြောင်း ယေရှုဖော်ပြ။—မဿဲ ၂၄:၃-၂၂; လုကာ ၂၁:၂၄

◻ စီ.အီး. ၃၆– ဂျူးမဟုတ်သူများလည်း ဘုရားသခင့်နိုင်ငံတော် အမွေစားအမွေခံများ ဖြစ်လာကြမည်ဟု ပေတရုသိရှိလာ။—တမန်တော် ၁၀:၃၀-၄၈

◻ စီ.အီး. ၅၅– ဘုရားသခင့်နိုင်ငံတော် အမွေစားအမွေခံများသည် ခရစ်တော်ရောက်ရှိချိန်အတွင်း မပုပ်မပျက်မသေနိုင်သောအဖြစ်သို့ ရှင်ပြန်ထမြောက်လိမ့်မည်ဟု ပေါလုရှင်းပြ။—၁ ကောရိန္သု ၁၅:၅၁-၅၄

◻ စီ.အီး. ၉၆– ဘိသိက်ခံတပည့်နောက်လိုက်များကို အုပ်စိုးနေတော်မူသော ယေရှုက ၎င်းတို့၏အရေအတွက်သည် နောက်ဆုံးတွင် ၁၄၄,၀၀၀ ဖြစ်လာလိမ့်မည်ဟု ဖော်ပြ။—ဧဖက် ၅:၃၂; ကောလောသဲ ၁:၁၃-၂၀; ဗျာဒိတ် ၁:၁; ၁၄:၁-၃

◻ စီ.အီး. ၁၈၇၉– ဘုရားသခင်၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” ပြီးပြည့်စုံခြင်းတွင် ၁၉၁၄ ခုနှစ်သည် အလွန်အရေးပါသောနှစ်ဖြစ်ကြောင်း ဇိအုန်ကင်းမျှော်စင်က ညွှန်ပြ

◻ စီ.အီး. ၁၉၂၅– ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော် တည်ထောင်ခဲ့ကြောင်း ကင်းမျှော်စင်ကရှင်းပြ; ဘုရားသခင့်နိုင်ငံတော်၏ “မြင့်မြတ်သောလျှို့ဝှက်ချက်” ကိုလူသိရှင်ကြား ဖြစ်စေရမည်။—ဗျာဒိတ် ၁၂:၁-၅၊ ၁၀၊ ၁၇

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများသည် သူတို့၏ခေါင်းဆောင် ယေရှုနည်းတူယေဟောဝါ၏နိုင်ငံတော်သတင်းကို ကြေညာကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ