အခန်း ၂၆
ကပေရနောင်မြို့ရှိ မိမိနေအိမ်သို့ပြန်ခြင်း
ယခု ယေရှု၏ကျော်ကြားမှုသတင်း ပြန့်နေပြီဖြစ်သည်။ လူအများ တကူးတကခရီးနှင်၍ ကိုယ်တော်ရှိရာသို့လာကြ၏။ ရက်အနည်းငယ်တွင် ဂါလိလဲပင်လယ်အနားရှိ ကပေရနောင်မြို့သို့ ယေရှုပြန်လာသည်။ မြို့နေလူများသိကုန်ကြပြီး ကိုယ်တော်ရှိရာသို့လာကြ၏။ ဖာရိရှဲများ၊ ပညတ်တရားကိုသွန်သင်သောဆရာများ ယေရုရှလင်မှပင်ရောက်လာကြ၏။
လူအုပ်ကြီးလွန်းသဖြင့် အိမ်ပေါက်ဝပိတ်ဆို့နေသည်။ အခန်းလည်းပြည့်ကျပ်နေချိန် မှတ်သားဖွယ်အဖြစ်အပျက်ဖြစ်ပျက်သည်။ ထိုအဖြစ်အပျက်သည်အလွန်အရေးကြီးပြီး လူတို့ခံစားနေရသောရောဂါဝေဒနာ၏ဇာစ်မြစ်ကို ယေရှုပယ်ရှားနိုင်ကြောင်း၊ ကိုယ်တော်ရွေးချယ်သောသူတို့အား ပြန်လည်ကျန်းမာစေနိုင်ကြောင်း၊ ကျွန်ုပ်တို့နားလည်ရန် အကူအညီပေးသည်။
လူအုပ်ကိုယေရှုသွန်သင်နေစဉ် လူလေးယောက်သည် ခြေလက်သေသူတစ်ဦးကို ထမ်းစင်ဖြင့်ထမ်းလာကြသည်။ အဆွေ၏ရောဂါကိုပျောက်ကင်းစေလိုကြသည်။ သို့သော်လူအုပ်ကြောင့် အထဲသို့မဝင်နိုင်ကြ။ စိတ်ပျက်သော်လည်းစိတ်ဓာတ်မကျ။ သူတို့အိမ်မိုးပေါ်တက်၍ အုတ်ကြွပ်များကိုခွာကြသည်။ ထိုနောက်လူနာ၏ထမ်းစင်ကို ယေရှုအနားရောက်သည့်တိုင် အပေါ်မှနှိမ့်၍ချပေးကြသည်။
ဤသို့ပြုသည်ကို ယေရှုအမျက်ထွက်သလော။ မထွက်ပါ။ သူတို့၏ယုံကြည်ခြင်းကြောင့် သူတို့ကို လွန်စွာသဘောကျသည်။ လူနာကိုယေရှုဤသို့မိန့်တော်မူသည်။ “သင်၏အပြစ်တို့ကိုလွှတ်စေပြီ။” ယေရှုအမှန်ပင်သူတစ်ပါးအပြစ်တို့ကို ခွင့်လွှတ်နိုင်သလော။ ဖာရိရှဲနှင့်ကျမ်းတတ်များကမူ ထိုသို့မထင်ကြ။ “ဘုရားသခင်မှတစ်ပါး အဘယ်သူသည်အပြစ်ကိုလွှတ်နိုင်သနည်း” ဟုဆိုပြီး ဤသူသည်ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့်ဤသို့ပြောရသနည်းတွေးနေကြသည်။
ထိုသို့တွေးကြောင်းယေရှုသိသဖြင့် “သင်တို့အဘယ်ကြောင့်ဤသို့ထင်ကြသနည်း။ ခြေလက်သေသောသူအား အဘယ်စကားကိုသာ၍ပြောလွယ်သနည်း။ ‘သင်၏အပြစ်ကို လွတ်စေပြီ’ ဟု ပြောလွယ်သလော။ သို့မဟုတ် ‘သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့’ ဟုပြောလွယ်သလော” ဟုမိန့်တော်မူ၏။
ထိုနောက် မိမိအားအပြစ်ရှာသူများပါဝင်သော လူအုပ်ရှေ့ထူးခြားဖွယ်အမှုကိုပြုတော်မူခြင်းဖြင့် မိမိသည် မြေကြီးပေါ်တွင် အပြစ်လွှတ်ခွင့်ရှိကြောင်းနှင့် အသက်ရှင်ခဲ့သည့်လူသားများထဲတွင် အမှန်ပင်အကြီးမြတ်ဆုံးဖြစ်ကြောင်း သက်သေပြသည်။ ခြေလက်သေသူထံသို့လှည့်၍ ဤသို့မိန့်ဆိုသည်။ “ကိုယ့်အိပ်ရာကိုဆောင်၍ ကိုယ့်အိမ်သို့သွားလော့။” ထိုလူနာသည်ပြောသည့်အတိုင်း သူတို့ရှေ့မှောက်မှထသွားလေသည်။ “ဤကဲ့သို့တစ်ခါမျှမဖြစ်စဖူး” ဟူ၍ပြောရင်း လူအပေါင်းတို့သည်မိန်းမောတွေဝေလျက်ဘုရားသခင်ကို ဂုဏ်တင်ကြ၏။
အဖျားအနာကို အပြစ်နှင့်ဆက်စပ်၍လည်းကောင်း၊ ပြန်လည်ကျန်းမာစေခြင်းကို အပြစ်လွှတ်ခြင်းနှင့်ဆက်စပ်၍လည်းကောင်း ယေရှုမြွက်ဆိုခဲ့ကြောင်း သင်သတိရသလော။ ကျွန်ုပ်တို့ကနဦးအဘအာဒံ၏အပြစ်ကြောင့် လူသားများ သေခြင်းနာခြင်းအမွေဆက်ခံကြရကြောင်းကျမ်းစာကရှင်းပြသည်။ သို့သော်ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်ရေးအောက်၊ ဘုရားသခင်ကိုဝတ်ပြုချစ်မြတ်နိုး၍၊ အလိုတော်ဆောင်သူများအားလုံး၏အပြစ်များကို ယေရှုခွင့်လွှတ်မည်ဖြစ်ပြီး ထိုအဖျားအနာအားလုံးကို ပယ်ရှားပစ်တော့မည်ဖြစ်သည်။ မည်မျှကောင်းလှမည်ဖြစ်ခြင်း။ မာကု ၂:၁-၁၂။ လုကာ ၅:၁၇-၂၆။ မဿဲ ၉:၁-၈။ ရောမ ၅:၁၂၊ ၁၇-၁၉။
▪ မှတ်သားဖွယ်အဖြစ်အပျက် မည်သို့ဖြစ်ပျက်လာသနည်း။
▪ ခြေလက်သေသောသူသည် ယေရှုထံမည်သို့ရောက်ရှိလာသနည်း။
▪ ကျွန်ုပ်တို့အားလုံးအဘယ်ကြောင့် အပြစ်သားဖြစ်ရသနည်း။ ကျွန်ုပ်တို့အပြစ်များခွင့်လွှတ်ခံရကာ စုံလင်သောကျန်းမာရေးကိုပြန်လည် ရရှိမည်ဟူသည့် မျှော်လင့်ချက်ကို ယေရှုမည်သို့ပေးသနည်း။