ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၆/၁၅ စာ. ၂၂-၂၅
  • ယေရှု—“ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော” မင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု—“ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော” မင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရှေးကပ်ကမ္ဘာမှစ၍”
  • ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူ
  • သစ္စာရှိရှိလက်အောက်ခံခြင်း
  • လူ့ဘဝမတိုင်မီနှင့် လူ့ဘဝဘုန်းတော်
  • မေရှိယထင်ရှား
  • “ရှေးကပ်ကမ္ဘာ” မှစ၍သစ္စာစောင့်သိခြင်း
  • “ခရစ်တော်ဘုရားဖြစ်ခြင်း” အကြောင်း ကျမ်းစာမည်သို့ဆိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေဟောဝါကိုယ်စားလှယ်ချုပ်၊ သားတော်အား ဂုဏ်ပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေဟောဝါ —သွန်သင်ပေးသောဘုရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၆/၁၅ စာ. ၂၂-၂၅

ယေရှု—“ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော” မင်း

ပျောက်နသည်မှာ ကြာမြင့်ပြီဖြစ်သော ဆွေမျိုးတစ်ဦးရောက်မည့်အချိန်ကို စောင့်မျှော်နေစဉ် စိတ်လှုပ်ရှားမှုတိုးမြှင့်လာသည်။ နောက်ဆုံး သူနှင့်တွေ့ဆုံကာ လှိုက်လှိုက်လှဲလှဲကြိုဆိုလိုက်ရသည်။ သင့်ထံအလည်အပတ်လာရန် မိမိအား ဖခင်ဖြစ်သူက အဘယ်ကြောင့်စေလွှတ်ခဲ့ကြောင်းကို သူပြောပြသောအခါ သင်ဂရုတစိုက်နားထောင်နေသည်။ သို့နှင့် သူအိမ်ပြန်ဖို့အချိန်သည် အဆောတလျင်ရောက်လာသည်။ ဝမ်းနည်းစွာဖြင့် သူ့ကိုသင်နှုတ်ဆက်သည်။ သူသည် လုံခြုံစွာအိမ်ပြန်ရောက်သည့်သတင်းကို ကြားရသောအခါ သူနှင့်ခွဲခွာချိန်၌ ခံစားခဲ့ရသောဝမ်းနည်းစိတ် လျော့ပါးသွားပေမည်။

နောက်ပိုင်းတွင် စာဟောင်းအချို့ကို လှန်လှောကြည့်သောအခါ သင်၏ဆွေမျိုးသည် သင်နှင့်တွေ့ဆုံရန် ခရီးမထွက်လာမီ ကြာမြင့်စွာအချိန်ကတည်းကပင် သူ၏လုပ်ရပ်များကို အကျဉ်းချုပ်ဖော်ပြထားသည့် စာများကို သင်တွေ့ရှိလေသည်။ အဆိုပါစာများက သူ၏နောက်ခံကို ပိုမိုသိမြင်လာစေရုံသာမက သူ၏လည်ပတ်ခြင်းနှင့် လက်ရှိအလုပ်ကိုပါ ပိုမိုလေးမြတ်လာစေပါသည်။

“ရှေးကပ်ကမ္ဘာမှစ၍”

ပထမရာစုရှိဂျူးများရရှိနိုင်သောရှေးစာရွက်စာတမ်းများတွင် ယခင်နှစ်ပေါင်းခုနစ်ရာခန့်က မှတ်တမ်းတင်ခဲ့သော ဘုရားသခင့်ပရောဖက်မိက္ခာ၏ကျမ်းပါဝင်သည်။ ၎င်းသည် မေရှိယ၏မွေးရပ်မြေကို ထောက်ပြထားသည်။ “အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် ငါ့အဖို့သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်ဖြစ်၏။” (မိက္ခာ ၅:၂) အဆိုပါစကားများအတိုင်း ယေရှုသည် ယုဒရွာ ဗက်လင်တွင် ယခု ဘီ.စီ.အီး. ၂ ခုနှစ်ဟုခေါ်ချိန်၌ မွေးဖွားခဲ့သည်။ သို့ရာတွင် ကိုယ်တော်သည် “ရှေးကပ်ကမ္ဘာမှစ၍” မည်သို့ဖြစ်ပေါ်နိုင်မည်နည်း။

ယေရှုသည် လူသားဘဝမတိုင်မီက အသက်ရှင်တော်မူခဲ့သည်။ ကောလောသဲမြို့ရှိ ခရစ်ယာန်တို့ထံ ရေးသောစာတွင် တမန်တော်ပေါလုက ယေရှုအား “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဖြစ်သည်ဟူ၍ ဖော်ပြထားသည်။—ကောလောသဲ ၁:၁၅။

နယပုံပြင်ကျမ်းတွင် ရှောလမုန်မင်းကြီးမှတ်တမ်းတင်ထားသည့် မှုတ်သွင်းခံစကားအသုံးအနှုန်းကို အသုံးပြုရလျှင် သားဦးကို “ရှေးအမှုတော်” အဖြစ် ဉာဏ်ပညာ၏ပင်ရင်း ယေဟောဝါ ဖန်ဆင်းတော်မူခဲ့သည်။ ယေရှုသည် ကမ္ဘာပေါ်တွင် ခေတ္တနေထိုင်ပြီး ကောင်းကင်သို့ပြန်တက်သွားသည့်နောက် မိမိသည် အမှန်တကယ်ပင် “ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွတ်” ဖြစ်ကြောင်းသက်သေပြခဲ့သည်။ ဉာဏ်ပညာပြယုဂ်အဖြစ် လူ့ဘဝမတိုင်မီယေရှုက ဤသို့ကြေညာခဲ့သည်– “မိုးကောင်းကင်ကို [ယေဟောဝါ] ပြင်တော်မူသောအခါ ငါရှိ၏” ဟုကြေညာခဲ့သည်။—သု. ၈:၂၂၊ ၂၃၊ ၂၇; ဗျာဒိတ် ၃:၁၄။

အစကတည်းကပင် ဘုရားသခင်၏သားတော်သည် ခမည်းတော်ဘေးတွင် “လုပ်သားချုပ်” အဖြစ် ထူးခြားသောတာဝန်ကိုထမ်းဆောင်ခွင့်ရရှိခဲ့သည်။ ယင်းကြောင့် ယေဟောဝါသည် မည်မျှရွှင်လန်းလိုက်မည်ဖြစ်ခြင်း! “တစ်နေ့ထက်တစ်နေ့ ငါသည် ကိုယ်တော် [ယေဟောဝါ] အထူးသဖြင့် ချစ်ခင်သောသူဖြစ်လာ၏။ ရှေ့တော်၌ အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်လျက်” ရှိသည်ဟုနယပုံပြင် ၈:၃၀ [ကဘ] ကဖော်ပြသည်။

နောက်ပိုင်းတွင် ယေဟောဝါသည် ကိုယ်တော်၏သားဦးအား လူကိုဖန်ဆင်းခြင်းတွင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟုကိုယ်တော်မိန့်တော်မူခဲ့၏။ (ကမ္ဘာဦး ၁:၂၆) ရလဒ်အနေနှင့် နောက်ထပ်နှစ်ခြိုက်ဖွယ် ဖြစ်ပေါ်လာခဲ့သည်။ လူ့ဘဝမတိုင်မီတွင် ယေရှုက “ငါနှစ်ခြိုက်သော အကြောင်းအရာများသည် လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေခြင်းဖြစ်သတည်း” ဟုရှင်းပြခဲ့သည်။ (သု. ၈:၃၁၊ ကဘ) တမန်တော်ယောဟန်သည် သူ၏ခရစ်ဝင်ကျမ်းအစ၌ ဖန်ဆင်းခြင်းတွင် လူ့ဘဝမတိုင်မီက ယေရှု၏အခန်းကဏ္ဍကို ဤသို့အသိအမှတ်ပြုခဲ့သည်– “ထို[ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစ်စုံတစ်ခုမျှမရှိ။”—ယောဟန် ၁:၃။

ယေဟောဝါ၏ပြောရေးဆိုခွင့်ရှိသူ

ယောဟန်၏စကားသည် ဘုရားသခင့်သားတော် ရရှိခဲ့သောနောက်ထပ်အခွင့်အရေးဖြစ်သည့် ပြောရေးဆိုခွင့်ရှိသူအဖြစ်ကို အာရုံစိုက်စေသည်။ အစကတည်းကပင် ကိုယ်တော်သည် [ဘုရားသခင့်] နှုတ်ကပါဌ်တော်အဖြစ် အမှုထမ်းဆောင်ခဲ့သည်။ ထိုသို့ဖြင့် ယေဟောဝါသည် အာဒံကိုစကားပြောဆိုသောအခါတွင်လည်းကောင်း၊ ဧဝနှင့်အတူအာဒံကို စကားပြောဆိုသောအခါတွင်လည်းကောင်း ထို [ဘုရားသခင့်] နှုတ်ကပါဌ်တော်မှတစ်ဆင့် မိန့်ဆိုခဲ့ပေမည်။ လူ့ကောင်းမှုအတွက် ဘုရားသခင့်ညွှန်ကြားချက်များကို ပို့ချပေးရန် သူတို့အားနှစ်ခြိုက်သောသူထက် သာ၍ကောင်းသောသူ ရှိပါဦးမည်လော။—ယောဟန် ၁:၁၊ ၂။

ဧဝပြီးနောက်အာဒံပါ သူတို့၏ဖန်ဆင်းရှင်အား နာခံမှုမပြခဲ့ကြသောအခါ [ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် မည်မျှစိတ်ထိခိုက်လိုက်မည်ဖြစ်ခြင်း! သူတို့၏နာခံမှုမရှိခြင်းကြောင့် ၎င်းတို့၏သားစဉ်မြေးဆက်အပေါ် ကျရောက်သည့်ဆင်းရဲဒုက္ခများ ပပျောက်စေရန် ကိုယ်တော်သည် မည်မျှတောင့်တလိုက်မည်ဖြစ်ခြင်း! (ကမ္ဘာဦး ၂:၁၅-၁၇; ၃:၆၊ ၈; ရောမ ၅:၁၂) ပုန်ကန်ရန် ဧဝကိုအားပေးအားမြှောက်ပြုခဲ့သော စာတန်ကိုရည်ညွှန်း၍ ယေဟောဝါသည် ဤသို့ကြေညာတော်မူခဲ့သည်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။” (ကမ္ဘာဦး ၃:၁၅) ဧဒင်ဥယျာဉ်တွင် ဖြစ်ပျက်ခဲ့သမျှကိုတွေ့မြင်ပြီးနောက် [ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် မိန်းမ၏ “အမျိုးအနွယ်” တွင်အဓိကဖြစ်နေရာ မိမိသည် အညှိုးကြီးသောမုန်းတီးမှု၏ ပစ်မှတ်ဖြစ်လာလိမ့်မည်ကို သဘောပေါက်ခဲ့သည်။ စာတန်သည် လူ့အသက်ကို သတ်သောသူဖြစ်ကြောင်း ကိုယ်တော်သိခဲ့၏။—ယောဟန် ၈:၄၄။

နောက်ပိုင်းတွင် စာတန်သည် သစ္စာရှိယောဘ၏သမာဓိနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သောအခါ မိမိ၏ခမည်းတော်အား သွားပုပ်လေလွင့်စွပ်စွဲခဲ့ခြင်းကို [ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် စိတ်ထိခိုက်နာကြည်းခဲ့မည်မှာအမှန်။ (ယောဘ ၁:၆-၁၀; ၂:၁-၄) ကောင်းကင်တမန်မင်းအဖြစ် ကိုယ်တော်၏ကဏ္ဍတွင် [ဘုရားသခင့်] နှုတ်ကပါဌ်တော်သည် မိက္ခေလဟုအမည်တွင်တော်မူခဲ့၏။ မိက္ခေလ၏အဓိပ္ပာယ်မှာ “မည်သူသည် ဘုရားသခင်နှင့်တူသနည်း” ဖြစ်ပြီး ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သိမ်းပိုက်ရန်ကြံရွယ်နေကြသူအားလုံးကို ဘုရားသခင်ဘက်မှနေ၍ ကိုယ်တော်မည်သို့ကာကွယ်ပေးသည်ကို ဖော်ညွှန်းပါသည်။—ဒံယေလ ၁၂:၁; ဗျာဒိတ် ၁၂:၇-၁၀။

ဣသရေလလူမျိုး၏သမိုင်း တိုးတက်ဖြစ်ပေါ်လာရာ လူတို့ကို စင်ကြယ်သောဝတ်ပြုရေးမှ သွေဖည်စေရန် စာတန်၏ကြိုးပမ်းမှုများကို [ဘုရားသခင့်] နှုတ်ကပါဌ်တော်သတိပြုမိတော်မူသည်။ အီဂျစ်ပြည်မှထွက်မြောက်လာပြီးနောက် ဣသရေလလူမျိုးကို မောရှေမှတစ်ဆင့် ဘုရားသခင်သည် ဤသို့မိန့်ဆိုခဲ့သည်– “ကြည့်ရှုလော့။ လမ်းခရီး၌ သင့်ကိုစောင့်ရှောက်၍၊ ငါပြင်ဆင်နှင့်သောအရပ်သို့ပို့စေခြင်းငှာ၊ ကောင်းကင်တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏။ ထိုတမန်ကို ရိုသေစွာပြုလော့။ စကားတော်ကို နားထောင်လော့။ အာဏာတော်ကိုမဆန်နှင့်။ သင်တို့ပြစ်မှားသောအပြစ်ကို သူသည်မလွှတ်။ ငါ့နာမသည် သူ၌တည်ရှိ၏။” (ထွက်မြောက်ရာ ၂၃:၂၀၊ ၂၁) ထိုကောင်းကင်တမန်ကား မည်သူနည်း။ လူ့ဘဝမတိုင်မီက ယေရှုဖြစ်နိုင်ဖွယ်ရှိသည်။

သစ္စာရှိရှိလက်အောက်ခံခြင်း

ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်တွင် မောရှေကွယ်လွန်ခဲ့ကာ သူ၏ရုပ်ကလာပ်ကို “ဗက်ပေဂုရမြို့တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသောချိုင့်၌” သင်္ဂြိုဟ်ခဲ့သည်။ (တရားဟောရာ ၃၄:၅၊ ၆) ရုပ်ပုံကိုးကွယ်ခြင်းဖြစ်ပေါ်လာစေရန် စာတန်သည် ထိုရုပ်ကလာပ်ကို အသုံးပြုလိုသည်မှာ ထင်ရှားပါသည်။ မိက္ခေလသည် ယင်းကိုဆန့်ကျင်သော်လည်း ခမည်းတော်ယေဟောဝါ၏အခွင့်အာဏာကို ကျိုးနွံစွာနာခံခဲ့သည်။ ‘စာတန်ကို ကဲ့ရဲ့စွာသောပြစ်တင်ခြင်းမပြုဝံ့ဘဲ’၊ “ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေသတည်း” ဟူ၍ မိက္ခေလသတိပေးခဲ့သည်။—ယုဒ ၉။

ထို့နောက် ဣသရေလလူမျိုးသည် ကတိထားရာခါနာန်ပြည်ကို သိမ်းပိုက်စပြုလေတော့သည်။ ယေရိခေါမြို့အနီးရှိနေစဉ် ၎င်းလူမျိုးကို နှုတ်ကပါဌ်တော်သည် ဆက်လက်ကြီးကြပ်နေတော်မူကြောင်း ယောရှုအားစိတ်ချစေခဲ့သည်။ ထိုတွင် သူသည် ဓားလွတ်တစ်ချောင်းကိုင်ထားသော လူတစ်ဦးနှင့်ဆုံတွေ့ခဲ့သည်။ ယောရှုသည် ထိုသူစိမ်းထံသွား၍ “သင်သည် ငါတို့ဘက်၌နေသောသူလော၊ ငါတို့ရန်သူဘက်၌နေသောသူလော” ဟုမေးခဲ့၏။ သူစိမ်းက “ထိုသို့မဟုတ်၊ ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှူးဖြစ်၍ ယခုငါလာသည်” ဟူ၍ မိမိမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သောအခါ ယောရှုအံ့သြသွားသည်ကို မြင်ယောင်ကြည့်ပါ။ ယောရှုသည် ယေဟောဝါ၏ဤကြီးမြင့်သောကိုယ်စားလှယ်တော်ရှေ့တွင် ပျပ်ဝပ်ခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။ သူသည် နောက်ပိုင်းတွင် “ခရစ်တော်သခင်” ဖြစ်လာမည့် လူ့ဘဝမတိုင်မီကယေရှုဖြစ်ကြောင်းကို ယုံမှားဖွယ်မရှိနိုင်ချေ။—ယောရှု ၅:၁၃-၁၅; ဒံယေလ ၉:၂၅။

ဘုရားသခင်၏ပရောဖက် ဒံယေလ၏ခေတ်တွင် စာတန်နှင့်ထပ်မံထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ ဤအကြိမ်တွင် မိက္ခေလသည် မိမိ၏ကောင်းကင်တမန်ချင်းကို ပေရသိနတ်ဆိုးမင်း သုံးပတ်တိတိ ‘ဆီးတားခဲ့’ သောအခါ ထောက်ကူပေးခဲ့သည်။ ထိုကောင်းကင်တမန်က “နောက်တစ်ခါအမြတ်ဆုံးသောမင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးထံမှာ ဆိုင်းလင့်နေရ၏” ဟုရှင်းပြခဲ့သည်။—ဒံယေလ ၁၀:၁၃၊ ၂၁။

လူ့ဘဝမတိုင်မီနှင့် လူ့ဘဝဘုန်းတော်

ယုဒရှင်ဘုရင်သြဇိမင်းကြီး အနိစ္စရောက်သည့် ဘီ.စီ.အီး. ၇၇၈ ခုနှစ်တွင် ဘုရားသခင်၏ပရောဖက်ဟေရှာယသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်နေတော်မူသည့် ယေဟောဝါအား အဆင်းအာရုံတွင် တွေ့မြင်ခဲ့၏။ ယေဟောဝါက “ငါသည် အဘယ်သူကိုစေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း” ဟုမေးသည်။ ဟေရှာယသည် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့သည်။ သို့သော် သူ၏ကြေညာချက်များကို ဣသရေလလူမျိုးချင်းတို့နာယူမည်မဟုတ်ကြောင်း ယေဟောဝါသတိပေးခဲ့သည်။ တမန်တော်ယောဟန်သည် ပထမရာစုရှိမယုံကြည်သောဂျူးများကို ဟေရှာယခေတ်မှလူတို့နှင့် နှိုင်းယှဉ်လျက် ဤသို့ဆိုသည်– ‘ဟေရှာယသည် ဘုန်းအာနုဘော်တော်ကိုမြင်သောကြောင့် ထိုစကားကို ဟောပြောသတည်း။’ မည်သူ၏ဘုန်းတော်ဖြစ်သနည်း။ ကောင်းကင်တရားစီရင်ရာအရပ်တွင် ယေဟောဝါနှင့် ကိုယ်တော်၏ဘေးတွင်ရှိတော်မူသော လူ့ဘဝမတိုင်မီကယေရှုတို့၏ဘုန်းတော်ဖြစ်သည်။—ဟေရှာယ ၆:၁၊ ၈-၁၀; ယောဟန် ၁၂:၃၇-၄၁။

ရာစုနှစ်အနည်းငယ် နောက်ပိုင်းတွင် ယေရှုအတွက် ထိုအချိန်အထိ အကြီးလေးဆုံးတာဝန် ရောက်ရှိလာသည်။ ယေဟောဝါသည် ချစ်တော်မူသောသား၏အသက်စွမ်းအားကို ကောင်းကင်မှ မာရိ၏ဝမ်းထဲသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ကိုးလကြာပြီးနောက် သူမသည် သားငယ်ယေရှုကို မွေးဖွားခဲ့သည်။ (လုကာ ၂:၁-၇၊ ၂၁) တမန်တော်ပေါလု၏စကားအရ “အချိန်ကာလစေ့သောအခါ၊ . . . မိန်းမဝမ်း၌ပဋိသန္ဓေယူ၍ . . . ဖွားမြင်ရသောသားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” (ဂလာတိ ၄:၄၊ ၅) ထိုနည်းတူ၊ တမန်တော်ယောဟန်သည်လည်း ဤသို့အသိအမှတ်ပြုခဲ့သည်– “နှုတ်ကပါဌ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌တစ်ပါးတည်းသော သားတော်၏ဘုန်းတော်ကို ငါတို့သည်မြင်ရကြပြီ။”—ယောဟန် ၁:၁၄။

မေရှိယထင်ရှား

အနည်းဆုံး အသက် ၁၂ အရွယ်တွင် သူငယ်ယေရှုသည် ကောင်းကင်ခမည်းတော်၏လုပ်ငန်းတွင် အလုပ်များနေရမည်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ (လုကာ ၂:၄၈၊ ၄၉) နောင် ၁၈ နှစ်အကြာတွင် ယေရှုသည် ယော်ဒန်မြစ်တွင် နှစ်ခြင်းယူရန် နှစ်ခြင်းဆရာယောဟန်ထံသို့ ရောက်လာခဲ့သည်။ ယေရှုဆုတောင်းနေတော်မူစဉ် ကောင်းကင်ဖွင့်လှစ်၍ ကိုယ်တော်အပေါ် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခဲ့သည်။ ကိုယ်တော်သည် နှစ်ထောင်ပေါင်းများစွာအချိန်က ခမည်းတော်နှင့်အတူ လုပ်သားချုပ်၊ ပြောရေးဆိုခွင့်ရှိသူ၊ ဘုရားသခင်၏ဗိုလ်ခြေမင်းအဖြစ်သာမက ကောင်းကင်တမန်မင်း မိက္ခေလအဖြစ် အမှုထမ်းဆောင်တော်မူခဲ့သည်ကို ပြန်လည်သတိရလာမည့်အကြောင်းများကိုမြင်ယောင်ကြည့်ပါလေ။ ထို့နောက် နှစ်ခြင်းဆရာယောဟန်ကို ခမည်းတော်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုပြောသောအသံတော်ကိုကြားရသည့်အခါ ပီတိဖြာခဲ့ရသည်။—မဿဲ ၃:၁၆၊ ၁၇; လုကာ ၃:၂၁၊ ၂၂။

နှစ်ခြင်းဆရာယောဟန်သည် ယေရှု၏လူသားဘဝမတိုင်မီအသက်တာကို သံသယလုံးဝမရှိခဲ့ချေ။ ယေရှုသည် ယောဟန်ထံရောက်လာသောအခါ သူက “ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့။ ငါမရှိမီရှိနှင့်သည်ဖြစ်၍၊ ငါထက်သာ၍ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌ ထိုသူကိုဆိုလို၏” ဟုကြွေးကြော်ခဲ့သည်။ (ယောဟန် ၁:၁၅၊ ၂၉၊ ၃၀) တမန်တော်ယောဟန်သည်လည်း ယေရှု၏အလျင်ဘဝကို သိရှိခဲ့သည်။ “အထက်မှလာသောသူသည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ . . . ကောင်းကင်ဘုံမှကြွလာသောသူသည် အလုံးစုံတို့၏အထွတ်ဖြစ်တော်မူ၏။ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏” ဟူ၍သူရေးသားခဲ့သည်။—ယောဟန် ၃:၃၁၊ ၃၂။

စီ.အီး. ၆၁ ခုနှစ်ခန့်တွင် တမန်တော်ပေါလုသည် ဟေဗြဲခရစ်ယာန်များအား ကမ္ဘာမြေကြီးပေါ်သို့ မေရှိယကြွလာရခြင်း၏အရေးကြီးမှုနှင့် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ကိုယ်တော်၏လုပ်ငန်းကို လေးမြတ်တန်ဖိုးထားကြရန် တိုက်တွန်းခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူအနေနှင့် ယေရှု၏ကဏ္ဍကို အာရုံစိုက်စေရန်အတွက် ပေါလု ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည်၊ ဤနောက်ဆုံးသောကာလအခါ မိမိသားတော်အားဖြင့် ငါတို့အားဗျာဒိတ်ပေးတော်မူပြီ။ . . . သားတော်အားဖြင့်လည်း လောကဓာတ်တို့ကိုတည်တော်မူ၏။” ယင်းသည် ဖန်ဆင်းချိန်တွင် “လုပ်သားချုပ်” အဖြစ် ယေရှု၏ကဏ္ဍကို ရည်ညွှန်းနေသည်ဖြစ်စေ၊ လူ့ပြဿနာပြေလည်စေရန် ဘုရားသခင်၏ အစီအစဉ်ဖြစ်မြောက်လာရေးတွင် ကိုယ်တော်၏ပါဝင်ဆောင်ရွက်မှုကို ရည်ညွှန်းနေသည်ဖြစ်စေ ဤတွင် ပေါလုသည် ယေရှု၏လူသားဘဝမတိုင်မီအသက်တာကို အထောက်အထားတင်ပြနေခြင်းဖြစ်သည်။—ဟေဗြဲ ၁:၁-၆; ၂:၉။

“ရှေးကပ်ကမ္ဘာ” မှစ၍သစ္စာစောင့်သိခြင်း

ဖိလိပ္ပိမြို့ရှိ ပထမရာစုခရစ်ယာန်တို့ထံ ပေါလုသည် ဤတိုက်တွန်းနှိုးဆော်ချက်ကို ရေးသားခဲ့သည်– “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုအရှင်သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်ပြည့်စုံလျက်ရှိနှင့်သော်လည်း ဘုရားသခင်နှင့်ဂုဏ်ရည်တူသည့်အဖြစ်ကို လုယူဖို့ရန်ထည့်မစဉ်းစား။ မိမိ၏အသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံယူတော်မူ၏။ ထိုမှတစ်ပါး လူ၏အသွင်နှင့်နေတော်မူရာ ကိုယ်ကိုနှိမ့်ချ၍ နှက်တိုင်ပေါ်၌ အသတ်ခံရသည်တိုင် နားထောင်မှုပြခဲ့၏။” (ဖိလိပ္ပိ ၂:၅-၈၊ ကဘ) ယေဟောဝါသည် ယေရှုကို ထမြောက်စေတော်မူပြီးနောက် ကောင်းကင်သို့ပြန်ကြိုဆိုခြင်းအားဖြင့် ကိုယ်တော်၏သစ္စာစောင့်သိမှုကို နှစ်ခြိုက်တော်မူကြောင်း တင်ပြခဲ့သည်။ ယေရှုသည် ခေတ်ကာလတစ်လျှောက် အလွန်လေးစားထိုက်၍ သမာဓိစောင့်သိသော ပုံသက်သေတစ်ရပ်ကို ကျွန်ုပ်တို့အတွက် ချမှတ်ထားတော်မူခဲ့သည်တကား!—၁ ပေတရု ၂:၂၁။

သမ္မာကျမ်းစာက ယေရှု၏လူသားဘဝမတိုင်မီအသက်တာအကြောင်းကို အရိပ်အမြွက်ဖော်ပြပေးသည့်အတွက် ကျွန်ုပ်တို့ မည်မျှကျေးဇူးတင်လိုက်သည်ဖြစ်ခြင်း! ကိုယ်တော်သည် အထူးသဖြင့် ယခုအချိန်တွင် ဘုရားသခင့်မေရှိယနိုင်ငံတော်၏ဘုရင်အဖြစ် အုပ်ချုပ်နေပြီဖြစ်ရာ ကိုယ်တော်၏သစ္စာရှိရှိအမှုတော်ထမ်းဆောင်ခြင်းကို တုပရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို ယင်းတို့သည် အမှန်ပင်ထောက်ကူပေးပေပြီ။ “ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင်” ကျွန်ုပ်တို့ကိုအစိုးရသောမင်း၊ “ငြိမ်သက်ခြင်းအရှင်” ခရစ်တော်ယေရှုအား ကြိုဆိုကြစို့လေ။—ဟေရှာယ ၉:၆; မိက္ခာ ၅:၂။

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

လူသားဘဝမတိုင်မီအသက်တာကိုထောက်ခံခြင်း

အောက်ပါယေရှု၏စကားတော်များသည် ကိုယ်တော်၏လူသားဘဝမတိုင်မီအသက်တာကို မြောက်မြားလှစွာထောက်ခံ၏–

▫ “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့မတက်ပြီ။”—ယောဟန် ၃:၁၃။

▫ “မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး။ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အားပေးတော်မူ၏။ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်း။ . . . ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သို့လိုက်ခြင်းငှာဆင်းသက်၏။”—ယောဟန် ၆:၃၂၊ ၃၃၊ ၃၈။

▫ “ကောင်းကင်မှဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏။ ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ်အသက်ရှင်လိမ့်မည်။”—ယောဟန် ၆:၅၀၊ ၅၁။

▫ “လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန်ကြွတက်သည်ကို မြင်ရလျှင် အဘယ်သို့ထင်မှတ်ကြသနည်း။”—ယောဟန် ၆:၆၂။

▫ “ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်ကလာသည်ကိုလည်းကောင်း၊ အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်းငါသိ၏။ . . . သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။”—ယောဟန် ၈:၁၄၊ ၂၃။

▫ “ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက်လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။”—ယောဟန် ၈:၄၂။

▫ “ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏ဟုမိန့်တော်မူ၏။”—ယောဟန် ၈:၅၈။

▫ “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ချီးမြောက်တော်မူပါ။ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော်မူသော ဘုန်းတော်ကို သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏။”—ယောဟန် ၁၇:၅၊ ၂၄။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ယောရှုသည် ယေဟောဝါ၏ဗိုလ်ခြေမင်းနှင့်ဆုံတွေ့ခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ