မျှတ၊ ရိုးရှင်းသော ဘဝဖြင့်အသက်ရှင်လော့
‘ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။’—ဧဖက် ၅:၁၅၊ ၁၆။
၁၊ ၂။ ယနေ့စိန်ခေါ်ချက်ကြီးတစ်ရပ်ကား အဘယ်နည်း။ ယင်းကို အဘယ်အရာနှင့် နှိုင်းယှဉ်နိုင်မည်နည်း။
ဦး စားပေးရမည့်အရာများကို ရွေးထုတ်ခြင်း၊ တာဝန်များကိုအဆက်မပြတ်ထမ်းဆောင်ခြင်းနှင့် အသက်တာ၏အရေးကြီးသောအပိုင်းများကို လျောက်ပတ်သောနည်းဖြင့် အချိန်နှင့်ခွန်အားပေးအပ်ခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ပင်။ တစ်ဖက်စောင်းနင်းဖြစ်ခြင်းကိုရှောင်ရှားပြီး စိတ္တဘက်၊ စိတ်လှုပ်ရှားမှုဘက် တည်ငြိမ်ခြင်းတို့သည်လည်း စိန်ခေါ်ချက်ဖြစ်ချေသည်။—ဧဖက် ၅:၁၇။ ၁ တိမောသေ ၄:၈။ ၁ ပေတရု ၁:၁၃။
၂ ဤစိန်ခေါ်ချက်ကို မြင့်သောနေရာရှိဝါယာကြိုးပေါ်တွင် လျှောက်ပြသူတစ်ဦးရင်ဆိုင်ရပုံနှင့် နှိုင်းယှဉ်ပြနိုင်သည်။ ဟန်ချက်ပျောက်သွားပါကသူ့အတွက် အန္တရာယ်ကြီးတစ်ရပ်ပင်ဖြစ်သည်။ အလားတူပင် ဝိညာဏဟန်ချက်ပျောက်ဆုံးခြင်းသည် ကျွန်ုပ်တို့အတွက် အန္တရာယ်ကြီးပင်ဖြစ်သည်။ မြင့်သောဝါယာကြိုးတွင် လျှောက်နေသူသည် သူ့ကိုယ်ပေါ်တွင် အရာဝတ္ထုများစွာတင်ပြီး ဝန်လေးစေမည်မဟုတ်ချေ။ မရှိမဖြစ်သောအရာများလောက်သာ သူသယ်ဆောင်မည်။ ကျွန်ုပ်တို့၏ဝိညာဏဟန်ချက်ကို ထိန်းသိမ်းထားရာ၌လည်း ရိုးရိုးရှင်းရှင်း၊ ဝန်မလေးသောဘဝပုံစံရှိဖို့လိုသည်။—ဟေဗြဲ ၁၂:၁၊ ၂။
၃။ ရိုးရှင်းသောဘဝပုံစံအတိုင်းအသက်ရှင်ရန် ဘာလုပ်ရမည်နည်း။
၃ ရိုးရိုးသာအသက်ရှင်ရမည်ဆိုလျှင် လျောက်ပတ်သောအသက်တာ ရရှိရေးအတွက် လိုအပ်သောအရာများနှင့်သာ ကျွန်ုပ်တို့ကိုပတ်သက်နေစေရမည်။ ကိုယ်တော်၏တပည့်တော်များ ရှာဖွေသင့်သည့်—ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်း—ဆန့်ကျင်လျက်၊ ယေရှုခရစ်က “သာသနာပလူများ ရှာဖွေနေသောအရာများ” အကြောင်း မိန့်မြွက်ခဲ့သည်။ (မဿဲ ၆:၃၂၊ ၃၃) ထိုကြောင့် ယေရှုက ကျွန်ုပ်တို့အား ဤအရာမြောက်မြားစွာကို ရှာဖွေနေခြင်းမှရှောင်ရန် ဩဝါဒပေးခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းတို့သည် ကျွန်ုပ်တို့ဘဝကို ရှုပ်ထွေးစေပြီး ကျွန်ုပ်တို့အား လမ်းလွဲမှားစေနိုင်သောကြောင့်ဖြစ်သည်။ (လုကာ ၁၂:၁၆-၂၁။ ၁၈:၂၅) ကျွန်ုပ်တို့သည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ပညာတတ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ယင်းသည် အားလုံးအတွက်သွန်သင်ချက်ကောင်းပင်ဖြစ်သည်။
အဘယ်ကြောင့် ယခုသာ၍အရေးကြီး
၄။ မျှတ ရိုးရှင်းသောဘဝပုံစံအတိုင်းအသက်ရှင်ခြင်းသည် ယခုအဘယ်ကြောင့်အရေးကြီးသနည်း။
၄ စာတန်နှင့် သူ၏နတ်ဆိုးများသည် ယခုမြေကြီးပေါ်ချထားခံရပြီး ကျွန်ုပ်တို့အား လေးပင်စေရန်နှင့် ဘုရားလုပ်ငန်းတော်မှ အာရုံလွှဲစေရန် ရည်သန်နေသောကြောင့် မျှတ၍ ရိုးရိုးဘဝအတိုင်းနေနိုင်ရန် အထူးအရေးကြီးလှသည်။ (ဗျာဒိတ် ၁၂:၇-၁၂၊ ၁၇) ထိုကြောင့် အောက်ပါသမ္မာကျမ်းအမိန့်သည် တစ်ခါကမျှ ဤမျှလောက်မသက်ဆိုင်ခဲ့ချေ။ “ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကို ရွေးနှုတ်ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) မှန်ပါသည်။ ကျွန်ုပ်တို့သည် စာတန်၏ဆိုးယုတ်သောလောကတွင် အသက်ရှင်နေကြပြီ။ ဘုရား၏ကမ္ဘာသစ်မဟုတ်ချေ။ ထိုကြောင့် ကျွန်ုပ်တို့နှစ်ခြိုက်နေ၍မဖြစ်ချေ။—၂ ကောရိန္သု ၄:၄။ ၂ ပေတရု ၃:၇၊ ၁၃။
၅။ ရှေးခေတ်ကဘုရားသခင်၏ကျေးကျွန်များသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း မည်သို့ပြခဲ့သနည်း။
၅ မာရ်နတ်အုပ်စိုးသောဤကမ္ဘာတွင် နေထိုင်ခဲ့သော ရှေးအချိန်ကဘုရားကျေးကျွန်များသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်း တင်ပြခဲ့သည်။ သူတို့က “မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူ တစ်နိုင်ငံသား ဧည့်သည်အာဂန္တုဖြစ်သည်ကို ထင်ရှားဝန်ခံ” ကြ၏။ ထိုကြောင့် သူတို့သည် “ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို” ရှာဖွေကြ၏။ (ဟေဗြဲ ၁၁:၁၃-၁၆) သူတို့၏သစ္စာစောင့်သိမှုသည် ဘုရား၏ကောင်းကင်နိုင်ငံတော်ကိုဖြစ်ပြီး ကျွန်ုပ်တို့လည်း ထိုသို့ပင်ဖြစ်သင့်သည်။ ဤအကြောင်းကြောင့်ပင် တမန်တော်ပေတရုက ခရစ်ယာန်များကို “ဧည့်သည်အာဂန္တု” ဟုခေါ်ခဲ့သည်။ (၁ ပေတရု ၂:၁၁။ ဖိလိပ္ပိ ၃:၂၀) ယေရှုကိုယ်နှိုက်က မိမိ၏နောက်လိုက်စစ်များသည် “လောကနှင့်မစပ်ဆိုင်ကြောင်း” မိန့်ဆိုခဲ့သည်။ ယင်းကဆိုလိုသည်မှာ တမန်တော်ပေါလုပြောခဲ့သည်အတိုင်း ခရစ်ယာန်များသည် ‘ဤလောကကို အပြည့်အဝမသုံးရန်’ ဖြစ်သည်။—ယောဟန် ၁၇:၁၆၊ သမာကျ မ်း။ ၁ ကောရိန္သု ၇:၃၁၊ NW.
၆။ (က) သတိရနိုင်ရန် ဘာလိုသနည်း။ ကျွန်ုပ်တို့အခြေအနေကို ဘာနှင့်နှိုင်းယှဉ်နိုင်သနည်း။ (ခ) ကျွန်ုပ်တို့အားလုံး အဘယ်သတိပေးချက်ဖြစ်သော ဥပမာကို သတိပြုသင့်သနည်း။
၆ စာတန်ပိုင်သော ဤလောကသည် နေထိုင်ရန်အန္တရာယ်ရှိသော နယ်မြေဖြစ်ကြောင်း ကျွန်ုပ်တို့အစဉ်သတိရဖို့လိုသည်။ ခြေလှမ်းတစ်ချက်မှားရုံနှင့် အတိဒုက္ခရောက်နိုင်သည်။ (၁ ယောဟန် ၅:၁၉။ ၁ ပေတရု ၅:၈) ကျွန်ုပ်တို့အခြေအနေကို မိုင်းဗုံးများမြှုပ်ထားသော နယ်မြေတွင် လျှောက်နေသောသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ကတိထားရာနယ်မြေကိုဝင်ရန် အသင့်ရှိနေခဲ့သော ဣသရေလများအကြောင်းကို ကိုးကား၍ တမန်တော်ပေါလုသည် ခရစ်ယာန်များအား ပုံသက်သေအဖြစ် သတိပေးပြောဆိုခဲ့သည်။ အများသည် သူတို့၏ဝိညာဏဟန်ချက်ပျောက်သွားပြီး အကျင့်ပျက်ခြင်းတွင် ပတ်သက်လာကာ ဘုရားကသေပြစ်ပေးခဲ့ရသည်။ “ထိုကြောင့်” ပေါလုကဆက်ရေးခဲ့သည်။ “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ [သူ၏ဝိညာဏဟန်ချက် မပျောက်ရန်] သတိပြုစေ။”—၁ ကောရိန္သု ၁၀:၁၂။
အဘယ်ကြောင့် ယင်းသည် အကာအကွယ်ဖြစ်
၇။ ကိုယ့်ကိုယ်ကို အဘယ်ကဲ့သို့ ပညာရှိရှိစစ်ဆေးသင့်သနည်း။
၇ မျှတ၍ ရိုးရိုးလေးအသက်ရှင်နေထိုင်ခြင်းသည် သင့်အားဝိညာဏအရာများအတွက် ပိုမို၍အချိန်၊ ခွန်အားပေးနိုင်ခြင်းကြောင့် သင့်အားကာကွယ်ပေးမည်။ ထိုကြောင့် သင့်ကိုယ်ကိုပညာရှိရှိမေးခွန်းမေးပါ။ “ငါ့အသက်တာကိုငါ ရိုးရှင်းနေစေသလော။ သို့မဟုတ် ရှုပ်ထွေးနေစေသလော။ ငါ့အသက်တာတွင် အမှန်တကယ်အဘယ်အရာများကို ဦးစားပေးသနည်း။ အချို့က သမ္မာကျမ်းစာလေ့လာရန်၊ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ရန် အချိန်မရှိပါဟုဆိုတတ်ကြသည်။ သို့သော် အကြောင်းရင်းကားအဘယ်နည်း။ မျှတ ရိုးရှင်းသောဘဝပုံစံမရှိ၍ဖြစ်မည်။ တယ်လီဗေးရှင်းကြည့်နေခြင်းအစရှိသည့် အပန်းဖြေမှု၌ ကုန်သည့်အချိန်နှင့် ခရစ်ယာန်လုပ်ငန်း ကဏ္ဍတစ်ခုခုတွင်ပါဝင်၍ ယေဟောဝါအမှုတော်ထမ်းချိန်ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ အချိန်ကိုသင်အသုံးပြုပုံသည် မျှတပါသလော။ သင့်ဘဝကိုရိုးရှင်းစေခြင်းအားဖြင့် အရေးတကာ့အရေးအကြီးဆုံး ဝိညာဏရိတ်သိမ်းခြင်းလုပ်ငန်း၌ ပို၍ပါဝင်ခြင်း အစရှိသည့် အရေးကြီးရာများအတွက် အချိန်ပိုရရှိစေမည်။—ဖိလိပ္ပိ ၁:၉၊ ၁၀။ မဿဲ ၉:၃၇။
၈။ နိုင်ငံတော်ကိုရှေ့ဦးရှာရန် ယေရှု၏သြဝါဒကို မည်သို့လိုက်နာသင့်သနည်း။ ရှေ့သို့အစဉ်ရွှေ့နေခြင်း၏အရေးကြီးမှုကို ဘာကပုံစံဖြစ်သနည်း။
၈ အမှန်မှာ သင့်ဝိညာဏလုပ်ရပ်က သင့်ဘဝပုံစံသည် မျှတရိုးရှင်းမရှင်း တိုင်းထွာပေးသည်။ ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးရှာပါဟူသော ယေရှု၏ဆုံးမစကားအတိုင်း လိုက်နာကျင့်သုံးသူများသည် မှန်မှန်ကျမ်းစာလေ့လာမှု၊ စည်းဝေးတက်ခြင်းနှင့် လယ်ကွင်းဓမ္မအမှုတို့တွင် ခြေလှမ်းမှန်မှန် ရှေ့သို့တိုးနေသူများဖြစ်သည်။ ဤသို့ရှေ့တိုးနေခြင်းကား လဲကျမသွားစေရန် အကာအကွယ်ဖြစ်စေသည်။ စက်ဘီးစီးခြင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။ ဘီးများဆက်မလည်တော့ဘဲ ရပ်တန့်သည်အထိဖြစ်သည့်အခါ စက်ဘီးကိုမလဲရန် ထိန်းထားပေးဖူးသူများသည် ရှေ့သို့ဘီးလှိမ့်နေခြင်း၏အရေးကြီးမှုကို သဘောပေါက်ကြသည်။ ထိုနည်းတူစွာ ဝိညာဏလုပ်ငန်းရပ်များကို အလှည့်ကျမှန်မှန်လုပ်ကိုင်၍ ရှေ့သို့တိုးနေသည့်ကာလပတ်လုံး သင့်ဟန်ချက်ပျောက်ပြီး လဲကျခြင်းမှ အကာအကွယ်ရပေသည်။—ဖိလိပ္ပိ ၃:၁၆။
၉။ (က) ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်ကောင်းကားအဘယ်နည်း။ (ခ) ပရိုဂျက်တစ်ခုကိုပြုလုပ်ရန် စဉ်းစားသည့်အခါ အဘယ်မေးခွန်းများ ကိုယ့်ကိုယ်ကိုမေးသင့်သနည်း။
၉ သို့နှင့်ပင် သတိရှိရန်လိုသေးသည်။ ဝန်များကိုလျှော့ပစ်လိုက်လျှင် လေ့လာမှု၊ စည်းဝေးအတွက်ပြင်ဆင်ခြင်း၊ သူတစ်ပါးကို အကူအညီပေးခြင်းအတွက် အချိန်ပိုရကြောင်း သတိရပါ။ “ကျွန်တော်မလိုအပ်တဲ့ပစ္စည်းတစ်ခု ဝယ်ဖို့သွေးဆောင်ခံရရင်၊ ဒါမှမဟုတ် မလိုအပ်ဘဲအလုပ်တစ်ခုလုပ်ခဲ့ရင် ရိုးရိုးရှင်းရှင်းနေဖို့ ကိုယ့်ကိုယ်ကို သတိပေးတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ဘွင်းဘွင်းဘဲဆုံးမရတယ်” ဟုစီးပွားရေးလုပ်ကိုင်သူ ခရစ်ယာန်တစ်ဦးဆိုသည်။ ယင်းက ကျွန်ုပ်တို့အတွက် သတိပေးချက်ကောင်းတစ်ခု ဖြစ်သည်မဟုတ်လော။ ပရိုဂျက်တစ်ခုခု၊ သင့်အိမ်ကိုတိုးချဲ့ရန် သို့မဟုတ် အခြားကိစ္စတစ်ခုလုပ်ကိုင်ရန် စဉ်းစားသည့်အခါ၊ ယင်းသည် ငါ့ဝိညာဉ်ရေး၊ ဒါမှမဟုတ် မိသားစုဝိညာဉ်ရေးကို တိုးတက်စေမလား၊ ဒါမှမဟုတ် အတားအဆီးဖြစ်မလား။ လောကီသားများ မရရအောင် အပတ်တကုတ်ကြိုးစားရှာသည့်အရာများအားလုံး ငါ့မှာရှိဖို့လိုသလား။ ဒါမှမဟုတ် အဲ့ဒါတွေမရှိရင် ဖြစ်မလား ဟုမေးစမ်းကြည့်ပါလေ။
၁၀။ “ဇာတိပကတိလူ” ၏အမြင်သည် “ဝိညာဏလူ” အမြင်နှင့် မည်သို့ကွာခြားသနည်း။
၁၀ သို့ရာတွင် တစ်ဦးတစ်ယောက် ဤသို့ကန့်ကွက်မည်။ ‘ဒီလောက်တောင် ကိုယ်ကျိုးစွန့်စရာလိုသလား။ ဟန်ချက်ညီမျှပြီး ရိုးရှင်းတဲ့ဘဝပုံစံရှိဖို့လိုလို့လား။’ ပေါလုက “လူ၏နက်နဲသောအရာ” နှင့် “ဘုရားသခင်၏နက်နဲသောအရာ” များအကြောင်းပြောပြီး ဤသို့ဆိုသည်။ “ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည် ဟုထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်။ ဝိညာဉ်လူမူကား ထိုအရာအလုံးစုံတို့ကိုပိုင်းခြား၍ နားလည်တတ်၏။” (၁ ကောရိန္သု ၂:၁၁၊ ၁၄၊ ၁၅) မလိုအပ်သော ရုပ်ပစ္စည်းများကိုပိုင်ဆိုင်ရန် ရှာဖွေခြင်းဖြင့် “ဇာတိပကတိလူ” လွယ်ကူစွာဖြစ်သွားနိုင်ပါသည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် ကိုယ်ကျိုးစွန့်ခြင်းသည် တစ်ဘက်စွန်းပုံရှိပြီး ပြောင်လှောင်စရာပင်ဖြစ်လာသည်။ သို့သော် ယင်းကား “ဝိညာဏလူ” ၏အမြင်မဟုတ်။ “ဇာတိပကတိလူ” ၏ယူဆပုံဖြစ်သည်။
၁၁။ နောဧအတွက် ဟန်ချက်မညီမျှသောလမ်းစဉ်ကား အဘယ်လမ်းစဉ်ဖြစ်မည်နည်း။ ယနေ့ မျှတသောဘဝပုံစံအတိုင်း မည်သို့အသက်ရှင်မည်နည်း။
၁၁ ဝိညာဏလူသည် ယုံကြည်ခြင်းမျက်စိဖြင့် အရာခပ်သိမ်းကိုကြည့်မြင်တတ်သည်။ ဘုရားသခင်၏ရှုဒေါင့်မှ သူကြည့်မည်။ နောဧကိုသတိရပါ။ ကမ္ဘာကိုဖျက်ဆီးတော့မည့် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို သူသိလာသည့်နောက် အချိန်ကုန်ခံပြီး သာ၍ကောင်းသော အိမ်ကြီးကြီးတစ်လုံးဆောက်မည်၊ ပစ္စည်းဥစ္စာများစုဆောင်းမည်ဆိုလျှင် သူ၏ဟန်ချက်ညီမျှသည်ဟု ဆိုနိုင်မည်လော။ လုံးဝမဆိုနိုင်။ သင်္ဘောကား သူ၏ခိုလှုံရာအစစ်ဖြစ်သည်။ နောဧအတွက် မျှတရိုးရှင်းသောဘဝအသက်တာဖြင့် အသက်ရှင်ခြင်းဟုဆိုရာတွင် ယုံကြည်ခြင်းကင်းမဲ့သော ‘ဇာတိပကတိလူများ’ ၏ကဲ့ရဲ့ခြင်းကိုခံရငြား သ့င်္ဘောဆောက်ခြင်း၊ “ဖြောင့်မတ်ခြင်းတရားကိုဟောသောသူ” ဖြစ်ခြင်းတို့ ပါဝင်ပတ်သက်သည်။ (၂ ပေတရု ၂:၅။ မဿဲ ၂၄:၃၇-၃၉) ထိုနည်းတူစွာ ကမ္ဘာကုန်လုနီးကြောင်း ကျွန်ုပ်တို့သိရှိထားပြီဖြစ်ရာ ကျွန်ုပ်တို့အတွက် ဟန်ချက်ညီ မျှတသောဘဝအသက်တာတစ်ခုတည်းမှာ သာမန်ဘဝပုံစံဟု အများအထင်ရှိသည့် ဘဝပုံစံကိုစွန့်ရန် လိုဦးတော့ ဘုရားသခင်၏အလိုတော်ဆောင်ခြင်းနှင့် သတင်းကောင်းဟောပြောခြင်းကိုသာ အာရုံစိုက်ရန်ဖြစ်သည်။—၁ ယောဟန် ၂:၁၇။
မည်သို့ပြုအပ်ကြောင်း ယေရှုသွန်သင်ပေးခဲ့
၁၂။ (က) ဘာကိုမလုပ်သင့်ဟု ယေရှုမှာကြားသနည်း။ ယင်းအစား ဘာလုပ်သင့်သနည်း။ (ခ) ရည်ရွယ်ချက်ဤသို့ပြောင်းလဲရန် အဘယ်ကြောင့် လိုအပ်သနည်း။
၁၂ တောင်ပေါ်ဒေသနာတွင် ဟန်ချက်ညီ မျှတ၊ ရိုးရှင်းသော ဘဝပုံစံအတိုင်း အသက်ရှင်ခြင်းအကြောင်း ဩဝါဒကောင်းကောင်းပေးခဲ့သည်။ ကိုယ်တော်က “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာဘဏ္ဍာကို မဆည်းဖူးကြနှင့်။” လူတို့သည် စည်းစိမ်ကို အစဉ် “ဆည်းပူးစုဆောင်း” လေ့ရှိသောကြောင့် ယေရှုက “မဆည်းဖူးကြနှင့်” ဟုမှာကြားခဲ့ရသည်။ ယေရှုတပည့်တော်ဖြစ်လာသူတစ်ဦးသည် ထိုသို့ပြုလုပ်နေ၍ မဖြစ်တော့ချေ။ ယေရှုဆက်လက်မိန့်တော်မူသည့်စကားများ တင်ပြသကဲ့သို့ပင် သူ၏ဘဝရည်ရွယ်ချက် ပြောင်းလဲသွားရတော့မည်။ “သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းပူးကြလော့။” ရည်ရွယ်ချက်ပြောင်းလဲရန်လိုအပ်သည့် အကြောင်းရင်းကိုယေရှုဤသို့တင်ပြသည်။ “အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့၏စိတ်နှလုံးရောက်တတ်၏။”—မဿဲ ၆:၁၉-၂၁။
၁၃။ ကောင်းကင်တွင် ဘဏ္ဍာဆည်းပူးရမည်ဆိုလျှင် ဘာကိုစိတ်ချနေရမည်နည်း။
၁၃ သင့်အတွက် အရေးကြီးရာသည် သင့်ဘဏ္ဍာဖြစ်သည်။ ရုပ်ပစ္စည်းတို့သည် သင့်ဘဏ္ဍာလော။ သို့မဟုတ် ယေဟောဝါဘုရားသခင်၏နာမတော်နှင့် ကိုယ်တော်ကတိထားရာ ဆုကျေးဇူးများလော။ မြေကြီးပေါ်မဟုတ်၊ ကောင်းကင်တွင် ဘဏ္ဍာဆည်းပူးစုဆောင်းရေး၌ သင့်ဘဝကိုမြှုပ်နှံထားရန် နိုင်ငံတော်တကယ်တည်ရှိကြောင်း လုံးလုံးလျားလျားယုံကြည်ရမည်။ ကမ္ဘာသစ်သည် သင့်အတွက်ယုတ္တိရှိလှသဖြင့် သင့်စိတ်ထဲကွက်ကွက်ကွင်းကွင်းမြင်နေရပြီး ထိုတွင် မြေကြီးအတွက်ယေဟောဝါ၏ရည်ရွယ်ချက်များ ဖြစ်မြောက်အောင်မြင်စေရန် ကြိုးစားလုပ်ကိုင်နေသည့် မိမိကိုယ်ကို တွေ့မြင်နေရမည်။ မောရှေနည်းတူ “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့’ တွေ့မြင်နေရပြီး “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို” တထစ်ချယုံကြည်ရမည်။—ဟေဗြဲ ၁၁:၆၊ ၂၇။
၁၄။ ဥစ္စာပေါ်နှလုံးအခြေစိုက်ထားလျှင် အဘယ်အကျိုးရှိမည်နည်း။
၁၄ သို့သော် သင့်စိတ်ဆန္ဒနှင့် တွယ်တာမှုများပါဝင်သည့် သင့်စိတ်နှလုံးသည် စည်းစိမ်ဥစ္စာပေါ်အခြေစိုက်နေမည်ဆိုလျှင် အသို့နည်း။ သမ္မာကျမ်းစာက “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲ၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုယ်ကို ထုတ်ချင်းခပ်အောင်ထိုးကြပြီ။” ငွေနှင့်ဝယ်ယူနိုင်သော စည်းစိမ်ဥစ္စာဆည်းပူးခြင်းဖြင့် စစ်မှန်၍မြဲမြံသောကျေနပ်မှု လုံးဝမရနိုင်ပေ။ (၁ တိမောသေ ၆:၁၀။ ဒေသနာ ၅:၁၀) သို့သော် ဝမ်းနည်းစရာအကောင်းဆုံးကား ငွေနှင့်ရုပ်ပစ္စည်းများကိုတပ်မက်ခြင်းသည် ‘နှလုံးအပြည့်’ နှင့် ဝတ်ပြုစေလိုသောဘုရားသခင်နှင့် သင်၏ဆက်ဆံမှုကို ပျက်စီးစေနိုင်ခြင်းဖြစ်သည်။—၁ ရာဇဝင်ချုပ် ၂၈:၉။
၁၅။ (က) မျက်လုံးနှင့်ပတ်သက်၍ အဘယ်ဥပမာယေရှုပေးခဲ့သနည်း။ (ခ) ကာယနှင့်ဝိညာဏသဘောအရ လူတစ်ဦးသည် ရိုးရှင်းသောမျက်စိ မည်သို့ရရှိနိုင်မည်နည်း။ (ဂ) ကျွန်ုပ်တို့မျက်စိသည် ရိုးရှင်းပါက ကျွန်ုပ်တို့ဝိညာဏအမြင်သည် ယေရှု၏တမန်တော်သုံးပါးနှင့် မည်သို့တူနေမည်နည်း။
၁၅ စည်းစိမ်ဥစ္စာဆည်းပူးခြင်းကျော့ကွင်းကို ရှောင်ကြဉ်နိုင်ရန် အကူအညီအဖြစ် ဥပမာနှစ်ခုကို ယေရှုပေးထားတော်မူသည်။ ဦးဆုံးမိန့်တော်မူသည်ကား “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးရှက်လျှင် တစ်ကိုယ်လုံးမိုက်လိမ့်မည်။” (မဿဲ ၆:၂၂၊ ၂၃) ကာယသဘောအရ “ကြည်လင်” သောမျက်စိသည် ဦးနှောက်သို့ ရှင်းလင်းပြတ်သားသော ရုပ်သဏ္ဌာန်များပို့ပေးသည့် တည့်တည့်ချိန်ပေးနိုင်သော မျက်လုံးများကိုဆိုလိုသည်။ ကောင်းစွာမချိန်ထားသည့်မျက်လုံးမှာမူ ရှုပ်ထွေးပြီး မပြတ်သားမထင်ရှားသော ရုပ်သဏ္ဌာန်များကိုမြင်စေသည်။ ထိုနည်းတူစွာ “ကြည်လင်” ရိုးရှင်း သို့မဟုတ် တည့်တည့်ချိန်ပေးထားနိုင်သောဝိညာဏမျက်လုံးသည် ကမ္ဘာသစ်ကို ဒဏ္ဍာရီပုံပြင်ဝတ္ထုတစ်ခုကဲ့သို့ယူမှတ်စေပြီး မရှင်းလင်းမပြတ်သားစေမည့်အစား ဘုရားသခင်၏နိုင်ငံတော်ကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း မြင်စေပါသည်။ သင်၏ဝိညာဏမျက်လုံးသည် တည့်တည့်ချိန်ပြီးသားဖြစ်ပါက ဘုရားသခင်ကတိတည်ရာ ကမ္ဘာသစ်သည် ယေရှုကိုယ်ရောင်ပြောင်းလဲခြင်းဆိုင်ရာ အံ့ဖွယ်ရူပါရုံဖြင့် ကြိုတင်မြင်ခွင့်ရရှိခဲ့သောတမန်တော်သုံးပါးအတွက် နိုင်ငံတော်သည် တကယ်ဖြစ်ခဲ့သကဲ့သို့ သင့်အတွက်လည်း တကယ်ပင်ဖြစ်ပေမည်။—မဿဲ ၁၆:၂၈–၁၇:၉။ ယောဟန် ၁:၁၄။ ၂ ပေတရု ၁:၁၆-၁၉။
၁၆။ ဒုတိယဥပမာတွင် ရည်ရွယ်ချက်ပန်းတိုင်တစ်ခုတည်းရှိသင့်ကြောင်း ယေရှုမည်သို့တင်ပြခဲ့သနည်း။
၁၆ ဒုတိယဥပမာတစ်ခုကို ယေရှုပေးတော်မူသည်။ “အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။” လိုရင်းချက်ကိုပေါ်လွင်စေရန် တစ်ခုတည်းသောရည်မှန်းချက်ရှိရမည်အကြောင်း “သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ” ဟုမိန့်တော်မူသည်။ (မဿဲ ၆:၂၄) ထိုသို့ပြု၍ လုံးဝမဖြစ်ပေ။ ထိုကြောင့် ယေရှုဤသို့ဆက်လက်မိန့်တော်မူသည်။ “ထိုကြောင့်ငါဆိုသည်ကား အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သိတော်မူ၏။”—မဿဲ ၆:၂၅-၃၂။
၁၇။ (က) ဥစ္စာပစ္စည်းနှင့်ပတ်သက်၍ ကိုယ်တော်၏သွန်သင်ချက်များအကြောင်း ယေရှုအဘယ်အချက်ကိုတင်ပြနေပါသနည်း။ (ခ) ဤတွင် ယေရှုအဘယ်အရာကို အလေးအနက်ပေါ်နေစေသနည်း။ မျှတ၊ ရိုးရှင်းသောဘဝအသက်တာတွင် အဘယ်အရာပါဝင်သနည်း။
၁၇ ကိုယ်တော်၏တပည့်နောက်လိုက်များသည် လိုအပ်ရာပစ္စည်းများ အလိုလိုရမည်၊ သို့မဟုတ် မိမိနှင့် မိမိအိမ်ထောင်စုအတွက်ဖူလုံရန် အလုပ်မလုပ်ကိုင်ဘဲ ပျင်းရိနေနိုင်သည်ဟု ယေရှုဆိုလိုနေခြင်းမဟုတ်ပေ။ (၁ တိမောသေ ၅:၈) ထိုသို့မဟုတ်။ ဆိုလိုချက်ကား သာသနာပလူများ ရှာဖွေတတ်သော ဤအရာများကို ဦးစားမထားသင့်ကြောင်းဖြစ်သည်။ ထိုသို့ပြုမည့်အစား ယေရှုက “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့” ဟုမိန့်တော်မူသည်။ (မဿဲ ၆:၃၃) ထိုကြောင့် ဤတွင်ယေရှုက ဘဝပန်းတိုင်များအကြောင်းပြောဆိုနေပြီး ဥစ္စာရှာဖွေခြင်း၏ အနတ္တသဘောကို အလေးအနက်တင်ပြနေခြင်းဖြစ်သည်။ ဟန်ချက်ညီ မျှတ၊ ရိုးရှင်းသောဘဝအတိုင်းအသက်ရှင်ခြင်းတွင် နိုင်ငံတော်မှုရေးကိစ္စများအပေါ်သာ အာရုံပြုနေခြင်း၊ အခြားအရာများကိုမူကား ဒုတိယနေရာလိုက်စေမည်ဖြစ်သည်။
ယေရှုနှင့် အခြားသူတို့၏ ပုံသက်သေ
၁၈။ ကျွန်ုပ်တို့အတွက် ပုံသက်သေအမှန်ကို ယေရှုမည်သို့တင်ပြခဲ့သနည်း။
၁၈ “ခပ်သိမ်းသောဝန်တို့ကိုလည်းကောင်း၊ နှောင့်ယှက်တတ်သော ဒုစရိုက် [ယုံကြည်ခြင်းမရှိခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း] ကိုလည်းကောင်းပယ်ရှား” ရန် ခရစ်ယာန်များကိုပေါလုတိုက်တွန်းစဉ်က “ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကိုအစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြ” ဟုနှိုးဆော်သေးသည်။ (ဟေဗြဲ ၁၂:၁၊ ၂) နိုင်ငံမှုရေးကိစ္စများတွင် ကိုယ်ကိုယ်ကို ယေရှုလုံးလုံးလျားလျားမြှုပ်နှံထားသည့်အတွက် ကိုယ်တော်၏အခြေအနေသည် ကိုယ်တော်တိုင်ဖေါ်ပြသကဲ့သို့ပင်တည်း။ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ကျင်လည်သောငှက်သည် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချရာမျှမရှိ။” (မဿဲ ၈:၂၀) တစ်ကြိမ်တည်းတွင် ယေရှုသည် ရသေ့ရဟန်းများကဲ့သို့ ထူးခြားစွာခြိုးခြံနေခဲ့သူမဟုတ်ပါ။ ကိုယ်တော်သည် အစာကောင်းစား၊ အဝတ်ကောင်းဝတ်တတ်သည်ဟု ကျမ်းစာဆိုသည်။ သို့နှင့်ပင် သူ၏အဓိကဘဝပန်းတိုင်မှာ ကိုယ်တော်၏ဓမ္မအမှုတော်ကိုပြီးမြောက်ရန်ဖြစ်သည်။ သို့ဖြစ်၍ ယေရှုသည် မျှတရိုးရှင်းသောဘဝပုံစံအတိုင်း အသက်ရှင်တော်မူခဲ့သည်။—လုကာ ၅:၂၉။ ယောဟန် ၁၉:၂၃၊ ၂၄။
၁၉၊ ၂၀။ (က) ဥစ္စာပစ္စည်းနှင့်ပတ်သက်၍ ပေါလုအဘယ်ပုံသက်သေတင်ပြခဲ့သနည်း။ (ခ) ယနေ့များစွာသောသူတို့သည် အဘယ်သင်ခန်းစာသင်ယူခဲ့ပြီနည်း။ သူတို့ဘဝလမ်းစဉ်အကြောင်း မည်သို့သဘောထားကြသနည်း။
၁၉ တမန်တော်ပေါလုလည်း ဦးစားထားသင့်ရာများကို လျောက်ပတ်စွာဦးစားထားခဲ့သည်။ သူဤသို့ရှင်းပြသည်။ “ဘုရားသခင်၏ကျေးဇူးတော်နှင့်ယှဉ်သော သတင်းကောင်းကို သက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း ထိုညှဉ်းဆဲခြင်းအမှုတစ်စုံတစ်ခုကိုမျှ ငါသည် ပမာဏမပြု၊ ကိုယ်အသက်ကိုလည်းနှမြောခြင်းမရှိ။” (တမန်တော် ၂၀:၂၄) မှန်ပေသည်။ အရေးတကာ့အရေးအကြီးဆုံး ဓမ္မအမှုကိုပြီးစီးစေရန် ပေါလုသည် လိုအပ်ရုံလောက်နှင့်သာ ရောင့်ရဲတင်းတိမ်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံ ပေါများစွာသုံးစွဲခြင်းအခွင့်ကို နှစ်ခြိုက်ခဲ့ပါသည်။ သူဤသို့ရေးသည်။ “ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်း တို့ကိုခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။”—ဖိလိပ္ပိ ၄:၁၂။
၂၀ ယနေ့ ထပ်တူသင်ခန်းစာကို ထောင်ပေါင်းများစွာသောသူတို့ သင်ယူထားကြပြီ။ သူတို့အနက် များစွာသောသူတို့သည် အချိန်ပြည့်ဓမ္မအမှုဆောင်ရွက်သော သာသနာပြုများ၊ ရှေ့ဆောင်များ၊ ခရီးလှည့်လည်သောအကြီးအကဲများနှင့် အပြည်ပြည်ဆိုင်ရာ ဌာနချုပ်နှင့် ဌာနခွဲများတွင် အမှုထမ်းသူများပါဝင်သည့် ယေဟောဝါသက်သေများဖြစ်ကြသည်။ အချိန်ပြည့်ဓမ္မအမှုကို နှစ်ချီဆောင်ရွက်ပြီးနောက် အများသောသူတို့က “ပြန်ရွေးချယ်ခွင့်ရမည်ဆိုလျှင် အခြားလုပ်ငန်းတစ်မျိုးကို ရွေးမှာမဟုတ်ဖူး” ဟုပြောကြသည်ချည်းသာရှိ၏။
သင်ခံစားနိုင်သော ကောင်းချီးများ
၂၁၊ ၂၂။ (က) မျှတ ရိုးရှင်းသောဘဝပုံစံအတိုင်းအသက်ရှင်ကြလျှင် ယခုပင် အဘယ်ဆုကျေးဇူးများခံစားရသနည်း။ (ခ) အဘယ်အနာဂတ်ကောင်းချီးများ သင်ခံစားနိုင်သနည်း။
၂၁ ဟန်ချက်ညီ မျှတ၊ ရိုးရှင်းသောဘဝမျိုး၌အသက်ရှင်ရာတွင် ခြိုးခြံစွန့်စားရာများရှိငြား ခံစားရသည့် ကောင်းချီးများနှင့် ပျော်ရွှင်မှုတို့ကား နှိုင်းယှဉ်မရသည်တိုင် များပြားလှသည်။ သို့ဖြင့် နိုင်ငံတော်မှုရေးကိစ္စများကိုတိုးတက်စေရန် အချိန်ပိုရရုံမက စိတ်ဝင်စားသူများကိုရှာတွေ့ရန် အခွင့်အရေးပိုရရှိပြီး သူတို့အား ဘုရားသခင်၏ရည်ရွယ်တော်မူချက်များကို သင်ပေးနိုင်ပါမည်။ စစ်မှန်သောကျေနပ်ရောင့်ရဲမှုကိုလည်း သင်ပိုင်ဆိုင်မည်။ စိတ်ငြိမ်သက်မှုနှင့်တကွ ယေဟောဝါဘုရားသခင်၏အလိုတော်နှင့် တွေ့နေကြောင်း အာမခံချက်ကိုလည်းရပေမည်။ ဤဆုကျေးဇူးကို အသင်ယခုပင်ခံစားနိုင်ပေသည်။—ဖိလိပ္ပိ ၄:၆၊ ၇။
၂၂ သို့သော် အနာဂတ်ကောင်းချီးများသည် များပြားကြီးကျယ်လှလွန်းသဖြင့် ယခုသင်စွန့်စားရလေသမျှကို မှေးမှိန်သွားစေမည်။ ယေဟောဝါ၏ကောင်းချီးများတွင် “ထာဝရအသက်” ပါဝင်သည်။ မှန်သည်။ ယေဟောဝါ၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် ပျော်ရွှင်ချမ်းမြေ့စွာ ထာဝစဉ်အသက်ရှင်ခြင်းသည် သင်၏ကောင်းချီးဖြစ်နိုင်သည်။ မျှတ၊ ရိုးရှင်းသောဘဝပုံစံအတိုင်း အသက်ရှင်ပါ။ ဤလောကရှိအရာများကြောင့် ဘယ်သောအခါမျှ သင့်ဟန်ချက်ကို မပျောက်ပါစေနှင့်။ သင့်နှလုံးတောင်းဆိုရာတို့ကို ဘုရားသခင်ပေးသနားတော်မူမည်အကြောင်း သတိရပါ။—ဆာလံ ၂၁:၃၊ ၄၊ ၃၇:၄၊ ၁၃၃:၃။
ပြန်လည်စစ်ဆေးရန် မေးခွန်းများ
▫ မျှတ ရိုးရှင်းသော ဘဝပုံစံအတိုင်း အသက်ရှင်ရန် သင့်အတွက် အကူအညီဖြစ်စေနိုင်သည့် အဘယ်ဥပမာများကို သတိပြုမိသနည်း။
▫ မျှတ ရိုးရှင်းသောဘဝပုံစံအတိုင်း နေထိုင်ခြင်းသည် မည်သို့ အကာအကွယ်ဖြစ်နိုင်သနည်း။
▫ ကျွန်ုပ်တို့၏ ဝိညာဏမျက်စိသည် ရိုးရှင်းနေပါက ယင်းသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
▫ ရိုးရှင်းသောဘဝပုံစံအတိုင်းအသက်ရှင်ရန် ယေရှုမည်သို့သွန်သင်ပေးခဲ့သနည်း။
▫ မျှတရိုးရှင်းသော ဘဝပုံစံအတိုင်း အသက်ရှင်ခြင်း၏ ကောင်းချီးများကား အဘယ်နည်း။