အခန်း ၁၁
လမ်းခရီးတော်ကို ယောဟန်ပြင်ဆင်
ဗိမာန်တော်ရှိဆရာတို့နှင့် ၁၂ နှစ်သားယေရှု၊ ဆွေးနွေးချိန်မှ ဆယ့်ခုနစ်နှစ်ကြာခဲ့ပြီ။ စီအီး ၂၉ ခု၊ နွေဦးကာလ၌ဖြစ်သည်။ နိုင်ငံတစ်ဝန်း ယော်ဒန်မြစ်တစ်လျှောက် တရားဟောနေသည့်ယေရှု၏ဝမ်းကွဲအစ်ကို ယောဟန်အကြောင်း လူတိုင်းပြောနေကြပုံရှိသည်။
ယောဟန်၏အသွင်အပြင်နှင့် အဟောအပြောနှစ်ခုလုံး စိတ်စွဲငြိစရာကောင်းသည်။ သူသည်ကုလားအုတ်အမွေးနှင့်ရက်သောအဝတ်ကိုဝတ်လျက် ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူမှီဝဲသောအစာမှာ ကျိုင်းကောင်နှင့်ပျားရည်ဖြစ်သည်။ သူကြားပြောသောသတင်းကား “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။ ထိုကြောင့်နောင်တရကြလော့” ဟူ၍ဖြစ်သည်။
ဤသတင်းသည် ကြားရသူတို့၏စိတ်ကို လှုံ့ဆော်ပေးသည်။ အတိတ်ကမိမိတို့လိုက်ခဲ့သော မလိုလားဖွယ်အသက်တာလမ်းစဉ်ကိုပယ်ကာ သဘောထားပြောင်းလဲရန်၊ နောင်တရရန်လိုကြောင်း လူများစွာသတိပြုမိကြ၏။ ထို့ကြောင့်ယော်ဒန်မှ လူများသာမက ယေရုရှလင်မှလူများပင် ယောဟန်ထံသို့လာကြသည်။ ထိုသူတို့အား ယော်ဒန်မြစ်ထဲ၌နှစ်ခြင်းပေးသည်။ အဘယ်ကြောင့်နည်း။
ဘုရားသခင်၏ပညတ်ပဋိညာဉ်ကို ဆန့်ကျင်သောအပြစ်များအတွက် မိမိတို့အမှန်တကယ်နောင်တရကြောင်း ဝန်ခံခြင်းအထိမ်းအမှတ်ကိုပြရန် ယောဟန်နှစ်ခြင်းပေးခြင်းဖြစ်သည်။ ယင်းကြောင့်ဖာရိရှဲနှင့်ဇဒ္ဒုကဲအချို့ ယော်ဒန်သို့ထွက်လာကြစဉ် ယောဟန်သည်သူတို့အားရှုတ်ချသည်။ “အချင်းမြွေဆိုးအမျိုးတို့ . . . နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်ကိုကျင့်ကြလော့။ ‘အာဗြဟံသည် ငါတို့အဘဖြစ်သည်’ ဟူ၍ စိတ်ထဲ၌မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကိုထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသောအပင်ရှိသမျှတို့ကိုခုတ်လှဲ၍ မီးထဲသို့ချလိုက်ရ၏။”
လူအားလုံးယောဟန်ကိုအာရုံစိုက်နေခြင်းကြောင့် ဂျူးတို့သည် ယဇ်ပုရောဟိတ်နှင့်လေဝိတို့ကို သူ့ထံသို့စေလွှတ်ပြီး “သင်အဘယ်သူနည်း” ဟုမေးကြ၏။
“ငါသည်ခရစ်တော်မဟုတ်” ဟုယောဟန်ဝန်ခံ၏။
“သို့ဖြစ်လျှင် သင်သည်ဧလိယဖြစ်သလော” ဟုမေးပြန်၏။ “မဟုတ်ပါ” ဟုသူဖြေသည်။
“သင်သည် ပရောဖက်လော။” “မဟုတ်” ဟုဆိုပြန်၏။
သို့နှင့်သူတို့က “သင်သည်အဘယ်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်လျှောက်စရာရှိစေခြင်းငှာ သင်သည် ကိုယ်ကိုယ်ကိုအဘယ်သို့ဆိုမည်နည်း” ဟုမရမကမေးကြသည်။
“ငါသည်ပရောဖက်ဟေရှာယဟောပြောသည်နှင့်အညီ ‘[ယေဟောဝါ] ၏လမ်းခရီးတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟုတော၌ဟစ်ကြော်သော သူ၏အသံဖြစ်သည် ” ဟုယောဟန်ဆိုသည်။
“သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သောပရောဖက်မဟုတ်သည်မှန်လျှင် အဘယ်ကြောင့်ဗတ္တိဇံကိုပေးသနည်း” ဟုမေးသည်။
“ငါသည်ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောသူတစ်ယောက်ရှိ၏။ ထိုသူသည် ငါ့နောက်ကြွလာ . . . ၏” ဟုဖြေလေသည်။
ဘုရင်မေရှိယကိုလက်ခံနိုင်ကြရန် တော်သင့်သောနှလုံးလူတို့၌ရှိစေဖို့ ယောဟန်သည်လမ်းပြင်ပေးလျက်ရှိသည်။ ယောဟန်က “ထိုသူသည်ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ကြီးမြတ်၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုဖြေခြင်းငှာ ငါမထိုက်” ဟုပြောသည်။ ယောဟန်ဤသို့ပင်ဆိုသည်။ “ငါ့နောက်ကြွလာသောသူသည် ငါမရှိမီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ကြီးမြတ်သည်။”
ထိုသို့အားဖြင့် “ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟူသည့်ယောဟန်၏သတင်းစကားသည် ယေဟောဝါ၏ခန့်အပ်ခံဘုရင်၊ ယေရှုခရစ်၏ ဓမ္မအမှုဆောင်ခြင်းစတင်တော့မည့်အကြောင်း လူထုကိုသိရှိစေသည်။ ယောဟန် ၁:၆-၈၊ ၁၅-၂၈။ မဿဲ ၃:၁-၁၂။ လုကာ ၃:၁-၁၈။ တမန်တော် ၁၉:၄။
▪ ယောဟန်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သနည်း။
▪ လူများအား ယောဟန်အဘယ်ကြောင့် နှစ်ခြင်းပေးသနည်း။
▪ နိုင်ငံတော်နီးကပ်ကြောင်း ယောဟန်အဘယ်ကြောင့် ပြောနိုင်သနည်း။