ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း၏ အံ့ဖွယ်ကောင်းသောစွမ်းဆောင်မှုနယ်ပယ်
ဘုရားသခင်သည်ကောင်းမြတ်တော်မူ၏။ ဤစကားမျိုးအကြိမ်ပေါင်းမည်မျှ ကြားခဲ့ဖူးသနည်း၊ သို့မဟုတ်သင်ကိုယ်တိုင်အကြိမ်ပေါင်းမည်မျှ သုံးခဲ့ဖူးသနည်း။ သို့သော်သင့်အပေါ်ဘုရားသခင်ပြတော်မူသည့် ကောင်းမြတ်တော်မူခြင်း၏စွမ်းဆောင်မှုနယ်ပယ်အပြည့်အဝကို ပြန်ပြောင်းဆင်ခြင်သုံးသပ်ဖူးပါသလော။ ဤသို့ဆင်ခြင်တွေးတောခြင်းဖြင့် ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင်အပေါ် ကျေးဇူးတင်လေးမြတ်သည့်သဘော ပိုမိုနက်ရှိုင်းလာပေမည်။
သို့သော်လည်း ကောင်းမြတ်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း ဦးစွာသိရှိနားလည်ထားဖို့လိုသည်။ ကောင်းမြတ်ခြင်းမှာဆိုးယုတ်ခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်မှာ ဆိုဖွယ်မရှိ။ သို့သော်ထိုထက်မကပေ။ ယင်းသည်အပြုသဘောဆောင်သော အရည်အချင်းတစ်ရပ်ဖြစ်သည်။ ကောင်းသောပုဂ္ဂိုလ်သည် ကောင်းသောအရာကို ပြုလုပ်တတ်၏။ ဘုရားသခင်သည်ကောင်းမြတ်တော်မူခြင်းကြောင့် ကျွန်ုပ်တို့နှလုံးသားခင်တွယ်စရာကောင်းလောက်အောင် ကောင်းမြတ်သောအရာများစွာပြုတော်မူ၏။
ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း၏နယ်ပယ်အကျယ်အဝန်းကိုသိနာတောတွင် မိန့်တော်မူခဲ့သည့်စကားများ၌တွေ့ရသည်။ မိမိ၏သစ္စာရှိအစေခံအား “ငါ၏ကောင်းမြတ်ခြင်းရှိသမျှကို သင့်ရှေ့မှောက်၌ ငါလျှောက်သွားစေမည်” ဟုကတိပေးတော်မူ၏။ ထိုကတိတော်ကိုတည်စေရာတွင် မိမိနာမကိုအသုံးပြုလျက် အောက်ပါအတိုင်းထပ်ဆင့်မိန့်တော်မူ၏။ “ထာဝရဘုရား၊ ထာဝရဘုရား၊ [ယေဟောဝါ၊ ယေဟောဝါ၊ NW] သနားသောသဘော၊ ကျေးဇူးပြုသောသဘော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောသဘောရှိတော်မူထသော၊ အထောင်အသောင်းတို့အား၊ ကရုဏာကျေးဇူးတရားကိုစောင့်တော်မူထသော၊ မတရားစွာကျင့်ခြင်း၊ တရားတော်ကိုလွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်များကိုဖြေလွှတ်သော်လည်း၊ အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ အလျင်းနေတော်မမူထသော. . .ဘုရားသခင်။”—ထွက်မြောက်ရာ ၃၃:၁၉။ ၃၄:၆၊ ၇၊ သမ္မ။
ထို့ကြောင့်၊ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းတွင်သနားခြင်းမှစ၍ကျေးဇူးပြုခြင်း၊ မေတ္တာကျေးဇူးတော်နှင့်သမ္မာတရားပါဝင်ပေသည်။ ၄င်းပြင် “အမျက်ထွက်နှေးသောသဘော” စိတ်ရှည်သောသဘော၌လည်း ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုတွေ့မြင်ရသည်။ သို့ရာတွင်ကိုယ်တော်သည်အလွန်အလိုလိုက်တတ်သော မိဘတစ်ဦးကဲ့သို့ အပြစ်ဒုစရိုက်ကိုစစ်ဆေးခြင်းမပြုဘဲ ထာဝစဉ်လွှတ်ထားမည်ဟူသော သဘောမျိုးမသက်ရောက်ပါ။ နောင်တမရသောအပြစ်သားများကို “အပြစ်မပေးဘဲအလျင်းနေတော်မမူ” ပေ။ ကောင်းမြတ်တော်မူသောဘုရားသခင်အနေဖြင့် ဆိုးယုတ်မှုကိုစစ်ဆေးခြင်းမပြုဘဲ လွှတ်ထားတော်မူနိုင်သည်မဟုတ်ပေ။
ကြွယ်ဝသောဘုရားသခင့်ကောင်းမြတ်တော်မူခြင်း
ဘုရားသခင့်ပြသတော်မူခဲ့သည့် ကောင်းမြတ်တော်မူခြင်းနည်းလမ်းအချို့ကို ယခုဆန်းစစ်ကြည့်ပါ။ အစချီပြောရလျှင် ကမ္ဘာမြေကြီးကိုစတင်ဖန်ဆင်းချိန်၌ လူသားတို့အပေါ်ကောင်းမြတ်တော်မူခဲ့၏။ လူ့ဘဝအတွက်လိုအပ်သောအရာများကို အကြမ်းဖျင်းမျှသာ စီမံပြုပြင်ပေးထားတော်မူသည်မဟုတ်ပေ။ ဤကမ္ဘာဂြိုဟ်ဟ်ကိုနေချင်စဖွယ်ကောင်းအောင် အစစကြွယ်ဝပြည့်စုံစွာပြင်ဆင်ပေးတော်မူ၏။ စားစရာသောက်စရာ အမျိုးအမည်မရေမတွက်နိုင်အောင် ပေးထားတော်မူ၏။ စိတ်ဝင်စားဖွယ်ကောင်းသော ကျေးငှက်သတ္တဝါအမျိုးမျိုးနှင့် ပတ်ဝန်းကျင်အလှကို ပိုမိုသာယာစိုပြေစေသည့် ပန်းမန်များကို ဖန်ဆင်းပေးတော်မူ၏။ ၄င်းပြင်ရှုမငြီးဖွယ်ရှုခင်းအထူးထူးအပြားပြားတို့ကိုလည်း ဖန်တီးထားတော်မူ၏။ ကျက်သရေရှိလှသောနေဝင်ဆည်းဆာ သို့မဟုတ် ခမ်းနားထည်ဝါလှသောမိုးသားတိမ်လိပ်အမျိုးမျိုးကို တွေ့မြင်ရသည့်အခါတိုင်း ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း သာဓကအထောက်အထားများကို တွေ့မြင်ရပေသည်။
လူယောက်ျားနှင့်မိန်းမတို့ကိုဖန်ဆင်းတော်မူချိန်၌ ဘုရားကောင်းမြတ်တော်မူခြင်းကို တွေ့ရပြန်သည်။ အာဒံနှင့်ဧဝတို့အား ကျန်းမာစုံလင်သောကိုယ်ခန္ဓာကိုပေး၍ ဧဒင်ဥယျာဉ်၌နေရာချတော်မူ၏။ ထိုနောက် “မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟူသောစိတ်လှုပ်ရှားဖွယ်စိန်ခေါ်မှုသဘောသက်ရောက်သော တာဝန်ကိုပေးတော်မူ၏။ ဤသို့ဖြင့်သားစဉ်မြေးဆက်တို့အလယ်တွင် သိုက်သိုက်ဝန်းဝန်းနှင့် ပရဒိသုကမ္ဘာပေါ်၌ ထာဝစဉ်အသက်ရှင်သွားနိုင်သည့် မျှော်လင့်ချက်ကိုသူတို့ရှေ့မှောက်တွင် ကိုယ်တော်ချပေးထားတော်မူ၏။ (ကမ္ဘာဦး ၁:၂၆-၂၈။ ၂:၇-၉) ကနဦးလူသားမောင်နှံတို့အတွက် ထူးမြတ်လှသောမင်္ဂလာလက်ဖွဲ့ပါတကား။
အာဒံနှင့်ဧဝတို့ပုန်ကန်သည့်အချိန်၌ပင် သူတို့ကိုဘုရားလုံးဝစွန့်ပစ်တော်မမူခဲ့ချေ။ ထိုအချိန်၌သူတို့ကိုချက်ချင်းကွပ်မျက်ခဲ့လျှင်လည်း တရားသဖြင့်ပြုရာသာကျမည်ဖြစ်သည်။ သို့တစေ၊ အပြစ်သားဖြစ်သွားသော လူသားမောင်နှံတို့အပေါ် ကောင်းမြတ်တော်မူခဲ့၏။ သူတို့အားအခိုက်အတန့်အသက်ရှင်ခွင့်ပေး၍ သားသမီးများမွေးဖွားစေတော်မူခဲ့၏။—ကမ္ဘာဦး ၅:၁-၅။
ထိုမျှမက၊ ထိုအချိန်မှစ၍ အပြစ်တရားလက်အောက်ကျဆင်းသွားခဲ့သော လူသားတို့အပေါ် ဘုရားသခင်ဆက်လက်ကောင်းမြတ်တော်မူခဲ့သည်။ ဒါဝိဒ်မင်းကြီးမိန့်မြွက်ခဲ့သည့်အတိုင်း “ထာဝရဘုရား [ယေဟောဝါ၊ NW] သည်ခပ်သိမ်းသောသူတို့အားကျေးဇူးပြုချင်သောသဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။” (ဆာလံ ၁၄၅:၉) ကိုယ်တော်.ပိုင်ရာတော်ဖြစ်သည့် ဤကမ္ဘာပေါ်တွင် လူသားများဘဝဆက်နိုင်ရေးအတွက် ကိုယ်တော်ကြွယ်ဝစွာပြင်ဆင်ပေးထားတော်မူ၏။ လက်ထက်တော်ရှိယုဒအမျိုးသားအား အောက်ပါအတိုင်းယေရှုမိန့်တော်မူခဲ့၏။ “ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) ယနေ့ဖြစ်ပေါ်နေသောငတ်မွတ်ခြင်း၊ ဆင်းရဲချို့တဲ့ခြင်းတို့သည် ဘုရားသခင်ပေးကမ်းထောက်ပံ့ခြင်းမရှိ၍မဟုတ်ဘဲ လူသားတို့၏ဖောက်ပြန်မှု၊ ရက်စက်မှုနှင့် စီမံခန့်ခွဲရေးညံ့ဖျင်းမှုတို့ကြောင့်သာဖြစ်သည်။
ကမ္ဘာ့မြေလွှာအောက်မှဓာတ်သတ္တုရတနာပစ္စည်းများကို ထုတ်ယူသုံးစွဲခွင့်ကိုလည်း ဘုရားသခင်ပေးထားတော်မူသည့်အပြင် ကြယ်တာရာစီခြယ်သော မိုးကောင်းကင်နှင့်အရာဝတ္ထုတို့၏ ရူပဖွဲ့စည်းမှုတို့ကို နားလည်နိုင်သည့်ဉာဏ်ကိုလည်း ဖုံးကွယ်ထားတော်မမူပေ။ လူအများကဘုရားမရှိဟု မာနထောင်လွှားလျက်ပြောဆိုကြပြီး၊ အခြားသူတို့မူကား၊ လူသားချင်းတို့အားဖိစီးနှိပ်စက်သည်အထိ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကို ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုကြစေကာမူ ယေဟောဝါသည်လူသားတို့အပေါ် ကောင်းမြဲကောင်းလျက်ရှိတော်မူသည်မှာ အမှန်ဖြစ်သည်။—ဆာလံ ၁၄:၁။
ယုံကြည်သူတို့အပေါ်ထားရှိသော ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း
ယေဘုယျအားဖြင့် လူသားအားလုံးအပေါ် ဘုရားသခင်ကောင်းမြတ်တော်မူလျှင် ယုံကြည်သူတို့နှင့်ကိုယ်တော်ဆက်ဆံရေးသည် အမှန်ပင်စိတ်ချမ်းမြေ့စရာဖြစ်သည်။ အစချီပြောရလျှင် အာဒံနှင့်ဧဝပုန်ကန်ချိန်၌ ဘုရားသခင်က သူတို့အပြစ်၏ဆိုးကျိုးများကိုပယ်ဖျက်မည့် “မျိုးနွယ်တော်” ပေါ်ထွန်းမည့်အကြောင်း တင်ကူးမိန့်တော်မူခဲ့၏။ (ကမ္ဘာဦး ၃:၁၅) အချိန်ကုန်လွန်ခဲ့သည်နှင့်အမျှ အာဒံ၏နောင်လာနောက်သားအများသည် မစုံလင်သည့်ကြားမှ ဘုရားသခင်အားသစ္စာရှိစွာကိုးကွယ်ခဲ့ကြသည်။ ဤကနဦးပရောဖက်ပြုချက်သည် သူတို့အား သာ၍ကောင်းသောမျှော်လင့်ချက်ရှိစေခဲ့သည်။ ထိုသစ္စာရှိကိုးကွယ်သူတို့အနက်မှ တစ်ဦးဖြစ်သူအာဗြဟံသည် ‘ယေဟောဝါ၏အဆွေတော်’ ဟုပင်အခေါ်ခံရလေသည်။—ယာ၊ ၂:၂၃။
အာဗြဟံ၏နောင်လာနောက်သားများသည် လူမျိုးမျိုးမျိုးဖြစ်လာမည်အကြောင်း၊ အဓိကအမျိုးအနွယ်သည် ခါနာန်ပြည်ကိုအပိုင်ရမည်အကြောင်း သူ့အားဘုရားသခင်ကတိပေးတော်မူ၏။ ဤကတိတော်ပြည့်စုံရေးအတွက် အာဗြဟံ၏နောင်လာနောက်သားများဖြစ်သော ဣသရေလအမျိုးသည် နောင်တွင်လူမျိုးတစ်မျိုးအဖြစ်ဖွဲ့စည်းခဲ့သည်။ (ကမ္ဘာဦး ၁၇:၃-၈။ ထွက်မြောက်ရာ ၁၉:၆) ယခုတစ်ဖန်ဤလူမျိုးသစ်အား ဘုရားသခင်ကောင်းမြတ်တော်မူခြင်းကျေးဇူးပြုတော်မူ၏။ အီဂျစ်ပြည်ကျွန်ဘဝမှ သူတို့ကိုကယ်နှုတ်၍ တောကန္တာရတွင် ကာကွယ်စောင့်ရှောက်တော်မူ၏။ သူတို့အားပညတ်တရားပေါင်းချုပ်နှင့် ယဇ်ပုရောဟိတ်စနစ်ပြဌာန်းပေးပြီး နောက်ဆုံးတွင် မြေသြဇာကြွယ်ဝသောခါနာန်ပြည်ကို အမွေဥစ္စာအဖြစ်ပေးအပ်တော်မူခဲ့၏။
နောက်ဆုံး၌ ဣသရေလအမျိုးသားများသည် နိုင်ငံတစ်နိုင်ငံအဖြစ်တည်ရှိလာသည်။ ယေဟောဝါကယင်းနိုင်ငံ၏တတိယရှင်ဘုရင်ရှောလမုန်အား မိမိကိုကိုးကွယ်သည့် ကမ္ဘာ့ဗဟိုချက်အဖြစ် ယေရုရှလင်မြို့တွင် ဗိမာန်တော်တစ်ဆောင်ဆောက်လုပ်ရန် တာဝန်အပ်နှင်းတော်မူ၏။ ဗိမာန်တော်ဆောက်လုပ်ပြီးစီးသောအခါ၌ ကြီးကျယ်ခမ်းနားသောအနုမောဒနာအခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲဆင်ယင်ကျင်းပခဲ့သည်။ ၄င်းနောက် ဣသရေလအမျိုးသားတို့သည် “ရှင်ဘုရင်ကိုကောင်းချီးပေးလျက် [ယေဟောဝါ၊ NW] . . . ပြုတော်မူသမျှသော [ကောင်းမြတ်ခြင်း၊ NW] ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက် မိမိတို့နေရာသို့ပြန်သွားကြ၏” ဟုကျမ်းစာမှတ်တမ်းကဆို၏။ (၃ ရာဇဝင် ၈:၆၆) ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းကျေးဇူးတော်ကြောင့် ဣသရေလလူမျိုးတို့၏နှလုံးသားများသည် ဝမ်းမြောက်ခြင်းယိုဖိတ်ခဲ့ရသည့် အခြားအခါသမယများလည်းရှိခဲ့ပေသည်။
သို့သော် စိတ်မချမ်းမြေ့စရာကား သူတို့သည် တစ်ဆူတည်းမှန်သောဘုရားသခင်အားကိုးကွယ်ရသည့်အခွင့်အရေးကို အစဉ်တန်ဖိုးထားလေးမြတ်ခြင်းမရှိခဲ့ပေ။ နောက်ဆုံးတွင် ဣသရေလတစ်မျိုးသားလုံးသည် သစ္စာမဲ့သူများဖြစ်သွားသဖြင့် ဘီစီအီး ၆၀၇ ခုနှစ်တွင် ယေဟောဝါသည် သူတို့အားဗာဗုလုန်ပြည်သို့ သုံးပန်းများအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရန် ခွင့်ပြုတော်မူလိုက်သည်။ မောရှေအား ဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းအတွက်ကြောင့်သာ “အပြစ်ရှိသူတို့ကို အပြစ်မပေးပဲ အလျင်းနေတော်မမူ” ခြင်းဖြစ်သည်။—ထွက်မြောက်ရာ ၃၄:၇။
သို့သော်ငြားလည်း အနှစ် ၇၀ ကုန်လွန်ပြီးနောက် သစ္စာရှိဣသရလလူမျိုးအကြွင်းအကျန်တို့ကို နေရင်းပြည်သို့သနားကြင်နာစွာဖြင့် ပြန်လည်ပို့ဆောင်တော်မူ၏။ ထိုသို့ပြုရန် အဘယ်အရာကစေ့ဆော်ခဲ့သနည်း။ ကောင်းမြတ်တော်မူခြင်းဖြစ်သည်။ ဣသရေလလူမျိုး ဗာဗုလုန်ပြည်မှပြန်လာသည့်အကြောင်းကို ယေရမိကတင်ကြို၍ဤသို့ရေးသားခဲ့သည်။ “အမျိုးသားတို့သည်လာ၍ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ [ယေဟောဝါ၊ NW] ပြုတော်မူခြင်း [ကောင်းမြတ်ခြင်း၊ NW] ကျေးဇူး . . . များကြောင့် ကြည်ကြည်လင်လင်ရှိကြလိမ့်မည်။ “အောက်ပါအတိုင်းလည်းဆက်၍ရေးသားထားသည်။ “ ‘ငါ၏လူတို့သည်လည်း ငါ့ [ကောင်းမြတ်ခြင်း၊ NW] ကျေးဇူးနှင့်ဝပြောကြလိမ့်မည်’ ဟု [ယေဟောဝါ၊ NW] မိန့်တော်မူ၏။”—ယေရမိ ၃၁:၁၂၊ ၁၄။
နောက်ဆုံး၌ ကမ္ဘာမြေကြီးပေါ်သို့ယေရှုကြွလာတော်မူ၍ ဧဒင်ဥယျာဉ်၌မိန့်ကြားခဲ့သည့် ပရောဖက်ပြုချက်မှ “အမျိုးအနွယ်” ဖြစ်လာခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟူ၍သမ္မာကျမ်းစာဆို၏။ (ယောဟန် ၃:၁၆) ယေရှု၏သေခြင်းသည် လူသားတို့အားအပြစ်တရားမှရွေးနှုတ်၍ စုံလင်ခြင်းသို့ပြန်ရောက်စေနိုင်သည့် ရွေးနှုတ်ဖိုးဖြစ်လာသည်။ ဤသို့အားဖြင့် အာဒံ၏အပြစ်ကြောင့်ဖြစ်ပေါ်လာသည့်ဆိုးကျိုးများကို နောက်ဆုံးတစ်နေ့တွင် အောင်နိုင်မည်ဖြစ်သည်။ ရောမမြို့သားများထံပေါလုရေးသားခဲ့သည်အတိုင်း “တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။” (ရောမ ၅:၁၉) ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကျေးဇူးကြောင့် စိတ်နှလုံးဖြောင့်မတ်သူတို့သည် ယခုထာဝရအသက်ရရန်မျှော်လင့်ချက်ရှိလာတော့သည်။ အာဗြဟံနည်းတူ ဘုရားသခင့်အဆွေတော်ဖြစ်လာနိုင်သည့်အခွင့်ပင်ရှိလာသည်။
ယခုကာလ၌ပင် ဘုရားသခင်အားကိုးကွယ်သူတို့ကို ကိုယ်တော်ကောင်းမြတ်တော်မူခြင်းဆက်လက်၍ပြသနေတော်မူ၏။ သူတို့၏ပြဿနာများကိုကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူအဖြစ်သမ္မာကျမ်းစာမှတစ်ဆင့်အကြံဉာဏ်ပေးတော်မူ၏။ (ဆာလံ ၁၁၉:၁၀၅) မိမိ၏ဖြောင့်မတ်သောစံများကိုမီနိုင်ရေးအတွက် အကူအညီအဖြစ် ဝိညာဉ်တော်ဆုကျေးဇူးကိုပေးတော်မူ၏။ မိမိ၏ရည်ရွယ်တော်မူချက်ကိုဖေါ်ပြပေးတော်မူသည့်အတွက်ကြောင့် ခရစ်ယာန်စစ်များသည် ဤကမ္ဘာဟောင်းကြီးကွယ်ပျောက်သည့်နောက် လိုက်ပါလာမည့်ဖြောင့်မတ်သောကမ္ဘာသစ်ကြီးကို မျှော်လင့်နိုင်ခွင့်ရှိလာကြသည်။ (သု၊ ၄:၁၈။ ၂ ပေတရု ၃:၁၃) ထိုအရာများကို ခရစ်ယာန်များအကြွင်းမဲ့စိတ်ချယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းမြတ်တော်မူခြင်းစေတနာကြောင့် မမှားနိုင်သောမိမိ၏နှုတ်ကပတ်တော်တွင် အတိအလင်းဖေါ်ပြထားပြီး၍ဖြစ်သည်။—၂ တိမောသေ ၃:၁၆။
မှန်ပေသည်။ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကိုစဉ်းစားသုံးသပ်ခြင်းဖြင့် ကိုယ်တော်အားမုချခင်တွယ်မှုဖြစ်စေသည်။ သို့သော် အောက်ပါမေးခွန်းကိုလည်းပေါ်ပေါက်စေပါသည်။
ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းမှ သင်မည်မျှအကျိုးရယူမည်နည်း
စင်စစ်ဆိုလျှင် သင်မည်သူပင်ဖြစ်နေပါစေ သင်သည်ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းမှ အကျိုးကျေးဇူးခံစားနှင့်လေပြီဖြစ်သည်။ သင်အသက်ရှူသည်၊ စားသည်၊ သောက်သည်၊ ဘဝကိုပျော်မွေ့သည်၊ ဤအရာအားလုံးသည် ဘုရားသခင့်ထံတော်မှ ဆုကျေးဇူးများပင်ဖြစ်သည်။ သို့သော် ရနိုင်သလောက်အကျိုးကျေးဇူးအပြည့်အဝခံစားနေရပြီလော။ အာဒံနှင့်ဧဝတို့အပေါ်ထားရှိသော ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းသည် သူတို့အပြစ်လုပ်ပြီးနောက်၌ ကန့်သတ်ချက်ရှိလာသည်ကိုသတိရပါလေ။ ထိုနည်းတူ ကိုယ်တော်.ကောင်းမြတ်တော်မူခြင်းကို ကျွန်ုပ်တို့နည်းမှန်လမ်းကျတုံ့ပြန်ခြင်းမရှိပါက ရက်ရောခြင်းစေတနာတော်ကို ကိုယ်တော်ကန့်သတ်လာပေလိမ့်မည်။ ကျွန်ုပ်တို့မည်သို့ပြုလုပ်နိုင်သနည်း။
ဆာလံဆရာက “ပညတ်တော်များကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍ ကောင်းမြတ်ခြင်း၊ ပိုင်းခြားသိမြင်သောဉာဏ်နှင့်အသိပညာတို့ကိုသွန်သင်တော်မူပါ” ဟူ၍ဆုတောင်းခဲ့သည်။ (ဆာလံ ၁၁၉:၆၆၊ NW) ကျွန်ုပ်တို့လည်း ထိုအတိုင်းဆုတောင်းသင့်ပေသည်။ ဘုရားသခင်သည်ကောင်းမြတ်တော်မူသည်ဖြစ်၍ ကိုယ်တော်ကဲ့သို့ကောင်းမြတ်ရန် သင်ယူသင့်သည်။ “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည့်နည်းတူ ကျင့်ကြလော့” ဟူ၍ပေါလုတိုက်တွန်းထား၏။—ဧဖက် ၅:၁။
ကောင်းမြတ်ခြင်းကိုသိရှိရန် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့် အထက်ပါသြဝါဒစကားအတိုင်း ကျွန်ုပ်တို့စတင်ကျင့်ကြံကြသည်။ ထိုနောက် ဤအရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မစပါမည်အကြောင်း ဆုတောင်းကြသည်။ ကောင်းမြတ်ခြင်းသည် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ . . . ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့နှင့်အတူဝိညာဉ်တော်၏အသီးများဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ NW) ဘုရားသခင့်ဝိညာဉ်တော်ကိုကိုးစားခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်မှုတ်သွင်းတော်မူသည့် သမ္မာကျမ်းစာကိုလေ့လာခြင်းအားဖြင့်လည်းကောင်း၊ ကူညီမစရန်ဆုတောင်းခြင်းအားဖြင့်လည်းကောင်း၊ စိတ်တူသဘောတူခရစ်ယာန်များနှင့်ပေါင်းသင်းခြင်းအားဖြင့်လည်းကောင်း အထက်ပါအရည်အချင်းအားလုံးကို ကျွန်ုပ်တို့ပြုစုပျိုးထောင်နိုင်ပေသည်။—ဆာလံ ၁:၁-၃။ ၁ သက်သာလောနိတ် ၅:၁၇။ ဟေဗြဲ ၁၀:၂၄၊ ၂၅။
“သူတို့သည် အလွန်ကောင်းမြတ်တော်မူခြင်းအကြောင်းကို အောက်မေ့ဖို့ရာမြွက်ဆို၍ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ရွှင်လန်းစွာကြွေးကြော်ကြပါလိမ့်မည်” ဟူ၍လည်း သမ္မာကျမ်းစာဆိုသည်။ (ဆာလံ ၁၄၅:၇၊ သမ္မ) ဟုတ်ပါသည်။ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းအကြောင်းကို သူတစ်ပါးအားပြောပြရန် ဘုရားသခင်လိုလားတော်မူ၏။ ကောင်းကင်ခမည်းတော်အကြောင်းကို လွတ်လွတ်လပ်လပ်ပြောသင့်ပေသည်။
နောက်ဆုံးအနေနှင့် ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကြောင့် ရောင့်မတက်သင့်ပေ။ အပြစ်သားများကို ယေဟောဝါအပြစ်လွှတ်တော်မူသည်မှာ မှန်ပါသည်။ ဒါဝိဒ်မင်းကြီးသည် အောက်ပါအတိုင်းဆုတောင်းရာတွင် အခွင့်သာသောဖြေကြားမှုရရှိမည်ကို ယုံကြည်စိတ်ချခဲ့သည်။ “အကျွန်ုပ်သည်အသက်အရွယ်ငယ်စဉ်၊ ပြစ်မှားမိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်။ ကောင်းမြတ်တော်မူသည်ဖြစ်၍ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကိုအောက်မေ့တော်မူပါ ထာဝရ [ယေဟောဝါ၊ NW] ဘုရား။” (ဆာလံ ၂၅:၇) ဘုရားသခင်၏အပြစ်လွှတ်ခြင်းကို ယုံကြည်မျှော်လင့်လျက် အပြစ်ပြုနိုင်သည်ဟုဆိုလိုပါသလော။ လုံးဝမဟုတ်ပါ။ ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းသည် နောင်တမရသောအပြစ်သားများကို “အပြစ်မပေးပဲ အလျင်းနေတော်မမူ” ကြောင်းကိုသတိရပါလေ။
ဘုရားသခင့်ကောင်းမြတ်တော်မူခြင်း၌ပျော်မွေ့ခြင်း
ဘုရားသခင့်ကောင်းမြတ်တော်မူခြင်းကို အပြည့်အဝခံစားရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့၏နှလုံးသားသည် ကိုယ်တော်ကိုအထူးခင်တွယ်သွားကြသည်။ တမန်တော်ပေါလု၏အောက်ပါဆုံးမစကားအတိုင်းလိုက်လျှောက်ရန် ကျွန်ုပ်တို့အားပေးခံရကြသည်။ “အလင်း၏သားကဲ့သို့ကျင့်နေကြလော့။ အလင်းတော်၏အကျိုးမူကား၊ အလုံးစုံသောကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းဖြစ်သတည်း။”—ဧဖက် ၅:၈၊ ၉။
နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့သည်ဘုရားသခင်၏မေတ္တာပြည့်ဝသောစိုးရိမ်ကြောင့်ကြပေးမှုကို သတိထားမိကြသည်။ အခက်ခဲဆုံး၊ အကြပ်တည်းဆုံးအခြေအနေမျိုး၌ပင် ကိုယ်တော်ကို ချစ်သောသူတို့ကိုစွန့်ပစ်တော်မမူကြောင်း ကျွန်ုပ်တို့သိထားသည်။ မှန်ပေသည်။ အောက်ဖေါ်ပြပါဆာလံဆရာ၏အထူးမြင့်မြတ်သောစိတ်ငြိမ်သက်ခြင်းမျိုးကို ကျွန်ုပ်တို့ခံစားရကြသည်။ “အကယ်စင်စစ်အကျွန်ုပ်သည် [ကောင်းမြတ်တော်မူခြင်း၊ NW] ကျေးဇူးတော်နှင့်ကရုဏာကို တစ်သက်လုံးခံစား၍ [ယေဟောဝါ၊ NW] ၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်။”—ဆာလံ ၂၃:၆။