ခရစ်ယာန်အမျိုးသမီးများ ဂုဏ်တင်လေးစားခံထိုက်
“လင်ယောက်ျားတို့၊ . . . အသိပညာအလျောက် . . . သူတို့နှင့်အတူဆက်၍နေထိုင်လျက် အမျိုးသမီးဖြစ်သူကို အားနည်းသောတန်ဆာကဲ့သို့မှတ်လျက် ဂုဏ်တင်ကြလော့။”—၁ ပေတရု ၃:၇၊ ကဘ။
၁၊ ၂။ (က) ရေတွင်းနားတွင် ရှမာရိအမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောဆိုခဲ့ခြင်းက အဘယ်အံ့အားသင့်စရာအကြောင်းဖြစ်စေသနည်း။ အဘယ်ကြောင့်နည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။) (ခ) ရှမာရိအမျိုးသမီးအား ဟောပြောခြင်းဖြင့် ယေရှုသည် အဘယ်အရာကိုပြတော်မူခဲ့သနည်း။
စီ.အီး. ၃၀ ကုန်ခါနီး၊ တစ်နေ့သောမွန်းတည့်ချိန်တွင် ရှုခါမြို့အနီး ရှေးခေတ်ရေတွင်းတစ်ခု၌ အမျိုးသမီးများအား မည်သို့ပြုမူဆက်ဆံသင့်ကြောင်းကို ယေရှုဖော်ပြတော်မူခဲ့သည်။ ကိုယ်တော်သည် တောင်တန်းဒေသဖြစ်သော ရှမာရိပြည်နယ်တွင် တစ်မနက်လုံး ခရီးကြမ်းနှင်ခဲ့ရ၍ ရေတွင်းသို့ မောပန်းဆာလောင်၊ ရေငတ်စွာ ရောက်ရှိလာတော်မူ၏။ ရေတွင်းအနားတွင် ကိုယ်တော်ထိုင်နေစဉ် ရှမာရိအမျိုးသမီးတစ်ဦးသည် ရေခပ်ဖို့ရန်ရောက်လာလေသည်။ ယေရှုက သူမအား “ငါသောက်ဖို့ရေပေးပါ” ဟုမိန့်တော်မူ၏။ ထိုအခါ တအံ့တသြနှင့် ကိုယ်တော်ကို သူမစိုက်ကြည့်ခဲ့ပေမည်။ ထိုနောက်သူမက “သင်သည် ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော အကျွန်ုပ်ကို အဘယ်ကြောင့်သောက်ဖို့တောင်းသနည်း” ဟုမေးသည်။ အတန်ကြာ၍ စားစရာများဝယ်ပြီး တပည့်တော်များ ပြန်ရောက်လာသည့်အခါ ယေရှုသည် ထို “မိန်းမနှင့်စကားပြောတော်မူသည်” ကိုတွေ့သဖြင့် အံ့အားသင့်သွားကြသည်။—ယောဟန် ၄:၄-၉၊ ၂၇။
၂ အဘယ်အရာက ထိုအမျိုးသမီးအား မေးခွန်းထုတ်စေပြီး တပည့်တော်များအား အံ့အားသင့်စေသနည်း။ သူမသည် ရှမာရိအမျိုးသမီးတစ်ဦးဖြစ်သည်။ ဂျူးများသည် ရှမာရိလူမျိုးတို့နှင့် လုံးဝမဆက်ဆံကြပါ။ (ယောဟန် ၈:၄၈) ထို့ပြင် အံ့အားသင့်ကြရသည့် အခြားအကြောင်းတစ်ခုလည်းရှိသေးသည်။ ထိုစဉ်က အမျိုးသားများသည် အမျိုးသမီးများနှင့် လူသူရှေ့စကားပြောဆိုခြင်းကို ရဗ္ဗိထုံးတမ်းစဉ်လာက အားမပေးပါ။aသို့တိုင် ယေရှုသည် ဤစိတ်ရင်းမှန်ရှိသောအမျိုးသမီးအား မြင်မြင်ထင်ထင် ဟောပြောနေရုံမက ကိုယ်တော်သည် မေရှိယဖြစ်ကြောင်းကိုပင် သူမအား ဖော်ပြတော်မူခဲ့သည်။ (ယောဟန် ၄:၂၅၊ ၂၆) ဤနည်းအားဖြင့် ယေရှုသည် အမျိုးသမီးများကိုနှိမ်ခြင်းအပါအဝင် ကျမ်းစာနှင့်မညီညွတ်သောအစဉ်အလာများ၏ ချုပ်ချယ်မှုကိုမခံကြောင်း ဖော်ပြတော်မူသည်။ (မာကု ၇:၉-၁၃) ယင်းအစား ယေရှုပြုမူတော်မူသောအမှု၊ ဟောပြောတော်မူသောတရားအားဖြင့် အမျိုးသမီးများကို ဂုဏ်တင်လေးစားသင့်ကြောင်း ကိုယ်တော်သရုပ်ပြတော်မူခဲ့သည်။
အမျိုးသမီးများနှင့် ယေရှု ပြုမူဆက်ဆံပုံ
၃၊ ၄။ (က) ယေရှု၏ဝတ်လုံကိုတို့ခဲ့သောအမျိုးသမီးကို ကိုယ်တော်မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) အထူးသဖြင့် ကြီးကြပ်မှူးများဖြစ်သည့် ခရစ်ယာန်အမျိုးသားများအတွက် ယေရှုသည် အဘယ်ပုံသက်သေကောင်းကို ပြတော်မူသနည်း။
၃ လူတို့အပေါ်ထားရှိသော ယေရှု၏သနားကြင်နာစိတ်သည် အမျိုးသမီးများနှင့် ကိုယ်တော်ပြုမူဆက်ဆံပုံတွင် ထင်ရှားသည်။ တစ်ချိန်တွင် ၁၂ နှစ်တိုင်တိုင် သွေးသွန်နာစွဲသောအမျိုးသမီးတစ်ဦးသည် လူအုပ်၌ ယေရှုကိုရှာဖွေခဲ့သည်။ သူမ၏အခြေအနေကြောင့် သူမသည် ဓလေ့ထုံးတမ်းအရမစင်ကြယ်သူဖြစ်၍ ထိုတွင်မရှိသင့်ပါ။ (ဝတ်ပြုရာ ၁၅:၂၅-၂၇) သို့သော် သူမသည် ကြံရာမရဖြစ်ကာ ယေရှုနောက်သို့တိုးလျှိုးကပ်သွားပြီး ကိုယ်တော်၏ဝတ်လုံကိုတို့လိုက်သည်နှင့် ချက်ချင်းပင် ရောဂါပျောက်ကင်းလေသည်! ထိုအချိန်တွင် ယေရှုသည် အပြင်းဖျားနေသော ယာဣရု၏သမီးရှိရာအိမ်သို့သွားနေသော်လည်း ရပ်တန့်လိုက်သည်။ မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ကိုယ်တော်သိတော်မူ၍ သူ့အားတို့လိုက်သူကို ပတ်ပတ်လည်တွင်ရှာကြည့်လိုက်လေသည်။ ထိုအမျိုးသမီးသည်လည်း ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်ရှေ့သို့လာ၍ပျပ်ဝပ်လေသည်။ လူအုပ်တွင် သူမရောက်ရှိနေသည့်အတွက်ဖြစ်စေ၊ ကိုယ်တော်၏အခွင့်မရဘဲ ကိုယ်တော်၏ဝတ်ရုံကို တို့ထိလိုက်သည့်အတွက်ဖြစ်စေ သူမအား ယေရှုဆိုဆုံးမမည်လော။ ထိုသို့ပြုမည့်အစား ကိုယ်တော်သည် အလွန်ချစ်ခင်ကြင်နာသူဖြစ်ကြောင်းကို သူမတွေ့ရှိခဲ့သည်။ ကိုယ်တော်က “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ” ဟုမိန့်တော်မူ၏။ အမျိုးသမီးတစ်ဦးအား “ငါ့သမီး” ဟု ဤတစ်ကြိမ်တည်းသာ ယေရှုတိုက်ရိုက်ခေါ်ဆိုတော်မူခဲ့သည်။ ထိုစကားလုံးသည် သူမအား မည်မျှနှလုံးအေးစေခဲ့မည်တကား!—မဿဲ ၉:၁၈-၂၂; မာကု ၅:၂၁-၃၄။
၄ ယေရှုသည် ပညတ္တိကျမ်း၏စည်းကမ်းသတ်မှတ်ချက်ထက်မက ကျော်မြင်တော်မူသည်။ ယင်း၏နောက်ကွယ်ရှိအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ဤတွင် သနားခြင်းကရုဏာပြရန်လိုကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူသည်။ (မဿဲ ၂၃:၂၃ နှိုင်းယှဉ်။) ယေရှုသည် လူနာ၏ ကြံရာမရသောအခြေအနေကို သတိပြုမိကာ သူမ၏ယုံကြည်ခြင်းကြောင့် ထိုသို့ပြုမူခဲ့ခြင်းကို ထည့်တွက်တော်မူသည်။ ဤနည်းဖြင့် ကိုယ်တော်သည် ခရစ်ယာန်အမျိုးသားများ၊ အထူးသဖြင့်ကြီးကြပ်မှူးများအတွက် ပုံသက်သေကောင်းကို ချမှတ်ပေးတော်မူခဲ့သည်။ ခရစ်ယာန်ညီအစ်မတစ်ဦးသည် ကိုယ်ရေးကိုယ်တာပြဿနာများ သို့မဟုတ် အထူးခက်ခဲသော၊ သို့မဟုတ် စုံစမ်းမှုဖြစ်သောအခြေအနေတစ်ခုကို နည်းမှန်လမ်းကျ မတုံ့ပြန်ပါဟု ချက်ချင်းယူမှတ်မည့်အစား သူမ၏စကား၊ သူမ၏ အပြုအမူနောက်ကွယ်ရှိအကြောင်းကိုသိရှိဖို့ရန် အကြီးအကဲများကြိုးစားပြီး အခြေအနေနှင့် အကြောင်းရင်းများတို့ကို ထည့်တွက်စဉ်းစားသင့်သည်။ ထိုအခါ ဆုံးမပဲ့ပြင်ခြင်းအစား စိတ်ရှည်ခြင်း၊ နားလည်မှုပြခြင်း၊ စာနာခြင်းတင်ပြရန်လိုနေကြောင်းကို ဤသို့သောထိုးထွင်းသိမြင်တတ်ခြင်းက ဖော်ပြပေမည်။—သု. ၁၀:၁၉; ၁၆:၂၃; ၁၉:၁၁။
၅။ (က) အမျိုးသမီးများသည် ရဗ္ဗိထုံးတမ်းစဉ်လာများနှင့် အဘယ်နည်းဖြင့်ချုပ်ချယ်ခံရသနည်း။ (အောက်ခြေမှတ်ချက်ကိုရှု။) (ခ) ရှင်ပြန်ထမြောက်လာသောယေရှုကို ဦးဆုံးတွေ့မြင်ပြီး ယင်းကိုသက်သေခံခွင့်ရရှိသူများကား မည်သူတို့ဖြစ်သနည်း။
၅ ယေရှုသက်တော်ထင်ရှားစဉ်က အမျိုးသမီးများသည် ရဗ္ဗိထုံးတမ်းစဉ်လာများ၏ချုပ်ချယ်မှုကိုခံခဲ့ကြရရာ တရားဝင်သက်သေများ မဖြစ်နိုင်ကြချေ။bစီ. အီး. ၃၃၊ နိသန်လ ၁၆ ရက်နေ့နံနက်တွင် ယေရှုရှင်ပြန်ထမြောက်ပြီး များမကြာမီအချိန်လေး၌ ဘာဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ပါ။ ထမြောက်တော်မူသောယေရှုကို ဦးဆုံးတွေ့မြင်ပြီး သခင်အရှင်ထမြောက်တော်မူကြောင်းကို အခြားတပည့်တော်များအား သက်သေခံခွင့်ရမည့်သူကား မည်သူဖြစ်မည်နည်း။ နှက်တိုင်တင်သတ်ရာအရပ်ကို မြင်သာသည့်နေရာ၌ ကိုယ်တော်အသက်ထွက်သည့်အထိ ရှိနေကြသောအမျိုးသမီးများဖြစ်သည်။—မဿဲ ၂၇:၅၅၊ ၅၆၊ ၆၁။
၆၊ ၇။ (က) သင်္ချိုင်းဂူသို့ရောက်လာသောအမျိုးသမီးများအား ယေရှုဘာပြောသနည်း။ (ခ) ယေရှု၏ တပည့်တော်များက တပည့်တော်မများ၏သက်သေခံချက်ကို အစကနဦးတွင် မည်သို့တုံ့ပြန်ကြသနည်း။ ယင်းမှ အဘယ်အရာကိုသိရှိနိုင်သနည်း။
၆ ရက်သတ္တတစ်ပတ်၏ ပထမနေ့ရက် နံနက်စောစောတွင် မာဂဒလမာရိနှင့် အခြားသောအမျိုးသမီးများသည် ယေရှု၏ရုပ်ကလာပ်ကို နံ့သာမျိုးတို့နှင့် ပြုစုစီရင်ဖို့ရန် သင်္ချိုင်းတော်သို့သွားကြသည်။ သင်္ချိုင်းဗလာကျင်းဖြစ်နေသည်ကိုမြင်သည်နှင့် မာရိသည် ပေတရုနှင့်ယောဟန်တို့ထံ ပြေး၍သတင်းပို့သည်။ အခြားအမျိုးသမီးများ ကျန်ရစ်ခဲ့ကြသည်။ မကြာမီ ကောင်းကင်တမန်တစ်ပါးပေါ်လာ၍ ယေရှုသည် ရှင်ပြန်ထမြောက်တော်မူပြီဖြစ်ကြောင်း သူတို့အားမိန့်ကြားခဲ့သည်။ “အလျင်အမြန်ပြန်သွား၍ . . . တပည့်တော်တို့အားပြောကြလော့” ဟုကောင်းကင်တမန်က ညွှန်ကြား၏။ ဤအမျိုးသမီးများသည် သတင်းပေးရန် အလျင်စလိုဖြစ်နေကြစဉ် ယေရှုကိုယ်တော်တိုင် သူတို့ရှေ့ပေါ်လာတော်မူသည်။ ကိုယ်တော်ကလည်း “သွားကြလော့။ ငါ့ညီတို့ . . . ကိုကြားပြောကြလော့” ဟုမိန့်မှာတော်မူသည်။ (မဿဲ ၂၈:၁-၁၀; မာကု ၁၆:၁၊ ၂; ယောဟန် ၂၀:၁၊ ၂) ကောင်းကင်တမန်လာရောက်သွားကြောင်းကိုမသိသော ဝမ်းနည်းပူဆွေးနေသူ မာဂဒလမာရိသည် ဗလာကျင်းဖြစ်နေသည့်သင်္ချိုင်းဂူသို့ပြန်ရောက်လာသည်။ ထိုအရပ်တွင် ယေရှုသည် သူမရှေ့ပေါ်လာတော်မူပြီး ကိုယ်တော်ဖြစ်တော်မူကြောင်းကို သူမသိသွားသောအခါ ကိုယ်တော်က ဤသို့မိန့်ဆိုသည်– “ငါ့ညီတို့ရှိရာသို့သွားလော့။ ‘ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်’ အကြောင်းအရာကို ကြားပြောလော့။”—ယောဟန် ၂၀:၁၁-၁၈; မဿဲ ၂၈:၉၊ ၁၀၊ နှိုင်းယှဉ်။
၇ ယေရှုသည် ပေတရု၊ ယောဟန်၊ သို့မဟုတ် အခြားအမျိုးသား တပည့်တော်တစ်ဦးဦးရှေ့ဦးဆုံးပေါ်လာနိုင်တော်မူသည်။ ယင်းအစား ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို ဦးဦးဆုံးမျက်မြင်သက်သေများအဖြစ်သော်လည်းကောင်း၊ အမျိုးသား တပည့်တော်များအား ယင်းသတင်းကိုပေးသူများအဖြစ်သော်လည်းကောင်း ဤအမျိုးသမီးများကို အသုံးပြုခြင်းအားဖြင့် သူတို့ကိုပါစားပေးရန် ကိုယ်တော်ရွေးချယ်တော်မူခဲ့သည်။ အမျိုးသားများသည် အစအဦးတွင် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မှတ်တမ်းက ဤသို့ဆိုသည်– “သူ [“မိန်းမ”၊ ကဘ] တို့၏စကားကို ဒဏ္ဍာရီစကားကဲ့သို့ထင်မှတ်၍ တမန်တော်တို့သည် မယုံကြ။” (လုကာ ၂၄:၁၁) အမျိုးသမီးများထံမှရသော သက်သေခံချက်ဖြစ်နေ၍ သူတို့လက်ခံယုံကြည်နိုင်ဖို့ရန် ခက်နေခြင်းလော။ ထိုသို့ဖြစ်သည့်တိုင် အတန်ကြာလေသော် ယေရှုသည် သေရာမှထမြောက်တော်မူပြီဖြစ်ကြောင်း သက်သေသာဓကမြောက်မြားစွာရရှိကြသည်။ (လုကာ ၂၄:၁၃-၄၆; ၁ ကောရိန္သ ၁၅:၃-၈) ယနေ့လည်း ခရစ်ယာန်အမျိုးသားများသည် သူတို့ခရစ်ယာန်ညီအစ်မများ၏ တွေ့မြင်ဖော်ပြချက်များကို ထည့်တွက်ကြသည့်အခါ ပညာရှိစွာပြုမူကြသည်။—ကမ္ဘာဦး ၂၁:၁၂ နှိုင်းယှဉ်။
၈။ အမျိုးသမီးများနှင့် ယေရှုပြုမူဆက်ဆံပုံအားဖြင့် ကိုယ်တော်သည် အဘယ်အရာကို ထင်ရှားစေသနည်း။
၈ အမျိုးသမီးများနှင့် ယေရှုပြုမူဆက်ဆံပုံကို ဂရုပြုခြင်းသည် အမှန်နှစ်ထောင်းအားရစရာပင်ဖြစ်သည်။ ကိုယ်တော်သည် အမျိုးသမီးများအား စာနာညှာတာမှုအမြဲပြပြီး မျှတစွာပြုမူဆက်ဆံလျက် သူတို့အားမြှောက်စားခြင်းသော်လည်းကောင်း၊ အထင်သေးခြင်းသော်လည်းကောင်းမရှိခဲ့ပါ။ (ယောဟန် ၂:၃-၅) သူတို့၏သိက္ခာကိုချပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အချည်းနှီးဖြစ်စေသော ရဗ္ဗိထုံးတမ်းစဉ်လာများကို ကိုယ်တော်ငြင်းပယ်တော်မူသည်။ (မဿဲ ၁၅:၃-၉ နှိုင်းယှဉ်။) အမျိုးသမီးများကို ဂုဏ်တင်လေးစားခြင်းအားဖြင့် ယေဟောဝါဘုရားသခင်က သူတို့နှင့် မည်သို့ပြုမူဆက်ဆံစေလိုတော်မူကြောင်းကို ယေရှုတိုက်ရိုက်ဖော်ပြတော်မူခဲ့သည်။ (ယောဟန် ၅:၁၉) ယေရှုသည် ခရစ်ယာန်အမျိုးသားများတုပစရာ အလွန်ကောင်းမွန်သောပုံသက်သေကိုလည်း ပြတော်မူသည်။—၁ ပေတရု ၂:၂၁။
အမျိုးသမီးများနှင့်စပ်လျဉ်းသော ယေရှု၏သွန်သင်ချက်များ
၉၊ ၁၀။ အမျိုးသမီးများနှင့်စပ်လျဉ်းသော ရဗ္ဗိထုံးတမ်းစဉ်လာများကို ယေရှုမည်သို့ချေပသနည်း။ ကွာရှင်းခြင်းနှင့်ပတ်သက်၍ ဖာရိရှဲများက မေးခွန်းထုတ်ပြီးနောက် ကိုယ်တော်သည် ဘာပြောသနည်း။
၉ ယေရှုသည် အပြုအမူအားဖြင့်သာမက သွန်သင်တော်မူချက်များအားဖြင့်လည်း ရဗ္ဗိထုံးတမ်းစဉ်လာများမှားကြောင်း ချေပပြီး အမျိုးသမီးများအား သိက္ခာရှိစေတော်မူခဲ့သည်။ ဥပမာ၊ ကွာရှင်းခြင်း၊ မတရားမေထုန်ပြုခြင်းနှင့်ဆိုင်သော ကိုယ်တော်၏သွန်သင်ချက်များကို သုံးသပ်ကြည့်ပါ။
၁၀ ကွာရှင်းခြင်းနှင့်ပတ်သက်၍ ယေရှုသည် ဤသို့မေးမြန်းခံခဲ့ရသည်– “လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလော။” မာကု၏မှတ်တမ်းအရ ယေရှုက ဤသို့မိန့်ဆိုသည်– “အကြင်သူသည် [မှားယွင်းခြင်းအကြောင်းမှတစ်ပါး] မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်ခြင်းကိုပြု၏၊ ထိုသူသည် မိမိမယားကိုပြစ်မှား၏။ မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့်စုံဖက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ရောက်သည်။” (မာကု ၁၀:၁၀-၁၂; မဿဲ ၁၉:၃၊ ၉) ထိုရိုးရိုးတန်းတန်းတင်ပြပြောဆိုသောစကားများသည် အမျိုးသမီးများ၏ဂုဏ်သိက္ခာကို ထောက်ထားကြောင်း ဖော်ပြသည်။ မည်သို့အားဖြင့်နည်း။
၁၁။ “မှားယွင်းခြင်းအကြောင်းမှတစ်ပါး” ဟူသောယေရှု၏စကားများက အိမ်ထောင်နှောင်ကြိုးအကြောင်း ဘာကိုတင်ပြသနည်း။
၁၁ ဦးဆုံး၊ (မဿဲ၏ခရစ်ယာန်ကျမ်းတွင်ပါသည့်) “မှားယွင်းခြင်းအကြောင်းမှတစ်ပါး” ဟူသောစကားများအားဖြင့် အိမ်ထောင်နှောင်ကြိုးကို ပေါ့ပေါ့တန်တန် မယူမှတ်သင့်ကြောင်း၊ သို့မဟုတ် လွယ်ကူစွာ မဖြတ်တောက်ရကြောင်း ယေရှုတင်ပြတော်မူခဲ့သည်။ အများလိုက်နာကြသော ရဗ္ဗိသွန်သင်ချက်က ဇနီးသည်တစ်ဦးသည် ဟင်းလျာတစ်ခွက်ကို ပျက်စီးစေခြင်း၊ သို့မဟုတ် သူစိမ်းအမျိုးသားတစ်ဦးနှင့် စကားပြောခြင်းကဲ့သို့သော အသေးအဖွဲအကြောင်းပြချက်နှင့်ပင် ကွာရှင်းခွင့်ပေးသည်။ လင်ယောက်ျားတစ်ဦးသည် အခြားအမျိုးသမီးတစ်ဦးကို ပိုနှစ်သက်ရုံဖြင့်ပင် ကွာရှင်းနိုင်ပါသည်တကား! ကျမ်းပညာရှင်တစ်ဦးက ဤသို့သတိပြုသည်– “ယေရှုသည် ထိုသို့မိန့်တော်မူစဉ် . . . အိမ်ထောင်တွင်ရှိသင့်ရှိအပ်သောအခြေအနေကို ပြန်ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် အမျိုးသမီးများဘက်မှ ထောက်ခံပြောဆိုနေခြင်းဖြစ်သည်။” အိမ်ထောင်မင်္ဂလာသည် အမျိုးသမီးတစ်ဦးအား လုံခြုံစေသည့် မြဲမြံသောပေါင်းဖက်မှု အမှန်ပင်ဖြစ်သင့်သည်။—မာကု ၁၀:၆-၉။
၁၂။ “မိမိမယားကိုပြစ်မှား၏” ဟူသောစကားအားဖြင့် ယေရှုသည် အဘယ်ခံယူချက်ကို အစပြုဖော်ပြတော်မူသနည်း။
၁၂ ဒုတိယ၊ “မိမိမယားကိုပြစ်မှား၏” ဟူသောအသုံးအနှုန်းအားဖြင့် ရဗ္ဗိတရားရုံးများတွင် အသိအမှတ်မပြုသောအမြင်—လင်ယောက်ျားသည် မိမိမယားကိုပြစ်မှားခြင်း—ကို အစပြုဖော်ပြခဲ့သည်။ The Expositor’s Bible Commentary ကဤသို့ရှင်းပြသည်– “ရဗ္ဗိဆရာတို့၏ ယုဒဘာသာတရားအရ အမျိုးသမီးတစ်ဦးသည် ဖောက်ပြန်ခြင်းအားဖြင့် သူမ၏လင်ယောက်ျားကို ပြစ်မှားနိုင်သည်; အမျိုးသားတစ်ဦးသည် အခြားသူ၏မယားနှင့် သံဝါသပြုခြင်းအားဖြင့် ထိုသူကို ပြစ်မှားနိုင်သည်။ သို့သော် အမျိုးသားသည် အဘယ်အမှုကိုမဆိုပြုမူစေကာမူ မည်သည့်အခါမျှ မိမိမယားကိုပြစ်မှားခြင်းအမှုမဖြစ်နိုင်ပေ။ ယေရှုသည် လင်ယောက်ျားနှင့် ဇနီးမယားတို့အတွက် တစ်မျိုးတည်းသော စာရိတ္တစည်းမျဉ်းကိုချမှတ်ပေးတော်မူခြင်းအားဖြင့် အမျိုးသမီးများ၏အခြေအနေနှင့် သိက္ခာကို မြှင့်တင်ပေးတော်မူခဲ့သည်။”
၁၃။ ကွာရှင်းခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်စနစ်အောက်တွင် အမျိုးသားများနှင့် အမျိုးသမီးများအတွက် စံနှုန်းတစ်ခုတည်းသာရှိကြောင်း ယေရှုမည်သို့ဖော်ပြသနည်း။
၁၃ တတိယ၊ “မိမိလင်နှင့်ကွာ၍” ဟူသောစကားစုအားဖြင့် သစ္စာမရှိသောလင်ယောက်ျားကို မိန်းမသည် ကွာရှင်းခွင့်ရှိကြောင်း ယေရှုအသိအမှတ်ပြုတော်မူသည်။—သို့ပြုနိုင်ခြင်းကို အများသိဖြစ်ပုံရှိသော်လည်း ထိုစဉ်က ဂျူးပညတ်အောက်ရှိသူတို့သည် ပြုလေ့ပြုထမရှိချေ။c“မိန်းမသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သူမအားကွာရှင်းမည်ဖြစ်သော်လည်း ယောက်ျားကိုကား သူ၏သဘောတူညီချက်ရရှိမှသာ ကွာရှင်းနိုင်သည်” ဟုဆိုကြသည်။ သို့ရာတွင် ယေရှု၏မိန့်တော်မူချက်အရ ခရစ်ယာန်စနစ်အောက်တွင် အမျိုးသားများနှင့် အမျိုးသမီးများအတွက် စံနှုန်းတစ်ခုတည်းသာရှိသည်။
၁၄။ ယေရှု၏သွန်သင်တော်မူချက်များအားဖြင့် ကိုယ်တော်သည် ဘာကိုဖော်ပြသနည်း။
၁၄ အမျိုးသမီးများ၏အကျိုးကို ယေရှုအလွန်လိုလားကြောင်း ကိုယ်တော်၏သွန်သင်ချက်များက ရှင်းလင်းပြတ်သားစွာဖော်ပြသည်။ ယင်းကြောင့် အမျိုးသမီးအချို့သည် မိမိဥစ္စာကိုလှူ၍ ယေရှုအား လုပ်ကျွေးသည်အထိ ကိုယ်တော့်ကိုချစ်ခင်မြတ်နိုးကြခြင်းကိုနားလည်ရန်မခက်ပါ။ (လုကာ ၈:၁-၃) ယေရှုကလည်း “ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ဒေသနာဖြစ်၏” ဟုမိန့်တော်မူသည်။ (ယောဟန် ၇:၁၆) အမျိုးသမီးများကို ယေဟောဝါသည် ထောက်ထားညှာတာတော်မူကြောင်း ယေရှု၏သွန်သင်ချက်များက ဖော်ပြတော်မူသည်။
‘သူတို့ကို ဂုဏ်တင်လော့’
၁၅။ လင်ယောက်ျားများသည် သူတို့၏ဇနီးမယားများနှင့် ပြုမူဆက်ဆံရမည့်ပုံစံအကြောင်း တမန်တော်ပေတရုက အဘယ်သို့ရေးသားခဲ့သနည်း။
၁၅ အမျိုးသမီးများနှင့် ယေရှုပြုမူဆက်ဆံပုံကို တမန်တော်ပေတရုကိုယ်တိုင် တွေ့မြင်ခဲ့သည်။ နောင်နှစ်ပေါင်း ၃၀ အကြာတွင် ဇနီးမယားများအား မေတ္တာပါသြဝါဒပေးပြီးနောက် ဤသို့ရေးသားသည်– “လင်ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ မခံစားထိုက်သော အသက်ရှင်ခြင်းကျေးဇူးတော်ကို သူတို့နှင့်အတူ အမွေခံရသောကြောင့် သူတို့နှင့်အတူဆက်၍နေထိုင်လျက် အသိပညာအလျောက် အမျိုးသမီးဖြစ်သူကို အားနည်းသောတန်ဆာကဲ့သို့မှတ်လျက် ဂုဏ်တင်ကြလော့။” (၁ ပေတရု ၃:၇၊ ကဘ) ‘သူတို့ကို ဂုဏ်တင်ကြလော့’ ဟုပေတရုဆိုရာတွင် သူဘာကိုဆိုလိုသနည်း။
၁၆။ (က) “ဂုဏ်တင်” ဟူ၍ပြန်ဆိုသည့် ဂရိနာမ်၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ယေရှုကိုယ်ယောင်ပြောင်းချိန်တွင် ယေဟောဝါသည် ကိုယ်တော်ကို မည်သို့ဂုဏ်တင်တော်မူသနည်း။ ၎င်းမှ ကျွန်ုပ်တို့ဘာကိုသိရှိရသနည်း။
၁၆ အဘိဓာန်ပြုစုသူတစ်ဦးအတိုင်းဆိုလျှင် “ဂုဏ်တင်ခြင်း” (တီမေ) ဟုပြန်ဆိုသည့် ဂရိနာမ်၏အဓိပ္ပာယ်ကား “အဖိုး၊ တန်ဖိုး၊ ဂုဏ်အသရေ၊ လေးစားခြင်း” တို့ဖြစ်သည်။ ဤဂရိစကားလုံးကို တစ်နည်းအားဖြင့် “ဆုကျေးဇူးများ” နှင့် “အဖိုးတန်ရာ” ဟုပြန်ဆိုသည်။ (တမန်တော် ၂၈:၁၀; ၁ ပေတရု ၂:၇) ၂ ပေတရု ၁:၁၇ တွင်ပေတရုအသုံးပြုထားသည့် ယင်းစကားလုံး၏ပုံစံတစ်ခုကို စစ်ဆေးကြည့်လျှင် တစ်ဦးတစ်ယောက်ကို ဂုဏ်တင်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း ထိုးထွင်းသိမြင်နိုင်သည်။ ထိုတွင် ယေရှု၏ကိုယ်ယောင်ပြောင်းတော်မူခြင်းနှင့်ပတ်သက်၍ သူက ဤသို့ဆိုသည်– “‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း’ ဟူသောအသံတော်သည် ထူးမြတ်သောအရောင်အဝါတော်ထဲက ထိုသခင်သို့ရောက်သောအခါ ခမည်းတော်ဘုရားသခင့်အထံတော်မှ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။” ယေရှု ကိုယ်ယောင်ပြောင်းတော်မူချိန်တွင် ကိုယ်တော်ကို နှစ်သက်မြတ်နိုးတော်မူကြောင်း ဖော်ပြခြင်းအားဖြင့် သားတော်အား ယေဟောဝါဂုဏ်တင်တော်မူခဲ့သည်။ အခြားသူများလည်းကြားစေရန် ထိုသို့ဘုရားသခင်မိန့်တော်မူသည်။ (မဿဲ ၁၇:၁-၅) ယင်းကြောင့် မိမိဇနီးမယားကို ဂုဏ်တင်သူသည် သူမကိုအရှက်ခွဲမည်မဟုတ်။ နှိမ်မည်လည်းမဟုတ်ပါ။ ယင်းအစား သူ၏အပြောအဆိုနှင့် အပြုအမူ—နှစ်ကိုယ်ကြားဖြစ်စေ၊ လူအများရှေ့တွင်ဖြစ်စေ—အားဖြင့် သူမကို တန်ဖိုးထားလေးမြတ်ကြောင်းကို ဖော်ပြလိမ့်မည်။—သု. ၃၁:၂၈-၃၀။
၁၇။ (က) ခရစ်ယာန်ဇနီးသည်အား အဘယ်ကြောင့်ဂုဏ်တင်သင့်သနည်း။ (ခ) ဘုရားသခင်၏မျက်မှောက်တော်တွင် မိမိသည် အမျိုးသမီးတစ်ဦးထက် ပိုတန်ဖိုးရှိသည်ဟု အမျိုးသားတစ်ဦးသည် အဘယ်ကြောင့် မယူမှတ်သင့်သနည်း။
၁၇ ခရစ်ယာန်လင်ယောက်ျားများသည် သူတို့၏ဇနီးမယားတို့ကို ဤသို့ဂုဏ် ‘တင်’ သင့်သည်ဟု ပေတရုကဆိုသည်။ ပါစားပေးသည်အနေနှင့် ဂုဏ်တင်ခြင်းမဟုတ်ဘဲ ဇနီးမယားဖြစ်သူ ရသင့်ရထိုက်သောအခွင့်အရေးအနေနှင့် ထိုသို့ပြုမည်ဖြစ်သည်။ ဇနီးမယားတို့သည် အဘယ်ကြောင့် ဤသို့ဂုဏ်တင်ခံထိုက်သနည်း။ အကြောင်းမူကား သူတို့သည် “မခံစားထိုက်သော အသက်ရှင်ခြင်းကျေးဇူးတော်ကို သူတို့နှင့်အတူ အမွေခံရသောကြောင့်” ဖြစ်သည်ဟု ပေတရုရှင်းပြသည်။ စီ. အီး. ပထမရာစုတွင် ပေတရု၏သြဝါဒစာကိုရရှိခဲ့သူ အမျိုးသား၊ အမျိုးသမီးများသည် ခရစ်တော်နှင့်ဆက်ဆံသောအမွေခံများဖြစ်ကြရန် ခေါ်တော်မူခြင်းခံခဲ့ကြရသည်။ (ရောမ ၈:၁၆၊ ၁၇; ဂလာတိ ၃:၂၈) သူတို့သည် အသင်းတော်တွင် တာဝန်တစ်မျိုးတည်းကို ထမ်းဆောင်ကြရသည်မဟုတ်သော်လည်း နောက်ဆုံးတွင် ကောင်းကင်၌ ခရစ်တော်နှင့်အတူ စိုးစံကြရမည်ဖြစ်သည်။ (ဗျာဒိတ် ၂၀:၆) ယနေ့လည်း ဘုရားသခင်၏လူတို့တွင် အများစုသည် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိနေကြရာ မည်သည့်ခရစ်ယာန်အမျိုးသားမဆို အသင်းတော်တွင် အခွင့်အရေးများရရှိထားသောကြောင့် ဘုရားသခင်၏မျက်မှောက်တော်တွင် မိမိသည် အမျိုးသမီးများထက် ပိုတန်ဖိုးရှိသူဖြစ်သည်ဟုယူမှတ်မည်ဆိုလျှင် အလွန်မှားနေပေမည်။ (လုကာ ၁၇:၁၀ နှိုင်းယှဉ်။) အမျိုးသားအမျိုးသမီးအားလုံးတို့သည် ဘုရားသခင့်ရှေ့တွင် ဝိညာဏအဆင့်အတန်း တစ်တန်းတစ်စားတည်းရှိသည်။ အကြောင်းမူကား ယေရှု၏ယဇ်သကာသေခြင်းကြောင့် အမျိုးသားများနှင့် အမျိုးသမီးများပါ ထပ်တူအခွင့်အရေး—ထာဝရအသက်ရရန် အပြစ်နှင့်သေခြင်းဒဏ်စီရင်ချက်မှ လွတ်မြောက်ခွင့်ရရှိစေခြင်း—လမ်းပွင့်လာပါသည်။—ရောမ ၆:၂၃။
၁၈။ လင်ယောက်ျားသည် သူ၏ဇနီးမယားကို ဂုဏ်တင်ရန်အတွက် အဘယ်မဖြစ်မနေအကြောင်းရင်းကို ပေတရုဖော်ပြသနည်း။
၁၈ လင်ယောက်ျားသည် သူ၏ဇနီးမယားကို ဂုဏ်တင်သင့်သည့် “ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ” ဟူသော မဖြစ်မနေပြုရမည့်အခြားအကြောင်းတစ်ခုကို ပေတရုဖော်ပြသေးသည်။ ‘အဆီးအတားရှိ’ ဟူသောအသုံးအနှုန်းသည် ဂရိကြိယာ (အင်ကော့ပ်တို ) မှဆင်းသက်၍ စာသားအတိုင်းဆိုလျှင် “ဖြတ်ပစ်ရန်” အဓိပ္ပာယ်ရှိသည်။ ဗိုင်း၏ဓမ္မသစ်ကျမ်းစကားလုံးများ၏ ရှင်းလင်းဖော်ပြချက်အဘိဓာန် က ယင်းအသုံးအနှုန်းကို “လမ်းဖျက်ပစ်ခြင်းအားဖြင့်ဖြစ်စေ၊ လမ်းပေါ်တွင် အတားအဆီးတစ်ခုချထားခြင်းအားဖြင့်ဖြစ်စေ လူတို့အား နှောင့်နှေးစေရန်အတွက် အသုံးပြုလေ့ရှိသည်” ဟူ၍ဆိုသည်။ သို့ဖြစ်သောကြောင့် မိမိ၏ဇနီးမယားကို ဂုဏ်မတင်သောလင်ယောက်ျားသည် သူ၏ဆုတောင်းချက်များနှင့် ဘုရားသခင်စပ်ကြား လမ်းပိတ်ဆို့မှုရှိနေသည်ကို တွေ့ရှိနိုင်သည်။ ထိုသူသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ရန် မထိုက်တန်ဟု ခံစားရပေမည်၊ သို့မဟုတ် ယေဟောဝါသည် သူ့အား နားညောင်းတော်မမူဘဲနေပေမည်။ ဤတွင်ရှင်းနေသည်ကား အမျိုးသားများသည် အမျိုးသမီးများကို မည်သို့ပြုမူဆက်ဆံကြောင်းအပေါ် ယေဟောဝါအလွန်စိတ်ဝင်စားတော်မူကြောင်းဖြစ်သည်။—ယေရမိမြည်တမ်းစကား ၃:၄၄ နှိုင်းယှဉ်။
၁၉။ အသင်းတော်ရှိ အမျိုးသားအမျိုးသမီးများသည် တစ်ဦးနှင့်တစ်ဦး မည်သို့ရိုသေလေးစားစွာအတူတကွ အမှုထမ်းဆောင်နိုင်ကြမည်နည်း။
၁၉ ဂုဏ်တင်ရမည့်တာဝန်သည် လင်ယောက်ျားများ၌သာရှိသည်မဟုတ်ပါ။ လင်ယောက်ျားသည် မိမိ၏ဇနီးမယားကို ချစ်ခင်ကြင်နာစွာနှင့် သိက္ခာရှိရှိပြုမူဆက်ဆံခြင်းအားဖြင့် ဂုဏ်တင်သင့်သည်မှန်သော်လည်း ဇနီးမယားသည် သူမ၏လင်ယောက်ျားကို လက်အောက်ခံခြင်း၊ အလွန်ရိုသေခြင်းအားဖြင့် ဂုဏ်တင်သင့်သည်။ (၁ ပေတရု ၃:၁-၆) ထို့ပြင် ‘တစ်ယောက်ကိုတစ်ယောက်ဂုဏ်တင်ကြ’ ရန် ခရစ်ယာန်များအား ပေါလုမှာကြားထားသည်။ (ရောမ ၁၂:၁၀) ယင်းကား အသင်းတော်ရှိ အမျိုးသားအမျိုးသမီးတို့သည် တစ်ဦးကိုတစ်ဦး ရိုသေလေးစားစွာဖြင့် အတူတကွအမှုထမ်းဆောင်ကြရန် မှာကြားနေခြင်းဖြစ်သည်။ ဤသို့သောစိတ်နေစိတ်ထား လွှမ်းမိုးမည်ဆိုလျှင် ခရစ်ယာန်အမျိုးသမီးများသည် ဦးစီးဦးဆောင်သူများ၏အခွင့်အာဏာကို မလေးမခန့် ပြောဆိုပြုမူမည်မဟုတ်ပါ။ ယင်းအစား အကြီးအကဲများကို အားပေးထောက်ခံပြီး ဝိုင်းဝန်းကူညီပါလိမ့်မည်။ (၁ ကောရိန္သု ၁၄:၃၄၊ ၃၅; ဟေဗြဲ ၁၃:၁၇) ခရစ်ယာန်ကြီးကြပ်မှူးများကလည်း “အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့လည်းကောင်း၊ မိန်းမပျိုတို့ကို အလွန်စင်ကြယ်သောအခြင်းအရာနှင့်တကွ နှမကဲ့သို့လည်းကောင်း” ပြုမူဆက်ဆံပါလိမ့်မည်။ (၁ တိမောသေ ၅:၁၊ ၂) ပညာရှိလမ်းစဉ်ကား အကြီးအကဲများသည် သူတို့၏ခရစ်ယာန်ညီအစ်မများ၏ပြောဆိုချက်များကို ထောက်ထားမည်ဖြစ်သည်။ သို့ဖြစ်၍ ညီအစ်မတစ်ဦးက သီအိုကရက်တစ်ဦးစီးမှုကိုထောက်ထားပြီး လေးစားစွာဖြင့် မေးခွန်းမေးသည့်အခါဖြစ်စေ၊ ဂရုစိုက်စရာလိုအပ်နေသည့်အကြောင်းတစ်ခုခုကို ထောက်ပြသည့်အခါဖြစ်စေ သူမ၏မေးခွန်း သို့မဟုတ် ပြဿနာကို အကြီးအကဲများသည် ဝမ်းသာအားရစွာဖြင့် သုံးသပ်ပေးမည်။
၂၀။ ကျမ်းစာမှတ်တမ်းအရ အမျိုးသမီးများကို မည်သို့ပြုမူဆက်ဆံသင့်သနည်း။
၂၀ ဧဒင်အရပ်တွင် အပြစ်တရားပေါ်လာကတည်းက ယဉ်ကျေးမှုအများသည် အမျိုးသမီးများကို ဂုဏ်မတင်ရသည့်အခြေအနေတွင် ပယ်ထုတ်ထားကြပြီ။ သို့သော် ထိုသို့ပြုမူဆက်ဆံခံရရန် အစကနဦးက ယေဟောဝါရည်ရွယ်တော်မမူချေ။ အမျိုးသမီးများနှင့်စပ်လျဉ်း၍ ယဉ်ကျေးမှုဆိုင်ရာ မည်သည့်အယူအဆများလွှမ်းမိုးနေစေကာမူ ဟေဗြဲနှင့်ခရစ်ယာန်ဂရိကျမ်းစာစောင်များပါ မှတ်တမ်းများက ဘုရားတရားကြည်ညိုသောအမျိုးသမီးများအား ဂုဏ်တင်လေးစားသင့်သည်ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြထားပါသည်။ ယင်းသည်ကား သူတို့၏ဘုရားပေးအခွင့်အရေးဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
a The International Standard Bible Encyclopedia က ဤသို့ရှင်းပြသည်– “အမျိုးသမီးများသည် အမျိုးသားဧည့်သည်များနှင့်အတူ အစာမစားကြပါ။ အမျိုးသမီးများနှင့် အမျိုးသားများ စကားပြောဆိုခြင်းကိုအားမပေးပါ။ . . . အမျိုးသမီးတစ်ဦးနှင့် လူအများရှိသောနေရာ၌ စကားစမြည်ပြောဆိုခြင်းသည် အထူးကျော်မကောင်းကြားမကောင်းကိစ္စဖြစ်သည်။” ရဗ္ဗိဒေသနာကျမ်းဂန်၊ ဂျူးမစ္စရှ်နာ က ဤသို့အကြံပြုသည်– “အမျိုးသမီးများနှင့် စကားဖောင်မဖွဲ့နှင့်။ . . . အမျိုးသမီးများနှင့် စကားဖောင်ဖွဲ့သူသည် မိမိကိုယ်ကိုအပြစ်ရှိစေပြီး ပညတ်တရားလေ့လာခြင်းကို လျစ်လျူရှုကာ နောက်ဆုံး ဂေဟင်္နာသို့ရောက်လိမ့်မည်။”—အေဘော့သ် ၁:၅။
b ခရစ်တော်လက်ထက်ရှိ ပါလက်စတိုင်းနိုင်ငံ စာအုပ်က ဤသို့ဆိုသည်– “အချို့ကိစ္စများတွင် အမျိုးသမီးအား အစေခံကျွန်နှင့် တစ်တန်းတစ်စားတည်းနီးပါးထားကြသည်။ ဥပမာ၊ သူမသည် မိမိ၏လင်ယောက်ျားသေဆုံးကြောင်းကို သက်သေတင်ပြခွင့်ရခြင်းမှတစ်ပါး တရားရုံးတွင် သက်သေခံခွင့်မရှိပါ။” ဝတ်ပြုရာ ၅:၁ ကိုညွှန်းကာ သည်မစ္စရှ်နာ က ဤသို့ရှင်းပြသည်– “‘သက်သေအဖြစ်ကျိန်ဆိုခြင်း’ [ပညတ်] သည် အမျိုးသမီးများနှင့်မဆိုင် အမျိုးသားများနှင့်သာသက်ဆိုင်သည်။”—ရှီဘူအော့သ် ၄:၁။
c ဟေရုဒ်ဘုရင်၏နှမတော် စလိုမီသည် သူမ၏လင်ယောက်ျားထံ “ဂျူးပညတ်တရားနှင့် မကိုက်ညီသော ကွာရှင်းစာပေးခဲ့သည်။ ယင်းသို့ပြုနိုင်ခွင့်အား အမျိုးသားကို (သာ) ကျွန်ုပ်တို့ခွင့်ပြုထားသည်” ဟုပထမရာစုဂျူးသမိုင်းဆရာ ဂျိုစီဖပ်စ်က သတင်းပေးသည်။—Jewish Antiquities, XV, 259 [vii, 10].
သင့်အဖြေကားအဘယ်နည်း
◻ ယေရှုသည် အမျိုးသမီးများကို ဂုဏ်တင်လေးစားကြောင်း အဘယ်ပုံသက်သေများက ဖော်ပြသနည်း။
◻ ယေရှု၏သွန်သင်ချက်များသည် အမျိုးသမီးများ၏ဂုဏ်သိက္ခာကို မည်သို့ထောက်ထားသနည်း။
◻ လင်ယောက်ျားသည် မိမိ၏ခရစ်ယာန်ဇနီးမယားအား အဘယ်ကြောင့်ဂုဏ်တင်သင့်သနည်း။
◻ ခရစ်ယာန်အားလုံးသည် ဂုဏ်တင်ရန် အဘယ်တာဝန်ရှိသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်လာသော ယေရှုကို ဦးဆုံးတွေ့ မြင်ကြပြီး ကိုယ်တော်၏ ညီတော်များအား ယင်းသတင်းကို သက်သေခံရန်တာဝန်ရရှိသူ၊ ဘုရားတရားကြည်ညိုသောအမျိုးသမီးများသည် အလွန်နှစ်မြို့အားရခဲ့ကြသည်