အခန်း ၄၉
ဂါလိလဲနယ်၌ ဟောပြောခြင်းငှာ ဒေသစာရီတစ်ဖန်လှည့်လည်ခြင်း
နှစ်နှစ်တိုင် အပတ်တကုတ်ကြိုးစားဟောပြောခဲ့ပြီးဖြစ်ရာ ယခုယေရှုစ၍အရှိန်လျှော့ပြီး အနားယူတော်မူမည်လော။ ထိုသို့ပြုမည့်အစား ဂါလိလဲနယ်တွင် တတိယအကြိမ်ဒေသစာရီပြန်လှည့်လည်ခြင်းဖြင့် ကိုယ်တော်၏ဟောပြောခြင်းလုပ်ငန်းကိုတိုးချဲ့ခဲ့ပါသည်။ ထိုအရပ်ဒေသရှိ မြို့ရွာများသို့လည်ပတ်၍ တရားဇရပ်များတွင် နိုင်ငံတော်သတင်းကောင်းကိုဟောပြော သွန်သင်ပေးတော်မူသည်။ ဤအကြိမ်လှည့်လည်စဉ် ဟောပြောခြင်းလုပ်ငန်းကို အစွမ်းကုန်ကြိုးစားလုပ်ကိုင်ရန်လိုအပ်ကြောင်း ကိုယ်တော်တွေ့ရှိတော်မူသည်။
မည်သည့်အရပ်၌မဆို လူအုပ်သည် ဝိညာဏကုသမှုနှင့်နှစ်သိမ့်မှုလိုအပ်နေသည်ကို ကိုယ်တော်တွေ့မြင်တော်မူသည်။ သူတို့သည် သိုးထိန်းမဲ့နေသောသိုးများကဲ့သို့ အားကိုးရာမဲ့ ပူပန်သောကရောက်နေကြသဖြင့် သူတို့ကိုကိုယ်တော်သနားတော်မူသည်။ ထိုကြောင့် တပည့်တော်များအား “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သူတို့ကို စပါးရိတ်စေခြင်းငှာစေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့” ဟုမိန့်တော်မူသည်။
ယေရှု၌လုပ်ငန်းတိုးချဲ့ရေးအတွက် အစီအစဉ်ရှိတော်မူသည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်က ကိုယ်တော်ရွေးချယ်ခဲ့သော တမန်တော်ဆယ့်နှစ်ပါးကိုခေါ်တော်မူ၍ နှစ်ဦးစီ ခြောက်တွဲတွဲစေပြီး ဤသို့ညွှန်ကြားတော်မူသည်။ “သင်တို့သည် တစ်ပါးအမျိုးသားတို့ရှိရာသို့မသွားကြနှင့်။ ရှမာရိမြို့ရွာထဲသို့မဝင်ကြနှင့်။ ဣသရေလလူမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့ အလျင်သွားကြလော့။ သွားစဉ်တွင် ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။”
သူတို့ဟောပြောရမည့် ဤနိုင်ငံတော်ကား ကိုယ်တော်သွန်သင်ပေးခဲ့သည့် စံပြဆုတောင်းခန်း၌ပါသည့်နိုင်ငံတော်ပင်ဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားတော်မူသော ဘုရင်ယေရှုခရစ်ရောက်ရှိနေပြီဖြစ်ရာ နိုင်ငံတော်တည်လုနီးပြီဟုဆိုနိုင်ခြင်းဖြစ်သည်။ လူ့အစိုးရထက်ကြီးမြင့်သော ၄င်းအစိုးရ၏ကိုယ်စားလှယ်များအဖြစ် တပည့်တော်များ၏ခန့်အပ်လွှာကိုအတည်ပြုစေရန် သူတို့အား ဖျားနာသူတို့ကိုကုသပေးနိုင်ရန်၊ သေသူကိုပင်ရှင်စေနိုင်ရန် တန်ခိုးများကို ယေရှုပေးထားတော်မူသည်။ ယင်းတို့ကို အခမဲ့လုပ်ဆောင်ပေးကြရန် သူတို့အားကိုယ်တော်မှာကြားတော်မူသည်။
၄င်းနောက် ဟောပြောခြင်းတွင် ကာယရေးအတွက်ပြင်ဆင်ချက်များကိုမပြုကြရန် တပည့်တော်များအားကိုယ်တော်မှာကြားသည်။ “ရွှေ၊ ငွေ၊ ကြေးတို့ကိုခါးပန်းထဲ၌မသိုမှီးကြနှင့်။ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်း၊ တောင်ဝှေးကို မသိုမှီးကြနှင့်။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် ကျွေးမွေးခြင်းကိုခံထိုက်ပေ၏။” သတင်းတရားကိုတန်ဖိုးထားသူတို့သည် တုံ့ပြန်ကာ စားစရာ၊ နေစရာပေးမည်ကားအမှန်။ ယေရှုမိန့်တော်မူသည့်အတိုင်း “မည်သည့်မြို့၊ မည်သည့်ရွာသို့ဝင်လျှင် ထိုမြို့ရွာ၌အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟုမေးမြန်း၍ ထိုမြို့ရွာမှမထွက်သွားမီတိုင်အောင် ထိုသူ၏အိမ်တွင်နေကြလော့။”
ထိုနောက် နိုင်ငံတော်သတင်းကို အိမ်ရှင်များအား မည်သို့ပြောဆိုရမည်အကြောင်း ယေရှုသွန်သင်ပေးတော်မူသည်။ “အိမ်သို့ဝင်သောအခါ မင်္ဂလာရှိပါစေသောဟုနှုတ်ဆက်ခြင်းကိုပြုကြလော့။ ထိုအိမ်သည်ထိုက်တန်လျှင် သင်တို့မြွက်သောမင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ပြန်လာစေသတည်း။ အကြင်သူသည် သင်တို့ကိုလက်မခံ၊ သင်တို့၏စကားကိုနားမထောင်ဘဲနေ၏၊ ထိုသူနေသောအိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်းထွက်သွားစဉ် သင်တို့၏ခြေဖဝါးမှမြေမှုန့်ကိုခါလိုက်ကြလော့။”
သတင်းတရားကိုငြင်းပယ်သည့်မြို့အပေါ် စီရင်ချက်ပြင်းထန်လိမ့်မည်ဟု ယေရှုဤသို့မိန့်တော်မူသည်။ “တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့ထက်သာ၍ခံရလတံ့။” မဿဲ ၉:၃၅–၁၀:၁၅။ မာကု ၆:၆-၁၂။ လုကာ ၉:၁-၅။
▪ ဂါလိလဲနယ်တွင် တတိယအကြိမ် ဒေသစာရီလှည့်လည်ခြင်းကို ယေရှုအဘယ်အချိန်တွင် စတင်ခဲ့သနည်း။ ၄င်းကကိုယ်တော်အား ဘာကိုသိစေသနည်း။
▪တမန်တော် ၁၂ ပါးကိုဟောပြောရန်စေလွှတ်ချိန်တွင် သူတို့အားအဘယ်သို့ညွှန်ကြားတော်မူသနည်း။
▪ နိုင်ငံတော်တည်လုနီးပြီဟု တပည့်တော်များဟောခြင်းက အဘယ်ကြောင့်မှန်ကန်သနည်း။