အခန်း ၂၈
အစာရှောင်ခြင်းနှင့်ပတ်သက်သော မေးမြန်းချက်
စီအီး ၃၀ ခု ပသခါပွဲတော်ကို ယေရှုတက်ရောက်ချိန်မှစ၍ တစ်နှစ်နီးပါးကြာခဲ့ပြီ။ ယခုအချိန်တွင် နှစ်ခြင်းဆရာယောဟန် ထောင်ကျနေသည်မှာ လအတန်ကြာပြီ။ ယောဟန်သည်မိမိတပည့်များအားခရစ်တော်၏နောက်လိုက်များဖြစ်စေလိုသော်လည်း အားလုံးဖြစ်မလာချေ။
ယခုထောင်ကျနေသူယောဟန်၏တပည့်အချို့က ယေရှုထံချဉ်းကပ်၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည်အစာရှောင်သည်ဖြစ်၍ အဘယ်ကြောင့်ကိုယ်တော်၏တပည့်တို့ အစာမရှောင်ကြသနည်း” ဟုမေးကြသည်။ ဖာရိရှဲတို့သည် သူတို့၏ဘာသာရေးအခမ်းအနား တစ်ပတ်လျှင်နှစ်ကြိမ်အစာရှောင်ကြသည်။ ယောဟန်၏တပည့်တို့သည်လည်း ထိုထုံးစံကိုလိုက်နာကြဟန်တူသည်။ ယောဟန်ထောင်ကျသည့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစာရှောင်ခြင်းလည်းဖြစ်ဖွယ်ရှိသည်။ ယေရှု၏တပည့်များအနေနှင့် ဤဝမ်းနည်းခြင်းအထိမ်းအမှတ်တွင် အဘယ်ကြောင့်မပါဝင်ကြသည်ကိုသိလိုကြ၍လည်းဖြစ်မည်။
ယေရှုဤသို့ရှင်းပြတော်မူ၏။ “မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖေါ်တို့နှင့်အတူရှိစဉ်အခါ သူတို့သည်စိတ်မသာညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင်လုလင်ကို သူ၏အပေါင်းအဖေါ်တို့နှင့်ခွာ၍ ယူသွားသောအချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည်အစာရှောင်ကြလိမ့်မည်။”
ယောဟန်ကိုယ်တိုင် ယေရှုကိုမင်္ဂလာဆောင်သတို့သားအဖြစ်ပြောဆိုခဲ့ဖူးသည်ကို ယောဟန်၏တပည့်များသတိရသင့်သည်။ ထို့ကြောင့်ယေရှုရှိနေစဉ် အစာရှောင်သင့်သည်ဟုယောဟန်ယူဆမည်မဟုတ်။ ယေရှု၏တပည့်တော်တို့လည်း ထိုနည်းတူပင်။ နောက်ပိုင်းယေရှုသေလွန်သောအချိန်၌ ကိုယ်တော့်တပည့်များ ပူဆွေးဝမ်းနည်းလျက်အစာကိုရှောင်ကြသည်။ သို့သော်ကိုယ်တော်ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်အခါ သူတို့သည်ဆက်၍ဝမ်းနည်းပူဆွေးလျက် အစာရှောင်စရာအကြောင်းမရှိတော့ပေ။
ထိုနောက်ဤဥပမာများကို ယေရှုမိန့်တော်မူ၏။ “မည်သူမျှအဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင်ထိုအစရုန်းသဖြင့် သာ၍စုတ်ကွဲတတ်၏။ သားရေဘူးဟောင်းတွင်လည်း စပျစ်ရေသစ်ထည့်လေ့မရှိကြ။ ထည့်လျှင်သားရေဘူးပေါက်ကွဲသဖြင့် စပျစ်ရေယို၍ ဘူးပျက်တတ်၏။” ဤဥပမာများသည် အစာရှောင်ခြင်းနှင့်မည်သို့ သက်ဆိုင်သနည်း။
ဤနေရာတွင်ယေရှုက အစာရှောင်ခြင်းကဲ့သို့ ယုဒဘာသာဓလေ့ဟောင်းအတိုင်း မိမိနောက်တော်လိုက်များလိုက်နာကျင့်ဆောင်ရမည်ဟု မည်သူမျှမမျှော်လင့်သင့်ကြောင်း ယောဟန်၏တပည့်များ သဘောပေါက်စေရန် ကူညီနေတော်မူခြင်းဖြစ်သည်။ ပယ်ရှားရန်အသင့်ဖြစ်နေသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် ဝတ်ပြုမှုစနစ်ကို ဖာထေးရန်၊ သက်ဆိုးရှည်စေရန် ကိုယ်တော်ကြွလာတော်မူသည်မဟုတ်ပေ။ ထိုခေတ်က ယုဒဘာသာနှင့်ခရစ်ယာန်ဘာသာကို လူတို့တီထွင်သောထုံးစံနှင့်ညီညွတ်အောင်ပြုလုပ်မည်မဟုတ်ပေ။ ခရစ်ယာန်ဘာသာသည် အဝတ်ဟောင်း၌ ဖာထေးသောအစသစ်ကဲ့သို့လည်းကောင်း၊ သားရေဘူးဟောင်း၌ရှိသော စပျစ်ရည်သစ်ကဲ့သို့လည်းကောင်း ဖြစ်မည်မဟုတ်ပေ။ မဿဲ ၉:၁၄-၁၇။ မာကု ၂:၁၈-၂၂။ လုကာ ၅:၃၃-၃၉။ ယောဟန် ၃:၂၇-၂၉။
▪ မည်သူတို့အစာရှောင်ကြသနည်း။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။
▪ တပည့်တော်များနှင့်အတူ ယေရှုရှိနေစဉ် တပည့်တော်များ အဘယ်ကြောင့်အစာမရှောင်ကြသနည်း။ ၄င်းနောက် အစာရှောင်ရခြင်းအကြောင်း မည်သို့ကွယ်ပျောက်ခဲ့ရသနည်း။
▪ အဘယ်ဥပမာများ ယေရှုမိန့်တော်မူသနည်း။ ၄င်းတို့အဘယ်အဓိပ္ပာယ်ရှိသနည်း။