အခန်း ၅၇
ဆင်းရဲဒုက္ခခံရသူများကို ကြင်နာခြင်း
ကိုယ်ကျိုးရှာထုံးစံဓလေ့များလိုက်သူ ဖာရိရှဲများကို ယေရှုပြစ်တင်ရှုတ်ချပြီးနောက် တပည့်တော်များနှင့်အတူ ထွက်ခွာသွားတော့သည်။ ခေတ္တအနားယူရန်ကြိုးစားသော်လည်း လူအုပ်ကြီးနှင့်ပက်ပင်းတိုးသဖြင့် မနားရကြောင်း သတိရကြသည်။ ယခုတပည့်များနှင့်အတူ မြောက်ဘက်မိုင်ပေါင်းများစွာ ဝေးသောတုရုနှင့် ဇိဒုန်မြို့နယ်ဒေသသို့ သွားလေသည်။ ဣသရေလနယ်မှကျော်ပြီး တပည့်များနှင့်ယေရှုခရီးသွားခြင်းမှာ ဤတစ်ကြိမ်သာ ဖြစ်သည်။
တည်းခိုရန် အိမ်တစ်အိမ်တွေ့ရှိပြီးနောက် မိမိတို့တည်းနေရာကို မည်သူမျှမသိစေလိုကြောင်း ယေရှုမိန့်တော်မူသည်။ သို့သော်ဣသရေလမဟုတ်သော ဤရပ်နယ်ဒေသ၌ပင် ကိုယ်တော်ပုန်းရှောင်၍မလွှတ်။ ရှုရိပြည် ဖိနိတ်အရပ်၌ မွေးဖွားသောဂရိအမျိုးသမီးတစ်ဦးသည် ကိုယ်တော်ကိုရှာတွေ့ကာ ဤသို့တောင်းပန်လေသည်။ “ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်။” သို့သော်ယေရှု စကားတစ်ခွန်းမျှပြန်မဟ။
နောက်ဆုံးတွင် တပည့်များက “ထိုမိန်းမအားပြန်ခိုင်းပါ။ အကျွန်ုပ်တို့နောက်လိုက်၍ ဟစ်ကျော်လျက်နေသည်” ဟုယေရှုအားဆိုသည်။ သူမကို လျစ်လျူရှုရသည့်အကြောင်း ယေရှုဤသို့ရှင်းပြသည်။ “ဣသရေလအမျိုးဝင် ပျောက်လွင့်သောသိုးများမှတစ်ပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေမလွှတ်။”
သို့သော် အမျိုးသမီး လက်မလျှော့ပါ။ ယေရှုအနီးသို့ချဉ်းကပ်၍ပျပ်ဝပ်ကာ “ကျွန်မကိုကယ်မတော်မူပါသခင်” ဟုတောင်းပန်လေသည်။
ဤအမျိုးသမီး၏ လှိုက်လှဲသော အသနားခံချက်ကြောင့် ယေရှုစိတ်နှလုံး အရည်ပျော်သွားမည်အမှန်။ သို့နှင့်ပင် မိမိ၏အဓိကတာဝန်၊ ဘုရားသခင်၏လူမျိုး ဣသရေလအကျိုးကို ဆောင်ရွက်ပေးရခြင်းကို ကိုယ်တော်တစ်ဖန်ညွှန်ပြပြောဆိုသည်။ တစ်ကြိမ်တည်းတွင် သူမ၏ယုံကြည်ခြင်းကို စမ်းသပ်ခြင်းဖြစ်နိုင်သည်။ တစ်ပါးအမျိုးသားတို့အပေါ် ဂျူးလူမျိုး၏ငဲ့ကွက်စိတ်ကို ဤသို့တင်ပြလေသည်။ “သား၏အစာကိုယူ၍ ခွေးကလေးများအား မပေးမချအပ်။”
ကိုယ်တော်၏မျက်နှာထားနှင့် ကရုဏာသံတို့က ဂျူးမဟုတ်သူများအပေါ် ယေရှု၏အကြင်နာစိတ်ကိုယိုဖိတ်လာကြောင်း ထင်ရှားနေမည်ကားမုချ။ တစ်ပါးအမျိုးသားများအား ခွေးနှင့်နှိုင်းခြင်းကိုခံယူရလွယ်ကူရန် “ခွေးကလေးများ” ဟုခေါ်ဆိုသည်။ ဂျူးများ၏အစွဲကြီးသည့်သဘောထား ယေရှုတင်ပြခြင်းကို အမျိုးသမီးသည် စိတ်ဆိုးမည့်အစား ဤသို့နှိမ့်ချစွာပြန်ပြောသည်။ “မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိ၏။”
“အိုမိန်းမ၊ သင်သည်ယုံကြည်ခြင်းအားကြီးလှပြီ။ သင့်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ” ဟုယေရှုမိန့်တော်မူသည့်အတိုင်း ဖြစ်လေသည်။ သူမအိမ်ပြန်ရောက်သော် အိပ်ရာပေါ်ရှိသမီးကို ပကတိကျန်းမာလျက်တွေ့ရသည်။
ယေရှုနှင့်တပည့်များသည် ဇိဒုန်ကမ်းခြေအရပ်မှ ယော်ဒန်မြစ်ဖျားသို့ ခရီးဆက်လေသည်။ ဂါလိလဲအိုင်အထက်နား ယော်ဒန်မြစ်ကိုဖြတ်၍ ပင်လယ်အရှေ့ဘက်ဒေကာပေါလိအရပ်သို့ ရောက်လေသည်။ ထိုအရပ်၌တောင်ပေါ်တက်ကြရာ လူအုပ်ကြီးကသူတို့ကိုတွေ့သွား၍ ယေရှုထံ ခြေမစွမ်းသူ၊ မျက်စိကန်းသူ၊ စကားအသူ၊ ဖျားနာချို့တဲ့သူများကို ခေါ်လာကြသည်။ ယေရှုခြေတော်ရင်း၌ ဤသူများကို လာချထားကြရာ ကိုယ်တော်ကုသပေးသည်။ စကားအသူများစကားပြောကြ၊ ခြေမစွမ်းသူများလမ်းသွားကြ၊ မျက်စိမမြင်သူများပြန်မြင်နေကြသည်ကို သူတို့တွေ့သည်နှင့် အံ့သြမိန်းမောလျက်ဣသရေလအမျိုး၏ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းကြ၏။
နားပင်း၍စကားအသူတစ်ဦးကို ယေရှုအထူးဂရုပြုသည်။ နားပင်းသူတို့သည် အထူးသဖြင့်လူပုံအလယ်တွင် ရှက်ကြောက်တတ်သည်။ ဤသူ၏အထူးကြောက်ရွံ့တတ်စိတ်ကို ယေရှုသတိပြုမိပေမည်။ လူအုပ်အလယ်မှ သူ့အားကြင်နာစွာ ခေါ်ထုတ်သွားပြီး ဆိတ်ကွယ်ရာအရပ်သို့ရောက်သော် သူ့အားကိုယ်တော်အဘယ်အရာပြုပေးမည်အကြောင်း အသိပေးလေသည်။ ထိုသူ၏နားပေါက်ထဲ လက်ညှိုးတော်ကိုသွင်းပြီး၊ တံတွေးထွေး၍ သူ၏လျှာကိုတို့လေသည်။ ၄င်းနောက်ကောင်းကင်သို့မော်ကြည့်ကာ သက်ပြင်းချ၍ ‘ပွင့်စေ’ ဟုမိန့်တော်မူသည်။ သို့နှင့်ထိုသူ၏နားပွင့်ပြီး ပုံမှန်စကားပြောဆိုနိုင်လေသည်။
ဤကုသမှုများကို ယေရှုပြုပြီးသောအခါ လူအုပ်သည် အလွန်ကျေးဇူးတင်လေးစားစွာဖြင့် “သူသည်အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ။ အသောသူတို့ကို စကားပြောစေတော်မူပြီ” ဟုဆိုကြသည်။ မဿဲ ၁၅:၂၁-၃၁။ မာကု ၇:၂၄-၃၇။
▪ ဂရိအမျိုးသမီး၏ကလေးကို ယေရှုအဘယ်ကြောင့် ချက်ချင်းကုသမပေးသနည်း။
▪ နောင်တွင် တပည့်များကို ယေရှုအဘယ်အရပ်သို့ခေါ်သွားသနည်း။
▪ စကားအသောနားပင်းသူအား ယေရှုမည်သို့ကြင်နာစွာဆက်ဆံသနည်း။