ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၉/၁ စာ. ၂၆-၃၀
  • အကျွန်ုပ်ကို ယေဟောဝါစောင့်ရှောက်မစခဲ့ပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျွန်ုပ်ကို ယေဟောဝါစောင့်ရှောက်မစခဲ့ပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အစောပိုင်းဘဝ
  • ဆွေမျိုးများအားသက်သေခံခြင်း
  • အတိုက်အခံများကြား ကောင်းချီးများခံစားရ
  • ယေဟောဝါ၏မစမှုရရှိကြောင်း အခြားသာဓကများ
  • နိုင်ငံခြား၌တာဝန်ရ
  • ထပ်ဆင့်လုပ်ငန်းတော်အခွင့်အရေးများနှင့်တကွ—စမ်းသပ်မှုခံရ
  • မာလိန်မှူး ဂျိမ်းစ်ခွတ်ခ်—ပစိဖိတ်သမုဒ္ဒရာကို သတ္တိပြောင်စွာ စူးစမ်းရှာဖွေသူ
    နိုးလော့!—၁၉၉၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၉/၁ စာ. ၂၆-၃၀

အကျွန်ုပ်ကို ယေဟောဝါစောင့်ရှောက်မစခဲ့ပြီ

စကားကိုအပိုမပါဘဲပြောရလျှင် ယေဟောဝါအမှုတော်ကို ကျွန်တော်ထူးခြားစွာ စဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်ကဲ့သို့သော မာအိုရီလူမျိုးအများစုနေထိုင်သည့် နယူးဇီလန်နိုင်ငံ၏မြောက်ပိုင်း၊ အလွန်လှပသာယာသောကျေးလက်တွင် ကျွန်တော်ကြီးပြင်းလာသည်။ တစ်နေ့တွင်မြင်းစီးပြီးခရီးသွားစဉ် ကျွန်တော်၏ဝမ်းကွဲအစ်ကိုဘင်န်သည် ကျွန်တော်ထံချဉ်းကပ်ခဲ့သည်။ ထိုစဉ်က ၁၉၄၂၊ ဆောင်းဦးရာသီဖြစ်၏။ ကျွန်တော်သည် အသက် ၂၇ နှစ်ရှိ၍ အင်္ဂလီကန်အသင်းဝင်တစ်ဦးဖြစ်သည်။

ဘင်န်သည် ထိုစဉ်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ဥက္ကဌ တရားသူကြီးရပ်သဖော့ဒ်၏စာပေများကိုဖတ်ရှုခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေပြီ။ ယခုမူ သခင်၏ညစာစားပွဲကို တစ်ရပ်တည်းနေသူတို့နှင့်အတူပွဲခံရန် တစ်နေရာသို့ဖိတ်ကြားပေးဖို့တိုက်တွန်းသော ကင်းမျှော်စင်အသင်း၏ နယူးဇီလန်ပင်မရုံးမှလာသည့်စာတစ်စောင်ကိုရထားသည်။ ထို့ပြင်စည်းဝေး၌ဦးစီးပေးမည့်သူတစ်ဦးရှာရန် ဘင်န်အားမှာကြားထားသည်။ သို့ဖြစ်၍ ကျွန်တော်အားသူက “အဲ့ဒီလူကတော့ ခင်ဗျားဘဲ” ဟုဆိုသည်။ အရည်အချင်းရှိသည်ဟုယူမှတ်ခံရခြင်းကိုဂုဏ်ယူရုံမက ချာ့ချ်တွင်ပွဲတော်ဝင်သူလည်းဖြစ်သည့်အတွက် ကျွန်တော်သဘောတူလက်ခံခဲ့သည်။

ထိုနေ့ညအချိန်တွင် ဘင်န်၏အိမ်၌ သခင်အရှင်၏သေခြင်းကိုပွဲခံခြင်းအလိုငှာ လူ ၄၀ စုရုံးခဲ့၍ တစ်ယောက်မျှယေဟောဝါသက်သေမဟုတ်ကြပါ။ ကျွန်တော်ရောက်လာသောအခါ ဘင်န်ကဟောပြောချက်အောက်လိုင်းကို ကျွန်တော်အားပေးသည်။ အကြံပြုထားသည့်ချီးမွမ်းသီချင်းနှင့် စည်းဝေးကိုမစဘဲ ဘင်န်၏ယောက်ဖအား စည်းဝေးအဖွင့်ဆုတောင်းပေးစေပါသည်။ ထိုနောက် အောက်လိုင်းပါအမေးများနှင့် ကျမ်းစာအခြေခံထားသည့်အဖြေများကို တင်ဆက်ပေးပါသည်။ ပရိသတ်၌ရှိသောဒေသခံတရားဟောဆရာတစ်ဦးသည် မကြာခဏအငြင်းအခုံပြုသော်လည်း ယင်းကို အောက်လိုင်းတွင်ကိုးကားထားသည့်ကျမ်းချက်များကိုဖတ်ခြင်းဖြင့် ချေပပေးနိုင်ခဲ့သည်။

အောက်လိုင်းပါမေးခွန်းတစ်ခုက မည်သည့်အချိန်တွင်ပွဲခံရမည့်အကြောင်း ကျွန်တော်မှတ်မိသည်။ တက်ရောက်သူများသည် ပြတင်းပေါက်အပြင်ဘက်သို့ကြည့်ရှုလိုက်သော် လပြည့်ကိုတွေ့မြင်လိုက်ရသည့်အတွက် အလွန်ကျေနပ်စရာပင်ဖြစ်ခဲ့သည်။ ထိုနေ့ရက်ကား နိသန် ၁၄ ရက်အမှန်ဖြစ်ကြောင်းထင်ရှားသည်။

ထိုညသည် အမှန်ထူးခြားသည်။ ကျွန်တော်တို့ လေးနာရီတိုင် ပွဲတော်ကိုကျင်းပခဲ့သည်။ မေးခွန်းများစွာပေါ်လာ၍ အသင်းမ၏အောက်လိုင်းပါ ကျမ်းချက်များဖြင့် အဖြေကိုရရှိခဲ့သည်။ ပြန်စဉ်းစားကြည့်လိုက်လျှင် ထိုစဉ်က ကျွန်တော်သည် ယေဟောဝါ၏ဆက်ကပ်အပ်နှံပြီးသားသက်သေခံတစ်ဦးမဟုတ်သေးသော်လည်း ကိုယ်တော်၏ကရုဏာရှိသောစောင့်ရှောက်မှုသာမရလျှင် ထိုအစီအစဉ်ကို ဦးစီးနိုင်ခဲ့မည်မဟုတ်ပါ။ မည်သို့ဆိုစေကာမူ ၁၉၄၂ ထိုသတိရအောက်မေ့ပွဲညတွင် ကျွန်တော်၏ဘဝပန်းတိုင်ကိုသိရှိခဲ့သည်။

အစောပိုင်းဘဝ

၁၉၁၄ ခုနှစ်တွင်ကျွန်တော်မွေးဖွားခဲ့သည်။ ကျွန်တော်မမွေးမီ လေးလအလိုတွင် ကျွန်တော်၏ဖခင်သေဆုံးခဲ့ရာ ချစ်မြတ်နိုးသည့်ဖခင်များရှိသည့် အခြားကလေးများကို ကျွန်တော်ငယ်စဉ်ကအားကျမိခဲ့သည်။ အဖေ့မေတ္တာကို တမ်းတမိသည်။ ကျွန်တော့်အမေသည် လင်ယောက်ျားမရှိသည့်အတွက် ခဲယဉ်းရသည့်ကြားပထမကမ္ဘာစစ်၏ဒုက္ခဆင်းရဲခြင်းများကြောင့် ပိုခက်ခဲစေခဲ့ပါသည်။

လူငယ်ဘဝကပင် အဲဂ်နက်စ် ကို့ပ်အမည်ရှိသောမိန်းမပျိုတစ်ဦးကို ကျွန်တော်လက်ထပ်ခဲ့ပြီး သူမသည် နှစ်ပေါင်း ၅၅ နှစ်ကျော်ကျွန်တော်၏ဘဝဖော်ဖြစ်ခဲ့ပြီ။ အစကနဦးက ကျွန်တော်တို့အကြီးအကျယ် ခက်ခက်ခဲခဲနှင့်ဘဝကိုရုန်းကန်ခဲ့ရသည်။ မိုးခေါင်သည့်အတွက် လယ်လုပ်၍လည်း မအောင်မြင်ခဲ့ပါ။ အားကစားခြင်းမှ စိတ်သက်သာမှုအချို့ရခဲ့သည်။ ၁၉၄၂ သတိရအောက်မေ့ပွဲအတွေ့အကြုံရသည့်အထိ ကျွန်တော်မှာ ဘဝပန်းတိုင်မရှိခဲ့ပါ။

ဆွေမျိုးများအားသက်သေခံခြင်း

ထိုသတိရအောက်မေ့ပွဲပြီးနောက် ကျမ်းစာကိုအသေအချာစလေ့လာပြီး ကင်းမျှော်စင်အသင်းထုတ်ဝေသည့် ကျမ်းစာစာပေများကို ကျွန်တော်၏ဝမ်းကွဲများနှင့်ဆွေးနွေးခဲ့ပါသည်။ စက်တင်ဘာ ၁၉၄၃ တွင်ကျွန်တော်တို့၏သီးခြားရပ်ကွက်သို့ အခြားဒေသမှယေဟောဝါသက်သေခံအချို့ အလည်အပတ်ရောက်ရှိလာကြပါသည်။ လေးနာရီတိုင် သူတို့နှင့်ကျမ်းစာကိုအကြီးအကျယ်ဆွေးနွေးခဲ့ကြသည်။ နောက်နေ့နံနက်တွင် သူတို့ပြန်သွားကြမည့်အကြောင်းသိရှိရသည့်အခါ “ယခုကျွန်တော်နှစ်ခြင်းမယူနိုင်စရာ ဘာအတားအဆီးများရှိသေးသလဲ” ဟုမေးခဲ့ရာ နံနက်တစ်နာရီခွဲအချိန်တွင် ကျွန်တော်နှင့်ကျွန်တော်၏ဝမ်းခွဲနှစ်ဦးပါ နှစ်ခြင်းခံခွင့်ရခဲ့ကြသည်။

ထိုနောက်ကျွန်တော်၏ဆွေမျိုးများအားသက်သေခံရန် အနှံ့အပြားခရီးထွက်ခဲ့ပါသည်။ လက်ခံနားထောင်သူအချို့အတွက် မဿဲအခန်းကြီး ၂၄ ကိုအခြေခံ၍ဆွေးနွေးနှီးနှောခဲ့သည်။ လက်မခံသူတို့ကိုမူကား မဿဲအခန်းကြီး ၂၃ တွင်မှတ်တမ်းတင်ထားသည့် ဖာရိရှဲတို့အားယေရှုပြောဆိုခဲ့သည့်စကားများကို အသုံးပြုခဲ့ပါသည်။ သို့သော်နောက်ပိုင်းတွင် ကျွန်တော်တို့၏ကရုဏာရှင်ကောင်းကင်ခမည်းတော်၏ပုံသက်သေကိုအတုယူကာ အသိအလိမ္မာရှိရှိသက်သေခံတတ်လာပါသည်။—မဿဲ ၅:၄၃-၄၅။

ယေဟောဝါအမှုတော်ဆောင်လိုသည့် ကျွန်တော်၏ဆန္ဒကို အစတွင် ကျွန်တော့်ဇနီးအတိုက်အခံပြုပါသည်။ သို့ရာတွင် များမကြာမီပင် သူပါစသက်သေခံ၍ ဒီဇင်ဘာ ၁၉၄၃ တွင်ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော ကူဖော်လှောင်ဖက်ဖြစ်ခဲ့သည်။ သူမနှစ်ခြင်းခံသည့်နေ့တွင် ကျွန်တော်တို့၏ဝိုင်မာရွာမှ အခြားသူငါးဦးလည်းပါသည်။ သို့နှင့်ထိုအရပ်တွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူစုစုပေါင်း ကိုးဦးရှိလာသည်။

အတိုက်အခံများကြား ကောင်းချီးများခံစားရ

၁၉၄၄ တွင်အခြားနယ်မှညီအစ်ကိုများ နောက်တစ်ဖန်ရောက်လာကြသည်။ ဤအကြိမ်တွင် စည်းကမ်းတကျတစ်အိမ်မှတစ်အိမ်လုပ်ငန်းထမ်းဆောင်ရန် ကျွန်တော်တို့လိုအပ်နေသည့်လေ့ကျင့်မှုပေးခဲ့ပါသည်။ ရပ်ကွက်တွင် ကျွန်တော်တို့လှုပ်ရှားနေကြောင်း ပိုထင်ရှားလာသည်နှင့် ခရစ်ယာန်ဘောင်ကိုယ်စားလှယ်များက ပို၍အတိုက်အခံပြုလာသည်။ (ယောဟန် ၁၅:၂၀) ဒေသခံဓမ္မဆရာများနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ရပြီး ငြင်းခုံဆွေးနွေးပွဲများဖြစ်ခဲ့ရ၏။ ယေဟောဝါအကူအညီဖြင့် ကျွန်တော်တို့အောင်မြင်စွာဖြေဆိုနိုင်ခဲ့ရာ ကျွန်တော်၏ညီမပါအပါအဝင် ကျွန်တော်တို့နှင့်တစ်ရပ်တည်းသားများစွာ ယေဟောဝါ၏မစစောင့်ရှောက်မှုအောက်ရောက်ရှိလာသည်။

၁၉၄၄ ဇွန် တွင်ဝိုင်မာအသင်းတော်တစ်ခုတည်ထောင်ခဲ့သည်။ ဘာသာရေးကြောင့်မုန်းတီးမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများဖြစ်ပေါ်လာလေသည်။ ဒေသခံသင်္ချိုင်း၌ ယေဟောဝါသက်သေများအား မြှုပ်နှံခွင့်မပြုခဲ့ပါ။ တစ်ခါတစ်ရံ အတိုက်အခံသည်ပိုမိုပြင်းထန်လာ၍ ကိုယ်ထိလက်ရောက်မှုများပင်ဖြစ်ခဲ့သည်။ ကျွန်တော်၏ကားနှင့် ကားဂိုထောင်သည် မီးရှို့ခံခဲ့ရသည်။ မည်သို့ရှိစေကာမူ သုံးလအတွင်းပင် ယေဟောဝါကောင်းချီးဖြင့် ထရပ်ကားတစ်စီးပြန်ဝယ်ယူနိုင်ခဲ့သည်။ တိုးများလာသည့် ကျွန်တော်၏သားသမီးများကိုစည်းဝေးသို့ခေါ်သွားရန် မြင်းလှည်းကိုအသုံးပြုခဲ့သည်။

ပေါင်းသင်းသူတိုး၍များလာသည့်အတွက် စည်းဝေးရာနေရာကြီးကြီးလိုလာသဖြင့် ဝိုင်မာရွာမှာ နိုင်ငံတော်ခန်းမတစ်လုံးဆောက်ရန် ကျွန်တော်တို့ဆုံးဖြတ်ခဲ့သည်။ ယင်းကား နယူးဇီလန်နိုင်ငံတွင်ဆောက်ခဲ့သော ပထမဦးဆုံးခန်းမဖြစ်သည်။ ၁၉၄၉ ဒီဇင်ဘာ ၁၊ တွင်သစ်ပင်များစခုတ်လှဲပြီး လေးလအကြာတွင် တိုက်နယ်စည်းဝေးနှင့်အပ်နှံပွဲအစီအစဉ်ကို လူ ၂၆၀ ဆန့်သောခန်းမအသစ်တွင် ကျင်းပခဲ့ပါသည်။ ယင်းသည် ထိုအချိန်က ယေဟောဝါအကူအညီဖြင့် ဖြစ်မြောက်ခဲ့သောအောင်မြင်မှုကြီးတစ်ရပ်ဖြစ်ခဲ့သည်။

ယေဟောဝါ၏မစမှုရရှိကြောင်း အခြားသာဓကများ

နယူးဇီလန်နိုင်ငံ၏မြောက်ဘက်တွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအရေအတွက် ဆက်တိုးပွားများပြားလာသည့်အတွက် နယ်လှည့်ကြီးကြပ်မှူးများက သာ၍လိုအပ်သောနေရာများတွင် အမှုဆောင်ရွက်ရန် အားပေးတိုက်တွန်းခဲ့သည်။ ထိုကြောင့် ၁၉၅၆ ခုနှစ်တွင် အော့ခ်လန်မြို့၏တောင်ဘက်ရှိ ပြုကဟိုဟဲအရပ်သို့ မိသားစုလိုက်ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ထိုတွင် ၁၃ နှစ်တိုင်အမှုဆောင်ရွက်ခဲ့သည်။—တမန်တော် ၁၆:၉ နှင့်နှိုင်းယှဉ်။

ဤအချိန်အခါအတွင်း ယေဟောဝါ၏မစမှုခံခဲ့ရသော အဖြစ်အပျက်နှစ်ခုကို ကျွန်တော်ကောင်းကောင်းမှတ်မိသည်။ မြို့နယ်ဦးစီးဌာနတွင် ထရပ်ယာဉ်မောင်းနှင့်စက်ပြင်အဖြစ် အမှုထမ်းစဉ် အော့ခ်လန်မြို့ရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးတွင်ကျင်းပမည့် လေးပတ်ကြာ နိုင်ငံတော်ဓမ္မအမှုသင်တန်းကျောင်းကိုတက်ရန် ဖိတ်စာရခဲ့သည်။ ထိုသို့ပြုရန် လေးပတ်အခွင့်တောင်းဆိုခဲ့သောအခါ အင်ဂျင်နီယာချုပ်က “ရပါတယ်။ ခင်ဗျားလိုလူ များများရှိရင်သိပ်ကောင်းမယ်။ ခင်ဗျားပြန်လာတဲ့အခါ ကျွန်တော်ရုံးခန်းထဲလာတွေ့ပါ” ဟုပြောဆိုသည်။ သို့နှင့်သူ့ရုံးခန်းသို့သွားတွေ့ချိန်တွင် ကျွန်တော်ခွင့်ယူခဲ့သည့် လေးပတ်အတွက် လစာရပါသည်။ ဤနည်းဖြင့် ကျွန်တော်၏မိသားစုဖူလုံခဲ့ရသည်။—မဿဲ ၆:၃၃။

ယင်းသည် ပထမအတွေ့အကြုံဖြစ်သည်။ ဒုတိယအတွေ့အကြုံက ကျွန်တော်နှင့်ကျွန်တော်၏ဇနီးသည် ၁၉၆၈ ခုနှစ်တွင်မှန်မှန်ရှေ့ဆောင် စဖြစ်ခဲ့စဉ်ကဖြစ်သည်။ ဤအကြိမ်လည်း ယေဟောဝါ၏ထောက်ပံ့ကူညီမှုကိုအားထားခဲ့ရာ ကိုယ်တော်ကောင်းချီးပေးခဲ့ပါသည်။ နံနက်စာစားပြီးသည့်တစ်နေ့တွင် ကျွန်တော်၏ဇနီးသည်ရေခဲသေတ္တာကိုဖွင့်လိုက်သော် ထောပတ်ပေါင်ဝက်မှတစ်ပါး ဘာမျှမရှိသည်ကိုတွေ့ရှိခဲ့သည်။ သို့နှင့်သူမက “စားန်၊ ကျွန်မတို့မှာ စားစရာဘာမျှမရှိဘူး။ ဒီကနေ့အမှုဆောင်ထွက်ကြမှာလား” ဟုမေးလေသော် ကျွန်တော်က “ထွက်မှာပေါ့” ဟုဖြေဆိုလိုက်သည်။

ပထမအိမ်တွင် အိမ်ရှင်ကစာအုပ်စာတမ်းများကိုလက်ခံယူပြီး အလှူငွေပေးလိုသည့်အတွက် ကြက်ဥဒါဇင်အနည်းငယ်ပေးပါသည်။ ဒုတိယအိမ်တွင် အိမ်ရှင်က ကူမာရာ (ကစွန်းဥ)၊ မုန်လာပန်းနှင့်မုံလာဥနီများအစရှိသည့် ဟင်းသီးဟင်းရွက်များပေးပါသည်။ ထိုနေ့ရက်တွင် လှူဒါန်းရရှိသည့်အခြားအစားအစာများတွင် အသားနှင့်ထောပတ်ပင်ပါရှိသေးသည်။ “မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော” ဟူသောယေရှု၏စကားများသည် ကျွန်ုပ်တို့အဖြစ်အပျက်တွင် အလွန်မှန်ကန်လှပေသည်။—မဿဲ ၆:၂၆။

နိုင်ငံခြား၌တာဝန်ရ

ကွပ်ခ်ကျွန်းစုများရှိ ရာရိုတောင်ဂါကျွန်းသို့။ ဤနေရာကား ၁၉၇၀ ခုနှစ်တွင်ကျွန်တော်တို့ခန့်အပ်ခံရသည့် အထူးရှေ့ဆောင်ရပ်ကွက်ဖြစ်သည်။ နောက်ထပ်လေးနှစ်တိုင် ဤတွင်ကျွန်တော်တို့နေထိုင်ခဲ့ပါသည်။ ကျွန်တော်တို့အတွက်ပထမစိန်ခေါ်ချက်မှာ ဘာသာစကားအသစ်တစ်ခုသင်ယူခြင်းဖြစ်သည်။ သို့ရာတွင် နယူးဇီလန်မာအိုရီစကားနှင့် ကွပ်ခ်ကျွန်းစုမာအိုရီစကားသည် ဆင်တူမှုများရှိသောကြောင့် ငါးပတ်အတွင်းပင် ပထမလူထုဟောပြောချက်ကို ကျွန်တော်ပေးနိုင်ခဲ့ပါသည်။

ကွပ်ခ်ကျွန်းစုတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူအနည်းငယ်သာရှိသည်။ စည်းဝေးစရာနေရာလည်းမရှိသေးပါ။ နောက်တစ်ဖန် ဆုတောင်းခြင်းကိုနားညောင်းတော်မူသည့် ယေဟောဝါရှင်သည် ကျွန်တော်တို့လိုအပ်ရာကို ဖြည့်စွက်ပေးတော်မူသည်။ ဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့် စကားစမြည်ပြောဆိုခဲ့ရာ သင့်တော်သောမြေကွက်တစ်ကွက်ကို အငှားယူထားရန် စာချုပ်ချုပ်နိုင်၍ တစ်နှစ်အတွင်းပင် ကျွန်တော်တို့အတွက်အိမ်ကလေးတစ်လုံးနှင့် လူ ၁၄၀ ဆန့်သောနိုင်ငံတော်ခန်းမတစ်လုံးဆောက်နိုင်ခဲ့သည်။ ထိုအချိန်မှစပြီး ယေဟောဝါ၏ကျေးဇူးတော်ကြောင့် ကောင်းချီးများဆက်တိုက်ခံစားခဲ့ရသည်။

အထူးကျေးဇူးတင်စရာကား ကျွန်းသူကျွန်းသားများ၏ဧည့်ဝတ်ပျူငှာမှုဖြစ်သည်။ ထိုပူအိုက်သောရာသီ၌အမှုဆောင်စဉ်တွင် မကြာခဏဖျော်ရည်အေးများသောက်သုံးရသည်။ အိမ်ပြန်ရောက်သည့်အခါ တံခါးပေါက်တွင် ငှက်ပျောသီး၊ သင်္ဘောသီး၊ သရက်သီး၊ လိမ္မော်သီး အစရှိသည့်တို့ကို မည်သူမည်ဝါလာပေးမှန်းမသိ တွေ့ရှိရသည်။

၁၉၇၁ ခုနှစ်တွင် ရာရိုတွန်ဂါမှအခြားကြေညာသူသုံးဦးနှင့်အတူ ကျွန်တော်တို့ဇနီးမောင်နှံသည် လှပသောရေအိုင်အတွက် နာမည်ကျော်ကြားသောအီတတာကီးကျွန်းသို့ ခရီးထွက်ခဲ့သည်။ ဧည့်ဝတ်ပျူငှာသောထိုကျွန်းသားတို့တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်မြတ်နိုးသူများတွေ့ရှိခဲ့ရ၍ အိမ်တွင်းကျမ်းစာသင်အံမှုလေးခုစနိုင်ခဲ့သည်။ ယင်းတို့ကို ရာရိုတွန်ဂါမှ စာပေးစာယူနည်းဖြင့် သင်အံမှုဆက်ပြုလုပ်ခဲ့သည်။ အတန်ကြာလေသော အီတတာကီးကျွန်းရှိကျမ်းစာသင်သားများသည် နှစ်ခြင်းခံယူပြီးနောက် ထိုတွင်အသင်းတော်ရှိလာသည်။ ၁၉၇၈ ခုနှစ်တွင် ကွပ်ခ်ကျွန်းစုပေါ် ဒုတိယနိုင်ငံတော်ခန်းမကိုဆောက်လုပ်နိုင်ခဲ့သည်။ ကျွန်တော်တို့၏စိုက်ပျိုးပြီးရေလောင်းခြင်းကို ယေဟောဝါဆက်၍ကြီးထွားစေခဲ့ပါသည်။—၁ ကောရိန္သု ၃:၆၊ ၇။

ကွပ်ခ်ကျွန်းစုတွင် ကျွန်းပေါင်းဆယ်ခုသို့ အများအားဖြင့် အခက်အခဲများကြားရောက်ရှိသွားခွင့်ရခဲ့ပါသည်။ ၁၁၄ မိုင်အကွာအဝေးတွင်ရှိသော အာတီယူသို့သွားရာတွင် လေကြီးမုန်တိုင်းများကြောင့် သင်္ဘောပေါ်တွင် ခြောက်ရက်မကကြာခဲ့သည်။ (၂ ကောရိန္သု ၁၁:၂၆ နှိုင်းယှဉ်။) ထိုစဉ်ကအစာရေစာရှားပြီး ခရီးသည်အများစုသည် လှိုင်းမူးနေကြသော်လည်း ယေဟောဝါ၏စောင့်ရှောက်မစမှုကြောင့် ခရီးအဆုံးသို့ ကျွန်တော်ချောချောမောမောရောက်ရှိခဲ့သည်။

၁၉၇၄ ခုနှစ်၌ ကွပ်ခ်ကျွန်းစုတွင် ဆက်နေထိုင်ခွင့်မပေးတော့သည့်အတွက် နယူးဇီလန်နိုင်ငံသို့ ကျွန်တော်တို့ပြန်လာခဲ့ရသည်။ ဤအချိန်တွင် ထိုကျွန်းစုပေါ်၌ အသင်းတော်သုံးခုရှိနေပြီဖြစ်သည်။

ထပ်ဆင့်လုပ်ငန်းတော်အခွင့်အရေးများနှင့်တကွ—စမ်းသပ်မှုခံရ

နယူးဇီလန်နိုင်ငံသို့ပြန်ရောက်သောအခါ အခွင့်အရေးသစ်များရရှိခဲ့သည်။ (၁ ကောရိန္သု ၁၆:၉) ကင်းမျှော်စင်နှင့်အခြားကျမ်းစာစာပေများကို ကွပ်ခ်ကျွန်းစုမာအိုရီစကားဖြင့် ဘာသာပြန်ဆိုမည့်သူတစ်ဦးကို အသင်းမအလိုရှိနေသည်။ ယင်းအခွင့်အရေးကို ယနေ့တိုင်ပင်ကျွန်တော်ရရှိထားပါသည်။ ထိုနောက် ကွပ်ခ်ကျွန်းစုရှိကျွန်တော်၏ညီအစ်ကိုများထံ ဦးဆုံးတိုက်နယ်ကြီးကြပ်မှူးအဖြစ်၊ ထိုနောက် အရန်ခရိုင်ကြီးကြပ်မှူးအဖြစ် မှန်မှန်ပြန်လည်ပတ်သွားခွင့်ကို ကျွန်တော်ရရှိခဲ့ပါသည်။

ထိုသို့လည်ပတ်ခဲ့စဉ်တစ်ကြိမ်တွင် ရာရိုတွန်ဂါမှအထူးရှေ့ဆောင်တစ်ဦးဖြစ်သော ညီအစ်ကိုအဲလစ်ခ် နာပါနှင့်အတူ ၂၃ ရက်ကြာသင်္ဘောခရီးဖြင့် ကွပ်ခ်ကျွန်းစုရှိ မာနာဟီကီ၊ ရာကာဟန်ဂ်နှင့် ပဲန်ရင်ကျွန်းများသို့လည်ပတ်ခွင့်ရရှိခဲ့သည်။ ကျွန်းတိုင်းတွင်ပင် ဧည့်ဝတ်ပျူငှာသောဒေသခံများ၏နှလုံးကို ယေဟောဝါလှုံ့ဆော်ပေးခဲ့သောကြောင့် ကျွန်တော်တို့တည်းခိုစရာနေရာရသည့်အပြင် ကျမ်းစာစာပေများစွာလည်း ဝေငှနိုင်ခဲ့သည်။ (တမန်တော် ၁၆:၁၅ နှိုင်းယှဉ်။) ဤကျွန်းများတွင် ပုလဲကမာကောင်ပေါများသည်။ ထိုကြောင့် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက်အလှူငွေအဖြစ် ပုလဲများလှူဒါန်းသူများလည်း မရှားပါ။ ထိုကြောင့် ကျွန်တော်ပေးသည့်ဝိညာဏပုလဲများအစား ပကတိပုလဲများပြန်ရရှိခဲ့သည်။—မဿဲ ၁၃:၄၅၊ ၄၆ နှိုင်းယှဉ်။

လူသူအရောက်အပေါက်နည်းသော ထိုကမ္ဘာ့ဒေသသည် အလွန်လှပသာယာပါသည်တကား။ (လူသားစားသည့်အမျိုးမဟုတ်သော) ကြီးမားသည့်ငါးမန်းဖြူများနှင့်အတူ ငြိမ်းချမ်းစွာကလေးငယ်များ ရေကန်တွင်ရေကူးနေကြသည်ကို စဉ်းစားသာကြည့်ပါ။ ညအခါ ကောင်းကင်ကြယ်တာရာမြင်ကွင်းသည်လည်း ထူးခြားစွာမိန်းမောစရာပင်။ “တစ်နေ့ကိုတစ်နေ့မြွက်ဆို၍ တစ်ညဉ့်ကိုတစ်ညဉ့်သွန်သင်၏” ဟူသောဆာလံဆရာ၏စကားများ မှန်လှသည်ဖြစ်ခြင်း။—ဆာလံ ၁၉:၂။

ထိုနောက် လွန်ခဲ့သောကိုးနှစ်က ကျွန်တော့်မှာသမာဓိရှိမရှိ စမ်းသပ်မှုအကြီးအကျယ်ခံခဲ့ရသည်။ ကျွန်တော်၏ဇနီးသည် ဦးနှောက်သွေးယိုထွက်၍ဆေးရုံတင်ခဲ့ရသည်။ ခွဲစိတ်ဖို့လိုအပ်ခဲ့သော်လည်း ဆရာဝန်က သွေးမသွင်းဘဲခွဲစိတ်ရန် သဘောမတူခဲ့ပါ။ ဘုရားသခင်၏ပညတ်ကိုကျူးလွန်သည့် စွဲစိတ်မှုကို ကျွန်တော်နှင့်ကျွန်တော်၏ဇနီးလက်မခံနိုင်ခဲ့ပါ။ သို့သော် ခွဲစိတ်ကုဆရာဝန်၏သြတ္တပ္ပစိတ်ကမူ သွေးသွင်းခြင်းအပါအဝင် အသက်ကယ်နည်းရှိရှိသမျှကိုအသုံးပြုရန် ခွင့်ပြုပါသည်။

ကျွန်တော့်ဇနီးသည်၏ကျန်းမာရေးသည် ဆိုးသည်ထက်ဆိုးလာသည်ဖြစ်၍ အထူးကုသဆောင်သို့ သူမရောက်ရှိခဲ့လေသည်။ သို့ဖြစ်၍ ဧည့်သည်တွေ့ချိန်အနည်းငယ်သာရတော့သည်။ နားစည်ပေါ်သွေးလေဖိအားသက်ရောက်ခဲ့သောကြောင့် နားလေးသွားသည်။ အရေးပေါ်အခြေအနေပင်ဖြစ်လာလေသည်။ ဧည့်ချိန်တစ်ခါတွင် ဆရာဝန်သည် ကျွန်တော်နှင့်အတူ ကားသို့လိုက်လာပြီး သွေးသွင်းခွဲစိတ်ကုသမှ ကျွန်တော့်ဇနီးဖြစ်သူနေကောင်းမည်ဖြစ်သည်အတွက် လက်ခံလိုက်ရန် ကျွန်တော့်အားဖျောင်းဖျတောင်းပန်ခဲ့ပါသည်။ ဘုရားသခင်၏ပညတ်ကိုနာခံခြင်းကြောင့် လက်ရှိအသက်တာ အနည်းငယ်တိုရသည့်တိုင် အဘယ်သူထက်မဆို ကောင်းစွာပြုစုကြည့်ရှုပေးနိုင်တော်မူသော ယေဟောဝါကိုအားထားရန် ကျွန်တော်တို့မောင်နှံစုံစိတ်ဆုံးဖြတ်ပါသည်။

မမျှော်မလင့်ဘဲလျက် ကျွန်တော့်ဇနီးသည်အခြေအနေသည် သိသိသာသာတိုးတက်လာသည်။ တစ်နေ့ကျွန်တော်ရောက်လာသည့်အခါ ထထိုင်၍ စာဖတ်နေနိုင်ခဲ့သည်။ နောက်ပိုင်းတွင် အခြားလူနာများနှင့် သူနာပြုတို့အား စသက်သေခံနိုင်ခဲ့သည်။ ထိုအခါ ခွဲစိတ်ကုဆရာဝန်အခန်းသို့ ကျွန်တော်အခေါ်ခံရသည်။ “မစ္စတာ၊ ဝရဲရာဦး၊ ခင်ဗျားတကယ်ကံကောင်းတယ်။ ခင်ဗျားမိန်းမရဲ့ရောဂါအခြေနေ ကောင်းသွားပြီ” ဟုသူပြောသည်။ မမျှော်လင့်ဘဲ သူမ၏သွေးတိုးရောဂါသက်သာသွားပါသည်။ သို့နှင့်ကျွန်တော်တို့နှစ်ဦးစလုံး ယေဟောဝါကိုအတူတကွကျေးဇူးတင်ကြ၍ ကိုယ်တော်၏လုပ်ငန်းတော်တွင် အတတ်နိုင်ဆုံးပါဝင်ရန် ထပ်မံစိတ်ဆုံးဖြတ်ကြပါသည်။

ယခုကျွန်တော်ကွပ်ခ်ကျွန်းစုများသို့ပြန်ရောက်နေပြီး ရာရိုတောင်ဂါကျွန်းပေါ်မှာ အမှုထမ်းနေပါသည်။ ကြီးမားသောကောင်းချီးပါတကား။ ကျွန်တော်တို့နောက်ကြောင်းပြန်စဉ်းစားလိုက်လျှင် လွန်ခဲ့သောအနှစ်ငါးဆယ်နီးပါး လုပ်ငန်းတော်ကိုဆောင်ရွက်ခဲ့စဉ် ယေဟောဝါ၏စောင့်ရှောက်မစမှုအတွက် ကျေးဇူးတင်စရာများစွာရှိပါသည်။ ဝိညာဏသဘောအရ ကောင်းချီးများကိုရေတွက်၍ပင်မရနိုင်ပါ။ ထူးခြားသောကောင်းချီးတစ်ခုကား သမ္မာတရားကိုလက်ခံသည့် ကျွန်တော်၏ဆွေမျိုးများအရေအတွက်ပင်ဖြစ်သည်။ ယခုဆိုလျှင် နှစ်ခြင်းခံပြီးသား ယေဟောဝါ၏သက်သေဖြစ်နေသူ သားမြေး ၆၅ ဦးအပါအဝင် ၂၀၀ ကျော်ကိုရေတွက်၍ရပါသည်။ မြေးယောက်ျားလေးတစ်ဦးသည် နယူးဇီလန်ဗေသလမိသားစုဝင်တစ်ဦးဖြစ်ကာ သမီးတစ်ဦးနှင့် သူမ၏ခင်ပွန်း၊ သားနှစ်ဦးသည် ဌာနခွဲများတွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြသည်။—၃ ယောဟန် ၄။

အနာဂတ်ကိုရှုစားလိုက်မည်ဆိုလျှင်လည်း ကျွန်တော်မွေးဖွားခဲ့သည့် လှပစိမ်းလန်းသောချိုင့်ဝှမ်းထက်ပင် ကမ္ဘာချီများစွာလှပသာယာမည့်ပရဒိသုတွင်အသက်ရှင်ခွင့်ရရေးကို မြတ်နိုးပါသည်။ ကျွန်တော့်အဖေနှင့်အမေကို ရှင်ပြန်ထမြောက်ချိန်တွင် ကြိုဆိုခွင့်ရ၍ သူတို့အား ရွေးဖိုး၊ ဘုရားသခင့်နိုင်ငံတော်နှင့် အခြားအခြားသော ယေဟောဝါ၏စောင့်ရှောက်မစမှုများအကြောင်း ပြောပြခွင့်ရခြင်းသည် ထူးကဲသောကောင်းချီးပါတကား။

ဘုရားသခင်သည် ကျွန်တော့်ကိုချစ်တော်မူသည်ဟူသောအသိစိတ်နှင့်အားယူကာ ဆာလံ ၁၀၄:၃၃ တွင်ဆာလံဆရာနည်းတူ ကျွန်တော်စိတ်ဆုံးဖြတ်သည်ကား “ငါသည်အသက်ရှင်စဉ် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသီချင်းဆိုမည်။ ငါဖြစ်သည်ကာလပတ်လုံး ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။”—စားန် ဝရဲရာဦး ပြောပြသည်။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၅၀ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၌ပထမဦးဆုံးဆောက်လုပ်ခဲ့သောနိုင်ငံတော်ခန်းမ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ