အခန်း ၂၀
ကာနမြို့တွင်ပြုတော်မူသည့် ဒုတိယအံ့ဖွယ်အမှု
ယုဒနယ်တစ်ခွင်ဟောပြောပြီးနောက် နေရင်းအရပ်သို့ယေရှုပြန်ခြင်းက အနားယူရန်မဟုတ်။ ကြီးပြင်းတော်မူရာဂါလိလဲနယ်တွင် သာ၍ကြီးကျယ်သော ဓမ္မအမှုကိုစတင်သည်။ တပည့်များမူ ယေရှုနှင့်အတူနေကြမည့်အစား မိမိတို့မိသားစုထံပြန်၍ ယခင်လုပ်ငန်းကိုပြန်လုပ်ကြ၏။
ယေရှုအဘယ်သတင်းကိုစတင်ဟောသနည်း။ “ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့” ဟူသောသတင်းပင်။ မည်သို့တုံ့ပြန်ကြသနည်း။ ဂါလိလဲအမျိုးသားတို့ ယေရှုကိုဂုဏ်ပြုလက်ခံကြ၏။ သို့သော်အဓိကမှာ ဟောပြောသောသတင်းစကားကြောင့်မဟုတ်ဘဲ အတန်ကြာက ယေရုရှလင်မြို့တွင်ပသခါပွဲ၌ ကိုယ်တော်ပြုသောအံ့ဖွယ်နိမိတ်လက္ခဏာများကို သူတို့တွေ့မြင်ခြင်းကြောင့်ဖြစ်သည်။
ယေရှုသည်ဂါလိလဲနယ်ဓမ္မအမှုကိုကာနမြို့တွင် စတင်ဟန်တူသည်။ ယခင်က ယုဒပြည်နယ်မှအပြန် မင်္ဂလာပွဲတစ်ခု၌ ရေကိုစပျစ်ရည်ဖြစ်စေခဲ့သည်ကို သင်သတိရပေမည်။ ယခုဒုတိယအကြိမ်တွင် ဟေရုဒ်အန္တပမင်း၏ အရာရှိတစ်ယောက်၏သား အသည်းအသန်ဖျားနေ၏။ ယုဒပြည်နယ်မှ ကာနမြို့သို့ ယေရှုကြွလာကြောင်းကြားသော် ထိုအရာရှိသည်ယေရှုကိုရှာရန် မိမိနေထိုင်ရာကပေရနောင်မြို့မှ ကာနမြို့သို့ခရီးနှင်လေသည်။ တွေ့သောအခါ ကြေကွဲဝမ်းနည်းစွာဖြင့် “သခင်၊ အကျွန်ုပ်သားမသေမီ ကြွတော်မူပါ” ဟုတောင်းပန်၏။
ယေရှုက “သွားလော့၊ သင်၏သားသည်အသက်ချမ်းသာရပြီ” ဟုမိန့်တော်မူ၏။ အရာရှိသည် ယေရှု၏စကားကိုယုံကြည်၍ အိမ်သို့ခရီးရှည်နှင်လာ၏။ လမ်းခုလတ်တွင် မိမိကျွန်များက သူ့သားပြန်ကျန်းမာပြီဖြစ်ကြောင်း သုတ်ခြေတင်လာပြောကြ၏။ “အဘယ်အချိန်၌သက်သာခြင်းသို့ရောက်သနည်း” ဟုသူမေး၏။
‘မနေ့ကမွန်းလွဲတစ်နာရီ’ ဟုဖြေကြသည်။
“သင်၏သားသည် အသက်ချမ်းသာရပြီ” ဟုယေရှုမိန့်တော်မူခဲ့သည်အချိန်ဖြစ်ကြောင်း သူသတိပြုမိသည်။ သို့ဖြင့်သူနှင့်သူ့အိမ်သားအားလုံး ခရစ်တော်တပည့်များဖြစ်လာကြ၏။
ယုဒမြို့မှယေရှုပြန်လာပြီး၍ နှစ်ကြိမ်တိုင်တိုင် အံ့ဖွယ်အမှုပြုသည့်နေရာမှာ ကာနမြို့ဖြစ်သည်။ ဤအချိန်တိုင် ဤအံ့ဖွယ်အမှုနှစ်ခုမျှသာ ယေရှုပြုသည်မဟုတ်။ သို့သော်ယေရှုဂါလိလဲနယ်သို့ ပြန်လာချိန်ကို အမှတ်တရဖြစ်စေသဖြင့် ယင်းအံ့ဖွယ်အမှုများသည် ထူးခြားသည်။
ယခုမိမိနေအိမ်နာဇရက်မြို့သို့ ယေရှုဦးတည်သွားသည်။ ဘာဖြစ်ပျက်မည်နည်း။ ယောဟန် ၄:၄၃-၅၄။ မာကု ၁:၁၄၊ ၁၅။ လုကာ ၄:၁၄၊ ၁၅။
▪ ဂါလိလဲပြည်သို့ယေရှုပြန်သော် တပည့်များမည်သို့ပြုကြသနည်း။ ကိုယ်တော်ကိုဂါလိလဲပြည်သားများ မည်သို့လက်ခံကြသနည်း။
▪ အဘယ်အံ့ဖွယ်အမှုကို ယေရှုပြုတော်မူသနည်း။ ယင်းကသက်ဆိုင်သူတို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။
▪ ကာနမြို့သည် ယေရှု၏မျက်နှာသာပေးခြင်းကို မည်သို့ခံရသနည်း။