ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၁၉ စာ. ၁၀၂-၁၀၆
  • ရန်ဖြစ်တာ ကောင်းသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရန်ဖြစ်တာ ကောင်းသလား
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ရာကိုလုပ်ရန် တိုက်လှန်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • သင့်ခွေးသည် ကလေးများအတွက်အန္တရာယ်ကင်း၏လော
    နိုးလော့!—၁၉၉၈
  • “မိုးကြိုးသား” တွေလို့ သူတို့အခေါ်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အမြဲတမ်း ပထမနေရာ လိုချင်သလား
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၁၉ စာ. ၁၀၂-၁၀၆

အခန်း ၁၉

ရန်ဖြစ်တာ ကောင်းသလား

ဟိတ်ကြီးဟန်ကြီးနဲ့ ကြမ်းကြမ်းရမ်းရမ်း ပြုမူတတ်တဲ့ ယောက်ျားလေး၊ မိန်းကလေးတွေကို ကလေးတို့ သိသလား။— သူတို့နဲ့ ပေါင်းချင်သလား။ ဒါမှမဟုတ် သနားကြင်နာတတ်သူ၊ အေးအေးဆေးဆေး နေတတ်သူနဲ့ ပေါင်းချင်သလား။— ကြီးမြတ်တဲ့ဆရာက “ငြိမ်သက်မှုရှိအောင် လုပ်ဆောင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ဘုရားသခင်ရဲ့ သားတွေလို့ အခေါ်ခံရလိမ့်မယ်” ဆိုပြီး ပြောခဲ့တယ်။—မဿဲ ၅:၉။

တစ်ခါတလေကျတော့ တို့တစ်တွေ စိတ်ဆိုးအောင် လူတွေ လုပ်တတ်ကြတယ်။ ဟုတ်တယ် မဟုတ်လား။— အဲဒီတော့ လက်စားချေချင်တဲ့စိတ် ပေါ်လာမှာပဲ။ တစ်ခါတုန်းက ယေရှုရဲ့ တပည့်တွေ ယေရှုနဲ့အတူ ဂျေရုဆလင်မြို့ကို ခရီးသွားနေတုန်း အဲဒီလို ဖြစ်ခဲ့ဖူးတယ်။ ဒီအကြောင်းကို ပြောပြမယ်နော်။

ခရီး တော်တော်လေး ရောက်တဲ့အခါ ယေရှုက တပည့်တချို့ကို ရှမာရိ ရွာတစ်ရွာဆီ ကြိုလွှတ်လိုက်တယ်။ အနားယူဖို့နေရာ တွေ့မလားလို့ပေါ့။ ဒါပေမဲ့ ဘာသာ မတူတဲ့ ရှမာရိလူမျိုး ရွာသားတွေက သူတို့ကို မကြိုဆိုကြဘူး။ ဘုရားဝတ်ပြုဖို့ ဂျေရုဆလင်မြို့ကို သွားတဲ့သူတွေကို သူတို့ မကြည်ကြဘူး။

တမန်တော် ယာကုပ်နဲ့ ယောဟန် စိတ်ဆိုးနေစဉ်

ယာကုပ်နဲ့ ယောဟန်တို့က ရှမာရိတွေကို ဘယ်လို လက်တုံ့ပြန်ချင်ကြသလဲ

ကလေးတို့ကို အဲဒီလိုမျိုးလုပ်ရင် ဘာလုပ်မလဲ။ စိတ်ဆိုးမှာလား။ လက်တုံ့ပြန်ချင်စိတ် ပေါ်လာမှာလား။— ယေရှုတပည့် ယာကုပ်နဲ့ ယောဟန်တို့က အဲဒီလို လုပ်ချင်ကြတယ်။ ‘ကောင်းကင်ကနေ မီးကျစေပြီး သူတို့ကို ဖျက်ဆီးလိုက်ရမလား’ ဆိုပြီး ယေရှုကို မေးကြတယ်။ ဒါကြောင့် သူတို့ကို မိုးကြိုးသားတွေလို့ ယေရှု ခေါ်ခဲ့တာ မဆန်းပါဘူး။ ဒါပေမဲ့ ယေရှုက သူများကို အဲဒီလို မဆက်ဆံသင့်ဘူးဆိုပြီး ဆုံးမတယ်။—လုကာ ၉:၅၁-၅၆။ မာကု ၃:၁၇။

တစ်ခါတလေ လူတွေက တို့အပေါ်မှာ မကောင်းတာမျိုး ရှိတတ်တယ်။ တချို့ကလေးတွေက ကစားတဲ့အခါ တို့တစ်တွေကို မပါစေချင်ဘူး။ “မင်းတို့နဲ့ မပေါင်းချင်ဘူး” လို့တောင် ပြောရင်ပြောမယ်။ ဒီလိုမျိုး ဖြစ်လာရင် စိတ်မကောင်း ဖြစ်မိတယ်၊ ဟုတ်တယ် မဟုတ်လား။ လက်တုံ့ပြန်ချင်စိတ် ပေါ်လာမှာပဲ။ ဒါပေမဲ့ အဲဒီလို လုပ်သင့်သလား။—

ကလေးတို့ရဲ့ ကျမ်းစာကို ယူပါ။ ပညာအလိမ္မာ အခန်းကြီး ၂၄၊ အခန်းငယ် ၂၉ ကို ဖွင့်ကြရအောင်။ ဒီလိုဖတ်ရတယ်– “‘သူလုပ်ခဲ့သလို ငါပြန်လုပ်မယ်။ သူ့လုပ်ရပ်အတွက် ငါလက်တုံ့ပြန်မယ်’ လို့ မပြောနဲ့” တဲ့။

ဒီကျမ်းချက်က ဘာကို ပြောနေတာလဲ။— လက်တုံ့မပြန်ရဘူးလို့ ပြောနေတာကွဲ့။ လူတစ်ယောက်က ကိုယ့်အပေါ် မကောင်းလို့ သူ့အပေါ် ပြန်မကောင်းတာမျိုး မဖြစ်သင့်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ရန်စလာရင်ကော။ အမျိုးမျိုး ပြောပြီး ဒေါသထွက်အောင် လုပ်မယ်။ သတ္တိကြောင်တဲ့ကောင်လို့ မခံချင်အောင် လှောင်ပြောင်မယ်။ ငကြောက်လို့ ခေါ်မယ်ဆိုပါတော့။ ဘယ်လိုလုပ်သင့်သလဲ။ ရန်တုံ့ပြန်မလား။—

ကျမ်းစာက ဘာပြောသလဲဆိုတာ ကြည့်ရအောင်။ မဿဲ အခန်းကြီး ၅၊ အခန်းငယ် ၃၉ ကို ဖွင့်လိုက်ပါ။ ဒီမှာ ယေရှုက “လူဆိုးကို အတိုက်အခံ မလုပ်ပါနဲ့။ တစ်ယောက်ယောက်က ခင်ဗျားရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကိုလည်း လှည့်ပေးလိုက်ပါ” ဆိုပြီး ပြောထားတယ်။ ယေရှု ဘာကို ပြောချင်သလဲ။ လူတစ်ယောက်က ကလေးတို့ရဲ့ ပါးတစ်ဖက်ကို လက်သီးနဲ့ ထိုးရင် နောက်တစ်ဖက်ကိုပါ ထိုးခိုင်းရမယ်လို့ ဆိုလိုတာလား။—

မဟုတ်ဘူး။ ယေရှု အဲဒါကို ပြောနေတာ မဟုတ်ဘူး။ ပါးရိုက်တာဟာ လက်သီးနဲ့ ထိုးတာနဲ့ မတူဘူး။ တွန်းသလို၊ တိုက်သလိုမျိုး လုပ်တာ။ ပါးရိုက်တယ်ဆိုတာ ရန်စတာပဲ။ စိတ်ဆိုးအောင် လုပ်တာ။ တို့တစ်တွေဘက်ကလည်း စိတ်ဆိုးပြီး ပြန်တွန်းမယ်၊ တိုက်မယ်ဆိုရင် ဘာဖြစ်လာမလဲ။— ရန်ပွဲ ဖြစ်လာမှာပဲ။

ဒါပေမဲ့ ယေရှုက သူ့နောက်လိုက်တွေကို ရန်မဖြစ်စေချင်ဘူးကွဲ့။ ဒါကြောင့် လူတစ်ယောက်က တို့တစ်တွေကို ပါးရိုက်ရင် သူ့ပါးကို ပြန်မရိုက်သင့်ဘူး။ စိတ်ဆိုးပြီး ရန်မဖြစ်သင့်ဘူး။ ဖြစ်ရင် ရန်စတဲ့လူနဲ့ အတူတူ ဖြစ်သွားမှာပေါ့။

ပြဿနာ စလာရင် အကောင်းဆုံးက ဘာဖြစ်မယ် ထင်သလဲ။— ရှောင်ထွက်သွားတာ အကောင်းဆုံးပါပဲ။ တစ်ဖက်ကတော့ တွန်းဦး၊ တိုက်ဦးမှာပဲ။ ဒါပေမဲ့ ဒီလောက်ပဲ သူတတ်နိုင်မှာပါ။ ရှောင်ထွက်တာဟာ ပျော့ညံ့တာ မဟုတ်ဘူး။ မှန်တာကို လုပ်ရဲတဲ့သတ္တိ ရှိတာ ဖြစ်တယ်။

ရန်စတဲ့သူတွေကို ကောင်လေးတစ်ယောက် ရှောင်သွားစဉ်

တစ်ယောက်ယောက်က ရန်စရင် ဘာလုပ်သင့်သလဲ

ဒီလိုမဟုတ်ဘဲ ရန်ပွဲဖြစ်ပြီး အနိုင်ရလိုက်တယ် ဆိုရင်ကော။ ဘာဆက်ဖြစ်လာနိုင်သလဲ။— ရှုံးသွားတဲ့သူဟာ သူ့သူငယ်ချင်းတချို့နဲ့ ပြန်လာနိုင်တယ်။ တုတ်တို့၊ ဓားတို့နဲ့ ကလေးတို့ အနာတရ ဖြစ်အောင်တောင် လုပ်လာနိုင်တယ်။ ဒါကြောင့် ယေရှုက ဘာကြောင့် ရန်မဖြစ်စေချင်သလဲဆိုတာ ကလေးတို့ သဘောပေါက်သလား။—

သူများတွေ ရန်ဖြစ်နေတာ မြင်ရင်ကော ဘာလုပ်သင့်သလဲ။ တစ်ဖက်ဘက်မှာ ဝင်ပါသင့်သလား။— ကျမ်းစာက လုပ်သင့်တာကို ပြောပြထားတယ်။ ပညာအလိမ္မာ အခန်းကြီး ၂၆၊ အခန်းငယ် ၁၇ ကို ဖွင့်လိုက်ပါ။ ဒီလိုပြောထားတယ်– “လမ်းသွားရင်း ကိုယ်နဲ့ မဆိုင်တဲ့ ရန်ပွဲကြောင့် ဒေါသထွက်တဲ့သူဟာ ခွေးနားရွက်ကို ဆွဲတဲ့သူနဲ့ တူတယ်။”

ယောက်ျားလေးတစ်ယောက် ခွေးနားရွက်ကို ဆွဲထား၊ ခွေးစိတ်ဆိုး

သူများ ရန်ဖြစ်တဲ့အခါ ဝင်ပါရင် ခွေးနားရွက် ဆွဲတာနဲ့ ဘယ်လိုတူသလဲ။ ဒုက္ခရောက်နိုင်တယ်၊ ဒါကြောင့် ဝင်မပါပါနဲ့

ခွေးနားရွက်ကို သွားဆွဲရင် ဘာဖြစ်မလဲ။ ခွေးကနာတော့ ကလေးတို့ကို ဆတ်ခနဲ ကိုက်လိုက်မှာပေါ့၊ ဟုတ်တယ် မဟုတ်လား။ ခွေးက ရုန်းလေလေ၊ ကလေးတို့က သူ့နားရွက်ကို တင်းတင်း ဆုပ်ကိုင်ထားလေလေ၊ ခွေးက ပိုစိတ်ဆိုးလေလေ ဖြစ်လာမယ်။ လွှတ်လိုက်ရင်တော့ ကလေးတို့ကို တအား ကိုက်လိုက်မှာပဲ။ ဒီအတိုင်း ရပ်ပြီး ခွေးနားရွက်ကို တစ်သက်လုံး ကိုင်ထားနိုင်မလား။—

အေး၊ သူများတွေ ရန်ဖြစ်တဲ့အခါ ဝင်စွက်မယ်ဆိုရင် ဒီလိုမျိုးဒုက္ခ တွေ့ရမယ်။ ဘယ်သူက ရန်စလို့ ဘာအတွက် ရန်ဖြစ်ကြတယ်ဆိုတာ တို့တစ်တွေ သိချင်မှ သိမှာ။ လူတစ်ယောက် အရိုက်ခံနေရတာ သူများပစ္စည်း တစ်ခုခု ခိုးလို့ ဖြစ်ချင်ဖြစ်နိုင်တယ်။ အဲဒီလူကို သွားကူညီရင် သူခိုးကို ကူညီရာရောက်မှာပေါ့။ ဒါဆိုရင်တော့ မကောင်းဘူး။ ဟုတ်တယ် မဟုတ်လား။

ဒီတော့ ရန်ဖြစ်နေတာ မြင်ရင် ဘာလုပ်သင့်သလဲ။— ကျောင်းမှာဆိုရင် ဆရာ့ကို ချက်ချင်း သွားတိုင်နိုင်တယ်။ ကျောင်းအပြင်မှာဆိုရင် ဖေဖေ မေမေကိုဖြစ်ဖြစ်၊ ရဲကိုဖြစ်ဖြစ် ခေါ်နိုင်တယ်။ ဟုတ်ပါတယ်၊ တခြားသူတွေ ရန်ဖြစ်ချင်ရင်တောင်မှ တို့တစ်တွေက ကျေအေးအောင် ဖျန်ဖြေပေးရမယ်ကွဲ့။

ရန်စတဲ့သူတွေကို ကောင်လေးတစ်ယောက် ရှောင်သွားစဉ်

ရန်ဖြစ်တာ တွေ့ရင် ဘာလုပ်သင့်သလဲ

ယေရှုရဲ့ တပည့်စစ်တွေဟာ ရန်မဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ကြတယ်။ ဒီနည်းနဲ့ မှန်တာကို လုပ်ရဲတဲ့သတ္တိ ရှိတယ်ဆိုတာ ပြကြတယ်။ ယေရှုရဲ့ တပည့်ဟာ “ခိုက်ရန်ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့တဲ့သူ . . . ဖြစ်ရမယ်” လို့ ကျမ်းစာက ဆိုထားတယ်။—၂ တိမောသေ ၂:၂၄။

ရန်ဖြစ်တာကို ရှောင်နိုင်အောင် အကူအညီပေးတဲ့ အကြံဉာဏ်ကောင်းတွေကို ရောမ ၁၂:၁၇-၂၁။ ၁ ပေတရု ၃:၁၀၊ ၁၁ တို့မှာ ဖတ်ကြည့်ကြရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ