ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဧပြီ စာ. ၂၈-စာ. ၂၉ ပိုဒ်. ၅
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဘုရားသခင့်စကား နားထောင်ပြီး ကိုယ်တော့်ကျိန်ဆိုမှုကနေ အကျိုးခံစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင် ကတိတည်သလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဧပြီ စာ. ၂၈-စာ. ၂၉ ပိုဒ်. ၅

စာရှုသူများထံမှ မေးခွန်းလွှာ

ကျိန်ဆိုတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောသလဲ

ကျိန်ဆိုတာကို “တရားဝင် အလေးအနက် ကြေညာတာ ဒါမှမဟုတ် တစ်ခုခု လုပ်မယ်လို့ ဘုရားသခင်ကို တိုင်တည်ပြီး ကတိပြုတာ” ဆိုပြီး အဓိပ္ပာယ် ဖွင့်ကြတယ်။ စကားနဲ့၊ စာနဲ့ ကျိန်ဆိုနိုင်တယ်။

“မကျိန်ဆိုနဲ့။ . . . ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ။ ဒီထက်ပိုတဲ့ စကားဟာ ဆိုးညစ်သူဆီက လာတာပဲ” လို့ ယေရှု ပြောထားလို့ ကျိန်ဆိုတာ မှားတယ်ဆိုပြီး တချို့ ထင်ကြတယ်။ (မ. ၅:၃၃-၃၇) မောရှေပညတ်အရ အခြေအနေတချို့မှာ အစ္စရေးတွေ သတ်သတ်မှတ်မှတ် ကျိန်ဆိုရကြောင်း၊ ဘုရားကျေးကျွန်တချို့ ကျိန်ဆိုခဲ့ကြောင်း၊ ယေဟောဝါကိုယ်တိုင်လည်း ကျိန်ဆိုတာတွေ လုပ်ကြောင်း ယေရှု သိတယ်။ (က. ၁၄:၂၂၊ ၂၃။ ထွ. ၂၂:၁၀၊ ၁၁။ ဟီ. ၆:၁၃-၁၇) ဒါကြောင့် ကျိန်ဆိုတာမျိုး လုံးဝ မလုပ်သင့်ဘူးလို့ ယေရှု ပြောနေတာ မဖြစ်နိုင်ဘူး။ အရေးမကြီးတာတွေ၊ အဓိပ္ပာယ် မရှိတာတွေအတွက် ကျိန်ဆိုတာမျိုး မလုပ်ဖို့ သတိပေးနေတာ ဖြစ်တယ်။ ကိုယ်ပြောလိုက်တဲ့ စကားအတိုင်း တည်ဖို့ ကြိုးစားရမယ်။ အဲဒီလို ယေဟောဝါ လုပ်စေချင်တယ်။

တကယ်လို့ ကျိန်ဆိုဖို့ တောင်းဆိုခံရရင်ကော။ ဦးဆုံး၊ ကိုယ်ပြောလိုက်တဲ့အတိုင်း တကယ် လုပ်နိုင်မလားဆိုတာ သေသေချာချာ သိအောင် လုပ်ပါ။ မသေချာရင် မကျိန်ဆိုတာ အကောင်းဆုံးပဲ။ “သစ္စာကတိပြုပြီးတော့မှ အဲဒီအတိုင်း မလုပ်တာထက် သစ္စာကတိ မပြုဘဲ နေတာ ပိုကောင်းတယ်” လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ဒေ. ၅:၅) ကျိန်ဆိုတဲ့ အကြောင်းအရာဟာ ကျမ်းစာမူတွေနဲ့ ကိုက်မကိုက် စစ်ဆေးပါ။ ပြီးနောက် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်အတိုင်း လုပ်ဆောင်ပါ။ ကျမ်းစာမူတချို့က ဘာတွေလဲ။

အမျိုးသားတစ်ယောက် တရားရုံးမှာ ကျိန်ဆိုနေ။ ညာလက် မြှောက်ပြီး ဘယ်လက်ကို ကျမ်းစာပေါ် တင်ထား။

တချို့ ကျိန်ဆိုခြင်းတွေက ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်။ ဥပမာ၊ ယေဟောဝါသက်သေတွေဟာ အိမ်ထောင်ပြုတဲ့အခါ ကတိသစ္စာ ပြုကြတယ်။ အဲဒီကတိသစ္စာဟာလည်း ကျိန်ဆိုခြင်းတစ်မျိုး ဖြစ်တယ်။ သတို့သားနဲ့ သတို့သမီးဟာ “အသက်ရှင်သည့် ကာလပတ်လုံး” တစ်ဦးနဲ့ တစ်ဦး မေတ္တာ ရှိဖို့၊ ချစ်ခင်မြတ်နိုးပြီး လေးစားသွားဖို့ ဘုရားသခင်နဲ့ သက်သေတွေရှေ့မှာ ကတိပြုကြတယ်။ (တချို့ မောင်နှံတွေက အဲဒီအတိုင်း တစ်ထပ်တည်း မပြောကြပေမဲ့ ဘုရားရှေ့ ကတိသစ္စာတော့ ပြုကြတယ်။) သူတို့ အကြင်လင်မယား ဖြစ်သွားပြီ။ တစ်သက်လုံး ပေါင်းသင်းသွားရမယ်။ (က. ၂:၂၄။ ၁ ကော. ၇:၃၉) ဒီလို အိမ်ထောင် ကတိသစ္စာပြုတာဟာ ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်။

တချို့ ကျိန်ဆိုခြင်းတွေက ဘုရားအလိုတော်နဲ့ ဆန့်ကျင်တယ်။ ဥပမာ၊ တိုင်းပြည်အတွက် လက်နက်ကိုင်ပြီး ကာကွယ်ဖို့ ဒါမှမဟုတ် ဘုရားအပေါ် ယုံကြည်ခြင်း စွန့်လွှတ်လိုက်ဖို့ စတဲ့ ကျိန်ဆိုတာမျိုးကို ခရစ်ယာန်စစ်တွေ လုပ်မှာ မဟုတ်ဘူး။ အဲဒါ ဘုရားပညတ်ကို ဆန့်ကျင်ရာ ရောက်တယ်။ ခရစ်ယာန်တွေဟာ ‘လောကနဲ့ မပတ်သက်ဘူး။’ ဒါကြောင့် အငြင်းပွားမှုတွေ၊ စစ်ပွဲတွေမှာ မပါဝင်ကြဘူး။—ယော. ၁၅:၁၉။ ဟေရှာ. ၂:၄။ ယာ. ၁:၂၇။

တချို့ ကျိန်ဆိုခြင်းတွေက ကိုယ့်ရဲ့ အမှားအမှန်သိစိတ်နဲ့ ဆိုင်တယ်။ ကျိန်ဆိုတာတွေ မလုပ်ခင် “ဆီဇာနဲ့ ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ ဆိုင်တာ ဘုရားသခင်ကို ပေးပါ” ဆိုတဲ့ ယေရှုရဲ့ စကားကို အသေအချာ စဉ်းစားဖို့ လိုတဲ့အခါတွေ ရှိနိုင်တယ်။—လု. ၂၀:၂၅။

ဥပမာ၊ နိုင်ငံသား ဖြစ်ဖို့၊ နိုင်ငံကူးလက်မှတ် ရဖို့ သစ္စာစောင့်သိကြောင်း ကျိန်ဆိုရမယ် ဆိုပါစို့။ အဲဒီနိုင်ငံမှာ ဒီလိုကျိန်ဆိုတာက ဘုရားပညတ်နဲ့ ဆန့်ကျင်တာ တစ်ခုခု လုပ်ဖို့ ကတိပေးတဲ့ သဘော သက်ရောက်တယ်ဆိုရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်က ကျိန်ဆိုဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျိန်ဆိုချက်မှာ ပါတဲ့ စကားလုံးတွေကို ပြင်ဆင်ဖို့ အစိုးရ ခွင့်ပြုရင်တော့ အမှားအမှန်သိစိတ်က ကျိန်ဆိုဖို့ ခွင့်ပြုနိုင်တယ်။

စကားလုံး ပြင်ဆင်ထားတဲ့ ကျိန်ဆိုချက်အတိုင်း ကျိန်ဆိုတာဟာ “အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်” ဆိုတဲ့ ရောမ ၁၃:၁ ပါ မူနဲ့ ကိုက်ညီတယ်။ ဒါကြောင့် ဒီလိုကျိန်ဆိုတာဟာ ဘုရား တောင်းဆိုထားတဲ့အတိုင်း လုပ်တာ ဖြစ်လို့ မမှားဘူးဆိုပြီး ခရစ်ယာန်တစ်ယောက် ဆုံးဖြတ်နိုင်တယ်။

ကျိန်ဆိုတဲ့အခါ လုပ်တဲ့ အမူအရာ၊ သုံးတဲ့ ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့လည်း ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်ရဲ့ လမ်းညွှန်မှုကို လိုက်ဖို့ အရေးကြီးတယ်။ ရှေးခေတ် ရောမနဲ့ ဆစ်သီးယန်းလူမျိုးတွေဟာ ဓားတွေနဲ့ ကျိန်ဆိုကြတယ်။ အဓိပ္ပာယ်က သူတို့ ယုံကြည်စိတ်ချထိုက်ကြောင်း စစ်နတ်ဘုရားကို တိုင်တည်တာ ဖြစ်တယ်။ ဂရိတွေကတော့ လက်ကို ကောင်းကင် မြှောက်ပြီး ကျိန်ဆိုကြတယ်။ ပြောဆိုလုပ်ဆောင်မှုတွေကို ကြည့်နေတဲ့၊ လူသားတွေ စာရင်းရှင်းရမယ့် တန်ခိုးရှင် ရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ သဘော ဖြစ်တယ်။

ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက်ဟာ ကျိန်ဆိုတဲ့အခါ မှားယွင်းတဲ့ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ အမျိုးသားရေး အထိမ်းအမှတ်တွေကို သုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်အတိုင်း ထွက်ဆိုပါမယ်လို့ ကျမ်းစာအုပ်ပေါ် လက်တင်ပြီး ကျိန်ဆိုဖို့ တရားရုံးက တောင်းဆိုလာရင်ကော။ အဲဒီအခါမျိုးမှာ တောင်းဆိုတဲ့အတိုင်း လုပ်ဖို့ ဆုံးဖြတ်နိုင်တယ်။ ကိုယ်ဟန်အမူအရာ သုံးပြီး ကျိန်ဆိုခဲ့တဲ့ သစ္စာရှိသူတွေအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ (က. ၂၄:၂၊ ၃၊ ၉။ ၄၇:၂၉-၃၁) အဲဒီလို ကျိန်ဆိုတာဟာ အမှန်အတိုင်း ပြောဆိုပါ့မယ်ဆိုပြီး ဘုရားသခင်ရှေ့မှာ ကျိန်ဆိုတာ ဖြစ်ကြောင်း သတိရဖို့ အရေးကြီးတယ်။ မေးလာနိုင်တဲ့ မေးခွန်းတိုင်းကို အမှန်အတိုင်း ဖြေဆိုဖို့ ပြင်ဆင်ထားရမယ်။

သုံးသပ်ရမယ့် ကျမ်းစာမူများ

  • မဿဲ ၅:၃၇– “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး’ ဒါပဲ ပြောပါ။”

  • ယောဟန် ၁၅:၁၉– ‘ခင်ဗျားတို့က ဒီလောကနဲ့ ဘာမှ မပတ်သက်ဘူး။’

  • တရားဟောရာ ၅:၉– ‘မင်းတို့ရဲ့ ဘုရားသခင် ယေဟောဝါဟာ [မိမိ]တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ ဘုရား ဖြစ်တယ်။’

  • ရောမ ၁၃:၁– “အထက်အာဏာပိုင်တွေကို လူတိုင်း လက်အောက်ခံရမယ်။”

  • လုကာ ၂၀:၂၅– “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ။”

  • ၁ ပေတရု ၂:၁၂– ‘လူတွေရှေ့မှာ အမူအကျင့်ကောင်းတွေ ဆက်ပြီး ပြကြပါ။ လူတွေက ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့အကျင့်ကို မြင်ကြလိမ့်မယ်။’

ဘုရားသခင်နဲ့ ဆက်ဆံရေးကို တန်ဖိုးထားတဲ့အတွက် ကိုယ့်ရဲ့ အမှားအမှန်သိစိတ် မထိခိုက်အောင်၊ ကျမ်းစာမူတွေကို မချိုးဖောက်မိအောင် ကိုယ်လုပ်မယ့် ကျိန်ဆိုမှုအားလုံးကို အသေအချာ ဆုတောင်းသုံးသပ်သင့်တယ်။ ကျိန်ဆိုဖို့ သင် ဆုံးဖြတ်တယ်ဆိုရင် အဲဒီအတိုင်း တည်ဖို့ ကြိုးစားရမယ်။—၁ ပေ. ၂:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ