ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း၌ ကျွန်ုပ်တို့၏မျက်စိ “ရိုးရှင်း” စေခြင်း
အရှေ့ဂျာမနီဟုအမည်တွင်ခဲ့သော ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဂျီ.ဒီ.အာရ်) သည် အလယ်အလတ်အရွယ်ရောက်ရုံရှိသေးသည်။ လိုင်ဘေးရီးယားနိုင်ငံ သို့မဟုတ် အမေရိကန်နိုင်ငံရှိ တက်နစီပြည်နယ် အရွယ်ခန့်ရှိ ယင်း၏နယ်မြေကို အနောက်ဂျာမနီဟု ခေါ်ခဲ့သော ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံနှင့် ပေါင်းစည်းခဲ့ချိန် ၁၉၉၀ အောက်တိုဘာ ၃ ရက်နေ့တွင် ယင်း၏ လေးဆယ်တစ်နှစ် တည်ရှိနေမှု ကုန်ဆုံးခဲ့ပါသည်။
ဂျာမနီနိုင်ငံနှစ်နိုင်ငံကို ပြန်ပေါင်းစည်းခြင်း၌ ကြီးမားသောပြုပြင်ပြောင်းလဲမှု ရှိရလိမ့်မည်ဖြစ်ကြောင်း ထင်ရှားနေပါသည်။ ဤနိုင်ငံနှစ်နိုင်ငံကို သီးခြားကွဲပြားစေခဲ့သည်ကား နယ်နိမိတ်ပြဿနာသာမဟုတ် မတိကျမသေချာသောအယူအဆများကြောင့်လည်းဖြစ်သည်။ ယင်းကြောင့် ထိုနိုင်ငံသားများ အဘယ်အကျိုးခံစားခဲ့ရ၍ ယေဟောဝါသက်သေများအတွက် မည်သို့သောအသက်တာအပြောင်းအလဲရှိသနည်း။
၁၉၈၉ နိုဝင်ဘာလတွင် ပြန်ပေါင်းစည်းရန်အကြောင်း ဖြစ်ပေါ်စေခဲ့သည့် ဗင်ဒီတော်လှန်ရေးသည် နှစ်ပေါင်းလေးဆယ် ကြပ်မတ်ခဲ့သောစနစ် ကျဆုံးသည်နှင့် ဖြစ်ပျက်ခဲ့သည်။ ထိုကာလအတွင်း ယေဟောဝါသက်သေများ၏လုပ်ငန်းကို ပိတ်ပင်ထားပါသည်။ သူတို့ခံခဲ့ရသော နှိပ်စက်ညှဉ်းပန်းမှုသည်လည်း တစ်ခါတစ်ရံ အလွန်ပြင်းထန်ခဲ့သည်။a ဂျီ.ဒီ.အာရ်.သည် လွတ်လပ်ရေးရသောအခါ ပြည်သူလူထုသည် အားရဝမ်းသာ ကျေနပ်ခဲ့ကြသည်။ သို့သော် စိတ်တက်ကြွမှု လျော့နည်းလာသည့်အခါ များစွာသောသူတို့သည် အကြံအိုက် စိတ်ပျက်ပြီး ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြောင်း ဝန်ခံကြလေသည်။ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတစ်မျိုးတစ်ပုံစံတည်း ဖြစ်လာစေရန် ဂျာမနီနိုင်ငံနှစ်နိုင်ငံကို ပေါင်းစပ်ဖို့တာဝန်သည် အလွန်ခဲယဉ်းကြောင်း ထင်ရှားနေပါပြီ။
ဒါ ရှပီဂဲလ်စာစဉ်တွင် အထူးမှတ်တမ်းဖြစ်သော “၁၆၂ တာဂီ ဒဝိုက်ရှီ ဂီရှိခ်တီ” (ဂျာမန်သမိုင်း၏ ၁၆၂ ရက်) အရ ပြန်ပေါင်းစည်းပြီးနောက် အလုပ်လက်မဲ့ဖြစ်ရခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် ငှားရမ်းခများ တိုးများလာလိမ့်မည်ကို အနှံ့အပြားစိုးရိမ်နေခဲ့ကြသည်။ ယခင်ဂျီ.ဒီ.အာရ်. နိုင်ငံတွင် နေထိုင်ခဲ့သူတို့က “ငါ့အငြိမ်းစား လစာငွေ လုံလောက်ပါ့မလား” ဟုသိလိုကြသည်။ အိုးအိမ်နှင့်ပတ်သက်၍ကော။ “ဂျီ.ဒီ.အာရ်. နိုင်ငံတစ်နိုင်ငံလုံးတွင် တိုက်အိုများသည် ပြိုပျက်နေ၍ လူမနေနိုင်သည့်လမ်းများလည်း များစွာရှိနေပါသည်။” ညစ်ညမ်းမှုအခြေအနေသည်လည်း ထိတ်လန့်စရာဖြစ်ချေပြီ။
ဤသို့သော လူမှုရေးနှင့် စီးပွားရေး မငြိမ်မသက်မှုများကြား ယခင်ဂျီ.ဒီ.အာရ်. နိုင်ငံရှိ ယေဟောဝါသက်သေများ မည်သို့စီမံကြပါသနည်း။
တော်လျော်စွာ အာရုံစူးစိုက်လျက်ရှိခြင်း
ယေဟောဝါသက်သေများတွင် အယူအဆဆိုင်ရာများ မရှိပါ။ အရှေ့မတိကျမသေချာမှုသော်လည်းကောင်း၊ အနောက်သော်လည်းကောင်း သူတို့၏ ကျမ်းစာအခြေခံ ယုံကြည်ချက်သည် တစ်မျိုးတည်း ဖြစ်ပါသည်။ ဆက်ဆံရေးပတ်ဝန်းကျင် အပြောင်းအလဲဖြစ်နေချိန်တွင် သက်သေခံအများစုသည် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် သူတို့၏ အဓိကရည်မှန်းချက်အပေါ် အာရုံစူးစိုက်ထားခြင်းဖြင့် ဝိညာဏတည်ငြိမ်မှုကို ဆက်လက်တည်တံ့စေကြပါသည်။ ယင်းသည် အဘယ်ကြောင့် မလွဲမသွေ လုပ်ရမည့်အရာဖြစ်သနည်း။
“ယခုလက်ရှိ ကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာ တည်ရှိနေတော့မည်မဟုတ်သောကြောင့်တည်း။” (၁ ကောရိန္သု ၇:၃၁၊ သတင်းကောင်း) ဗင်ဒီမတိုင်မီက ပိတ်ပင်မှုအောက်တွင် ဟောပြောရန် သတ္တိလိုခဲ့ပါသည်ဟု ခရစ်ယာန်အကြီးအကဲတစ်ဦးပြောပြသည်; ယေဟောဝါကို အားထားမှီခိုကြရန်နှင့် သမ္မာကျမ်းစာကို အသုံးပြုတတ်လာကြရန် သက်သေခံများကို လေ့ကျင့်သွန်သင်ပေးခဲ့ပါသည်။ သို့သော် ယခုမူကား “ရုပ်ဝါဒနှင့် ဘဝ၏စိုးရိမ်ပူပန်မှုများကြောင့် လမ်းလွှဲမသွားမိရန် ပိုမိုသတိပြုကြရသည်” ဟုသူဆိုသည်။
လွတ်လပ်ခွင့်နှင့် တိုးတက်မှုကို စည်းစိမ်ဥစ္စာဖြင့် တိုင်းထွာလေ့ရှိကြသည်။ ဤအရပ်ဒေသရှိသူအများက ဆုံးရှုံးခဲ့သောအချိန် သို့မဟုတ် ဆုံးရှုံးခဲ့မည့်ပျော်ရွှင်မှုများကို ဖြည့်စွက်ပေးဖို့လိုသည်ဟု ယူမှတ်ကြပါသည်။ မြို့ထဲတောင်ဘက် သူရင်ဂီယာနှင့် စက်စင်နီအရပ်ရှိ ကျေးရွာများတစ်လျှောက် ကျောက်စရစ်ခဲလမ်းများပေါ် မောင်းနှင်သွားသည့်အခါ ယင်းစိတ်ထားရှိကြောင်း အထင်အရှားတွေ့ကြရသည်။ ပြုပြင်စရာလိုနေသည့် လမ်းများ၊ တော်သင့်ရုံသာရှိသည့် အိမ်များကို တွေ့မြင်ရသော်လည်း ရုပ်မြင်သံကြား ဂြိုဟ်တုစလောင်းများ အလျှံပယ်ရှိနေပါသည်တကား! တွေ့သမျှကို ပိုင်ဆိုင်မှသာ လုံခြုံမှုနှင့် ပျော်ရွှင်မှုရှိနိုင်မည်ဟု ထင်ယောင်ထင်မှားဖြစ်စရာ အလွန်လွယ်ကူပါသည်။ ယင်းကား တကယ့်အန္တရာယ်ကျော့ကွင်းပါတကား!
စည်းစိမ်ဥစ္စာနှင့် ဘဝ၏စိုးရိမ်ပူပန်မှုများ၌ ထိုက်သင့်သည်ထက် ပိုမိုအလေးပေးခြင်း၏အန္တရာယ်များအကြောင်း တောင်ပေါ်ဒေသနာတွင် ယေရှုဟောကြားတော်မူခဲ့သည်။ “မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်” ဟုကိုယ်တော် သတိပေးပါသည်။ “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင် [ရိုးရှင်း၊ ကဘ] လျှင် တစ်ကိုယ်လုံး လင်းလိမ့်မည်” ဟုထပ်ဆင့်မိန့်တော်မူသည်။ (မဿဲ ၆:၁၉၊ ၂၂) ကိုယ်တော် ဘာကိုဆိုလိုတော်မူသနည်း။ ရိုးရှင်းသောမျက်စိသည် စူးစိုက်မှုတစ်ခုတည်းဖြစ်ပြီး စိတ်သို့ ကြည်လင်သောရုပ်ပုံလွှာများ ပေးပို့တတ်သည်။ ရိုးရှင်းသော ဝိညာဏမျက်စိသည် ကြည်လင်ပြတ်သားသော ဘုရားသခင့်နိုင်ငံတော်ရုပ်လွှာကို အမြဲပေါ်စေပါသည်။ ထို့ကြောင့် မိမိမျက်စိကို ဘုရားသခင့်နိုင်ငံတော်အပေါ် အာရုံစူးစိုက်၍ ရိုးရှင်းစွာရှိစေရန်သော်လည်းကောင်း၊ စိုးရိမ်ပူပန်မှုများကို အဓိကမထားရန်သော်လည်းကောင်း ဆုံးဖြတ်သည့် ခရစ်ယာန်တစ်ဦး၏ ဝိညာဉ်ရေးသည် ဟန်ချက် အမြဲညီနေနိုင်ရန် အထောက်အကူရပါလိမ့်မည်။
ယင်းကို ဗင်ဒီ အတောအတွင်း သမ္မာကျမ်းစာကို စိတ်ဝင်စားကြောင်း တင်ပြခဲ့သူ စက်စင်နီအရပ်၊ ဇွီခ်ကောမြို့နေ မောင်နှံစုံ၏ တွေ့ကြုံမှုဖြင့် ဖော်ပြနိုင်ပါသည်။ အလွန်အချိန်ကုန်သည့်စီးပွားရေးကို သူတို့လုပ်ကိုင်နေကြသော်လည်း ဝိညာဉ်ရေးကိုဦးစားထား၍ ခရစ်ယာန်အစည်းအဝေးအားလုံးကို တက်ခဲ့ကြသည်။ “ကျွန်ုပ်တို့လုပ်ငန်းဘက်မှကြည့်လျှင် အချိန်မပေးနိုင်သော်လည်း” “ဝိညာဉ်ရေးဘက်မှကြည့်လျှင် အလွန်လိုအပ်နေပါသည်” ဟုသူတို့ဝန်ခံကြသည်။ တကယ့်ပညာရှိ ဆုံးဖြတ်ချက်ပါတကား!
စက်စင်နီအရပ်ရှိ ပလိုအဲန်မြို့မှ မိသားစုကိုလည်း ကြည့်လေ။ လင်ယောက်ျားဖြစ်သူသည် နာရီများကို ကျွမ်းကျင်စွာပြုလုပ်တတ်သော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဗင်ဒီပြီးနောက် သူ၏ဆိုင်ခန်းလခသည် အကြီးအကျယ် တက်သွားပါသည်။ သူဘာလုပ်သင့်သနည်း။ “ဆိုင်ခန်းခငွေအများကြီးကုန်ကျပါလိမ့်မည်။ သမ္မာတရားအတွက် အသက်ရှင်ရမည်ဟူသည့် အမှန်တရားကို ကျွန်တော်သိရှိခဲ့ရသည်။” သို့နှင့် အခနည်းသည့် အဆင်မပြေလှသော အခြားရပ်ကွက်တစ်ခုသို့ ရွှေ့ပြောင်းခဲ့လေသည်။ မှန်ပါသည်။ ဤနာရီပြုလုပ်သူသည် သူ၏မျက်စိကို ရိုးရှင်းစေရမည့်အကြောင်း အဆောတလျင်တတ်သိခဲ့သူဖြစ်ပါသည်။
သို့သော် အချို့မူကား အသိနောက်ကျခဲ့ပါသည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် ဖွင့်ခါစ လွတ်လပ်သောဈေးကွက်စီးပွားရေးကို အားကျမိပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခဲ့သည်။ သို့သော် စီးပွားရေးတာဝန်ယူမှုများကြောင့် ဝိညာဉ်ရေးအတွက် အချိန်မပေးနိုင်သည့်အထိ မဖြစ်စေရန် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ကြင်နာစွာ သတိပေးခဲ့ပါသည်။ သို့ဖြစ်၍ပင် ထိုအတိုင်းဖြစ်ခဲ့လေသည်။ လအနည်းငယ်အကြာတွင် ထိုညီအစ်ကိုသည် အကြီးအကဲအဖြစ်မှ နှုတ်ထွက်ပါသည်။ နောင်တွင် သူက “လုပ်ငန်းတော်အခွင့်အရေးများကို လက်လှမ်းနေသူ အဘယ်ညီအစ်ကိုမျှ လုပ်ငန်းရှင်ဖြစ်ရန် မစဉ်းစားဖို့ ကျွန်တော့်ကိုယ်ပိုင်အတွေ့အကြုံမှ သတိပေးလိုပါသည်” ဟုဆိုသည်။ သို့ဖြစ်သောကြောင့် ခရစ်ယာန်တစ်ဦးတွင် ကိုယ်ပိုင်လုပ်ငန်းရှိခြင်းသည် မှားသည်ဟု မဆိုလိုပါ။ သို့သော် ကိုယ်ပိုင်လုပ်ငန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စီးပွားရေးဘက် စိုးရိမ်ပူပန်မှုများကို ပိုမိုအလေးပေးနေခြင်းသည် ကျွန်ုပ်တို့အား စည်းစိမ်ချမ်းသာ၏ကျေးကျွန်များ အလိုလိုဖြစ်သွားစေနိုင်ပါသည်။ ရလဒ်ကို ယေရှုဤသို့ဖော်ပြပါသည်– “အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကို ချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။” (မဿဲ ၆:၂၄) ဂျာမန်ကဗျာဆရာ ဂိုးသာက “လွတ်လပ်ပါသည်ဟု မှားယွင်းစွာယုံကြည်နေသူတို့ထက် မျှော်လင်ချက်မဲ့စွာ အစေခံနေရသူမရှိ” ဟုဆိုပါသည်။
မုန်တိုင်းမိသည့်အခါ ခရီးပန်းတိုင်ကို မျက်ခြည်မပြတ်စေရန် မျက်စိမှေးကြည့်ဖို့ သို့မဟုတ် မျက်စိကိုကာကြည့်ဖို့ လိုကောင်းလိုပေမည်။ နိုင်ငံရေး၊ စီးပွားရေး သို့မဟုတ် လူမှုရေး မငြိမ်မသက်မှုများပတ်ပတ်လည်ဖြစ်နေသည့်အခါ ကျွန်ုပ်တို့၏ဝိညာဏခရီးပန်းတိုင်ကို မျက်ခြည်မပြတ်စေရန် အာရုံစူးစိုက်ဖို့လိုပါသည်။ ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် မျက်စိရိုးရှင်းနေကြရန် ခရစ်ယာန်အချို့ ဘာလုပ်ကိုင်နေကြပါသနည်း။
တိုးများလာသည့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း
ယခင်ဂျီ.ဒီ.အာရ်. နိုင်ငံတစ်လျှောက်ရှိ ယေဟောဝါသက်သေများသည် ဟောပြောခြင်းလုပ်ငန်းတွင် ယခင်ကထက် ယခုပိုမိုပါဝင်ဆောင်ရွက်နေကြပါသည်။ လွန်ခဲ့သောနှစ်နှစ်တာကာလအတွင်း လယ်ကွင်းလုပ်ငန်း၌ ပျမ်းမျှပါဝင်ခဲ့ချိန်သည် ၂၁ ရာခိုင်နှုန်း တိုးတက်လာပါသည်။ ရလဒ်ကား အိမ်တွင်းကျမ်းစာသင်အံမှုများ ထူးခြားစွာဖြင့် ၃၄ ရာခိုင်နှုန်း တိုးများလာသည်။ ထို့ပြင် မှန်မှန်ရှေ့ဆောင်အရေအတွက်သည် ယခု လွန်ခဲ့သောနှစ်နှစ်တာကာလထက် လေးဆပိုများနေသည်ကို တွေ့ရှိရ၏! အခြားသူတို့သည် စိုးရိမ်ပူပန် ညည်းညူနေကြစဉ် ယခင်ဂျီ.ဒီ.အာရ်. နိုင်ငံရှိ ခရစ်ယာန် ၂၃,၀၀၀ ကျော်တို့သည် မျက်စိရိုးရှင်းစေကြခြင်းအားဖြင့် သူတို့၏အခြေအနေကို အဆင်ပြေစွာ ဖြေရှင်းကိုင်တွယ်နေကြပါသည်။ ယင်းကြောင့်လည်း ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းသည် အံ့ဩစရာကောင်းသည့်တိုင် တိုးတက်ကြီးပွားနေသည်ကို တွေ့ရှိကြရသည်။—ယောရှု ၆:၁၅ နှိုင်းယှဉ်။
လုပ်ငန်းတော်တိုးချဲ့လာခြင်းကြောင့် သက်သေခံအများစုရှိသည့် တောင်ဘက်ပိုင်း ရပ်ကွက်ကို စေ့စေ့စပ်စပ် ဂရုစိုက်နေနိုင်ကြပါသည်။ နေရာဌာနအမည်များစွာတို့သည် သမိုင်းဝင်ဖြစ်ရပ်နှင့်ဆက်နွှယ်နေသည်။ ကြွေထည်အကောင်းစားကို တန်ဖိုးထားတတ်သူဖြစ်မည်ဆိုလျှင် ဒရက်စဒန်မြို့အနီးရှိ ကမ္ဘာ့အချောမွတ်ဆုံးကြွေထည်ထွက်သည့် မိုက်စင်အမည်ကို မှတ်မိလိမ့်မည်။ မိုက်စင်မြို့တွင် ယခု ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ ၁၃၀ ခန့်နေထိုင်ပါသည်။ “ဂျာမနီနိုင်ငံ၏ ရှေးမြို့တော်ဟောင်း” ဝိုင်မာရ်မြို့ကိုလည်း စူးစမ်းကြည့်ပါလေ။ မြို့လယ်ရှိ ဂိုးသာ-စကစ်လာအထိမ်းအမှတ်က ဝိုင်မာရ်မြို့သူမြို့သားအများ ဂုဏ်ယူနိုင်စရာ အကြောင်းဖြစ်သည့် ထိုစာရေးဆရာနှစ်ဦးနှင့် ယင်းမြို့သည် အဆက်အစပ်ရှိကြောင်း ထင်ရှားစေသည်။ ယနေ့ သတင်းကောင်းကြေညာသူ ၁၅၀ ကျော်ကြောင့်လည်း ဝိုင်မာရ်မြို့သည် ဂုဏ်ယူနိုင်ပါသေးသည်။
သို့သော် ကြေညာသူအရေအတွက်နည်းပြီး အသင်းတော်တစ်ခုနှင့်တစ်ခု အလွန်ကွာဝေးသည့် မြောက်ဘက်ပိုင်း၏အခြေအနေမူကား ကွဲပြားခြားနားပါသည်။ အထူးသဖြင့် အလုပ်အကိုင်ရှားပါးပါသည်။ အလုပ်အကိုင်ရှိထားနှင့်သူများကလည်း အလုပ်မပြုတ်ရန် အချိန်ပိုမလုပ်မဖြစ်သည့်အခြေအနေတွင် ရောက်နေကြရရှာသည်။ တောင်ဘက်ပိုင်းတွင် အချိန်ပြည့်ဟောပြောသူအဖြစ် အမှုထမ်းသောညီအစ်ကိုတစ်ဦးက “ပိတ်ပင်ထားမှုအောက် ညီအစ်ကိုတစ်ဦးစီသည် လယ်ကွင်းလုပ်ငန်း၌ ယေဟောဝါ၏ကာကွယ်မှုကို လိုအပ်ခဲ့ပါသည်။ သို့သော် အလုပ်အကိုင်ရရှိရန် မခဲယဉ်းခဲ့ပါ။ ယခုမူကား ပြောင်းပြန်ဖြစ်နေသည်။ လွတ်လပ်စွာဟောပြောနိုင်သော်လည်း ဝမ်းစာရှာလုပ်ငန်းနှင့်ပတ်သက်၍ ကိုယ်တော့်လမ်းပြညွှန်ကြားမှုကို လိုအပ်နေကြပါသည်။ ဤအပြောင်းအလဲမျိုးတွင် နေသားတကျဖြစ်ရန် အလွန်အရေးကြီးနေပါသည်” ဟုရှင်းပြသည်။
ပိုမိုဟောပြောနိုင်သည့်အတွက် ကြေညာသူများသည် ဝမ်းသာအားရနေကြပါသလော။ ဗို့ဖ်ဂန်၏သဘောက “ကြေညာသူတစ်ဦးသည် ရပ်ကွက်တစ်ခုတွင် ထပ်ခါတလဲ အမှုဆောင်လျှင် သာ၍ကောင်းပါသည်။ လူများသည် သူ့အား စိတ်ချယုံကြည်လာပြီး ပို၍ပွင့်လင်းစေပါသည်” ဟူ၍ဖြစ်သည်။ ထို့ပြင် အိမ်ရှင်များသည် “တံခါးဝတွင် ဘာသာတရားဆွေးနွေးခြင်းကို လူသွားလူလာ ကြားသည့်တိုင် မရှက်ကြောက်ကြတော့ချေ။ ဘာသာရေးသည် မပြောမဆိုဝံ့သောအကြောင်းတစ်ခု မဟုတ်တော့ပါ။” ရာလ်ဖ်နှင့် မာတီနာတို့လည်းသဘောတူကြသည်၊ “ကျွန်ုပ်တို့၏ရပ်ကွက်တွင် ထပ်ခါတလဲ အမှုဆောင်ခြင်းမှ ပျော်ရွှင်မှုရသည်။ လူအများကို သိရှိလာနိုင်၍ ရယူတင်ပြနိုင်သည့်စာပေ အမျိုးမျိုးရှိသည့်အတွက်လည်း အားရပါသည်” ဟုဆိုကြသည်။
ကျွန်ုပ်တို့စာပေများကို တန်ဖိုးထား လေးမြတ်ခြင်း
ရာလ်ဖ်နှင့်မာတီနာတို့သည် အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လောစာအုပ်ကို အထူးတန်ဖိုးထားကြသည်။ ယခင်ဂျီ.ဒီ.အာရ်. တွင် ဘုရားမဲ့ဝါဒီကို ယုံကြည်ခဲ့သူအများအတွက် ဤစာအုပ်သည် ကျမ်းစာလေ့လာရာတွင် အံ့ဖွယ်ကောင်းလောက်အောင်ထောက်ကူသောစာအုပ်တစ်အုပ် ဖြစ်ကြောင်းပြသနေပါသည်။ ထပ်တူအကြောင်းစုံပါသည့် စာစောင်ငယ်တစ်အုပ်ကိုလည်း သူတို့တမ်းတမိသည်။ “ဒရက်စဒန်မြို့၌ကျင်းပခဲ့သော ၁၉၉၂ ‘အလင်းဆောင်သူများ’ ခရိုင်စည်းဝေးပွဲတွင် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလောဘရိုရှာ ထွက်လာသည့်အခါ အလွန်ဝမ်းသာခဲ့ကြသည်။ ကျွန်ုပ်တို့ဆုတောင်းပြည့် သွားပါသည်။”
ကင်းမျှော်စင် စာပေစာတမ်းများကို သက်သေခံမဟုတ်သူ မြောက်မြားစွာတို့လည်း ချီးမွမ်းလာကြပြီ။ ပို့ချချက်များ ပြင်ဆင်ရာတွင် ယင်းစာပေစာတမ်းများကို အသုံးပြုသည့် လူမှုပညာရေးကထိကတစ်ဦးက ယင်းတို့ကို “အထူးတန်ဖိုးထားလေးမြတ်၍ ကျေးဇူးတင်ကြောင်း” ၁၉၉၂ ဇူလိုင်လတွင် စာရေးအကြောင်းကြားခဲ့သည်။ ၁၉၉၂ ဇန်နဝါရီလတွင် ရောစတော့ခ်မြို့နေ အမျိုးသမီးတစ်ဦးသည် မိမိအိမ်သို့ရောက်လာသည့် သက်သေခံနှစ်ဦးထံမှ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို လက်ခံယူထားပါသည်။ ဂျာမနီနိုင်ငံဌာနခွဲရုံးထံ သူမဤစာကို ရေးပို့ခဲ့သည်– “ကျွန်မ လူသရင်အသင်းသားတစ်ဦးဖြစ်သည်။ ယေဟောဝါသက်သေအဖွဲ့အစည်း၏ လုပ်ငန်းများကို ကျွန်မ အထူးလေးစားပါသည်။ ဘုရားသခင့်လမ်းပြညွှန်ကြားမှုမပါဘဲ လူသား အသက်မရှင်နိုင်တော့ကြောင်းကို သူတို့သည် ပြတ်ပြတ်သားသား ဖော်ပြပြောဆိုပါသည်။”
ခရစ်ယာန်ဘောင်ချာ့ချ်များသည် ယင်း၏ အသင်းသူအသင်းသားများအတွက် ဝိညာဏလမ်းပြမှု မည်မျှပေးနေပါသနည်း။ လူသရင်ချာ့ချ်သည် “အေးဆေးငြိမ်သက်သော တော်လှန်ရေး၏မိခင်အဖြစ် တစ်ခဏဂုဏ်တက်ခဲ့သော်လည်း ပြည်သူလူထု၏အကဲဖြတ်ခံရခြင်းသည် အလျင်အမြန်ကျဆင်းနေဟန်ရှိသည်” ဟုနာမည်ကြီး ဒီဇိုက်သတင်းစာက ၁၉၉၁ ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည်။ အမှန်မှာ လူသရင်ချာ့ချ်၏ကိုယ်စားလှယ်တစ်ဦးက ဤသို့ ညည်းညူခဲ့သည်– “ပရဒိသုအတွင်းအသက်တာကို လွတ်လပ်သောဈေးကွက်စနစ်နှင့် လူအများ ရှုပ်ထွေးခဲ့ပြီ။” မဲဂ်ျဒဘာ့ဂ်မြို့မှ ချာ့ချ်အသင်းသားတစ်ဦးသည် ကျိုးကြောင်းသိလိုကြောင်း အကြောင်းကြားစာတစ်စောင် ရေးပို့ခဲ့ပါသည်။ အဘယ်ကြောင့်နည်း။ “မယုံမကြည်အပြုံးမျိုးနှင့် နှစ်ချီနေထိုင်ခဲ့ပြီးနောက် ယခု ဤလောကသည် အဆုံးတိုင်တော့မည်ဟု ကျွန်တော်အတိအလင်းယုံကြည်ပါပြီ။ များမကြာမီ ဒုက္ခအကြီးအကျယ်ကြုံရလိမ့်မည်ဟုလည်း ကျွန်တော် ထင်သည်” ဟုသူရေးသားပါသည်။—၂ တိမောသေ ၃:၁-၅။
ကျယ်ပြန့် တိုးချဲ့ရေးအတွက် ဆောက်လုပ်နေခြင်း
ဗင်ဒီမတိုင်မီက ဂျီ.ဒီ.အာရ်. နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမများ အသုံးပြုခွင့် မရခဲ့ပါ။ ယခုမူ ခန်းမများစွာ အရေးတကြီးလိုအပ်နေပါသည်; ယင်းတို့ဆောက်လုပ်ခြင်းကို ဦးစားပေး ဆောင်ရွက်နေကြပါသည်။ ဤမည်ကား စစ်မှန်သောဝတ်ပြုရေးတွင် အကြီးအကျယ်ပြောင်းလဲလာသည့် အခြားကဏ္ဍတစ်ခုဖြစ်ပါသည်။ ဤအပြောင်းအလဲသည် မည်မျှလျင်မြန်နေကြောင်း ညီအစ်ကိုတစ်ဦး၏ အတွေ့အကြုံက တင်ပြပါသည်။
၁၉၉၀ မတ်လ၌ ဂျီ.ဒီ.အာရ်. နိုင်ငံတွင် ယေဟောဝါသက်သေများကို တရားဝင်အသိအမှတ်ပြုပြီးသည့်နောက် နာရီအနည်းငယ်အချိန်တွင်ပင် ညီအစ်ကိုတစ်ဦးသည် မိမိဘဝအသက်တာတွင် ပထမဆုံးအကြိမ် အသံချဲ့စက်အသုံးပြု၍ သက်သေခံတစ်စုရှေ့ ဟောပြောခွင့်ရရှိခဲ့သည်။ နှစ်နှစ်ခွဲအကြာတွင် ထိုညီအစ်ကိုပေါင်းသင်းသည့်အသင်းတော်သည် အသစ်စက်စက် [ဘုရားသခင့်] နိုင်ငံတော်ခန်းမတစ်ခုကို အနုမောဒနာပြုနိုင်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်အကုန်ပိုင်းတွင် အသင်းတော် ၁၆ ခုအတွက် နိုင်ငံတော်ခန်းမခုနစ်ခုကို ဆောက်လုပ်ပြီးခဲ့ပြီ။ ယခုခန်းမ ၃၀ ကျော်နှင့် လှပသောစည်းဝေးပွဲခန်းမဆောင်တစ်ခုကိုပါ ဆောက်လုပ်ရန် ကြံရွယ်စီစဉ်နေကြပါသည်။
ဘုရားသခင့်နိုင်ငံတော်ကို အာရုံစူးစိုက်နေခြင်း
“ဗင်ဒီပြီးဆုံးသည်နှင့် များစွာသောသူတို့သည် သမ္မာကျမ်းစာကို ငြင်းပယ်ခဲ့ကြသည်။ အခြေအနေပိုကောင်းလာမည်ဟု ကတိပေးသည့် အစိုးရအသစ်ကို သူတို့မျှော်ကိုးနေကြပါသည်” ဟုခရစ်ယာန်အကြီးအကဲတစ်ဦး ပြောပြသည်။ သူတို့မျှော်လင့်သည်အတိုင်း ဖြစ်ပျက်လာပါသလော။ “နှစ်နှစ်အတွင်း စိတ်ထားပြောင်းလဲကုန်ကြသည်။ လူ့အစိုးရများသည် ငြိမ်းချမ်းသာယာမှုနှင့် ဖြောင့်မတ်ခြင်းကို မဖြစ်ပေါ်စေနိုင်ကြောင်း ယခု လူအများ သဘောတူဝန်ခံနေကြပေပြီ။”
ဂျီ.ဒီ.အာရ်. နိုင်ငံတွင် ဆိုရှယ်လစ်ဝါဒ ကြပ်မတ်ခဲ့ချိန် ကုန်ဆုံးခြင်းကို မြောက်မြားစွာ ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။ အနောက်တိုင်းအယူဝါဒ၏ အလွန်သာယာဝပြောသောခေတ်ဖြစ်လာရန်အရိပ်နိမိတ်ပြနေသည်ဟု ထိုစဉ်က သူတို့ယူဆခဲ့သည်။ သို့သော် စိတ်ပျက်ရလေပြီ။ ယေဟောဝါသက်သေများမူကား မည်သူပင် အုပ်စိုးစေကာမူ သူတို့၏မျက်စိကို ရိုးရှင်းစေ၍ ကောင်းကင်တွင် ကြယ်တစ်လုံးပမာ တောက်ပထွန်းလင်းနေသော ဘုရားသခင့်နိုင်ငံတော်ကို စွဲမြဲစွာ အာရုံစူးစိုက်ကြပါသည်။ ဤသို့မျှော်ကိုးအားထားခြင်းကြောင့် ဘယ်သောအခါမျှ စိတ်ပျက်စရာအကြောင်း ရှိလိမ့်မည်မဟုတ်ပါ။—ရောမ ၅:၅။
[အောက်ခြေမှတ်ချက်များ]
a ၁၉၉၂ ဧပြီ ၁၅၊ မေ ၁ နှင့် မေ ၁၅ ထုတ် ကင်းမျှော်စင်စာစောင်များပါ “ပိတ်ပင်မှုအောက်ရှိ ကျွန်ုပ်တို့အား ယေဟောဝါစောင့်ရှောက်” အပိုင်း ၁-၃ ရှု။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော် လုပ်ငန်း၌ တိုး၍တိုး၍ ပါဝင်နိုင်ကြရန် ဂျာမနီနိုင်ငံရှိ သက်သေခံများသည် သူတို့၏လွတ်လပ်ခွင့်ကို အသုံးပြုနေကြ