သင်သည် ယေရှုကဲ့သို့သွန်သင်သလော
“ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား ကျမ်းပြုဆရာနည်းတူမဟုတ် အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။”—မဿဲ ၇:၂၈၊ ၂၉။
၁။ ဂါလိလဲတွင် ယေရှုသွန်သင်သောအခါ မည်သူများကိုယ်တော့်နောက်သို့ လိုက်ပြီး ယေရှုမည်သို့တုံ့ပြန်ခဲ့သနည်း။
ယေရှုသွားလေရာသို့ လူအုပ်ကြီး စုရုံးလိုက်ပါလာသည်။ “ယေရှုသည် တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည်တစ်ပြည်လုံးကို ဒေသစာရီလှည့်လည်တော်မူ၏။” ကိုယ်တော့်လုပ်ဆောင်မှုသတင်း ပျံ့နှံ့သွားသောအခါ “ဂါလိလဲပြည်၊ ဒေကာပေါလိပြည်၊ ယေရုရှလင်မြို့မှစသောယုဒပြည်၊ ယော်ဒန်မြစ်တစ်ဖက်မှလာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။” (မဿဲ ၄:၂၃၊ ၂၅) သူတို့ကိုမြင်လျှင် “သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။” ကိုယ်တော်သွန်သင်နေစဉ် သူတို့အပေါ်သနားသည့်စိတ် သို့မဟုတ် ကြင်နာစုံမက်သည့်စိတ်ကို သူတို့သိမြင်ခံစားနိုင်သည်; ယင်းက သူတို့၏ဒဏ်ရာများအပေါ် အနာကိုသက်သာစေသည့်ဆေးဖယောင်းသဖွယ် ကိုယ်တော်ထံ သူတို့ကိုသွေးဆောင်သည်။—မဿဲ ၉:၃၅၊ ၃၆။
၂။ ယေရှု၏အံ့ဖွယ်အမှုများအပြင် လူအုပ်ကိုဆွဲဆောင်သည့်အရာကား အဘယ်အရာဖြစ်သနည်း။
၂ ယေရှုလုပ်ဆောင်သည့် ကာယရေးကုသပေးမှုများ—နူနာရောဂါသည်များကို သန့်ရှင်းစေခြင်း၊ နားမကြားသူများကို ကြားစေခြင်း၊ မျက်မမြင်များကို မြင်စေခြင်း၊ မသန်စွမ်းသူများကို လမ်းလျှောက်စေခြင်း၊ သေသူများကို အသက်ပြန်ရှင်စေခြင်းတို့သည် မည်မျှအံ့သြဖွယ်ပါတကား! ယေရှုအားဖြင့်လုပ်ဆောင်သော ဤခမ်းနားကြီးကျယ်သည့် ယေဟောဝါ၏တန်ခိုးတော်တင်ပြမှုက များစွာသောလူအုပ်စုကြီးကို ဆွဲဆောင်ခဲ့သည်တကား! သို့သော် သူတို့ကိုဆွဲဆောင်သည့်အရာမှာ အံ့ဖွယ်အမှုများချည်းသာမဟုတ်ပါ; ကြီးမားသည့်လူအုပ်သည် ယေရှုသွန်သင်နေစဉ် ပေးသည့်ဝိညာဏကုသမှုကြောင့်လည်း လိုက်ပါလာကြခြင်းဖြစ်သည်။ ဥပမာအနေနှင့် ကိုယ်တော်၏ ကျော်ကြားသောတောင်ပေါ်ဒေသနာတော်ကို ကြားနာအပြီး သူတို့၏တုံ့ပြန်မှုကိုသတိပြုပါ– “ထိုဒေသနာတော်ကို ယေရှုဟောတော်မူသည်အဆုံး၌ ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား ကျမ်းပြုဆရာနည်းတူမဟုတ် အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။” (မဿဲ ၇:၂၈၊ ၂၉) သူတို့၏ရဗ္ဗိဆရာတို့သည် ရှေးရဗ္ဗိဆရာတို့၏ နှုတ်တိုက်ထုံးတမ်းစဉ်လာများကို အထောက်အထားအဖြစ် ကိုးကားကြသည်။ ယေရှုကမူ ဘုရားသခင့်ထံတော်မှ အထောက်အထားဖြင့် သူတို့အားသွန်သင်တော်မူသည်– “[ငါ] ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည့်အတိုင်း ငါဟောပြောသည်။”—ယောဟန် ၁၂:၅၀။
ကိုယ်တော့်သွန်သင်ချက်များသည် နှလုံးကိုထိမိ
၃။ ယေရှု၏သတင်းစကားပို့ချခြင်းသည် ကျမ်းတတ်များ ဖာရိရှဲများနှင့် မည်သို့ကွာခြားသနည်း။
၃ ယေရှု၏သွန်သင်ချက်နှင့် ကျမ်းတတ်နှင့်ဖာရိရှဲတို့၏ သွန်သင်ချက်များစပ်ကြား ကွာခြားမှုမှာ ပါဝင်သည့်အကြောင်းအချက်—လူတို့ထံမှဖြစ်သော ဝန်လေးစေသည့် နှုတ်တိုက်ထုံးတမ်းစဉ်လာများနှင့် ဖီလာဆန့်ကျင်သည့် ဘုရားသခင်ထံမှသမ္မာတရား—မျှသာမကဘဲ သွန်သင်ပုံသွန်သင်နည်းပါဖြစ်သည်။ ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် မာန်မာနထောင်လွှား၍ ကြမ်းတမ်းပြီး ချီးမြှင့်မြှောက်စားသည့်ဂုဏ်ပုဒ်များကို ဝင့်ဝါစွာလိုလားကြကာ လူအုပ်စုကြီးကို “ကျိန်ခြင်းခံရသောလူများ” အဖြစ် နှာခေါင်းရှုံ့ကြသည်။ ယေရှုကမူ နူးညံ့သိမ်မွေ့မှု၊ ညင်းပျောင်းမှု၊ ကြင်နာမှု၊ စာနာမှုရှိပြီး လိုက်လိုက်လျောလျောရှိကာ သူတို့ကိုသနားမှုသက်ဝင်ခဲ့သည်။ ယေရှုသည် မှန်ကန်သောစကားများဖြင့်သာမကဘဲ ကြားနာသူတို့၏နှလုံးထဲသို့ တိုက်ရိုက်ရောက်ရှိသော နှလုံးသားထဲမှထွက်ပေါ်လာသည့် နှစ်လိုဖွယ်ဆွဲဆောင်မှုရှိသောစကားများဖြင့်လည်း သွန်သင်ပေးခဲ့သည်။ ကိုယ်တော်၏ရွှင်လန်းဖွယ်သတင်းစကားများက လူများကိုဆွဲဆောင်သည်၊ ကိုယ်တော့်စကားကြားနာဖို့အတွက် ဗိမာန်တော်သို့ နံနက်စောစောသွားရန် သူတို့ကိုလှုံ့ဆော်သည်၊ ကိုယ်တော့်နောက်တကောက်ကောက်လိုက်ပြီး ကိုယ်တော့်စကားများကို နှစ်ထောင်းအားရစွာနားထောင်စေသည်။ သူတို့သည် ကိုယ်တော့်စကားနားထောင်ရန် ကြီးမားသောလူအုပ်စုအဖြစ် တဖွဲဖွဲရောက်လာကြပြီး ဤသို့ကြေညာကြသည်– “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ။”—ယောဟန် ၇:၄၆-၄၉; မာကု ၁၂:၃၇; လုကာ ၄:၂၂; ၁၉:၄၈; ၂၁:၃၈။
၄။ ယေရှု၏ဟောပြောခြင်းတွင် အထူးသဖြင့် မည်သည့်အရာက လူများစွာကိုဆွဲဆောင်သနည်း။
၄ သေချာသည်ကား ကိုယ်တော့်သွန်သင်ချက်များက ဆွဲဆောင်မှုရှိသည်ဟု လူများကိုခံစားစေသည့် အကြောင်းတစ်ကြောင်းမှာ ပုံဥပမာများကို ကိုယ်တော်အသုံးပြုခြင်းဖြစ်သည်။ အခြားသူများမြင်သည့်အရာများကိုသာ ယေရှုမြင်ခြင်းဖြစ်သော်လည်း တစ်ခါမျှသူတို့မစဉ်းစားသည့်အချက်ကို ကိုယ်တော်စဉ်းစားတော်မူသည်။ တောနှင်းပန်းများ ကွင်းပြင်တွင်ပေါက်နေခြင်း၊ ငှက်များအသိုက်ဆောက်ခြင်း၊ လူများမျိုးစေ့ကြဲခြင်း၊ သိုးထိန်းများက ပျောက်သောသိုးကို ခေါ်ဆောင်လာခြင်း၊ အမျိုးသမီးများက အထည်ဟောင်းများကို ဖာထေးချုပ်လုပ်နေကြခြင်း၊ ကလေးများက ဈေးကွက်ထဲတွင် ကစားနေကြခြင်း၊ တံငါသည်များက မိမိတို့၏ပိုက်ကွန်များကို ဆွဲတင်နေကြခြင်း—လူတိုင်းအတွက် ရိုးနေသောအရာများ—သည် ယေရှု၏အမြင်တွင် ဘယ်တော့မျှမရိုးပါ။ နေရာတကာကိုကြည့်လိုက်တိုင်း ဘုရားသခင်နှင့် ကိုယ်တော့်နိုင်ငံတော်အကြောင်း ပုံဥပမာပေးရန် သို့မဟုတ် မိမိပတ်ဝန်းကျင်ရှိ လူ့အသိုင်းအဝိုင်းအကြောင်း ရှင်းလင်းတင်ပြရန် အသုံးပြုနိုင်သည့်အရာများကို ကိုယ်တော်တွေ့မြင်သည်။
၅။ ယေရှုသည် မိမိ၏ပုံဥပမာများကို မည်သည့်ပေါ်အခြေပြုပြီး မည်သည့်အရာက သူ၏ပုံခိုင်းမှုများကို ထိရောက်စေသနည်း။
၅ ယေရှု၏ပုံဥပမာများသည် လူများကြိမ်ဖန်တလဲမြင်တွေ့နေသော ဖြစ်ရိုးဖြစ်စဉ်အရာများအပေါ် အခြေပြုပြီး သမ္မာတရားကို ဤသို့အကျွမ်းတဝင်ဖြစ်သည့်အရာများနှင့် ချိတ်ဆက်ခြင်းအားဖြင့် နားထောင်သူတို့၏စိတ်တွင် လျင်မြန်စွာနှင့် နက်ရှိုင်းစွာ ရုပ်လုံးပေါ်စေသည်။ ယင်းသို့သောသမ္မာတရားများသည် ကြားနာရရုံသက်သက်မျှမဟုတ်ပါ; သူတို့သည် စိတ်အာရုံအားဖြင့်မြင်ယောင်နိုင်ပြီး နောင်တွင် အလွယ်တကူပြန်လည်သတိရနိုင်သည်။ ယေရှု၏ပုံဥပမာများသည် ရိုးရှင်းခြင်း၊ သမ္မာတရားသိနားလည်ခြင်းကို အနှောင့်အယှက် သို့မဟုတ် အတားအဆီးဖြစ်စေနိုင်သော မဆီမဆိုင်သည့်အရာများနှင့် လုံးချာလိုက်မနေခြင်းအားဖြင့် ထူးခြားထင်ရှားသည်။ ဥပမာအနေနှင့် ကိုယ်နှင့်စပ်ဆိုင်သူစိတ်ဓာတ်ရှိ ရှမာရိလူအကြောင်းပုံဥပမာကို စဉ်းစားကြည့်ပါ။ ကောင်းသောစပ်ဆိုင်သူသည် မည်သို့သောသူဖြစ်ကြောင်း သင်ကွက်ကွက်ကွင်းကွင်းတွေ့မြင်နိုင်သည်။ (လုကာ ၁၀:၂၉-၃၇) ထို့နောက် သားနှစ်ယောက်—တစ်ယောက်က စပျစ်ဥယျာဉ်တွင် အလုပ်လုပ်မည်ဟုပြောပြီး မလုပ်သူ၊ တစ်ဦးက မလုပ်ဘူးဟုပြောပြီး လုပ်သူပုံဥပမာလည်း ရှိသေးသည်။ စစ်မှန်သောနာခံမှု၏ အနှစ်သာရမှာ—တာဝန်ရသည့်အလုပ်ကို လုပ်ခြင်းပင်ဖြစ်ကြောင်း ချက်ချင်းသင်သိမြင်နိုင်သည်။ (မဿဲ ၂၁:၂၈-၃၁) ယေရှု၏ လှုံ့ဆော်မှုပေးသောသွန်သင်ချိန်အတွင်း ငိုက်မြည်းသူ သို့မဟုတ် အာရုံပျံ့လွင့်သူမည်သူမျှမရှိခဲ့ချေ။ နားထောင်ရခြင်းနှင့် ကြည့်ရှုရခြင်းတို့ဖြင့် သူတို့အလွန်အလုပ်များနေခဲ့ကြသည်။
မေတ္တာကတောင်းဆိုသောအခါ ယေရှုလျှော့ပေးခဲ့
၆။ အကျိုးသင့်အကြောင်းသင့်ရှိခြင်းနှင့် လျှော့ပေးမှုရှိခြင်းတို့သည် မည်သည့်အခါတွင် အထူးသဖြင့် အကူအညီဖြစ်စေသနည်း။
၆ သမ္မာကျမ်းစာတွင် အကျိုးသင့်အကြောင်းသင့်ရှိခြင်းကို ကြိမ်ဖန်များစွာပြောဆိုသောအခါ လျှော့ပေးခြင်းကို ဆိုလိုကြောင်း အောက်ခြေမှတ်ချက်တစ်ခုကဖော်ပြသည်။ ဘုရားသခင်ထံမှဉာဏ်ပညာသည် ခွင့်လွှတ်သာသည့်အခြေအနေများတွင် လျှော့ပေးခြင်းရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်ဖြစ်ရန် သို့မဟုတ် လျှော့ပေးရန် လိုအပ်သည်။ အကြီးအကဲများသည် မေတ္တာကတောင်းဆိုသောအခါနှင့် နောင်တရမှုကထိုက်တန်စေသောအခါ လျှော့ပေးလိုစိတ်ရှိသင့်သည်။ (၁ တိမောသေ ၃:၃; ယာကုပ် ၃:၁၇) ကရုဏာ သို့မဟုတ် သနားကြင်နာခြင်းက လိုအပ်ကြောင်းညွှန်ပြသည့်အခါ ယေရှုသည် ယေဘုယျစည်းမျဉ်းကိုခြွင်းချက်ထား၍ အလျှော့ပေးခြင်းတွင် အံ့ဖွယ်ပုံသက်သေများကို ထားတော်မူခဲ့သည်။
၇။ ယေရှုလျှော့ပေးမှုရှိသည့် ပုံသက်သေအချို့ကား အဘယ်နည်း။
၇ တစ်ခါက ယေရှုဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါငြင်းပယ်မည်။” သို့သော် မိမိအား သုံးကြိမ်တိုင်ငြင်းဆိုခဲ့သောပေတရုကို ကိုယ်တော်မပစ်ပယ်ခဲ့ပါ။ ထိုတွင် ယေရှုထည့်စဉ်းစားသော ခွင့်လွှတ်သာသည့်အခြေအနေများ ရှိခဲ့သည်။ (မဿဲ ၁၀:၃၃; လုကာ ၂၂:၅၄-၆၂) သွေးသွန်နာစွဲခြင်းကြောင့် မသန့်ရှင်းသောမိန်းမတစ်ဦးသည် လူအုပ်ထဲသို့ဝင်လာခြင်းအားဖြင့် မောရှေပညတ်ကိုချိုးဖောက်ရာတွင်လည်း ခွင့်လွှတ်သာသည့်အခြေအနေရှိသည်။ သူမအားလည်း ယေရှုအပြစ်မတင်ခဲ့ပါ။ သူမ၏အဖြစ်ဆိုးကို ကိုယ်တော်နားလည်တော်မူခဲ့သည်။ (မာကု ၁:၄၀-၄၂; ၅:၂၅-၃၄; လုကာ ၅:၁၂၊ ၁၃ ကိုလည်းရှု။) မိမိအား မေရှိယအဖြစ်မဖော်ပြရန် တပည့်တော်များအား ယေရှုပြောခဲ့သော်လည်း ရေတွင်းနားတွင် ရှမာရိအမျိုးသမီးအား မိမိမေရှိယဖြစ်ကြောင်း ဖော်ပြသောအခါတွင်မူ ထိုပညတ်ချက်ကို တင်းတင်းကြပ်ကြပ်တရားသေဆုပ်ကိုင်ခဲ့ခြင်းမရှိပါ။ (မဿဲ ၁၆:၂၀; ယောဟန် ၄:၂၅၊ ၂၆) ဤဖြစ်ရပ်အားလုံးတို့တွင် မေတ္တာ၊ ကရုဏာနှင့် ထောက်ထားစာနာမှုတို့က ဤသို့လျှော့ပေးခြင်းကို လျော်ကန်စေသည်။—ယာကုပ် ၂:၁၃။
၈။ ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် မည်သည့်အခါတွင် စည်းမျဉ်းများကို ကိုယ့်အကြိုက်ပြုပြင်ပြီး မည်သည့်အခါတွင် ထိုသို့မလုပ်ဘဲနေသနည်း။
၈ ယင်းသည် လျှော့ပေးခြင်းမရှိသော ကျမ်းတတ်နှင့်ဖာရိရှဲတို့နှင့် ကွာခြားသည်။ သူတို့ကိုယ်တိုင်က မိမိတို့၏နွားကို ရေတိုက်ရန်ခေါ်သွားခြင်းအားဖြင့် ဥပုသ်ပညတ်ကိုချိုးဖောက်တတ်ကြသည်။ သို့မဟုတ် သူတို့၏နွား သို့မဟုတ် သား ရေတွင်းထဲကျနေလျှင် ဆယ်ထုတ်ရန် ဥပုသ်ပညတ်ကို ချိုးဖောက်လေ့ရှိကြသည်။ သို့သော် သာမန်လူများအတွက်မူ လုံးဝလျှော့ပေးမှုမရှိပါတကား! သူတို့သည် တောင်းဆိုချက်များကို “လက်ဖျားနှင့်မျှမရွှေ့လိုကြ။” (မဿဲ ၂၃:၄; လုကာ ၁၄:၅) ယေရှုအတွက် လူသည် စည်းမျဉ်းအများစုထက် သာ၍အရေးကြီးသည်; ဖာရိရှဲများအတွက်မူ စည်းမျဉ်းသည် လူထက်သာ၍အရေးကြီးသည်။
“ပညတ်တရား၏သား” တစ်ဦးဖြစ်လာခြင်း
၉၊ ၁၀။ ယေရှု၏မိဘများသည် ယေရုရှလင်သို့ပြန်သွားပြီးနောက်ပိုင်း မည်သည့်နေရာတွင် သူ့ကိုပြန်တွေ့ကြသနည်း။ ယေရှု၏မေးခွန်းမေးခြင်းက မည်သည့်အဓိပ္ပာယ်သက်ရောက်သနည်း။
၉ ယေရှု၏ကလေးဘဝနှင့်ပတ်သက်၍ မှတ်တမ်းတင်ထားသည့်အဖြစ်အပျက် တစ်ခုသာရှိသည်ဟု လူအချို့မြည်တမ်းကြသည်။ သို့သော် လူများစွာတို့သည် ထိုအဖြစ်အပျက်၏ ကြီးကျယ်သောထူးခြားထင်ရှားမှုကို သဘောပေါက်ရန်မူ ပျက်ကွက်ကြသည်။ ယင်းကို လုကာ ၂:၄၆-၄၇ တွင် ကျွန်ုပ်တို့အတွက် မှတ်တမ်းတင်ထားပေးသည်– “သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှတွေ့ကြ၏။ သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်းအံ့သြကြ၏။” ကစ်တလ်၏ Theological Dictionary of the New Testament အဘိဓာန်ကျမ်းက ဤနေရာတွင် “မေးမြန်းလျက်” အတွက်သုံးသောဂရိဝေါဟာရသည် ယောက်ျားလေးတစ်ဦး၏ စူးစမ်းသိလိုစိတ်သက်သက်အတွက်သာ သုံးခြင်းမဟုတ်ကြောင်း သဘောပေါက်စေသည်။ ယင်းစကားလုံးသည် အမှုစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် တန်ပြန်မေးခွန်းထုတ်ခြင်းတို့အပြင် မာကု ၁၀:၂ နှင့် ၁၂:၁၈-၂၃ တို့တွင်ဖော်ပြထားသကဲ့သို့ “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏ စမ်းသပ်ဉာဏ်ဆင်သောမေးခွန်းများ” ကိုပင် ရည်ညွှန်းနိုင်သည်။
၁၀ ထိုအဘိဓာန်ကျမ်းက ဤသို့ဆက်ပြောသည်– “ဤအသုံးအနှုန်းကြောင့် မေးစရာပေါ်နိုင်သည့်အချက်မှာ . . . [လုကာ] ၂:၄၆ တွင် သက်ရောက်သည့်သဘောမှာ ယောက်ျားကလေး၏ မေးခွန်းထုတ်သောစူးစမ်းသိလိုစိတ်ထက် သူ၏အောင်မြင်သောအချေအတင်ပြောဆိုမှုဖြစ်သည်။ [အခန်းငယ်] ၄၇ က ဒုတိယရှုမြင်ပုံနှင့် ကောင်းစွာညီညွှတ်မှုရှိပေမည်။”a အခန်းငယ် ၄၇ ကို ရော့သဟမ်ဘာသာပြန်ချက်က ယင်းကို ထူးခြားအံ့သြဖွယ်နှိုင်းယှဉ်မှုအဖြစ် တင်ပြသည်– “သူ၏တတ်သိနားလည်မှုနှင့်အဖြေများကြောင့် သူ့စကားကိုကြားသောသူအပေါင်းတို့သည် အလွန်အမင်းစိတ်လှုပ်ရှားသွားကြသည်။” ရောဘတ်စန်၏ Word Pictures in the New Testament စာအုပ်ကပြောသည်မှာ သူတို့၏ အတောမသတ်သည့် အံ့အားသင့်ခြင်းဟူသည် “သူတို့၏မျက်လုံးများပြူးထွက်လာသည့်အလား အလွန်အမင်းအံ့သြသွားကြသည်။”
၁၁။ မာရိနှင့်ယောသပ်တို့သည် မိမိတို့မြင်ရကြားရသည့်အရာများအပေါ် မည်သို့တုံ့ပြန်ကြပြီး အဘိဓာန်ကျမ်းတစ်စောင်က မည်သို့အဓိပ္ပာယ်ဖွင့်သနည်း။
၁၁ နောက်ဆုံး ယေရှု၏မိဘများရောက်ရှိလာကြသောအခါ သူတို့သည် “မိန်းမောတွေဝေ” သွားကြသည်။ (လုကာ ၂:၄၈) ရောဘတ်စန်က ဤတွင်သုံးသောဂရိဝေါဟာရ၏ အဓိပ္ပာယ်မှာ “ထိုးနှက်ခြင်းဖြင့် နှင်ထုတ်၊ မောင်းထုတ်သည်” ဟူ၍ဖြစ်သည်။ ယောသပ်နှင့်မာရိတို့သည် သူတို့ကြားရမြင်ရသည့်အရာအားဖြင့် “ထိုးနှက်ခံလိုက်ရသည်” ဟုသူဆက်ပြောသည်။ ယေရှုသည် တစ်စိတ်တစ်ဒေသအားဖြင့် အံ့ဖွယ်ဆရာဖြစ်နှင့်ပြီးသားဖြစ်သည်။ ဗိမာန်တော်တွင်ဖြစ်သော ဤအဖြစ်အပျက်နှင့်ပတ်သက်၍ ကစ်တလ်၏စာအုပ်က “သူ၏ပြိုင်ဘက်များက နောက်ဆုံးတွင် လက်မြှောက်အရှုံးပေးရသည့် ဆန့်ကျင်မှုကို ယေရှုသည် ငယ်စဉ်ကတည်းက အစပြုခဲ့သည်” ဟုအခိုင်အမာဆိုထားသည်။
၁၂။ နောက်ပိုင်း ဘာသာရေးခေါင်းဆောင်များနှင့် ယေရှုတို့၏ အပြန်အလှန်ပြောဆိုမှုက မည်သည့်အချက်ကိုဖော်ပြသနည်း။
၁၂ သူတို့လက်မြှောက်အရှုံးပေးလိုက်ရသည်တကား! နှစ်များကြာပြီးနောက် ယေရှုသည် ထိုသို့သောမေးခွန်းအားဖြင့် “ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့” သည့်အထိ ဖာရိရှဲတို့ကိုအနိုင်ရခဲ့သည်။ (မဿဲ ၂၂:၄၁-၄၆) ဇဒ္ဒုကဲတို့သည်လည်း ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်သည့် မေးခွန်းတွင် အလားတူနှုတ်ပိတ်သွားကြပြီး “နောက်တစ်ဖန် အလျှင်းမမေးမလျှောက်ဝံ့ကြ။” (လုကာ ၂၀:၂၇-၄၀) ကျမ်းတတ်များသည်လည်း ထူးမခြားနားပင်ဖြစ်သည်။ သူတို့ထဲမှတစ်ယောက်က ယေရှုနှင့် အပြန်အလှန်ဆွေးနွေးပြီးနောက် “နောက်တစ်ဖန် အဘယ်သူမျှမမေးမလျှောက်ဝံ့ကြ” တော့ချေ။—မာကု ၁၂:၂၈-၃၄။
၁၃။ ဗိမာန်တော်တွင်ဖြစ်သည့် မည်သည့်အဖြစ်အပျက်က ယေရှု၏အသက်တာတွင် ထူးခြားထင်ရှားမှုဖြစ်စေပြီး ယင်းက မည်သည့်အချက်ကို ထပ်၍သတိပြုမိစေသနည်း။
၁၃ အဘယ်ကြောင့် ဗိမာန်တော်တွင် ယေရှုနှင့်ဆရာများပါဝင်သော ဤအဖြစ်အပျက်ကိုမှ ရွေးချယ်၍ ယေရှု၏ငယ်ရွယ်စဉ်ဘဝအဖြစ် ပြန်လည်ဖော်ပြထားရသနည်း။ ယင်းကား ယေရှု၏အသက်တာအတွက် အလှည့်အပြောင်းတစ်ခုဖြစ်သည်။ သူ့အသက် ၁၂ နှစ်ခန့်သို့ရောက်သောအခါ ဂျူးတို့က “ပညတ်တရား၏သား” ဟုကင်ပွန်းတပ်သော ပညတ်တရား၏အမိန့်အားလုံးကို လိုက်လျှောက်ရန်တာဝန်ရှိသူဖြစ်လာသည်။ မာရိက မိမိနှင့်ယောသပ်တို့အား သူဖြစ်စေခဲ့သည့် စိတ်ပူပင်သောကအကြောင်းကို ညည်းညူသောအခါ သားဖြစ်သူ၏ပြန်ဖြေကြားချက်က မိမိ၏အံ့ဖွယ်ဇာတိအဖြစ်နှင့် မေရှိယဆိုင်ရာအနာဂတ်ကို သူသိပုံရကြောင်းဖော်ပြသည်။ ဘုရားသခင်သည် မိမိ၏ခမည်းတော်ဖြစ်ကြောင်း တဲ့တိုးပြောကြားခြင်းအားဖြင့် ယင်းအချက်ကိုပေါ်လွင်စေသည်– “မိဘသည် အကျွန်ုပ်ကို အဘယ်ကြောင့်ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌နေရသည်ကို မသိပါသလော။” သို့ဖြင့် ယင်းတို့သည် သမ္မာကျမ်းစာတွင် ဦးဆုံးမှတ်တမ်းတင်ခံရသော ယေရှု၏စကားများဖြစ်ပြီး မိမိအားမြေကြီးသို့စေလွှတ်ရသည့် ယေဟောဝါ၏ ရည်ရွယ်ချက်ကို သူသိနားလည်ကြောင်း ဖော်ပြသည်။ သို့အားဖြင့် ယင်းအဖြစ်အပျက်တစ်ခုလုံးသည် ကြီးကျယ်သည့်ထူးခြားထင်ရှားမှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။—လုကာ ၂:၄၈၊ ၄၉။
ကလေးများကို ယေရှုချစ်ပြီး နားလည်ခဲ့
၁၄။ ဗိမာန်တော်ရှိသူငယ်ယေရှု၏မှတ်တမ်းက ငယ်ရွယ်သူများအား မည်သည့်စိတ်ဝင်စားဖွယ်အချက်ကိုသိမြင်စေသနည်း။
၁၄ ဤမှတ်တမ်းသည် ငယ်ရွယ်သူများအတွက် အထူးသဖြင့် စိတ်အားတက်ကြွဖွယ်ဖြစ်သင့်သည်။ ယေရှုသည် လူလားမြောက်လာသည်နှင့်အမျှ မည်မျှလုံ့လဝီရိယရှိရှိလေ့လာခဲ့မည်ဖြစ်ကြောင်း ယင်းကဖော်ပြသည်။ ဗိမာန်တော်ရှိ ရဗ္ဗိဆရာများသည် ၁၂ နှစ်မျှသာရှိသေးသော ဤ “ပညတ်တရား၏သား” ၏ ဉာဏ်ပညာကြောင့် မိန်းမောတွေဝေခဲ့ကြသည်။ သို့ရာတွင် ကိုယ်တော်သည် ယောသပ်နှင့်အတူ သူ၏လက်သမားအလုပ်ရုံတွင်ပင် ဆက်အလုပ်လုပ်နေပြီး သူနှင့်မာရိတို့၏စကားကို “နားထောင်လျက်နေ” ကာ “ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာသာရ” တော်မူခဲ့သည်။—လုကာ ၂:၅၁၊ ၅၂။
၁၅။ ယေရှုသည် မြေကြီးဆိုင်ရာဓမ္မအမှုဆောင်စဉ်ကာလအတွင်း လူငယ်များအား မည်သို့ထောက်ခံအားပေးခဲ့ပြီး ယင်းက ယနေ့လူငယ်များအတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။
၁၅ မိမိ၏မြေကြီးဆိုင်ရာဓမ္မအမှုဆောင်စဉ်အတွင်း ယေရှုသည် ငယ်ရွယ်သူများကို အလွန်ထောက်ခံအားပေးခဲ့သည်– “ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း ‘ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း’ ဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍ ‘ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလော’ ဟုယေရှုအားမေးကြလေသော် ‘ငါကြား၏။ “နို့စို့သူငယ်တို့၏နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်” ဟူသောစကားကို သင်တို့သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော’ ဟုမိန့်တော်မူ၏။” (မဿဲ ၂၁:၁၅၊ ၁၆; ဆာလံ ၈:၂) ယနေ့လည်း ကိုယ်တော်သည် မိမိတို့၏သမာဓိကိုစောင့်ထိန်းပြီး ချီးမွမ်းခြင်းကိုတန်ဆာဆင်နေကြသော၊ သူတို့ထဲမှအချို့တို့သည် အသက်စွန့်၍ပင် ထိုသို့ပြုနေကြသည့် ထောင်ပေါင်းများစွာသော ငယ်ရွယ်သူများအား ထပ်တူအားပေးထောက်မနေသည်။
၁၆။ (က) ယေရှုသည် တပည့်တော်များအား သူတို့၏အလယ်တွင် ကလေးငယ်တစ်ဦးကိုရပ်စေခြင်းအားဖြင့် မည်သို့သွန်သင်သနည်း။ (ခ) အလွန်အရေးကြီးသော မည်သည့်အချိန်၌ပင်လျှင် ယေရှုသည် ကလေးများအတွက် အချိန်ပေးသနည်း။
၁၆ အဘယ်သူသည်အကြီးမြတ်ဆုံးဖြစ်ကြောင်း တမန်တော် ၁၂ ပါးတို့ငြင်းခုံကြသောအခါ သူတို့အား ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ထိုအခါ ကိုယ်တော်သည်ထိုင်လျက် တစ်ကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍ အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏အစေခံလည်းဖြစ်ရမည်ဟု မိန့်တော်မူ၏။ သူငယ်တစ်ယောက်ကိုလည်းယူ၍ သူတို့အလယ်၌ထားပြီးမှ လက်တော်နှင့်ချီပိုက်လျက် အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏။ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူကိုပင် လက်ခံသည်။” (မာကု ၉:၃၅-၃၇) ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော ပြင်းထန်ခက်ခဲသည့်စမ်းသပ်မှုနှင့် သေခြင်းတို့ကို ရင်ဆိုင်ရန် ယေရုရှလင်မြို့သို့ နောက်ဆုံးအကြိမ်သွားစဉ်က ကလေးများအတွက် ကိုယ်တော်အချိန်ပေးခဲ့သည်– “ထိုသူငယ်တို့ကို ငါ့ထံသို့လာပါလေစေ။ မဆီးတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏။” ထို့နောက် “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေးတော်မူ၏။”—မာကု ၁၀:၁၃-၁၆။
၁၇။ ယေရှုအတွက် ကလေးများနှင့်ပေါင်းသင်းရန် အဘယ်ကြောင့်လွယ်ကူသနည်း။ ကလေးများသည် ကိုယ်တော်နှင့်ပတ်သက်၍ မည်သည့်အရာကိုသတိရကြရမည်နည်း။
၁၇ အရွယ်ရောက်သောသူများ၏အသိုင်းအဝိုင်းတွင် ကလေးငယ်တစ်ဦးနည်းတူ မည်သို့ကျင့်ကြံနိုင်ကြောင်း ယေရှုသိတော်မူသည်။ အရွယ်ရောက်သောသူများနှင့် ကိုယ်တော်အတူနေ၊ အတူလုပ်ကိုင်၊ သူတို့ကိုအောက်ကျို့ပြီး သူတို့၏ချစ်ခင်မှုအားဖြင့် နွေးထွေးမှု၊ လုံခြုံမှုကို တွေ့ကြုံခံစားခဲ့သည်။ ကလေးတို့၊ ဤယေရှုပင်လျှင် သင်တို့၏မိတ်ဆွေဖြစ်တော်မူ၏; သင်တို့အတွက် ကိုယ်တော်အသေခံတော်မူပြီး ကိုယ်တော့်ပညတ်တော်များကို သင်တို့နာခံလျှင် ထာဝစဉ်အသက်ရှင်ကြရမည်။—ယောဟန် ၁၅:၁၃၊ ၁၄။
၁၈။ အထူးသဖြင့် ဆင်းရဲဒုက္ခ သို့မဟုတ် ဘေးအန္တရာယ်ကျရောက်သည့်ကာလတွင် စိတ်တက်ကြွလှုပ်ရှားဖွယ်ကောင်းသော မည်သည့်အချက်ကို ကျွန်ုပ်တို့မမေ့သင့်သနည်း။
၁၈ ယေရှု၏ပညတ်တော်များအတိုင်း လုပ်ဆောင်ခြင်းသည် ထင်သလောက်မခက်ပါ။ လူငယ်တို့၊ မဿဲ ၁၁:၂၈-၃၀ တွင် ကျွန်ုပ်တို့ဖတ်ရသကဲ့သို့ပင် သင်တို့အတွက်နှင့် အခြားသူအားလုံးတို့အတွက် ကိုယ်တော်အသင့်ရှိတော်မူသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့ [သို့မဟုတ်၊ “ငါ့ထမ်းပိုးကို ငါနှင့်အတူထမ်းကြလော့”၊ ကဘ အောက်ခြေမှတ်ချက်]။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ဟု မိန့်တော်မူ၏။” စဉ်းစားသာကြည့်ပါ၊ ယေဟောဝါအား ဝတ်ပြုသည့်အသက်တာကို သင်လျှောက်လှမ်းစဉ် ယေရှုသည် သင်နှင့်အတူလိုက်၍ ထမ်းပိုးကိုထမ်းလွယ်အောင်၊ ဝန်ထုပ်ကိုပေါ့အောင် ကိုယ်တော်လုပ်ပေးနေသည်။ ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် စိတ်လှုပ်ရှားတက်ကြွဖွယ်ပါတကား!
၁၉။ ယေရှု၏သွန်သင်နည်းများနှင့်ပတ်သက်၍ မည်သည့်မေးခွန်းများကို ကျွန်ုပ်တို့အချိန်တိုင်းပြန်လည်သုံးသပ်နိုင်သနည်း။
၁၉ ယေရှုသွန်သင်သည့်နည်းလမ်းများထဲမှ အနည်းငယ်ခန့်ကို ပြန်လည်သုံးသပ်ပြီးနောက် ကိုယ်တော်သွန်သင်သည့်အတိုင်း ကျွန်ုပ်တို့သွန်သင်ကြောင်း တွေ့ရသလော။ ကာယရေးဖျားနာနေသူများ၊ ဝိညာဉ်ရေးငတ်ပြတ်နေသူများကို ကျွန်ုပ်တို့မြင်သောအခါ သူတို့ကိုကူညီရန် သနားသောစိတ်၏လှုံ့ဆော်မှုကို ကျွန်ုပ်တို့ခံရသလော။ သူတစ်ပါးကိုသွန်သင်သောအခါ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သလော၊ သို့မဟုတ် ဖာရိရှဲများနည်းတူ ကိုယ်ပိုင်အယူအဆများကို သွန်သင်သလော။ ကျွန်ုပ်တို့ပတ်လည်တွင် တွေ့မြင်နေကျအရာများကို ဝိညာဉ်ရေးဆိုင်ရာအမှန်တရားများ ရှင်းလင်းပြတ်သားစေရန်၊ ရုပ်လုံးပေါ်စေရန်၊ ပီပြင်ထင်ရှားစေရန်နှင့် တိုး၍သဘောပေါက်စေရန်အတွက် အသုံးပြုနိုင်သောအရာအဖြစ် သင်မြင်တတ်သလော။ သင်သည် အချို့သောစည်းမျဉ်းများကိုကျင့်သုံးရာတွင် အခြေအနေအရ လျှော့ပေးခြင်းအားဖြင့် မေတ္တာနှင့် ကရုဏာတင်ပြရန် သာ၍လျောက်ပတ်သောအခါ၌ ထိုစည်းမျဉ်းများအား အသေဆုပ်ကိုင်ထားခြင်းကိုရှောင်သလော။ ကလေးများကောမည်သို့နည်း။ ယေရှုတင်ပြခဲ့သော ထောက်ထားညှာတာသည့်စိုးရိမ်ကြောင့်ကြမှုနှင့် ချစ်ခင်ကြင်နာမှုတို့ကို သူတို့အားတင်ပြသလော။ ကလေးသူငယ်အချိန်က ယေရှုလေ့လာသည့်နည်းအတိုင်းလေ့လာရန် သူတို့ကိုအားပေးသလော။ ကြက်မသည် မိမိ၏သားငယ်များကို အတောင်အောက်၌စုသိမ်းသည့်နည်းအတိုင်း ယေရှုလုပ်ဆောင်ခဲ့သကဲ့သို့ပင် ခိုင်မာမှုရှိသော်လည်း နောင်တရသူများကို သင်လှိုက်လှိုက်လှဲလှဲလက်ခံမည်လော။—မဿဲ ၂၃:၃၇။
၂၀။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုရားသခင်ကိုဝတ်ပြုနေစဉ် မည်သည့်နှစ်လိုဖွယ်အတွေးအားဖြင့် မိမိတို့ကိုယ်ကို နှစ်သိမ့်နိုင်မည်နည်း။
၂၀ ယေရှုသွန်သင်သည့်နည်းအတိုင်း သွန်သင်နိုင်ရန် ကျွန်ုပ်တို့သည် အတတ်နိုင်ဆုံးကြိုးစားအားထုတ်ပါက ကျွန်ုပ်တို့အား ‘ကိုယ်တော့်ထမ်းပိုးကို ကိုယ်တော်နှင့်အတူထမ်း’ ခွင့်ပြုမည်အမှန်။—မဿဲ ၁၁:၂၈-၃၀။
[အောက်ခြေမှတ်ချက်များ]
a ယေရှုသည် မိမိထက်အသက်ကြီးသူများအား လျောက်ပတ်သည့်လေးစားမှုကို တင်ပြမည်ဖြစ်ကြောင်း မည်သည့်နည်းဖြင့်မဆို ကျွန်ုပ်တို့ယုံကြည်နိုင်သည်။ အထူးသဖြင့် ဆံပင်ဖြူသောသူများနှင့် ယဇ်ပုရောဟိတ်များကိုဖြစ်သည်။—ဝတ်ပြုရာ ၁၉:၃၂; တမန်တော် ၂၃:၂-၅။
သင်မှတ်မိသလော
◻ အဘယ်ကြောင့် ယေရှုနောက်သို့ လူအုပ်ကြီးစုရုံးလိုက်ပါကြသနည်း။
◻ ယေရှုသည် တစ်ခါတစ်ရံ အချို့သောစည်းမျဉ်းများတွင် အဘယ်ကြောင့်လျှော့ပေးသနည်း။
◻ ဗိမာန်တော်ရှိဆရာများကို ယေရှု၏မေးမြန်းခြင်းမှ မည်သည့်အရာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
◻ ကလေးများနှင့်ယေရှု၏ဆက်ဆံရေးမှ မည်သည့်သင်ခန်းစာကို ကျွန်ုပ်တို့ရယူနိုင်သနည်း။