နတ်ဆိုးပညာနှင့် စစ်မှန်သော ဝိညာဉ်ရေး ရှာဖွေမှု
ကျွန်ုပ်တို့အားလုံးတွင် ကာယရေးလိုအပ်ရာများအပြင် ဝိညာဉ်ရေးလိုအပ်ရာများ ရှိကြသည်။ ထို့ကြောင့် လူများစွာက ဘဝရည်ရွယ်ချက်ကား အဘယ်နည်း၊ အဘယ်ကြောင့် လူတို့ဆင်းရဲခံရကြသနည်း၊ ကျွန်ုပ်တို့သေသောအခါ မည်သို့ဖြစ်သွားသနည်း အစရှိသောမေးခွန်းများကို မေးကြခြင်းဖြစ်သည်။ စိတ်ရိုးမှန်သူများစွာတို့သည် သေလွန်သူတို့၏ဝိညာဉ်များနှင့် အဆက်အသွယ်ရရန်မျှော်လင့်လျက် နတ်ဝင်သည်များနှင့် တိုင်ပင်ဆွေးနွေးသည့်နေရာများ (ဆက်သွယ်ရာလမ်းကြောင်းဟုလည်းခေါ်) တွင် ဤမေးခွန်းများနှင့် အလားတူမေးခွန်းများ၏အဖြေရရန် ကြိုးစားကြသည်။ ဤလုပ်ရပ်ကို နတ်ဝိဇ္ဇာပညာဟု ခေါ်သည်။
နတ်ဝိဇ္ဇာပညာလိုက်စားမှုများကို နိုင်ငံများစွာတွင် တွေ့ရှိရပြီး အသင်းအဖွဲ့များနှင့် ချာ့ချ်များတွင် သူတို့စုရုံးကြသည်။ ဥပမာအနေနှင့် ဘရာဇီးတွင် အဲလ်လန် ကားဒက် အမည်ဖြင့် ရေးသားခဲ့သော ၁၉ ရာစုမှ ပြင်သစ်ကျောင်းဆရာနှင့် အတွေးခေါ်ပညာရှင် ဟီပိုလိုက် လီယွန် ဒီနစ်ဇာဒ် ရီဗေလ် ပြုစုပြဋ္ဌာန်းခဲ့သည့် သွန်သင်ချက်များကို လိုက်လျှောက်သူနတ်ဝင်သည် ၄,၀၀၀,၀၀၀ ရှိသည်ဟု ခန့်မှန်းရသည်။ ကားဒက်သည် နတ်ဝိဇ္ဇာပညာဆိုင်ရာ အံ့မခန်းဖွယ်တို့ကို ၁၈၅၄ တွင်စတင်စိတ်ဝင်စားခဲ့သည်။ ၎င်းနောက် သူသည် နေရာများစွာရှိ နတ်ဝင်သည်များကို မေးခွန်းများထုတ်ခဲ့ပြီး အဖြေများကို ၁၈၅၇ ခုနှစ်ထုတ် နာမ်ဝိညာဉ်များဆိုင်ရာစာအုပ် တွင်မှတ်တမ်းတင်ခဲ့သည်။ သူရေးသားခဲ့သည့် အခြားစာအုပ်နှစ်အုပ်မှာ နတ်ဝင်သည်များစာအုပ် နှင့် နတ်ဝိဇ္ဇာပညာအရ အမှန်တရား တို့ဖြစ်သည်။
နတ်ဝိဇ္ဇာပညာသည် ဝူးဒူး၊ စုန်းကဝေအတတ်၊ သဘာဝထက်ထူးကဲသောပညာရပ် သို့မဟုတ် စာတန်ဝါဒတို့ကဲ့သို့သော ဘာသာရေးအလေ့အထများနှင့် ဆက်နွှယ်လျက်ရှိသည်။ သို့ရာတွင် အဲလ်လန် ကားဒက်၏သွန်သင်ချက်တို့ကို လိုက်ကြသူများက သူတို့၏ယုံကြည်ချက်မှာ ကွဲပြားခြားနားသည်ဟုဆိုကြသည်။ သူတို့၏စာပေများသည် သမ္မာကျမ်းစာကို မကြာခဏကိုးကားလေ့ရှိပြီး ယေရှုကို “လူခပ်သိမ်းတို့၏ လမ်းပြနှင့် စံနမူနာ” အဖြစ်ရည်ညွှန်းကြသည်။ ယေရှု၏သွန်သင်ချက်များသည် “မြင့်မြတ်သောပညတ်တရား၏ အစင်ကြယ်ဆုံးဖော်ပြချက်” ဖြစ်သည်ဟု သူတို့ဆိုကြသည်။ အဲလ်လန် ကားဒက် က နတ်ဝိဇ္ဇာပညာဆိုင်ရာ ရေးသားချက်များကို လူသားတို့အတွက် ဘုရားသခင့်ပညတ်တရား၏ တတိယဖွင့်ပြချက်အဖြစ် ရှုမြင်၏၊ ပထမနှစ်ခုမှာ မောရှေ၏သွန်သင်ချက်များနှင့် ယေရှု၏သွန်သင်ချက်များဖြစ်သည်ဟုဆို၏။
နတ်ဝိဇ္ဇာပညာသည် ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ခြင်းနှင့် ကောင်းမှုပြုခြင်းကို ယင်းက ပေါ်လွင်စေသောကြောင့် လူများစွာကြိုက်နှစ်သက်ကြသည်။ နတ်ဝိဇ္ဇာပညာခံယူချက်တစ်ခုကား ဤသို့– “ကောင်းမှုမပြုပါက ကယ်တင်ခြင်းမရှိ။” နတ်ဝိဇ္ဇာပညာသည်အများသည် လူမှုရေးလုပ်ငန်း၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် အခြားလူမှုအဖွဲ့အစည်းများကို မြေတောင်မြှောက်ပေးခြင်းတွင် တက်ကြွစွာပါဝင်ကြသည်။ ထိုသို့သောကြိုးစားမှုများသည် ချီးမွမ်းဖွယ်ဖြစ်ပါသည်။ သို့သော် နတ်ဝိဇ္ဇာပညာဆိုင်ရာခံယူချက်များကို သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသော ယေရှု၏သွန်သင်ချက်များနှင့် နှိုင်းယှဉ်လိုက်သော် မည်သို့နည်း။ ဥပမာနှစ်ခုကို ကြည့်ကြစို့– ၎င်းမှာ သေလွန်သူတို့အတွက် မျှော်လင့်ချက်နှင့် ဆင်းရဲခံရသည့်အကြောင်းရင်းတို့ဖြစ်သည်။
သေလွန်သူတို့အတွက် မျှော်လင့်ချက်ကား အဘယ်နည်း
နတ်ဝိဇ္ဇာပညာသည်များစွာတို့သည် ပြန်ဝင်စားခြင်းကို ယုံကြည်ကြသည်။ နတ်ဝိဇ္ဇာပညာဆိုင်ရာ စာပေတစ်ခုက ဤသို့ဖော်ပြသည်– “မြင့်မြတ်သော တရားမျှတခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အယူအဆနှင့်ကိုက်ညီသည့် တစ်ခုတည်းသော အယူဝါဒမှာ ပြန်ဝင်စားခြင်းဖြစ်သည်; ၎င်းသည် အနာဂတ်ကိုရှင်းပြပေးနိုင်ပြီး ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ခိုင်ခံ့စေသည့် တစ်ခုတည်းသောအယူဝါဒဖြစ်သည်။” နတ်ဝိဇ္ဇာပညာသည်များက လူသေသောခါ စိုးလ်၊ သို့မဟုတ် “ပြန်ဝင်စားသော ဝိညာဉ်စပီးရစ်” သည် ပိုးတုံးလုံးမှ လိပ်ပြာတစ်ကောင်ထွက်လာသည့်ပမာ ခန္ဓာကိုယ်ကိုစွန့်ခွာသည်ဟူ၍ ရှင်းပြကြသည်။ ဤဝိညာဉ်များသည် အရင်ဘဝက အပြစ်များကို ဆေးကြောရန်အတွက် လူသားများအဖြစ် ပြန်ဝင်စားလာကြသည်ဟု ယုံကြည်ကြ၏။ သို့သော် ယခင်ကပြုခဲ့ဖူးသောအပြစ်များကို သူတို့ပြန်အမှတ်မရကြချေ။ “အတိတ်ကို ပြည်ဖုံးကားချရန် လျောက်ပတ်သည်ဟု ဘုရားသခင်ယူမှတ်သည်” ဟူ၍ နတ်ဝိဇ္ဇာပညာအရ အမှန်တရားစာအုပ်ကဆို၏။
“ပြန်ဝင်စားခြင်းကို ငြင်းပယ်ခြင်းသည် ခရစ်တော်၏စကားကိုလည်း ငြင်းပယ်ရာရောက်သည်” ဟုအဲလ်လန် ကားဒက်က ရေးသားခဲ့သည်။ သို့သော် ယေရှုသည် “ပြန်ဝင်စားခြင်း” ဟူသောစကားလုံးကို ဘယ်သောအခါမျှ မမိန့်မြွက်ခဲ့ချေ၊ ထိုသို့သောအယူအဆကိုလည်း ဘယ်သောအခါကမျှ မဖော်ပြခဲ့ပါ။ (“သမ္မာကျမ်းစာသည် ပြန်ဝင်စားခြင်းကို သွန်သင်သလော” စာမျက်နှာ ၂၂ ကိုရှု။) ယင်းအစား၊ ယေရှုသည် သေလွန်သူတို့၏ထမြောက်ခြင်းအကြောင်းကို သွန်သင်ပေးခဲ့သည်။ ကိုယ်တော်၏မြေကြီးဆိုင်ရာ အမှုတော်ဆောင်ချိန်အတွင်း လူပုဂ္ဂိုလ်သုံးဦး—နာဣနမြို့မှ မုဆိုးမ၏သား၊ တရားဇရပ်မှူး၏သမီးနှင့် သူ၏ ရင်းနှီးသောမိတ်ဆွေ လာဇရု—ကိုထမြောက်စေတော်မူခဲ့သည်။ (မာကု ၅:၂၂-၂၄၊ ၃၅-၄၃; လုကာ ၇:၁၁-၁၅; ယောဟန် ၁၁:၁-၄၄) ထိုမှတ်သားဖွယ်အဖြစ်အပျက်များမှ တစ်ခုကိုသုံးသပ်ကာ “ရှင်ပြန်ထမြောက်ခြင်း” ဟုဆိုရာတွင် အဘယ်အရာကို ယေရှုဆိုလိုကြောင်း ကြည့်ကြစို့။
လာဇရု၏ရှင်ပြန်ထမြောက်ခြင်း
ယေရှုသည် မိမိ၏အဆွေ လာဇရုဖျားနေကြောင်း ကြားတော်မူ၏။ နှစ်ရက်ကြာပြီးနောက် တပည့်များကို ဤသို့မိန့်ဆိုခဲ့သည်– “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်။” ယေရှုအဘယ်အရာကိုဆိုလိုကြောင်း တပည့်တော်များနားမလည်ခဲ့ကြသဖြင့် ရှင်းလင်းစွာ ဤသို့မိန့်ဆိုလေသည်– “လာဇရုသေပြီ။” နောက်ဆုံးတွင် ယေရှုသည် လာဇရု၏သင်္ချိုင်းသို့ရောက်သွားသောအခါ ထိုသူ သေနေသည်မှာ လေးရက်ရှိနေပေပြီ။ သို့တိုင် သင်္ချိုင်းအဝင်ဝကိုပိတ်ထားသောကျောက်တုံးကို ရွှေ့လိုက်ရန် ယေရှုအမိန့်ပေးလိုက်သည်။ ထို့နောက် “လာဇရု ထွက်၍လာလော့!” ဟုဟစ်ခေါ်တော်မူ၏။ သို့နှင့် အံ့ဖွယ်ရာတစ်ခုဖြစ်ပျက်ခဲ့သည်။ “သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပဝါနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း၊ ‘သူ့ကိုဖြေ၍လွှတ်ကြလော့’ ဟု မိန့်တော်မူ၏။”—ယောဟန် ၁၁:၅၊ ၆၊ ၁၁-၁၄၊ ၄၃၊ ၄၄။
ယင်းသည် ပြန်ဝင်စားခြင်းမဟုတ်သည်မှာ ရှင်းနေပါသည်။ ယေရှုက သေသွားသောလာဇရုသည် အိပ်ပျော်နေကြောင်း၊ အသိစိတ်မရှိကြောင်း မိန့်ဆိုခဲ့သည်။ သမ္မာကျမ်းစာဖော်ပြသည့်အတိုင်း ‘သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။’ သူသည် “အဘယ်အရာကိုမျှမသိ။” (ဆာလံ ၁၄၆:၄; ဒေ. ၉:၅) ရှင်ပြန်ထမြောက်ခံရသော လာဇရုသည် ဝိညာဉ်ပြန်ဝင်စားသည့် အခြားလူပုဂ္ဂိုလ်တစ်ဦးမဟုတ်ချေ။ သူသည် ထပ်တူအသက်အရွယ်၊ ထပ်တူမှတ်ဉာဏ်နှင့် ထပ်တူဥပဓိရုပ်ရှိသူဖြစ်သည်။ သူသည် အချိန်မတန်ဘဲ အသက်ကြွေခဲ့ရသည့်အချိန်မတိုင်မီ အသက်တာဘဝမျိုးကိုပြန်ဆက်ကာ သူ့သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးခဲ့ကြသည့် ချစ်မြတ်နိုးရသူများထံ ပြန်သွားခဲ့သည်။—ယောဟန် ၁၂:၁၊ ၂။
နောက်ပိုင်းတွင် လာဇရုပြန်သေဆုံးသွားသည်။ သို့ဖြစ်လျှင် အဘယ်ရည်ရွယ်ချက်အတွက် သူထမြောက်ခဲ့သနည်း။ ယေရှုပြုလုပ်ခဲ့သည့် အခြားရှင်ပြန်ထမြောက်ခြင်းများနှင့်အတူ ၎င်းက ဘုရားသခင်သတ်မှတ်ထားချိန်တွင် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များကို သေခြင်းမှထမြောက်စေလိမ့်မည်ဟူသော ဘုရားသခင့်ကတိတော်အပေါ် ယုံကြည်စိတ်ချမှုတိုးပွားစေသည်။ ယေရှု၏၎င်းအံ့ဖွယ်အမှုများက ကိုယ်တော်၏ ဤစကားများကို ပို၍အလေးသာစေ၏– “ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။”—ယောဟန် ၁၁:၂၅။
ထိုအနာဂတ်ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) လာဇရုအဖြစ်၌ကဲ့သို့ သေလွန်သူတို့၏ထမြောက်ခြင်းလည်း ဖြစ်ပျက်ပါလိမ့်မည်။ ၎င်းသည် ပျက်စီးယိုယွင်းခဲ့ပြီး၍ အခြားသက်ရှိဇီဝရုပ်များတွင်ပင် ပါဝင်သွားခဲ့သော ထမြောက်ခံရသည့်ခန္ဓာကိုယ်များနှင့် အသိစိတ်ရှိနာမ်ဝိညာဉ်များ ပြန်ပေါင်းစပ်ခြင်းဖြင့် ဖြစ်မည်မဟုတ်ပါ။ သေလွန်သူတို့ကိုထမြောက်စေခြင်းသည် အတိုင်းအဆမဲ့ ဉာဏ်ပညာနှင့် တန်ခိုးရှိတော်မူသော ကောင်းကင်မြေကြီးဖန်ဆင်းရှင်၏ စွမ်းဆောင်နိုင်သည့်အမှုဖြစ်သည်။
ယေရှုခရစ်သင်ကြားပေးခဲ့သော ရှင်ပြန်ထမြောက်ခြင်းအယူဝါဒက တစ်ဦးချင်းစီကိုချစ်တော်မူသည့် ဘုရားသခင်၏နက်ရှိုင်းသောမေတ္တာတော်ကိုဖော်ပြသည် မဟုတ်ပေလော။ သို့သော် အစောပိုင်းကဖော်ပြခဲ့သည့် ဒုတိယမေးခွန်းနှင့်ပတ်သက်၍ကော မည်သို့နည်း။
ဆင်းရဲခံရသည့်အကြောင်းရင်းကား အဘယ်နည်း
ဉာဏ်ပညာမရှိ၊ အတွေ့အကြုံနည်းသော သို့မဟုတ် ဆိုးသွမ်းသောလူတို့၏လုပ်ဆောင်ချက်တို့ကြောင့် လူများစွာတို့သည် ဆင်းရဲခံရကြ၏။ သို့သော် လူကိုအပြစ်ပုံချ၍မရသော ကြေကွဲဖွယ်အဖြစ်အပျက်များနှင့်ပတ်သက်၍ကော မည်သို့နည်း။ ဥပမာ၊ မတော်တဆဖြစ်မှုများနှင့် သဘာဝဘေးအန္တရာယ်များ အဘယ်ကြောင့် ကျရောက်ရသနည်း။ ကလေးငယ်အချို့သည် မွေးရာပါချွတ်ယွင်းချက်များဖြင့် အဘယ်ကြောင့် မွေးဖွားလာကြရသနည်း။ အဲလ်လန်ကားဒက်သည် ထိုသို့သောအရာများကို ပြစ်ဒဏ်များအဖြစ်ရှုမြင်၏။ သူက ဤသို့ရေးသားခဲ့သည်– “ကျွန်ုပ်တို့သည် အပြစ်ပေးခံနေရလျှင် အမှားကျူးလွန်ခဲ့ကြ၍ဖြစ်သည်။ ထိုအမှားသည် လက်ရှိအသက်တာတွင်ပြုသော အမှားမဟုတ်ပါက ယခင်ဘဝမှဖြစ်ရမည်။” နတ်ဝိဇ္ဇာပညာသည်များသည် ဤသို့သင်ကြားခံရကြ၏– “သခင်၊ ကိုယ်တော်သည် အရာရာ၌တရားမျှတပါ၏။ အကျွန်ုပ်အား ခံစေသည့်ရောဂါသည် အကျွန်ုပ်နှင့်ထိုက်တန်၍ဖြစ်ပါ၏ . . . ၎င်းကို အကျွန်ုပ်၏အတိတ်ဘဝအတွက် ပြစ်ဒဏ်အဖြစ်လည်းကောင်း၊ ကိုယ်တော်၏အလိုတော်ကို အကျွန်ုပ်ယုံကြည်၍ လက်အောက်ခံသည့် သက်သေအထောက်အထားအဖြစ် အကျွန်ုပ်လက်ခံပါမည်။”—နတ်ဝိဇ္ဇာပညာအရ အမှန်တရား။
ထိုသို့ ယေရှုသွန်သင်ခဲ့ပါသလော။ မသွန်သင်ခဲ့ပါ။ ဤကျမ်းချက်ကို ယေရှုကောင်းစွာသိထားသည်– “ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း [“အချိန်နှင့် ကြိုတင်မမြင်ရသောအမှု၊” ကဘ] ဖြစ်တတ်သည်။” (ဒေ. ၉:၁၁) ရံဖန်ရံခါ ဆိုးဝါးသည့်အရာများ ဖြစ်ပျက်တတ်ကြောင်း ကိုယ်တော်သိရှိတော်မူ၏။ အပြစ်အတွက် ဒဏ်ခံရခြင်းဖြစ်စရာမလိုချေ။
ယေရှု၏အသက်တာတွင် ဖြစ်ခဲ့သော ဤအဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ– “လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူတစ်ယောက်ကို [ယေရှု] တွေ့မြင်တော်မူ၏။ တပည့်တော်တို့က၊ ‘အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့်ကန်းသလော။ မိဘအပြစ်ကြောင့်ကန်းသလော’ ဟု မေးလျှောက်ကြ၏။” ယေရှု၏အဖြေသည် အလွန်မှတ်သားထိုက်ပေသည်– “ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်းမဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။ မြေပေါ်မှာထွေး၍ တံတွေးနှင့်ရွှံ့လုပ်ပြီးမှ၊ ကန်းသောသူ၏မျက်စိကိုရွှံ့နှင့်လူး၍၊ ‘သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကိုဆေးလော့’ ဟု မိန့်တော်မူ၏။ . . . ထိုသူသည်သွား၍ဆေးပြီးမှ၊ မျက်စိမြင်လျက်ပြန်လေ၏။”—ယောဟန် ၉:၁-၃၊ ၆၊ ၇။
ထိုသူ၏မွေးရာပါမျက်စိကန်းမှုသည် ထိုသူကြောင့်လည်းကောင်း၊ မိဘတို့ကြောင့်လည်းကောင်း မဟုတ်ကြောင်း ယေရှု၏စကားများက ဖော်ပြသည်။ ထို့ကြောင့် ယခင်ဘဝတွင် ကျူးလွန်ခဲ့သောအပြစ်အတွက် ပြစ်ဒဏ်ခံနေရသည်ဟူသော အယူအဆကို ယေရှုမထောက်ခံပါ။ မှန်ပါသည်၊ လူသားအားလုံးသည် အပြစ်၏အမွေကိုခံရကြကြောင်း ယေရှုသိတော်မူ၏။ သို့သော် သူတို့မမွေးမီက ကျူးလွန်ခဲ့သည့်အပြစ်မဟုတ်ဘဲ အာဒံ၏အပြစ်ကိုအမွေရကြခြင်းဖြစ်သည်။ အာဒံ၏အပြစ်ကြောင့် လူသားအားလုံးသည် ကိုယ်ကာယမစုံလင်မှုဖြင့် မွေးဖွားလာကြပြီး ဖျားနာ၊ သေဆုံးကြရသည်။ (ယောဘ ၁၄:၄; ဆာလံ ၅၁:၅; ရောမ ၅:၁၂; ၉:၁၁) အမှန်မှာ ထိုအခြေအနေကို ပြန်ကုစားရန် ယေရှုစေလွှတ်ခံရခြင်းဖြစ်သည်။ နှစ်ခြင်းဆရာယောဟန်က ယေရှုသည် “ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်” ဖြစ်သည်ဟု ဆိုခဲ့သည်။—ယောဟန် ၁:၂၉။a
တစ်နေ့နေ့တွင် ယေရှုကြွလာကာ ကုသပေးနိုင်ရန်အတွက် ဘုရားသခင်သည် ထိုသူအား မျက်ကန်းအဖြစ် တမင်တကာမွေးလာစေသည်ဟု ယေရှုမပြောဆိုခဲ့ကြောင်းကိုလည်း သတိပြုပါ။ ထိုသို့သာဆိုလျှင် အလွန်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်ပါမည်တကား! သို့ဖြစ်ခဲ့လျှင် ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေမည်လော။ ဖြစ်စေမည်မဟုတ်။ ယင်းအစား မျက်စိကန်းသူကို အံ့ဖွယ်နည်းဖြင့်ကုသပေးခဲ့ခြင်းက ‘ဘုရားသခင်၏အမှုတော်ကို ထင်ရှားစေ၏။’ ယေရှုပြုလုပ်ခဲ့သည့် များစွာသော အခြားကုသမှုများနည်းတူ ယင်းသည် ဆင်းရဲခံနေရသော လူသားထုအတွက် ဘုရားသခင်၏ဖြူစင်သောမေတ္တာတော်ကို ပေါ်လွင်စေကာ ကိုယ်တော်သတ်မှတ်ထားသည့်အချိန်တွင် လူသားအပေါင်း၏ဖျားနာမှုနှင့် ဆင်းရဲခြင်းကို အဆုံးတိုင်စေမည်ဟူသော ကိုယ်တော့်ကတိတော်အပေါ် ယုံကြည်စိတ်ချထိုက်မှုကို ထောက်ခံသည်။—ဟေရှာယ ၃၃:၂၄။
ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ဆင်းရဲခြင်းကိုဖြစ်ပေါ်စေမည့်အစား “ဆုတောင်းသောသူတို့အား ကောင်းသောအရာကို” ပေးကြောင်းသိရှိရခြင်းသည် နှစ်သိမ့်မှုပေးသည်မဟုတ်ပေလော။ (မဿဲ ၇:၁၁) မျက်စိကန်းသူများပြန်မြင်ကာ နားပင်းသူများနားကြားလျက် ခြေဆွံ့သူများ လမ်းလျှောက်၊ ကခုန်ပြေးလွှားကြသောအခါ အကြီးမြတ်ဆုံးအရှင်၏ဘုန်းအသရေမှာ ထင်ရှားလိုက်မည်ဖြစ်ခြင်း!—ဟေရှာယ ၃၅:၅၊ ၆။
ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်း
ယေရှုက ဤသို့ကြေညာခဲ့သည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (မဿဲ ၄:၄) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင့်စကားတော်၊ သမ္မာကျမ်းစာကိုဖတ်ရှုကြကာ ၎င်းနှင့်အညီ အသက်ရှင်နေထိုင်ကြသည့်အခါ ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းခံရသည်။ နတ်ဝင်သည်များနှင့် တိုင်ပင်နှီးနှောခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာတို့ကို အမှန်တကယ်ဖြည့်ဆည်းမပေးနိုင်ပါ။ အမှန်မှာ ထိုသို့သောလုပ်ရပ်ကို ဘုရားသခင်၏ ပညတ်တရားဆိုင်ရာ ပထမဦးဆုံးဖွင့်ပြချက်အဖြစ် အဲလ်လန် ကားဒက် ရည်ညွှန်းခဲ့သည့်ကျမ်းတွင် ရှင်းလင်းပြတ်သားစွာ ပြစ်တင်ရှုတ်ချထားသည်။—တရားဟောရာ ၁၈:၁၀-၁၃။
နတ်ဝိဇ္ဇာပညာသည်များအပါအဝင် လူများစွာသည် ဘုရားသခင်အား အမြင့်မြတ်ဆုံးအရှင်၊ ထာဝရဖြစ်၍ အတိုင်းမသိ စုံလင်သော၊ ကြင်နာသော၊ ကောင်းမြတ်သော၊ တရားမျှတသောအရှင်အဖြစ် အသိအမှတ်ပြုကြသည်။ သို့သော် သမ္မာကျမ်းစာက ထိုထက်မက ဖော်ပြသည်။ ကိုယ်တော်၌ကိုယ်ပိုင်အမည်နာမရှိ၍ ၎င်းမှာ ယေဟောဝါဖြစ်ကြောင်း၊ ယေရှုကဲ့သို့ ကျွန်ုပ်တို့လည်း ၎င်းကိုဂုဏ်တင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (မဿဲ ၆:၉; ယောဟန် ၁၇:၆) ဘုရားသခင်သည် လူသားများ ရင်းနှီးစွာဆက်ဆံနိုင်သည့် တကယ်တည်ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ၎င်းက ပုံဖော်ထားသည်။ (ရောမ ၈:၃၈၊ ၃၉) သမ္မာကျမ်းစာကိုဖတ်ရှုသည့်အခါ ဘုရားသခင်သည် ကရုဏာရှင်ဖြစ်ကာ “ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ဒုစရိုက် [မကောင်းမှု] ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်” ကြောင်းသိရှိရသည်။ (ဆာလံ ၁၀၃:၁၀) ကိုယ်တော်၏ ရေးသားထားသော စကားတော်အားဖြင့် ပိုင်သအုပ်စိုးရှင်ယေဟောဝါသည် မိမိ၏မေတ္တာတော်၊ အမြင့်မြတ်ဆုံးအရှင်ဖြစ်မှုနှင့် အကျိုးသင့်အကြောင်းသင့်ဖြစ်မှုတို့ကို ဖော်ပြသည်။ ကိုယ်တော်သည် နာခံမှုရှိသောလူသားများကို လမ်းပြသည့်အရှင်၊ ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ယေဟောဝါနှင့် သားတော်ယေရှုခရစ်ကိုသိကျွမ်းခြင်းသည် “ထာဝရအသက်ဟူ [၏]။”—ယောဟန် ၁၇:၃။
သမ္မာကျမ်းစာသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိသင့်သိအပ်သည့်အရာအားလုံးကို ဖော်ပြပေးသည်၊ ထို့ပြင် ကိုယ်တော့်အလိုတော်နှင့်တွေ့လိုပါက အဘယ်အရာပြုလုပ်ရမည်ကို ဖော်ပြထားသည်။ သမ္မာကျမ်းစာကို ဂရုတစိုက်ကြည့်ရှုလေ့လာခြင်းက ကျွန်ုပ်တို့မေးခွန်းများကို မှန်ကန်စွာနှင့် ကျေနပ်လောက်အောင် ဖြေကြားပေးသည်။ ထို့ပြင် သမ္မာကျမ်းစာသည် အမှားအမှန်ကိုလည်း ပြသပေးကာ ခိုင်ခံ့သောမျှော်လင့်ချက်ရှိစေသည်။ နီးကပ်သောအနာဂတ်တွင် ဘုရားသခင်သည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွား” လိမ့်မည်ဖြစ်ကြောင်း စိတ်ချစေသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) ယေရှုခရစ်အားဖြင့် လူတို့သည် အပြစ်နှင့် မစုံလင်မှုအမွေမှ လွတ်မြောက်ပြီး နာခံမှုရှိသောလူသားများသည် ပရဒိသုမြေကြီးပေါ်တွင် ထာဝရအသက်အမွေကို ယေဟောဝါ ရရှိစေပါလိမ့်မည်။ ထိုအခါ သူတို့၏ကာယနှင့် ဝိညာဉ်ရေးလိုအပ်ရာများသည် အပြည့်အဝဖြည့်ဆည်းခံရပါလိမ့်မည်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; သု. ၂:၂၁၊ ၂၂; မဿဲ ၅:၅။
[အောက်ခြေမှတ်ချက်များ]
a အပြစ်နှင့် သေခြင်းဖြစ်ပေါ်လာပုံ ဆွေးနွေးချက်အတွက် ယေဟောဝါသက်သေများ ထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာ စာအုပ် အခန်း ၆ ကိုရှု။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]
ပြန်ဝင်စားခြင်းကို သမ္မာကျမ်းစာ သွန်သင်ပါသလော
ပြန်ဝင်စားခြင်းအယူဝါဒကို ထောက်ခံသည့် ကျမ်းချက်တစ်စုံတစ်ရာရှိပါသလော။ ဤအယူဝါဒကိုယုံကြည်ကြသူများ အသုံးပြုကြသည့် ကျမ်းချက်အချို့ကို သုံးသပ်ကြည့်ပါ–
“ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းရှိသမျှတို့သည် ဆုံးမ [သွန်သင်] ပေးကြ၏။ . . . ဤသူကား ‘လာလတ္တံ့သောဧလိယဖြစ်သတည်း။’”—မဿဲ ၁၁:၁၃၊ ၁၄။
နှစ်ခြင်းဆရာယောဟန်သည် ပြန်၍မွေးဖွားခံရသော ဧလိယလော။ “သင်သည် . . . ဧလိယဖြစ်သလော” ဟုအမေးခံရသည့်အခါ ယောဟန်က “ငါသည် ဧလိယမဟုတ်” ဟုရှင်းလင်းစွာဖြေကြားခဲ့သည်။ (ယောဟန် ၁:၂၁) သို့ရာတွင် ယောဟန်သည် “ဧလိယ၏စိတ်ဝိညာဉ်တန်ခိုးနှင့်ပြည့်စုံလျက်” မေရှိယထက် အလျင်ကျလိမ့်မည်ဟု တင်ကူးဟောထားသည်။ (လုကာ ၁:၁၇; မာလခိ ၄:၅၊ ၆) တစ်နည်းအားဖြင့်ဆိုရသော် နှစ်ခြင်းဆရာယောဟန်သည် ဧလိယ၏အလုပ်နှင့်ဆင်တူသောတာဝန်ကို ထမ်းဆောင်ခဲ့ရာ ထိုသဘောအရ ဧလိယဖြစ်ခဲ့သည်။
“ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ . . . ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြောသည်ကိုအံ့သြခြင်းမရှိနှင့်။”—ယောဟန် ၃:၃၊ ၇။
တမန်တော်တစ်ပါးက နောက်ပိုင်းတွင် ဤသို့ရေးသားခဲ့သည်– “ယေရှုခရစ်ကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တစ်ဖန်ဖြစ်ပွား [“အသစ်မွေးဖွား၊” စံတင်ဘာသာပြန်ကျမ်း] စေတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။” (၁ ပေတရု ၁:၃၊ ၄; ယောဟန် ၁:၁၂၊ ၁၃) ရှင်းနေသည်ကား ထိုတွင် ယေရှုရည်ညွှန်းသော ပြန်မွေးဖွားခြင်းသည် ကိုယ်တော့်နောက်လိုက်များ အသက်ရှင်ဆဲအချိန်တွင်ဖြစ်ပျက်သော ဝိညာဉ်ရေးအတွေ့အကြုံဖြစ်သည်၊ အနာဂတ်ပြန်ဝင်စားခြင်းမဟုတ်ပေ။
“လူတစ်ဦးသေဆုံးသောအခါ သူသည် ထာဝစဉ်အသက်ရှင်သည်– ကျွန်ုပ်၏ မြေကြီးပေါ်နေရသော နေ့ရက်များကုန်ဆုံးသောအခါ နောက်ထပ်ပြန်လာမည်ကို ရှုမျှော်လျက် စောင့်နေပါမည်။”—နတ်ဆိုးပညာအရ အမှန်တရား တွင်ကိုးကားထားသော ယောဘ ၁၄:၁၄ ၏ “ဂရိဘာသာပြန်ဆိုချက်တစ်ခု။”
ဤကျမ်းချက်ကို စံတင်ဘာသာပြန်ကျမ်းက ဤသို့ပြန်ဆိုထားသည်– “လူတစ်ဦးသေလျှင် ပြန်ရှင်လိမ့်မည်လော။ အကျွန်ုပ်လွတ်မြောက်သည့်တိုင်အောင် အမှုထမ်းရသောနေ့ရက်ကာလတစ်လျှောက် စောင့်နေပါမည်။” ကျမ်းချက်၏ရှေ့နောက်စကားကို ဖတ်ပါလေ။ သေလွန်သူတို့သည် “လွတ်မြောက်မှု” အတွက် သင်္ချိုင်းတွင်းမှာ စောင့်နေကြကြောင်း တွေ့ရပါလိမ့်မည်။ (အခန်းငယ် ၁၃) စောင့်မျှော်နေကြစဉ် သူတို့မတည်ရှိကြချေ။ “သေလွန်သူသည် လုံးလုံးမရှိတော့ပေ; လူသေသောအခါ မတည်ရှိတော့ပေ။”—ယောဘ ၁၄:၁၀၊ ဘက်စတား၏ စက်ပ်တွားဂျင့် ဘာသာပြန်ကျမ်း။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဘုရားသခင် နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားတော်မူကြောင်း ဖော်ပြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘုရားသခင်သည် လူသား၏ ဆင်းရဲခြင်းအားလုံးကို အဆုံးတိုင်စေပါလိမ့်မည်