သင့်ဘဝကို ယေရှုမည်သို့ပြောင်းလဲနိုင်သနည်း
ယေရှုခရစ်သည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က ပါလက်စတိုင်းနယ်တွင် အသက်ရှင်ခဲ့သူ ကြီးမြတ်သောဆရာတစ်ပါးဖြစ်သည်။ ကိုယ်တော်၏ကလေးဘဝအကြောင်း များစွာမသိကြရပါ။ သို့ရာတွင် သက်တော် ၃၀ ခန့်ရှိသည့်အခါ ကိုယ်တော်သည် “[အမှန်] တရားဘက်၌သက်သေခံ” ရန် သူ၏ဓမ္မအမှုကိုစတင်ခဲ့ကြောင်း အထောက်အထားခိုင်လုံသည်။ (ယောဟန် ၁၈:၃၇; လုကာ ၃:၂၁-၂၃) ကိုယ်တော်၏ဘဝမှတ်တမ်းကို ရေးသားခဲ့ကြသော တပည့်တော်လေးဦးတို့သည် ယင်းနောက်ပိုင်းသုံးနှစ်ခွဲကာလကို အာရုံစိုက်ခဲ့ကြသည်။
ယေရှုခရစ်သည် ဓမ္မအမှုဆောင်စဉ်အတွင်း မိမိ၏တပည့်တော်များအား ကမ္ဘာ့ဆင်းရဲခြင်းများစွာမှ သက်သာရာရစေနိုင်သည့် ပညတ်တစ်ခုကိုပေးခဲ့သည်။ ၎င်းကား အဘယ်နည်း။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” (ယောဟန် ၁၃:၃၄) မှန်ပါသည်၊ လူ့ပြဿနာအများကို မေတ္တာဖြင့်ဖြေရှင်းရသည်။ အခြားတစ်ကြိမ်တွင် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ယေရှုအမေးခံရသောအခါ ကိုယ်တော်ဤသို့ဖြေခဲ့သည်– “‘သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့’ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ‘ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့’ ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။”—မဿဲ ၂၂:၃၇-၄၀။
ယေရှုသည် ဘုရားသခင်နှင့် လူသားချင်းတို့ကိုမည်သို့ချစ်ရန် အပြောနှင့်သာမက အလုပ်နှင့်ပါပြခဲ့၏။ ဥပမာအချို့ကိုသုံးသပ်ကြည့်ကာ ကိုယ်တော့်ထံမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်ကြောင်း ကြည့်ကြပါစို့။
ကိုယ်တော့်သွန်သင်ချက်များ
သမိုင်းတွင်လူသိအများဆုံး တောင်ပေါ်တရားတော်တစ်ခုတွင် ယေရှုက “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။” (မဿဲ ၆:၂၄) ငွေသည် ပြဿနာအားလုံးကိုဖြေရှင်းပေးသည်ဟု လူအများယုံကြည်ချိန်တွင် ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်အားပထမထားပါဟူသော ယေရှု၏သွန်သင်ချက်သည် ယနေ့တိုင်လက်တွေ့ကျနေဆဲလော။ ဖူဖူလုံလုံဖြစ်ဖို့ ငွေလိုသည်မှာမှန်ပါသည်။ (ဒေ. ၇:၁၂) သို့တိုင် “လောကီစည်းစိမ်” ကို ကျွန်ုပ်တို့၏သခင်ဖြစ်စေမည်ဆိုလျှင် “ငွေကိုတပ်မက်ခြင်း” ကကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို လွှမ်းမိုးထိန်းချုပ်သွားပါလိမ့်မည်။ (၁ တိမောသေ ၆:၉၊ ၁၀) ဤထောင်ချောက်အတွင်းသို့ ဆင်းသက်မိသူများစွာတို့မှာ သူတို့၏မိသားစု၊ သူတို့၏ကျန်းမာရေးနှင့် မိမိတို့အသက်ကိုပင် ဆုံးရှုံးခဲ့ကြရပြီ။
အခြားတစ်ဖက်တွင်မူ ဘုရားသခင်အား ကျွန်ုပ်တို့၏သခင်အဖြစ်ရှုမြင်ခြင်းက ဘဝကိုအဓိပ္ပာယ်ရှိစေသည်။ ဖန်ဆင်းရှင်ဖြစ်သည့်အတွက် ကိုယ်တော်သည် အသက်၏ပင်ရင်းအမြစ်ဖြစ်သောကြောင့် ကိုယ်တော်တစ်ပါးတည်းသာ ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကိုရထိုက်သည်။ (ဆာလံ ၃၆:၉; ဗျာဒိတ် ၄:၁၁) ကိုယ်တော်၏အရည်အသွေးများကို သိလာ၍ ကိုယ်တော်အားချစ်မြတ်နိုးလာသူတို့သည် ကိုယ်တော်၏ပညတ်များကိုနာခံရန် လှုံ့ဆော်ခံရကြသည်။ (ဒေ. ၁၂:၁၃; ၁ ယောဟန် ၅:၃) သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်အကျိုးရရှိကြသည်။—ဟေရှာယ ၄၈:၁၇။
တောင်ပေါ်တရားတော်တွင် ယေရှုသည် မိမိ၏တပည့်တော်များအား လူသားချင်းတို့ကို မည်သို့မေတ္တာပြရန်လည်း သင်ပေးတော်မူ၏။ သူက “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုဆိုခဲ့သည်။ (မဿဲ ၇:၁၂) ဤတွင် ယေရှုအသုံးပြုထားသော “သူတစ်ပါး” ဟူသောစကားလုံး၌ လူတစ်ဦး၏ရန်သူများပင်ပါဝင်သည်။ ထိုတရားတော်၌ပင် ကိုယ်တော်က “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုကျိန်ဆိုသောသူတို့အား ကျေးဇူးပြုကြလော့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၅:၄၃၊ ၄၄) ဤသို့သောမေတ္တာက ယနေ့ကျွန်ုပ်တို့ကြုံတွေ့နေကြရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်မဟုတ်လော။ ဟိန္ဒူခေါင်းဆောင် မိုဟမ်းဒတ်စ်ဂန္ဒီသည် ထိုသို့ပင်ယူဆခဲ့၏။ သူ၏အဆိုကိုဤသို့ကိုးကားဖော်ပြခဲ့ကြသည်– “[ကျွန်ုပ်တို့] သည်၊ “ခရစ်တော်၏တောင်ပေါ်တရားတော်ပါ သွန်သင်ချက်များကို အတူတကွလိုက်လျှောက်သည့်အခါ . . . ကမ္ဘာ့ပြဿနာများကိုပင် ပြေလည်စေမည်ဖြစ်သည်။” မေတ္တာနှင့်ပတ်သက်သော ယေရှု၏သွန်သင်ချက်များကို ကျွန်ုပ်တို့လိုက်နာကြမည်ဆိုလျှင် လူ့ဆင်းရဲခြင်းများစွာကို ဖြေရှင်းနိုင်ပါသည်။
ကိုယ်တော့်လုပ်ရပ်များ
ယေရှုသည် မည်သို့မေတ္တာပြရမည်နှင့်ပတ်သက်သည့် နက်ရှိုင်းသောအမှန်တရားကို သွန်သင်ပေးသည်သာမက မိမိသွန်သင်သည့်အတိုင်း လက်တွေ့ကျင့်သုံးခဲ့သည်။ ဥပမာ၊ အခြားသူများ၏အရေးကို ကိုယ့်အရေးထက် ဦးစားပေးခဲ့သည်။ တစ်နေ့သောအခါ ယေရှုနှင့် တပည့်တော်များသည် အစာစားဖို့ပင်အချိန်မရှိသည့်အထိ လူတို့ကိုကူညီပေးခဲ့ကြသည်။ တပည့်တော်များ ခေတ္တနားဖို့လိုသည်ကို ယေရှုသိမြင်ကာ လူသူဝေးလံသည့်နေရာသို့ ခေါ်သွားခဲ့သည်။ သို့သော် ထိုနေရာသို့ရောက်သော် သူတို့ကိုစောင့်နေသော လူအုပ်ကြီးကိုတွေ့ခဲ့ရသည်။ ခေတ္တအနားယူဖို့လိုသည်ဟု သင်ယူဆသည့်အခါ သင့်အားအလုပ်လုပ်စေလိုသည့် လူအုပ်တစ်အုပ်ကိုမြင်လျှင် သင်မည်သို့တုံ့ပြန်မည်နည်း။ ယေရှုသည် သူတို့ကို “သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ [စကား] ကိုပေးတော်မူ၏။” (မာကု ၆:၃၄) အခြားသူများကို ဤသို့အရေးထားခြင်းက သူတို့ကိုကူညီရန် ယေရှုအားအစဉ်လှုံ့ဆော်ခဲ့သည်။
ယေရှုသည် လူတို့ကိုသွန်သင်ပေးရုံမက လုပ်ဆောင်ပေးခဲ့သည်။ လက်တွေ့ကျအကူအညီကိုလည်း ကိုယ်တော်ပေးခဲ့သည်။ ဥပမာ၊ တစ်ကြိမ်က မိုးချုပ်သည့်အထိ ကိုယ်တော့်သွန်သင်ချက်များကို နားထောင်နေကြသူ လူ ၅,၀၀၀ ကျော်ကိုကိုယ်တော်ကျွေးမွေးခဲ့သည်။ ထို့နောက် များမကြာမီ သုံးရက်ပတ်လုံး ကိုယ်တော်ထံ၌ နားထောင်နေကြပြီး စားစရာလုံးဝမရှိတော့သည့် အခြားလူအုပ်ကြီး—ဤတစ်ကြိမ်တွင် ၄,၀၀၀ ကျော်—ကိုကိုယ်တော်ကျွေးမွေးခဲ့သည်။ ပထမအကြိမ်တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်၊ နောက်တစ်ကြိမ်တွင် မုန့်ခုနစ်လုံးနှင့် ငါးအနည်းငယ်ဖြင့်ကျွေးမွေးခဲ့သည်။ (မဿဲ ၁၄:၁၄-၂၂; ၁၅:၃၂-၃၈) အံ့ဖွယ်အမှုလော။ မှန်ပါသည်၊ ကိုယ်တော်သည်အံ့ဖွယ်အမှုပြုသူတစ်ဦးဖြစ်သည်။
ဖျားနာသူများစွာကိုလည်း ယေရှုကုသပေးခဲ့၏။ မျက်မမြင်၊ ခြေမစွမ်းသူ၊ နူနာစွဲသူနှင့် နားမကြားသူတို့ကိုကုသပေးခဲ့သည်။ သေလွန်သူကိုပင် ထမြောက်စေခဲ့သည်! (လုကာ ၇:၂၂; ယောဟန် ၁၁:၃၀-၄၅) တစ်ကြိမ်တစ်ခါတွင် အနူသည်တစ်ဦးက “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကိုသန့်ရှင်းစေနိုင်တော်မူသည်” ဟုတောင်းပန်ခဲ့၏။ ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။ “ယေရှုသည်သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျက်၊ ‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟုမိန့်တော်မူ၏။” (မာကု ၁:၄၀၊ ၄၁) ယင်းသို့သောအံ့ဖွယ်အမှုများဖြင့် ဆင်းရဲခံရသူတို့ကို ယေရှုမေတ္တာပြခဲ့၏။
ယေရှု၏အံ့ဖွယ်အမှုများကို အသင် ယုံကြည်ဖို့ခက်သလော။ အချို့က ယုံရခက်ကြသည်။ သို့ရာတွင် ယေရှုသည် သူ၏အံ့ဖွယ်အမှုများကို လူအများရှေ့ပြုလုပ်ခဲ့ကြောင်း သတိရပါ။ အခါအခွင့်သင့်တိုင်း ကိုယ်တော်၏အမှားကိုရှာဖို့ကြိုးစားခဲ့ကြသည့် ဆန့်ကျင်သူများပင် ကိုယ်တော်သည် အံ့ဖွယ်အမှုပြုသူတစ်ဦးဖြစ်ကြောင်း မငြင်းနိုင်ခဲ့ကြချေ။ (ယောဟန် ၉:၁-၃၄) ထို့ပြင် အံ့ဖွယ်အမှုများပြုရသည့် ရည်ရွယ်ချက်ရှိသည်။ ၎င်းတို့အားဖြင့် ကိုယ်တော်သည် ဘုရားသခင်စေလွှတ်တော်မူသောသူဖြစ်ကြောင်း လူတို့ခွဲခြားသိမြင်ခဲ့ကြသည်။—ယောဟန် ၆:၁၄။
ယေရှုသည် မိမိကိုအာရုံစိုက်စေဖို့ အံ့ဖွယ်အမှုများပြုခဲ့ရခြင်းမဟုတ်ပါ။ ယင်းအစား တန်ခိုးတော်၏အရင်းအမြစ်ဖြစ်သည့် ဘုရားသခင်အား ကိုယ်တော်ဂုဏ်တင်ခဲ့သည်။ တစ်ခါက ကပေရနောင်မြို့တွင် လူပြည့်လျက်ရှိသည့်အိမ်တစ်အိမ်၌ ကိုယ်တော်ရှိနေသည်။ လေဖြတ်နေသူတစ်ဦးသည် ကုသမှုခံလိုသော်လည်း အိမ်ထဲမဝင်နိုင်ခဲ့ချေ။ ထို့ကြောင့် မိတ်ဆွေများက သူ့၏ထမ်းစင်ကို အိမ်မိုးပေါ်မှလျှောချပေးခဲ့ကြသည်။ ယေရှုသည် သူတို့၏ယုံကြည်ခြင်းကိုသိမြင်သွားရာ လေဖြတ်ခံရသူကိုကုသပေးခဲ့သည်။ ရလဒ်အနေနှင့် လူတို့သည် “ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြ” ကာ “ဤကဲ့သို့တစ်ခါမျှမမြင်စဖူး” ဟုဆိုကြ၏။ (မာကု ၂:၁-၄၊ ၁၁၊ ၁၂) ယေရှု၏အံ့ဖွယ်အမှုများက ယေဟောဝါအားဂုဏ်တင်စေပြီး လိုအပ်သူများကို ထောက်ကူပေးခဲ့သည်။
သို့သော် အံ့ဖွယ်နည်းဖြင့်ကုသပေးခြင်းသည် ယေရှုဓမ္မအမှု၏အဓိကအချက်မဟုတ်ပါ။ ယေရှု၏ဘဝမှတ်တမ်းတစ်ခုကို ရေးသားခဲ့သူတစ်ဦးက ဤသို့ရှင်းပြခဲ့သည်– “ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို သင်တို့သည်ယုံမည်အကြောင်း၊ ထိုသို့ယုံ၍နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက်ရေးထားလျက်ရှိသတည်း။” (ယောဟန် ၂၀:၃၁) မှန်ပါသည်၊ ယုံကြည်သောလူသားများအသက်ရမည်အကြောင်း ယေရှုမြေကြီးပေါ်သို့ကြွလာတော်မူ၏။
ကိုယ်တော်၏ပူဇော်သကာ
‘ယေရှု မြေကြီးပေါ်ကြွလာတယ်ဟုတ်လား။ ဘယ်ကကြွလာတာလဲ’ ဟုသင်မေးပေမည်။ ယေရှုကိုယ်တိုင်က “ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာဆင်းသက်၏” ဟုဆိုခဲ့သည်။ (ယောဟန် ၆:၃၈) ကိုယ်တော်သည် ဘုရားသခင်၏တစ်ပါးတည်းသောသားတော်အဖြစ် လူသားဘဝမတိုင်မီအသက်ရှင်ခဲ့သည်။ သို့ဖြစ်လျှင် ကိုယ်တော်အားမြေကြီးသို့ စေလွှတ်တော်မူသောသူ၏အလိုတော်ကား အဘယ်နည်း။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) မည်သို့ဖြစ်နိုင်မည်နည်း။
သေခြင်းသည် လူသားတို့၏ရှောင်လွှဲမရနိုင်သောအရာ ဖြစ်လာပုံကိုကျမ်းစာက ဖော်ပြထားသည်။ ပထမလူသားမောင်နှံသည် ထာဝစဉ်အသက်ရှင်မည့်အလားအလာရှိသောအသက်ကို ဘုရားသခင်ထံတော်မှ ရရှိခဲ့ကြ၏။ သို့ရာတွင် မိမိတို့ကို ဖန်ဆင်းသည့်အရှင်အား ပုန်ကန်ရန်သူတို့ရွေးချယ်ခဲ့ကြသည်။ (ကမ္ဘာဦး ၃:၁-၁၉) လူ့ပထမအပြစ်ဖြစ်သည့် ၎င်းလုပ်ရပ်၏အကျိုးဆက်အနေနှင့် အာဒံနှင့်ဧဝတို့၏သားစဉ်မြေးဆက်သည် မလိုလားဖွယ်သေခြင်းအမွေကို ရရှိခဲ့ကြသည်။ (ရောမ ၅:၁၂) လူသားတို့ကို စစ်မှန်သောအသက်ပေးရန် အပြစ်နှင့်သေခြင်းကို ဖယ်ရှားပစ်ရပေမည်။
အဘယ်သိပ္ပံပညာရှင်မျှ မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်ခြင်းတစ်မျိုးမျိုးဖြင့် သေခြင်းကိုမဖယ်ရှားနိုင်ပါ။ သို့တိုင် လူ့ဖန်ဆင်းရှင်သည် နာခံသောလူသားများ ထာဝစဉ်အသက်ရှင်နိုင်ကြရန် စုံလင်ခြင်းသို့ရောက်စေနိုင်တော်မူ၏။ ဤပြင်ဆင်ပေးမှုကို သမ္မာကျမ်းစာက ရွေးနုတ်ဖိုးဟုခေါ်ထားသည်။ ပထမလူသားမောင်နှံသည် သူတို့ကိုယ်သူတို့ဖြစ်စေ၊ သူတို့၏သားစဉ်မြေးဆက်ကိုဖြစ်စေ အပြစ်နှင့်သေခြင်း၏ကျွန်အဖြစ် ရောင်းစားခဲ့ကြသည်။ သူတို့သည် ဘုရားသခင်အားနာခံသည့် စုံလင်သောလူ့အသက်ကို ဘုရားသခင်မပါဘဲ အမှား၊ အမှန်ကိုကိုယ်တိုင်ဆုံးဖြတ်သည့်အသက်အတွက် လဲလှယ်လိုက်ခဲ့ကြသည်။ စုံလင်သောလူ့အသက်ကို ပြန်ဝယ်ယူနိုင်ရန် ကျွန်ုပ်တို့၏ကနဦးမိဘများ လက်လွှတ်ဆုံးရှုံးခဲ့သော စုံလင်သည့်လူ့အသက်နှင့်ညီမျှသော တန်ဖိုးကိုပေးဆက်ကြရပေမည်။ မစုံလင်မှုကိုအမွေခံထားကြရခြင်းကြောင့် လူသားတို့သည် ထိုအဖိုးကိုမပေးဆက်နိုင်ကြပေ။—ဆာလံ ၄၉:၇။
ထို့ကြောင့် ယေဟောဝါဘုရားသခင်သည် ကြားဝင်ကူညီပေးခဲ့သည်။ ကိုယ်တော်သည် ယေရှုကိုမွေးဖွားရသည့် အပျိုကညာတစ်ဦး၏သားအိမ်အတွင်းသို့ မိမိ၏တစ်ပါးတည်းသောသားတော်၏အသက်ကို ရွှေ့ပြောင်းပေးခဲ့သည်။ ယခင်ဆယ်စုနှစ်များက အပျိုကညာတစ်ဦး ကလေးမွေးသည်ဟူသောအယူအဆကို သင်ငြင်းပယ်ခဲ့ပေမည်။ သို့ရာတွင် ယနေ့ သိပ္ပံပညာရှင်များသည် နို့တိုက်သတ္တဝါများကို မေထုန်မဲ့ပေါက်ဖွားစေနိုင်ခဲ့ပြီး တိရစ္ဆာန်တစ်ကောင်မှ မျိုးရိုးဗီဇများကို နောက်တစ်ကောင်ထဲသို့သွင်းပေးခဲ့ကြသည်။ သို့ဖြစ်လျှင် သာမန်မွေးဖွားမှုဖြစ်စဉ်အတိုင်းမဟုတ်သည့် ဖန်ဆင်းရှင်၏အစွမ်းကို မည်သူစောဒကတက်ထိုက်သနည်း။
စုံလင်သောလူသားအသက်ရှိလာသောကြောင့် အပြစ်နှင့်သေခြင်းမှ လူသားများကိုရွေးနုတ်ရန် တန်ဖိုးရှိလာသည်။ သို့တိုင် ယေရှုအဖြစ် မြေကြီးပေါ်မွေးဖွားလာသောကလေးသည် “ဆေးဆရာ” အဖြစ်ကြီးပြင်းလာ၍ လူသားတို့၏ဆင်းရဲခြင်းများကို ကုသပေးရန် “ဆေးဝါး” ကိုထောက်ပံ့ပေးနိုင်ရလိမ့်မည်။ သူသည် စုံလင်၍ အပြစ်ကင်းမဲ့သည့် အသက်တာဘဝမျိုးဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့် ထိုသို့ကိုယ်တော်ပြုခဲ့သည်။ အပြစ်တရားအောက်မှ လူသားတို့၏စိတ်ဝေဒနာကို ယေရှုမြင်ရုံမက လူတစ်ဦး၏ ကာယရေးကန့်သတ်မှုများကိုလည်း တွေ့ကြုံခံစားခဲ့သည်။ ယင်းက သူ့ကို သာ၍သနားကြင်နာတတ်သည့်ဆေးဆရာဖြစ်စေသည်။ (ဟေဗြဲ ၄:၁၅) မြေကြီးပေါ်အသက်ရှင်စဉ်အတွင်း ပြုခဲ့သည့်အံ့ဖွယ်ကုသမှုများက ကိုယ်တော်၌ ဖျားနာသူတို့ကို ကုသပေးလိုသည့်ဆန္ဒနှင့် တန်ခိုးလည်းရှိကြောင်း သက်သေထူသည်။—မဿဲ ၄:၂၃။
ယေရှုသည် မြေကြီးပေါ်တွင် သုံးနှစ်ခွဲအမှုဆောင်ပြီးနောက် ဆန့်ကျင်သူများက ကိုယ်တော်အားသတ်လိုက်ကြသည်။ စုံလင်သူတစ်ဦးသည် အကြီးမားဆုံးသော စမ်းသပ်မှုများခံရသည့်ကြားမှပင် ဖန်ဆင်းရှင်အားနာခံမှုရှိနိုင်ကြောင်း ကိုယ်တော်ပြသခဲ့၏။ (၁ ပေတရု ၂:၂၂) ကိုယ်တော်ပူဇော်ခဲ့သည့် စုံလင်သောလူ့အသက်သည် လူသားတို့ကို အပြစ်နှင့်သေခြင်းအောက်မှရွေးနိုင်သည့် ရွေးနုတ်ဖိုးဖြစ်လာလေသည်။ ယေရှုခရစ်က ဤသို့ဆိုခဲ့သည်– “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) ယေရှုကွယ်လွန်ပြီး သုံးရက်မြောက်နေ့တွင် နာမ်ဝိညာဉ်အသက်တာသို့ ရှင်ပြန်ထမြောက်ကာ သတ္တအပတ်အနည်းငယ်ကြာပြီးနောက် ရွေးနုတ်ဖိုးကို ယေဟောဝါဘုရားအားဆက်သရန် ကောင်းကင်သို့တက်ကြွသွားခဲ့သည်။ (၁ ကောရိန္သု ၁၅:၃၊ ၄; ဟေဗြဲ ၉:၁၁-၁၄) ထိုသို့ပြုခြင်းဖြင့် ယေရှုသည် မိမိနောက်လိုက်သူများအတွက် ရွေးနုတ်ဖိုးပူဇော်သကာအကျိုးသက်ရောက်စေနိုင်ခဲ့သည်။
ဝိညာဉ်ရေး၊ စိတ္တရေးနှင့် ကာယရေးဖျားနာမှုများကို ဤသို့ကုသပေးခြင်းမှ သင်အကျိုးခံစားလိုသလော။ ခံစားရရန် ယေရှုခရစ်ကိုယုံကြည်ဖို့လိုသည်။ ဆေးဆရာထံသို့ အသင်ကိုယ်တိုင်လာပါလေ။ ယေရှုခရစ်အကြောင်းနှင့် သစ္စာရှိလူသားများကိုကယ်တင်ရာ၌ ကိုယ်တော်၏အခန်းကဏ္ဍအကြောင်းကို လေ့လာခြင်းအားဖြင့် ထိုသို့ပြုနိုင်သည်။ ယေဟောဝါသက်သေများသည် သင့်ကိုဝမ်းမြောက်ဝမ်းသာစွာ ကူညီပေးပါလိမ့်မည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယေရှု၌ ဖျားနာသူတို့ကိုကုသပေးရန်ဆန္ဒကော တန်ခိုးပါရှိ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှု၏သေခြင်းက သင့်ကိုမည်သို့အကျိုးသက်ရောက်သနည်း