အခန်း ၂၇
မဿဲကို ခေါ်ခြင်း
သွက်ချာပါဒရောဂါသည်ကိုကုသပြီးနောက် ယေရှုသည်ကပေရနောင်မြို့မှ ဂါလိလဲအိုင်သို့ထွက်ကြွလေ၏။ အထံတော်သို့ထပ်ရောက်လာသောလူအုပ်များကို ကိုယ်တော်စသွန်သင်လေသည်။ ကိုယ်တော်သွားစဉ်၊ အခွန်ခံတဲတွင်ထိုင်နေသည့်လေဝိခေါ်မဿဲကိုမြင်လျှင် “ငါ့နောက်သို့လိုက်လော့” ဟုဖိတ်ခေါ်သည်။
မဿဲသည် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့ကဲ့သို့ပင် ယေရှု၏သြဝါဒနှင့် အကျွမ်းဝင်ပုံရှိပြီး ယေရှုခေါ်သည်နှင့် အခွန်ခံတာဝန်များကိုထားရစ်ကာ နောက်တော်သို့ချက်ချင်းထလိုက်လေ၏။
ထို့နောက် အခေါ်ခံရ၍ဖြစ်ဟန်တူသည်။ မဿဲသည်မိမိအိမ်၌ပွဲခံလေသည်။ ယေရှု၏တပည့်တော်များအပြင် မဿဲ၏ယခင်ကအပေါင်းအသင်းများရှိနေကြသည်။ ထိုသူတို့သည် ဂျူးများမုန်းတီးသည့်ရောမအာဏာပိုင်များအဖို့ အခွန်ကောက်ပေးကြသောကြောင့်လည်းကောင်း၊ လူအများထံမှမရိုးမသား အဓမ္မငွေညှစ်လေ့ရှိကြသောကြောင့်လည်းကောင်း ထိုအခွန်ခံများကို ဂျူးတို့စက်ဆုပ်ရွံရှာကြ၏။
ထိုသူတို့နှင့်ယေရှုရှိနေသည်ကို ဖာရိရှဲများမြင်လျှင် ကိုယ်တော့်တပည့်များအား ‘သင်တို့၏ဆရာသည် အခွန်ခံများ၊ ဆိုးညစ်သူများနှင့် အဘယ်ကြောင့်အတူစားသောက်သနည်း’ ဟုမေးကြ၏။ ယေရှုကြားလျှင် “ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိ၊ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသောကျမ်းစကားကိုနားလည်ခြင်းငှာ သင်တို့သွား၍သင်ကြလော့။’ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်း” ဟုမိန့်တော်မူ၏။
ယေရှု၏ဒေသနာတော်ကို အခွန်ခံများအားကြားစေလိုခြင်း၊ ဝိညာဏကုသမှုခံယူစေလိုခြင်းတို့ကြောင့် သူတို့ကို မဿဲခေါ်ဖိတ်ခြင်းဖြစ်သည်မှာသိသာသည်။ ထိုသူတို့ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိစေရန် သူတို့ကိုယေရှုပေါင်းသင်းခြင်းဖြစ်သည်။ ကိုယ်ဖြောင့်မတ်သည်ဟုထင်ကြသောဖာရိရှဲများကဲ့သို့ သူတို့ကိုယေရှုအထင်မသေး။ သနားကရုဏာသက်စွာဖြင့် ကိုယ်တော်သည်သူတို့အဖို့ ဝိညာဏဆေးဆရာဖြစ်သည်။
အပြစ်သားများကို ယေရှုကရုဏာပြခြင်းကား သူတို့၏အပြစ်များကို ကိုယ်တော်ပလပ်ပစ်ခြင်းမဟုတ်ပါ။ ကာယရေးဖျားနာသူများကိုလည်း ထိုသို့သနားကရုဏာပြခဲ့သည်။ နူနာစွဲသူကိုကြင်နာစွာဖြင့် ကိုယ်တော်လှမ်းထိပြီး “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟုမိန့်တော်မူခဲ့သည့်အဖြစ်ကို သတိရပါလေ။ အလားတူအကူအညီလိုအပ်သူများ၊ အထူးသဖြင့်ဝိညာဉ်ရေးအရအကူအညီလိုအပ်သူများကို ကျွန်ုပ်တို့သနားကရုဏာပြနိုင်ပါစေ။ မဿဲ ၈:၃၊ ၉:၉-၁၃။ မာကု ၂:၁၃-၁၇။ လုကာ ၅:၂၇-၃၂။
▪ မဿဲကိုယေရှုတွေ့စဉ် သူအဘယ်နေရာတွင်ရှိသနည်း။
▪ မဿဲ၏အလုပ်အကိုင်ကား အဘယ်နည်း။ ထိုသို့သောပုဂ္ဂိုလ်များကို ဂျူးတို့အဘယ်ကြောင့်အထင်သေးကြသနည်း။
▪ ယေရှုကိုမည်သို့အပြစ်တင်ကြသနည်း။ ကိုယ်တော်မည်သို့ဖြေကြားသနည်း။
▪ အပြစ်သားများနှင့် ယေရှုအဘယ်ကြောင့်ပေါင်းသင်းသနည်း။