အခန်း ၅၀
ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနိုင်ရန်ပြင်ဆင်မှု
ဟောပြောခြင်းလုပ်ငန်းကို မည်သို့ဆောင်ရွက်ရမည်အကြောင်း တမန်တော်များအား ညွှန်ကြားပြီးနောက် ဆန့်ကျင်သူတို့ကိုသတိပြုဖို့ ယေရှုမှာကြားသည်။ “တောခွေးစုထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကိုစေလွှတ်၏။ . . . လူတို့ကိုသတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကိုလွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ရိုက်ကြလိမ့်မည်။ . . .မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့်သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။”
ညှဉ်းဆဲခံရမည်ဖြစ်သော်လည်း မစိုးရိမ်ရန် တပည့်များအား ယေရှုဤသို့မှာသည်။ “သင်တို့ကိုအပ်နှံသောအခါ အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တို့သည်ရကြလိမ့်မည်။ အကြောင်းမူကား၊ သင်တို့အလိုအလျောက်ပြောရသည်မဟုတ်။ သင်တို့အဘ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့်ပြော၏။”
ဆက်၍ယေရှုဤသို့ဆိုသည်။ “ထိုအခါညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာအပ်ကြလိမ့်မည်။ အဘသည်လည်းသားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ပြု၍ သေစေကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”
အရေးအကြီးဆုံးကား ဟောပြောခြင်းဖြစ်သဖြင့် ယင်းကိုလွတ်လပ်စွာဆောင်ရွက်နိုင်ရန် သတိပညာလိုအပ်ကြောင်း ယေရှုအလေးအနက်ဖေါ်ပြသည်။ “တစ်မြို့၌သင်တို့ကိုညှဉ်းဆဲလျှင် တစ်မြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား ဣသရေလမြို့ရွာရှိသမျှကို သင်တို့လှည့်လည်၍မကုန်မီ လူသားသည်ကြွလာလိမ့်မည်။”
တမန်တော် ၁၂ ပါးအား ယေရှုဤသို့သတိပေးညွှန်ကြားအားပေးခဲ့သည်မှာ မှန်ပါသည်။ ထိုစကားသည် ကိုယ်တော်သေဆုံး၍ ထမြောက်ပြီးနောက် ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း၌ ပါဝင်မည့်သူများအတွက်လည်းဖြစ်ကြောင်း ထင်ရှားသည်။ တမန်တော်များကိုဟောပြောရန်စေလွှတ်ခဲ့သည့်အခါ ဣသရေလလူမျိုးသာမက ‘လူမျိုးအပေါင်းတို့၏မုန်းတီးခြင်းကိုခံရမည်’ ဟုကိုယ်တော်ပြောဆိုခဲ့ခြင်းကတင်ပြသည်။ ထို့ပြင်သူတို့အား တစ်ခဏစေလွှတ်ခဲ့သော ဟောပြောခြင်းလုပ်ငန်း၌ တမန်တော်များသည် မြို့ဝန်မင်းများနှင့် ဘုရင်များရှေ့မရောက်ခဲ့ကြ။ ထို့ပြင်၄င်းအချိန်တွင် ယုံကြည်သူတို့ကို ကိုယ့်အိမ်သားများက သေရန်အပ်သည်ကိုလည်းမတွေ့ခဲ့ရပါ။
ထို့ကြောင့်တပည့်တော်များ လှည့်လည်ဟောပြောခြင်းမပြီးမီ ‘လူသားသည်ကြွလာလိမ့်မည်’ ဟုဆိုသောအခါ ဘုန်းဝင်စားသောဘုရင်ယေရှုခရစ်သည် ယေဟောဝါ၏တရားစီရင်သူအဖြစ် အာမဂေဒုန်၌မကြွလာမီ ဘုရားသခင်တည်ထောင်ထားသောနိုင်ငံတော်သတင်းကို လောကီနိုင်ငံအရပ်ရပ်သို့ တပည့်တော်များ ရောက်စေနိုင်မည်မဟုတ်ကြောင်း ယေရှုပရောဖက်ပြုနေခြင်းဖြစ်သည်။
ဟောပြောခြင်းအတွက် ကိုယ်တော်ဤသို့ဆက်သွန်သင်တော်မူသည်။ “တပည့်သည်ဆရာထက်မသာ၊ ကျွန်သည်သခင်ထက်မသာ။” ထို့ကြောင့်နောက်တော်လိုက်များသည် ကိုယ်တော်နည်းတူ ဘုရားသခင်၏နိုင်ငံတော်သတင်းကို ဟောပြောသဖြင့် ထပ်တူဆင်းရဲဒုက္ခ ညှဉ်းဆဲမှုများကိုခံကြရသည့်တိုင် “ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ဂေဟင်္နာတွင် ဖျက်ဆီးနိုင်သောသူကိုသာ၍ ကြောက်ကြလော့” ဟုသြဝါဒပေးတော်မူသည်။
ဤကိစ္စတွင် ယေရှုပုံသက်သေထားခဲ့သည်။ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်ကို သစ္စာဖျက်မည့်အစား သေခြင်းကိုရဲရဲရင်ဆိုင်ခဲ့သည်။ မှန်ပေသည်။ သူတစ်ဦး၏ “စိတ်ဝိညာဉ်” (ဤနေရာတွင် သက်ရှိဝိညာဉ်စိုလ်းအဖြစ် မိမိ၏အနာဂတ်အခွင့်အရေးများကို ဆိုလိုသည်) ကိုဖျက်ဆီးနိုင်သည်သာမက ထာဝရအသက်ရခြင်းငှာ ရှင်ပြန်ထမြောက်စေနိုင်သူကား ယေဟောဝါရှင်ဖြစ်သည်။ ကောင်းကင်ခမည်းတော်ယေဟောဝါသည် အမှန်ပင်မေတ္တာကရုဏာရှင်ပါတကား။
ယေဟောဝါရှင်သူတို့ကို စောင့်ရှောက်ကြောင်းပေါ်လွင်စေရန် ပုံဥပမာတစ်ရပ်ဖြင့် ယေရှုဆက်အားပေးခဲ့သည်။ “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားအဖိုးနှင့်ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှမြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့်မကြောက်ကြနှင့်။ သင်တို့သည်စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။”
တပည့်တော်များအားယေရှု ကြွေးကြော်စေသည့် နိုင်ငံတော်သတင်းသည် အိမ်ထောင်များကိုကွဲပြားစေသည်။ မိသားစုတွင် သတင်းကိုလက်ခံသူများနှင့် ငြင်းပယ်သူများရှိမည်။ ကိုယ်တော်ဤသို့ရှင်းပြသည်။ “မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟုမထင်ကြနှင့်။ ငြိမ်သက်ခြင်းကိုစေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်။ ထားကိုစေလွှတ်အံ့သောငှာ ငါလာသတည်း။” သို့ဖြစ်၍အိမ်သားတစ်ဦး သစ္စာတရားကိုလက်ခံရန် သတ္တိရှိဖို့လိုအပ်သည်။ ထို့ကြောင့်ယေရှုဤသို့မှတ်ချက်ချ၏။ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည်ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏။ ထိုသူသည်ငါနှင့်မထိုက်မတန်။”
တပည့်တော်များကိုလက်ခံလျှင် မိမိအားလက်ခံရာရောက်ကြောင်းဖြင့် ယေရှုနိဂုံးချုပ်သည်။ “အကြင်သူသည် တပည့်တော်၏မျက်နှာကိုထောက်၍ ဤသူငယ်တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှပေး၏။ ထိုသူသည်အကျိုးကိုမရဘဲမနေရာ။ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။” မဿဲ ၁၀:၁၆-၄၂။
▪ တပည့်တော်များအား ယေရှုအဘယ်သတိပေးချက်များပေးခဲ့သနည်း။
▪ သူတို့အားအဘယ်အားပေးမှုနှင့် နှစ်သိမ့်မှုကိုကိုယ်တော်ပေးခဲ့သနည်း။
▪ ယေရှု၏သွန်သင်ချက်များသည် ယနေ့ခရစ်ယာန်များနှင့် အဘယ်ကြောင့် သက်ဆိုင်သနည်း။
▪ ယေရှု၏တပည့်သည် ဆရာထက်အဘယ်နည်းဖြင့် မသာသနည်း။