ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၀/၁၅ စာ. ၁၂-၁၇
  • သင့်စိတ်နှလုံးထဲမှ ခွင့်လွှတ်လော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်စိတ်နှလုံးထဲမှ ခွင့်လွှတ်လော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခွင့်လွှတ်မှုလိုအပ်—ခွင့်လွှတ်ခံရ
  • ခွင့်လွှတ်ခြင်း၌ ကြိုးစားကြဖို့လို
  • အသင့်အတင့်ရှိစေလော့—ခွင့်လွှတ်လော့
  • ‘အချင်းချင်း အပြစ်ကိုလွှတ်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အကြွင်းမဲ့ ခွင့်လွှတ်ကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • အဘယ်ကြောင့်ခွင့်လွှတ်လိုစိတ်ရှိသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါကဲ့သို့ သင်ခွင့်လွှတ်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၀/၁၅ စာ. ၁၂-၁၇

သင့်စိတ်နှလုံးထဲမှ ခွင့်လွှတ်လော့

“သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက်အပြစ်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏အဘသည်ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတ္တံ့။”—မဿဲ ၁၈:၃၅။

၁၊ ၂။ (က) အပြစ်သားဟု ကောင်းစွာသိရှိခံရသူတစ်ဦးသည် ယေရှုအားလေးမြတ်ကြောင်း မည်သို့တင်ပြခဲ့သနည်း။ (ခ) ယေရှုတုံ့ပြန်ရာ၌ အဘယ်အချက်ကို ထောက်ပြခဲ့သနည်း။

သူသည် ဘာသာရေးကိုင်းရှိုင်းသူတစ်ဦး၏အိမ်၌ တွေ့ရလိမ့်မည်ဟု မမျှော်လင့်သည့် ပြည့်တန်ဆာတစ်ဦးဖြစ်တန်ရာ၏။ ထိုတွင် သူ့ကိုတွေ့ရ၍တချို့အံ့သြကြမည်ဆိုလျှင် သူ့လုပ်ရပ်ကို ပို၍အံ့သြကြပေမည်။ သူသည် အမြင့်မားဆုံးကျင့်ဝတ်ရှိသူအမျိုးသားတစ်ဦးထံချဉ်းကပ်ပြီး မျက်ရည်နှင့်ခြေဆေးပေး၍ ဆံပင်နှင့်သုတ်ပေးကာ ထိုသူ၏လုပ်ရပ်များကိုလေးမြတ်ကြောင်းဖော်ပြခဲ့သည်။

၂ ထိုအမျိုးသားယေရှုသည် “ဆိုးသောသူ” ဟုမြို့တွင်း၌သိရှိထားကြသည့် ဤအမျိုးသမီးကို မငြင်းပယ်ခဲ့ပါ။ သို့သော် အိမ်ရှင်ဖြစ်သူဖာရိရှဲရှိမုန်မူကား ထိုသူသည် အပြစ်ပြုခဲ့သူဖြစ်၍ ပူပန်ခဲ့သည်။ ယေရှုက ကြွေးရှင်တစ်ဦးထံ အကြွေးတင်သူနှစ်ဦးအကြောင်းပြောပြခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ တစ်ဦးသည် နှစ်နှစ်လုပ်အားခနှင့်ညီမျှသည့် များစွာသောအကြွေးကိုတင်၏။ နောက်တစ်ဦးမူ ထိုငွေ၏ဆယ်ပုံတစ်ပုံဖြစ်သော သုံးလစာထက်နည်းသည့် အကြွေးတင်ခဲ့၏။ ပြန်မဆပ်နိုင်သောအခါ ကြွေးရှင်က “ထိုသူနှစ်ယောက်တို့ကို အချည်းနှီးလွှတ်၏။” ပို၍ခွင့်လွှတ်ခံရသူသည် မေတ္တာဖြင့် တုံ့ပြန်စရာပိုများသည်မှာ ရှင်းနေပါသည်။ ထိုအမျိုးသမီး၏ကြင်နာသောလုပ်ရပ်နှင့်ဆက်စပ်ပြီးနောက် ယေရှုက ဤမူကိုထပ်ဆင့်ခဲ့သည်– “အနည်းငယ်သောအပြစ်လွတ်သောသူသည် အနည်းငယ်မျှသာချစ်တတ်သည်။” ထို့နောက် ကိုယ်တော်က သူ့ကိုဤသို့ဆိုခဲ့သည်– “သင်သည်အပြစ်တို့နှင့်လွတ်လေပြီ။”—လုကာ ၇:၃၆-၄၈။

၃။ မိမိကိုယ်တိုင်အကြောင်း အဘယ်အရာကိုသုံးသပ်ရန် လိုသနည်း။

၃ ‘ငါသာ အဲဒီအမျိုးသမီးဖြစ်ခဲ့လို့၊ ဒါမှမဟုတ် ငါသာ အဲသလိုအခြေအနေမျိုးကြုံခဲ့လို့ ကရုဏာပြခံရမယ်ဆိုရင် ငါကကော တခြားသူတွေကို ခက်ခက်ထန်ထန်နဲ့ ခွင့်မလွှတ်ဘဲနေမလား‘ ဟုသင့်ကိုသင်မေးကြည့်ပါ။ ‘ဘယ်နေပါ့မလဲ!’ ဟုသင်ဖြေပေမည်။ သို့ငြားလည်း သင်သည် ခွင့်လွှတ်လိုစိတ်ရှိသည်ဟု အမှန်တကယ်ယုံသလော။ ယင်းသည် သင်၏ပင်ကိုစိတ်သဘောလော။ သင်သည် လိုလိုလားလားခွင့်လွှတ်တတ်သဖြင့် သင့်အား ခွင့်လွှတ်တတ်သူဟု အခြားသူများက ဆိုကြပါမည်လော။ ကျွန်ုပ်တို့တစ်ဦးစီသည် ယင်းကိစ္စနှင့်ပတ်သက်၍ မိမိကိုယ်ကို အဘယ်ကြောင့်ပွင့်ပွင့်လင်းလင်း၊ ဂရုတစိုက်ဆန်းစစ်သင့်ကြောင်းကို သုံးသပ်ကြည့်ကြစို့။

ခွင့်လွှတ်မှုလိုအပ်—ခွင့်လွှတ်ခံရ

၄။ မိမိကိုယ်တိုင်နှင့်ပတ်သက်၍ အဘယ်အချက်ကို ကျွန်ုပ်တို့ဝန်ခံသင့်သနည်း။

၄ သင်မစုံလင်ကြောင်းကို သင်ကောင်းစွာသိထား၏။ အသင် မေးမြန်းခံရလျှင် မှန်၏ဟု ဝန်ခံပင်ဝန်ခံကာ ၁ ယောဟန် ၁:၈ တွင်ပါသောဤစကားများကို ပြန်သတိရကောင်းရပေမည်– “‘ကိုယ်အပြစ်မရှိ’ ဟုငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။” (ရောမ ၃:၂၃; ၅:၁၂) လူတချို့သည် ကြီးမား၊ စက်ဆုပ်ဖွယ်အပြစ်များပြုခြင်းဖြင့် အပြစ်ထင်ရှားခဲ့ပေမည်။ သို့သော် သင်သည် ထိုသို့သောအပြစ်ကိုပြုမိပြီဟုမသိသည့်တိုင် ဘုရားသခင့်စံနှုန်းများကိုမမီသည့်—သင်ပြစ်မှားခဲ့သည့် အကြိမ်ပေါင်းနှင့် နည်းလမ်းပေါင်းများစွာ အမှန်တကယ်ရှိ၏။ ယင်းသည် မမှန်ပေလော။

၅။ ဘုရားသခင်အား အဘယ်အရာအတွက် ကျေးဇူးတင်သင့်သနည်း။

၅ ထို့ကြောင့် သင့်အခြေအနေသည် တမန်တော်ပေါလု၏ဖော်ပြချက်နှင့် ကိုက်ညီနေပေမည်– “ဒုစရိုက်အပြစ်၌လည်းကောင်း၊ ဇာတိပကတိ၏အရေဖျားလှီးခြင်းကိုမခံသောအဖြစ်၌လည်းကောင်း သေလျက်ရှိနေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။” (ကောလောသဲ ၂:၁၃; ဧဖက် ၂:၁-၃) “အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏” ဟူသောစကားစုကိုသတိပြုပါ။ ထိုတွင် များစွာပါဝင်၏။ ကျွန်ုပ်တို့တစ်ဦးစီသည် ဒါဝိဒ်ကဲ့သို့ ဤသို့အသနားခံစရာ အကြောင်းကောင်းရှိသည်– “အိုထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။”—ဆာလံ ၂၅:၁၁။

၆။ ယေဟောဝါနှင့်ပတ်သက်၍ဖြစ်စေ၊ ခွင့်လွှတ်မှုနှင့်ပတ်သက်၍ဖြစ်စေ အဘယ်အရာကို ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။

၆ သင်—သို့မဟုတ် ကျွန်ုပ်တို့မည်သူမဆို—သည် မည်သို့ခွင့်လွှတ်ခံရနိုင်သနည်း။ အဓိကအချက်တစ်ချက်မှာ ယေဟောဝါသည် ခွင့်လွှတ်လိုသည့်သဘောရှိခြင်းဖြစ်သည်။ ယင်းသည် ကိုယ်တော်၏ထူးခြားသောဂုဏ်ရည်တော်တစ်ခုဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆၊ ၇; ဆာလံ ၈၆:၅) ထို့ကြောင့်ပင် ဘုရားသခင်ထံဆုတောင်း၍ ခွင့်လွှတ်တော်မူရန်တောင်းဆိုဖို့ ကိုယ်တော်မျှော်လင့်သည်။ (၂ ရာဇဝင်ချုပ် ၆:၂၁; ဆာလံ ၁၀၃:၃၊ ၁၀၊ ၁၄) ထိုသို့ခွင့်လွှတ်နိုင်ရန်အတွက် တရားဝင်အခြေခံ—ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ—ကို ကိုယ်တော်စီစဉ်ခဲ့သည်။—ရောမ ၃:၂၄; ၁ ပေတရု ၁:၁၈၊ ၁၉; ၁ ယောဟန် ၄:၉၊ ၁၄။

၇။ အဘယ်နည်းဖြင့် ယေဟောဝါအား တုပလိုစိတ်ရှိသင့်သနည်း။

၇ အခြားလူသားများကို သင်မည်သို့ဆက်ဆံသင့်ကြောင်းပုံစံတစ်ခုကို ဘုရားသခင်၏လိုလိုလားလားခွင့်လွှတ်လိုခြင်းသဘော၌ တွေ့မြင်သင့်သည်။ ပေါလုသည် ယင်းကို အာရုံစိုက်၍ ဤသို့ရေးသားခဲ့သည်– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” (ဧဖက် ၄:၃၂) ပေါလု၏ဆိုလိုချက်က ဘုရားသခင်၏ပုံသက်သေမှ ကျွန်ုပ်တို့သင်ယူခြင်းပါဝင်ကြောင်း ယုံမှားဖွယ်မရှိချေ၊ အကြောင်းမှာ နောက်အခန်းငယ်က ဤသို့ဆက်ဆိုသည်– “ထိုသို့သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။” (ဧဖက် ၅:၁) ဆက်စပ်မှုကို သင်သိမြင်သလော။ ယေဟောဝါဘုရားသခင်သည် သင့်ကိုခွင့်လွှတ်တော်မူ၏၊ ထို့ကြောင့် ကိုယ်တော့်ကိုတုပပြီး “သနားစုံမက်ခြင်း၊ . . . အပြစ်လွှတ်ခြင်းရှိကြ” ရန်လိုကြောင်း ပေါလုအခိုင်အမာကျိုးကြောင်းဆင်ခြင်သည်။ သို့သော် “ငါအဲသလိုလုပ်နေသလား၊ ဒါဟာ ငါရဲ့သဘောသဘာဝမဟုတ်ရင် အဲဒီညွှန်ကြားချက်အတိုင်းကြိုးစားနေသလား၊ ခွင့်လွှတ်ခြင်းနဲ့ပတ်သက်ပြီး ဘုရားသခင်ကိုတကယ်ကြိုးစားတုပနေသလား’ ဟုသင့်ကိုသင်မေးပါ။

ခွင့်လွှတ်ခြင်း၌ ကြိုးစားကြဖို့လို

၈။ ကျွန်ုပ်တို့အသင်းတော်၏ဖွဲ့စည်းမှုနှင့်ပတ်သက်၍ အဘယ်အရာကိုအသိအမှတ်ပြုသင့်သနည်း။

၈ ခရစ်ယာန်အသင်းတော်တွင် ဘုရားရေးရာခွင့်လွှတ်ခြင်းလမ်းစဉ်ကို ကျင့်သုံးရသည့်အခါသမယနည်းမည်ဆိုလျှင် အလွန်ကောင်းပေမည်။ အမှန်မှာ ထိုသို့မဟုတ်ပေ။ ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် ယေရှု၏မေတ္တာလမ်းစဉ်ကို လိုက်လျှောက်ဖို့ကြိုးစားနေကြသည်မှာ မှန်ပါသည်။ (ယောဟန် ၁၃:၃၅; ၁၅:၁၂၊ ၁၃; ဂလာတိ ၆:၂) သူတို့သည် ဤ . . . လောက၏ တွေးခေါ်ပြောဆိုလုပ်ကိုင်ပုံများကိုစွန့်ပစ်ဖို့ ကြိုးစားခဲ့သည်မှာကြာခဲ့ပြီ၊ ကြိုးစားကြဆဲလည်းဖြစ်၏။ ဥပဓိရုပ်သစ်ကို သူတို့အမှန်ပင်ပြလိုကြ၏။ (ကောလောသဲ ၃:၉၊ ၁၀) သို့တိုင် ကမ္ဘာချီအသင်းတော်နှင့် ဒေသဆိုင်ရာအသင်းတော်တစ်ခုစီသည် မစုံလင်သောလူသားများနှင့် ဖွဲ့စည်းထားခြင်းဆိုင်ရာ ဖြစ်ရပ်မှန်ကို လျစ်လျူရှု၍မရနိုင်ချေ။ ခြုံငုံကြည့်သော် သူတို့သည် ယခင်ကထက်အမှန်ပင် ပို၍ကောင်းလာကြသော်လည်း မစုံလင်သူများဖြစ်ကြဆဲပင်။

၉၊ ၁၀။ ညီအစ်ကိုအချင်းချင်းပြဿနာများဖြစ်ပေါ်သောအခါ အဘယ်ကြောင့်မအံ့သြသင့်သနည်း။

၉ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများကြား၊ အသင်းတော်တွင် မစုံလင်မှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ဘုရားသခင်မိန့်မှာထား၏။ ဥပမာ၊ ကောလောသဲ ၃:၁၃ တွင်မှတ်တမ်းတင်ထားသော ပေါလု၏စကားများကို သုံးသပ်ကြည့်ပါ– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။”

၁၀ ဤတွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုဘုရားသခင်ခွင့်လွှတ်ခြင်းနှင့် သူတစ်ပါးကို ကျွန်ုပ်တို့က ခွင့်လွှတ်ဖို့လိုသည့်တာဝန်စပ်ကြား ဆက်စပ်မှုကိုသတိပေးခြင်းကား ထူးခြား၏။ ယင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ခုဖြစ်ရသနည်း။ အကြောင်းမှာ တစ်စုံတစ်ယောက်သည် “အပြစ်တင်စရာအခွင့်ရှိ” နိုင်ကြောင်း ပေါလုဝန်ခံထား၍ဖြစ်သည်။ ထိုသို့သောအကြောင်းများ ရှိမည်ဖြစ်ကြောင်းကို သူအသိအမှတ်ပြုခဲ့၏။ ပထမရာစုမှ ‘ကောင်းကင်ဘုံ၌သိုထားသောမျှော်လင့်ချက်’ ရှိထားသူ ခရစ်ယာန် ‘သန့်ရှင်းသူများ’ ကြား၌ပင် ၎င်းတို့ရှိခဲ့သည်။ (ကောလောသဲ ၁:၂၊ ၅) ထို့ကြောင့် “ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူ” ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက်မရရှိထားသည့် စစ်မှန်သောခရစ်ယာန်အများစုတွင် ထိုသို့မဟုတ်ဟု ကျွန်ုပ်တို့ထင်စရာအကြောင်းရှိသလော။ (ကောလောသဲ ၃:၁၂) ထို့ကြောင့် ကျွန်ုပ်တို့၏အသင်းတော်၌ အပြစ်တင်စရာအကြောင်းများ—တကယ် သို့မဟုတ် မှားသည်ဟုအထင်ရှိရာများအပေါ် စိတ်နာစရာများ—ရှိမည်ဆိုလျှင် တစ်ခုခုအကြီးအကျယ်မှားနေပြီဟု ကျွန်ုပ်တို့ကောက်ချက်မချသင့်ချေ။

၁၁။ အဘယ်အရာကိုသတိပြုရန် တပည့်တော်ယာကုပ်က နှိုးဆော်ထားသနည်း။

၁၁ ယေရှု၏မိတူဖကွဲညီ ယာကုပ်၏စကားများကလည်း ကျွန်ုပ်တို့၏ညီအစ်ကိုများကိုခွင့်လွှတ်ရန်လိုသော အခြေအနေများကို အခါအားလျော်စွာ တွေ့ကြုံနိုင်စရာရှိသည်ဟု ဖော်ပြထားသည်။ “သင်တို့တွင် အတတ်အလိမ္မာနှင့်ပြည့်စုံသောပညာရှိ တစ်စုံတစ်ယောက်ရှိလျှင် ထိုသူသည် ပညာ၏နူးညံ့သိမ်မွေ့ခြင်းနှင့်တကွ ကောင်းမြတ်သော ကျင့်ကြံပြုမူခြင်းအားဖြင့် မိမိအမှုတို့ကိုပြပါစေ။ သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် သမ္မာတရားကိုမုသာဖြင့် ဆန်၍မဝါကြွားကြနှင့်။” (ယာကုပ် ၃:၁၃၊ ၁၄) စစ်မှန်သောခရစ်ယာန်များ၏နှလုံးများ၌ “ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း” ရှိသည်ဟုဆိုခြင်းလော။ မှန်၏၊ ပထမရာစုအသင်းတော်၌ ထိုသို့ဖြစ်ခဲ့၍ ယနေ့လည်း ထိုသို့ဖြစ်လိမ့်မည်ဟု ယာကုပ်၏စကားများက ရှင်းလင်းစွာဖော်ပြထားသည်။

၁၂။ ရှေးဖိလိပ္ပိအသင်းတော်၌ အဘယ်ပြဿနာပေါ်ပေါက်ခဲ့သနည်း။

၁၂ ဖြစ်ရပ်မှန်တစ်ခုမှာ ပေါလုနှင့်အတူကြိုးစားအားထုတ်ခဲ့သောကြောင့် နာမည်ကောင်းရရှိထားကြသည့် ဘိသိက်ခံခရစ်ယာန်နှစ်ဦးနှင့်ပတ်သက်သည်။ ဖိလိပ္ပိအသင်းတော်မှ ဧဝေါဒိနှင့် သုန္တုတ်တို့အကြောင်း ဖတ်ဖူးပေမည်။ အသေးစိတ်အချက်အလက်များကို ဖော်ပြမထားသော်လည်း ဖိလိပ္ပိ ၄:၂၊ ၃ ကသူတို့စပ်ကြား၌ ပြဿနာအချို့ရှိခဲ့ကြောင်း ဖော်ပြ၏။ အဆင်အခြင်မဲ့သော၊ ကြင်နာမှုမဲ့သောစကား၊ မထီမဲ့မြင်ပြုသောဆက်ဆံရေး၊ သို့မဟုတ် သိသိသာသာပြိုင်ဆိုင်ရန်တွေ့ခြင်းဖြင့် ထိုပြဿနာအစပြုခဲ့ပါသလော။ မည်သို့ပင်ဖြစ်စေ ဝေးလံသောရောမတွင်ရှိ ပေါလုသည်ထိုသတင်းကိုကြားလိုက်ရသည်တိုင် ထိုအခြေအနေသည် ဆိုးဆိုးရွားရွားဖြစ်လာခဲ့၏။ ဝိညာဉ်ရေးညီအစ်မနှစ်ဦးကြားတွင် အေးစက်သည့်ဆက်ဆံရေးဖြစ်ပေါ်လာနိုင်ပြီး အစည်းအဝေးများ၌ တစ်ဦးကိုတစ်ဦးရှောင်နေခြင်း သို့မဟုတ် ၎င်းတို့၏မိတ်ဆွေများထံ တစ်ဖက်သားအကြောင်း မကောင်းပြောဆိုခြင်းတို့ဖြစ်လာစေနိုင်ပေသည်။

၁၃။ ဧဝေါဒိနှင့် သုန္တုတ်တို့သည် မည်သို့ပြေလည်ခဲ့ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့အတွက် အဘယ်သင်ခန်းစာပေးသနည်း။

၁၃ သင့်အသင်းတော်တွင် တချို့သူတို့စပ်ကြားဖြစ်ပေါ်ခဲ့သည့် သို့မဟုတ် သင်ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သည့် အလားတူအဖြစ်မျိုးကို သတိရစေသလော။ ထိုသို့သောပြဿနာတစ်ခုသည် ယခုပင် အနည်းနှင့်အများတည်ရှိနိုင်၏။ ကျွန်ုပ်တို့အဘယ်သို့ပြုလုပ်နိုင်မည်နည်း။ ရှေးခေတ်က အဖြစ်အပျက်တွင် “သခင်ဘုရား၌ သဘောတညီတညွတ်တည်း” ရှိကြဖို့ ထိုဆက်ကပ်အပ်နှံထားသောညီအစ်မနှစ်ဦးကို ပေါလုတိုက်တွန်းခဲ့သည်။ သူတို့သည် ကိစ္စကိုဆွေးနွေးရန်၊ ရှင်းလင်းပစ်ရန် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လိုလိုလားလားခွင့်လွှတ်ကာ ယေဟောဝါ၏ခွင့်လွှတ်တတ်သည့်သဘောထားကို အမှန်တကယ်တုပဖို့ သဘောတူခဲ့ကြပေမည်။ ဧဝေါဒိနှင့် သုန္တုတ်တို့သည် အောင်မြင်ခဲ့ကြသည်ဟု တွေးတောခြင်းမှတစ်ပါး အခြားမရှိ၍ ကျွန်ုပ်တို့လည်းအောင်မြင်နိုင်ပါသည်။ အဆိုပါခွင့်လွှတ်တတ်သည့်သဘောထားကို ယနေ့လည်း အောင်မြင်စွာကျင့်သုံးနိုင်ပါသည်။

အသင့်အတင့်ရှိစေလော့—ခွင့်လွှတ်လော့

၁၄။ စိတ်ဝမ်းကွဲမှုကို များသောအားဖြင့် ဗွေမယူခြင်းသည် အဘယ်ကြောင့်ဖြစ်နိုင်ပြီး အကောင်းဆုံးဖြစ်ရသနည်း။

၁၄ သင်သည် တခြားခရစ်ယာန်တစ်ဦးနှင့်ပြဿနာဖြစ်သောအခါ ခွင့်လွှတ်ရန် အမှန်အားဖြင့် အဘယ်အရာလိုသနည်း။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် ရိုးရှင်းသောနည်းတစ်ခုမရှိသော်လည်း သမ္မာကျမ်းစာက အထောက်အကူပြုသောပုံသက်သေများနှင့် လက်တွေ့ကျသောအကြံပြုချက်ကို ပေးထားသည်။ အဓိကအကြံပြုချက်တစ်ခုမှာ—လက်ခံလိုက်လျှောက်ဖို့ လွယ်ကူသည့်အရာမဟုတ်သော်လည်း—ထိုပြဿနာကိုမေ့ပစ်ရုံသာဖြစ်ကာ ဗွေမယူဖို့သာဖြစ်သည်။ ပြဿနာတစ်ခုဖြစ်ပေါ်လာသောအခါ ဧဝေါဒိနှင့် သုန္တုတ်တို့၏ကိစ္စ၌ကဲ့သို့ တစ်ယောက်စီက သူတစ်ဖက်သားသာမှား၏ သို့မဟုတ် အဓိကအပြစ်ရှိသည်ဟု ယူဆတတ်ကြသည်။ ထို့ကြောင့် ထိုသို့သောအခြေအနေမျိုး၌ တစ်ဖက်သားခရစ်ယာန်သာ အဓိကအပြစ်ရှိသည် သို့မဟုတ် အများဆုံးနစ်နာဆုံးရှုံးစေခဲ့သည်ဟု သင်ယူဆကောင်းယူဆပေမည်။ မည်သို့ဆိုစေကာမူ ခွင့်လွှတ်ခြင်းဖြင့် ချေဖျက်ပစ်လိုက်နိုင်သလော။ အကယ်၍ အခြားခရစ်ယာန်သည် အဓိကလုံးလုံးလျားလျားမှားသည်ဆိုဦးတော့—ယင်းသို့ဟုတ်ချင်မှလည်းဟုတ်မည်ဖြစ်ကာ—ယင်းကိစ္စကို ခွင့်လွှတ်ပြီးသော ပြီးဆုံးရာအဖြစ်အပြီးသတ်စေရန် အဓိကနေရာတွင် သင်ရှိနေသည်။

၁၅၊ ၁၆။ (က) ယေဟောဝါအကြောင်း မိက္ခာမည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဘုရားသခင်သည် “လွန်ကျူးခြင်းများကိုသည်းခံ” သည်ဟုဆိုခြင်းကား အဘယ်နည်း။

၁၅ ခွင့်လွှတ်ရာ၌ ကျွန်ုပ်တို့၏စံနမူနာအဖြစ် ဘုရားသခင်ကို မျက်ခြည်အပြတ်မခံဘဲနေကြစို့။ (ဧဖက် ၄:၃၂–၅:၁) အပြစ်ကို မှတ်မထားတတ်သည့် ကိုယ်တော်၏သဘောကို ပရောဖက်မိက္ခာက ဤသို့ရေးသားခဲ့သည်– “အပြစ်မှလွှတ်တော်မူထသော၊ ကျန်ကြွင်းသောအမွေတော်လူတို့၏လွန်ကျူးခြင်းများကို သည်းခံတော်မူထသော၊ ကရုဏာ [ကြင်နာသနားခြင်း] ၌မွေ့လျော်သောကြောင့် အစဉ်အမျက်ထွက်တော်မမူသော ကိုယ်တော်ကဲ့သို့ အဘယ်ဘုရားရှိပါသနည်း။”—မိက္ခာ ၇:၁၈။

၁၆ “လွန်ကျူးခြင်းများကိုသည်းခံတော်မူ” သောအရှင်ဟု ယေဟောဝါအားဆိုခြင်းဖြင့် သမ္မာကျမ်းစာက ကိုယ်တော်သည် အမှားများကိုပြန်မှတ်မိသည့်အစွမ်းမရှိ၊ သတိမေ့တတ်သည်ဟု ဆိုနေခြင်းမဟုတ်ချေ။ ကြီးလေးသောအမှားများကျူးလွန်ခဲ့ကြသည့် ရှံဆုန်နှင့် ဒါဝိဒ်တို့၏အဖြစ်အပျက်များကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် သူတို့၏အပြစ်များကို နောက်နောင်ကြာမြင့်စွာအထိမှတ်မိနိုင်၏; သမ္မာကျမ်းစာ၌ ယေဟောဝါမှတ်တမ်းတင်ထားစေခဲ့သောကြောင့် သူတို့၏အပြစ်တချို့ကို ကျွန်ုပ်တို့ပင်သိကြ၏။ သို့တိုင် ကျွန်ုပ်တို့၏ခွင့်လွှတ်တတ်သည့်ဘုရားသခင်သည် ထိုသူနှစ်ဦးကိုကရုဏာပြခဲ့ပြီး ကျွန်ုပ်တို့တုပရမည့် ယုံကြည်ခြင်းစံအဖြစ် ဖော်ပြထားသည်။—ဟေဗြဲ ၁၁:၃၂; ၁၂:၁။

၁၇။ (က) အခြားသူများ၏ အမှားများ သို့မဟုတ် ဗွေယူစရာများကိုလျစ်လျူရှုနိုင်ရန် မည်သို့သောအမြင်က ကူညီပေးနိုင်သနည်း။ (ခ) ထိုသို့ကြိုးစားပြုကြမည်ဆိုလျှင် ယေဟောဝါအားမည်သို့တုပနေမည်နည်း။ (အောက်ခြေမှတ်ချက်ရှု။)

၁၇ ယေဟောဝါသည် ဒါဝိဒ်ထပ်ခါတလဲတောင်းဆိုခဲ့သကဲ့သို့ပင် လွန်ကျူးခြင်းများကို ‘ပယ်တော်’a မူနိုင်၏။ (၂ ဓမ္မရာဇဝင် ၁၂:၁၃; ၂၄:၁၀) မစုံလင်သောလူသားများဖြစ်၍ ကျေးကျွန်ချင်းတို့ပြုမိသော မထီမဲ့မြင်ပြုမှုများနှင့် ဗွေယူစရာများတို့ကို ဤသို့ပယ်ရှားလိုက်ခြင်းအားဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့အတုယူနိုင်သလော။ သင်သည် ပြေးလမ်းတွင်အရှိန်ပြင်းပြင်းပြေးနေသည့် ဂျက်လေယာဉ်တစ်စင်းပေါ် ရှိနေသည်ဆိုကြပါစို့။ ပြေးလမ်းဘေးတွင် အသိတစ်ဦးသည် ကလေးဆန်ဆန် လျှာထုတ်ပြနေသည်ကိုတွေ့လိုက်ရ၏။ သူသည် စိတ်အနှောင့်အယှက်ဖြစ်နေကြောင်းသင်သိကာ သင့်ကိုရည်ရွယ်ခြင်းဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် သင့်ကိုလုံးဝမရည်ရွယ်ခြင်းလည်းဖြစ်ပေမည်။ မည်သို့ပင်ဆိုစေ လေယာဉ်သည် အမြင့်သို့ပျံတက်သွားသည်နှင့် ထိုသူမှာ ယခုအစက်အပြောက်မျှသာဖြစ်တော့သည်။ တစ်နာရီအတွင်း သင်သည်မိုင်ရာနှင့်ချီ၍ အဝေးသို့ရောက်သွားပြီး သူ၏စော်ကားသောအပြုအမူသည် သင့်နောက်အဝေးကြီးတွင်ကျန်ရစ်ခဲ့ပြီဖြစ်သည်။ အလားတူစွာ ကျွန်ုပ်တို့သည် ယေဟောဝါကဲ့သို့ဖြစ်ဖို့ကြိုးစားပြီး ထိခိုက်မှုကိုပညာရှိစွာလျစ်လျူရှုလိုက်မည်ဆိုလျှင် အကြိမ်များစွာခွင့်လွှတ်နိုင်ရန် အကူအညီရပါလိမ့်မည်။ (သု. ၁၉:၁၁) ယခုမှ ဆယ်နှစ် သို့မဟုတ် အနှစ်တစ်ထောင်အတွင်း အနှစ်နှစ်ရာကြာသော် မထီလေးစားပြုမူခံရမှုသည် အသေးအဖွဲဖြစ်သွားမည် မဟုတ်ပေလော။ ယင်းကို လျစ်လျူရှုလိုက်ပါလေ။

၁၈။ ဗွေယူစရာအကြောင်းတစ်ခုကို ကျွန်ုပ်တို့မဖယ်ရှားနိုင်လျှင် အဘယ်အကြံပြုချက်ကို လိုက်နာနိုင်သနည်း။

၁၈ သို့သော် သင်သည် အကြောင်းကိစ္စတစ်ခုနှင့်ပတ်သက်၍ ဆုတောင်းပြီး ခွင့်လွှတ်ဖို့ကြိုးစားခဲ့သော်လည်း ခွင့်မလွှတ်နိုင်ဟုခံစားရသည့် ဖြစ်တောင့်ဖြစ်ခဲသောအချိန်တစ်ချိန်ရှိပေမည်။ ထိုအခါ မည်သို့ပြုမည်နည်း။ ယေရှုက တစ်ဖက်သားထံသွားပြီး သင့်တင့်ငြိမ်သက်မှုရှိရန် နှစ်ယောက်တည်းကြိုးစားဖြေရှင်းဖို့ တိုက်တွန်းခဲ့သည်။ “ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။”—မဿဲ ၅:၂၃၊ ၂၄။

၁၉။ ညီအစ်ကိုနှင့်သင့်တင့်ဖို့ကြိုးစားစဉ် ကျွန်ုပ်တို့၌ အဘယ်သဘောရှိသင့်ပြီး အဘယ်သဘောကို ရှောင်သင့်သနည်း။

၁၉ သင်မှန်ပြီးသူမှားသည်ဟု သင့်ညီအစ်ကိုအား လက်ခံစေရန် ယေရှုသွားခိုင်းခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ သူမှားကောင်းမှားခဲ့ပေမည်။ ဖြစ်နိုင်သည်ကား နှစ်ဖက်စလုံးမှားပေမည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်သားကို မှားပါသည်ဟုဝန်ခံစေဖို့၊ ခယစေဖို့ ရည်ရွယ်ချက်မရှိသင့်ပေ။ ဤသဘောမျိုးဖြင့် ဖြေရှင်းဖို့ကြိုးစားမည်ဆိုလျှင်မအောင်မြင်ဖို့ကများ၏။ ဆွေးနွေးဖြေရှင်းရသည့်ရည်ရွယ်ချက်မှာ တကယ့် သို့မဟုတ် ထင်မြင်သည့်ပြစ်မှားမှု၏အသေးစိတ်အချက်အလက်တိုင်းကို ပြန်လည်သုံးသပ်ရန်မဖြစ်သင့်ပေ။ ခရစ်ယာန်မေတ္တာရှေ့ထား၍ အေးအေးဆေးဆေးဆွေးနွေးသည့်အခါ ပြဿနာ၏အဓိကအကြောင်းမှာ နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်းပေါ်လွင်လာသော် သင်တို့နှစ်ယောက်စလုံး ရှင်းလိုက်နိုင်သည်။ သို့သော် ဆွေးနွေးမှုသည် လုံးဝသဘောတူညီမှုမဖြစ်စေသည့်တိုင် ထိုသို့ဖြစ်ဖို့အမြဲလိုအပ်သလော။ ကျွန်ုပ်တို့၏ခွင့်လွှတ်တတ်သောဘုရားသခင်အား စိတ်ရိုးမှန်ဖြင့်နှစ်ဦးစလုံး ဝတ်ပြုလိုကြောင်းကို အနည်းဆုံးသင်လက်ခံသဘောတူနိုင်ခဲ့လျှင် ပို၍မကောင်းပေလော။ ထိုအဖြစ်မျိုးကို သင်တကယ်တွေ့ကြုံရသည့်အခါ “ကျွန်တော်တို့မစုံလင်တဲ့အတွက် ဒီလိုဖြစ်ခဲ့ရတာဝမ်းနည်းပါတယ်။ ကျေးဇူးပြု၍ ဒါကိုဗွေမယူဘဲနေလိုက်ကြစို့” ဟုနှလုံးပါပါပြောဆိုဖို့ ပိုလွယ်ကူပေမည်။

၂၀။ တမန်တော်များ၏ပုံသက်သေမှ အဘယ်အရာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။

၂၀ တမန်တော်တချို့သည် ပို၍ကြီးမြတ်လိုသည့်ဆန္ဒပြင်းပြခဲ့ကြသောအခါ သူတို့သည် စိတ်ဝမ်းကွဲခဲ့ကြကြောင်းသတိရပါ။ (မာကု ၁၀:၃၅-၃၉; လုကာ ၉:၄၆; ၂၂:၂၄-၂၆) ယင်းကြောင့် တင်းမာမှု၊ စိတ်ထိခိုက်ခဲ့ခြင်း၊ သို့မဟုတ် အကြီးအကျယ်ဗွေယူခဲ့ခြင်းရှိနိုင်သည်။ သို့သော် သူတို့သည် ထိုသို့သောသဘောကွဲလွဲမှုများကို ပယ်ရှားနိုင်ခဲ့ကြပြီး အတူတကွဆက်လုပ်ဆောင်ခဲ့ကြသည်။ ထိုသူတို့အနက်တစ်ဦးက နောက်ပိုင်း၌ ဤသို့ရေးသားခဲ့သည်– “အသက်ကိုမွေ့လျော်စေ၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်ခြင်းငှာအလိုရှိသောသူသည် မိမိလျှာကိုမကောင်းသောအရာနှင့်ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသာ [လိမ်လည်] စကားကိုမပြောစေနှင့်။ ဒုစရိုက် [မကောင်းမှု] ကိုလွဲရှောင်၍ သုစရိုက် [ကောင်းမှု] ကိုပြုစေ။ သူတစ်ပါးနှင့်အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။”—၁ ပေတရု ၃:၁၀၊ ၁၁။

၂၁။ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ ထိရောက်သောအဘယ်အကြံပြုချက်ကို ယေရှုပေးခဲ့သနည်း။

၂၁ အစောပိုင်း၌ ကျွန်ုပ်တို့သည် ဖြစ်စဉ်သံသရာတစ်ခု၏ ဤကဏ္ဍကို မှတ်သားခဲ့ကြသည်– အတိတ်က ကျွန်ုပ်တို့ကျူးလွန်ခဲ့သည့်အပြစ်များစွာကို ဘုရားသခင်ခွင့်လွှတ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်အားတုပပြီး ကျွန်ုပ်တို့၏ညီအစ်ကိုများကို ခွင့်လွှတ်သင့်သည်။ (ဆာလံ ၁၀၃:၁၂; ဟေရှာယ ၄၃:၂၅) သို့သော် ဤဖြစ်စဉ်သံသရာ၏နောက်ကဏ္ဍတစ်ခုရှိသေးသည်။ စံပြဆုတောင်းချက်ကို ဖော်ပြပြီးနောက် ယေရှုက ဤသို့ဆိုသည်– “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။” တစ်နှစ်ကျော်ကြာပြီးနောက် ကိုယ်တော်သည် လိုရင်းကိုပြန်ဖော်ထုတ်ပြီး တပည့်တော်များအား ဤသို့ဆုတောင်းရန် သင်ပေးခဲ့သည်– “သူတစ်ပါးသည် အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။” (မဿဲ ၆:၁၂၊ ၁၄; လုကာ ၁၁:၄) ထို့နောက် ယေရှုမသေမီရက်ပိုင်း၌ ကိုယ်တော်က ဤသို့ထပ်ဆင့်ခဲ့သည်– “သင်တို့သည်ဆုတောင်းသောအခါ သူတစ်ပါး၌အပြစ်တင်ခွင့်ရှိလျှင် သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။”—မာကု ၁၁:၂၅။

၂၂၊ ၂၃။ ခွင့်လွှတ်လိုသည့်စိတ်သည် ကျွန်ုပ်တို့၏အနာဂတ်ကို မည်သို့အကျိုးသက်ရောက်စေနိုင်သနည်း။

၂၂ မှန်ပါသည်၊ ဘုရားသခင်၏ခွင့်လွှတ်မှုကို ဆက်လက်ခံစားနိုင်ဖို့အလားအလာသည် ကျွန်ုပ်တို့ညီအစ်ကိုများကို ခွင့်လွှတ်လိုသည့်အတိုင်းအတာအပေါ် များစွာမူတည်ပါသည်။ ခရစ်ယာန်အချင်းချင်း ပုဂ္ဂိုလ်ရေးပြဿနာတစ်ခုခုပေါ်ပေါက်လာသောအခါ ‘ဘုရားသခင့်ခွင့်လွှတ်မှုရရှိခြင်းသည် ညီအစ်ကိုညီအစ်မတစ်ဦးပြုမိသော သေးငယ်သည့်အမှားတစ်ခု၊ စိတ်ထိခိုက်စရာအသေးအမွှားကိစ္စတစ်ခု သို့မဟုတ် လူ့မစုံလင်မှု၏ရောင်ပြန်မှုတစ်ခုခုကို ကျွန်ုပ်တို့သက်သေထူခြင်းထက် ပို၍အရေးမကြီးပေလော’ ဟုသင့်ကိုသင်မေးကြည့်ပါ။ အဖြေကိုသင်သိပါသည်။

၂၃ သို့သော် အသေးအမွှားပုဂ္ဂိုလ်ရေးကိစ္စ သို့မဟုတ် ပြဿနာထက်မက ပို၍ကြီးလေးသောကိစ္စရပ်ပေါ်ပေါက်သည့်အခါ၌ကော အသို့နည်း။ မဿဲ ၁၈:၁၅-၁၈ တွင်မှတ်တမ်းတင်ထားသော ယေရှု၏ဆုံးမစကားသည် အဘယ်အချိန်တွင် သက်ဆိုင်သနည်း။ ၎င်းကိစ္စရပ်များကို နောက်ဆောင်းပါးတွင် သုံးသပ်ကြစို့။

[အောက်ခြေမှတ်ချက်များ]

a မိက္ခာ ၇:၁၈ တွင်အသုံးပြုထားသော ဟေဗြဲဥပစာသည် “သတိမပြုလိုသည့်အရာတစ်ခုကို သတိမထားမိဘဲ ကျော်သွားသည့် ခရီးသည်တစ်ဦး၏အပြုအမူမှ ယူထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အပြစ်ကိုဂရုမစိုက်တတ်၊ အသေးအဖွဲ သို့မဟုတ် အရေးမပါသည့်ကိစ္စအဖြစ်ယူမှတ်သည်ဟူ၍မဟုတ်ဘဲ၊ အပြစ်ဒဏ်ပေးဖို့ အထူးမှတ်ထားစရာအဖြစ်သဘောမထား၊ ကိုယ်တော်သည် ဒဏ်ပေးမည့်အစား ခွင့်လွှတ်တတ်သည်ဟူ၍ဖြစ်ကြောင်း” ကျမ်းပညာရှင်တစ်ဦးကဆိုသည်။—တရားသူကြီး ၃:၂၆; ၁ ဓမ္မရာဇဝင် ၁၆:၈။

သင်မှတ်မိသလော

◻ ယေဟောဝါသည် ကျွန်ုပ်တို့ခွင့်လွှတ်တတ်ရန် အဘယ်ပုံစံချထားတော်မူသနည်း။

◻ အသင်းတော်ရှိသူတို့နှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့သတိရ,ရမည်နည်း။

◻ များသောအားဖြင့် မထီမဲ့မြင်ပြုမှုများ သို့မဟုတ် ဗွေယူစရာများနှင့်ပတ်သက်၍ အဘယ်အရာကို ကျွန်ုပ်တို့လုပ်ဆောင်နိုင်သင့်သနည်း။

◻ လိုအပ်မည်ဆိုလျှင် ကျွန်ုပ်တို့၏ညီအစ်ကိုနှင့် အသင့်အတင့်ရှိဖို့ မည်သို့ပြုနိုင်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်ယာန်တစ်ဦးနှင့် သဘောကွဲလွဲမှုဖြစ်ပေါ်လာသောအခါ ယင်းကိုဗွေမယူဖို့ကြိုးစားပါ;အချိန်တန်သော် ထိုပြဿနာသည် တဖြည်းဖြည်းနှင့် အသေးအဖွဲကိစ္စဖြစ်သွားပါလိမ့်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ