ယေဟောဝါ၏ အလိုတော်ကို ဆောင်ရွက်ရန် သွန်သင်ခံရ
“အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။” —ဆာလံ ၁၄၃:၁၀။
၁၊ ၂။ (က) အဘယ်အချိန်တွင် သွန်သင်ခံသင့်သနည်း၊ အဘယ်စစ်မှန်သောအကျိုးအတွက်ဖြစ်သနည်း။ (ခ) ဘုရားသခင်၏ဆုံးမသွန်သင်မှုကိုခံယူခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
လူတစ်ဦးသည် အသက်ရှင်လှုပ်ရှားနေသရွေ့ သူ့ကိုအကျိုးနပ်သည့်အရာတစ်မျိုးမျိုး သွန်သင်ပေးနိုင်ပါသည်။ ယင်းသည် သင်၌မှန်ကန်သကဲ့သို့ အခြားသူများအတွက်လည်းမှန်ကန်ပါသည်။ သို့သော် လူသေသည့်အခါ ဘာဖြစ်သနည်း။ ၎င်းအခြေအနေမျိုးတွင် အဘယ်အရာကိုမျှ သွန်သင်ပေး၍မရ သင်ယူ၍လည်းမရချေ။ လူသေတို့သည် “အဘယ်အရာကိုမျှမသိ” ဟူ၍သမ္မာကျမ်းစာက ရှင်းလင်းပြတ်သားစွာဆိုသည်။ လူသားတို့ရောက်ရာ ရှီးအိုးလ်ခေါ်သင်္ချိုင်းတွင် အသိပညာမရှိပါ။ (ဒေသနာ ၉:၅၊ ၁၀) ယင်းကြောင့် အသိပညာစုဆောင်းခြင်းသည် အချည်းနှီးလော။ ယင်းသည် ကျွန်ုပ်တို့သင်ကြားခံရသည့်အရာနှင့် ထိုအသိပညာကို မည်သို့အသုံးပြုသည်ဟူသည့်အချက်အပေါ်မူတည်သည်။
၂ လောကီအမှုများကိုသာ ကျွန်ုပ်တို့သွန်သင်ခံရမည်ဆိုလျှင် ကျွန်ုပ်တို့၏အနာဂတ်သည် တည်မြဲမည်မဟုတ်ပါ။ သို့သော် ဝမ်းသာစရာမှာ လူမျိုးအပေါင်းရှိသန်းပေါင်းများစွာသောသူတို့သည် ထာဝရအသက်ရခြင်းငှာ မြင့်မြတ်သောအလိုတော်ကို သွန်သင်ခံနေရကြသည်။ ဤမျှော်လင့်ချက်၏အခြေခံမှာ အသက်ရစေသောအသိပညာ၏ဇာစ်မြစ်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်၏သွန်သင်မှုကိုခံယူခြင်းဖြစ်သည်။—ဆာလံ ၉၄:၉-၁၂။
၃။ (က) ယေရှုသည် ဘုရားသခင်၏လက်ဦးကျောင်းသားဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။ (ခ) လူတို့သည် ယေဟောဝါ၏သွန်သင်မှုကိုခံရမည်ဟု အဘယ်အာမခံချက်ရှိသနည်း။ အဘယ်အကျိုးအတွက်ဖြစ်သနည်း။
၃ ဘုရားသခင်၏လက်ဦးကျောင်းသားဖြစ်သော ကိုယ်တော်၏သားဦးသည် ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်ရန် နည်းပေးတော်မူခြင်းခံခဲ့ရသည်။ (သု. ၈:၂၂-၃၀; ယောဟန် ၈:၂၈) ယေရှုကတစ်ဖန် လူကုဋေကုဋာတို့သည် ခမည်းတော်၏သွန်သင်မှုကိုခံရမည်ဟု ဖော်ပြတော်မူခဲ့သည်။ ဘုရားသခင့်သွန်သင်မှုကို ခံရသူများအတွက် အဘယ်အလားအလာရှိသနည်း။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “အနာဂတ္တိကျမ်းစာ၌လာသည်ကား၊ ထိုသူအပေါင်းတို့သည် ‘ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူဖြစ်ကြလိမ့်မည်’ ဟု လာသည်နှင့်အညီ၊ ‘ခမည်းတော်ထံ၌နားထောင်၍ နည်းခံသောသူမှန်သမျှတို့သည် ငါ့ထံသို့လာကြ၏။ . . . ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။”—ယောဟန် ၆:၄၅-၄၇။
၄။ သန်းပေါင်းများစွာသောသူတို့သည် မြင့်မြတ်သောသွန်သင်မှုမှ အဘယ်အကျိုးခံစားနေကြရသနည်း။ သူတို့တွင် အဘယ်အခွင့်အရေးများရှိသနည်း။
၄ ယေရှုသည် ဘုရားသခင်၏ပုံဆောင်မိန်းမဖြစ်သော ကောင်းကင်ဇိအုန်ကိုရည်ညွှန်းသည့် ဟေရှာယ ၅၄:၁၃ ကိုကိုးကားတော်မူခဲ့ခြင်းဖြစ်သည်။ ထိုပရောဖက်ပြုချက်သည် သူမ၏သားများဖြစ်သည့် ယေရှုခရစ်တော်၏ဝိညာဉ်တော်ဖွားတပည့်တော် ၁၄၄,၀၀၀ နှင့်အထူးသက်ဆိုင်ပါသည်။ ၎င်းဝိညာဏသားတို့မှ အကြွင်းအကျန်သည် ယနေ့ကမ္ဘာချီသွန်သင်ခြင်းအစီအစဉ်ကို တက်ကြွလှုပ်ရှားစွာ ဦးစီးဦးဆောင်နေကြပါသည်။ ယင်းကြောင့် “လူအုပ်ကြီး” အဝင်ဖြစ်သူ အခြားသန်းပေါင်းများစွာသောသူတို့သည်လည်း ယေဟောဝါ၏သွန်သင်ခြင်းကိုခံရ၍ အကျိုးခံစားနေကြရသည်။ သူတို့၏သွန်သင်ခံခြင်းအစီအစဉ်ကို သေခြင်းတရားက ပြတ်တောက်မသွားစေဘဲ သင်ကြားနိုင်သည့် ထူးခြားသောအခွင့်အရေး သူတို့၌ရှိသည်။ မည်သို့အားဖြင့်နည်း။ သူတို့သည် အလျင်အမြန်နီးကပ်လာနေသည့် “ကြီးစွာသောဒုက္ခ” ကပ်ဘေးကိုကျော်၍ ပရဒိသုကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့်ရှိသူများဖြစ်ကြသည်။—ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃-၁၇။
ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို သာ၍အရေးပေးခြင်း
၅။ (က) ၁၉၉၇ ခုနှစ်အတွက်နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း။ (ခ) ခရစ်ယာန်အစည်းအဝေးများတက်ခြင်းကို မည်သို့သဘောထားသင့်သနည်း။
၅ ၁၉၉၇ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိအသင်းတော် ၈၀,၀၀၀ ကျော်မှယေဟောဝါသက်သေများသည် ဆာလံ ၁၄၃:၁၀ ၏အဖွင့်စကားများဖြစ်သည့် “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ” ကိုစွဲမှတ်ထားကြမည်။ ယင်းသည် ၁၉၉၇ ခုနှစ်အတွက် နှစ်ချုပ်ကျမ်းချက်ဖြစ်လိမ့်မည်။ မြင့်မြတ်သောပညာသင်ယူရာ အထူးနေရာသည် အဆက်မပြတ်သွန်သင်ပေးခြင်းအစီအစဉ်၌ ကျွန်ုပ်တို့ပါဝင်နိုင်သောနေရာဖြစ်သည့် အသင်းတော်အစည်းအဝေးများပင်ဖြစ်ကြောင်း ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် အထင်အရှားဖော်ပြထားသော ထိုစကားများက သတိပေးပါလိမ့်မည်။ အစည်းအဝေးများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများနှင့်အတူ မဟာသွန်သင်ပေးရှင်၏သွန်သင်မှုကိုခံယူသောအခါ ဤသို့ရေးသားခဲ့သောဆာလံဆရာနည်းတူ ခံစားရလိမ့်မည်– “‘ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့သွားကြကုန်အံ့’ ဟုသူတစ်ပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။”—ဆာလံ ၁၂၂:၁; ဟေရှာယ ၃၀:၂၀။
၆။ ကျွန်ုပ်တို့သည် ဒါဝိဒ်၏စကားအရ အဘယ်အရာကိုအသိအမှတ်ပြုဝန်ခံကြသနည်း။
၆ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ရန်သူကြီးမာရ်နတ်၏အလို သို့မဟုတ် မစုံလင်သောလူသားများ၏အလိုကိုမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် သွန်သင်ခံလိုကြပါသည်။ ထို့ကြောင့် ဒါဝိဒ်နည်းတူကျွန်ုပ်တို့သည် မိမိတို့ကိုးကွယ်ဝတ်ပြုသည့်ဘုရားသခင်နှင့်ပတ်သက်၍ “အကြောင်းမှာ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါစေသော” ဟုအသိအမှတ်ပြုဝန်ခံကြ၏။ (ဆာလံ ၁၄၃:၁၀) ဒါဝိဒ်သည် လိမ်လည်သောသူတို့နှင့် ပေါင်းသင်းမည့်အစား ယေဟောဝါ၏ဝတ်ပြုရေးထမ်းဆောင်ရာအရပ်တွင် နေလိုခဲ့သည်။ (ဆာလံ ၂၆:၄-၆) ဒါဝိဒ်သည် ဘုရားသခင့်ဝိညာဉ်တော်၏လမ်းပြမှုဖြင့် ဖြောင့်မတ်ခြင်းတရားလမ်း၌လျှောက်သွားနိုင်ခဲ့သည်။—ဆာလံ ၁၇:၅; ၂၃:၃။
၇။ ဘုရားသခင်၏ဝိညာဉ်တော်သည် ခရစ်ယာန်အသင်းတော်အပေါ် မည်သို့လှုပ်ရှားခဲ့ပြီနည်း။
၇ သာ၍ကြီးမြတ်တော်မူသောဒါဝိဒ်ဖြစ်သူ ယေရှုခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်သည် ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်လိမ့်မည်ဖြစ်ပြီး ကိုယ်တော်မိန့်မြွက်ခဲ့သမျှကိုပြန်သတိရစေမည်ဟု တမန်တော်များကို စိတ်ချစေတော်မူခဲ့သည်။ (ယောဟန် ၁၄:၂၆) ယေဟောဝါဘုရားသခင်သည် ပင်တေကုတ္တေပွဲနေ့မှစတင်၍ “ဘုရားသခင်၏နက်နဲသောအရာ” တို့ကိုတဖြည်းဖြည်း တိုး၍တိုး၍ဖော်ပြနေတော်မူသည်။ (၁ ကောရိန္သု ၂:၁၀-၁၃) ယင်းကို “သစ္စာနှင့်သတိပညာရှိသောကျွန်” ဟုယေရှုခေါ်တော်မူသည့် မျက်မြင်ရဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ပြုတော်မူခဲ့ပြီ။ ကမ္ဘာချီဘုရားသခင့်လူမျိုးတော်၏အသင်းတော်များအတွက် သွန်သင်မှုအစီအစဉ်တွင်သုံးသပ်ရန်ဝိညာဏအစာကို ယင်းကစီစဉ်ပေးပါသည်။—မဿဲ ၂၄:၄၅-၄၇၊ သမ။
ကျွန်ုပ်တို့၏အစည်းအဝေးများတွင် ယေဟောဝါ၏အလိုတော်သွန်သင်ခံရ
၈။ ကင်းမျှော်စင်သင်တန်းတွင်ပါဝင်ခြင်းသည် အဘယ်ကြောင့်ဤမျှတန်ဖိုးရှိသနည်း။
၈ အသင်းတော်၏ပတ်စဉ် ကင်းမျှော်စင်သင်တန်းတွင် လေ့လာသည့်အကြောင်းအရာသည် များသောအားဖြင့် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းနှင့်ပတ်သက်သည်။ ယင်းက ဘဝ၏စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အမှန်အကူအညီဖြစ်စေသည်။ အခြားသင်တန်းများတွင် ဝိညာဉ်ရေးနှင့်ဆိုင်သော နက်နဲသည့်သမ္မာတရားကိုလည်းကောင်း၊ ကျမ်းစာပရောဖက်ပြုချက်များကိုလည်းကောင်း ဆင်ခြင်သုံးသပ်ကြသည်။ ဤသင်တန်းများတွင် ကောင်းစွာ သွန်သင်ပို့ချခံရကြပါသည်တကား! တိုင်းနိုင်ငံများစွာတွင် ဤအစည်းအဝေးများကျင်းပချိန်၌ ဘုရားသခင့်နိုင်ငံတော်ခန်းမများသည် ပြည့်လျှံလျက်ရှိကြသည်။ သို့တိုင် နိုင်ငံအချို့တွင် အစည်းအဝေးတက်သူအရေအတွက် လျော့နည်းသွားသည်။ အဘယ်ကြောင့်ဖြစ်သည်ဟု သင်ယူမှတ်သနည်း။ အချို့က ဝမ်းစာလုပ်ငန်းကြောင့် “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်” ရန် အစည်းအဝေးမှန်မှန်မတက်နိုင်ဘဲ ဖြစ်နေပါသလော။ သို့မဟုတ် လူမှုရေး၌လည်းကောင်း၊ ရုပ်မြင်သံကြားကြည့်ခြင်း၌လည်းကောင်း အချိန်နာရီများစွာ အကုန်ခံခြင်းဖြင့် အစည်းအဝေးများကို မှန်မှန်မတက်နိုင်သည်အထိ အလုပ်များလွန်းနေပါသလော။ ဟေဗြဲ ၁၀:၂၃-၂၅ ပါမှုတ်သွင်းခံအမိန့်တော်ကို ပြန်လည်သတိရပါ။ “ကာလအချိန်ရောက်လုနီးသည်ကိုထောက်” ပြီး မြင့်မြတ်သောသွန်သင်မှုရရှိရန် စည်းဝေးခြင်းသည် ယခုသာ၍အရေးကြီးနေသည် မဟုတ်ပေလော။
၉။ (က) လုပ်ငန်းတော်အစည်းအဝေးသည် ကျွန်ုပ်တို့ကို ဓမ္မအမှုအတွက် မည်သို့အသင့်ရှိစေမည်နည်း။ (ခ) သက်သေခံခြင်းအပေါ် အဘယ်သဘောထားရှိသင့်သနည်း။
၉ ကျွန်ုပ်တို့၏အဓိကတာဝန်များအနက်တစ်ခုမှာ ဘုရားသခင့်အမှုဆောင်များအဖြစ် အမှုထမ်းခြင်းဖြစ်သည်။ ယင်းကို မည်သို့ထိရောက်စွာထမ်းဆောင်နိုင်ကြောင်း သွန်သင်ပေးရန် လုပ်ငန်းတော်အစည်းအဝေးကို စီစဉ်ထားပါသည်။ လူတို့ထံ မည်သို့ချဉ်းကပ်ရမည်၊ ဘာပြောရမည်၊ လက်သင့်ခံနားထောင်သည့်အခါ မည်သို့တုံ့ပြန်ရမည်နှင့် သတင်းတရားကို ငြင်းပယ်သည့်အခါ မည်သို့ပြုရမည်အထိ သွန်သင်ပေးပါသည်။ (လုကာ ၁၀:၁-၁၁) ဤပတ်စဉ်အစည်းအဝေးတွင် ထိရောက်သောနည်းများကို ဆွေးနွေးတင်ပြစဉ် ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်သွားသည့်အခါ၌သာမက လမ်းပေါ်တွင်၊ ကားရပ်ရန်နေရာများတွင်၊ အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင်၊ လေယာဉ်ကွင်းများတွင်၊ လုပ်ငန်းခွင်များတွင် သို့မဟုတ် ကျောင်းများတွင် ဟောပြောသောအခါ၌လည်း သာ၍အသင့်ရှိနေကြပါသည်။ “အလိုတော်ကိုဆောင်ရွက်ရန် သွန်သင်တော်မူပါ” ဟူသောကျွန်ုပ်တို့၏တောင်းဆိုချက်နှင့်အညီ “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့” ဟုကျွန်ုပ်တို့၏သခင်တိုက်တွန်းတော်မူသည့်အတိုင်းပြုလုပ်ရန် ရရှိသမျှအခွင့်အရေးကို ယူလိုကြပါသည်။—မဿဲ ၅:၁၆။
၁၀။ ‘ထိုက်တန်သူများ’ ကိုမည်သို့တကယ်ကူညီပေးနိုင်သနည်း။
၁၀ ဤကဲ့သို့သောအသင်းတော်အစည်းအဝေးများတွင် သူတစ်ပါးကို တပည့်ဖြစ်စေရန် သွန်သင်ပေးခံရသည်။ စိတ်ဝင်စားသူကိုတွေ့သည်နှင့်၊ သို့မဟုတ် စာပေဝေငှသည်နှင့် ပြန်လည်ပတ်မှုများပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် တပည့်တော်များသည် ယေရှုမိန့်တော်မူခဲ့သောအရာများကို သွန်သင်ပေးရန် ‘ထိုက်တန်သူများ၏အိမ်တွင်နေကြ’ ခြင်းနှင့်တူညီပါသည်။ (မဿဲ ၁၀:၁၁; ၂၈:၁၉၊ ၂၀) ထာဝရအသက်ရစေသော အသိပညာ အစရှိသည့် အလွန်ကောင်းသောစာအုပ်များရရှိထားရာ ကျွန်ုပ်တို့၏ဓမ္မအမှုကို စေ့စပ်ကုန်စင်စွာပြုနိုင်ရန် အမှန်ပင်အသင့်ပြင်ဆင်ခြင်းခံကြရသည်။ (၂ တိမောသေ ၄:၅) သင်သည် လုပ်ငန်းတော်အစည်းအဝေးနှင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို ပတ်စဉ်တက်သောအခါ ကိုယ်တော်၏အလိုတော်ထမ်းဆောင်နေသော အရည်အချင်းပြည့်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် ထောက်ခံပေးမည့် အကူအညီဖြစ်စေသည့်အချက်အလက်များကို သဘောပေါက်ပြီး အသုံးပြုနိုင်ရန် ကြိုးစားပါ။—၂ ကောရိန္သု ၃:၃၊ ၅; ၄:၁၊ ၂။
၁၁။ မဿဲ ၆:၃၃ ပါစကားကိုယုံကြည်ကြောင်း အချို့မည်သို့တင်ပြခဲ့ပြီနည်း။
၁၁ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ” ရန်ဘုရားသခင်အလိုရှိတော်မူသည်။ (မဿဲ ၆:၃၃) ‘ကျွန်ုပ် [သို့မဟုတ် ကျွန်ုပ်အိမ်ထောင်ဖက်] ၏ဝမ်းစာရှာလုပ်ငန်းသည် အစည်းအဝေးတက်ခြင်းကို ပျက်ကွက်စေမည်ဆိုလျှင် ဤမူကိုကျွန်ုပ်မည်သို့ကျင့်သုံးမည်နည်း’ ဟုမိမိကိုယ်ကိုမေးပါ။ ဝိညာဉ်ရေးဘက်ရင့်သန်သူများစွာတို့သည် ယင်းကိစ္စကို အလုပ်ရှင်များအားတင်ပြပါလိမ့်မည်။ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးက အသင်းတော်အစည်းအဝေးများကိုတက်ဖို့ ပတ်စဉ်အချိန်ပေးစေလိုကြောင်း သူမ၏အလုပ်ရှင်ကိုပြောပြခဲ့သည်။ အလုပ်ရှင်က ခွင့်ပေးလေသည်။ သို့သော် အသင်းတော်အစည်းအဝေးများ၌ဖြစ်ပျက်ရာတို့ကို သူသိလို၍ တက်ရောက်ခွင့်တောင်းဆိုခဲ့သည်။ ထိုတွင် ကျင်းပလုနီးသော ခရိုင်စည်းဝေးကြီးတစ်ခုအကြောင်း ကြေညာခြင်းကို သူကြားခဲ့ပါသည်။ ယင်းကြောင့် အလုပ်ရှင်သည် စည်းဝေးကြီးအတွင်း တစ်ရက်လုံးလုံးတက်ရောက်ရန် စီစဉ်လေသည်။ ဤပုံနမူနာမှ အဘယ်သင်ခန်းစာ ရရှိသနည်း။
ဘုရားဝတ်၌မွေ့လျော်သောမိဘများ ယေဟောဝါအလိုတော် သွန်သင်ပေး
၁၂။ ယေဟောဝါ၏အလိုတော်ကို ကလေးများသွန်သင်ခံရရန် ခရစ်ယာန်မိဘများသည် စိတ်ရှည်ခြင်းနှင့် ခိုင်မာပြတ်သားခြင်းတို့ကို မည်သို့အသုံးပြုသင့်သနည်း။
၁၂ သို့သော် မြင့်မြတ်သောအလိုတော်ကိုဆောင်ရွက်ရန် သွန်သင်ပေးသည့်အစီအစဉ်သည် အသင်းတော်အစည်းအဝေးများနှင့် စည်းဝေးကြီးများ၌သာမဟုတ်ပါ။ ဘုရားဝတ်၌မွေ့လျော်သောမိဘများသည် မိမိတို့၏သားသမီးများကို ယေဟောဝါအားချီးမွမ်းပြီး အလိုတော်ဆောင်ရွက်ရန် လေ့ကျင့်သွန်သင်ပဲ့ပြင်ဆုံးမပေးရန် အမိန့်ရရှိထားကြပါသည်။ (ဆာလံ ၁၄၈:၁၂၊ ၁၃; သု. ၂၂:၆၊ ၁၅) ထိုသို့ပြုရန် “ကြား၍နားလည်” နိုင်သည့်အစည်းအဝေးများသို့ “သူငယ်များ” ကိုခေါ်ဆောင်သွားရန်လိုသော်လည်း အိမ်တွင်ကျမ်းစာကိုသွန်သင်ပေးခြင်းကော။ (တရားဟောရာ ၃၁:၁၂; ၂ တိမောသေ ၃:၁၅) မိသားစုများစွာတို့သည် မိသားစုကျမ်းစာသင်အံမှုအစီအစဉ်ကို မှန်မှန်ပြုလုပ်ရန် အသိစိတ်ရှိရှိ စတင်ခဲ့သော်လည်း များမကြာမီ အစီအစဉ်ပျက်ပြားသွားစေခဲ့ကြပါသည်။ ထိုသို့ အသင်ကိုယ်တိုင်ဖြစ်ဖူးသလော။ ဤသို့မှန်မှန်သင်အံမှုပြုလုပ်ရန် အားပေးချက်သည် မသင့်လျော်၊ သို့မဟုတ် သင့်မိသားစုသည် အခြားအိမ်ထောင်များနှင့်မတူသည့်အတွက် ယင်းအစီအစဉ်သည် အောင်မြင်မည်မဟုတ်ဟု ယူမှတ်သလော။ အခြေအနေသည် မည်သို့ပင်ရှိစေကာမူ ၁၉၉၅၊ ဩဂုတ် ၁ ရက်ထုတ်ကင်းမျှော်စင်ပါ “ကျွန်ုပ်တို့၏ ကြွယ်ဝသောဝိညာဏအမွေအနှစ်” နှင့် “မဆုတ်မနစ်ဇွဲ၏ ဆုလာဘ်များ” အစရှိသည့်ဆောင်းပါးကောင်းများကို အသင်မိဘများ ပြန်လည်သုံးသပ်ကြည့်ပါလေ။
၁၃။ မိသားစုများသည် နေ့စဉ်ကျမ်းချက်ကို ဆင်ခြင်သုံးသပ်ခြင်းမှ အဘယ်အကျိုးခံစားနိုင်သနည်း။
၁၃ ကျမ်းစာကိုနေ့တိုင်းစေ့စေ့ကြည့်ရှုခြင်း စာအုပ်မှ နေ့စဉ်ကျမ်းချက်ကိုသုံးသပ်သည့်အကျင့်ရှိကြရန် မိသားစုများကို အားပေးထားပါသည်။ ကျမ်းချက်နှင့်မှတ်ချက်ကိုဖတ်ရုံဖတ်ခြင်းသည် ကောင်းသော်လည်း ကျမ်းချက်ကိုဆွေးနွေးပြီး အသုံးချခြင်းက သာ၍အကျိုးရှိပါသည်။ ဥပမာ၊ ဧဖက် ၅:၁၅-၁၇ ကိုသုံးသပ်နေမည်ဆိုလျှင် မိသားစုဝင်ဖြစ်သူများသည် ကိုယ်ပိုင်လေ့လာမှုအတွက် မည်သို့ “ကာလအချိန်ကိုရွေးနုတ်” မည်၊ အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကဏ္ဍ တစ်ခုခုတွင်မည်သို့ပါဝင်မည်နှင့် အခြားသီအိုကရက်တစ်တာဝန်များကို မည်သို့ဆောင်ရွက်မည်တို့ကို ဆင်ခြင်ကြည့်နိုင်ပါသည်။ မှန်ပါသည်၊ နေ့စဉ်ကျမ်းချက်ကို မိသားစုလိုက်ဆွေးနွေးခြင်းကား တစ်ဦးတစ်ယောက် သို့မဟုတ် များစွာသောသူတို့အား “သခင်ဘုရား၏အလိုတော်ရှိရာကို [ပိုမိုပြည့်ဝစွာ] ပိုင်းခြား၍သိသောသူ” ဖြစ်စေပါလိမ့်မည်။
၁၄။ မိဘများသည် မည်သည့်သွန်သင်ပေးသူများဖြစ်သင့်ကြောင်း တရားဟောရာ ၆:၆၊ ၇ ကတင်ပြသနည်း။ သို့ဖြစ်၍ အဘယ်အရာလိုအပ်သနည်း။
၁၄ မိဘများသည် ကိုယ့်သားသမီးတို့ကို ဝီရိယစိုက်ထုတ်သွန်သင်ပေးသူများဖြစ်ကြရမည်။ (တရားဟောရာ ၆:၆၊ ၇) သို့သော် ထိုသို့ပြုခြင်းသည် ဆိုဆုံးမပြီး အမိန့်ထုတ်ခြင်းမျှမဟုတ်ပါ။ မိခင်ဖခင်တို့သည်လည်း နားထောင်ရန်လို၏၊ ဤနည်းဖြင့် ဖြေရှင်းပေးမည့်အချက်၊ နားလည်ဖို့ ရှင်းပြရမည့်အချက်၊ ပုံဥပမာပေးရန် သို့မဟုတ် ထပ်မံပြောပြရန်လိုသည့်အကြောင်းအချက်တို့ကို ပိုမိုသိရှိနိုင်လိမ့်မည်။ ခရစ်ယာန်မိသားစုတစ်စုတွင် မိဘများသည် သားသမီးများနားမလည်သည့်အရာ သို့မဟုတ် ပူပန်နေသောအရာနှင့်ပတ်သက်၍ လွတ်လွတ်လပ်လပ်ဆက်သွယ်မေးမြန်းရန် အားပေးကြပါသည်။ သို့ဖြင့် သူတို့၏ဆယ်ကျော်သက်သားတစ်ယောက်သည် ယေဟောဝါ၌ အစမရှိကြောင်းကို နားလည်ရခဲယဉ်းနေကြောင်း သိရှိလာကြပါသည်။ ထိုမိဘနှစ်ပါးသည် အချိန်နှင့် လဟာပြင်တို့မှာ အဆုံးမရှိကြောင်း ကင်းမျှော်စင်အသင်း၏စာပေများတွင်ပါသော သိသင့်သိအပ်သည့်အချက်အလက်များကို ထောက်ပြပေးနိုင်ခဲ့ကြသည်။ ယင်းက သူတို့၏သားအား ကျေနပ်သည်အထိ သဘောပေါက်သွားစေပါသည်။ ယင်းကြောင့် သင့်သားသမီး၏မေးခွန်းများကို အချိန်ယူပြီး ရှင်းရှင်းလင်းလင်းကျမ်းချက်များနှင့်တကွ ဖြေဆိုပေးပါ၊ ဘုရားသခင့်အလိုတော်ဆောင်ရန် သင်ယူခြင်းသည် အမှန်ပင်စိတ်ကျေနပ်မှုပေးကြောင်း သဘောပေါက်စေပါ။ အခြားအဘယ်အရာကို ယနေ့ ဘုရားသခင်၏လူမျိုးမှ လူကြီးလူငယ်မရွေး သွန်သင်ပေးခံနေရကြသနည်း။
ချစ်ရန်နှင့် တိုက်ခိုက်ရန် သွန်သင်ပေးခံရ
၁၅။ ကျွန်ုပ်တို့၏ညီရင်းအစ်ကိုချစ်ခြင်းမေတ္တာသည် မည်မျှစစ်မှန်ကြောင်း အဘယ်အချိန်တွင်စမ်းသပ်ခံရမည်နည်း။
၁၅ ကျွန်ုပ်တို့သည် ယေရှု၏ပညတ်အသစ်နှင့်အညီ “အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင်ဆုံးမသွန်သင်တော်မူ” ခြင်းကိုခံနေကြရ၏။ (၁ သက်သာလောနိတ် ၄:၉) အစစအရာရာအေးဆေးပြီး အဆင်ပြေနေသည့်အခါ ညီအစ်ကိုအားလုံးကို ချစ်ပါသည်ဟုယူဆပေမည်။ သို့သော် ပုဂ္ဂိုလ်ရေးသဘောကွဲလွဲမှုများ သို့မဟုတ် အခြားခရစ်ယာန်တစ်ဦး ပြောမိသည့်စကား၊ ပြုမိသည့်အရာတစ်ခုခုကြောင့် စိတ်ထိခိုက်သောအခါ မည်သို့ဖြစ်ပျက်သွားသနည်း။ ဤအချိန်အခါမျိုးတွင် ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာသည် မည်မျှစစ်မှန်ကြောင်း စမ်းသပ်ခံရပေမည်။ (၂ ကောရိန္သု ၈:၈ နှိုင်းယှဉ်။) ဤကဲ့သို့သောအခြေအနေမျိုးတွင် မည်သို့ပြုလုပ်ရမည်ဟု ကျမ်းစာက သွန်သင်ပေးသနည်း။ တစ်ခုအနေနှင့် ချစ်ခြင်းမေတ္တာအပြည့်အဝပြရန် ကြိုးစားဖို့ဖြစ်သည်။ (၁ ပေတရု ၄:၈) ကိုယ်ကျိုးကိုရှာနေမည်၊ အားနည်းချက်အသေးအမွှားတို့ကြောင့် စိတ်ဆိုးနေမည် သို့မဟုတ် အာဃာတထားနေမည့်အစား များစွာသောအပြစ်တို့ကို ချစ်ခြင်းမေတ္တာဖြင့် ဖုံးအုပ်ရန် ကြိုးစားသင့်သည်။ (၁ ကောရိန္သု ၁၃:၅) ၎င်းသည် ဘုရားသခင်၏အလိုတော်ဖြစ်ကြောင်း၊ ဘုရားသခင့်နှုတ်ကပါဌ်တော်၏သွန်သင်ပေးချက်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြသည်။
၁၆။ (က) အဘယ်တိုက်ပွဲကိုတိုက်ခိုက်ရန် ခရစ်ယာန်များသွန်သင်ခံရသနည်း။ (ခ) ကျွန်ုပ်တို့မည်သို့အသင့်ပြင်ထားခြင်းခံရကြသနည်း။
၁၆ လူအများသည် ချစ်ခြင်းမေတ္တာနှင့်စစ်မှုကို ဆက်စပ်လိမ့်မည်မဟုတ်သော်လည်း အလွန်ထူးခြားသော စစ်မက်တစ်မျိုးအကြောင်းကို ကျွန်ုပ်တို့သွန်သင်ပေးခံနေရကြ၏။ စစ်မက်ရေးရာကိုမည်သို့လုပ်ဆောင်ရန် ယေဟောဝါ၏သွန်သင်မှုကို မှီခိုအားထားရကြောင်း ဒါဝိဒ်အသိအမှတ်ပြုခဲ့ပြီး သူ့ခေတ်ရှိ ဣသရေလလူမျိုး၏ရန်သူများကို တိုက်ခိုက်ခဲ့ရပါသည်။ (၁ ဓမ္မရာဇဝင် ၁၇:၄၅-၅၁; ၁၉:၈; ၃ ဓမ္မရာဇဝင် ၅:၃; ဆာလံ ၁၄၄:၁) ယနေ့ ကျွန်ုပ်တို့၏တိုက်ပွဲကော အသို့နည်း။ ကျွန်ုပ်တို့၏လက်နက်များသည် ဇာတိပကတိလက်နက်မဟုတ်ပါ။ (၂ ကောရိန္သု ၁၀:၄) ကျွန်ုပ်တို့၏တိုက်ပွဲသည် ဝိညာဏတိုက်ပွဲဖြစ်ပြီး ယင်းအတွက်ဝိညာဏလက်နက်စုံကို ဝတ်ဆင်ထားကြရန်လိုအပ်ပါသည်။ (ဧဖက် ၆:၁၀-၁၃) ယေဟောဝါသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏စုစည်းလျက်ရှိသောလူမျိုးတော်အားဖြင့် ဝိညာဏစစ်ပွဲကို အောင်မြင်စွာတိုက်ခိုက်ရန် သွန်သင်ပေးတော်မူသည်။
၁၇။ (က) မာရ်နတ်သည် ကျွန်ုပ်တို့ကိုလမ်းလွဲသွားစေရန် အဘယ်နည်းများကို အသုံးပြုသနည်း။ (ခ) အဘယ်အရာကို ပညာရှိစွာ ရှောင်သင့်သနည်း။
၁၇ မာရ်နတ်သည် ကောက်ကျစ်စဉ်းလဲသောနည်းများဖြင့် ကျွန်ုပ်တို့ကို ပဓာနမကျသည့် အကြောင်းများသို့ လမ်းလွဲသွားစေရန် ဤလောက၏အစိတ်အပိုင်းများ၊ အယူဖောက်ပြန်သူများ၊ သမ္မာတရားကို အခြားနည်းတို့ဖြင့်အတိုက်အခံပြုသူများကို မကြာခဏအသုံးပြုပါသည်။ (၁ တိမောသေ ၆:၃-၅၊ ၁၁; တိတု ၃:၉-၁၁) သူသည် ကျွန်ုပ်တို့ကို မျက်နှာချင်းဆိုင်တိုက်ရိုက်တိုက်ခိုက်၍ အနိုင်ယူနိုင်ရန် အခွင့်အရေးအလွန်နည်းပါးကြောင်း သိရှိထားဘိသကဲ့သို့ ဝိညာဉ်ရေးကိုအကျိုးမပြုသည့် ဖျောက်မရသောအလိုမကျမှုများနှင့် အချည်းနှီးဖြစ်သောမေးခွန်းများကို ထုတ်ဖော်စေခြင်းအားဖြင့် ကျွန်ုပ်တို့ခလုတ်တိုက်လဲမိရန် ကြိုးစားနေပါသည်။ ကျွန်ုပ်တို့သည် သတိရှိသောစစ်သူရဲများနည်းတူ ထိပ်တိုက်ထိုးစစ်ကိုသတိထားသကဲ့သို့ ဤအန္တရာယ်များကိုပါသတိပြုသင့်သည်။—၁ တိမောသေ ၁:၃၊ ၄။
၁၈။ ကိုယ်အလိုသို့လိုက်၍အသက်မရှင်တော့ခြင်း၌ အဘယ်အရာပါဝင်သနည်း။
၁၈ လူ့လိုအင်ဆန္ဒများ သို့မဟုတ် တိုင်းနိုင်ငံများ၏အလိုကို ကျွန်ုပ်တို့မြေတောင်မြှောက်မပေးကြပါ။ ကျွန်ုပ်တို့သည် ကိုယ်အလိုသို့လိုက်၍အသက်ရှင်မည့်အစား ခရစ်တော်ယေရှု၌ရှိသော သဘောကိုလက်နက်ပြု၍သုံးစွဲကာ ဘုရားသခင်၏အလိုသို့လိုက်ပြီးအသက်ရှင်ကြရန် ယေရှု၏ပုံနမူနာအားဖြင့် ကျွန်ုပ်တို့ကို ယေဟောဝါသွန်သင်ပေးတော်မူသည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) ကျွန်ုပ်တို့သည် ယခင်က ကာမဂုဏ်ကိုအလွန်အမင်းလိုက်စားပြီး တန်ဖိုးရှိအချိန်ကို ဖြုန်းတီးခဲ့ပေမည်။ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ မတရားမေထုန်ပြုခြင်းတို့သည် ဤဆိုးသွမ်းသောလောက၏ လက္ခဏာများဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန် ယခုသွန်သင်ခံနေရရာ ဤပုပ်ပျက်ယိုယွင်းနေသောလောကမှ ကျွန်ုပ်တို့သီးခြားရှိကြသည့်အတွက် ကျေးဇူးမတင်ပေလော။ ထို့ကြောင့် ညစ်ညမ်းစေသည့်လောကီအကျင့်များကိုရှောင်ကြဉ်ရန် ဝိညာဏ ဆိုင်ပြိုင်တိုက်လှန်မှုကိုပြုကြစို့လေ။—၁ ပေတရု ၄:၁-၃။
ကျွန်ုပ်တို့အကျိုးအတွက် သင်ကြားခံရခြင်း
၁၉။ ယေဟောဝါ၏အလိုတော် သွန်သင်ခံရပြီး ယင်းကိုဆောင်ရွက်ခြင်းက အဘယ်အကျိုးများခံစားရစေမည်နည်း။
၁၉ ယေဟောဝါ၏အလိုတော်ကိုဆောင်ရွက်ရန် သွန်သင်ပေးခံရခြင်းသည် များစွာအကျိုးပြုကြောင်း အသိအမှတ်ပြုဖို့အရေးကြီးပါသည်။ ထို့ကြောင့် သားတော်မှတစ်ဆင့်လည်းကောင်း၊ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် စုစည်းလျက်ရှိသောလူများမှတစ်ဆင့်လည်းကောင်း ရရှိသည့်ညွှန်ကြားချက်များကို သင်ယူလိုက်နာရန် အလွန်ဂရုစိုက်ကြရမည်ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈; ဟေဗြဲ ၂:၁) ဤနည်းအားဖြင့် ဤဒုက္ခသုက္ခကာလတွင် ခိုင်ခံ့မြဲမြံပြီး ရှေ့တွင်ရှိအခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်ကြလိမ့်မည်။ (မဿဲ ၇:၂၄-၂၇) ယခုပင်လျှင် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် အလိုတော်နှင့်တွေ့ ပြီး ဆုတောင်းချက်များပြည့်မည်ဟု စိတ်ချနိုင်ကြပါလိမ့်မည်။ (ယောဟန် ၉:၃၁; ၁ ယောဟန် ၃:၂၂) ထို့ပြင် စစ်မှန်သောပျော်ရွှင်မှုကိုပါ ခံစားရကြပါလိမ့်မည်။—ယောဟန် ၁၃:၁၇။
၂၀။ ၁၉၉၇ ခုနှစ်တစ်လျှောက် နှစ်ချုပ်ကျမ်းချက်ကိုတွေ့မြင်သည့်အခါ အဘယ်အရာကိုဆင်ခြင်သုံးသပ်သင့်သနည်း။
၂၀ ၁၉၉၇ ခုနှစ်တစ်လျှောက် နှစ်ချုပ်ကျမ်းချက်ဖြစ်သည့် “အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင်တော်မူပါ” ဟူသော ဆာလံ ၁၄၃:၁၀ ကိုအကြိမ်ကြိမ်ဖတ်ရှုဆင်ခြင်ခွင့်ရကြလိမ့်မည်။ ယင်းသို့ပြုကြရာတွင် အထက်တွင်ဖော်ပြထားသည့် ကျွန်ုပ်တို့ကိုသွန်သင်ပေးရန် ဘုရားသခင်၏ပြင်ဆင်ချက်များကို အခွင့်အရေးယူဆင်ခြင်ကြည့်ကြစို့။ ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ [အမြဲ] ထာဝရတည်’ ကြောင်းသိထားကြရာ အဆိုပါတောင်းခံချက်နှင့်အညီ ပြုမူရန် ထိုစကားများဖြင့် သို့မဟုတ် ထိုသို့ဆင်ခြင်၍ လှုံ့ဆော်ခံကြစို့လေ။—၁ ယောဟန် ၂:၁၇။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ယနေ့ မည်သူတို့သည် ယေဟောဝါ၏အလိုတော်ကို သွန်သင်ပေးခံနေရသနည်း။
◻ ၁၉၉၇ ခုနှစ်အတွင်း ဆာလံ ၁၄၃:၁၀ သည်ကျွန်ုပ်တို့ကို မည်သို့ အကျိုးပြုသင့်သနည်း။
◻ ယေဟောဝါ၏အလိုတော်ကို ကျွန်ုပ်တို့မည်သို့သွန်သင်ပေးခံနေရသနည်း။
◻ ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများကိုသွန်သင်ပေးရာတွင် အဘယ်အရာလိုအပ်သနည်း။